🌸🌸 ဒီလိုပဲကောင်းပါတယ်🌸🌸
သင်္ကြန်ရောက်တော့မှာမို့ ထွန်းထွန်းသူ စိတ်တွေ လှုပ်ရှားနေသည်။ ဒီ သင်္ကြန်မှာ ဘယ်လို ကဲရရင်ကောင်းမလဲလို့ စဉ်းစားလိုက်မိတာမို့ ရင်အခုန်မြန်သွားရသည်။မနှစ်ကတော့ အင်းလျားလမ်းက သူငယ်ချင်းရဲ့မဏ္ဍပ်မှာ သင်္ကြန်ပျော်မလေးများနှင့် ပျော်ရွှင်စွာရေကစားရင်း သင်္ကြန်ကာလကို ကုန်ဆုးံစေခဲ့သည်။
အဲ့ဒီမှာဖြူပြာ ဆိုသည့်သင်္ကြန်မလေးနှင့် ရင်ခုန်ခဲ့ရတာကိုတွေးမိပြီးခံစားချက်တို့ ပြန်လည်နွေးထွေးရသည်။ ဖြူပြာနှင့်ထို သင်္ကြန်တွင်း ခဏလေးသာဆုံတွေ့ခဲ့ရပြီး ခြေရာဖျောက် ကောင်းသော သင်္ကြန်မလေးကြောင့်ထွန်းထွန်းသူရင်ထဲ ကြေကွဲခဲ့ရသည်။ သူ့ချစ်သူ မိမိမိုးကလည်း သင်္ကြန်တွင်းမှာ ဖြူပြာနှင့်ဇာတ်လမ်းဖြစ်ခဲ့တဲ့ သူ့ကို စိတ်ဆိုးပြီး စွန့်ခွာသွားခဲ့ပြီမို့ ရင်ထဲဟာတာတာဖြစ်ခဲ့ ရသည်။
ခုတော့ မိုးသင်္ကြန်မေ ဆိုသည့်မိန်းမလှလေးနှင့် သိကျွမ်းခဲ့ရပြီ။မေသည်လည်း သင်္ကြန်ကို ချစ်မြတ်နိုးသူလေးမို့ ရေပက်ခံထွက်နိုင်ရန်အတွက် ခုကတည်းက ကြိုတင်စီစဉ်နေသည်။ သူပါ ရေပက်ခံ လိုက်ရမည်မို့ ထွန်းထွန်းသူ ကျေနပ်နေမိသည်။
ထွန်းထွန်းသူတို့ ကံထချင်တော့ ယုယုဆိုသည့် မူလတန်းတုန်းက သူငယ်ချင်းမလေးနှင့် အမှတ်မထင် ပြန်လည်ဆုံတွေ့ခဲ့ရသည်။ ငယ်ရုပ်သွင်နှင့် ခြားနားစွာ အလှပိုလာသော ယုယုကြောင့် ထွန်းထွန်းသူ ရင်ခုန်သံတို့ အဓိပ္ပါယ်ပြောင်းလာရသည်။ ယုယုက သူမတို့ဆရာစံလမ်းထဲရှိမဏ္ဍပ်တွင် ရေကစားမည်ဖြစ်ကာ သူမနှင့်အတူ ရေကစားရန် ထွန်းထွန်းသူကိုပါလာခေါ်မည်ဆိုပြီး ကြိုပြောထားသည်။ သွားရမှာပေါ့။ ကိုယ့်ရင်ခုန်သံရပ်ဝန်းလေးပဲ ဟုတွေးမိရင်း သူပျော်နေမိသည်။
သူပျော်နေချိန်မှာပဲ မန္တလေးမှာနေတဲ့ အစ်မရဲ့ သူငယ်ချင်း မမဦးတို့မိသားစုက ရန်ကုန်ကိုရောက်လာကြပြီး သူတို့မိသားစုနှင့်အတူ ရေပက်ခံထွက်ကြမည်တဲ့။ မမဦး၏ အကြည့်တစ်ချက် နှင့်လှပသော အပြုံးတစ်ပွင့်အောက်တွင်တော့ ရေပက်ခံမလိုက်ဖို့ ငြင်းရန် အင်အားများကင်းမဲ့သွားရသည်။
ကိစ္စမရှိပါဘူး။အကျနေ့မှာ မိုးသင်္ကြန်မေနှင့် ရေပက်ခံလိုက်သွားပြီး အကြတ်နေ့တွင် မမဦးနှင့်ရေပက်ခံသွားရမည်။ အတက်နေ့ကျမှ ယုယုတို့မဏ္ဍပ်သို့သွားလိုက်မည်။အဟားဟား။ ကိုယ့်လောက်ကံကောင်းသူရှိမှာမဟုတ်ဘူး ဆိုသည့်အတွေးဖြင့်ထွန်းထွန်းသူ အပျော်ကြီးပျော်နေမိသည်။ သင်္ကြန်သုးံရက်မှာ မိန်းမလှလေးသုးံယောက်နှင့် တွဲပျော်ရမည်မို့ ထွန်းထွန်းသူ အကျေနပ်ကြီးကျေနပ်နေရင်းမှ သင်္ကြန်တွင် စတိုင်အလန်းစားများဝတ်ဖို့ လိုအပ်သည်များကို ဝယ်ရန် ဒဂုံစင်တာသို့ထွက်လာခဲ့သည်။
"ဟိတ်•••••ထွန်း"
"ဟာ•••ဖြူ•••ဖြူပြာ"
ဖြူ့ပြာ့ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတာမို့ သူ ရင်အခုန်မြန်သွားရသည်။ ဖြူပြာက မနှစ်ကအတိုင်း လှပလျှက်ပင်။ မနှစ်က ကစားသောရေကစား မဏ္ဍပ်မှာပဲ ဖြူပြာရေကစားမည်ဖြစ်ပြီး သူ့ကိုဆက်ဆက်လာခေါ်မည်တဲ့။
ဖြူပြာနှင့်နှုတ်ဆက်လမ်းခွဲပြီးတော့ သူစိတ်ညစ်သွားရသည်။ ခုနှစ်ကျမှပဲ သင်္ကြန်က တစ်ခါပဲကြတ်သည်။အကြတ် နှစ်ရက်ဖြစ်လိုက်ရင် အ ကောင်းသား။အတွေးဖြင့် ခေါင်းငိုက်စိုက်ချ လျှောက်လာရင်း တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိသွားရသည်။
"ဟင်•••ထွန်း"
"ဟာ•••မိမိမိုး"
သူ့အားစိတ်ဆိုးနေခဲ့သောမိမိမိုးမှာ ခုချိန်မှာတော့ စိတ်ဆိုးပြေနေပြီ။ သူ့အား သံယောဇဉ် မျက်ဝန်းများဖြင့်ကြည့်ရင်း သင်္ကြန်မှာ လျှောက်လည်ကြမည်တဲ့။ အတူမလည်ရင် တကယ်စိတ်ဆိုးပြီး တစ်သက်လုးံမခေါ်တော့ဘူးတဲ့။
ထွန်းထွန်းသု ငိုချင်သလိုဖြစ်သွားရသည်။
မိမိမိုး က တစ်ချိန်တုန်းကချစ်ခဲ့ရသူ။ ဖြူပြာက သင်္ကြန်တွင်းမှာ ရင်ခုန်ပျော်ရွှင်မှုများပေးခဲ့ဖူးသူ။ မိုးသင်္ကြန်မေ ကတော့ သူ့ရင်ခုန်သံတွေကို ပြန်လည်လှုပ်နှိုးစေသူ။ မမဦးကတော့ အကြည့်တစ်ချက်ဖြင့်နှောင်ဖွဲ့ထားသူ။ ယုယု ကတော့ သူ၏ငယ်ကျွမ်းဆွေ။ ဒီ မိန်းမလှလေးငါးယောက်က သင်္ကြန်အကြိုနေ့ကလွဲပြီး သင်္ကြန်သုးံရက်စလုးံ သူတို့နှင့်အတူ ထွန်းထွန်းသူ ရှိနေရမည်တဲ့။
အားလုးံက သူ့အတွက် ငြင်းဆန်ရန်မသင့်သော သူများမို့ ထွန်းထွန်းသူ ဘာလုပ်ရမှန်း မစဉ်းစားတတ်တော့။
သင်္ကြင်္န်တွင်းဝတ်ဖို့ဝယ်ထားသော ဒီဇိုင်းဆန်း ဝတ်စုံများကို ထွန်းထွန်းသူ ငေးကြည့်ရင်း စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်အုံထဲသို့ လက်ချောင်းများထိုးထည့်ကာ ဆံပင်များကိုဆွဲဖွနေမိတော့သည်။
******* ****** *******
သင်္ကြန်အကြိုနေ့ကုန်ဆုးံပြီး အကျနေ့သို့ ကူးပြောင်းခဲ့ပြီ။ ဖြုပြာ၊မိုးသင်္ကြန်မေ၊မမဦး၊ယုယုနှင့် မိမိမိုးတို့မှာ သက်ဆိုင်ရာကားကိုယ်စီဖြင့် ထွန်းထွန်းသူ၏ အိမ်ရှေ့သို့ရောက်လာကြသည်။
ထိုအချိန်မှာတော့ တရားရိပ်သာတစ်ခုတွင် ဒုလ္လဘ ရဟန်းဝတ်ထားသော ထွန်းထွန်းသူ တစ်ဖြစ်လဲ ဦးပဉ္ဇင်း ဦးသုနန္ဒ မှာ သင်္ကြန်ရေထဲသို့ လွင့်ထွက်သွားချင်သော စိတ်တို့ကို တည်ငြိမ်မှုရအောင်ကြိုးစားထိန်းရင်း မျက်လွှာချကာ တရားမှတ်နေလေတော့သည်။
နှင်းသီရိကျက်သရေ
မတ် ၂၀၀၉။အချစ်ဂျာနယ်။
No comments:
Post a Comment