မျက်နှာကြက်ရုပ်ရှင်မှာ အတိတ်ဟာ အကယ်ဒမီကားပေါ့ ဒေလီယာ -
=========
#အဖြူရောင်(ရွှေ)
တကယ်ဆို ခင်ဗျားကို ကျွန်တော်မျှော်နေတာ ကြာခဲ့ပေါ့ ဒေလီယာ ။ စိန်ပန်းနီနီတွေ မငုံခင်၊မဖူးခင် ရွက်နု ဖူးသစ်လေးတွေ ညွန့်ကာစကတည်းက ခင်ဗျားကို ကျွန်တော်မျှော်နေခဲ့တာပါ။ ခုတော့ ပန်းတွေညှိုးယုံမက ကြွေတောင်ကြွေခဲ့ပေါ့ ဒေလီယာရေ ။
***
(မိုး)
ကောင်းကင်က ညှို့မှိုင်းလို့ပါလား ဒေလီယာရေ။ သိပ်မကြာခင် သဲကြီးမဲကြီးရွာချလိုက်တော့ မယ်နဲ့ တူရဲ့။ အဲဒီ မိုးသည်းသည်းအောက်ကို ငိုဖို့သက်သက် ကျွန်တော် ပြေးဆင်းမိတော့မယ်။ ဟုတ်တယ် ဒေလီယာ ကောင်းကင်က ကျလာမယ့် မိုးစက်တွေ အောက်မှာ ခိုရင်း ငိုလိုက်ချင်တယ်။ မိုးကို မုန်းတယ်…ဒါပေမဲ့ မိုးအောက်မှာ မျက်ရည်တွေပျောက်အောင် ငိုရလိမ့်ဦးမယ်။ မိုးတွေရွာရင် ရိုးမတကြောက စီးလာမယ့် တောင်ကျချောင်း အသေးလေးတွေ စုပေါင်းပြီး မုန်းချောင်း၊ဒွေးချောင်း၊ ထီးချောင်းတွေထဲ ၀င်လာလိမ့်မယ်။ နောက်တော့ မုန်းတမံမှာ တစ်ဆင့်ခိုမယ်။ မုန်းတမံရေပိုလွှဲကနေ တဝေါဝေါ စီးကျလာတဲ့ ရေတွေဟာတွေ့ သမျှကိုတိုက်ချပြီး ကြီးအုံကြီးဝဆည်ဆီ ရောက်သွားလိမ့်မယ်။ ရေအားလျှပ်စစ် ထုတ်တယ်ဆိုတဲ့ ကြီးအုံကြီးဝ ရေတံခါးတွေက ဆီးပြီးပိတ်ထားလေတော့ အရှိန်နဲ့ဝင်လာတဲ့ ရေစီးကြောင်းက နောက်ပြန် လှည့်မယ်။ ရောက်တဲ့အရပ်မှာ တရိပ်ရိပ်တက်ရင်း လူတွေဆီ ဒုက္ခတွေ ထမ်းပိုးသယ်ဆောင် လာတော့မယ်။
ဟော မိုးမှုန်တွေ….မိုးစက်တွေ…မိုးပေါက်တွေ သဲကြီးမဲကြီးရောက်လာခဲ့ပေါ့ ဒေလီယာရေ။ မိုးရေစက်တွေဟာ ငွေရောင်တောက်လို့။ ကျွန်တော့်စိတ်တွေဟာ မုန်းတမံပေါ် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသလို ကျွန်တော့် အကြည့်တွေကလည်း ပြတင်းပေါက်က မြင်ရတဲ့သစ်ရွက်တွေပေါ်က မခွာနိုင်တော့ဘူး။ ရေပြင်ကို ကျော်ကြည့်လိုက်ရင် မြင်နေရတဲ့ မုန်းတမံရဲ့ဟိုးအပေါ်ပိုင်းမှာ တောင်စဉ်တောင်တန်းတွေ အုပ်မိုးထားတယ်။ တမံပေါ်က လှမ်းကြည့်ရင် ဟိုးအပေါ် မြင်ကွင်းတစ်ဆုံးဟာ တောင်တွေချည်းပေါ့ ဒေလီယာ။ တောင်တွေကြားက လျှိုမြောင်တွေဟာ ရေစီးကြောင်းတွေပေါ့။ သစ်ရွက်တွေပေါ်က တစ်ဆင့် မြေပေါ်ကျလာတဲ့ မိုးစက်တွေက လျှိုမြောင်တွေမှာ ဆုံကြမယ်။ သူတို့ရဲ့နောက်ဆုံးလားရာက မုန်းတမံပေါ့။
ငွေကြယ်ပွင့်လေးတွေ….ငွေမြားတံလေးတွေလို လူသားတွေကို ကြည်နူးစေတဲ့ မိုးစက်မိုးပေါက်တွေက မုန်းတမံ ထဲအရောက်မှာတော့ ဒေါသတကြီး ကြမ်းတမ်းပေါက်ကွဲပြီး ရေပြင်ကြီး ဟည်းဟည်းထ မြင့်တက်လာလိုက်တာ တမံပောင်ကို ကျော်လုခမန်းပေါ့။ ဆည်ရေတွေက တမံပောင်ကို ရုန်းတော့မလို၊ ကျော်တော့မလို ထိလုထိခင် အနေအထားမှာ ရေပိုလွှဲက မနိုင်ဝန် ထမ်းရတော့တာ ပေါ့လေ။ ရေပိုလွှဲက ရေကျသံကို စင်္ကြ၀ဠာထဲက ကြားရလိမ့်မယ်။ ရေမှုန်ရေမွှားတွေ လွင့်စဉ်ထွက်ပြီး ရေလုံး ကြီးသထက်ကြီးလာတဲ့ မုန်းတမံရဲ့ရေပိုလွှဲဟာ ကျွန်တော်တို့ သားချင်းတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဆုံးဖြတ်ပေးမယ့် နေရာပါ။
ရေပိုလွှဲက ရေကျသံ ကျယ်လာပြီဆိုရင် ကျွန်တော်တို့ သက်ပြင်းချရတော့တာပဲ ဒေလီယာ။
မြို့မှာနေတဲ့ ခင်ဗျားအတွက်တော့ ဒါက မျက်ခုံးပင့် စူးစမ်းရမယ့် သာမန်ဖြစ်စဉ်တစ်ခုပေါ့။ ဒါပေမယ့် ရေထုကြီးအောက်က မြေပေါ်မှာ မရဲတရဲ အသက်ရှုနေရတဲ့ ကျွန်တော်တို့သားချင်းတွေ အတွက်တော့ ဒါဟာ ရှေ့ဖြစ်ကိုဟောမယ့် နမိတ်ဆိုး ဖြစ်တယ်။ အိပ်ခြင်းကို ခိုးယူမယ့် အိပ်မက်ဆိုး ဖြစ်တယ်။ အနာဂတ်တစ်ခုလုံး ကျိုးပဲ့ကြွေကြရတဲ့ အဖြစ်ဆိုးဖြစ်လေရဲ့။
နွေဦးအစတုန်းက ဖုန်တွေနဲ့ မှုန်ညစ်နေခဲ့တဲ့ သစ်ရွက်တွေက မိုးစက်တွေအောက်မှာ အစိမ်းရောင် ပီပီပြင်ပြင် တောက်ပလာခဲ့ပြီ။ နွေအပူမှာ မွန်းကျပ်တောင့်တင်းနေတဲ့ ခန္တာကိုယ်က မိုးအအေးမှာ သက်တောင့်သက်သာ ရှိလာသလိုလိုပါပဲ။ မီးလို ရဲရဲပူတဲ့ နွေရဲ့အလွန်မှာ မိုးရောက်လာတာ ပျော်စရာတစ်ခုပေါ့ ဒေလီယာ။ ပူပြင်းခြောက်သွေ့တဲ့ ဘ၀မှာ မိုးစက်တွေဟာ ပျော်စရာဖြစ်နေခဲ့ပေမယ့် မုန်းတမံနဲ့ ကြီးအုံကြီးဝကြားက စေတုတ္တရာမှာတော့ မပျော်နိုင်ကြဘူး ဒေလီယာ။
ခင်ဗျားသိပါတယ်။ စေတုတ္တရာဟာ မိုးကို အမျှော်ကြီး မျှော်နေသလို အကြောက်ကြီး ကြောက်နေခဲ့တယ် ဆိုတာ။
***
(စက်တင်ဘာ ၂၀၁၅၊အမျိုးသားဆောင်၊လှည်းတန်း)
ကျွန်တော်တို့ စေတုတ္တရာက ပြန်ရောက်လာခဲ့ချိန်မှာ နောက်နှစ် စေတုတ္တရာရဲ့အရေးကိစ္စတွေအတွက် ဗျာများ နေခဲ့တယ်။ ရှိသမျှ လယ်တွေ ရေမြုပ် ပျက်ဆီးခဲ့၊ စိုက်စရာပျိုးစရာ သစ်စေ့၊မျိုးစေ့ဆုံးရှုံးခဲ့လို့ လုပ်စရာမရှိတော့တဲ့ စေတုတ္တရာသားတချို့က လက်ကိုင်လွှစက်ကို သစ်ပြန်သွင်းစနစ်နဲ့ ၀ယ်ပြီး တောခုတ်ကြ၊ သစ်ပင်လှဲကြတဲ့ အခိုက်အတန့်ဟာ ကျွန်တော်တို့ရင်ကို မီးမြှိုက်သလိုပါပဲ ဒေလီယာ။ သစ်ပင်ခုတ်ခြင်းဟာ ရေကြီးခြင်းရဲ့ အကြောင်းတစ်ရပ်ဆိုတာ သူတို့ နားလည်အောင် ရှင်းပြဖို့က ကျွန်တော်တို့တာဝန် မဟုတ်လား။ လတ်တလောခံစားရတဲ့ ကာယိကဒုက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့ အချိန်ယူရမယ်။ နောင်နှစ် နောင်နှစ်တွေမှာ ရေမကြီးဖို့ ကာကွယ်ရမယ်။ ကလေးတွေရဲ့ ပညာရေးမြှင့်တင်ရမယ်။ လူကြီးတွေ မျက်စိပွင့် နားပွင့်လာအောင် စည်းရုံးရမယ်။ အိုး တွေးကြည့်ရင် အများကြီးပါ ဒေလီယာ။
စေတုတ္တရာရဲ့ပစ္စပ္ပုန်နဲ့ အနာဂတ်ကြားမှာ ကျွန်တော်တို့ တွေဝေနေခဲ့တယ်။ အရေးပေါ် ကယ်ဆယ်ရေး အချိန်စေ့သွားတဲ့အခါ ပြန်လည်ထူထောင်ရေးဆိုတဲ့ စာမေးပွဲက တံခါးခေါက်လာခဲ့ပြန်ရော။ ကျွန်တော်တို့ ကြိုးစားရဦးမယ် ဒေလီယာ။ ကျွန်တော်တို့ရဲ့ နယ်မြေဖွံ့ဖြိုးဖို့ ကျွန်တော်တို့နယ်သားတွေ ကိုယ်တိုင် ကြိုးစားရလိမ့်မယ်။ အဲဒီအတွက် ပြင်ပအကူအညီ တွေကို အကျိုးရှိရှိသုံးနိုင်ဖို့ ကျွန်တော်တို့ သားချင်းတွေကို စိတ်ဓါတ်ခွန်အားပေးရမယ်။ နည်းလမ်းတွေ ကူညီရမယ်။ သဘာဝရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ ချိန်ညှိတတ်အောင် စကားတွေ ပြောပေးရမယ်။
အဲဒီအတွက် အပြင်အကူအညီတွေရဖို့ ကျွန်တော် ကျိုးစားခဲ့တယ်။ ဘာတစ်ခုမှ ရစရာမရှိအောင် ပျက်စီးခဲ့တဲ့ စေတုတ္တရာအတွက် မျိုးစေ့တွေလိုတယ်၊လယ်ယာသုံး ပစ္စည်းတွေလိုတယ်၊ပျက်စီးသွားတဲ့ လယ်မြေတွေပြန်ဖော်ဖို့ ယန္တရားတွေ နည်းပညာ အကူအညီတွေ လိုတယ်။ ဒါတွေက ချက်ခြင်း ဖြေရမယ့် စာမေးပွဲပေါ့။ အဲဒီနောက်မှာတော့ အနာဂတ်ပြဿနာတွေက စောင့်နေလေရဲ့။ ဥပမာပြောရရင် ဆည်တွေထပ်မဆောက်အောင် တားဖို့၊ သစ်မခုတ်အောင် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့။
မုန်းတမံနဲ့ ကြီးအုံကြီးဝ ဆည်နှစ်ခုကြားက စေတုတ္တရာကို ထိန်းညှိနိုင်ဖို့ “မူ” လိုတယ် ဒေလီယာ။ နောင်နှစ် နောင်နှစ်တွေမှာ ဒီနှစ်လိုအဖြစ်ဆိုးတွေ ထပ်မဖြစ်ဖို့ “သေသေချာချာ အစီအစဉ်”ချပြီး ဌာနဆိုင်ရာတွေရော ကျွန်တော်တို့ သားချင်းတွေပါ လိုက်နာ စောင့်စည်းရလိမ့်မယ်။ အဲဒီမူကို ဘယ်လိုချမလဲ။ ဘယ်သူတွေချမလဲ။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေ၊ သစ်တော၊ဆည်မြောင်း၊လျှပ်စစ်လို သက်ဆိုင်ရာ ဌာနတွေမှာ အချက်အလက်တွေ စုဆောင်းတယ်။ နောက် အဖွဲ့အစည်းတွေကို လိုက်စကားပြောတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တစ်ခုမှာ တာဝန်ကြီးကြီး ယူထားတဲ့ခင်ဗျားဟာ ကျွန်တော့်အတွက် နတ်လမ်းညွှန်ပါ ဒေလီယာ။ ခင်ဗျားညွှန်သမျှနဲ့ ကျွန်တော်လှုပ်ရှားခဲ့တဲ့ အချိန်တွေ ၊ ဖုန်းအဆက်အသွယ်တွေ ၊ အပြန်အလှန် အီးမေလ်းတွေမှာ ကျွန်တော်တို့ ညီညွတ်ခဲ့ကြဖူးတယ်။
ဒါပေမယ့် ခွင့်ပြုချက်တွေ၊ ငွေကြေးတွေ၊ နည်းပညာတွေ။ ဒါတွေက ကျွန်တော်လှမ်းမမီတဲ့ နတ်ပန်းကုံးတွေပေါ့။
***
(ဖေဖေါ်ဝါရီ ၂၀၁၆ ၊ အမျိုးသားဆောင်၊လှည်းတန်း )
စိတ်ဓါတ်နဲ့အတူ လူပါ လဲပြိုလုဖြစ်လာတဲ့အခါမှ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော် သတိ ထားမိလာခဲ့ တယ်။ ခါးပတ်ကို တင်းတင်း ဆွဲပတ် လိုက်တိုင်း အစားများများ စားမှဖြစ်မယ်လို့ တွေးမိတယ်။ ပိန်လာတာကို ပင်ပန်းလို့ပဲ ထင်ခဲ့မိတယ်။ နောက်လာမယ့် မိုးရာသီအတွက် ဘာတွေ ပြင်ဆင်မလဲ၊ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့မေးခွန်းဟာ အကျိတ်အခဲကြီးတစ်ခုလို ကျွန်တော်တို့ စေတုတ္တရာသားတွေ ရင်ကို စွဲနစ် စိုက်ဝင်နေခဲ့တယ်။
ဟုတ်တယ် ဒေလီယာ… အဲဒီအကျိတ်အခဲကို နေ့ရှိသရွေ့ အဖြေရှာနေခဲ့တဲ့ ကျွန်တော်ဟာ စားလဲဒီစိတ် သွားလဲဒီစိတ် ဘယ်လောက်တောင် ဗျာများခဲ့ရလဲဆိုတော့ ကျွန်တော့်ခန္ဓာကိုယ်မှာ ပေါက်လာတဲ့ အကျိတ်ကို ဂရုမစိုက်မိ၊ သတိမပြုမိတဲ့ အထိပေါ့ ။
အရေပြားပေါ်ကို စူမထွက်လာခင်အထိတော့ သာမန်အကျိတ်တစ်ခုပေါ့ ဒေလီယာ။ဘ၀ကြမ်းကြမ်းကို ဖြတ်လာခဲ့တဲ့ ကျွန်တော့်အတွက် ဆေးပညာဆိုတာ အရမ်း ဝေးလွန်းခဲ့တယ်။အနေမနီးလို့ အလှမ်းဝေးခဲ့တဲ့ထဲမှာ ဆေးပညာ ပါခဲ့တယ်။ သာမန်အကျိတ်လို့ ထင်ခဲ့ပြီး ပေါ့ပေါ့ပါးပါး အပြင်ဆေးခန်းမှာ ပြခဲ့တဲ့ ကျွန်တော်ဟာ တာဝန်မဲ့သူရဲ့ ဓါးချက် မိခဲ့တယ်။ မေးစရာ၊ပြောစရာ၊တိုင်ပင်စရာ အရေးကိစ္စတွေ ကြားထဲမှာ ကျွန်တော့် ရောဂါအကြောင်း မေးဖို့ အားနာနေခဲ့တာ၊ စူးစမ်းဖို့ မေ့လျှော့နေခဲ့တာ၊ အကျိတ်တစ်ခုအတွက် မခွဲခင် အသားစအဖြေ ယူရမှန်းတောင် မသိခဲ့တာ ကျွန်တော့်ရဲ့ အကြီးကျယ်ဆုံး အားနည်းချက်ပေါ့ ။
ခွဲပြီးမှ စစ်ခဲ့တဲ့ အသားစက ကင်ဆာလို့ အဖြေ ထွက်သတဲ့ ဒေလီယာ။
မုန်းတမံ ရေပိုလွှဲက ရေကျသံတွေဟာ ကျွန်တော့် နှလုံးခုန်သံတွေလို ဆူညံနေခဲ့မှာပဲ။ ကင်ဆာဆိုတဲ့ စကားလုံးအောက်မှာ ကယောင်ချောက်ချား ဖြစ်နေခဲ့ချိန်မှာ စိတ်တွေဟာ စေတုတ္တရာရဲ့ ဟိုးအတွင်းပိုင်း ချင်းတောင်ခြေက “ရွာကလေး”ကို ပြန်ရောက်သွားတယ်။ အဖေရှိတယ်။ အဖေ့ကို စောင့်ရှောက်နေတဲ့ ကျွန်တော့်ကို ပညာသင်ပေးခဲ့တဲ့ အစ်ကိုရှိတယ်။ ကျွန်တော် ဘာလုပ်ရမလဲ ဒေလီယာ။
တစ်ကတ် ၁၅၀၀ နဲ့ လိုသလောက် ၀ယ်လို့ရနေတဲ့ ဒီလို အချိန်မျိုးမှာတောင် ဖုန်းဆက်သွယ်လို့မရအောင် ဝေးလွန်းလှတဲ့ ရွာကလေးကို ပြန်ရမလား။ ပညာတတ်ကြီး၊ မြို့ကြီးသားကြီးလို့ အမြဲ မော့ငေးနေတတ်တဲ့ အဖေ့ဆီကို အနာတစ်လုံး ပိုက်လို့ ပြန်သွားရမလား။ အရေးအကြောင်းတွေ အောက်က ဝေသီနေတဲ့ မျက်လုံးတွေက မျှော်လင့်ချက် တစ်ပုံတစ်ခေါင်းနဲ့ တောက်ပနေခဲ့တာ။
စနစ်တကျကုရင် အချိန်မီပါတယ်။ရန်ကုန်ဆေးရုံကြီး ကိုသာ သွားပါဆိုတဲ့ ခွဲစိတ်ဆရာဝန်ရယ်၊ တကောင်ကြွက် ကျွန်တော့်ကို ကူညီမယ့် မိတ်ဆွေတစ်ချို့ရယ်…..။ အဲဒီလိုနဲ့ မကျက်တော့တဲ့ အနာတစ်လုံးသယ်ပိုးလို့ ရန်ကုန် ဆေးရုံကြီး၊ ကင်ဆာဌာနကို ရောက်ခဲ့ရတယ်။
“ဆောရီးပါ ညီရာ မင်းက ငယ်သေးတော့ ကင်ဆာကျိတ်လို့ ငါ လုံးလုံးမတွေးခဲ့မိဘူး။ နောက်တစ်ခါခွဲရင် ငါ တတ်နိုင်တာ လုပ်ပေးပါ့မယ် ခွဲစိတ်ခ မယူပဲ ခွဲပေးပါ့မယ်”
ဆရာဝန်တစ်ယောက်ရဲ့ ဆောရီးဆိုတဲ့ စကားတစ်ခွန်းနဲ့ ဓါးချက်အောက်မှာ ခွဲကြောင်းက ပြန်မစေ့နိုင်ခဲ့ဘူး။
မှတ်မှတ်ရရ အဲဒီအချိန်တွေကတည်းက ခင်ဗျားကို မျှော်နေခဲ့တာပါ ဒေလီယာ။ ကျွန်တော်တို့ ပြောခဲ့ကြဘူးတဲ့ စိတ်ကူးအိမ်မက်တွေ ဆက်ပြော ချင်သေးတယ်။ ကျွန်တော်တို့ စဉ်းစားခဲ့တဲ့ စေတုတ္တရာ ကာကွယ်ရေးလုပ်ငန်းတွေ ဆက်တိုင်ပင် ချင်သေးတယ်။ နယ်သူနယ်သားတွေ နားထောင်ဖို့ ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးရမယ် အဲဒီအတွက် ပညာရှင်တွေ ဖိတ်ခေါ်ရမယ်၊ ပွဲကုန်ကျစရိတ်တွေအတွက် အလှူရှင်တွေ ရှာရဦးမယ်။
နောက်ပြီး ခွဲကြောင်းမကျက်တဲ့ ဝေဒနာရှင် ကျွန်တော့် ကိုယ်စား ဆရာဝန်ကို မေးခွန်းတွေ မေးပေး စေချင်ခဲ့တယ်။ ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော် သိချင်တယ်။ ဘ၀အတွက် ပြင်ဆင်ချင်တယ်။ အချိန်ဘယ်လောက် ရမလဲ သိချင်တယ်။ အဖြစ်မှန်ကို ကျွန်တော် မသိရဘူး။ လူနာကို တိုက်ရိုက်မပြောချင်တဲ့ ဆရာဝန်တွေရဲ့ မှတ်ချက်တွေအတွက် ခင်ဗျားကို ကြားခံ ပေးစေချင်ခဲ့မိတယ်။ ကင်ဆာမှန်း သိပြီးတာတောင် ဘာကင်ဆာအမျိုးအစားမှန်း မသိခဲ့ရတာ ကျွန်တော့်ဘ၀ပေါ့ ဒေလီယာ။
ဒါပေမဲ့ ခင်ဗျားရောက်မလာခဲ့ဘူး။ ကျွန်တော့်သတင်း ခင်ဗျားကြား၊မကြား မသိရပေမယ့် ခင်ဗျားသတင်း တွေကိုတော့ ဖေစ့်ဘွတ်ကတစ်ဆင့် ကျွန်တော်သိနေ၊မြင်နေခဲ့ပါတယ်။ ကမ္ဘာမြေကြီးအတွက် သင်တန်းတွေ၊ ဆွေးနွေးပွဲတွေန့ တက်ကြွနေတဲ့ခင်ဗျားရဲ့ ပုံရိပ်တွေ မြင်ရတဲ့အခါ အများအတွက် အလုပ်လုပ်နိုင်လွန်းတဲ့ ခင်ဗျားကိုယ်စား ကျွန်တော် ဂုဏ်ယူဝမ်းသာမိပါတယ်။ အများအတွက် လှုပ်ရှားနေတဲ့ ခင်ဗျားကို ကျွန်တော့်ဆီ ရောက်လာမလား မျှော်လင့်မိတာ အတ္တကြီးရာ ရောက်မှန်း သိပေမယ့် လာမယ်လို့ပဲ ထင်နေခဲ့မိ ၊ ကျွန်တော့်ရဲ့ သိစိတ်ကရော မသိစိတ်ကပါ ခင်ဗျားကို မျှော်နေခဲ့တယ် ဒေလီယာ။ ခင်ဗျားလာမလားလို့ မျှော်လင့်မိခဲ့သလို တစ်ရက် ပြန်ကောင်းလာမှာဆိုတဲ့ တခြား မျှော်လင့်ချက်နဲ့ ကျွန်တော် အသက် ဆက်ခဲ့တယ်။
တာဝန်မဲ့သူ ဓါးချက်အောက်က ကျွန်တော့်အနာဟာ ဘယ်တော့မှ ကျက်မလာခဲ့တော့ပါဘူး။ ရက်တွေ ကုန်လာ ခဲ့သလို အနာရဲ့ပမာဏက ကြီးကြီးလာခဲ့တယ်။ အဲဒါ နွေရာသီပေါ့။ နွေရဲ့အပူအောက်မှာ ကီမိုကုထုံးကြောင့် ပိုပင်ပန်းခဲ့ရတယ်။ ကျွန်တော့် လက်ဖျံ သွေးကြောတွေဟာ နီရဲဖောင်းကားပြီး ပေါက်ထွက်တော့မတတ် ယောင်ရမ်းလာခဲ့တယ်။ ဒါပေမဲ့ ဒေလီယာရေ ကျွန်တော့်ကင်ဆာဆဲလ် အမျိုးအစားက ရေဒီယိုဓာတ်ရောင်ခြည်နဲ့မှ ထိရောက်တဲ့ အမျိုးအစား ဖြစ်နေလေတော့ ကီမိုကုထုံးကို ရပ်ပြီး ဓါတ်ရောင်ခြည် ကုထုံးကို ပြောင်းခဲ့ရပြန်ရော။
***
(မေ ၂၀၁၆ ကင်ဆာဌာန၊ရန်ကုန်ဆေးရုံကြီး)
ကျွန်တော်ဟာ မျှော်လင့်ချက်တွေနဲ့ နာရီ၊ မိနစ်တွေ ဖြတ်သန်းခဲ့ရ…ရက်တွေဟာ နှစ်ဖြစ်လုနီးပါး ရပ်တန့် နေလေရော့သလား။ ကုန်ခဲလိုက်တာ ဒေလီယာ။ မျက်နှာကြက်ဖြူဖြူကို မော့ကြည့်ရင်း ဘေးနံရံကို လည်ပင်းတငဲ့ ကြည့်လို့ ရရုံ ပက်လက်ဘ၀မှာ မလှုပ်မယှက်နေခဲ့ရပြီ။ ဘာကိုမှစားချင်စိတ်မရှိ။ အစားမ၀င်ခဲ့တာက အကြောင်းအချက်တစ်ခုပေါ့။
မျက်နှာကြက်ဖြူဖြူကို ပိတ်ကားတစ်ခုလို သဘောထားလို့ ဇာတ်ကားတွေ အများကြီး ကျွန်တော်ရိုက်ဖြစ်ခဲ့တယ် ဒေလီယာ။ မင်းသားဖြစ်လိုက် ဇာတ်ရံဖြစ်လိုက်ပေါ့။ အမြဲပါတဲ့ ဇာတ်ဝင်ခန်းကတော့ စေတုတ္တရာ ပုံရိပ်တွေပါပဲ ။ မြူမှုန်တွေကြား ရေပြင်ပေါ်က ထိုးထွက်လာတဲ့ တံတားကွေ့လေးဟာ၊ မုန်းတမံကြီးအောက်က စပါးတောတွေနဲ့ အိမ်လေးတွေဟာ စေတုတ္တရာပါ။ မြို့အ၀င်ကုန်းထိပ်က ဆရာတော်တို့ စခန်းဖွင့်ထားတဲ့ “ညောင်အိုင်ဘုရားကုန်း”က လှမ်းမျှော်ကြည့်ရင်း အံသြဘနန်း အလှဖွဲ့ခဲ့ရတဲ့ မြို့လေး စေတုတ္တရာဟာ အခုရော ရေအောက် ရောက်လုဆဲဆဲပဲလား။
မျက်နှာကြက်ဖြူဖြူအောက်မှာ ကျွန်တော်ရှိနေပါတယ် ဒေလီယာ။ ခင်ဗျားကို စောင့်ရင်းပေါ့။ဆရာမနုနုရည်(အင်းဝ) ရဲ့ ၀တ္တုတစ်ပုဒ်လို နိုးနေရင် နေ့ ဖြစ်ပြီး အိပ်နေရင် ညဖြစ်ခဲ့တာ ကျွန်တော့်ဘ၀ပေါ့။ ဘယ်တော့မှ မကျက်နိုင်တော့တဲ့ အနာရှိန်ဟာ ၀င်လေ ထွက်လေတိုင်းမှာ တဆစ်ဆစ် ကိုက်ခဲနေခဲ့ပေါ့။ မခံနိုင်မရပ်နိုင် နာကျင် ကိုက်ခဲချိန်တွေမှာ အပြင်းပြဆုံး ဆန္ဒက လွန်မြောက်ခြင်းပါ ဒေလီယာ။ ကျွန်တော်ဟာ လွတ်မြောက်မှုကို တမ်းတလာမိတိုင်း မလွန်မြောက် နိုင်ခင်မှာ ခင်ဗျားကို တစ်ခါလောက်ဖြစ်ဖြစ် တွေ့ချင်လာ ခဲ့မိတယ်။
အနာကို ဆေးကြောသန့်ရှင်းရတဲ့ ညနေချိန် ရောက်လာမှာကို ကြောက်မိတယ်။ ခန္ဓာရဲ့ နာကျင်မှု ဝေဒနာတွေကို မျှော်လင့်ချက်နဲ့ ရင်ဆိုင်နိုင်တဲ့ ကျွန်တော်က လူတွေရဲ့ မျက်နှာပေါ်မှာ ပေါ်လာတတ်တဲ့ သနားဂရုဏာတွေကို ရင်မဆိုင် ၀ံ့ခဲ့ဘူး။ အထူးသဖြင့်တော့ ကင်ဆာဝပ်ရဲ့ ပထမ ထပ်ကနေ “ဓါတ်ရောင်ခြည်ဌာန”ကို သွားတဲ့ လမ်းတစ်လျှောက် ကပ်ပေါ်က ကျွန်တော့်ကို ငုံ့ကြည့် စုတ်သပ်နေတတ်တဲ့ လူနာစောင့်တွေ၊ ကျွန်တော့်ကို သတင်းမေးလာတဲ့ သူငယ်ချင်း မိတ်ဆွေတွေ သူတို့ အကြည့်တွေမှာ ချောက်အနက်ကြီးထဲ ပြုတ်ကျ သွားသလို ခံစားနေရတယ်။
အနာက ဆက်ကြီးလာခဲ့သလို ကျွန်တော့်ရဲ့ ခံနိုင်အားက တနေ့တခြား ကျလာခဲ့ပြီ။ လမ်းမလျှောက်နိုင်တော့တဲ့ ကျွန်တော့ခန္ဓာကိုယ်ကို ကပ်ပေါ် မတင်လိုက်တိုင်း သူတို့တွေ အရင်လို အားသုံးစရာမလိုတော့ပဲ မလိုက်ရုံနဲ့ ပါလာတတ်တာကို ကျွန်တော် သတိထားမိနေခဲ့တယ်။ ကျွန်တော့်လက်ရဲ့ အတွေ့မှာ နားထင်တွေ ချိုင့်ဝင်လာတာ မေးရိုးတွေ ပိုကြီးလာတာ ရင်ဘတ်ပေါ် လက်တင်လိုက်တိုင်း နံရိုးတွေကို ထိတွေ့ကိုင်တွယ်မိတတ်တာ………. ။
နောက်ပိုင်းရက်တွေမှာတော့ မျက်နှာကြက်ရုပ်ရှင်မှာ အနာဂတ်ဇာတ်လမ်း မရိုက်ဖြစ်တော့ဘူး ဒေလီယာ။ သူ့ရဲ့ ဆုံးဖြတ်ချက် အမှားအတွက် ခွဲစိတ်ဆရာဝန်ရဲ့ မျက်နှာက နောင်တရနေသလား ကျွန်တော့်အထင် ပဲလား။ မှုန်မှိုင်းနေတဲ့ ဆရာဝန့်မျက်နှာကို ခဏခဏ မြင်နေမိတယ်။ နာကျင်ရတဲ့ ပစ္စုပန်ကို မေ့ထားဖို့အတွက် အတိတ်က ရုပ်ရှင်ဖြစ်သွားပြီး “ဆောရီး ညီရေ” ဆိုတဲ့ နာမည်နဲ့ ရုံတင်လာခဲ့တယ်။ မျက်နှာကြက်ရုပ်ရှင်မှာ အတိတ်ကားတွေ တစ်ကားပြီး တစ်ကား ရုံတင်နေခဲ့တယ်။ ခွဲစိတ်ဆရာဝန်နဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်းက ပရိတ်သတ် အကြိုက်နဲ့ လွဲချော်ခဲ့ရတဲ့ အကယ်ဒမီကားတစ်ကားပေါ့။ အဲဒီအချိန်မှာပဲ လေပြည်ထဲက မိုးနံ့ကို ရလာခဲ့တယ်။ မိုးရွာပြီပေါ့ ဒေလီယာ။
ဒါဆိုရင် စေတုတ္တရာဟာ မိုးနံ့မှာနစ်ဝင်ပြီး စိုးထိတ် နေရော့မယ်။ အခုနောက်ပိုင်း ဖေ့ဘွတ်ခ်ကြည့်လို့ မရတော့ဘူး။ ကျွန်တော့်ရဲ့ အမြင်အာရုံတွေ မှုန်ဝါးလာသလို အမြဲတမ်း ပက်လက်အိပ်နေရတဲ့ ကျွန်တော့်အတွက် တယ်လီဖုန်း ကိုင်ရလောက်အောင် အားမရှိတော့ပါဘူး။ ဖုန်းတစ်လုံးရဲ့ အလေးချိန်ကို မ မနိုင်လောက်အောင် ချို့ယွင်းလာခဲ့ပြီ။ လောကနဲ့ ကျွန်တော့်ကို ချိတ်ဆက်ပေးခဲ့တဲ့ အဆက်အသွယ် တစ်ခုကို ကျွန်တော် လက်လွှတ်ခဲ့ရပေါ့ ဒေလီယာ။ ခင်ဗျားတို့စီမံကိန်းတွေ ဘယ်အထိ ခရီး ပေါက်နေသလဲ။ မုန်းတမံရော ကြီးအုံကြီးဝဆည်ပါ ဒီတစ်မိုးကို ကြံ့ကြံ့ခံနိုင်ပါ့မလား ကျွန်တော် သိချင်ခဲ့မိပါရဲ့။
ကမ္ဘာမြေကရော မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံး ပစ်လွှတ်ပြီး ကျီစယ်ဦးမတဲ့လား ။ မုန်တိုင်းနဲ့ မိုးရေအောက်မှာ အရိုးပြိုင်းပြိုင်းကျနေတဲ့ ခန္ဓာတစ်ခုရဲ့ ဇာတ်ကား ပြနေပြီ ဒေလီယာ…..။
***
(ဇူလိုင် ၂၀၁၆၊ ခန်းမရှေ့က စွယ်တော်ရွက်စိမ်းများ)
တံခါးပိတ်သံ ခပ်ကြမ်းကြမ်း တစ်ချက်အောက်မှာ ကောင်းကင်ပေါ်ကို မီးခိုးတွေ လွင့်တက်လာတယ်။ တစ်စက်စက် ကျနေတဲ့မိုးမှုန်၊မိုးဖွားတွေက စွယ်တော်ရွက်တွေပေါ် ခဏနားပြီး မြေပေါ် လျှောဆင်း စိမ့်ဝင်သွားသလို မီးခိုးဖြူတွေက လေဟာနယ်ထဲမှာ လွင့်မျောရင်း ကောင်းကင်တိမ်ဆိုင်တွေနဲ့ တစ်သားတည်းဖြစ် ပျောက်ကွယ်သွားတော့တယ်။
ခန်းမအပြင်က ၀ရန်တာထောင့်ချိုးမှာ ခင်ဗျား တစ်ယောက်တည်း ရပ်နေတုန်းပဲ။ ခင်ဗျား မော့ငေးနေတဲ့ ကောင်းကင်က မီးခိုးလား၊တိမ်လား၊မိုးငွေ့တွေလား မကွဲနိုင်အောင် ဖြူဖွေးနေခဲ့တယ်။ ခင်ဗျားဝတ်ထားတဲ့ အနက်ရောင် အကျီကြောင့် ထင်ပါရဲ့ ခင်ဗျားအသားတွေ ပိုဖြူလာသလိုပဲ။ မတွေ့တာကြာလို့လဲ ဖြစ်နိုင်ပါတယ်။ အတွန့်တွေ ကြယ်သီးတွေ မပါတဲ့ ခပ်ရိုးရိုး အနက်ရောင် ပြောင်အကျီကြောင့်လား ခင်ဗျားရဲ့ မျက်နှာ အနေအထားကြောင့်လား ရှိရင်းစွဲအသက်ထက် နည်းနည်း ပိုရင့်နေပုံပေါ်နေပါလား ဒေလီယာ။
ခန်းမအပြင်ဘက်က စွယ်တော်ရွက်ကလေးတွေမှာ မိုးမှုန်မိုးဖွဲလေးတွေ ကပ်ငြိနေပုံက ကဗျာတစ်ပုဒ်ပါပဲ။ အစိမ်းရောင်ပေါ်မှာ ငွေရောင်မိုးစက်ကလေးတွေ သီးနေတာကို မြင်ရတာ ကြည်နူးချမ်းမြေ့လွန်းလို့ လက်ရှိ ခံစားနေရတဲ့ အချိန်ကို မေ့နေမိတယ်။ စိတ် ရှုတ်ထွေးနေပုံ အထင်းသားပေါ်နေတဲ့ ခင်ဗျား မျက်နှာကို ကြည့်ပြီး ခင်ဗျား နောင်တရနေ သလားလို့ ကျွန်တော် တွေးနေမိတယ်။ တကယ်တော့ ကျွန်တော်စကားတွေ အများကြီး ပြောချင်ခဲ့ မေးခွန်းတွေ အများကြီးမေးချင်ခဲ့ ….။ ဒါပေမယ့် အားလုံး ပြီးဆုံးသွားပြီပဲ ဒေလီယာ။
ခင်ဗျား ယူလာခဲ့တဲ့ ပန်းလက်ဆောင်၊ ခင်ဗျား ဆင်မြန်းလာတဲ့ အနက်ရောင်၊ နောက်တော့ ထောင့်ပေါင်းစုံက ခင်ဗျားကိုယ်တိုင် ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ။
ဟောဟို မိုးရေစက်တွေ မြေထဲစိမ့်ဝင်သွားသလို ဟောဟို မီးခိုးတွေ လေထဲ လွင့်ပျောက်သွားသလို ကျွန်တော့်ဘ၀ ပြီးဆုံးခဲ့ပြီ။ ဘ၀တစ်ခု ပြီးဆုံးချိန်မှ ရောက်လာတဲ့ အနက်ရောင်ဝတ်စုံတွေ၊ ပန်းလက်ဆောင်တွေ၊ ဓါတ်ပုံမှတ်တမ်းတွေ။ ဘာလုပ်တော့မလဲ ဒေလီယာ။
အနက်ရောင်တွေ မ၀တ်ပါတော့နဲ့။ အဖိုးတန် ပန်းလက်ဆောင်တွေ မဖြုန်းတီးပါတော့နဲ့။ ကြည့်ချင်စရာ မရှိတော့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ မဖြန့်ဝေပါတော့နဲ့။
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ငှက်ကလေး တစ်ကောင် အိပ်တန်းပျံသလို အနှောင်အတွယ်မဲ့ လွင့်ပါရစေတော့။ ဟော ဟိုမှာ တိမ်ဖြူဖြူတွေ မရှိတော့ဘူး။ နောက်တစ်ပြန် ခပ်သည်းသည်းရွာဖို့ ကောင်းကင်ကြီး တစ်ခုလုံးညို့မှိုင်းလာပြန်ပေါ့ ဒေလီယာ။
***
အဖြူရောင်(ရွှေ)
၂၀၁၆ နိုဝင်ဘာ ရွှေအမြုတေမဂ္ဂဇင်း
No comments:
Post a Comment