" နတ်မြင်းပျံ ရေငန်ညစ်မှာ နစ်ခဲ့ပြီလေး "
=============================
#အဖြူရောင် (ရွှေ)
ရိုးမ၏ တောင်စဉ်တောင်တန်း အထပ်ထပ်ကား နေပူကာ မိုးရွာသည့် ညနေရီမှာ ပိုထင်ရှား ပြတ်သား ခဲ့လေပြီ။ သာမန် နေ့အလင်းရောင် အောက်မှာတော့ဖြင့် တစ်တောင်ပေါ် တစ်တောင်ဆင့်သည့် တောင်တန်းများက တောင်တစ်လုံးတည်း ရှိလေဟန် အမြင်အာရုံကို လှည့်စား တတ်ပြန်သေးသည်။ သို့သော်လည်း ကျနေ ရောင်စဉ်တန်းများ အောက်တွင် မိုးဖွဲဖွဲ ရွာနေလျှင်ဖြင့် အထပ်ထပ်သော တောင်တန်းတို့ ရုပ်လုံး ပေါ်လာမြဲ။ ပို၍ ဝေးသော တောင်ထွတ်တို့က ပို၍ ပြာမှိုင်းလေကာ အနီးဆုံး တောင်က စိမ်းရောင်သန်းနေ တတ်ပါသည်။ ကျနေမှ ပင့်ထိုးနေသော ရောင်ခြည် အလင်းတန်းများက မိုးမြားတန်းတို့နှင့် ပေါင်းကာ သက်တံကို လည်းကောင်း၊ တောင်စဉ်ထပ်ထပ်ကို လည်းကောင်း၊ ရှုမောဖွယ် မြင်ကွင်းကို ပေးစွမ်းနေရာမှ ကောင်းကင်ကား ရုပ်ခြည်း မှောင်မည်း လာခဲ့လေပြီ။ မည်းမှောင်သော တိမ်တိုက်တို့၏ လျင်မြန်သော အရွေ့တွင် တောက်ပသော နေရောင်ခြည် ပျောက်ဆုံးခဲ့ပြီ။ အထပ်ထပ်သော တောင်စဉ် တောင်ထွတ်များ သည်လည်း အကြားအလပ် မရှိ တစ်ခုတည်းသော တောင်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ပဲခူးရိုးမကို စွန့်ခွာ ထွက်ပြေး ခဲ့ရသူ မြလေးအတွက် ရှမ်းရိုးမ တောင်မင်းတို့ကလည်း အလားတူ မိုးနှင့် အမှောင်ကို သယ်ဆောင်လာခဲ့ချေပြီ။ လက်ဖျားတွေဆီ စိမ့်ခနဲ ဖြာအထွက် မြလေး မျက်လုံးထဲ မျက်ရည်တွေ ပြည့်လျှံ လာတော့သည်။
“လမ်းကြုံပဲ လိုက်ပါရေစေ မောင်ရယ်၊ ဘဝကြုံတော့ မလိုက်ပါရစေနဲ့”
မြလေးတို့ စတွေ့ခဲ့လေသည့် အတိတ်တစ်ရက်ကလည်း မိုးမှောင်ကြီး ပြိုလာတော့မယောင် မှိုင်းညို့နေသော ရက်တစ်ရက်ပင်။ ဝုန်းဝုန်းဝေါဝေါ မြည်သံပေးပြီး တိုက်နေသော လေပြင်းအောက်တွင် ကျောက်စိမ်း လုံချည်ကို ခပ်တင်းတင်း ဆွဲမထားပြီး ခြင်းတောင်းတစ်ဖက်၊ ထီးတစ်ဖက် မြလေးပုံ ကိုးရိုးကားရား ဖြစ်နေခဲ့ပေလိမ့်မည်။
* * *
ဘဝ
သဲသဲမဲမဲ ရွာသောမိုးက ရမ်းရမ်းကားကား တိုက်ခတ်နေသော လေကို အဖော်ပြုကာ အငြိုးတကြီး ရွာလေသည်မှာ နာရီဝက်ခန့် ရှိပြီ။ ပဲခူးရိုးမ တောင်ခြေမို့ထင့် မိုးသည်းပြီးလျှင် ပတ်ဝန်းကျင်ကို မမြင်ရလောက်အောင် ရွာတတ်သည်ပင်။ ထို့ကြောင့်လည်း အရှိန်နှင့် မောင်းလာသော ကားများက မြလေးတို့ကို မမြင်၊ မြင်လိုက်သည့် ခဏမှာပဲ အရှိန်အဟုန်နှင့် ဖြတ်ကျော်သွားမြဲ။ ဪ- အမြန်လမ်း ဆိုတော့လည်း ခပ်မြန်မြန် မောင်းတတ်ကြ လေသည်။
ထိုကဲ့သို့ မိုးကြီးသော နေ့များက မြလေးတို့ကို ကျီစယ်တတ်မြဲပင်။ ကြာသော်လည်း မရိုးနိုင်စွာ စိတ်ညစ်ညူးရင်း လမ်းပေါ် ဖြတ်သမျှ ကားတို့ကို တားနေသည်မှာ ၁၀ စီးလောက် ရှိခဲ့ပြီ။ တချို့ကားတွေက စိတ်ဝင်စားဟန် မတူ။ (တချို့ ကားကတော့ ရုတ်တရက် အရှိန်တန့်လိုက် သော်လည်း အရှိန် ပြင်းလေတော့ မြလေးတို့ကို ကျော်လွန်ပြီး ကိုက်တစ်ရာလောက်မှာ ရပ်တော့မလို ရပ်တော့မလိုနှင့် မထူးဇာတ် ခင်းရင်း ဆက်မောင်းထွက်သွား ပုံက ကားစောင့်သူကို ကလူ၏သို့ မြှူ၏သို့နှယ်။ မှတ်တိုင် မရှိသော လမ်းဘေးမှာ ရပ်ပြီး ကားစောင့် ရလေတော့ မြင်တတ်၊ ကြင်နာတတ်၊ ကိုယ်ချင်းစာတတ်သော ကိုရွှေဒရိုင်ဘာတို့၏ ကရုဏာကို ငံ့လင့်ရင်း မောရလေသည်။ ရပ်မည်ဟု ထင်မိလေလျှင် ဘေးမှ ချထားသော ခြင်းတောင်းကို ကမန်းကတန်း ကောက်ဆွဲလျက် သုံးလေးလှမ်းလောက် အပြေးတစ်ပိုင်း လိုက်မိပြီးခါမှ မောင်းထွက် သွားပြန်တော့ မောကျန်ရစ်ခဲ့ပါ၏။
ကားမြင်လျှင် လက်ပြ၍ ကားရပ်လျှင် ပြေးလိုက်ရမည်က မြလေးတို့ တာဝန်။ ထိုနေ့က တာဝန်ကို ပျော်ပျော်ရွှင်ရွင် ကြည်ကြည်ဖြူဖြူ ထမ်းဆောင်နေဆဲ ကားဖြူကြီးက ဟိုး ခပ်လှမ်းလှမ်းမှာ သေသေချာချာ ရပ်သွား၏။ ခပ်ဖြည်းဖြည်း ဘက်ဆုတ် လာခဲ့ပါသည်။ ထောက်ကြန့်မှာ တစ်ဆင့် ပြောင်းမစီးရဘဲ ခရေပင်လမ်းခွဲ တိုက်ရိုက် ရောက်ပါစေဟု ဆုတောင်းဆဲ ကားမှန်ကလေး လျှောခနဲ ပွင့်လာကာ-
“ဆရာမ ဘယ်သွားမှာလဲ၊ ရန်ကုန်ထိ ရောက်မယ် တက်ပါ”
အနောက်ခန်း တံခါးကို အတွင်းမှ လက်လျှိုပြီးဖွင့်ပေးပါသည်။
“အားနာပါတယ်၊ ကျွန်မက မိုးရေတွေ စိုနေတာ”
“ရပါတယ် ဆရာမရဲ့၊ နောက် ခြောက်သွားမှာပဲပေါ့”
ညင်ညင်သာသော မောင်းနေသော ကားတွင်းမှာ ငြိမ်ငြိမ်သက်သက် လိုက်ပါရင်း လွင့်ပျံလာသော မွှေးရနံ့နှင့် အိစက် ညက်ညောသော ထိုင်ခုံတို့၏ အတွေ့အထိမှာ နစ်မျောကာ အလုပ်ဝင်စ လွန်ခဲ့သော လေးနှစ်ခန့်ကာ အဖြစ်တွေ မြလေးခေါင်းထဲ တန်းစီ ဝင်လာခဲ့လေသည်။
ထိုစဉ်ကတော့ဖြင့် အင်မတန် လမ်းဆိုးလေသော ကော့မှူးနှင့် လှိုင်သာယာ လမ်းပေါ်မှာ ဗိုက်အောင့် ရင်ဘတ်အောင့် ခံကာ ထွေလာဂျီ တစ်လှည့်၊ အမြန်ပြေးသော ဗင်ကား နောက်ဝိတ်ထဲ တစ်ခါ၊ ကုန်ကားပေါ် တစ်မျိုး လိုက်ခဲ့ရသည့် ခရီး နှစ်နှစ်ကျော်။ ညနေရီ ကော့မှူးက ထွက်ခဲ့လျှင် မြောက်ဥက္ကလာအိမ် ပြန်ရောက်ချိန်က ည ရှစ်နာရီ၊ တစ်ခါတလေ ကိုးနာရီ။ မှတ်တိုင်မှာ လာကြိုနေသော အမေ့ကို စကား မပြောအား၊ အတွေ့အကြုံတွေ၊ ရှင်းမပြအား၊ ထိုးလှဲ အိပ်လိုက်တာ မနက်မှ ထနိုင်တော့၏။
ကားကြုံ လိုက်ရတာချင်း အတူတူ အခုတော့ အရင်ကထက် အဆင့်မြင့်လေပြီ။ ကိုယ်ပိုင်ကားတွေ၊ ခရီးသည်တင် ကားတွေသာ သွားခွင့်ရှိသော အမြန်လမ်းဘေးမှ ရွာမှာ တာဝန်ကျသည် ဆိုတော့ ရုတ်တရက်တော့ ထိတ်လန့်မိသား။ နောက်တော့ ကော့မှူး၊ လှိုင်သာယာထက် ဆိုးတဲ့လမ်း မရှိနိုင်တော့ပြီ။ နှစ်နှစ်ကျော် လမ်းကြမ်းကြမ်းမှာ အသွားအပြန် လုပ်ရသည်က ဘဝကို ထုသား ပေသား ကျအောင် မောင်းနှင်ခဲ့သလိုပါပင်။ သူများတွေ လုပ်နိုင်ရင် မြလေး လုပ်နိုင်ရမည်။ မိုး သဲသဲမဲမဲ ရွာတတ်သော နေ့များတွင် အချိန်ကြာကြာ စောင့်ရသည်မှ လွဲ၍ ကားကြုံ တစ်စီး မဟုတ် တစ်စီးက ခေါ်တင်သွားတတ်မြဲ။
“ဆရာမ ဘယ်ထိ လိုက်မှာလဲ”
“ခရေပင်လမ်းခွဲအထိ ရောက်ရင် အဲဒီ အထိ လိုက်ပါ့မယ်”
“ဪ- ရောက်ပါတယ်၊ ကျွန်တော်တို့က တောင်ဥက္ကလာထိ သွားမှာလေ၊ ဆရာမ ဘယ်ကို ပြန်ရမှာလဲ”
“ကျွန်မ မြောက်ဥက္ကုလာမှာ နေပါတယ်ရှင့်။ ခရေပင်လမ်းခွဲကနေ ကားစောင့်စီးရင် လွယ်သွားပါပြီ”
“ဒီနေ့က ဗုဒ္ဓဟူး ဆိုတော့ ဆရာမ နေ့တိုင်း သွားပြန် လုပ်တာလား”
“ဟုတ်ကဲ့၊ နေ့တိုင်းပါရှင့်”
“ရွာမှာနေလို့ မရဘူးလား”
“မဖြစ်မနေ ဆိုရင်တော့ ရပါတယ်၊ ဒါပေမယ့် ရွာမှာ မီးလဲ မရှိဘူး၊ တစ်ယောက်တည်း ဆိုတော့ နေ့တိုင်းပဲ အသွားအပြန် လုပ်ဖြစ်တာပါ”
“အေးဗျာ၊ ကျွန်တော် နေပြည်တော်ကို အမြဲသွားနေတော့ ဟိုမှာ အလုပ်ပြီးအောင် လုပ်ပြီး အေးအေးဆေးဆေးမှ ပြန်ဖြစ်တာ။ ဒီနားကို ရောက်ရင် အမြဲ မိုးချုပ်ပြီ။ တစ်ခါမှ ဆရာမတို့ကို မမြင်မိဘူး။ ဟောဟိုမှာ တစ်ဖွဲ့၊ ဦးအောင် ... နောက်က ပစ္စည်းတွေ ဟိုးနောက်ခန်းထဲ ပို့လိုက်ဗျာ၊ ရပ်စောင့်ရအောင်”
ကားပိုင်ရှင် လူရွယ်က ကားရပ်ခိုင်းပြီး မြလေးဘေးမှာ နေရာ ယူထားသော စာရွက်စာတမ်းထုပ်၊ လက်ဆောင်ထုပ်တွေကို နောက်သို့ ရွှေ့ခိုင်းသည်။ ပိန်ပိန်ပါးပါး မြလေးတို့ (၄) ယောက် သူ့ကားကြီးပေါ် တိုးတိုးဝှေ့ဝှေ့ ထိုင်ပြီး အတွေ့အကြုံတွေ ဖလှယ် ဖြစ်ကြပါသည်။
မှော်ဘီသို့ ပြန်ရမည့်သူ၊ တိုက်ကြီး ပြန်မည့်သူ၊ ကားကြုံ တားစီးရသည့် ဘဝတူတွေ။ ကားပိုင်ရှင်ကတော့ မြလေးတို့ ပြောတာကိုပဲ နားထောင် နေလေသလား၊ သူ့ဘာသာ တွေးနေသလား ငြိမ်သက်တိတ်ဆိတ် နေပါသည်။
ထောက်ကြန့်မှာ နောက်တက်လာသည့် ဆရာမ (၃) ယောက် ဆင်းသွားတော့ မြလေး တစ်ယောက်တည်း ကားနောက်ခန်းမှာ ကျန်ရစ်သည်။ ထောက်ကြန့် အထိပဲ ရောက်သည့်ကား ဆိုလျှင် ထောက်ကြန့်မှ ခရေပင်လမ်းခွဲထိ တစ်ခါ၊ ခရေပင်လမ်းခွဲမှ မြောက်ဥက္ကလာ ကားသုံးဆင့် ပြောင်းစီးရသည်။ သို့သော်လည်း လမ်းကောင်းကောင်း၊ ကားကောင်းကောင်းတွေ ဆိုတော့ ပင်ပန်းမှန်း မသိသာ။
“ဆရာမ ရိုင်းတယ်လို့ မထင်နဲ့နော်၊ လခ ဘယ်လောက် ရလဲ”
“၄၇၀၀၀ ပါရှင့်”
“ဗျာ ၄၇၀၀၀၊ ဆရာမ နေ့တိုင်း သွားနေတော့ ကားခနဲ့ ကုန်မှာပေါ့”
“ဟုတ်ကဲ့၊ မြောက်ဥက္ကလာနဲ့ ခရေပင်လမ်းခွဲ ကတော့ နေ့တိုင်း ကုန်တယ်ရှင့်၊ ဒီဘက်ပိုင်း ကတော့ တစ်ခါတလေ အခုလို ကားကြုံနဲ့၊ တစ်ခါတလေ လိုင်းကားနဲ့ပေါ့။ တချို့ လိုင်းကားတွေက ဆရာမတွေကို ပိုက်ဆံ မယူကြဘူးရှင့်”
ရုတ်တရက် လှည့်ကြည့်လာသော မျက်နက်စူးစူးတို့က ဘာပြောချင်သည် မသိ။ တစ်ခုခု ပြောလိုဟန် စူးစူး ခပ်စိုက်စိုက် ကြည့်ပြီးခါမှ လက်ခနဲ တစ်ချက်ပြုံးပြရင်း ကားရှေ့ဘက်ဆီ ပြန်လှည့် သွားတော့သည်။ ရုတ်တရက် ဒိန်းခနဲ ဖြစ်သွားသော ရင်က ကားကြုံစီးခဲ့သည့် သက်တမ်း အတွေ့အကြုံ အောက်မှာ ခေါင်းတစ်ချက် မော့ခါ လိုက်ရုံနှင့် ငြိမ်သက် သွားတော့သည်။
* * *
အချစ်
အဲဒီနေ့ နောက်ပိုင်း (၃) ရက်ခြား တစ်ခါလောက် ကားကြုံလေတော့ မြလေး၏ အတွေ့အကြုံ၊ ထိန်းကွပ်သော ရင်အစုံကာ နည်းနည်းတော့ လှုပ်ခတ်စ ပြုလာခဲ့ပြီ။ တကယ်ပဲ ကားကြုံ လေသည်လား။ ကားပေါ်မှာ ဟိုဟိုဒီဒီ ထွေရာလေးပါး ပြောရင်း သူ့နာမည် ဟိန်းထက် ဆိုတာ၊ အင်ဂျင်နီယာ ဆိုတာ၊ နေပြည်တော်မှာ အလုပ်ရှိလို့ ခဏခဏ သွားရတာ ၊ တောင်ဥက္ကလာမှာ နေတာတွေကို တစ်စချင်း၊ တစ်ရစ်ချင်း၊ တစ်ဆင့်ချင်း သိလာပြီး ရင်းနှီးခင်မင်မှုက ပိုတိုးလာခဲ့လေပြီ။
ရုပ်ရှင်တွေထဲကလို “ကျွန်တော့်ကို မြလေးလို့ ခေါ်ခွင့်ပြုပါနော်၊ ဆရာမ ဆိုတာ ကျွန်တော်တို့အတွက် သူစိမ်းဆန်လွန်း ပါတယ်” ဆိုသော ခပ်နုနု အပြောမျိုးကို အိုက်တင်ပါပါ မပြောခဲ့ဘဲ “မြလေး” ဟု စီးစီးပိုင်ပိုင် ခေါ်လေလျှင် မြလေးက မျက်လွှာမော့ပင့် ကြည့်ပြီးသား ဖြစ်ခဲ့ပြီ။
သူ မလာတတ်သော ရက်များမှာ သူ လာလေလိမ့်နိုးနှင့် ဘယ်ကားကိုမှ လက်မတားဘဲ တောဆီးဖြူပင်ရိပ် မလုံမခြုံမှာ ကျိတ်ပုန်း စောင့်တတ်ခဲ့ပြီ။ ညှို့ငင်သော သူ့အကြည့် အောက်မှာ မြလေး၏ ပျောင်းနွဲ့သော နှလုံးသားတို့ တုန်လှုပ်စ ပြုလေပြီ။
သူ့ကားဖြူကြီး ပေါ်မှာ ငြိမ်းချမ်း သိမ်မွေ့စွာ စီးနင်း လိုက်ပါရင်း ကော့မှူး ကျေးလက်မှ ခရီးသည် ဘဝကို သတိရနေမိတော့သည်။ ကားလောက အခေါ် “လှိုင်းပျောက်” မောင်းသည်ဆိုသော ဒလ-ဖျာပုံ ဗင်ကား နောက်ပိတ်ထဲမှာ ခလောက်ဆန်ရင်း ကားအမိုးနှင့် နဖူးထိကာ အညိုအမည်း စွဲသည့် အကြိမ်ပေါင်း မရေနိုင်။ ထွေလာဂျီစက်သံ တဒုန်းဒုန်း အောက်မှာ နား ဒုက္ခ၊ ကိုယ်ကာယ ဒုက္ခ မျိုးစုံခံကာ ၂ နှစ်ကျော် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရ၊ ခရီးကြုံ လိုက်ခဲ့ရသော ရက်စွဲတို့က မြလေးကို မေးခွန်းတစ်ခု မေးနေခဲ့သလိုပါပင်။
တောဆီးဖြူပင်စည် ဖြူဖြူကို လက်သည်းနှင့် ထိုးဆွ စာလုံးဖော်ရင်း “ဟိန်းထက်”၏ အတိုကောက် HH ကို ထပ်ကာတလဲလဲ ရေးခြစ်ရင်း သူ့မျက်ဝန်းတို့ကို မြင်ယောင်လာမိသည်။
မြလေး သူ့ကို တွယ်တာမိပြီလား ... ဟုတ်တယ်ဟု ဆိုခဲ့လျှင် သူ့မျက်ဝန်း၊ သူ့အကြည့်နှင့် သူ့ကရုဏာ ကိုလား။ မြလေးကို ခေါ်ဆောင် သွားတတ်သည့် သူ့ကားကြီး ကိုလား။ ကော့မှူး အတိတ်က အသက်ဝင် နိုးထပြီး မေးခွန်း မေးလိုက်သလို မြလေးကို တုန်လှုပ်သွားစေ တော့သည်။ အရိပ်ခိုဆဲ ဆီးဖြူပင်ရိပ်မှ ရုတ်တရက်ထကာ လမ်းမပေါ် ဖြတ်သွားသည့် ကားကို ကမန်းကတန်း လက်တားမိ ပြန်သည်။ ရပ်ပေးသော ကားပေါ် ခြေတစ်လှမ်း တင်ရင်း သူလာမည့် လမ်းဘက် နောက်ဆံတင်းစွာ ခေါင်းလှည့် မျှော်ငေးမိပြန်တော့ စိတ်ဆုံးဖြတ်ရ ခက်စွာ အသံတိတ် ငိုရှိုက်မိတော့သည်။
သည့်နောက်ပိုင်း၏ ရက်တွေမှာတော့ ကျောင်းအုပ်ကြီးကို မိုး အကြောင်းပြ ခွင့်တိုင်ကာ တစ်နာရီ စောပြန်ဖြစ်ခဲ့သည်။ ကျောင်းဆရာမ မြလေးခိုင်က ကိုယ့်ဘဝ ကိုယ့်ဇာတ်ကြောင်းကို ကိုယ်တိုင် ထိန်းသိမ်းနိုင်ရမည်။ တမင်တကာ ကြိုးစားမေ့လျော့ခြင်း များက သတိရစရာများကို သယ်ဆောင်လျက် မြလေးရင်မှာ မခွါ။ မေ့လေလေ သတိရလေလေ။
ညနေတို့ကို ကြောက်ရွံ့သော မြလေးအတွက် မိုးတစ်မနက်က ဖြုန်းခနဲ ကဆုန်ပေါက် ရောက်လာလေသည်။ ရန်ကုန်-နေပြည်တော် ဘတ်စ်ကားကြီးပေါ်မှ အဆင်း ကားဖြူကြီးကို မှီရပ် ဆေးလိပ်ဖွာနေသော သူ့ပုံက လွမ်းလွမ်းဆွတ်ဆွတ် နိုင်လွန်းလှသည်။ စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေသည့် သူ့ရှေ့မှာ မြလေးက ကျောင်းအုပ်ကြီးရှေ့ ရောက်နေသလို ဆွဲခြင်းလေးကိုင်ရင်း ဘာပြောရမှန်း မသိ။ သူ မြလေးကို လာစောင့်နေတာ သေချာနေမှတော့ သူ့ရှေ့က ဖြတ်လျှောက်လိုက်ဖို့ မြလေးနှလုံးသားက ခွင့်မပြု။
“မြလေး၊ ကိုယ် မနေ့က ဒီနေရာမှာ တစ်နာရီတိတိ စောင့်နေတာ၊ ဟိုအရင် ရက်တွေကလည်း စောင့်တယ်၊ ကိုယ် စောင့်တာ သုံးရက် ရှိပြီ။ မနေ့ကတော့ နှစ်နာရီဆယ့်ငါးလောက် ကတည်းက စောင့်တာ”
ဒါဆို မြလေးတို့ ကားထွက်ပြီးပြီးချင်း သူ ရောက်လာတာပေါ့၊ မြလေးက သူ့စကားကို နားထောင်ရင်း ဘာပြောရမှန်း မသိ။ သူက-
“ကိုယ် ညက တစ်ညလုံး အိပ်မပျော်ဘူး၊ ဒါကြောင့် အစည်းအဝေးကို ဖျက်ပြီး လာစောင့်နေတာ၊ မနက် ဂု နာရီ ကတည်းက ရောက်နေတာ၊ ကိုယ် ဘာမှ မစားရသေးဘူး။ တစ်ခုခု သွားစားရအောင်”
ကားလမ်းတစ်ဖက် တောင်စွယ်၊ တောင်ကုန်းများနှင့် တောအုပ်က ဟိုးမျက်စိတစ်ဆုံး၊ ကားလမ်း၏ ဒီဘက်မှာ လယ်ကွင်းများ။ တစ်မိုင်လောက် ဝင်ရသည့် မြလေးတို့ ရွာကိုတောင် မမြင်ရအောင် တောအုပ်ခင်တန်းများက ပိတ်ဆီး ထားပါသည်။ အခု မြလေးတို့ ရပ်နေသည့် ပတ်ဝန်းကျင် မျက်စိတစ်ဆုံး သက်ရှိဟူ၍ သူနှင့် မြလေး နှစ်ဦးတည်း။
“ဒီမှာ ဘာမှမှ မရှိတာ၊ မြလေး ထမင်းချိုင့်ပဲ ပါတယ်”
“မြလေး နေပြည်တော် ရောက်ဖူးလား”
“ဟင့်အင်း”
“အိုကေ၊ ဒါဆို မြလေး ကျောင်း ဒီတစ်ရက် ဖျက်လိုက်လေ၊ နေပြည်တော်မှာ ထမင်းသွားစား ကြမယ်”
“ဟာ- ဘယ်ဖြစ်မလဲ၊ မြလေး မလိုက်ချင်ပါဘူး”
“လာပါ မြလေးရယ်၊ အခု ၇:၃၀ ရှိပြီ၊ ကိုးနာရီဆိုရင် ၁၁၅ မိုင်မှာ လက်ဖက်ရည် သောက်လို့ ရပြီ။ နောက် ၁၁ နာရီ လောက် နေပြည်တော် ရောက်မှာပဲ၊ မြလေးကို ဘုရား လိုက်ပို့မယ်၊ ဘုရားဖူး၊ ထမင်းစားပြီး ပြန်ထွက်လာရင် ခရေပင်လမ်းခွဲကို ညနေ (၆) နာရီ နောက်အကျဆုံး ပြန်ရောက်မှာပဲ”
“ဟင့်အင်း ဟင့်အင်း၊ မြလေး မလိုက်ချင်ဘူး”
“ကိုယ် မြလေးကို ပြောစရာ ရှိတယ်၊ ကိုယ်တောင်းပန်ပါတယ် လိုက်ခဲ့ပါ။ တကယ်ပါ ဘုရားဖူးရုံ၊ ထမင်းကျွေးရုံပါ၊ ကိုယ် မြလေးကို လက်ဖျားနဲ့ မတို့ပါဘူး၊ ကိုယ် စကားတွေ အများကြီး ပြောချင်တာ။ စကားပြောရုံပါ။ အမှန်ကတော့ ကိုယ်က ကတိပေးစရာ မလိုဘူး၊ ကိုယ်က ပြန်ပြီး ကတိ တောင်းရမှာ။ ကိုယ်က တစ်လမ်းလုံး ကားမောင်းရမှာ ဆိုတော့ ဘေးမှာထိုင်တဲ့ မြလေးက ကိုယ့်ကို မဟုတ်တရုတ် ကြံရင် ဘယ်လို လုပ်မလဲ၊ ဒါပဲနော် ကိုယ့်ကို လက်ဖျားနဲ့ မထိပါဘူး ဆိုတဲ့ ကတိပေး ဟား ဟား ဟား”
စိတ်လွတ်လက်လွတ် ရယ်နေသော သူ့ကိုကြည့်ပြီး မြလေး ငိုချင်လာပါသည်။ မကွယ်မဝှက်တမ်း မြင်နေရသည့် မြလေးနှလုံးသားက ချက်ချင်း ကားပေါ် တက်ထိုင်လိုက်ချင် သော်လည်း ဝတ်ထားသည့် ယူနီဖောင်းက မြလေးကို ဟန့်တားနေသည်။ မြလေး ဘယ်လို လုပ်ရပါ့။ လမ်းဘေး တောရိုင်း ပန်းပွင့်ကလေးတွေကို ငေးမောနေသည့် မြလေးကို ကြည့်ကာ သူ အရယ် ရပ်သွားပါသည်။
“မြလေး၊ ကိုယ်၊ မြလေးကို တွေ့ချင်လို့ မနက် အစောကြီး ထလာ ရတာပါကွာ၊ ကိုယ့်အလုပ်တွေ ထားပစ်ခဲ့တာ မြလေးက ငြင်းရက်သလား”
အရပ် (၆) ပေ နီးပါး မြင့်ပြီး ရှင်းသန့် ကြံ့ခိုင်သော ယောက်ျားတစ်ဦး၏ မြတ်နိုးဖွယ် သွင်ပြင်က မြလေးကို ညှို့လေပြီ။ သူ၏ လေးနက်သော တောင်းဆိုမှုက မြလေးကို အရည်ပျော်စေပြီ။
ကားတံခါး ဖွင့်ပေးပြီး မြလေးကို စိုက်ကြည့်နေသည့် သူ့ပုံစံက တည်ကြည် ခံ့ညားလွန်းလှပြီး ဆက်လုမတတ် သန်မာ မည်းနက်သည့် မျက်ခုံးမွေးတို့က ပါးရိုးအကျနှင့် ရောယှက်ကာ စွဲမက်နိုင်လွန်း လှသည်။ သူ့ရုပ်ရည်နှင့် ကားတံခါးကိုင်ကာ မားမားမတ်မတ် ရပ်နေဟန်က ကျောင်းစိမ်းဝတ်စုံ ဝတ်ထားသည့် မြလေးခန္ဓာကိုယ်ကို သေးကျုံ့ သွားစေလေသည်။
မြလေးနှင့် သူ့ကြားက ဆက်သွယ်မှုကို မည်သို့များ ခေါင်းစဉ် တပ်ရပါမည်နည်း။ အချစ်ဆိုလျှင် စောလွန်း မနေဘူးလား။ ဖြားယောင်း သွေးဆောင်မှု ဆိုလျှင်ကော ရက်စက်လွန်းရာ ကျမလား။ မြလေး အတွေးထဲ ဝင်ရောက်လာသည့် ကော့မှူး ကျေးလက်လမ်းမှ ထွေလာဂျီသံ တဒုန်းဒုန်းကို ညွတ်နူး ပျောင်းနွဲ့သည့် အာရုံတစ်ခုက ညှို့ငင်ကာ မေ့လျော့ခြင်းကို ပေးစွမ်းလေပြီ။ “သူ့အပေါ် တွယ်ငင်စိတ်” တစ်ခုတည်းနှင့် သူ့နောက်လိုက်ဖို့ လုံလောက်နေခဲ့သည်ပင်။ တွန့်သထက် တွန့်လာသော သူ့မျက်ခုံး နှစ်ခု မထိဆက်ခင် -
“ရော့”
ခြင်းတောင်း လှမ်းပေးနေသည့် မြလေးကို ကြည့်ကာ သူ့မျက်နှာ ရုတ်ခြည်း ဝင်းလက် လာလေပြီ။ အို- မြလေးတို့ နှစ်ယောက်ဟာ တကယ်ပဲ အချစ်ဆိုသည့် စည်းဝိုင်းထဲ ရောက်သွားခဲ့ပြီလား။ သို့ဆိုလျှင်လည်း တည်တံ့ခိုင်မြဲသော အချစ်ကိုသာ ဖန်တီးလိုလှသည်။ အေးသော၊ ငြိမ့်သော ကားအတွင်း မွှေးသောရနံ့များ၊ တီးတိုးညင်သာ ထွက်ပေါ်လာသော သူ၏ လေချွန်သံများက ထွေလာဂျီသံတို့နှင့် နားအူဆဲ မြလေးကို ရင်ခုန်ညွတ်နူးစွာ ဆွဲဆောင်နေခဲ့ပါပြီ။
သူနှင့် မြလေး နှစ်ယောက်တည်း။
စိုးရိမ်စိတ်နှင့် ယှဉ်သော ပီတိစိတ်သည် ငုံ့တစ်ခါ ပေါ်တစ်လှည့် မြလေးရင်ကို ကလူကျီစယ် လေပြီ။ သို့သော်လည်း သူ့ဘေးမှာ ထိုင်လိုက်ကတည်းက မမြင်ရသော တစ်နေရာမှ ခွန်အားတို့ မြလေး ရင်တွင်းသို့ အလိုလို စီးဆင်း လာသလိုပင်။ တငြိမ့်ငြိမ့် ဖြတ်သန်းလာသော လမ်းတစ်လျှောက် ရှုခင်းများတွင် စီးမျောရင်း သူ့စကားသံတို့၌ တိမ်းမူးမျောပါကာ သူဦးဆောင်သော နှစ်ယောက် တစ်ဘဝမှာ မြလေး နစ်မြုပ်ခဲ့ပြီတည်း။
ကျောင်ချိန်မှာ ကျောင်းယူနီဖောင်းနှင့် ဘုရားပေါ် ရောက်နေရသည့် အဖြစ်ကို မလုံမလဲ ရှက်ရွံ့ရခြင်း၊ လိပ်ပြာ မသန့်ရခြင်းတို့က ပူနွေးလတ်ဆတ်သည့် သူ့အချစ်အောက်မှာ ထီမထင်ခဲ့ပြီကော။ ဘုရားဖူးခြင်းသည် လည်းကောင်း နေ့လည်စာသည် လည်းကောင်း အိပ်မက်၌ လမ်းလျှောက်သူပမာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ရာ ခဲယဉ်းပင်ပန်း နေခဲ့တော့သည်။ မြလေး ... မိုက်တတ်နေခဲ့ပြီ။
ထိုရက်မှ စသော မြလေးတို့ ချစ်ကြင်မှုများ တစ်နှစ် ပြည့်ခါနီး ခဲ့ပါပြီ။ ကျောင်းအပြန်တင်မက ကျောင်းပိတ်ရက်များတွင်ပါ မြလေးတို့ တွေ့ဖြစ်ခဲ့ကြပြီး အချစ်မှာ နစ်မြုပ်လေတော့ ငယ်နုစ အရွယ်များပမာ၊ သစ်ရွက်ကြွေတာကို ပြိုင်တူ ရယ်ဖြစ်ခဲ့သည်ပင်။
ပညာရေးကောလိပ်မှ ကျောင်းပြီးပြီးချင်း လုပ်ငန်းခွင်ထဲ ရောက်ခဲ့သည့် မြလေးဘ၀မှာ တွယ်တာ တမ်းမက်ခြင်းများ၊ ရင်ခုန်လှုပ်ရှားရခြင်း များကို သတိပင် မရခဲ့။ တင်ပါးဖုံးအောင် မည်းမည်းနက်နက်၊ ဆံပင် တစ်ထွေးကြီးနှင့် အလှကြည့်ခံ ရုပ်တုကလေးလို ဖြူနုထင်းပသည့် မြလေး အပါးမှာ၊ မြလေး အနားမှာ မြလေးနှလုံးသားနှင့် နီးစပ်သူ မရှိခဲ့လေတော့ တစ်သက်မှာ တစ်ချစ်၊ မြလေး၏ ချစ်နိုင်သမျှသော၊ တတ်စွမ်းသမျှသော အစွမ်းကုန် အချစ်တို့ မောင့်အပေါ် ပြိုဆင်း ကျနေခဲ့ပြီ။ အိုး- မောင်ဟာ မြလေး၏ ချစ်ခြင်း၊ မြလေး၏ ကမ္ဘာ ဖြစ်ခဲ့ လေပြီ။
အချစ်မှာ ယဉ်ပါးလာသော မြလေးက မောင်ရွတ်ပြသော ကဗျာစာသားတို့မှာ နစ်မြုပ်ပျော်ဝင်ရင်း ကဗျာ ရွတ်တတ်ခဲ့ပြီ။ ကဗျာ ချစ်တတ်ခဲ့ပြီ။
“မောင့်ကို စောင့်ရင်း မြလေး ဖတ်ဖို့၊ ပြီးရင် မောင့်ဘေးမှာ ထိုင်ပြီး ပြန်ရွတ်ပြ”
ကားဒရိုင်ဘာကြီး ဦးအောင်ကို ၁၁၅ မိုင်မှာ လိုင်းကားပေါ် တင်ပေးလိုက်ပြီး မောင်က မြလေးဆီ တစ်ယောက်တည်း မောင်းလာကာ အတူပြန်ဖြစ်ခဲ့ပြီ။ ထိုသို့သော အပြန်ခရီးများမှာ မြလေးက မောင့်ကို ကဗျာရွတ်ပြရင်း ဖြတ်ကျော် လာခဲ့သော လမ်းနံဘေးက ကျောင်းစိမ်းကလေးတို့ကို ယခင်အခါများကလို ခေါ်မတင်ဖြစ်တော့။ မောင်ကလည်း မမေး၊ မြလေးကလည်း မတောင်းဆိုဘဲ စိတ်တူ ကိုယ်တူ လျစ်လျူရှုဖြစ်သော ညနေခင်းများမှာ ကျောင်းစိမ်းကလေးတွေကို တိတ်တခိုး အားနာစိတ်၊ မောင်နှင့်အတူ ငြိမ်းချမ်းအေးမြလိုစိတ်တို့ဖြင့် မြလေးစိတ်တို့ မငြိမ်မသက်နိုင်မြဲ။ အိုကွယ် မြလေးတို့ဟာ အချစ်အတွက်တော့ဖြင့် ရူးမိုက်တယ်ပဲ ဆိုကြပါစေတော့။
မြလေးတို့ဟာ အချစ်မှာ ရူးမိုက်ခဲ့ပြီ။
* * *
နတ်မြင်းပျံ ရေငန်ညစ်မှာ
သို့သော်လည်း မြလေးတို့ မဟုတ်ဘဲ မြလေးသာ ရူးမိုက်မှန်း သိခဲ့ရချိန်ကဖြင့် ချစ်ခရီး တစ်နှစ် ကျော်ခဲ့ပြီ။ ရဲတင်းလွန်းသော မောင်၏ မူပျက်မှုတွေက မောင့်မိသားစုကို အသိဝင်စေခဲ့ လေသတဲ့။ မြလေးရှေ့ လာရပ်သော သွယ်လျလျ ခြေဖမိုးပိုင်ရှင်ဟာ မောင့်ဇနီး၊ လက်တွဲလာသော ကလေးက မောင့်သမီးဟု ဆိုသောနေ့က မြလေးကိုယ် မြလေး ခွင့်မလွှတ်နိုင်။
တင်းတင်းစေ့သော နှုတ်ခမ်းတို့က စကားတစ်ခွန်းမှ မဖွင့်ဟသော်ငြား သူ ထုတ်ပြသော ဓာတ်ပုံတို့က မြလေးဘဝကို မှောင်မိုက်စေခဲ့ပြီ။ ဟင့်အင်း တကယ်တော့ ဒါဟာ မြလေး၏ မိုက်မဲမှု သက်သက်။ ဘာတစ်ခုမှ မပြောရက်၊ မပြောရဲလောက်အောင် ရှက်ရွံ့ တိတ်ဆိတ်ခဲ့ရသော မြလေးတို့ တွေ့ဆုံပွဲက မြလေးစကားတစ်ခွန်းဖြင့် အဆုံးသတ်စေခဲ့နိုင်သည်။
“ဒီလိုတော့ဖြင့် မြလေးဘဝကို အဆုံးမသတ်နိုင်။ မြလေးဟာ မှားချင် မှားခဲ့မိလိမ့်မယ်။ ဒါပေမယ့် မှားမှန်းသိရင် ပြန်ပြင်ဖို့က မြလေးတာဝန် မဟုတ်လား”
မိုးကောင်းကင်သည် မြလေးပေါ်သို့ ငုံ့လျှိုးလာခဲ့ပြီ။ မောင့်စကား များစွာကို သတိတရ ဖြစ်မိစေသည်။ ၂၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ကို ဘာကြောင့်များ လူပျိုရယ်လို့ ယုံကြည်မိခဲ့လေသလဲ၊ ဘာကြောင့်များ ယုံခဲ့သလဲ၊ ဘာကြောင့်များ ချစ်ခဲ့သလဲ၊ ဘာကြောင့်များ တွယ်တာခဲ့သလဲ၊ အတွေးတို့ လုံးချာလည်ကာ ခေါင်းတစ်ခုလုံး မထူနိုင်အောင် ကိုက်ခဲလာခဲ့ပြီ။ မိုးအမှောင်၌ စတင်ခဲ့သော မြလေး၏ ချစ်ခြင်းသည် လောက အမိုက်မှောင်တွင် နိမ့်ဆင်း သိမ်ငယ်စေခဲ့ပြီ။ ဆရာမ မအိ၏ “မျက်ကွယ်” ကဗျာကလေးက နှလုံးသားနှင့် ဦးနှောက် လွန်းပျံကူးကာ အချစ်ကို ချိန်စက်နေခဲ့ပြီ။
“
ဦးနှောက်ကိုမှ
မီးတို့ခဲ့လေသလား မောင်
ကဗျာတွေရေးရေးပြီး ငြှိမ်းသတ်နေရပြီပဲ
သတ္တိရှိရှိ အသည်းကြောင်မိတာပေါ့။
အဲဒါနဲ့ ပြောင်းပြန်
နှလုံးသည်းပွတ်နံရံမှာတော့
အသားမာတက်ပြီးရင်း တက်
ရက် ... လ ... နှစ် ကူး
အချစ်ကြောင့်တော့ ရေရှည်မရူးချင်ဘူးကွယ်။”
အခုတော့ မြလေးသည် မောင့်ကိုလွမ်းသော အလွမ်းနှင့် နာကျင်ခြင်းတို့ မွှေနှောက်ကာ ကဗျာတို့၌ တစ်စထက် တစ်စ နစ်ဝင်လာခဲ့ပြီ။ မြလေးတို့ ချစ်ခြင်းတွေဟာ ကဗျာနှင့် ညွတ်နူးခဲ့ဖူးကြသလို မြလေး၏ အလွမ်းကို ကဗျာဖြင့် ဖျော်စပ်ခဲ့ရပြီ။
မီးထွန်းမထားသော အခန်းကျဉ်းဝယ်၊ မူးရီဝေဝါးသော နေ့ရက်တို့ကို ထိုင်းမှိုင်းစွာ ကျော်ဖြတ်ရပါပြီ။ ပူပန်စိတ်ဖြင့် စောင့်ကြည့်လေသော အမေ့မျက်ဝန်းတို့ကို မဖြေသိမ့်အား။ အမေ၊ မြလေးဟာ နစ်မြုပ် မခံချင်သူ ဆိုတာ အမေ သိရဲ့ မဟုတ်လား။ မြလေးကို အချိန်ခဏတော့ ပေးပါ အမေ။
ကျောင်းမတက်ခြင်းဖြင့်သာ မောင့်ထံမှ ထွက်ပြေးခွင့် ရမည်ကို သိလေတော့ ကယောင်ချောက်ချားဖြင့် “
စေလိုရာစေ” ဆိုသော စကားလုံးကို အထူးပြုသုံးစွဲလျက် ပြောင်းရွှေ့ခွင့်တင် ခဲ့ပါသည်။
သူငယ်ချင်း မပါ၊ ဇာတ်ရံ၊ ဇာတ်ပို့ မပါသော မောင်နှင့် မြလေးတို့ ဇာတ်လမ်းအတွက် မည်သူမျှ ကြားဝင်ဖို့၊ အောင်သွယ်ဖို့၊ လူလွှတ်ဖို့ မောင် မတတ်နိုင်ခဲ့။ သို့သော်လည်း အဲဒီ မောင်က အိပ်မက်ထဲထိ လိုက်လာကာ နှောင့်ယှက်ပြန်သည်။ တစ်ရေးနိုးအလန့်၌ အိပ်ပျော်ဖို့ရာ မဖြစ်နိုင်တော့ပြီ။ ချစ်ခြင်းဖြင့် နူးညံ့ခဲ့သော နှလုံးသားတို့ မျက်ရည်၏ အထိအတွေ့မှာ ခေါင်းမထူနိုင်။ ပိုးပိုးပေါက်ပေါက် ကျသော မျက်ရည်တို့ကို မသုတ်ချင်။ ကျစမ်းပါစေ။ မောင်နှင့်အတူ ပြိုင်တူရွတ်ဆို ဖူးကြသည့် “နုတ်မြင်းပျံ” ကဗျာလေးက သက်ဝင်လှုပ်ရှားလာကာ မြလေးတို့ အဖြစ်ကို ကူဖွဲ့ ငိုညည်း ပြန်သည်။ အို မြလေးတို့ဟာ အချစ်မှာ ပျော်ဝင်ရင်း အလွမ်းကို သီဖွဲ့ခဲ့လေသည်ကိုး။ ခွဲခွာခြင်း နိမိတ်ပုံများက ကဗျာတွေအဖြစ် ရင်ထဲထိ နက်ရှိုင်းခဲ့ပြီ။
“
မကယ်သာ မခံချိ
မလှန်သာ တွယ်တာမိသူမှာ
ဝဲကြမ်းလေထန် ဖိပြန်ငဲ့
လှိုင်းထိသည့် မောင့်တောင်ပံ
မပျံနိုင် ရေဒဏ်သင့်ခဲ့ပြီ
ပင့်သက်ရှူမဝ ခြေကုန်လက်ပန်းကျခဲ့ပြီ
အလဟဿအချစ်
အိမ်ပြန်မလှဖြစ်ခဲ့ပြီမို့
ဘဝအခြေမမှန် ကာရန်မသစ်ချင်ဘု
နှမသာ ရွှေမြေမှာ စံကာ ကျန်ရစ်တော့
နတ်မြင်းပျံ ရေငန်ညစ်မှာ
နစ်ခဲ့ပြီလေး ...။ ။”
ကြည်အေး
မည်သို့ဆိုစေ လွတ်လပ်သူ မဟုတ်မှန်း သိခဲ့လျှင် ဇာတ်သိမ်းခဲ့ပြီတည်း။ ကော့မှူး-လှိုင်သာယာ ကျေးလက်လမ်းပေါ်မှာ ကားကြုံလိုက်ခဲ့သည့် ခရီးတို့ မရေနိုင်ခဲ့ပြီ။ သို့နှင့်ပင် ကားကြုံလိုက်ခဲ့သော ညနေပေါင်းများစွာမှာ သိကျွမ်းရင်းနှီးခဲ့ရသည့် ဘဝတူ သူငယ်ချင်း ဆရာမများ၏ လိပ်ပြာတို့ နိုးထ ခြောက်လှန့်ကာ အပြီးတိုင် ဇာတ်သိမ်းစေခဲ့ပြီ။
“
ကားကြုံပဲ လိုက်ပါစေရစေ မောင်ရယ်၊ ဘဝကြုံတော့ မလိုက်ပါရစေနဲ့”
နစ်မြုပ်လုဆဲ ဘဝ၌ နစ်မြုပ်မခံဝံ့သူ မြလေး အတွက်တော့ဖြင့် ရေငန်မှာ နစ်ရပါစေတော့ ရွှေမြေကိုဖြင့် မလှမ်းဝံ့နိုင်ချေ။
(ဝန်ခံချက်။ ။ ခေါင်းစီး စာသားနှင့် အတွင်းကဗျာများမှာ ဆရာမကြီး ကြည်အေး၏ “နတ်မြင်းပျံ” ကဗျာနှင့် ဆရာမ မအိ၏ “မျက်ကွယ်” ကဗျာမှ ဖြစ်ပြီး နှစ်သက်စွာ ဆင့်ပွား ခံစားပါသည်။)
----------
အဖြူရောင် (ရွှေ)
ကလျာ၊ ဧပြီ၊ ၂၀၁၄။
No comments:
Post a Comment