“လူရွင်တော်”
သက်ဦီးမောင်
ဒီအကြောင်းကိုပြောလည်းပြောပြချင်တယ်။ပြောလည်းမပြောချင်ဘူး။ဒါပေမယ့်ပြောဦးမယ်။တကယ်ဆိုရင်ဒီအဖြစ်အပျက်နဲ့ ကျွန်မကြုံတွေ့စရာအကြောင်းဘာမှမရှိဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မနဲ့အလှမ်းဝေးပြီး ဆက်စပ်ပတ်သက်စရာမရှိတဲ့ ဇာတ်ခုံနောက်ထဲက ဇာတ်သမားတွေရဲ့ အဖြစ်အပျက်ကိုး။ဘယ်လောက်ပဲဝေးတယ် ပြောပြော ကံအကြောင်းတရားတွေ တိုက်ဆိုက်လာပြီဆိုတော့ ရှောင်လွှဲလို့မရတော့ဘူးပေါ့။ ထိပ်တိုက်ကြုံတွေ့ရ တဲ့အပြင် ကိုယ်တောင် ဇာတ်ကောင်အနေနဲ့ပါ ဝင်ပါလိုက်ရသေးရဲ့။အံ့ရောပဲ။
X x x x x x
ဇာတ်လောကအသိုင်းအဝိုင်းနဲ့ ကျွန်မနဲ့ဆိုတာ တော်တော့်ကို အဆက်အစပ်မဲ့ အလှမ်းကွာလွန်းပါတယ်။ ဆွေမျိုးစဉ်ဆက်ကျိကျိတက်အောင် ချမ်းသာခဲ့တဲ့ ကျွန်မတို့တစ်မျိုးတစ်ဆွေလုံးပွဲဆိုတာ ကြည့်စရာရယ်လို့ သတ် မှတ်ခဲ့ကြတာမဟုတ်ဘူး။ဖုန်တစ်လုံးလုံးနဲ့ ပွဲခင်းထဲမှာ လူပေါင်းစုံရဲ့ချွေးနံ့ကြားထဲ ငါးပိငါးချည် သိပ်ပြီး မြေကြီးပေါ် မှာထိုင်ကြည့်ရတာ ကျွန်မတို့လို အဆင့်အတန်းအသိုင်းအဝိုင်းနဲ့ ဘယ်လိုမှမအပ်စပ်နိုင်ပါဘူး။ဒါကြောင့် ဒေါက်တာ သက်နှင်းဝေဆိုတဲ့ ကျွန်မရဲ့သက်တမ်းတစ်လျှောက်လုံး ပွဲကြည့်ဖို့မပြောနဲ့ ပွဲဈေးတန်းတောင် မလျှောက်ဖူးခဲ့ဘူး။
ကိုယ်တွေ့အနေနဲ့သာ ဘာမှမကြုံဖူးတာပါ။စာတွေ့အနေနဲ့ကတော့ ဇာတ်လောကနဲ့ မစိမ်းပါဘူး ။ ကျွန်မ ကစကတစ်အားဖတ်တယ်လေ၊။ဒီတော့ ဇာတ်လောကနောက်ခံ ဝတ္ထုတွေ ဇာတ်လောကနဲ့ ပတ်သက်တဲ့ ဗဟုသု တတွေ အနည်းအကျဉ်း ရှိပါတယ်။သိရသမျှကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား လူမှုရေးအသိခေါင်းပါးတယ် ဆင်းရဲကြ တယ်။ပညာရေးအတွေးအခေါ် ကိုယ်ကျင့်သိက္ခာအရာရာအနိမ့်စား လူတောမတိုးတဲ့ သီးသန့်လူတန်းစား ဂုဏ်ပုဒ် တွေက ကောင်းတာတစ်ခုမှမပါဘူး။
ကျွန်မအနေနဲ့သူတို့ရဲ့ဘဝတွေကိုတင်မကသူတို့ရဲ့အသက်မွေးဝမ်းကြောင်းအနုပညာကိုလည်းအထင်ကြီးလို့မရခဲ့ဘူး။အနုပညာပေါ်မှာခံစားမှုဝေးတဲ့ ကျွန်မရဲ့နှလုံးသားအေးစက်မှုကြောင့်လည်းဖြစ်ချင်ဖြစ်မှာပေါ့။လူလူ ချင်းထိပ် တိုက်လည်းတွေ့နေရတယ် ပလီစိချောက်ချက်ပြောဆို ငိုနေတာမှန်းလည်း သိလျှက်နဲ့ စင်အောက်က လူတွေရာ ပေါင်းများစွာ သူတို့နောက်လိုက်ပြီးငိုကြရယ်ကြသတဲ့။ကျွန်မကိုယ်တိုင်ပွဲမကြည့်ဘူးပေမယ့် စိတ်ကူးနဲ့ တောင်ခံစား လို့မရပါဘူး၊။ `
ထားပါတော့ ဒါကျွန်မရဲ့အယူအဆသဘောထားကိုပြောတာပါ။ပြောချင်တာကတစ်ခြားပါ။ဒီဇာတ်သမားတွေ နဲ့တွေ့ဖို့ ဖန်လာပုံက အထက်ကချပေးတဲ့စီမံချက်တစ်ခုကြောင့် ခရီးတစ်ခုကိုအဖွဲ့လိုက်ထွက်ရတယ်။နည်းနည်း ခေါင်တဲ့နယ်တစ်နယ်ကိုပေါ့။အဲဒီအဖွဲ့ရဲ့ကျန်းမာရေးတာဝန်ခံအဖြစ် ကျွန်မလိုက်ရတယ်လေ။
ကျွန်မတို့ညအိပ်တည်းရမယ့်ရွာမှာဘုရားပွဲဖြစ်နေပါလေရော။ဇာတ်ပွဲကလည်းပါသတဲ့။ကျေးရွာအဖွဲ့အ စည်းကလည်း ကျွန်မတို့အဖွဲ့ကိုစာသင်ကျောင်းထဲမှာ နေရာချပြီးတည်းခိုဖို့ စီစဉ်ထားတယ်။ညလည်းရောက် ရော အနားယူတဲ့လူကယူ၊ပွဲခင်းဘက်သွားတဲ့လူကသွားပေါ့။ကျွန်မကတော့ ပွဲတို့ ၊ဇာတ်တို့ဆိုတာဟာကျွန်မနဲ့မဆိုင်တဲ့ အရာလို သဘောထားတဲ့လူဆိုတော့ ကျောင်းမှာပဲကျန်ခဲ့တာပေါ့။
ည(၁၂)နာရီလောက်မှာတော့ ရပ်ရွာကလူကြီးအဖွဲ့ကျွန်မဆိီကိုရောက်လာတယ်။ဇာတ်ထဲမှာကလေးတစ် ယောက်အသည်းအသန်ဖြစ်လို့လိုက်ကြည့်ပေးပါတဲ့။ရွာကကျန်းမာရေးမှုးလည်းရှိတော့ရှိတယ်။ဒါပေမယ့် အခြေအ နေက တော်တော်ဆိုးတယ်တဲ့။
ဇာတ်ခုံထဲရောက်တော့ လူနာရဲ့ဘေးမှာ မျက်စိမျက်နှာပျက်ချွေးပြန်နေတဲ့ကျန်းမာရေးမှုးကိုတွေ့ရတယ်။ ကျွန်မလာတော့ ကမန်းကတန်းနေရာဖယ်ပေးတယ်။လူနာက(၁၀)နှစ်ဝန်းကျင်မိန်းကလေး။ပုံစံကိုကြည့်လိုက်တာနဲ့ တင် Food posin(အစာအဆိပ်သင့်)ဆိုတာချက်ချင်းသိလိုက်တယ်။ဒါပေမယ့် ပြင်းထန်နေပုံရတယ်။ကျွန်မရောက် လာတော့လူးလိမ့်ညည်းတွားပြီးနှုတ်ခမ်းတွေတောင်ပြာနေပြီ။
ကျွန်မလည်းကျန်းမာရေးမှုးအကူအညီနဲ့ လုပ်သင့် လုပ်ထိုက်တာတွေကို ဇယ်ဆက်သလို ချက်ချင်း လုပ်ရတာပေါ့။
အဲဒီအချိန်မှာ လူတစ်ယောက်ဟာ လူနာရဲ့ဘေးမှာကမန်းကတန်းဝင်ထိုင်လိုက်တယ်။နောက်ပြီးတော့လူနာ ရဲ့လက်ကလေးကိုကိုင်ပြီး
“သမီး…သမီးလေး။အဖေရှိတယ်နော်။ဘာမှမကြောက်နဲ့သိလား။ဆရာဝန်တွေလည်းရောက်နေပြီ။သမီး…. သမီးလေးဘာမှမဖြစ်တော့ဘူးနော်။ကြားလားသမီးလေး”
လို့ဆီမန်းမန်းသလိုတတွတ်တွတ်ပြောနေတော့တာပဲ။ကျွန်မတို့ကိုလည်း
“ကယ်ပါဦးဒေါက်တာတို့ရယ်။သမီးလေးဘာမှမဖြစ်နိုင်ဘူးမဟုတ်လားဟင် ကျွန်တော်ကြောင့်ဖြစ်တာပါဗျာ ကျွန်တော်အလိုလိုက်မိလို့ဖြစ်တာပါ။”
ဆိုပြီးသွေးရူးသွေးတန်းနဲ့တောင်းပန်နေတော့တာ။
ဘယ်သူမှမပြောပေမယ့် အမူအရာကိုကြည့်ပြီး လူနာရဲ့အဖေပဲဆိုတာတော့ စိတ်ထဲက အမှတ် ပြုမိလိုက်ပါတယ်။အဲဒီလိုကမန်းကတန်းပြောပြီး ရုတ်ကနဲထပြေးသွားပြန်ရော။ မလှမ်းမကမ်းက သေတ္တာရှေ့မှာ အဝတ်အစားသစ်သစ်လွင်လွင် တစ်စုံလဲဝတ်ပြီး သူ့သမီးလူနာကို စောင်းငန်းစောင်းငန်း ကြည့်ရင်း နဲ့ဇာတ်ခုံ ပေါ်ပြေးတက်သွားပြန်ရော။
လူနာရဲ့ အခြေအနေကလည်း ဆရာဝန်တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့နည်းလမ်းမှန်သမျှ ကုန်သွားစေမယ့် နည်းနည်းလေးမှတိုးတက်မလာဘူး။ပြည့်စုံတဲ့ဆေးရုံပေါ်မှာဆိုရင် အခြေအနေ တစ်မျိုး ပြောင်းချင် ပြောင်းသွားမှာပေါ့။ခုချိန်ကျမှ ဆေးရုံကိုပို့မယ်ဆိုရင်လည်း မိုးလင်းမှရောက်မှာ။ ဘယ်လိုမှမမှီနိုင်ဘူး။ အဲဒီတော့ ကျွန်မတို့ဘာလုပ်ရမလဲ။ထိုင်ကြည့်နေရုံပေါ့။ဟုတ်တယ်လေ။ ကျွန်မတွေ့ဖူးသမျှထဲမှာအပြင်းဆုံးပဲ။ကျွန်မနဲ့ ကျန်းမာရေးမှုး နှစ်ဦးသဘောတူ လက်လျှော့ပြီး အနားမှာ ရှိတဲ့သူတွေကို ရှင်းပြ လိုက်တယ်။
လူနာကလေးမရဲ့နောက်ဆုံးအချိန်မှာဝေဒနာက ပိုပြင်းထန်လာတော့ လှုတ်ရှုားရုန်းကန် ညည်း ညူမှုတွေ လည်းပိုပြင်းထန်လာတာပေါ့။ အဲဒီအချိန်မှာ ကလေးရဲ့အဖေဆိုတာ ရောက်လာပြန်ရော။ ကျွန်မအနားမှာ လိုအပ်တာကို ကူညီပေးနေတဲ့ ဇာတ်သမတစ်ယောက်က လူနာရဲ့အဖေကို အခြေအနေ အမှန် အတိုင်းပြောပြ လိုက်တယ်။သူ့သမီးရဲ့ အခြေအမှန် ကိုသိသွားပေမယ့် ခုနတုန်းကလို သွေးရူးတန်းရူး ဘာမှမပြောတော့ဘူး။ လူးလိမ့်ညည်းတွားနေတဲ့သူ့သမီးလေးကို တွေတွေကြီးစိုက်ကြည့်ပြီး မျက်ရည်တွေ ဒလဟောကျနေတော့တာပဲ။ အဲဒါလည်းခဏပါ။ထုံးစံအတိုင်း မျက်ရည်တွေကိုသုတ်တယ်။အဝတ်အစားတစ်စုံကို အပြေးအလွှားလဲတယ်။ ပြီးတော့ ဇာတ်ခုံပေါ်ကို ပြေးတက်သွားပြန်ရော။
သူမရှိတော့မှပဲ လူနာကလေးမလေးဟာ ပြင်းပြင်းထန်ထန်တစ်ချက်နှစ်ချက်တွန့်လိမ်ပြီး ငြိမ် သက်သွားရော ။ကျွန်မက နားကျပ်နဲ့ကမန်းကတန်းစမ်းကြည့်ပြီးအသက်မရှိတော့တဲ့အကြောင်း အတည်ပြုပေး လိုက်တယ်။အဲဒီတော့မှအနား မှာကပ်နေတဲ့သူတွေ ရုတ်ရုတ်ရုတ်ရုတ်နဲ့ထပြီး လိုအပ်သလိုပြင်ကြဆင်ကြတော့ တာပဲ။
ခုမှပဲ ကျွန်မရဲ့အာရုံတွေဟာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်လေ့လာမိတော့တယ်။ဆိုင်းသံ၊ဗုံသံ၊ ဂီတသံတွေနဲ့ ပရိတ်သတ်ထုကြီးတဝါးဝါးတဟားဟားနဲ့ ကြားထဲမှာ အသည်းအသန်သေမင်းနဲ့လွန်ဆွဲရတာ ကျွန်မရဲ့ပထမဦးဆုံးအတွေ့အ ကြုံပါလား။ဒါပေမယ့် ကျွန်မတို့ရှုံးသွားခဲ့ပြီလေ။
ကျွန်မကလက်ဆေးချင်တယ်ဆိုတော့ခုနကကုညီတဲ့အမျိုးသမီးကဘဲ အစအဆုံးလုပ်ပေးပါတယ်။ ကျွန်မကို ကူညီနေရင်းကလူနာရဲ့အကြောင်းကိုပြောပြနေတယ်။မအေက တခြားယောင်္ကျားတစ်ယောက်နဲ့ လိုက် ပြေးသွားလို့ဖအေတစ် တစ်ခု၊သမီးတစ်ခုကျန်နေခဲ့တာ။ဒီသမီးလေးကိုသိပ်ချစ်တာ….တဲ့။
ဒီနေရာမှာမရှင်းလို့ ကျွန်မကဖြတ်မေးမိတယ်။ဒီလောက်ချစ်တဲ့ သမီးလေး အသည်းအသန် နောက်ဆုံးချိန် ရောက်နေတာတောင် အနားမကပ်နိုင်ပဲ ဘယ်တွေသွားနေတာလည်းဆိုတော့ ဇာတ်စင်ပေါ်မှာ ပြဇာတ်သွားကနေတာတဲ့။ ကျွန်မလေအံ့သြလွန်းလို့ စကားတောင်ချက်ချင်းမပြောနိုင်ဘူး။ဒီလိုအချိန်မျိုးမှာတောင် ကနေရတာပါပဲလားဆိုတော့ သူ့နေ ရာကအစားထိုးလို့မရဘူးတဲ့။ရခဲ့ရင်တောင် ချက်ချင်းသင်ပြဖို့ မလွယ်ဘူး တဲ့။အော်…ဒါကြောင့် သမီးလေးဆီပြေးလာလိုက်၊အဝတ်အစားလဲလိုက်၊ဇာတ်ခုံပေါ်ပြေးလိုက်နဲ့ လုပ်နေတာ ကိုးလို့သဘောပေါက်လိုက်တယ်။
ကျွန်မလေအရမ်းကို စိတ်ဝင်စား သွားမိတယ်။ဒါကြောင့်ချက်ချင်းမပြန်သေးဘဲ သိချင်တာတွေကို လေ့လာကြည့်ဦးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါရော။စိတ်ဝင်စားတာလဲ မပြောနဲ့လေ။ဇာတ်ကတယ်။ သရုပ် ဆောင်တယ် ဆိုတာ သူတို့ရဲ့ဝမ်းစာရေးအလုပ်ကတော့မှန်ပါတယ်။ဒါပေမယ့်ဘယ်လောကသား၊ ဘယ်လိုလူမျိုး တွေကကိုယ့်အချစ်ဆုံး သမီးလေးရဲ့ထွက်သက်ကိုဥပက္ခာပြုပြီး ကိုယ့်တာဝန်ကိုယ်ကြေအောင် ထမ်းဆောင်နိုင် ကြမှာလည်း။ကျန်တဲ့လူတော့မသိဘူး။ကျွန်မကတော့ ကိုယ့်သားသမီးရဲ့ထွက်သက်ကို ဥပက္ခာပြုပြီး အလုပ် တာဝန် တွေကိုထမ်းဆောင်နိုင်မယ်မထင်ဘူး။
ဟိုလိုနှိုင်းယှဉ်၊ဒီလိုနှိုင်းယှဉ်နဲ့ ကျွန်မတွေးနေတုန်းမှာပဲ ကလေးရဲ့အဖေ လူရွှင်တော်ဆိုတဲ့လူ ပြေးဆင်းလာ ပြန်ရော။ဘယ်လိုအမူအရာမျိုးများ မြင်ရမလဲဆိုပြီး ကျွန်မလည်း မျက်ခြေမပြတ် လိုက်ကြည့်နေမိတာ ပေါ့။
ကျွန်မတို့တတွေရဲ့ အမူအရာကိုကြည့်ပြီး အခြေအနေကိုသဘောပေါက်သွားပုံရတယ်။ သူ့သ မီးလေးရဲ့ အလောင်းကိုပြေးပွှေ့ပြီးကြူကြူပါအောင်ငိုတော့တာပဲ။ကျွန်မအတွက် ဒီလိုမြင်ကွင်းမျိုးက အဆန်းမ ဟုတ်တော့ပါဘူး။ကျွန်မရဲ့ ဆရာဝန်သက်တမ်းတစ်လျှောက်မှာ မကြာခဏတွေ့နေကျပါ။
ရိုးနေလို့ဘယ်လိုမှမခံစားဘူးတော့မဟုတ်ဘူးပေါ့။တရားလွန်ကြီး ထိခိုက်ကြေကွဲမှု မဖြစ်တော့ဘူး လို့ဆိုလို တာပါ။ဒီလိုကြုံတွေ့ရတိုင်းအူလိုက်သဲလှိုက်ခံစားနေရရင်လည်း မခက်ပေဘူးလား။ဆရာဝန်ဆိုတာ တန်ခိုး ရှင်မဟုတ်ဘဲနဲ့။အဖိတ်အစင်ဆိုတာက မကြာခဏကြုံတွေ့ရမှာပဲလေ။ဖိတ်စင်သွားတိုင်း ကိုယ့်ဆွေမျိုးလိုသာ ခံစား နေလို့ကတော့ နှလုံးရောဂါနဲ့ လျှော်ကုန်လို့ အသက်(၄၀)ကျော်တဲ့ဆရာဝန်ရယ်လို့တောင် ရှိမှာမဟုတ်ဘူး။ ဒီတော့မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ ဗြဟ္မစိုရ်တ ရားအမှတ်(၄)ကိုနှလုံးသွင်းထားရတာပေါ့။ခုလည်းဒီလိုပဲ။
”အော်….အဖေတစ်ခုသမီးတစ်ခုဆိုတော့ခံစားရမှာပေါ့လေ”ဆိုပြီးဒီလောက်ပါပဲ။ကျွန်မရဲ့အသဲနှလုံးကို ဆတ်ဆတ်ခါသွားအောာင် ဆွဲကိုင်လှုပ်ရမ်းပစ်လိုက်တာက ဒီမြင်ကွင်းမဟုတ်ဘူး။
အဲဒီလူသူ့သမီးအလောင်းကိုပွေ့ပြီး ရှိုက်ကြီးတငင်ငိုနေတုန်းမှပဲ ဇာတ်ခုံပေါ်ကနေ
“ပေါ်လာရေ ပေါ်လာ” လို့အော်ခေါ်သံကြားလိုက်ရတယ်။သဲသဲမဲမဲငိုနေတဲ့ အဲဒီလူဟာ ငေါက်ကနဲပဲ။သူ့သမီးလေးအလောင်းကို ချပြီးဇာတ်ခုံပေါ်ကို ဝရုန်းသုန်းကားပြေးတက်သွားပါလေရော။ပြေးရင်းက မျက်ရည်တွေကိုပြောင်အောင် ဘယ်ညာ သုတ်သွားသေးတာကလား။
ပွဲတို့၊ဇာတ်ခုံတို့နှင့် စိမ်းလွန်းတဲ့ကျွန်မရုတ်တရက်ဆိုတော့လန့်သွားတာပေါ့။အဲဒါကြောင့် ကျွန်မ ကိုကူညီနေတဲ့အမျိုးသမီးကို ကမန်းကတန်းမေးကြည့်လိုက်တော့ “ပြဇာတ်ထဲကသူပါတဲ့အခန်းရောက်လို့ ပြေးတာ”တဲ့လေ။အို..ကျွန်မ စိတ်ဝင်စားလိုက်တာ။ခုထိကမ္ဘာပျက်မတတ် ကြေကွဲခံစားနေရတဲ့အချိန်မျိုးမှာ အမူအ ရာအတုအယောင်တွေကို ဘယ်လိုဖန်တီးပြီး ဘယ်လိုသရုတ်ဆောင်ပြလဲ ဆိုတာကိုပေါ့။ ကျွန်မက “ကြည့်လို့ ရလားဟင်”ဆိုတော့အမျိုးသမီးက“ရပါတယ်ဒေါက်တာ” ဆိုပြီးပျာရာခတ်စီစဉ်ပေးပါတယ်။ အသံချဲ့စက်တွေဖွင့်တဲ့ နားလေးမှာ ခုံတစ်ခုံချပေးတာပေါ့။အဲဒီနေရာကနေကြည့်ရင် သရုပ်ဆောင်နေတဲ့သူတွေကို ဘေးတိုက်မြင်နေ ရတယ်လေ။
ကျွန်မကိုကူညီပေးနေတဲ့အမျိုးသမီးကပဲဘေးနားကစောင့်ပေးရင်းနဲ့ ဇာတ်ခုံပေါ်က ပြဇာတ်ဇာတ် လမ်းကို အတိုချုံ့၍ရှင်းပြတယ်။
“အခုထွက်ရမှာက ပေါ်လာမိန်းမမီးဖွားတဲ့ အခန်းပေါ့။ဒီဇာတ်လမ်းမှာ ကိုပေါ်လာကထုံထုံအအ၊ လူပေါကြီးအဖြစ် သရုတ်ဆောင်ရတယ်လေ။ခုမွေးမယ့်ကလေးကလည်း သူနဲ့ရတဲ့ဗိုက်မဟုတ်ဘူး။ဒါပေမယ့် သူ့ ကလေးလို့ ထင်ပြီး အရမ်းကိုလိုချင်နေတာပေါ့။ဒီအခန်းမှာ သူ့မိန်းမကသူများနဲ့ရတဲ့ ဗိုက်ကနေပြီး သမီးလေး မွေး လိုက်တော့ သူ့သမီး လေးရပြီဆိုပြီးအရမ်း ပျော်ရမယ့်အခန်းပေါ့။
အို.ကျွန်မခါးတွေမတ်သွားကတဲ့ထိအောင်ကို စိတ်ဝင်စားသွားတော့တာ။ဇာတ်လမ်းကို မဟုတ်ပါဘူး။ကို ပေါ်လာ ပျော်တဲ့အခန်းကိုပါ။သမီးလေးရလို့ အရမ်းပျော်နေတဲ့အမူအရာဟာ သရုတ်ဆောင်ပြမယ့်သူက ခုနလေး တင်သမီးဆုံးလို့ ကျွန်မရှေ့မှာတင် ရှိုက်ကြီးတငင်ငိုကြွေးနေထားတဲ့သူမဟုတ်လား။
ကားလိပ်ကြီးကို ဆွဲဖွင့်လိုက်တော့ ဇာတ်ခုံပေါ်မှာ အဲဒီကိုပေါ်လာဆိုတဲ့ လူတစ်ယောက်ပဲရှိတယ်။ ကိုပေါ် လာရဲ့ အမူအရာက ဂနာမငြိမ်စိုးရိမ်ပူပန်နေတဲ့မျက်နှာနဲ့။ဟိုအမျိုးသမီးရှင်းပြထားတာနဲ့ ဆက်စပ်ပြီးဒါဟာသူ့မိန်းမ မီးနေခန်းထဲမှာ ဗိုက်နာနေလို့စိတ်ပူနေတဲ့ အမူအရာဆိုတာလောက်တော့ အနုပညာနဲ့ဝေးပေမယ့် ကျွန်မအဓိပ္ပါယ် ဖေါ်နိုင်ပါတယ်။
ပိုပြီးပေါ်လွင်သွားတာက ကျွန်မဘေးနားမှာ မိတ်ကပ်တွေထူလဗျစ်ကြီးလိမ်းထားတဲ့ ဇာတ်မင်းသမီး နှစ်ယောက်လာရပ်တယ်လေ။ပြီးတော့မိုက်ကရိုဖုန်းတစ်လုံးကို ကိုပြီး
“အားအမယ်လေးအမေရယ်။နာလိုက်တာနော်။ကျွတ်ကျွတ်”
“ဟဲ့ထွေးတင်။အားတင်းစမ်းပါဟဲ့။မွေးတော့မှာပါ”
“အိုကျွန်မမခံနိုင်တော့ဘူးဒေါ်လေးရယ်”
စသည်ဖြင့်မီးနေသည်နှင့်လက်သည်အသံမျိုးတွေ တလှည့်စီပြောကြတယ်လေ။အပြင်ကကြားရတဲ့သူတွေ ကတော့ မီးဖွားနေတဲ့ပုံကို ချက်ချင်းလှမ်းမြင်တာပဲ။ကပ်ပြီး မြင်နေရတဲ့ ကျွန်မကတော့ ရယ်စရာကြီးပေါ့။ ဟုတ်တယ် လေ။အဲဒီမင်းသမီးကြီးနှစ်ယောက်က မတ်တပ်ကြီးတွေ မလှုပ်မယှက်နဲ့ ပြောနေကြတာကိုး။ဒီလောကနဲ့ ဝေးလွန်း တဲ့ ကျွန်မကတော့ တွေ့သမျှ အံ့သြစရာကြီးတွေချည်းပါပဲ။
ဒါပေမယ့်သူတို့ကို သိပ်ဂရုမစိုက်အားပါဘူး။ကျွန်မသိချင်တာ ကိုပေါ်လာရဲ့သရုပ်ဆောင်ကွက်ကို မဟုတ် လား။မီးနေသည်အသံလုပ်နေကြတဲ့ မင်းသမီးတွေကို အံ့သြလို့မှမဆုံးသေးဘူး။လက်သည်လုပ်တဲ့အမျိုးသမီး က “မွေးပြီဟေ့၊မွေးပြီ”လို့လည်းအော်လိုက်ရော လူတစ်ယောက်ပြေးလာတယ်လေ။သူတို့ရဲ့လက်ထဲကမိုက်ကိုလု ပြီး “အုဝဲအုဝဲ”နဲ့ ကလေးသံလုပ်ငိုလိုက်တာများရှင်။တကယ်ကလေးမွေးလို်က်သလိုပါပဲ။ကျွန်မရဲ့စိတ်ထဲကတော့
“ အော်၊ဇာတ်ကတယ်ဆိုတာ ဒီလိုပါလားပေါ့”
အဲဒီအချိန်မှာ ဇာတ်ခုံပေါ်က ကိုပေါ်လာက လှမ်းမေးတယ်။
“ဒေါ်လေးရေ။ဘာလေးလဲဗျ”တဲ့။
လက်သည်အမျိုးသမီးက“မိန်းကလေးမိန်းကလေး”လို့လည်းပြန်ပြောလိုက်ရော..............
အလိုလေး…ဘုရားဘုရား။ဝမ်းသာပျော်ရွင်သွား တဲ့အမူအယာက အသက်ပါလှချည်လား။မိနှစ်ပိုင်းအတွင်းက သမီးအရင်းဆုံးထားတဲ့သူမှ ဟုတ်ရဲ့လား။နာကျင်ကြေကွဲနေတဲ့စိတ်တွေကို သူဘယ်ကိုပို့ထားပါလိမ့်။ဒါဟာတကယ်အဖြစ်အပျက်လား။တစ် ယောက်စီများဖြစ်နေ လေမလား။ကျွန်မယုံကြည်လို့မရဘူး ဖြစ်နေတယ်။
အဲဒီအချိန်မှာ လက်သည်လုပ်တဲ့ အမျိုးသမီးကလက်ထဲမှာ ပိတ်ဖြူနဲ့ ကလေးပုံသဏ္ဍန်အဝတ်ထုတ်လေး ပွေ့ပြီး ဇာတ်ခုံပေါ်တက်သွားတယ်လေ။ကိုပေါ်လာရှိရာသို့ရောက်သွားပြီ။
“ဟဲ့ပေါ်လာ။နင့်သမီးလေးကနင်နဲ့တစ်ပုံစံထဲပဲ။နင်မပျော်ဘူးလားဟင်။”
ဆိုတော့
“ပျော်တာပေါ့ဒေါ်လေးရာ”တဲ့။
အဝတ်ထုပ်လေးကိုပွေ့ပြီး
“ဖေ့ဖေ့သမီးလေးရေ” ဆိုရင်း ပရိတ်သတ်ကအုံးကနဲရယ်ရင်းပဲ။ကျွန်မကနားမလည်လို့ “ဘာဖြစ်လို့ရယ်ကြတာဟင်” လို့မေးတော့ဟိုအမျိုးသမီးက
“သူများဗိုက်ကိုလှည်းကိုဝင်ထမ်းနေရမှန်း ပရိတ် သတ်ကသိနေတာကိုး”တဲ့။
အဲဒီအချိန်မှာ လက်သည်အမျိုးသမီးက လက်ခုပ်တီးပြီး သီချင်းလိုသံစဉ်မျိုးနဲ့“ပေါ်လာကလေးအဖေဖြစ်ပါ ပြီ။ပေါ်လာသမီးလေးရပါပြီ။”ဆိုပြီး ထပ်ထပ်ကြော့ဆိုပေးလိုက်တော့ မြင်ရတာကိုပြန်တောင်ပြောမပြရက်ပါဘူးရှင့်။ ကျွန်မဘဝတစ်သက်တာမှာ အရင်ကမကြုံဖူးခဲ့သလို နောင်လည်းဘယ်တော့မှ ကြုံတွေ့နိုင်မှာမဟုတ်တဲ့ မြင်ကွင်း ပါပဲ။ကိုပေါ်လာရယ်လေ လက်သည်မိန်းမတီးပေးတဲ့ လက်ခုတ်သံကြားထဲမှာ
“ဟေ့…ဟေ့”
ဆိုပြီး ကလေးလုပ်ထား တဲ့အဝတ်ကိုပွေ့လို့ ခုန်ခုန်ကနေလိုက်တာ။တကယ်ကိုအတိုင်းအဆမရှိ ပျော်နေတဲ့အမူအရာပါပဲရှင်။သူ့ကလေးမ ဟုတ်ပဲချစ်ပြနေတော့ ပရိတ်သတ်ကလည်းရယ်လိုက်တာ တဝေါဝေါနဲ့ပေါ့။ကျွန်မကတော့ဘယ်ရယ်နိုင်ပါ့မလဲ။သူ့ ရင်ဘတ်ထဲက ခံစားချက်အစစ်ကို ပကတိအတိုင်းမြင်သိထားတဲ့သူကိုး။မရယ်နိုင်တဲ့အပြင် ရင်ဘတ်ထဲက ထိုး အောင့်ပြီးလည်ချေင်းထဲမှာတောင် နင်တင်တင်အောင့်တောင့်တောင့်ကြီးဖြစ်နေသေးရဲ့။
ေ အာ်၊ဒီပရိတ်သတ်ကြီး ဒီလိုရယ်ရအောင် ဒီလိုအပျော်မျက်နှာကြီးလုပ်ထားရတာပါလားလို့လည်း သဘောပေါက်လာတယ်။အူလှိုက်သဲလှိုက် ရယ်မောနေတဲ့ ပရိတ်သတ်ကြီးကတော့ လွတ်လွတ်ကျွတ်ကျွတ်ရယ်နိုင် မှာပေါ့။သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ သူ့ရဲ့နှလုံးသားအစစ်ကိုမှ မမြင်ကြရတာကိုး။ဒါ..ဒါဟာဇာတ်သမားဘဝတဲ့လား ရှင်။
တဝေါဝေါရယ်နေတဲု့ ပရိတ်သတ်ကြီးက သူရဲ့ရင်ထဲကို ထွင်းဖောက်မြင်နေရမယ်ဆိုရင် ဘယ်လိုဖြစ်သွား ကြမယ်လို့ထင်လဲဟင်။ကျွန်မကတော့သူတို့အားလုံး ကျွန်မလိုဖြစ်ကုန်ကြလိမ့်မယ်လို့ထင်တာပဲ။ဇာတ်ပွဲဆိုတာ တစ်ခါမှ မကြည့်ဘူးပဲ စာတွေ့အရနဲ့တင် ဇာတ်သမားဆိုတဲ့လူတန်းစားကို ဆက်စပ်ပတ်သက်မိမှာ ကြောက်ခဲ့တဲ့ အနုပညာကိုမခံစားတတ်တဲ့ ဒေါက်တာသက်နှင်းဝေဆိုတဲ့ကျွန်မရယ်လေ။ ဇာတ်ခုံပေါ်မှာ ပျော်ပျော်ပါးပါးကြီးနဲ့အား ရပါးရခုန်ခုန်ကနေတဲ့ ဦးပေါ်လာကိုလက်ပိုက်ကြည့်နေရင်းက သတိလက်လွတ်မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့ပေါ့
သက်ဦးမောင်
No comments:
Post a Comment