Apr 21, 2017

အင်န်ဒေါ်ဖင်န်

" အင်န်ဒေါ်ဖင်န် "
===========

                                         #လင်္ကာရည်ကျော်

( ၁ )

နှစ်သန်းပေါင်းများစွာပင် စူးစမ်းလေ့လာသော်လည်း ကမ္ဘာလောကကြီးတွင် တကယ်တမ်းတည်ရှိနေသလား။ တကယ်မရှိဘူးလား ဘယ်သူမှ တပ်အပ်မပြောနိုင်သည့်တိုင်အောင် ယဉ်ကျေးမှုစတင်ဖြစ်ပေါ်ကတည်းက ပေါ်ထွန်းခဲ့သမျှသော အနုပညာဖန်တီးမှုအားလုံးတွင် မပါမဖြစ်ပါဝင်ခဲ့ပြီး လူတိုင်းပါးစပ်ဖျားတွင် နေ့တိုင်း မပြောပဲမနေနိုင်ရလောက်အောင် ထင်ရှားကျော်ကြားသည့်အရာသည် ဘယ်နှခုများ ရှိနိုင်ပါမည်နည်း။

အချစ်တဲ့။ ဒါပဲလေ။၂၀ - ရာစု အကုန်ပိုင်းတွင်တော့ သိပ္ပံပညာရှင်တချို့က အချစ်တွင်ဖြစ်ပေါ်သော ဓာတုပစ္စည်းပြောင်းလဲမှုတချို့ကို တွေ့ခဲ့ရ၍ အချစ်ဆိုတာ တကယ်ရှိသည်ဟု အဆိုတင်သွင်းလာကြသည်။ လူ့ကိုယ်တွင်း၌ အင်န်ဒေါ်ဖင်န်ဆိုသည့် ဟော်မုန်းတစ်မျိုး ထွက်လာသည်ဆိုပဲ။ သည်ဟော်မုန်းက ရင်ကို တည်ငြိမ်အေးမြစေသည်။ ထို့ကြောင့် ကိုယ့်ချစ်သူနားတွင် ရှိနေရလျှင် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းနိုင်သည်တဲ့လေ။

သည်ဟော်မုန်းက စွဲမက်စေသည်။ ချစ်သောသူနှင့် မပေါင်းဖက်ရလျှင် ရင်၌ ဂနာမငြိမ်ဖြစ်ကာ တုန်ယင်ချောက်ချားသည်ဆိုပဲ။ ဒါဆို အချစ်စစ်အချစ်မှန်ဆိုတာကို သိပ္ပံနည်းကျ သက်သေပြနိုင်ပြီတဲ့လား။ ၂၁ - ရာစုဦးပိုင်း သိပ္ပံပညာရှင်တို့ကတော့ အင်န်ဒေါ်ဖင်န်သည် နှစ်အနည်းငယ်လောက်ထိသာ မြင့်တက်လေ့ရှိတတ်ကြောင်း တွေ့ရှိကြပြန်သည်။ ခက်ရချည်ရဲ့။

( ၂ )

ဆရာဝန်လောင်း မကွေးဆေးတက္ကသိုလ်ကျောင်းသားလေး မောင်အောင်မျိုးက မကွေးဆေးတက္ကသိုလ်ကျောင်းသူ မပန်းမြဖြူကို ချစ်ပါသည်ဟု ပြောစဉ်ကတော့ ပန်းမြဖြူ၏သွေးထဲတွင် အင်န်ဒေါ်ဖင်န်တို့ တက်လာဟန်မတူပါ။  ဘယ်လိုမှလည်း မခံစားလိုက်ရ။ ဒါကလည်း ပန်းမြဖြူတစ်ယောက် အချစ်ဆိုတာ တကယ်ရှိသည်ဟုပင် လက်ခံရခက်ခဲနေသေး၍ ဖြစ်နိုင်ပါသည်။

ကိုးရီးယားဇာတ်လမ်းတွဲတွေထဲမှာ ရင်နင့်အောင်ချစ်ပြကြတာ ခံစားပြကြတာ ကြည့်ရင်း ပန်း ခဏခဏ မျက်ရည်လည်ဖူးသည်။ အပြင်မှာတော့ တစ်ခါမှ ရင်ခုန်ခံစားကြည့်လို့မရ။ မရတာက သည်အကောင် အောင်မျိုးအပြစ်လည်း ပါသည်။

အသက် ၁၆ -  နှစ်မှ ၂၁ -  နှစ်ထိအောင် မကွေးဆေးတက္ကသိုလ် ၊ မကွေးပြည်သူ့ဆေးရုံကြီး ၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီး ၊ သည်အရပ်သုံးခုကြားမှာ ဆက်သွယ်သွားလာနေတဲ့ တီအီးရိန်းဂျားကားကြီးများအထဲ ဤနေရာများတွင်သာ တဝဲလည်လည် ကျင်လည်နေခဲ့ရသောဘဝ။ ဘေးလှည်ကြည့်လို့မှ ရင်ခုန်လောက်စရာ ယောက်ျားလေးရွယ်တူတန်းတူဟူ၍ အောင်မျိုးနှင့် သင်းလိုပုံစံမျိုး သုံးလေးယောက်သာ ရှိလေသည်။

သည်ကောင်တွေပုံစံကလည်း ကိုးရီးယားမင်းသားလေးတွေလို ရင်ခုန်လောက်စရာ တစက်မှမရှိ။ ငါးနှစ်လုံးလုံး အညာနွေပူခြစ်ခြစ်အောက်မှာ ဆိုင်ကယ်တဗျင်းဗျင်းနှင့် ထွက်နေကြသဖြင့် နေလောင်ထားသောအသား ၊ နီခြောက်ခြောက်ဆံပင် ၊ ထုံးဓာတ်များသောရေနှင့် ပြီးလွယ်စီးလွယ်လျှော်ဖွပ်ပြီး ထပ်တလဲလဲပြန်ဝတ်ထားတတ်သေးသည့် အရောင်လွင့်ပြယ်ကာ မဆွေးတဆွေးဖြစ်နေသော အဝတ်အစား ၊  ဖိုးရိုးဖားရားဘောင်းဘီပေါ်မှာ သည်နွမ်းဖတ်ဖတ်အင်္ကျီကို ခါးအပြင်ထုတ်ချ ဝတ်ပြီးမှ မြန်မာလွယ်အိတ်စစ်စစ်တစ်လုံးကို စလွယ်သိုင်းထားလိုက်သေးတော့  ကြည့်ရတာ မည်သို့မျှကဗျာမဆန်။ ဆရာဝန်လောင်းဆေးကျောင်းသားတစ်ဦးထက် အဝေးပြေးကားယာဉ်နောက်လိုက်တစ်ဦးနှင့်သာ တူနေသေးတော့သည်။

" အောင်မျိုး .... နင့်ပုံစံ ဆရာပြောတာ နှစ်ခါရှိပြီနော်။ နင် အတန်းလည်း မှန်မှန်တက် ၊ စာလည်း ကြိုးစားရက်သားနဲ့ နင့်ပုံစံကြောင့် အပြောခံနေရတာ။ ဆရာပြောသလို သပ်သပ်ရပ်ရပ်ဝတ်လိုက်တော့ ဘာဖြစ်သွားမှာမို့လဲ ..... "

" ဆရာက ဆူသာဆူတာ ....  ငါ့ကို ချစ်ပါတယ်ဟ... "

"  အေးလေ .... နင်က မေးရဲ ပြောရဲတော့ ဆရာကလည်း ဒါမျိုးကြိုက်တာကိုး။ ဒါပေမဲ့ ...  နင့်ပုံစံက ဆရာဝန်ဖြစ်မယ့်လူနဲ့ မတူဘူး။ မင်းဘူးကို ... မင်းဘူးကို .... ဆိုပြီး ပြည်တော်သာလမ်းတစ်လျှောက် အော်ပြီးမောင်းနေတဲ့ တုတ်တုတ်သုံးဘီးဆိုင်ကယ်ဆရာနဲ့ တူတယ်လို့တောင် တစ်နေ့က ပြောတယ်မဟုတ်လား ..... "

အောင်မျိုးက ဟက်ဟက်ပက်ပက် ရယ်သည်။

" နင်က ဆရာမှားနေတာမှ မသိပဲ ......."

" နင့်တော့ မိုးကြိုးပစ်တော့မယ် .... "

" တကယ်ပြောတာဟ ....ဆရာပြောတဲ့ သပ်သပ်ရပ်ရပ်ဆိုတဲ့ပုံစံက ဆရာဝန်ဆေးကျောင်းသားအများစုက ဝတ်နေရင် အဲဒါဆရာဝန်ပုံပဲဆိုပြီး...  ဆရာဝန်ဖြစ်ချင်တဲ့လူတွေက လိုက်တုပြီး ဝတ်ရမယ်... ဒီလိုလား။ ဒါပေမဲ့ ဒီမှာက ဆေးကျောင်းသားအများစုက ငါ့လိုဝတ်နေကြတာပဲမဟုတ်လား ... ဒီတော့ ဒီဒေသရဲ့ဆရာဝန်ပုံက ငါ့ပုံပဲ။ ဆရာကသာ ငါတို့ကိုတုပြီး ငါ့လို လိုက်ဝတ်သင့်တာ ....  "

" ဘာပြောတယ်ကွ အောင်မျိုး ..."

ဆေးရုံစင်္ကြန်တွင်ရပ်၍ မဆင်မခြင်ပြက်လုံးထုတ်နေသော အောင်မျိုးတစ်ယောက် ချစ်ကြောက်ရိုသေရသောဆရာ နောက်ကျောဘက်မှ ရုတ်တရက်ပေါ်လာသဖြင့် ဇက်ကလေးပုပြီး လက်အုပ်ချီ၍

" ကန်တော့ ... ဆရာ ...  ကန်တော့ပါတယ် ... သားက ရယ်စရာပြောတာပါ .." ဟု တောင်းပန်လေသည်။

" နေပါဦး .... ငါ့ပုံစံ မင်းတို့က လိုက်မဝတ်နိုင်ဘူး ..... မင်းတို့ပုံစံ ငါက လိုက်ဝတ်ရမယ်ဆိုတော့ မင်းတို့က ငါ့လိုမျိုးဖြစ်ချင်ပြီး အားကျရမလား .... ငါက မင်းလိုဖြစ်ချင်လာပြီး အားကျရမှာလား ....  ရှင်းစမ်း ..... အောင်မျိုး ....."

" သားတို့က အားကျရမှာပါဆရာ ...  ဟီး ဟီး ... "

ဘာပဲဖြစ်ဖြစ် ထိုနေ့မှစ၍ အောင်မျိုးတစ်ယောက် အင်္ကျီကို ဘောင်းဘီထဲထည့်၍ သပ်သပ်ရပ်ရပ်ဝတ်ပြီး ဆိုင်ကယ်ပေါ်မှ ဆင်းသည်နှင့် လွယ်အိတ်ကို ပုခုံးတစ်ဖက်တည်းသို့ ပြောင်း၍လွယ်လေသည်။

( ၃ )

ချစ်ခွင့်ပန်ခဲ့ပုံကလည်း ရင်ခုန်ချင်စရာ တစ်စက်မှမရှိ။ ထိုနေ့က ပန်းတို့ နောက်ဆုံးနှစ်အမ်ဘီဘီအက်စ် စာမေးပွဲဖြေသည့် နောက်ဆုံးနေ့ပြီးနောက်တစ်နေ့ အောင်စာရင်းက မြို့ပြင်ကိုးမိုင်အကွာတွင်ရှိသော မကွေးဆေးတက္ကသိုလ်တွင် ကပ်မည်။ ကျောင်းသူကျောင်သားအများစုက မကွေးမြို့တွင်းရပ်ကွက်များတွင် ပြင်ပဆောင်အသီးသီး၌ ဖြန့်ကျက်၍နေကြသည်။ အောင်စာရင်းလာကြည့်ကြမည့် ကျောင်းသားကျောင်းသူများကို ပြည်တော်သာလမ်းတစ်လျှောက်ရှိ စုရပ်များတွင် တီးအီးရိန်းဂျားကားကြီးများဖြင့် အကြိုအပို့ကို ကျောင်းမှ စီစဉ်ပေးသည်။

" ပန်း ....  နင်ကတော့ အောင်မှာပါ။ ငါလည်း အောင်မယ်ထင်တာပဲ .... အောင်စာရင်းကြည့်ပြီးရင် မပြန်နဲ့ဦး ... သိလား။ အဝင်လှေကားမှာ ငါ့ကို ခဏစောင့် ... "

" ဘာလုပ်ဖို့လဲ ... "

"  ငါ ပြောစရာရှိလို့ ... "

သည်အထိ သူ့အကြံကို ပန်း မရိပ်မိသေး။ ထင်သည့်အတိုင်း နှစ်ယောက်လုံး စာမေးပွဲအောင်ကြပြီး အပျော်လေးများနှင့် ဆုံမိကြသည်။

" ဟဲ့ ...  နင်ပြောစရာရှိလို့ဆို .."

"  အေး ... "

ခဏတော့ အူကြောင်ကြောင်လုပ်နေသေးသည်။ ပြီးမှ

" ပန်း ... နင် ဟောက်စ်ဆာဂျင်ကို မော်လမြိုင်မှာ မဆင်းပဲ ဘာလို့ မကွေးမှာ လာဆင်းသလဲ ... "

" ဟဲ့ ... ငါပြောပြီးပြီလေ....ဒီမှာ သူငယ်ချင်းတွေနဲ့လည်း ဆုံချင်သေးတယ်။ ပြီးတော့ ဒီမှာက ဆရာတွေလည်း ပိုများတော့ ပိုကောင်းမယ်ထင်လို့ ... "

" မသိပါဘူး ... ငါ့များ လွမ်းလို့လားလို့ .... "

ပန်းက လက်ထဲက လွယ်အိတ်နှင့် ကောက်ရိုက်ရင်း " လွမ်းစရာလား ... နင့်ကို " ဟု ရန်ထောင်သည်။

သူကတော့ ရယ်ကျဲကျဲနှင့် " ဟုတ်တယ်ဟ ...  ငါကတော့ နင့်ကိုလွမ်းလို့ ဒီမှာဆင်းတာ ... "  ဟု ဆိုပြန်သည်။

" အပိုတွေ လာကြောင်မနေနဲ့။ နင့်မြို့က သေးသေးလေး။ တောကြိုတောင်ကြား ဟောက်စ်ဆာဂျင် ဆင်းလို့ရတဲ့ ဆေးရုံမျိုး မရှိပဲနဲ့များ .... "

အောင်မျိုးက ပန်း လှမ်းရိုက်နေသော လွယ်အိတ်ကို ဖွဖွလှမ်းဆွဲရင်းက ရုတ်တရက် မျက်နှာတည်သွားသည်။

" ငါက ရယ်စရာမပြောပဲ မနေတတ်လို့ စတာပါဟာ ...  ဒါပေမဲ့ ငါတကယ်ပြောတာဟ ...  ငါ နင့်ကိုချစ်နေတာ ကြာလှပြီ။ ကျောင်းပြီးမှပဲ ဖွင့်ပြောမယ်လို့ အောင့်ထားတာ "

" အောင်မျိုးနော်..... "

" အတည်ပါဟ ... နင် ငါပြောတာ ယုံယုံကြည်ကြည်နဲ့လက်ခံပြီး နည်းနည်း စဉ်းစားပေးစမ်းပါ။ နင် အခု ငါ့ကို ဘယ်လိုမှ မခံစားရလည်းနေ ... ငါ ဘယ်လောက်စောင့်ရစောင့်ရ ငါချစ်နေတယ်ဆိုတာလေး နင်သိထားရင် တော်ပြီ။ ဒီလိုပဲ ငါစောင့်နေမယ် ... "

ရုတ်တရက်တော့ ပန်း ခပ်အမ်းအမ်းဖြစ်သွားသည်။ ပြီးမှ " စောင့် ... စောင့် ..  နင်သေတဲ့အထိ စောင့် ... ငါယောက်ျားရတဲ့အထိ စောင့် ... "  ဟု ခြေဆောင့်ရင်း ပြော၍ လှည့်ထွက်ခဲ့သည်။

" ပန်း ... မော်လမြိုင်ရောက်ရင် ငါ့အကြောင်း တွေးနေနော် .. " ဟူသော နောက်ရွှတ်ရွှတ်အသံက  သဲ့သဲ့ ကပ်ပါလာသေးသည်။ ဘယ်နားမှာများ ရင်ခုန်စရာ ပါလိုက်ပါလိမ့်နော်။

( ၄ )

မော်လမြိုင်မှာ တစ်လ ထပ်နားရတော့ စိတ်ရှုပ်စရာထပ်တွေ့ရသည်။

" သမီးကျောင်ပြီးတာနဲ့ နားလာဖောက်ချင်တယ်တဲ့သမီးရယ် ... "

" မေမေကလဲ အဲဒီလူကို သမီး မြင်ဖူးရုံလောက်သိတာ.....ဘယ်လိုလုပ်ပြီး  ယူသင့် မယူသင့် ဆုံးဖြတ်တဲ့အဆင့် ရောက်သွားရတာတဲ့လဲ ....  "

နှုတ်ခမ်းလေးစူရင်း ငြင်းနေသော သမီးဖြစ်သူကိုကြည့်၍ အမေက ခေါင်းခါသည်။

" သမီးလေးက စာတော်လွန်းလို့ရယ် ၊ ဝါသနာပါတဲ့ပညာလေး ယူနိုင်အောင်လို့ရယ်ဆိုပြီး မေမေတို့က အဝေးကြီးမှာ ကျောင်းသွားပေးတက်ထားတာ.... သမီးအတွက် စိတ်အေးရတယ်များ ထင်နေသလား ... အခုဟာက သမီးဘဝရှေ့ရေးအတွက်... ကောင်လေးက သာမာန်ဘွဲ့ရပေမယ့် စီးပွါးရေးမှာ သိပ်အောင်မြင်တာ။ မျိုးရိုးကလည်း ကောင်း။ နာမည်ပျက်လည်း မရှိဘူး။ သမီးတို့ဆရာဝန်ဆိုတာ ဒီဘက်ခေတ်မှာ အတော်ရုန်းကန်နေရပြီဆို .... အရင်ကလောက် ရပ်တည်နိုင်ဖို့ လွယ်တော့လို့လား။ ကောင်လေးဘက်က သူတို့ဆွေမျိုးထဲမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူး။ ချွေးမဆရာဝန်တစ်ယောက်လောက် လိုချင်နေကြတာ .... "

" မေမေ့ဟာက ဈေးရောင်းဈေးဝယ်တွက်နေတာ ကျနေတာပဲ ..."

" ဟဲ့ ...  ဈေးတွက် မတွက်ပဲ ချစ်တာကြိုက်တာ တွက်ရအောင် သမီးပဲ သမီးမှာ ချစ်သူမရှိဘူးဆို .....  "

မရည်ရွယ်ပါပဲနှင့် စိတ်ထဲက အောင်မျိုးကို သတိရသွားသည်။

" အောင်မျိုးရေ ......  ဒီမှာ ငါတို့ဆရာဝန်တွေကို တင့်တင့်တယ်တယ်မနေနိုင်ဘူးတဲ့ ..... လုပ်ပါဦးဟယ် ....... "

ငြင်းရင်းခုန်ရင်း နောက်ဆုံး၌ အလုပ်သင်ဆရာဝန် တစ်နှစ်မပြီးမချင်း စဉ်းစားခွင့်ကို ရလိုက်လေသည်။ အောင်မြင်သည့်စီးပွါးရေးသမားပေါက်စကတော့ အိမ်ကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်လည်ပတ်ခွင့် ရသွားသည့်အပြင်  "မကွေးလည်း လာလည်မယ်နော် " ဟုပင် စကားဦး သန်းသွားသေးသည်။

" တော်ပါသေးရဲ့  ..... ဖေဖေကတော့ ငါ့သမီးကြိုက်တာ ဆုံးဖြတ်ပါစေ " ဟု ပြောဖော်ရသေးသည်။

( ၅ )

" ဟဲ့  ....  ပန်း ... နင်က ဒီမှာထိုင်ပြီး လာငေါင်နေ .... ဟိုမှာ အောင်မျိုး ပြာနေပြီ ... "

သူငယ်ချင်းမလေးတစ်ဦးက အလုပ်သင်ဆရာဝန်များနားနေခန်းအတွင်း ဝင်လာပြီး နံရံတွင်ကပ်ထားသော အထူးကုဆရာဝန်ကြီးများ၏ လက်ကိုင်ဖုန်းနံပါတ်များကို အပြေးအလွှားကြည့်ရင်းက ဆိုသည်။

" ဘာလဲ .... ဘာဖြစ်လို့လဲ .. "

" လူကြီးတစ်ယောက် ရင်ဘတ်မှာ အနာဖုကြီး နီရဲပြီး အကြီးကြီးပဲ .....  အခုပဲ ဆေးရုံတက်လာတာ .....  "

" အဲဒါများဟယ် ....  "

" ဘာ အဲဒါများလဲ .... အဲ့လူကြီး တအားမောနေပြီ .... နှုတ်ခမ်းတွေလဲ ပြာလာပြီ။ ပြီးတော့ ငါတစ်ခါမှ မမြင်ဖူးဘူး။ အဲဒီအဖုကြီးက သူအသက်ရှူလိုက်တာနဲ့ ဖောင်းလိုက် ပိန်လိုက်နဲ့  ပေါက်ထွက်တော့မလိုပဲ .... "

ပန်း မျက်လုံးပြူးသွားသည်။

" ဟဲ့  ....  ကော်လာစတပ်အက်ပ်ဆက်ပေါ့။ အဆုတ်ထဲကပြည်တွေ ချက်ချင်းဖောက်ထုတ်ရမှာ .... "

" ငါလည်း တစ်ခါမှ လုပ်တာ မမြင်ဖူးဘူး ... "

" ဘယ်သူမြင်ဖူးမှာလဲ ..  အခုမှ စဆင်းကြတာကို ... "

" အောင်မျိုးက လူနာကို အောက်ဆီဂျင်ပေးရင်း အကြောဆေးထိုးနေတယ်။ ငါက ခွဲစိတ်ဆရာဝန်ကြီးဆီ ဖုန်းဆက်မယ်။ နင်က အရေးပေါ်ကို ပြေး .... အရေးပေါ်က လက်ထောက်ဆရာဝန်မမကို သွားခေါ်လာခဲ့ ....  "

" အေး ... အေး .. " ဟု ဆိုကာ မှောင်ပိန်းပိန်း ဆေးရုံစင်္ကြန်တစ်လျှောက် အပြေးတစ်ပိုင်း ထွက်လာခဲ့သည်။ ဆိုင်ကယ်စီးဦးထုပ်ကိုယ်စီဆောင်း၍ စွပ်ကျယ်ဝတ်ထားသော ချွေးသံတရွှဲရွှဲနှင့် လူနှစ်ဦးက ရှေ့မှာ လှုပ်စိစိသွားနေသဖြင့် " လမ်းဖယ်ပေးပါ " ဟု အော်ခဲ့ရသေးသည်။ လမ်းတော့ဖယ်မပေးပဲ စောင်းကန်းစောင်းကန်းကြည့်နေသဖြင့် ကိုယ်ဖာသာပဲ ကွေ့ပတ်ရှောင်ကွင်းသွားရသည်။

( ၆ )

အသက်ကိုပြင်းပြင်းရှူရင်း ချွေးစေးများပြန်နေသော အောင်မျိုးကို လူနာကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ရင်းက လူနာ၏ရင်ဘတ်ကို ပတ်တီးစများဖြင့်အုပ်ကာ လက်ဖြင့်ထောက်ထားသည်ကို တွေ့ရသည်။ လူနာက ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှူနေဆဲ။ နှုတ်ခမ်းကတော့ နဂိုအရောင်ကပဲ မည်းသလား .... ဝေဒနာအရှိန်ကြောင့် ပြာနေသလား ပန်း မခွဲတတ်။ စင်္ကြန်တွင် လူနာရှင်ဖြစ်ဟန်တူသော လူအုပ်ကြီးကို တွေ့ရသည်။ အောင်မျိုးမောင်းထုတ်ထားတာ ဖြစ်မည်။ လူနာအရေးကြီးနေချိန် ဝိုင်းအုံနေလျှင် အောင်မျိုး အလွန်စိတ်တိုတတ်သည်။

" အောင်မျိုး ... ဘာဖြစ်တာလဲ ..... "

" ပေါက်ထွက်သွားပြီ။ ပြည်တွေနဲ့ လေတွေ ရောထွက်လာတာ ...... တဗွက်ဗွက်နဲ့ ...  ငါလည်း ကြောက်လို့ ဖိကိုင်ထားတာ ... မရဘူး ... ထွက်နေတာပဲ ... အီးအမ်အိုမမရော ..... "

" မပါဘူး ... ဟိုမှာ ဓါးထိုးမှုရောက်နေတယ်။ ရဲတွေရော အရက်မူးသမားတွေပါ ရှုပ်ရှက်ခတ်နေတာပဲ ...  ခွဲစိတ်ဆရာဝန်ကြီးပဲ တန်းခေါ်လိုက်ပါတဲ့ "

" ဒုက္ခပဲ .... ဟိုကောင်တွေ ဖုန်းခေါ်မရလို့ လိုက်သွားတော့ ဆရာကြီးက ခွဲခန်းထဲမှာတဲ့ .....  ထွက်ထွက်ချင်းတော့ ... လာခဲ့မယ်တဲ့  ..... ပိုက်ထည့်ဖို့ ပြင်ထားပါလို့ မှာလိုက်တာ ... "

"  ပိုက်က ပြင်ပြီးသားလား ... "

အောင်မျိုး မေးငေါ့ပြတော့မှ ပုလင်းတစ်လုံး ၊ ပိုက်တန်းလန်းကိုင်၍ ရပ်စောင့်နေသော သူနာပြုဆရာမလေးကို တွေ့ရသည်။

" ငါ ဘာလုပ်ပေးရမလဲ ... "

" ငါလည်း မသိဘူး ... ငါက ဒီမှာအပေါက်ကြီး ဟောင်းလောင်းပွင့်သွားတာမြင်ရတော့ အပြင်ကလေတွေ အဆုတ်ထဲဘက်ပြန်ဝင်သွားပြီး ဖိမိမှာစိုးလို့ ပိတ်ကိုင်ထားတာ ..... နင် ဝင်ကိုင်မနေနဲ့။ ဒီပြည်တွေမှာ ....... "

အောင်မျိုး ဆက်မပြောသေးပဲ တစ်ချက် ဆိုင်းလိုက်သည်။ ပြည်တွေထဲမှာ ဘက်တီးရီးယားပိုးမျိုးစုံ ၊ တီဘီပိုးတွေပါ စုံနေလိမ့်မည်။ ဒါကြောင့်  ဝင်မကိုင်စေချင်မှန်း ပန်း သိသည်။

" ရတယ် .. ပန်း .... ပြီးမှ ငါတစ်ယောက်တည်း လက်သေချာဆေးလိုက်မယ် .... နင် ခွဲခန်းဆီ တစ်ခေါက်ထပ်သွားကြည့် ..... ဟိုကောင်တွေက တခြားလူနာတွေကို သွေးပေါင်လိုက်ချိန်နေတယ် ... "

" အေး ... အေး .. " ဟု ဆိုကာ ပန်း ခွဲခန်းဘက် ပြေးသည်။

" နင် ပြန်လာပြောပြဦးနော် .... ဟိုမှာ သွားစောင့်မနေနဲ့ .... "

အောင်မျိုး လှမ်းအော်မှာသည်။

( ၇ )

ခွဲစိတ်ဆရာဝန်ကြီးက ပြုံးပြုံးကြီး ခေါင်းကို ဖြည်းညင်းစွာခါသည်။ ငြင်းသည့်သဘောမဟုတ်။ အံသြနေသည့်အသွင်ပါ။

" အောင်မျိုးရာ ... တော်တယ်ကွာ ...  မင်းလက်သံပြောင်တာတော့ ငါ တကယ်သဘောကျတယ်ဟေ့ ... "

ချွေးတစက်စက်ကျရင်း မောနေသော အောင်မျိုးသည် လူနာကုတင်ဘေး ကြမ်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်းက ပြည်များတဖြည်းဖြည်းပြည့်တက်လာသော ပုလင်းကို စိုက်ကြည့်နေလေသည်။

" သားလည်း တစ်ခါမှမမြင်ဖူးတော့ မထည့်ရဲဘူးဆရာရဲ့။ နောက် .. ဆရာကလည်း မလာသေး ... လူနာကလည်း ပြာပြာလာတော့ စဉ်းစားကြည့်တယ် ... ပိုက်ထည့်တယ်ဆိုတာ ဆရာက ခွဲထည့်မှာ ...  ခွဲတယ်ဆိုမှတော့ အပေါက်ဖောက်တာပေါ့ ...
ဒီလူနာက အစကတည်းက ရင်ဘတ်မှာ အပေါက်ကြီး ပါလာတာပဲဆိုပြီး သူ့အခြေအနေကလည်း မဟန်တော့ အပေါက်ထဲ ပိုက်ထိုးထည့်လိုက်တာ ပြည်တွေလည်း အများကြီးထွက်ကျလာပါရော ...... ပျော်လိုက်တာဆရာရယ်..... အခု လူနာက ပြာတောင် မပြာတော့ဘူး ...."

" သမီးဖြင့် သူ လူနာရင်ဘတ်ကို ဖိကိုင်ပြီး ဇောချွေးတွေပြန်နေတာ မြင်တော့ ကြောက်လိုက်တာဆရာရယ် ... "

ပန်းက ဝင်ပြောတော့ ဆရာကြီးက ပြုံးသည်။

" မင်းက ဘာလို့ ဖိထားရတာလဲ .... "

" အပြင်ကလေတွေ ဝင်မှာစိုးလို့ ဆရာရဲ့ ... "

" ဝင်မလားဟ ငါ့ကောင်ရ ... အထဲကဟာသာ ထွက်လာတော့မပေါ့ ... ဖိအားက အထဲမှာ ဒီလောက်များနေတာ .... "

အောင်မျိုး ရုတ်တရက်ကြောင်သွားသည်။ ပြီးမှ " ဟာ ... ဟုတ်သားပဲ .. " ဟု အသံကျယ်ကြီးနှင့် အော်တော့ သူငယ်ချင်းတွေအားလုံး ဝိုင်းရယ်ကြသည်။

" ကဲ ... လူနာကို မင်းတို့ ကြည့်ထားကြ ... အောင်မျိုးက ဆရာ့အခန်း လိုက်ခဲ့။ ရေချိုးစမ်း ...  ပြည်တွေ ကိုင်ထားတာ။ ပြီးတော့ ဆရာ့အင်္ကျီ ၊ လုံချည် ယူဝတ်သွား ... ဟုတ်ပြီလား ... "

" ကျေးဇူးပါ ဆရာ .. "

ဆရာတပည့်တစ်အုပ် ဆေးရုံစင်္ကြန်တစ်လျှောက် ထွက်လာခဲ့သည်။ သူငယ်ချင်းများက အလုပ်သင်ဆရာဝန်နားနေခန်းဘက် အကွေ့တွင် အောင်မျိုးကတော့ မှောင်ရိပ်ထဲ သုတ်သုတ်လျှောက်သွားသော ဆရာ့နောက် လိုက်ရန်ပြင်သည်။

" အောင်မျိုး "

ပန်း အောင်မျိုးကို ရုတ်တရက်ခေါ်မိသွားသည်။ အောင်မျိုးက လှည့်ကြည့်သည့်တိုင် ဘာ့ကြောင့်ခေါ်လိုက်မိသလဲ ပန်း စဉ်းစားမရ။

" ဘာလဲ ပန်း "

" ဟိုဟာလေ ...  "

" အင်း ... "

" နင်  ...  နင် .. ပြန်လာနော် .. လို့ .. "

ကြောင်အမ်းအမ်းနှင့် ယောင်ဝါးဝါး ပြောမိသည်။ အောင်မျိုးက ပြုံး၍

" ဟ .. ငါကပြန်မလာလို့  .. ဘာလဲ  ... နင် ပြောစရာရှိလို့လား ... " ဟု စ သည်။

" ဟာ ...  ငါက ဘာပြောရမှာလဲ .... "

" မသိဘူးလေ .. အောင်စာရင်းထွက်တဲ့နေ့က ငါပြောသလိုများ .... "

" သေလိုက်ပါလား .. အကောင်စုတ်ရဲ့ ...  "

လက်ထဲက သွေးပေါင်ချိန်တိုင်းစက်နှင့် လွှဲရိုက်ဟန်ပြင်လိုက်၍ အောင်မျိုး တဟားဟားရယ်ရင်း အမှောင်ထဲ အပြေးအလွှားဝင်ရောက်သွားသည်။ အလို ....  ပန်းရင်ထဲ ထူးထူးခြားခြား နွေးထွေးငြိမ်းချမ်းနေပါရောလား  ...  ရင်ခုန်တာ မဟုတ် ....  လုံခြုံနေတာ ....  နှလုံးသားတစ်ခုလုံး နွေးထွေးလုံခြုံနေတာမျိုးလေ။

                                            လင်္ကာရည်ကျော်

No comments:

Post a Comment