#နန်းယုယုမွန်(တောင်ငူ)
သူမရှေ့က ဖုန်းခေါ်ဆိုသည့် လူတွေ တစ်ယောက်စ နှစ်ယောက်စ နည်းပါးသွားကြသည်။ ဖုန်းဆိုင်ပိုင်ရှင် ဘကြီးသည် မျက်မှန်အောက်မှ မျက်လုံးများကို ပြူးပြဲလျက် သူမ ဖုနါးနာပတ်ကို ကြိုးစားပမ်းစားခေါ် ပေးနေပြန်သည်။
"လိုင်းကျနေတယ် ကလေးမ"
ဖုန်းမဝင်သဖြင့် ဖုန်းဆိုင်ပိုင်ရှင် ဘကြီးက သူမကို အားနာစွာ ဖြင့်ပြောသည်။
"ရတယ် ဘ နောက်လူတွေကို ခေါ်ပေးလိုက်တော့ ကျမ နောက်နေ့မှ ခေါ်တော့မယ်"
ဖုန်းပိုင်ရှင် ဘကြီးအားပြုံးပြ နှုတ်ဆက်လျက် သူမ ထွက်လာခဲ့သည်။ သူမ၏ ခြေလှမ်းများသည် သာမန်ထက်ပို၍နှေးကွေးနေသည်။ မြို့စွန်ကျသော သူမတို့အိမ်လေးနှင့် ဖုန်းဆိုင်လေးမှာ အတန်ငယ် အလှမ်းဝေးလွန်းလှသည်။ ဖုန်းခေါ်လို့ မရသဖြင့် သူမ လှည့်ပြန်ရပေါင်း များပြီလေ။
လေညှင်းနုနုလေးများတိုက်ခတ်သဖြင့် သူမ ဆံနွယ်လေးများ ကျောပြင်တွင် လွန့်လူးနေကြသည်။
ခြေလှမ်းများရှေ့သို့ ခရေ တစ်ပွင့် ကြွေကျလာသဖြင့် သူမခြေလှမ်းများ ရပ်တန့်သွားရသည်။ ဘုရားကျောင်းထဲမှ အပြင်သို့ တိုးထွက်နေသော ခရေပင်ကြီးကို သူမ မော့ကြည့်နေမိသည်။ ခဏအတွင်း၌သူမအနီးတွင် ခရေပွင့်တို့ ဖြူဖွေးလာသည်။

"ခရေဆိုတာ လေတိုက်ရင် ပိုကြွေတတ်တယ်လအိတုံရဲ့"
ကိုရဲ့စကားသံများကို ပြန်ကြားယောင်မိသောအခါ ခရေပွင့်တွေ လိုက်ကောက်နေသော သူမ လက်ချောင်းများ လေထဲတွင် ရပ်တန့်ကုန်သည်။ ဟိုအရင် တုန်းကဆိုလျှင် သူမသည် ခရေပင်ကြီးကို မော့ကြည့်ကာ အားမလို အားမရ နှင့်ကြွေကျလာသည့် ခရေပွင့်လေးများကို မော့ကြည့်တတ်သည်။တစ်ခါတစ်ရံ အုတ်တံတိုင်းကြီးပေါ်သို့ မှီရာခုံနှင့် တွယ်တက်ကာ
"ကိုရေ ဘုရားကျောင်းထဲမှာ ခရေတွေ ဖွေးနေတာပဲ သွားကောက်လို့ရရင်ကောင်းမှာ"
ဟု စိတ်လှုပ်ရှားစွာ အော်ဟစ်တတ်သည်။ထိုအခါ သုမအနားမှာ ခရေပွင့်တွေကို ကူညီကောက်ပေးနေသောသူမသည် သူမကို အမြင့်မှ ပြန်လည်ဆွဲချကာ
" လာကွာအိတုံ မရနိုင်တဲ့အရာတွေကို မက်မောမနေနဲ့ ဒီမှာ ခရေပွင့်တွေ ထပ်ကြွေနေပြီကွ" ဟုငေါက်ငမ်းတတ်သည်။ ဘုရားကျောင်းကြီးမှာ သော့ပိတ်ထားသဖြင့် အထဲသို့ ဝင်ကောက်ခွင့်မရပါ။
ရုတ်တရက် ရောက်လာသောအတွေးများကို ရပ်တန့်ကာ ခရေပင်အောက်မှ သူမထွက်လာခဲ့သည်။နေဝင်ခါနီးပြီမို့ လမ်းပေါ်တွင် လူအနည်းငယ်သာရှိသည်။ ဒီနေ့သည် သူမနှင့်ကို ခွဲခွာရသည်မှာ သုံးနှစ်ပြည့်ပြီ ဖြစ်ကြောင်းကို ဖုန်းဆက်ပြောရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့သို့ ဖုန်းခေါ်ရသည်မှာ မလွယ်ကူလှပေ။ တစ်ခါတစ်လေ မိုးရွာသည့်နေ့များတွင် လိုင်းကျနေတတ်သည်။ ကံကောင်းထောက်မစွာဖြင့် ဖုန်းဝင်သွားသည့် အခါလည်း ကိုသည် သူမကို ကောင်းစွာစကားပြန်မပြောပဲ အလုပ်ရှုပ်နေတတ်သည်။
"ကိုနေကောင်းပါတယ် အိတုံကော အဆင်ပြေတယ်မလား"
ဟုတ် အဆင်ပြေတယ် ။ အိတုံက ကို့ကို **--"
"ဟာ ဟေ့ကောင် ညီညီ မင်းကို ဒီစာရင်းတွေပြန်စစ်ခိုင်းထားတာလေကွာ"
သူမစကားကို ဆုံးအောင်နားမထောင်ပဲ အလုပ်များနေသော ကို့အသံကို သူမ ဖုန်းထဲမှာ ကြားနေရသည်။
"ဆောရီးကွာ အိတုံ ကို အလုပ်များနေလို့ အိတုံနဲ့ ဖုန်းမပြောနိုင်သေးဘူး။ နောက်နေ့မှ ဆက်ပြောကြမယ်နော်" ဟုဆိုကာ ဖုန်းကို ချပစ်တတ်သည်။
သူမသည် ဖုန်းခွက်ကို ကိုင်ရင်း ကြောင်အမ်းအမ်းဖြစ်သွားရသည်။ သူမဆီမှာ ဖုန်းမရှိသဖြင့် ကို့ဆီသာသူမက ကိုတို့ရုံးဖုန်းသို့ လှမ်းခေါ်ရသည်။ ကို့ထံသို့ ကြိုးစားပမ်းစား ဖုန်းခေါ်ရသောသူမ ဒီလိုစကားတွေနှင့် လှည့်ပြန်ရပေါင်းများပြီ။
ကိုသည် ယခုအချိန်ထိ အတ္တကြီးနေတုန်းပဲဟု သူမတွေးနေမိသည်။ မြစ်ကြီးနားရုံးခွဲသို့ ကို့အား ရာထူးတိုးတာဝန်ချပေးသောအခါ သူမသည် ကို့အတွက် ဝမ်းသားပျော်မြူးရသလို ခွဲခွာရမည့်အရေးတွေးပြန်တော့ ရှိုက်ကြီးတငင်ငွေးကြွေးရပြန်သည် လေ။ ကိုကတော့ အနာဂတ်ကို လှမ်းမျှော်ကြည့်ရင်း အလုပ်သစ်အတွက် ပြင်ဆင်နေလျက် သူမကို နှစ်သိမ့်ဖို့မေ့လျော့နေပြန်သည်။
ကို မြစ်ကြီးနားသို့ မသွားခင် ကို့အတွက် သိုးမွှေးအကျီင်္တစ်ထည် ခမ်မြန်မြန်ထိုးပြီး ကို့အတွက် လက်ဆောင်ထည့်ပေးလိုက်သည်။ ကိုကတော့ သူမကို အနမ်းတစ်ပွင့်ခြွေချကာ အလွမ်းတစ်ခု လက်ဆောင် ပစ်ပေးခဲ့သည်။
ဆင်းရဲသည့် မိဘအသိုင်းအဝိုင်းက ရုန်းထွက်ချင်သည့်ကို့အတွက် ရာထူးတိုးခြင်းသည် အိမ်မက်တစ်ခုလိုသာဖြစ်နေတော့သည်။
"လောကကြီးမှာ ငွေရှိမှ လူရာဝင်တာ အိတုံရဲ့။ ကို့အတွက်တော့ အောင်မြင်မှု့ဆိုတာလိုအပ်တယ်။ အောင်မြင်မူ့နောက်မှာ ငွေဆိုတာ ပါလာပြီးသားပဲ " ဟု ကြွေးကြော်ကာ ကို တစ်ယောက် သူမအနားမှ ထွက်ခွာသွားတော့သည်။
ခေါင်းအုံးပေါ်သို့ ခေါင်းချလိုက်တိုင်း ကို့ အကြောင်းတွေသာ စိုးမိုးနေတတ်သည်။ ဒိုင်ယာရီထဲမှ သူမနှင့်အတူ တွဲရိုက်ထားသော ကို့ဓာတ်ပုံတွေကို ကြည့်ကာ မိုးစင်စင် လင်းခဲ့ဖူးသည်။ ပြုံးလိုက်တိုင်း သွားတက်လေးတွေ ပေါ်လာတတ်သော ကို့ အပြုံးတွေကိုစိတ်ကူးထဲ မြင်ယောင်ကြည့်ရင်း အလွမ်းတွေ ညဥ့် နက်ဖူးသည်။
ကိုသည် သူမ အားဘယ်တော့မှ စိတ်ကူးယဉ်ခွင့်ပေးသူမဟုတ်ချေ။
"ဘယ်တော့ ပြန်လာမလဲဟင် ကို ပြန်လာရင် အိတုံတို့ လက်ထပ်ရအောင်"ဟု အားတက်သရော ပြောမိသည့်အခါတိုင်း ကို သည်တစ်ဖက်မှ ငြိမ်သက်သွားတတ်သည်။ ခဏအကြာမှ ---=
"မသိသေးဘူးအိတုံ စိတ်ချပါ ကိုပြန်လာဖြစ်တာနဲ့ အိတုံကို လက်ထပ်ပါ့မယ်" ဟု မရေမရာနှင့် နှစ်သိမ့်တတ်သည်။
အချစ်သည် ပြိုင်ပွဲတစ်ခုဆိုလျှင် သူမသည် ကို့ခြေရင်းတွင် ဝပ်ဆင်းနေရပေလိမ့်မည်။ သူမနှင့်ကို ရန်ဖြစ်စိတ်ကောက်သည့်အခါတိုင်း သူမကသာ အရင်စခေါ်ရလေ့ရှိသည်။နှစ်ရက် သုံးရက် ကိုနဲ့စကားမပြောရလျှင် သူမ မနေတတ်တော့။ ကို့ရုံးရှေ့သို့သွားကာ ကို့ကို စောင့်နေလိုက်သည်။ရုံးဆင်းလာသည့်ကိုက သူမအားမြင်သော်လည်း အံ့သြ ဟန်မပြတတ်။အောင်ပွဲရ စစ်သူကြီးတစ်ယောက်အသံနှင့်
"စိတ်မကောက်နိုင်ရင် မကောက်စမ်းနဲ့ အိတုံရာ ကလေးကလားအလုပ်တွေ ကိုယ်မလုပ်ချင်ဘူး။ ကိုယ်တို့ဘဝအတွက် ကိုယ်တို့တိုင်ပင်ရမှာ အကျိုးမရှိတဲ့ အလုပ်တွေ စကားတွေ ကိုယ်မပြောချင်ဘူး"
ဟု ခပ်ပြတ်ပြတ်ပြောကာ သူမကို ဖက်ထားတတ်သည်။စိတ်ကောက်နေသော မိန်းမတစ်ယောက်အတွက် သာယာနာပျော်ဖွယ်စကားတွေ ရွေးမပြောတတ်သော ကို့အား သူမ အလွန်အံ့သြပါသည်။အရာရာ စိတ်ပျက် အားငယ်တတ်သော သူမအား အမြဲလို စိတ်မရှည်တတ်။နေမကောင်းဖြစ်သည့်အခါမှာလည်း ကို့ဆီက အားပေးစကားသံ မကြားရတတ်ပါ။
"နေမကောင်းရင်ဆေးသောက်လေ အိတုံရဲ့ တကယ်ဆို ဒီစကားတွေကို ဆရာဝန်တစ်ယောက်ဆီ သွားပြောရမှာ အဲ့ဒါဆိုရင် အိတုံအတွက် ပိုအကျိုးရှိတယ်"
သူမသည် ကို့အပြုမူ အတ္တတွေ ကြားထဲတွင်အချစ်ခုနှင့်ပျော်မွေ့နေမိသည်။ ကိုရင်ခွင်ထဲတွင် အတင်းအကျပ် တွယ်ကပ်နှောင်တွယ်နေမိသည့်အဖြစ်ကိုရှက်ရကောင်းမှန်းမသိခဲ့ပါ။
ရုံးဆင်းချိန်များတွင် သူမသူငယ်ချင်းများသည် ချစ်သူနှင့်အတူ ရုပ်ရှင်သွားကြည့်ရန်တက်ကြွနေကြသည်။ရုံးရှေ့သို လာကြိုနေကြသော သူငယ်ချင်းများ၏ ချစ်သူစုံတွဲများကို တွေ့ရသောအခါအလွန်ဝမ်းနည်းရသည်။ ဖယ်ရီမစီးပဲ ဆိုင်ကယ်နောက်မှ ခါးဖက်စီးသွားသော သူငယ်ချင်းစုံတွဲများ၏ မျက်ဝန်းများကို ရှက်ရွံ့စွာရှောင်တိမ်းနေရသည်။
တစ်နေ့ သူမတို့ရုံးရှေ့သို့ စက်ဘီးတစ်စီးဖြင့်ကိုတစ်ယောက် ရောက်လာခဲ့သည်။ထိုနေ့က သူမ အလွန်ပျော်မြူးလျက် ကို့ခါးကို ဖက်ထားခဲ့သည်။ ကိုသည် သူမ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ဆိုပြခဲ့သည်။ကို့ခါးကိုဖက်ကာ ကို့ကျောပြင်ကို ခေါင်းမှီထားရသည်မှာ ပျော်ဖို့ကောင်းသည်ပဲလေ။
ထိုအဖြစ်အပျက်လေးကို ဒိုင်ယာရီထဲ ရေးမှတ်ထားပြီး နောက်တစ်နေ့ကို့အားပြသည့်အခါ
"ရူးပါ့ကွာ" ဟု မှတ်ချက်ပေးလေသည်။သူမက ကိုနှင့်ပက်သက်လာရင်အမြဲရူးနေတတ်တာဟု ပြောပစ်လိုက်ချင်ပါသည်။
မှောင်မိုက်လွန်းသည့် ညတွေကို အိပ်ဆေးပြားတွေ သောက်ပြီးဖြတ်ကျော်ပစ်ခဲ့သည်။ဒီလို ညတွေ သူမ ဘဝမှာ မရေတွက်နိုင်အောင် များနေပြီလေ။ ရုံးတွင် အမြဲလိုထိုင်းမှိုင်းနေသဖြင့် မန်နေဂျာက ခဏခဏ ခေါ်ဆူသည်ကို ခံရပေါင်းလဲများပြီဖြစ်သည်။
သူမအဖြစ်ကို သနားဟန်တူသည်။ ဖေဖေနှင့်မေမေသည် သူမကို အထူးကုဆေးရုံတစ်ခုသို့ ခေါ်သွားခဲ့သည်။ဆရာဝန်ကြီး၏ ဂရုဏာသက်နေသော မျက်ဝန်းတို့ကို မြင်မှာ လောကမှာ ကြင်နာတတ်သည့် လူတစ်ချို့ရှိနေသေးပါလားဟု သူမတွေးနေမိသည်။မေးခွန်းတွေ တစ်ခုပြီး တစ်ခုမေးနေသော ဆရာဝန်ကြီးကိုစူးစိုက်ကြည့်နေမိနေရုံမှတပါး တစ်ခြားဘာမှ သူမ ပြန်မဖြေဖြစ်။ ဆရာဝန်ကြီး၏ မေးခွန်းတစ်ခုကို သူမ သဘောကျမိသည်။
သမီးရင်ထဲမှာပြောချင်တာတွေရှိလား။ ဒါမှမဟုတ်လမျှော်လင့်ချက်တွေ ပြိုပျက်ဖူးတာရှိလား ရှိရင်ဆရာ့ကိုပြောပြ"
သူမ စကားတွေ အများကြီးပြောပစ်လိုက်သည်။ကို့ကို မပြောဖြစ်လိုက်သော စကားတွေ ပါဝင့်ပါလိမ့်မည်။ ဆရာဝန်ကြီး၏မျက်ဝန်းညိုတွေကို ကြည့်ပြီး သူမဝမ်းနည်းလာသည်။
သူမ ဝမ်းနည်းတကြီးငို ချလိုက်သည်။
" သမီးမငိုရဘူးလေ ဆက်ပြောသမီး ဆရာနားထောင်ပေးနေတယ်လေ"
ဆရာဝန်ကြီးက သူမ ပုခုံးတွေကို ဆုပ်ကိုင်ပြီး အားပေးစကားပြောသည်။ သူမ ပြောလက်စ စကားကို ပြန်စလိုက်သည်။
" သူလက်ထပ်သွားပြီလို့ ဖုန်းထဲမှာ ပြောတယ်ဆရာ"
"သမီးယုံလား အဲ့ဒီစကားကို သမီးယုံလားလို့ ဆရာမေးတာ"
"ဟင့်အင်း သမီးမယုံဘူးဆရာ ကိုက ကျမကို လက်ထပ်မယ်လို့ သေချာပြောသွားတာ"
သူမ အားတက်သရော ဆရာဝန်ကြီးကို ပြန်ပြောလိုက်သည်။ ဆရာဝန်ကြီးက သူမကို ပြုံးပြကာ
"ကဲ သမီးပြန်လို့ရပြီနော် နောက်နေ့ ဆေးခန်းလာတဲ့အခါ သမီးရင်ထဲမှာ ရှိတာတွေ ဆရာ့ကို ထပ်ပြောပြ ဟုတ်ပြီလားသမီး"
ဆေးပေးကောင်တာမှ ထွက်လာသောအခါ မေမေက သူမခေါင်းလေးကို ညင်သာစွာ ပွတ်သပ်နေလေသည်။ သူမ မဖျားပဲ ဒီကိုဘာလို့ခေါ်လာပါလိမ့်။
သူမ ရုံးမတက်ရသည်မှာ ငါးလခန့်ရှိပြီ။ အမြဲလို အော်ငေါက်တတ်သည့် မန်နေဂျာသည်ပင် အိမ်ထိလိုက်လာကာ သူမအား စကားတွေ လာပြောနေသည်။
"အိတုံ နေကောင်းမှ ရုံးလာတက်နော် "
ဟုပြောသောအခါသူမ ပြုံးစေ့စေ့ဖြင့် မန်နေဂျာကြီးကို စိုက်ကြည့်နေမိသည်။
အိမ်မက်ဆိုးတစ်ခုမှ သူမ လန့်နိုးလာခဲ့သည်။ဒီလို အိမ်မက်မျိုးကို သူမ ထပ်မမက်ချင်ပါ။ အိမ်မက်ထဲမှာ ကိုက သူမကို ဖုန်းထဲမှ
"အိတုံ သေချာနားထောင်နော် ကို ဒီမှာလက်ထပ်လိုက်ပြီ။ အိတုံ ကိုယ့်ကို နားလည်ပေးရမယ်နော် "
"မငိုနဲ့လေ အိတုံရဲ့ လူဆိုတာဌက်ကလေးတွေလိုပဲ ပျံလိုက်နားလိုက်နဲ့ အမြင့်ဆုံးရောက်အောင်ပျံရမှာ"
ဟူသောစကားတွေကို သွေးအေးအေးနှင့်ပြောနေခဲ့လေသည်။ သူမလဲ ငိုရှိုက်ကာ စိတ်ဆိုးဆိုးနှင့် ဖုန်းခွက်ကြီးကို ဆွဲလွှင့်ပစ်လိုက်လေသည်။ ဖုန်းဆိုင်ပိုင်ရှင် အဘကြီးက အထိန့်တလန့်ဖြင့် သူမလက်ထဲမှ ဖုန်းခွက်ကို အတင်းဆွဲယူထားလေသည်။ သူမကတော့စိတ်ပျက်အားလျော့ကာ ဖုန်းဆိုင်ထဲမှာ ထိုင်ငိုနေသည်တဲ့လေ။
သူမ အိမ်မက်တွေကို ထပ်မတွေးချင်တော့။
"သမီး ဘာဖြစ်နေတာလဲ စိတ်ညစ်စရာတွေ ထပ်မတွေးနဲ့တော့"
မေမေကသူမနံဘေးသို့ရောက်လာသည်။ မေမေအခုတစ်လော သူမကို အရမ်းဂရုစိုက်သလို ခံစားနေရသည်။
"ရော့သမီး ဒီဆေး သောက်ပြီးပြန်အိပ်လိုက်နော်"
" ဟင်မေမေကလဲ သမီးမှ မဖျားတာ"
"သောက်လိုက်ပါသမီးရယ် ဒီဆေးသောက်လိုက်ရင် သမီးတစ်ခါတည်းငြိမ်ပြီး အိပ်ပျော်သွားမှာ"
ဟုတ်ပါရဲ့။ သူမ တစ်ညလောက် အားပါးတရ အိပ်ပစ်လိုက်ချင်ပြီ။ သူမမျက်နှာလေးကို မှန်ထဲတွင် ကြည့်မိသောအခါ လူမမာ တစ်ယောက်ပုံမျိုးပေါက်နေပြီ။ ကိုပြန်လာရင် သူမ လှနေမှဖြစ်မှာ။ ကိုက ပြောထားတယ်လေ။ သူပြန်လာရင် လက်ထပ်မယ်တဲ့။ မေမေတိုက်သောဆေး သောက်ပြီးသောအခါ သူမ မျက်လုံးများမှေးစင်းလာသည်။
သူမ ဒီလမ်းလေးပေါ်သို့ ဘယ်နှကြိမ်မှန်းမသိသော ခြေလှမ်းတွေ ထပ်ချမိပြန်သည်။ လမ်းပေါ်မှ ဖြတ်းသွားဖြတ်လာ အချို့က သူမကို လည်ပြန်ကြည့်သွားကြသည်။ သူမကလည်း ကြောင်တောင်တောင်ပြန်ကြည့်နေမိသည်။ ဘာကြည့်တာလဲ လူလူချင်း အတူတူပဲဥစ္စာ။ ဖုန်းဆိုင်သို့ ရောက်သောအခါ ခုံလွတ်တစ်ခုပေါ်သို့ဝင်ထိုင်လိုက်သည်။
ဖုန်းဆိုင်ပိုင်ရှင်ဘကြီးက သူမကိုငေးကြည့်နေသည်။
" ဘကြီး ကျမကို ဖုန်းခေါ်ပေးလေ"
သူမစကားကြောင့် ဘကြီးသည်စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းခလုတ်များကို နှိပ်လေသည်။ ဘကြီးလဲ ထိုကောင်မလေးကို အားနာ၍သာဖုန်းခေါ်ပေးရသည်။သူမ ပါးစပ်မှ ရွတ်သော ဖုန်းနာပတ်များသည် တပ်ဆင်ထားခြင်းမရှိပါ ဖုန်းမှားနေပါတယ်ဟူသောစကားလုံးများကို သာပြန်ပြောလေ့ရှိသည်။အချိန်အတော်ကြာသည်အထိဖုန်းခေါ်မရသည်နှင့်သူမသည် ထပြန်ရန်ပြင်လေသည်။ဆိုင်ထဲမှ ထွက်ခွာစပြုနေစောသူမသည် ဘကြီးဘက်သို့ ရုတ်တရက် ပြန်လှည့်လာ
"ဘကြီးဌက်ကလေးတွေက ဘာဖြစ်လို့ အမြင့်ကြီးကို ပျံချင်ရတာလဲဟင်"
"ဟေ"
သြော် ဘကြီးကလဲ ကျမမေးတာက ဌက်ကလေးတွေက ဘာဖြစ်လို့ အမြင့်ကြီးကို ပျံချင်ရတာလဲလို့"
သုမက နှုတ်ခမ်းဆူပြီး စောင့်အောင့်စွာ ထပ်မေးလိုက်သည်။ဘကြီးသည် သူမကို ဂရုဏာသက်စွားစိုက်ကြည့်ရင်း
"အမြင့်ရောက်လေ အဝေးဆုံးကို ပိုမြင်ရလေပဲ ကလေးမရဲ့"
"သြော်" ဟု တိုးတိုးလေးရွေတ်လျက် ငိုင်ကျသွားသောမိန်းကလေးကို ကြည့်ရင်း ဘကြီး စိတ်မကောင်း ဖြစ်သွားရသည်။
ဒီကလေးမလေးသည် သူ့ဆိုင်တွင် ဖုန်းဆက်ရင်း ဖုန်းခွက်ကို ကောက်ကာငင်ကာ လွှင့်ပစ်၍ ရှိုက်ကြီးတငင်ငိုသွားသောနေ့မှစကာ သူ့ဖုန်း ဆိုင်ရှေ့တွင် လာလာငိုင်နေတတ်သည်။ သူမခေါ်ခိုင်းသော ဖုန်းမဝင်သော်လည်း နေ့တိုင်းလာခေါ်ပြီး ထပြန်သွားတတ်သည်။ အခုလည်းကြည့်လေ ထသွားမလို့ဟန်ပြင်ပြီးကာမှ ငူငူငိုင်ငိုင် ပြန်ထိုင်နေပြန်သည်။
"သမီးပြန်တော့လေ ဘကြီးလဲ ဆိုင်သိမ်းတော့မှာ"
ဘကြီးစကားကြောင့် သူမသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ
"ဘကြီးရယ် ဌက်ကလေးတွေက အမြင့်ပျံချင်လို့ ရုတ်တရက်ထထွက်သွားတယ်ဆိုပေမယ့် တုန်ခါပြီး ကျန်နေခဲ့မယ့် သစ်ကိုင်းလေးကိုတော့ လှည့်ကြည့်သက့်တာပေါ့"
"သြော် အေးအေး ဟုတ်တာပေါ့"
သူမစကားကို ခပ်မြန်မြန်အလိုက်သင့်ပြန်ဖြေလိုက်ရသည်။ တရွေ့ရွေ့ထွက်ခွာသွားသော ကလေးမလေးကျောပြင်ကို ကြည့်၍ သက်ပြင်းရှည်ကြီးကို ဟင်းခနဲ ချလိုက်လေးတော့သည်။

နန်းယုယုမွန်(တောင်ငူ)
အပျိုစင်မဂ္ဂဇင်း။2010 ခုနှစ်။June လ။
အပျိုစင်မဂ္ဂဇင်း။2010 ခုနှစ်။June လ။
No comments:
Post a Comment