Jun 5, 2018

အဘအမည်

အဘအမည် (သုမောင်)
&&&&&&&&&&&&&&&&&&

(၁)

ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ Dr.S ကျော်လှနှင့် ကျွန်တော့် သမီးတို့ မြန်မာနိုင်ငံ ဆရာဝန် အသင်းတိုက်မှာ ဆုံဖြစ်ကြသည်။ သမီးက ဆရာဝန် အသင်းမှာ အလုပ်လုပ်နေသူပါ။ ဆရာကျော်လှက အသင်း အတွင်းရေးမှူးပါ။ သမီး ပုလုကွေး အရွယ်က ရောဂါ ဖြစ်ရင်လည်း ဆရာပဲ ကုခဲ့ပါသည်။

ကြီးလာတော့လည်း မဆုံဖြစ်ကြတော့ပါ။ ခု ဆရာဝန် အသင်းမှာ ဆုံတော့လည်း မတော်တဆ ဆုံရုံသာ။ သို့သော် ဆရာက တော်တော် မှတ်ဥာဏ် ကောင်းသည်။ သမီးကြီးကို တစ်ချက်၊ နှစ်ချက် ကြည့်ရုံဖြင့် “ဟဲ့ … ညည်းမျက်နှာကို ငါစွဲနေတယ်၊ ညည်း ဘယ်သူ့ သမီးလဲ” ဟုမေးပါသည်။ ထိုအခါ သမီးက

“ဦးဗလ သမီးပါ”

ထိုအဖြစ်အပျက်ကို အိမ်မှာ ပြန်ပြောတော့ ကျွန်တော်က-

“သမီးရယ် ... ဦးသုမောင်သမီး ဖြေလိုက်ရောပေါ့။ ဒါဆို ဆရာကြီးက ညည်းကို ချက်ချင်းပွေ့တောင် ချီလိုက်ဦးမှာ” ဟု ကရုဏာဒေါသော ပြောလိုက်သည်။

ဆရာသည် ကျွန်တော့်ကိုပင်လျှင် ညီလေးအရင်းလို ချစ်တာဆိုတော့ ကျွန်တော့်သမီး ဆိုလျှင် သူ ဘယ်လောက် ချစ်လိုက်မည်နည်း။ ပြီးတော့ သူ့ဌာနမှာမှ တိုက်တိုက်ဆိုင်ဆိုင် အလုပ် လုပ်နေသည်လေ။

ကိုင်း ခုတော့ ဦးဗလသမီးပါ ဆိုသဖြင့် ဦးဗလပေါင်း ဘယ်နှယောက် ရှိနေမှန်းမှ မသိတာ။ ကျွန်တော် ဗလ၏ သမီးဟု သူ ဘယ်သိတော့မည်နည်း။ မိုက်လိုက်တဲ့ ကောင်မလေး။ ဌာနမှာ အခွင့်အရေး ယူဖို့ ပြောတာမဟုတ်။ ပြန်လည် ဆုံစည်းမှုကို ကြည်နူးစေချင်လို့။

“သမီးက ဘာကြောင့် ဦးသုမောင် သမီးလို့ မပြောလိုက်တာလဲ”
“ရှက်လို့”

ရှက်လို့ တဲ့။ ကျွန်တော် ပျော်သွားပါသည်။ “သုမောင်” သမီး ဟူ၍ ဂုဏ်ယူပြောရမှာ ရှက်သတဲ့။ တော်လိုက်တဲ့ သမီး။ ဘယ်သူဘယ်ဝါ သားသမီးပါဟု ဂုဏ်ယူနေကြသော ကာလကြီးမှာ ကျွန်တော့် သမီးသည် သူ့ကိုယ်သူ သာမန် မိန်းကလေး အလုပ်သမကလေး အဖြစ် စိတ်ထား တတ်လိုက်လေခြင်းဟု ကျွန်တော် ဂုဏ်ယူမိပါသည်။ ဒါသည် ကျွန်တော့် သွေး၊ ဒါသည် ကျွန်တော့် ကိုယ်ပွား၊ ဒါသည် ကျွန်တော့် ဝိညာဉ်။

နေရာတကာမှာ မိဘ အရှိန်အဝါနှင့် တက်လမ်း ရှာနေကြသော ခေတ်မှာ သည်လို သတ္တိမျိုး မွေးနိုင်ဖို့ရာ အလွန် ခက်ပါသည်။

သမီးကြီးကို ကျွန်တော် ပွေ့ဖက်နမ်းရှုပ် လိုက်ပါသည်။

(၂)

သမီးကြီးကို ပွေ့ဖက်ထားရင်းမှ ကျွန်တော့်စိတ်သည် ကျွန်တော်ငယ်စဉ် သမီးဘဝ အရွယ်သို့ ပြန်ရောက် သွားတော့သည်။

ကျွန်တော်သည် ငယ်ကတည်းက “မင်း ဘယ်သူ့သားလဲ”၊ “မင်းအဖေ နာမည် ဘယ်သူလဲ” ဟု အမေးခံရတိုင်း သို့မဟုတ် လျှောက်လွှာပုံစံ ဖြည့်ရသည့် အခါမျိုးတိုင်း “ဦးဖေသန်း” ဟူ၍သာ ဖြေခဲ့၊ ဖြည့်ခဲ့ပါသည်။

ဒါ ငယ်ကတည်းကပါ။ ကျွန်တော့် ဖခင်၏ အမည်ရင်းမှာလည်း ဦးဖေသန်း ပါပဲ။ သို့သော် သည်ကိစ္စနှင့် ပတ်သက်၍ ရိုးသားစွာပြောရလျှင် အကြောင်းနှစ်ချက် ရှိပါသည်။ တစ်အချက် ရိုးရိုးဖြေခြင်းပါ။ နှစ်အချက် “ဦးသာဓု” သားဟု ဖြေရမှာ ရှက်သောကြောင့် ဖြစ်ပါသည်။

ရှက်ရခြင်း အကြောင်းလည်း နှစ်ချက် ရှိနေပြန်ပါသည်။

တစ်ချက်က ဦးသာဓုသည် ဟိုစဉ်က နိုင်ငံကျော် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သောကြောင့် ကြွားဝါသည်ဟု အများက ထင်မှာ စိုးသောကြောင့်ပါ။ ဥပမာ ကျွန်တော်တို့ကျောင်း (စိန်ပေါလ်) မှာ ဘယ်သူ့သား၊ ဘယ်သူ့သားဟု ပြိုင်ဆိုင်ကြပါသည်။ ဒါကို ကျွန်တော် မကြိုက်ခဲ့ပါ။ ဦးဖေသန်း၏ သား မောင်ဗလသာ ဖြစ်ချင်ပါသည်။ ဖြစ်လည်း မဖြစ်ခဲ့ပါ။ အဖေကလည်း ဒါကို သဘောကျ ဂုဏ်ယူခဲ့ပါသည်။ (ခု ကျွန်တော့်လိုပေါ့)

နောက်တစ်ချက် ရှက်ရခြင်းကတော့ မှတ်မှတ်ရရ ကျွန်တော် လေးတန်းကျောင်းသား ဘဝ အဖေ နောက်အိမ်ထောင် ပြုလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ လေးတန်းကျောင်းသား တစ်ယောက်၏ ခံစားချက်၊ အရှက်တရားကို စဉ်းစားနိုင်ပါသည်။ ထိုစဉ်က အဖေ နောက်အိမ်ထောင် ပြုလိုက်ကြောင်း သတင်းသည် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် သာမက “သတင်းစာ” မျက်နှာဖုံးမှာပါ ပါလာသောကြောင့် တစ်နိုင်ငံလုံး ဟိုးဟိုးကျော်ခဲ့ပါသည်။ ဒါကို ရှက်ခြင်းလည်း ပါပါသည်။

အထက်ပါ နှစ်ချက်ကြောင့် ငယ်ငယ်က ဦးသာဓုသားဟု ကျွန်တော်မဖြေ၊ မဖြည့်။ မတတ်သာမှသာ ဖွင့်ဟသည်။

ဒါ ငယ်တုန်းက ဖြစ်သည်။ နောင် အရွယ်ကလေး ရလာတော့-

“ငါ့သားလို့ ပြောရမှာ ရှက်သလားကွာ” ဟု အဖေကပင် ဝမ်းနည်းစကား ဆိုလာ ပါတော့သည်။ ကျွန်တော် စိတ်မကောင်းပါ။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဦးဖေသန်းသား သခင်ဖေသန်းသား ဆိုတာကိုသာ ဂုဏ်ယူနေခဲ့လေရာ အနုပညာသည်ဘဝ ရောက်သည် အထိပင်။

စာပေနယ် ဝင်စ ၁၉၇၃ ခုနှစ်ကလည်း “ငယ်အိပ်မက်” ဆိုသည့် ဝတ္ထုတိုကလေး ရှုမဝမဂ္ဂဇင်းမှာ ပါလာဖို့ တော်တော် စောင့်ယူရသည်။ အကယ်တန္တု သာဓုသား သုမောင် ဟူ၍ အသိပေးခဲ့ပါမူ ကျွန်တော့်စာမူ ဒါလောက် ကြာစရာ အကြောင်း မရှိပါ။ ရှုမဝသည် ဖေဖေနှင့် အလွန် ရင်းနှီးသည် မဟုတ်လား။ ပြီးတော့ ကျွန်တော့်ဝတ္ထုကလေးက ကောင်းပြီးသား။ ဘာပဲဖြစ်ဖြစ် သာဓုသားဆိုသည့် ဂုဏ်နှင့် ကျွန်တော့်စာမူကို မြန်မြန်ဖတ်၊ မြန်မြန်ဆုံးဖြတ်မှာ သေချာပါသည်။ သို့သော် ကျွန်တော် မလုပ်ခဲ့။ သီချင်း ဆိုတော့ရောတဲ့။ ၄င်းအတိုင်းပါပဲ။ ဦးသာဓုသားမှန်း ကျွန်တော် လူသိမခံခဲ့ပါ။ (သူ့ဘာသာသူ သိသွားတာတော့ မတတ်နိုင်ပါ။)

သဘောမှာ အဖေ့ဂုဏ်ကြောင့် အရှိန်မယူလိုခြင်းသာ ဖြစ်ပါသည်။ အခြားအကြောင်း (ကျွန်တော် ငယ်စဉ်က အဖေ နောက်မိန်းမ ယူခဲ့ဖူးသည့် အကြောင်း ) မပါတော့ပါ။

သို့သော် ကျွန်တော် နာမည်ကြီးလာတော့လည်း သုမောင်အဖေသည် ဦးသာဓုမှန်း တစ်နိုင်ငံလုံး သိသွားကြတာတော့ မထူးဆန်းပါ။ သည့်အတွက် ဂုဏ်ယူစရာသော် လည်းကောင်း၊ ရှက်စရာသော် လည်းကောင်း မရှိတော့ပါ။ မလိုအပ်တော့ပါ။ ရိုးရိုးသားသားသာ စိတ်မှာ ထားခဲ့ပါသည်။

ကိုင်း … “အဖေနှင့် ကျွန်တော်”၊ “ကျွန်တော်နှင့် သမီး” တို့၏ ဖြစ်စဉ်သည် ရိုးသားသော်လည်း ကြည်နူးဖွယ် မကောင်းပေဘူးလား။

(၃)

မဟုတ်သေးပါ။

သမီးကြီးကို ပွေ့ဖက်ကြည်နူး နေစဉ် ရုပ်ရှင်ထဲက အိပ်မက်ဆိုးခန်းလို မထိတ်သာ၊ မလန့်သာ ခံစားမှုတစ်ခုသည် ကျွန်တော့် ဦးနှောက်ထဲသို့ ဖျက်ခနဲ ဝင်လာပါတော့သည်။

သမီးကို ရင်ခွင်ထဲမှ ဆတ်ခနဲ ဆွဲခွာပြီး သူ့မျက်လုံးတွေကို အသေအချာ စူးစိုက်ကြည့် လိုက်သည်။ နားထဲမှာလည်း “ရှက်လို့” “ရှက်လို့” ဟူသော ပဲ့တင်သံတွေ ထပ်လာ၏။

ရှက်လို့ တဲ့။ ဘာကို ရှက်တာတုံး။ ဘာကြောင့် ရှက်တာတုံး။ စာရေးဆရာ အဆိုကျော် မင်းသား သုမောင်သမီးဟု ဂုဏ်ယူရမှာကို ရှက်တာလား။ ဒါဆို ကောင်းသည်။ ဖေဖေလည်း ဂုဏ်ယူသည်။ ဖေဖေ ငယ်ငယ်ကလည်း သည်လိုပဲ သာဓုသား ပြောရမှာ ရှက်လို့ဟု ဂုဏ်ယူခဲ့ဖူးသည်ပဲ။

သို့သော် …

ဖေဖေ ငယ်ငယ်တုန်းက ဘိုးဘိုး ဒုတိယ နောက်အိမ်ထောင် ပြုတာကို တစ်နိုင်ငံလုံး သိသွားလို့ ဖေဖေ ရှက်သလိုမျိုး …။

ဖေဖေ အရက်သောက်တာကို တစ်နိုင်ငံလုံး သိကြတာကို ရှက်လို့ ဆိုလျှင်တော့ …

သမီး၏ မျက်လုံးကလေးများက ကြည်လဲ့ နေပါသည်။ သမင်မပျိုကဲ့သို့ အပြစ်ကင်းလှပါသည်။ ကျွန်တော်သည် သမီး၏ “ရှက်လို့” ဆိုသည့် အဓိပ္ပါယ်ကို လုံးဝရှာမရပါ။ ရှာမရလေ ခံစားရလေ။

ရင်ထဲမှာတော့ စကားလုံးတွေ။

“သုမောင်သမီးလို့ ရဲရဲပြောလိုက်စမ်းပါ သမီးရယ်”

“ဖေဖေလည်း သာဓုသားလို့ ရဲရဲအခေါ်ခံချင် နေပါပြီ”

&&&&&&&&&&&&&
သုမောင်
ရွှေအမြုတေ၊ ဖေဖော်ဝါရီ၊ ၂၀၀၀။

share by မွန်းလေးဖေဖေ

No comments:

Post a Comment