..... ရွှေဖလားနဲ့ ကြက်သားကိုင် ......
( ဆရာမ မစန္ဒာ )
( ပထမပိုင်း )
ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်
ငါတို့ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်သားတုံး။
အိပ်ရာထဲတွင် ရှူးနံ့က စူးစူးရှရှ နံနေသည်။ မွေ့ရာ တစ်ခုလုံးလည်းရှူးစားပီး ပေါက်ပြဲနေချေပီ။ အသစ်လဲရန် မစဉ်းစားနိုင်သေး။ မွေ့ရာတွင်သာမက
ခေါင်းအုန်းတွင်ပါ ရှူးနံ့က စွဲနေသည်။ သားကြီးရော သားငယ်ပါ ခေါင်းအုံးကိုခွပြီး ရှူးပန်းတတ်သောကြောင့်ဖြစ်သည်။ ခေါင်းအုံးဆိုတော့ ခေါင်းအုန်းစွပ်
ကိုသာချွတ်ပီး လျှော်နိုင်သည်။ ခေါင်းအုံးထဲမှ လဲမှို့များကိုကား နေပူလှန်းရုံအပြင် ဘာမျှမတတ်နိုင် ရေဆေးလို့လဲ ရကောင်းမည်မဟုတ်။
" နံလိုက်တာကွာ "
ကျော်မောင်မောင်က ခေါင်းအုံးကို အထက်အောက်လှန်အုံးပြီး သူ့ကိုလာခွသော သားငယ်ခြေထောက်များကို တွန်းပစ်လိုက်သည်။ ဗို့အားပြည့်အောင်
မလာသောကြောင့် အတန်ငယ်မှုန်ပြီး မွဲနေသောလေးဆယ်အား မီးလုံးရောင်နှင့် ရုပ်ပြစာအုပ်ကိုဖွင့်ဖတ်သည်။ မီးရောင်မွဲသဖြင့် မျက်လုံး ပျက်ချင်မှသာ
ပျက်ရော မဖတ်လို့မဖြစ်။ လမ်းထိပ်စာအုပ်ဆိုင်က ငှားလာရသောစာအုပ်ဖြစ်သည်။ မင်းသားနှင့် မင်းသမီးအခန်းရောက်ပြီး ဖတ်လို့ကောင်းတုန်းရှိသေး။
အိအိခင်က တိုးတိုးခေါ်လေသည်။
" မောင် "
" ဘာလဲ "
ကျော်ကျော်မောင်က စာအုပ်မှ မျက်နှာမခွာဘဲ ထူးလိုက်သည်။ ဒီစာအုပ်ပီးလျှင် နောက်တစ်အုပ်ဖတ်ရအုန်းမယ်။ သူငှားလာသောစာအုပ်က နှစ်အုပ်ဖြစ်သည်။
နက်ဖြန်ပြန်မအပ်နိုင်လျှင် တစ်ရက်စာ တက်သွားမည်။
" အဲ့စာအုပ်ချထားစမ်းပါဦး ဒီမှာအိပြောတာကို နားထောင်ပါဦး "
" ကဲ ကဲ ပြော "
" အိမှာ ကလေးရှိပြန်ပီ ထင်တယ် "
" ဟုတ်လား "
" ဟုတ်တယ် သိပ်စိတ်ညစ်တာပဲ ဒါကြောင့်မောင့်ကိုပြောနေတာ ဆင်ဆင်ခြင်ခြင်နေပါလို့ "
ကျော်မောင်မောင်က မျက်စိမျက်နှာပျက်နေသော အိအိခင်အားခပ်ပေါ့ပေါ့ပင်ပြန်ကြည့်သည်။ သိပ်စိတ်ညစ်တာပဲဟု ဆိုနေသော်လဲ လုပ်ကိုင်စရာ စီစဉ်စရာ
ရှိသည်များကို အိအိခင်သည် ဦးစီးဦးဆောင်ပြုပြီး ဆောင်ရွက်သွားမည်ကို သူသိသည်။
" အငယ်ကောင်ကဖြင့် တစ်နှစ်တောင်မပြည့်သေးဘူး "
" ဘာဖြစ်လဲအိရာ သားသမီးဆိုတာ ရတနာပဲမဟုတ်လား "
" အို မောင်ကတော့ပြောမှာပေါ့ မောင်မွေးရတာမှမဟုတ်တာ ကလေးရလာတော့လဲ အနှီးတစ်ထည် ကူလျှော်တာမဟုတ်ဘူး "
" အိမလိုချင်ရင် ဆေးသောက်လို့ပြောသားပဲ "
" အို တစ်နေ့တစ်နေ့ လျှော်ရ ဖွတ်ရ ချက်ရပြုတ်ရနဲ့ အဲ့ဆေးကြီးကို ဘယ်လိုလုပ်မှန်မှန်သောက်မိတော့မလဲ မေ့တာပေါ့ "
ကျော်မောင်မောင်သည် အိအိခင်အား အသေအချာကြည့်မိသည်။ အသက်အစိတ်ပင် မပြည့်တတ်သေးသော်လဲ ပါးရိုးနားရိုးကျကာ ပိန်ပီး ရင့်ကျောကျော
ဖြစ်နေသည်။ နဂိုက မေးရိုးကားသူမို့ ပိန်သွားသောအခါ မေးရိုးနှစ်ဖက် ခပ်ခေါခေါဖြစ်ပီး ကြည့်ရဆိုးသလို ဖြစ်နေသည်။
ဒီလိုဆိုတော့လဲ နေ့ခင်းကတွေ့ခဲ့သော ထွေးငယ်ကိုသတိရလာသည်။ တစ်ကိုယ်ရေတစ်ကာယ အပျိုစင်ဆိုတော့လဲ ကလေးအမေနှင့် ဘယ်လိုမှမတူနိုင်။
ရေမွှေးနံ့လေးသင်းပြီး ကျော့ရှင်းလှပနေသည်။ ယခုမှသာမဟုတ် ဟိုးအရင်တုန်းကလဲ ထွေးငယ်သည် အိအိခင်ထက် လှသည်သာဖြစ်သည်။
" မောင် မောင် ဘာတွေတွေးနေတာလဲ "
" ဒီလိုပါပဲ "
သူကမေ၇မရာဖြေသည်။ ခြင်ထောင်ထဲမှ ရှူးနံ့ရောနေသောလေကို ခပ်မျဉ်းမျဉ်းရှူသည်။ အိအိခင်က သူ့ကို အကဲခတ်သလိုကြည့်နေသည်။ သူက
စာအုပ်ကိုပြန်ကောက်ကိုင်လိုက်သည်။ ထိုနောက် ထွေးငယ်အကြောင်းဆက်တွေးသည်။
" မောင်ကပြောလိုက်ရင် ခပ်ပေါ့ပေါ့ဆဆချည်းပဲ၊ ဘယ်တော့မှအလေးနက်မရှိဘူး "
" ဒီမှာ နှစ်ယောက်ကနေ သုံးယောက်ဖြစ်တော့မယ် ပိုက်ဆံကကုန်တော့မယ် "
" မမမြင့်ရှိသားပဲကွာ မမကလိုသမျှပြောလို့ ပြေားထားတာပဲ "
" သြော် ဟုတ်တယ် မမမြင့်ဆီကပဲအမြဲလက်ဖြန့်ခံနေရတာ ရှင်မရှက်ဘူးလား "
" ဘာရှက်စရာရှိလဲ သူ့ဆီမှာရှိတာ ငါ့မှာရှိတာနဲ့ အတူတူပေါ့ ဒီအိမ်ကိုလဲ တစ်ဝက်စီပိုင်တာ"
ကျော်မောင်မောင်က ခပ်ဆတ်ဆတ်ပြောသည်။ သူ့အမအပျိုကြီးကိုသူက ဘဏာတိုက်ကြီးလို သဘောာထားလေသည်။ မမမြင့်က ဈေးထဲတွင် ငါးပိ
ငါးခြောက် ငံပြာရည်ရောင်းသည်။ ကိုင်တွယ်ရသည်မှာ နံစော်သည်မှန်သော်လဲ အမြတ်အစွန်းများလေသည်။ သူ့အမက ငါးပိတွေကို ဆားသိပ်နေလျှင်
ကျော်မောင်မောင်က နှာခေါင်းရှုံ့ပြီး ဝေးဝေးပြေးတတ်သော်လဲ ထိုငါးပိမှ အမြတ်အစွန်းများကိုတော့ လက်ဖြန့်တောင်းရန် ၀န်မလေးလှချေ။ သူ့လခက
တစ်လလျှင် သူ့စီးကရက်ဖိုး လက်ဖက်ရည်ဖိုးနှင့် စာအုပ်ငှားခများက တစ်ဝက်လောက်နုတ်လေသည်။ အမနှင့်အတူနေသောကြောင့်သာ ထမင်း၀၀
စားနေရခြင်းဖြစ်သည်။
" ဒါပေမဲ့ အိတို့လစဉ် လက်ဖြန့်တောင်းနေရတဲ့ ပိုက်ဆံကျတော့ မမမြင့်ရှာထားတဲ့ငွေတွေ သိလား "
" သူရှာတဲ့ပိုက်ဆံ ငါတို့မစားရင် ဘယ်သူစားမလဲ တော်တော့ကွာ ဒီမှာကောင်းခန်းရောက်နေပီ "
" သြော် ဒီကောင်ကလဲ တိုးစမ်း ဟိုဖက်ကို "
သူ့ဖက်လှိမ့်လာသော အငယ်ကောင်အား ပြန်ပီးတွန်းကာ ကျော်မောင်မောင်သည် အိအိခင်အားကျောခိုင်းလိုက်သည်။ ခုနတုန်းကတွေးနေသော ထွေးငယ်
ကိုလဲမေ့သွားလေသည်။ စာအုပ်ထဲက မင်းသားချောချော မင်းသမီးချောချောနောက်သို့ ပါသွားသည်။
" အမြဲတမ်း ပေါ့တိပေါ့ဆချည်းပဲ "
အိအိခင်က မကျေမနပ်ရေ၇ွတ်သည်။ သားများကို ချည်စောင်ပါးပါးလွှမ်းခြုံပေးပီး ကျော်မောင်မောင်အား ကျောခိုင်းကာ လှဲချလိုက်သည်။
" ဒီလောက် ပေါ့တီးပေါ့ဆမှန်းသိရင် သူ့ကိုရအောင် မယူခဲ့ပါဘူး "
ဟု စဉ်းစားရင်း မျက်ရည်ဝဲလာသည်။ ထို့နောက် ထွေးငယ်ကိုသတိရသည်။ ထွေးငယ်နဲ့ အိအိခင်တို့သည် သူငယ်တန်းထဲက အတူတူ ကြက်ခွပ်တန်း
ကစားလာရသော သူငယ်ချင်း.............
" အိခင် ဒီနေ့ ဘာလုပ်တမ်းကစားမလဲ "
" ကုလားမ စည်း "
" ဟင် အဲ့ဒါတော့ မကစားချင်ဘူး "
" ဘာဖြစ်လို့လဲ "
" အို နင်ကသိပ်ညစ်တာ ခါးကြီးကို တအားကိုင်းပစ်တယ် နောက်ပီးစည်းလဲ နင်းထားသေး "
" မကစားချင်လဲနေပေါ့ "
အိအိခင်က ထွေးငယ်ကို ရှုတည်တည်နဲ့ကြည့်သည်။ ထွေးငယ်သာမဟုတ် သူတို့သူငယ်ချင်းများက အိအိခင်နဲ့ အတူကစားရမည်ဆိုလျှင် လန့်ကြသည်။
အိအိခင်ပါလာလျှင် ငြိမ်သက်နေသော ကစားဝိုင်းတွင် ငြင်းသံ မကျေနပ်သံများက စီစီညံလာမြဲဖြစ်သည်။
" ထုပ်စည်းထိုးမယ်လေ "
" ဘယ်မှာလဲ လူက "
" မီမီတို့ ခိုင်ခိုင်တို့ ပါမှာပေါ့ မိုးမိုးတို့ နွယ်နီတို့လဲခေါ်မယ်လေ သက်ထားမြင့်ကိုလဲ ခေါ်လိုက်ရင် ရတာပဲ "
" သူတို့တွေက ငါ့ကိုစည်းခိုးတယ် ညစ်တယ်နဲ့ ခဏခဏပြောတယ် အားကြီးအမြင်ကတ်တာပဲ "
" ရပါတယ်ဟာ နင်နဲ့ငါနဲ့ တစ်ဖက်ထဲနေမယ်နော် အိခင်နော် နင်ကခေါင်သူကြီးလုပ်လေ ငါနဲ့မိုးမိုးကဖွက်မယ်လေ နှင်းဆီနဲ့စံပယ်ကို နင်က နှင်းဆီ
ယူမယ်ပြောနော် "
အိခင်ငြိမ်နေသည်။ ထွေးငယ်ကဘာကြောင့် သူနဲ့တစ်ဖက်ထဲနေချင်သည်ကိုသူသိသည်။ အိခင်ပါသော ကစားဝိုင်းများတွင် ငြင်းသံခုန်သံများ
ဆူညံမြဲ။ နောက်ပီးအိအိခင်ပါသောဘက်ကနိုင်မြဲ။ အိခင်ကဘယ်နေရာတွင်မဆို နိုင်ချင်ဇောကြီးသည်။ တိုးတားရသောအလှည့်တွင် စည်းပေါ်မှ ရှေ့တစ်လှမ်း
တိုးပီး ကိုယ်ကို ကိုင်းကာ လက်ကိုအားကုန်ဆန့်ပီး လွှဲပုတ်တတ်သည်။ သူတိုးရမည့်အလှည့်တွင်မူ
" ဟာ လှမ်းမပုတ်ရဘူးလေ ဟေ့မမိသေးဘူးနော် ဟင်းညစ်တယ်နော် နင်သိပ်ညစ်တာပဲ ဒီလိုဆို မကစားတော့ဘူး "
ဟု အော်တတ်ပြန်သည်။ ထို့ကြောင့် မည်မျှပင် ငြင်းသံခုန်သံတွေ ဆူညံနေသ်ာလဲ အဆုံးသတ်တွင် အိအိခင်ပါသောဘက်က အနိုင်ရသည်သာဖြစ်သည်။
သူနဲ့တစ်ဖက်စီ ကစားရသူများအတွက်မူ သူသည်အမြင်ကတ်စရာကောင်းနေသော်လဲ တစ်ဖက်ထဲ ကစားရသူများအဖို့မူ တကယ့်အားကိုးစရာဖြစ်လေသည်။
ထို့ကြောင့် ထွေးငယ်က သူ့ဘက်တွင်နေမည်ဟု စောစောစီးစီးကြိုပြောထားခြင်း ဖြစ်လေသည်။
" ခေါင်သူကြီးက အိအိခင်နဲ့ နွယ်နီဦး ကဲဖွက်ကြစို့နော် "
မိန်းကလေးများသည် နှစ်ယောက်တစ်တွဲထွက်သွားပြီး တီးတိုးတိုင်ပင်ကြသည်။
ထွေးငယ်နှင့် မိုးမိုးအရင်ဆုံးပြန်လာသည်။ ခေါင်သူကြီးနှစ်ဥင်္ီးရှေ့တွင် ရပ်ရင်း " နှင်းဆီနဲ့စံပယ် " ဟုသံပြိုင်အော်သည်။
" နှင်းဆီ "
အိအိခင်က ဦးအောင်အော်လေသည်။ ထွေးငယ်သည် ဖျတ်ခနဲသူ့ဘေးဝင်ရပ်သည်။ မျက်နှာလေးကပြုံးနေသည်။ အိခင်သည် ဆီးသီးထုပ်ကိုပစ်ချလိုက်ပီး
အုတ်ခုံပေါ်မှ ခုန်ချသည်။ လုံချည်ကို ခြေသလုံးအလယ်ရောက်အောင်ပြင်ဝတ်သည်။ လျော့နေသော ဆံပင်ကို သားရေကွင်းနှင့်တင်းတင်းပြန်ပီးစည်းလေသည်။
ထွေးငယ်သည် သူ့ဘေးတွင်ရပ်ရင်း သူ့ကို အားကိုးစွာကြည့်နေလေသည်။
..................................
ဖရောက် ဖရောက်နှင့် အ၀တ်ပေါ်ရေကျသော အသံမျိုးကြားရသည် အိခင်သည် အိပ်ရာမှလူးလဲထလိုက်သည်။
" ကဲကြည့် အိပ်မယ်မှ မကြံသေးဘူး သေးကပန်းပီ "
စိတ်တိုစွာ ရေ၇ွတ်မိသည်။ သားငယ်ကအိပ်မောကျနေသော်လဲ သေးပေါက်ပီးသည်နှင့် တစ်ဖက်ကိုလှိမ့်ရွေ့သွားသည်။ မအိပ်ခင်ညဦးပိုင်းက ရေတွေ
နင်းကန်သောက်ထားသည်ထင်သည်။ ပေါက်လိုက်သည်မှာလဲ အိုင်ထွန်းနေသည်။
" တစ်အိပ်ရာလုံးလဲ နံဟောင်နေပီ "
သားငယ်အောက်ဘက်တွင် ခံထားသော စောင်ကိုဆွဲထုတ်လိုက်သည်။လုံးထွေးပီးခြေရင်းဘက်လွှင့်ပစ်သည်။ စိုနေသော ပလပ်စတစ်အစကိုပါ ဆွဲထုတ်ပီး
ပြောင်းပြန်လှန်ခင်းသည်။ ချည်စောင်တစ်ထည်ကို အပေါ်က ထပ်ခင်းလိုက်ပီးခေါင်းအုံးပေါ်တက်အိပ်နေသော သားကိုပွေ့ယူပြီးသူ့နေရာသူ ပြန်သိပ်လိုက်သည်။
နာရီထိုးသံကြားရသည် ။ ဆယ်နာရီထိုးပေပြီ ။
" အိအိခင် နောက်ဖေးထွက်အုန်းမလား "
အခန်းအပြင်ဖက်မှ မမမြင့်ကလှမ်းမေးသည်။ ပြတင်းပေါက်တံခါးများကို ချက်ကျမကျစစ်ဆေးနေသော အသံကိုကြားနေရလေသည်။
" မထွက်တော့ဘူး အမ "
" တံခါးတွေ ပိတ်လိုက်တော့မယ်နော် "
" ဟုတ်ကဲ့ "
တံခါးများကို မင်းတုပ်ထိုးပီးပိတ်နေသံကိုကြားရသည်။ တံခါးများကို မမမြင့်ပိတ်လျှင်ပိတ် မပိတ်လျှင် အိအိခင်ကပိတ်ရသည်။ ကျော်မောင်မောင်ကမူ
တစ်ခါမျှ အရေးတယူနှင့် ပိတ်ဖူးသည်မရှိ။
" ဖြိုးကြီး နေကောင်းရဲ့လား ညနေကရေတွေဆော့နေတယ် "
" ကိုယ်တော့ နည်းနည်း နွေးချင်သလိုပဲ မမ "
မမမြင့်ကအခန်းထဲဝင်လာသည်။ ခြင်ထောင်ကိုဆွဲလှန်ကာ သားကြီးရဲ့ နဖူးကို စမ်းကြည့်လေသည်။
" အေးဟဲ့ နွေးချင်သယောင်ယောင်ပဲ အုပ်ဆေးလေးအုပ်ထားလိုက်ပါလား အိအိခင် "
မမမြင့်က သားရဲ့နဖူးကို စမ်းရင်း သူ့မောင်ကိုမကျေမနပ် လှမ်းကြည့်သည်။ ရုပ်ပြစာအုပ်ကို ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်နေသော ကျော်မောင်မောင်က
ဘာမျှမသိ။
" ဒီကောင် လခမှန်မှန်အပ်ရဲ့လား "
အိခင်သည် ခေါင်းညိတ်ရမလား ခါရမလား မသိဘဲဖြစ်နေသည်။ လစဉ်မှန်မှန်တော့အပ်သည်ပင်။ သို့သော် တစ်ခါမျှ ပြည့်ဖူးသည်မရှိ။ တစ်ယောက်ထဲ
အသုံးက သူ့လခ တစ်ဝက်မကပေ။
ငိုင်တွေတွေဖြစ်သွားသော အိအိခင်အား မမမြင့်က အကဲခတ်သလို ကြည့်နေသည်။ အိအိခင်က အိပ်ရာခေါင်းရင်း ကြွက်လျှောက်ပေါ်မှ ဆရာပြောင်
ဆေးတို့ပတ်ကြီးကို လှမ်းယူရင်း မမမြင့်ရဲ့မျက်လုံးများကို မသိမသာ ရှောင်လွှဲထားသည်။
" နင်တို့အိပ်ရာကလဲ နံလိုက်တာ ၊ ဘယ်လိုလုပ်ပီး ကျန်းမာရေးနဲ့ ညီညွတ်တော့မလဲ "
မမမြင့်ကပြောရင်း ခြင်ထောင်အပြင်ဘက် ပြန်ထွက်သွားသည်။ ငါးပိ ငါးခြောက် ငံပြာရည်နံ့တို့ကို နှာခေါင်းယဉ်ပါးနေသောကြောင့် နံသည်ဟုမထင်သော်
လဲ ခလေးရှူးနံ့တော့ ခံနိုင်ဟန်မတူ။ ကလေးသာဆိုသော်လဲ အကြီးကောင်ကော အငယ်ကောင်ကောလူကြီးစားသမျှ အကုန်လိုက်ပီးစားတတ်ကြသည်မို့
လူကြီးရှူးတမျှ နံလေသည်။
" မွှေရာအသစ် မချုပ်နိုင်သေးရင်လဲ နွေဘက်ကျရင် အဲ့ဒါကြီးကို ဆွဲထုတ်ပစ်လိုက်စမ်းဟာ ဖျာနဲ့အိပ်တာကမှ အသက်ကလေး၀၀ရှူရအုန်းမယ် "
မမမြင့်အခန်းအပြင်ဘက် ထွက်သွားလေသည်။ ဧည့်ခန်းမီးကို ပိတ်လိုက်တော့ အိအိခင်တို့အခန်းမှအပ တစ်အိမ်လုံးမှောင်ကျသွားသည်။ ကလေး
နှစ်ယောက်နဲ့မို့ အိအိခင်တို့ အခန်းတါင်မူ ဖယောင်းတိုင် ငါးတိုင်အား မီးလုံးလေးကို ညလုံးပေါက် ထွန်းထားရသည်။ အကြိးကောင်က အမှောင်ကို
အလွန်ကြောက်သည်။ တစ်ရေးနိုးလို့ မှောင်မဲနေလျှင် ကြောက်လန့်တကြား ထငိုတတ်လေသည်။ ထို့ကြောင့် အဆင့်မသင့်လို့ မီးပျက်သောနေ့များတွင်
ပင် အခန်းထဲတွင် ရေနံဆီမီးခွက်ဖြစ်ဖြစ် ဖယောင်းတိုင်ဖြစ်ဖြစ် ထွန်းထားရသည်။
" ဒီကောင်ကလဲ အသက်ပဲ အစိတ်ကျော်နေပီ ဒီသား မယားတာဝန်တွေဟာ သူ့တာဝန်ဆိုတာ ခေါင်းထဲမှထည့်ရဲ့လားမသိဘူး အခုတောင် ၀တ်ချင်စားချင်
လှချင်ပချင် ပိုးချင်ပန်းချင်နေတာပဲ နည်းနည်းမှ ထောင့်မကျိုးဘူး "
" ရုပ်ကလေး သနရုပ်ပရှိတာနဲ့ မိန်းကလေးတွေကလဲ မဆင်မခြင် အထင်ကြီးကြ ကြိုက်ကြ "
မမမြင့်ရဲ့ ရေရွတ်သံအဆုံးတွင် ကျော်မောင်မောင်ရဲ့ တခူးခူး ဟောက်သံက ဆက်တိုက်ထွက်ပေါ်လာလေသည်။
" ထွေးငယ် ထွေးငယ် "
" ဘာ "
ကျော်မောင်မောင်က အိပ်ပျော်နေရင်း ယောာင်နေသည်။ မျက်နှာက မပြုံးတပြုံးရှိသည်။ အိအိခင် ရင်တဒိန်းဒိန်းခုန်လာသည်။ ကျော်မောင်မောင်ရဲ့မျက်နှာကို
စေ့စေ့ကြည့်သည်။
" ကြည့်စမ်းထွေးငယ်တဲ့ သူနဲ့ထွေးငယ်များ အဆက်သွယ်ရှိနေတာလား ဟင်း ဒါမှမဟုတ် ထွေးငယ်ကိုခုထက်ထိများ မမေ့နိုင်သေးဘူးလား "
ဟု ကစဥ့်ကလျားတွေးနေမိသည်။
ကျော်မောင်မောင်ရဲ့ ပါးစပ်ကို အသေချာစိုက်ကြည့်ရင်း ဘာများထပ်ပြောအုန်းမလဲ ယောင်အုန်းမလဲ ဟု နားစွန့်ထားသည်။ သို့သော်ဘာစကားကိုမျှ
ထပ်မကြားရတော့။ ကျော်မောင်မောင်သည် အိအိခင်က အလွန်လှသည်ဟုထင်ခဲ့သောနှုတ်ခမ်းပါးနှစ်လွှာကို မဟတဟပြုကာ တခူးခူးနှင့် ဆက်ပီး
ဟောက်နေလေသည်။
...........................................................
" အိခင် ဟိုမှာကြည့်စမ်း "
" ကျော်ဟိန်းလေ ကျော်ဟိန်း "
" ဟင် ဘယ်မလဲ "
အိခင်က လက်ထဲမှဖောင်တိန်ကိုချကာ ကမန်းကတန်းလိုက်ကြည်သည်။ ကျော်ဟိန်းနဲ့ဆင်ဆင်တူသည်။
သို့သော်လဲ ကျော်ဟိန်းမဟုတ်ပေ။
" သို့သော် ကျော်ဟိန်းထက်ချောသည် "
အိအိခင်က မှတ်ချက်ချသည်။
" ကြံကြံဖန်ဖန်ဟယ် ကျော်ဟိန်းက ပိုချောတာပေါ့ "
ထွေးငယ်က ငြင်းသည်။ မည်သို့ပင်ဆိုစေ အိအိခင်ရော ထွေးငယ်ရော ထူသူကောင်းသားလေးကို ချောသည်ဟု အသိအမှတ်ပြုကြသည်။
နေကာမျက်မှန်တက်ထားသဖြင့် ဘယ်သူ့ကိုကြည့်မှန်း မသိသော်လဲ ထိုသူသည် သူတို့ကို ကြည့်နေသည်ကိုတော့ သိသည်။
အိအိခင်စိတ်ထဲတွင်မူ " ငါ့ကိုကြည့်နေတာလား မသိဘူး " ဟု လှိုက်ဖိုသွားသည်။
ထွေးငယ်ကလဲ အိအိခင်နည်းတူပင် ဖြစ်လေမည်လားတော့ အိအိခင် သေချာမသိ။ ထွေးငယ်သည် တကသိုလ်တွင် ၀ိုင်းဝိုင်းလည်အောင်
ပိုးပန်းခံနေရသော အလှဖုရားလေးတစ်ပါးဖြစ်နေသောကြောင့် အိအိခင်လောက်တော့ တုန်လှုပ်ချင်မှ တုန်လှုပ်ပေမည်။ ထိုအတွေ့အကြုံ
များက ထွေးငယ်အတွက် ရိုးနေပေပြီ။
" သူ ထွေးငယ်ကိုလာကြည့်တာလား မသိဘူး "
" အို အိအိခင်ကို ကြည့်တာနေမှာပါ "
အိအိခင်က သွေးတိုးစမ်းသလို မေးပြောပြောသည်။ ထွေးငယ်ကလည်း အိအိခင်ဘက်သို့ ပြန်လွှဲချသည်။ သို့သော် လှပချောမွေ့သော မျက်နှာလေးက
မသိမသာပြုံးနေသည်။ သူ့အလှကို ယုံကြည်စိတ်ချခြင်းကို သူ့မျက်လုံးများတွင် တွေ့ရသည်။
အိအိခင်သက်ပြင်းချမိသည်။ ထွေးငယ်သည် သူ့ထက်ပိုလှသည်ကို သူလက်မခံချင်သော်လဲ လက်ခံရမည်ဖြစ်သည်။
" အပေါ်ယံအလှလေးကိုသာ ကြည့်တာဆိုရင်တော့ သူကထွေးငယ်ကိုလာကြည့်နေတာ ဖြစ်မှာပဲ၊ ဒါပေမဲ့ တချို့တွေကလဲ သူ့ကိုလှတယ်လို့
ထင်ချင်မှထင်မှာပေါ့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူတာမှမဟုတ်တာ " ဟုစဉ်းစားသည်။
" ဟောကြည့်နေပြန်ပီ အိခင်ကိုကြည့်နေတာပါ "
ထွေးငယ်ကပြန်ပြောသည်။ သို့သော် ထွေးငယ်စိတ်ထဲတွင် ထိုသို့တစ်ကယ်မထင်ကြောင်းကို အိခင်သိလေသည်။ အိခင်သက်ပြင်းချမိပြန်သည်။
သူ့ကို ဒီထက်လှအောင် မွေးမပေးထားသော အမေ့ကိုတွေးပြီး စိတ်ဆိုးချင်ပြန်သည်။
ကုလားမစည်း ထုပ်စည်းကစား လုပ်နေတုန်းကမူ အိခင်သည် မိမိကိုယိတိုင် အလှကိုလည်းကောင်းထွေးငယ်အလှကို လည်းကောင်း လုံးဝ သတိ
မမူခဲ့မသိခဲ့ပေ။ သို့သော်လဲ ခုနှစ်တန်း ရှစ်တန်းရောက်ပီး အပျိုဖော်ဝင်ကာ စိတ်ကလေး ကစားချင်လာသောအချိန်ကျတော့ သူတို့သည်
ဖန်ခုန်တမ်း ကြက်ခွပ်တမ်းများကို မေ့ပစ်လိုက်ကြသည်။ စွယ်တော်ရွက်လေးတွေခူးပီး ဖယောင်းတိုက်ကြသည်။ စာအုပ်ကြား ညှပ်ကြသည်။
ဝတ္ထုစာအုပ်ထဲမှ နာမည်များကို အချင်းချင်း မှည့်ခေါ်ကြသည်။ ထွေးငယ်က သူ့ကျောင်းစာအုပ်များတွင် ငွေစန္ဒာ လမင်းထွေး ဟု အမည်ရေးသည်။
အိအိခင်ကလဲ အားကျမခံ အိရွှေစင် ဟုသူ့ကိုယ်သူ အမည်ပေး ကင်ပွန်းတပ်လိုက်သည်။
သူတို့အုပ်စုထဲတွင် ထွေးငယ်သသည် ရည်းစားစာပထမဆုံးရသောသူဖြစ်သည်။ ထွေးငယ်က ကျောင်းကားစီးသူမဟုတ်။ သူတို့နေရာ အမျိုးသမီး
ကျောင်းသို့ ဘတ်စ်ကားနှင့်လာသည်။ ဘတ်စ်ကားမှတ်တိုင်မှ ကျောင်းအထိ အတော်လေးဝေးလို့ လမ်းလျှောက်ရသေးသည်။ ထိုသို့ လျှောက်လာရာ
လမ်းတွင် အမျိုးသားကျောင်းတစ်ကျောင်းရှိသည်။ ထိုကျောင်းမှ နေလတ် ဟုသော ကျောင်းသားတစ်ယောက်က လမ်းမှစောင့်ပီး စာပေးသည်။
ထွေးငယ်က သုတ်ခြေတင်ပြေးသည်။ စာကမူ လွယ်အိတ်ထဲ ထိုးထည့်ပေးလိုက်သောကြောင့် ကျောင်းအထိပါလာသည်။ ကျောင်းဆင်းချိန်ရောက်တော့မှ
ကျောင်းခြံဝင်းထောင့်က သဖန်းပင်ကြီးအောက်ကိုသွားပီး စုပီးဖတ်ကြသည်။
" မောင့်အချစ်ဆုံးထွေးငယ် " တဲ့၊ စာကအစချီထားသည်။ " မောင့်ဘ၀ကိုအလင်းပေးပါလား မောင့်အရုဏ်ဦးရယ် " ဟုလည်းပါသည်။
" ထွေးငယ်သာမောင့်ကို လျစ်လျူရှူရင်တော့ မောင့်ဘ၀ကြီးတစ်ခုလုံး ခြောက်သွေ့တော့မှာပဲ " ဟူသောစကားကိုလဲ မှတ်မိသည်။ အဆုံးသတ်တွင်မူ
" ထွေးငယ်ရဲ့ မေတ္တာကို လပ်မနေချင်တဲ့ နေလတ် " ဟု လက်မှတ်ရေးထိုးထားလေသည်။
ုခုခေတ်စကားနဲ့ပြောရလျှင်မူ အပျိုပေါက်စလေးတွေ တော်တော်ခိုက်သွားလေသည်။ ထို့နောက် ထွေးငယ်ကို ပေးသောရည်းစားစာများကို မကြာခဏ
ဖတ်ကြရသည်။ စာတစ်စောင်ထဲတွင်မူ ထွေးငယ်အလှကို အသေချာ ရေးဖွဲ့ထားလေသည်။
ထွေးငယ်တော့ ဘယ်လိုနေမည်မသိ အိခင်ပင် ရင်တော်တော်ခုန်သည်။ မကွယ်မထောက် ၀န်ခံရရင် အိခင်သည် ထွေးငယ်ကို အတော်လေးအားကျခဲ့သည်။
ထိုကဲ့သို့ပင် စာလေးများ အပေးခံချင်သည်။ သို့သော်ထိုအချိန် ထိုကာလသာမက ယခုချိန်ထိ ဒေသကောလိပ် ပထမနှစ်ရောက်လာသည် အထိပင် အိအိခင်
သည် သူများကို ပေးသောရည်းစားစာကိုသာဖတ်ဖူးလေသည်။ သူ့ကိုပေးသော စာ တစ်စောင်တလေပင် မဖတ်ဖူးသေးပေ။
အိအိခင်သည် ဖြူဝင်းနေသော ထွေးငယ်ရဲ့မျက်နှာလေးကို အားကျစွာကြည့်မိသည်။ ထွေးငယ်က ကုသိုလ်ကံအကျိုးပေး တော်တော်လေးကောင်းသည်။
အသားကဖြူပီး ၀င်းရုံသာမက အဆီလဲမပြန်တတ်ပေ။ မနက်ကလူးထားသော သနပ်ခါးသည် ညနေကျောင်းဆင်းသည်ထိ မပျက်မပြယ်ဘဲ သူ့မျက်နှာတွင်
စွဲနေတတ်သည်။ အိခင်ကမူ အသားက အတန်ငယ်ညိုပြီး မျက်နှာတွင်လဲ သုတ်မနိုင်အောင် အဆီတ၀င်းဝင်း ပြန်နေတတ်ပါသည်။
ထွေးငယ်ရဲ့အလှက တစ်ချက်ကြည့်မိလျှင် နောက်တစ်ခေါက်ပြန်ပီး ကြည့်ချင်လောက်အောင် ထင်လင်းသောအလှဖြစ်ပီး အိခင်အလှက သာမန်အများသူငါ
နှင့်ရောနေသည်။ အားလုံးကို ဝေ့ကြည့်လိုက်သော မျက်လုံးသည် သူ့ကိုမမြင်ဘဲ လျှံသွားတတ်သော သာမန်အလှမျိုးသာဖြစ်သည်။ သူရဲ့ မျက်လုံးဝိုင်းဝိုင်းနှင့်
မျက်တောင်ကော့ကော့လေးများကို တော်ရုံလူက သတိမပြုမိတတ်ကြပေ။
ကိုယ်ကသာ သိပ်မလှသော်လဲ အိခင်သည် အလှကြိုက်လေသည်။ ၀တ ထဲတွင် ဖတ်ရသော ဇာတ်လိုက်ကောင်လေးမျိုး ချောချောလေးကို ကြိုက်ချင်သည်။
သို့သော်ထိုချောချောကောင်လေးမျိုးက အတော်ရှားသည်။ အိခင်ရဲ့မျက်စိထဲတွင် ပိန်သူပိန် ပုသူပုပြီး ၀သူက ၀နေတတ်သည်။ အရပ်အမောင်း ကိုယ်နေဟန်
ထားကအဆင်ပြေပြန်သော်လဲ မျက်နှာကအဆင်မပြေပြန်။ အသားမည်းသူက မည်း မျက်နှာပြဲသူကပြဲ မျက်စိမှေးသူက မှေး သွားခေါသူက ခေါနေသေးသည်။
အပြင်မှကိုလူချောက စီးကရက်သောက်နေလေသည်။ အိခင်သည် ထိုလူလောက် အဆင်ပြေပြေ ကြည့်ကောင်းသူကို ရုပ်ရှင်ထဲမှအပ အပြင်တွင်မမြင် မတွေ့
ဖူးသေးပေ။ အိခင်အပြင်ဘက်သို့ ကွက်ကြည့်ကွက်ကြည့်နှင့် ဖြစ်နေသည်ကို ထွေးငယ်က ပြုံးလေသည်။
" ဒီလူက အိကို ကြိုက်နေတာပါကွာ ဟုတ်ပါတယ် "
သူ့အသံက မုန့်တောင်းသောကလေးအား အေးအေး ပေးမယ် ပေးမယ် ဟုချော့သောအသံမျိုး ဖြစ်သည်။
အိခင် အတော် မခံချင်ဖြစ်သွားသည်။
.........................................................................
" မေမေ ရေသောက်မယ် "
အကြီးကောင်က အိခင်ရဲ့လက်မောင်းကိုလှုပ်လိုက်သဖြင့် အိခင် ဆတ်ခနဲနိုးသွားသည်။
" မေမေေ၇သောက်မယ် ရေဆာတယ် "
" အေးအေး ရေဆာရင် မေမေခပ်ပေးမယ် "
အိခင်က လူးလဲထကာ ပြေနေသောဆံပင်ကို တစ်ပတ်လျှို ဆွဲပတ်လိုက်သည်။ အိပ်ရာဘေးတွေ အဆင်သင့်ထားသော ရေပုလင်းကို လှမ်းဆွဲယူပြီး ခွက်ထဲထည့်လိုက်သည်။
" ရှူး ရှူး ပေါက်လိုက်အုန်း သားပြီးမှ ပြန်အိပ် "
အိခင်စကားကို သားကြီးမကြားတော့။ သူ့နေရာတွင်သူ ၀ုန်းခနဲပြန်လှချလိုက်သည်။ အိခင်သည် ခြေရင်းမှ ထွေးခံကိုဆွဲပြီး အောက်မှခံကာ နှုတ်ခမ်းနှစ်လွှတ်ကို စူချွန်ပီး
" ရှီးရှီး " ဟု အသံထွက်အောင် လုပ်လိုက်သည်။ ခဏနေတော့ သားကြီး ရှူရှူပေါက်လာလေသည်။
" အောင်မလေးဟဲ့ နည်းတဲ့ရှူးတွေမဟုတ်ဘူး အိပ်ရာထဲမှာသာပေါက်ချလိုက်ရင် ငါတို့များ မျောသွားမလား မသိဘူး "
သားကြီးက အိပ်ချင်မူးတူးနဲ့ ပြုံးယောင်ပြုလေသည်။ အိခင်ကလဲ သားရဲ့တင်ပါးကို မနာအောင် အသာရိုက်လိုက်မိသည်။
" မေမေ အိုက်တယ် "
" မအိုက်ပါဘူးသားရယ် သားကို အုပ်ဆေးတွေ အုပ်ထားလို့ပါ လာမေမေ ချွေးသုတ်ပေးမယ် "
" ကဲကဲ အိပ်တော့ သားရယ် "
" အန်တီမြင့်ကို မေမေ "
" အန်တီမြင့်လဲ အိပ်ပီ ဟိုမှာတွေ့လား ညီလေးလဲအိပ်ပြီ ဟောဟိုမှာ ဖေဖေလဲအိပ်ပီ "
အိခင်သည် ကျော်မောင်မောင်အား လှမ်းကြည့်လိုက်သည်။ ကျော်မောင်မောင် ရင်ဘတ်ပေါ်မှ စာအုပ်က အိပ်ရာထဲသို့ကျပီး သားငယ်က စာအုပ်ပေါ်ခြေတင်အိပ်နေသည်။
" တော်ကြာကလေး ရှူးပန်းလိုက်မှ စာအုပ်တစ်ခုလုံး ရွှဲပြီး ဟုတ်ပေ့ဖြစ်နေမယ် အသားလွတ်လျော်ရအုန်းမယ် "
အိခင်က ခြေထောက်အောက်မှစာအုပ်ကို ကုန်းပီးဆွဲယူလိုက်သည်။
" မေမေက ကာတွန်းဖတ်ပြ "
" သြော် ဒီချိန် ကာတွန်းဖတ်ချိန်မဟုတ်ဘူး အိပ်စမ်း မျက်စိမှိတ် "
ခပ်ငေါက်ငေါက်ပြောလိုက်သည်။ သားကြီးက ငိုမဲ့မဲ့ဖြစ်သွားသည်။ သားကြီးက အဖေတူလို့ တော်တော်ချောသည်။ အိခင်ရဲ့မျက်လုံးဝိုင်းဝိုင်း မျက်တောင်ကော့ကော့များကိုပါ
ရထားလေတော့ သူ့အဖေထက်ပင် ပိုချောသည်ဟု အိခင်ထင်မိသည်။
" မေမေ ပုတ်ပေးပါ "
" အေး အိပ်တော့ "
အိခင်သည် သားကြီးရဲ့တင်ပါးကို တဖျပ်ဖျပ် ပုတ်လိုက်သည်။ သားကြီးဘေးတွင် လှဲပီးအိပ်လိုက်တော့ ကျော်မောင်မောင်ကိုမမြင်ရတော့။ ညဦးပိုင်းတွင်
" ထွေးငယ် " ဟုယောင်ယမ်းသည်ကို သတိရသွားပြန်တော့ အိခင်စိတ်ထဲတွင် ပူဆာဆာကြီး ဖြစ်သွားသည်။ထွေးငယ်နှင့် အိခင်မတွေ့ဖြစ်ကြသည်မှာ ကြာချေပီ။
တွေ့လဲ မတွေ့ချင် တွေ့လဲမတွေ့လိုသောကြောင့် ဖြစ်သည်။
တစ်တန်းမှစပီး တက္ကသိုလ်အထိ အတူတကွ တကွဲကွဲခင်လာကြသော သူငယ်ချင်း နှစ်ဦးသည် ခုတော့ တစ်ဦးအမည်ကို တစ်ဦးကြားရလျှင်ပင် မေတာစိတ်
မပွားများနိုင်ကြတော့ပေ။ တရားခံကတော့ တရားခံကတော့ ။
ဆက်ရန်
credit
ပြန်လည်မျှဝေပါသည် (မွန်းလေးဖေဖေ)
No comments:
Post a Comment