May 13, 2017
ဝိုင်​ချို ရဲ့ မနှင်းဆီတစ်ပွင့်တည်းဖတ်​ရန်​...ကဗျာစီးရီး .(၁၀)ပုဒ်
ဝိုင်​ချို ရဲ့
မနှင်းဆီတစ်ပွင့်တည်းဖတ်​ရန်​...ကဗျာစီးရီး .(၁၀)ပုဒ်
============================
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်  1
.
ဟောဒီကျွန်တော်မှီရပ်နေတဲ့သစ်ပင်ပေါ်မှာ
ပိန်ခြောက်ခြောက်လိမ်ကောက်ကောက်သစ်ကိုင်းကလည်း
ဝင်လှမလို့ တဲ့
နေအဝင်ဆည်းဆာကိုစောင့်နေပေါ့
မနှင်းဆီ
မင်းပန်ထားတဲ့နှင်းဆီလို
ရှက်သွေးနီမြန်း
ပင်အိုထက်မှာမျှော်လွမ်းနေတာလေ
ဒီလိုပါမနှင်းဆီ
ဆည်းဆာနေရောင်လို
အလင်းနဲ့ အမှောင်ကြား
တခမ်းတနားတောက်ပဖို့ 
ပျောက်ရှခဲ့ရတဲ့အနမ်းတွေ
မျက်ရည်များနဲ့ သီကုံးမယ်
ရွက်ကြွေများနဲ ချည်ထုံးမယ်
ဆိုပါတော့မနှင်းဆီ
အမြင်မှာတော့
ကျွန်တော်ငိုတာပေါ့
ဘဝင်မှာတော့ကျွန်တော်
ချော့နေတယ်
မနှင်းဆီရယ်
နောက်ကျခြင်းဆိုတာ
နောက်ကျမှပွင့်လာမယ့်
မှုံမာလာ
သူ့ မှာ
ကိုယ်ပိုင်နာကျင်မှုမပြည့်မချင်း
ဖြည့်ဆည်းနေရရှာလေရဲ့
မနှင်းဆီယုံယုံကြည်ကြည်ပန်ဆင်ပါ
ကြည်ကြည်နူးနူးစွဲမက်ပါ
တမ်းတမ်းတတမျှော်စောင့်ပါ
ဒီမှာမနှင်းဆီ
အခုကျွန်တော့်ကိုငြင်းပယ်မှ
တစ်ချိန်မှာပန်ဆင်ခွင့်ရမယ်လို့ 
ကျွန်တော်ရည်စူးခဲ့ပါတယ်
လမ်းခွဲမှာပြန်ဆုံဖို့ 
လမ်းဆုံမှာလမ်းခွဲကြပါစို့ လို့ 
မျက်ဝန်းထဲမိုးညို့ကျန်ခဲ့မယ်
မနှင်းဆီရှေ့ခရီးထဲ
စကားတစ်ခွန်းတော့ယူသွားပါ
ကျောခိုင်းထွက်ခွာစွာ
မနှင်းဆီထံကျွန်တော်
်လာနေပြီ။        ။
ဝိုင်ချို
(24-8-15)
မနှင်းဆီ တစ်ပွင့်တည်းဖတ်ရန်(2)
တိမ်တွေကအရမ်းကိုလှတာပဲလား
ကျွန်တော်မမြင်ရဘူးမနှင်းဆီ
မြင်နိုင်စွမ်းလည်းမရှိရသလို
မြင်လိုစိတ်လည်းမရှိခဲ့ရပါဘူး
ကျွန်တော့်ဖိနပ်လေးက
သဲကြိုးပြတ်တော့မှာလေ
ကျွန်တော့်လမ်းက
မနှင်းဆီ့ကောင်းကင်ကိုမမှန်းဆနိုင်အောင်
ကျယ်လျားမှုန်သီနေဆဲပေါ့
ထားပါမနှင်းဆီ
ကျွန်တော်မျှော်လင့်ရစ်ခဲ့မယ်
ကြယ်ရူးရူးနေတဲ့ညရဲ့ပိုးစုန်းကြူးလေးလို
မလျှော့သောဇွဲနဲ့ 
မှောင်ယံကြီးထဲကျွန်တော်ကူးခတ်မယ်
ပျံရင်းသေမယ်ဆိုလည်းဂုဏ်ယူစွာ
ဘယ်တောက်ပံညာတောင်ပံဖပ်ဖပ်မောအောင်
မြတ်မြတ်နိုးနိုးနဲ့ 
ကိုယ့်အလုပ်ကိုယ်ကြိုးစားမယ်
မနှင်းဆီရယ်
လူ့ ဘဝလူ့ သရုပ်အရှုတ်အထွေးထဲ
အားကစားစိတ်ဓာတ်နဲ့ အသက်ရှူ
ဂုဏ်ပကာသနတွေထဲမှာ
အဖြူရောင်ဟာအဆင့်တန်းမြင့်ဆုံးလို့ 
ကျွန်တော့်လက်မှတ်
မနှင်းဆီရဲ့နှလုံးသားနန်းမြင့်နံရံမှာ
ကျောက်ထက်အက္ခရာတင်ပါ့မယ်
ကမ္ဘာပေါ်မှာ
ဘယ်အရာဟာအမွန်မြတ်ဆုံးနဲ့ 
အဆုံးအရှုံးအများဆုံးပါလဲလို့ 
ကျွန်တော်တွေးကြည့်မိတဲ့အခါတိုင်း
ဆူးတွေကိုဂရုစိုက်စရာမလိုအောင်
ကျွန်တော်ကကျွမ်းလောင်ပြီးသားပါ
အကျေနပ်ဆုံးလည်းဖြစ်ရပါတယ်
မနှင်းဆီရယ်
နူးညံ့သိမ်မွေ့ သူတစ်ယောက်ရဲ့
အလှပဆုံးပေါက်ကွဲမှုဟာ
မနှင်းဆီရဲ့ရိုးတံညှာမှာ
ကျွန်တော်ပွင့်မယ့်ကဗျာပေါ့
ဆက်ဆက်ဆုံမယ်မနှင်းဆီ
ဆူးတွေလိုချွန်မြနေမယ့်
မနှင်းဆီရဲ့ဒေါသပေါ်
ကျွန်တော့်မေတ္တာနဲ့ ကူးဖြတ်ပြီး
မနှင်းဆီဖတ်ဖို့ ကျွန်တော်ရေးမယ်
ခက်တော့ခက်ပါတယ်
မနှင်းဆီအလွယ်ကူဆုံးဖတ်ဖို့ ပေါ့
တကယ်တော့လည်း
ကျွန်တော့်အချစ်က
ခုမှပေါက်ခါစမြွေတစ်ကောင်လို
ဝါးလုံးခေါင်းထဲမသာနိုင်သေးတဲ့နေရောင်ပါ
ခဏစရိတ်ပြတ်နေတဲ့စကြဝတေးပါ
ရွှံ့ လူးလို့ မမှိန်တဲ့ပတ္တမြားပါ
မနှင်းဆီရယ်ချ လိုက်မှာလား
ထားပါမနှင်းဆီ
ကျွန်တော်ရူးနေပြီပဲထားပါတော့
အာခီမီးဒီးလို
လိုအပ်လာရင်ကမ္ဘာ္ဘ္ဘ္ဘကြီးကိုရွှေ့ပြဖို့ 
ကျွန်တော့စွမ်းပကားက
မနှင်းဆီတစ်ပွင့်တည်းဆီသွားနေတာပါ
မနှင်းဆီတစ်ပွင့်တည်းပဲ ဖတ်ပါ
မနှင်းဆီကိုယ်ပိုင်မေတ္တာ
မနှင်းဆီကိုယ်ပိုင်အယူဝါဒ
မနှင်းဆီနှလုံးသားနဲ့ ဖတ်ရှုမှ
ဒီကဗျာက ကဗျာဖြစ်မှာပါ
ရောက်ရှိလာမယ့်နေ့ ရက်များမှာ
ရှေ့ဆက်သွားရဦးမယ့်ကဗျာပေါ့
ခုတော့လည်း
စွဲလမ်းတတ်သမျှ
အမြဲတစ်ခန်းရပ်ရဦးမှာပါ
ဘာပဲဖြစ်ဖြစ်ပေါ့မနှင်းဆီရယ်
ကျွန်တော်ပြောထားရဦးမယ်
မြေရိုင်းလွင်ပြင်လိုဒီရင်ခွင်ထဲ
နှင်းဆီတွေပဲကျွန်တော်
ပျိုးထားတယ်။        ။
ဝိုင်ချို
(24-7-15)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်(3)
ရင်ခွင်မြေတောင်ခါးပန်းမှာ
အလွမ်းတွေဆိုင်းညို့ လို့ ပေါ့မနှင်းဆီ
ရှိပါစေမနှင်းဆီ
ရှိပါစေတော့
တကယ်ဆိုတော့လည်း
ကျွန်တော်ကိုက
ညချမ်းကိုအရိပ်တကြည့်ကြည့်နဲ့ 
မိုးလင်းသွားမိတဲ့လမင်းပါ
ကြယ်တွေကာရံထားတဲ့
လက်ဖဝါးများကြားကစကားသဲ့သဲ့
မရှက်မိခဲ့ဘူး
မနှင်းဆီရယ်
မနှင်းဆီကိုကျွန်တော်က
ကျောက်ဆစ်ရုပ်လိုချစ်ပါတယ်
ကျောက်ဆစ်ရုပ်လိုလွမ်းဖို့ ပေါ့
မနှင်းဆီပွင့်ရာမြေအပြင်မှာ
သစ်ပင်တွေနားရွက်ထောင်
အမှောင်လည်းမျက်နှာသစ်ပြီလား
အိပ်ရာနိုးတဲ့ထိ
ချော့သိပ်လျက်ပါပဲမနှင်းဆီ
အပျက်အပျက်နဲ့ သွေးထွက်အောင်
ရက်စက်လိုက်ပေါ့မနှင်းဆီရယ်
မေတ္တာစစ်မို့ 
ကျွန်တော်ကအချိန်အခါမဲ့ပါတယ်
မနက်ခင်းမှာသာတဲ့လ
တစ်ရေးမှမအိပ်ခဲ့ရသလို
မနှင်းဆီကိုဝန်းရံစောင့်ကြပ်ရင်း
မနှင်းဆီကိုပဲ
နိုးလျက်နဲ့ အိပ်မက်မက်မိပါတယ်
မေ့ဖို့ သတိပေးဖို့ လည်း
သတိတွေလွဲမှားချွတ်ချော်တယ်
ဒီလိုပါပဲမနှင်းဆီ
ကျေးဇူးပြုပြီး
စွဲမက်ရဆုံးအပြုံးလေးတော့
မဖန်ဆင်းပါနဲ့ တော့ မနှင်းဆီ
တစ်ညလုံးငိုထားရတဲ့မျက်ရည်တွေက
မနှင်းဆီ့အကြည့်စူးစူးအောက်
ပြားပြားမှောက်ဒူးထောက်ပြီးသားပါ
ဒီလိုပဲပေါ့မနှင်းဆီရယ်
ချစ်စိတ်ကသိပ်ဆန်းကြယ်လှတယ်
သိမ်ငယ်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့နှလုံးသားက
အခုကျတော့ရဲဝံ့စွန့် စားလို့ 
ပြိုင်ဘက်ကင်းအင်အားကြီးကိုတောင်
ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေမိပေါ့
ရှုံးမှာမှန်းသိတဲ့စစ်ပါ
အချစ်တစ်ခုနဲ့ အရာရာကိုပြောင်းလဲပစ်ဖို့ ပေါ့
ဒီလိုပါပဲမနှင်းဆီ
ချစ်သူကနေ့ ကိုယ်ကညဆိုတော့
ကျွန်တော်အိပ်ရတော့မယ်မနှင်းဆီ
မနှင်းဆီကကျွန်တော့်အိပ်မက်ပေါ့
ကျွန်တော်ကတော့
မနှင်းဆီအိပ်စက်တဲ့အခါ
ဆူးလေးလိုစောင့်ရှောက်ရဦးမှာလေ
ဒီလိုပဲပေါ့ မနှင်းဆီ
ကျွန်တော်ရီမိုက်အုံ့ ပျရမယ့်
မနက်လှလှတွေထဲအသက်ရှည်ပါ
နေ့ ခင်းလှလှတွေထဲအနာမဲ့ပါ
ညနေလှလှတွေထဲပျော်ရွှင်ပါ
ညလှလှတွေမဖြစ်မချင်း
မနှင်းဆီအဆင်းလှပဖို့ 
ကျွန်တော်တစ်ဆင့်ချင်းလင်းပလို့ ပေါ့
အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူးတဲ့
အခြားတစ်ဘက်ကစကားပါ
တကယ်တော့ တရားမှာ
အချစ်တွေစစ်တွေမရှိပါဘူး
အရာအားလုံးတရားရပါမယ်
ဒီလိုပါပဲမနှင်းဆီရယ်
မနှင်းဆီကိုကျွန်တော်ချစ်တယ်။     ။
ဝိုင်ချို
(24-8-15)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်(4)
တစ်ချိန်ကမှုံမှုံရီရီ
ကျွန်တော်ချစ်ရတဲ့မနှင်းဆီရယ်
ကျွန်တော်က
ဒဏ်ရာတွေနဲ့ မဆုံးသောလွင်ပြင်ပါ
အသည်းမှာမင်းစိုက်ထားတဲ့ဓားသွားကိုတော့
ကျေးဇူးပြုပြီး နုတ်ယူမသွားလိုက်ပါနဲ့ 
မနှင်းဆီရယ်
အိပ်ရာထနောက်ကျတဲ့သူရဲကောင်းဆိုတာ
အိပ်မက်များနဲ့ 
မနက်ခင်းတွေထဲခေတ်နောက်ကျ
နေမြင့်လေအရူးရင့်ရမြဲပေါ့
မနှင်းဆီရယ်
ထုံရီသင်းပျံ့ တဲ့ပွင့်ဝတ်မှုံတွေနဲ့ 
အမြဲလှချင်တိုင်းလှနေတဲ့တတွယ်တာတာလေး
သွယ်ဖြာစီးဆင်းလာတဲ့ကျွန်တော့်မျက်ရည်စမ်းထဲ
မနှင်းဆီ ပွင့်ပါ ဝေပါ
ဖူးပါ ငုံပါ စိုလန်းပါ
မနှင်းဆီမကြွေလိုက်ပါနဲ့ 
မင်းကိုချစ်ခဲ့သမျှ
ရင်နဲ့ မမျှတဲ့တစ်ဘဝစာ
မနှင်းဆီဟာကျွန်တော့်ရဲ့
နှလုံးသွေးနဲ့ ထုဆစ်အပ်တဲ့ အနုပညာ
ရက်စက်လှစွာသော
ချစ်သင်ခန်းစာတက္ကသီလာပေါ့
ကျွန်တော့်မှာ
ခါးသီးဆုံးနဲ့ 
တတမ်းတတအရသာခံစရာလည်း
မနှင်းဆီကိုလွမ်းတဲ့အနာ
ဒီတစ်ခုတည်းပဲချမ်းသာရ ပါတယ်
တဆိတ်ကလေး
မင်းထိုးစိုက်ခဲ့ရာဓားသွား
ရင်ထဲကနုတ်ယူမသွားလိုက်ပါနဲ့ 
မနှင်းဆီရယ် ကျွန်တော်က
မနှင်းဆီခြေတော်ရင်းမှာ
ပွင့်ချပ်ဝတ်လွှာတွေအမြဲတမ်း
ကြဲလွင့်ဝပ်ဆင်းထားတဲ့ ပန်း
အလွမ်းနင့်အောင်သည်းနေတဲ့
မနှင်းဆီသွန်းဖြိုးရာအမုန်းမိုးထဲ
အသည်းနင့်အောင်ပဲလွမ်းရပါတယ်
ချူချင်သူတွေဝိုင်းနေတဲ့
မနှင်းဆီဘေးကမျက်လုံးရိုင်းတွေထဲ
သိမ်သိမ်မွေ့ မွေ့ အသည်းကွဲရသူမှာ
အမောပြေမော့သောက်လိုက်တဲ့ဝိုင်တစ်ခွက်က
မနှင်းဆီ့မျက်နှာရိပ်မျက်နှာကဲလို
အမြဲပဲကွဲကြေထိရှရ
အလွမ်းပြေ
ဖွာရှိုက်လိုက်တဲ့စီးကရက်မီးကလည်း
မနှင်းဆီ့ကိုယ်ယောင်ကိုယ်ဝါနဲ့ 
နွမ်းယဲ့အောင်လှောင်ပြောင်လှိုက်စားလှပေါ့
မနှင်းဆီရယ်
မနှင်းဆီရဲ့ကျော်ကြားလှတဲ့မျက်တောင်တွေ
အနမ်းစူးတဲ့နှုတ်ခမ်းဖူးလေးနဲ့ 
သွယ်ပတ်ဝေဖြာ ပြုံးမျက်နှာလေးက
အဆိပ်သင့်စေမယ်မယူဆခဲ့တော့
တိမ်းယိမ်းယစ်မူးဖွယ်
ဆူးတွေအောင်ပွဲခံနိုင်လွန်းတယ်
နှင်းဆီရနံ့ တွေခြုံလွှမ်းမထားတဲ့
အစိမ်းရင့်ရင့်ပြည်ဖုံးကားကြီးထဲ
ကျွန်တော့်တစ်ကိုရေတိတ်တဆိတ်
သွေးမတိတ်အောင် နှင်းဆီ ပွင့်ချိန်ပေါ့
မနှင်းဆီရယ်
ကျွန်တော် နှလုံးသွေး ကျမျက်ရည်တွေနဲ့ 
မှုန်တရေးရေးစိတ်ကူးယဉ်
မနှင်းဆီရဲ့ဆင်းသွင်မူယာ
ရေးခြစ်နေတဲ့ကဗျာတစ်ပုဒ်က
မနှင်းဆီမရှိရာဇနပုဒ်မှာ
မှိတ်တုတ်မှိတ်တုတ်နာကျင်နေတာပေါ့
မနှင်းဆီ
ကျွန်တော်ချစ်ရတဲ့
ကျွန်တော့်ပကာသန
ချန်ထားစွန့် ပစ်ခံအလွမ်းသမားဘဝ
အကြမ်းရှဆုံးနူးညံ့ရပါတယ်
ကျွန်တော်အိပ်တော့မယ်မနှင်းဆီ
မနှင်းဆီ့အလှတရားနဲ့ 
မဆီလျော်လှတဲ့ကျွန်တော့်ဝေဒနာ
ခေါင်းအုံးလေးအောက်ခေါက်ထည့်ပြီး
အိပ်မက်မက်ဖို့ ပါ
ဘာမှမသေချာတဲ့အိပ်မက်လောက်တောင်
မသေချာလှတဲ့ဘဝလမ်းထဲ
ကျွန်တော်ပင်ပန်းဆင်းရဲလို့ ပါ
မနှင်းဆီ့ဝတ်ရည်ဝတ်လွှာတွေနဲ့ 
ကုသိုလ်ကြမ္မာမမီနိုင်စွာပဲ
မနှင်းဆီ့အရောင်အသွေးနဲ့ 
နှလုံးသွေးများပူနွေးစီးဖြာ
မနှင်းဆီ့ဆူးတွေစူးနစ်ရဖို့ သာ
တစ်ဘဝလုံးထုံမွှန်းထားရမယ့်ခိုင်မာလာလို့ 
အရက်စက်ခံဆုပန်လိုက်ပါတယ်
မနှင်းဆီကိုဖွဲ့ တဲ့ကဗျာ
မနှင်းဆီဖဝါးနဲ့ နာဖို့ ပေါ့
မနှင်းဆီရယ်
ဒဏ်ရာဆိုတာမမေ့စကောင်းလေတော့
ဘယ်မေ့ပါ့မလဲမနှင်းဆီရယ်
အတိတ် ပစ္စုပ္ပာန်နဲ့ အနာဂတ်တိုင်း
မနှင်းဆီပွင့်ဖို့ 
ကျွန်တော်
ကြွေနေတယ်။         ။
ဝိုင်ချို
(27-8-15)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်(5)
လေနှင်ရာ ဝဲရိုင်းခ သလို
ကျွန်တော့်ချစ်ကံကြမ္မာတိုင်းက
အမြဲရိုင်းပျနေမှာလားမနှင်းဆီ
ချစ် လွမ်း အရပ်ရပ် စစ်လမ်းထပ်တဲ့
မြစ်ကမ်းစပ်လေးလို
မနှင်းဆီစီးဆင်းသွားရာဆီ
ကျွန်တော်ငေးရီရစ်ခဲ့ပေါ့
အငိုတိတ်ချိန်ကျေနပ်မှုဆိုတာ
ငိုရသူသာထိုက်တဲ့ဆုလာဘ်မို့ 
ကျွန်တော်အဖတ်တင်ချင်ပါတယ်
ဒါပေမဲ့လည်းမနှင်းဆီရယ်
ကျွန်တော့်မျက်နှာမှာဖူးပွင့်လာတာ
အငိုပြီးတော့လည်း အငိုပါပဲ
မနှင်းဆီဟာပန်းကလေးလားဆိုတော့ လူပါ
လူတစ်ယောက်လားဆိုတော့လည်း ပန်းပါပဲ
ကျွန်တော်မခူးခြွေရက်ခဲ့ဘူး
ဆိုကြပါစို့ ရဲ့မနှင်းဆီရယ်
မနှင်းဆီရဲ့မျက်တောင်ခတ်သံလေးကအစ
ကျွန်တော့်ရင်မှာမုန်တိုင်းမွှေသလို
တိမ်းပွေမြေလူးရူးနှမ်းလို့ 
ထူးထွေဆန်းပြားလှပါရဲ့
ရင်ခွင်ပြိုအောင်ညိုမှောင်ရီသွန်းတဲ့
မနှင်းဆီ့လှမျက်ဝန်းတွေမှာ
ကျွန်တော့်ချစ်သွေးသစ္စာတွေဖြာကျခဲ့တယ်
ဟန်ဆောင်ကောင်းတဲ့အပြုံးဟာ
ညှိုးချုံးနေတဲ့နှလုံးသားမှာ
ကွဲကြေရှုံးနိမ့်ရပါတယ်
တကယ်ဆိုတော့လည်းမနှင်းဆီရယ်
ကျွန်တော့်အသက်ကျွန်တော့်ခန္ဓာနဲ့ 
အချစ်ကလွဲလို့ အချစ်ပဲရှိသူ ကောင်မိုက်ကလေး
ကိုယ့်ရင်ဘတ်ကိုယ်ဆုပ်ချေထားတဲ့အနာတရသာ
မဟာတော်ဝင်သူရဲကောင်းပါ
တနွဲ့ တပျောင်း ရွဲ့ စောင်းနေတဲ့ အတွေးအခေါ်ပါ
အိပ်မပျော်ညပေါင်းမြောက်မြားစွာနဲ့ 
ကျွန်တော်က
အိပ်မက်လှလှကိုတစာစာပါ
ခက်တယ်မနှင်းဆီရယ်
တောင်ကမ်းပါးယံတံတိုင်းများပိုင်းခြားထားတဲ့
မနှင်းဆီပွင့်ဝေရာပြည်ထောင်ဟာ
ကျွန်တော့်မမီမကမ်းပန်းတိုင်ပါ
ကြိုက်တဲ့အမုန်းနဲ့ ရင်ဆိုင်လိုက်ပါ
ကျွန်တော်အသက်လုပြီးလာချင်တယ်
အသွေးအသားအသည်းအသက်ကိုစွန့် လှူပြီး
မနှင်းဆီ့ပန်းခြေဖမိုးမှာကျွမ်းကျွမ်းနင့်နင့်
အသက်ရှူခွင့်ရချင်တာပါ
မနှင်းဆီရယ်
မီးခြစ်ခြစ်သလိုလည်းချစ်ပါတယ်
တောမီးလောင်သလိုလည်းချစ်ပါတယ်
မီးတောင်ပေါက်ကွဲသလိုလည်းချစ်ပါတယ်
မီးခိုးအူကျန်ရစ်ခဲ့ရသလိုလည်း
မနှင်းဆီကိုကျွန်တော်ချစ်ပါတယ်
ရင်ထဲမှာ
မီးကျီးခဲတွေလို
ပူပြင်းကျွမ်းမြိုက်
ချစ်လိုက်ရလေခြင်းမနှင်းဆီရယ်
မြေပြင်နဲ့ အာကာသလို
ကျွန်တော်နဲ့ မနှင်းဆီက
အသက်နဲ့ ထပ်မျှဝေးရဦးမှာပေါ့
ကိစ္စမရှိပါဘူးမနှင်းဆီ
မရယ်ရတဲ့ဟာသတွေကိုရယ်ချင်သလို
လောကဓံကိုမြိုပြီးချိုမြိန်ဖို့ 
သိမ်သိမ်ငယ်ငယ်ခမ်းနားမယ်
နွမ်းနွမ်းပါးပါးထည်ဝါမယ်
ဆန်းဆန်းကြယ်ကြယ်ရိုးသားရင်း
နိုးနိုးကြားကြားအသည်းနင့်ပါ့မယ်
မနှင်းဆီနဲ့ ကျွန်တော့်ကြား
အလွမ်းမိုင်ပေါင်းများစွာ
ဝေးခြားထားသောပိုးကြိုးနုနုဟာ
ဘယ်သံကြိုးမှတုမယှဉ်သာအောင် ခိုင်မြဲကြောင်း
နှောင်းလူတွေမှတ်သားရစ်စေမယ်
မနှင်းဆီ
တိမ်တွေအနီရောင်တောက်နေတယ်
မကြာခင်အမှောင်တွေဆင်တော့မယ့်ရင်ခွင်ထဲ
မနှင်းဆီကိုစွဲစွဲမြဲမြဲသိမ်းထုပ်လို့ 
ကျွန်တော့်အလွမ်းကျွန်တော့်သရုပ်ပေါ့
တငုတ်တုတ်တုတ် နေရစ်ခဲ့ပါတယ်
တစ်ချိန်ချိန်မနှင်းဆီမြင်တတ်ရင်
ကျွန်တော့်ရင်ဘတ်ဟာ
မနှင်းဆီဖတ်ရမယ့်ကဗျာပေါ့
အက္ခရာတိုင်းက
နှင်းဆီဘာသာဗေဒပေါ့
အဝေးဆုံးအမြင့်ဆုံးထိအောင်သာ
မနှင်းဆီပျံသန်းသွားပါတော့
ဘာပဲဖြစ်ဖြစ်ပေါ့မနှင်းဆီရယ်
သံယောဇဉ်ကြိုးတစ်မျှင်တည်းနဲ့ 
ဇောက်ထိုးဆင်းလာရတဲ့ပင့်ကူလို
မနှင်းဆီကိုကျွန်တော်ပန်ဆင်ချင်တယ်
မနှင်းဆီကိုကျွန်တော်မြတ်နိုးချင်တယ်
တရှိုက်မက်မက်ရှေ့ဆက်ချင်သေးတယ်
မီးလျှံနဲ့ ပိုးဖလံလေးလို
သည်းလုံးပုံရင်လုံးစုယုယလို့ 
မနှင်းဆီကို အသက်ထက်ကျွန်တော်ချစ်မယ်
မြစ်ရဲ့ပတ္တလားသံတွေပေလူးနေတဲ့ညဥ့်ဦးယံလေးထဲ
ဝုန်းဒိုင်းကြဲကျန်ရစ်ခဲ့တဲ့ကျွန်တော့်ရင်က
မနှင်းဆီရဲ့အမြင့်ဝေးဆုံးခရီးကို
ကြိုးတဆုံးလွှတ်တင်လိုက်ပါတယ်
မနှင်းဆီရယ်
စကြဝဠာကြီးကကျဉ်းကျဉ်းလေးပါတဲ့
ကျွန်တော့်ချစ်ခြင်းများကပြောနေတယ်
ရပ်နေတဲ့ဘဝကိုတောင်
ဂျွမ်းထိုးမှောက်ခုံအရှိန်ပြင်းစေအောင်သာ
မနှင်းဆီပျံသန်းထွက်ခွာပါ
မနှင်းဆီရယ်
ဝေးကွာလေသမျှ
အလင်းနှစ် သန်းပေါင်းမြောက်မြားစွာ
ကျွန်တော့်စိတ်နဲ့ ဖမ်းဆုပ်ပြပါမယ်
ဒီကဗျာဟာ
တစ်နေ့ နေ့ တစ်ချိန်ချိန်တစ်နေရာရာ
မနှင်းဆီတစ်ပွင့်တည်းဖတ်ရှုဖို့ 
ကျွန်တော့်တစ်ဘဝစာမှတ်စုပေါ့
နှလုံးသည်းပွတ်ကိုတမွမွခြစ်ပြီး
ကျွန်တော်ရေးရစ်ခဲ့တာပေါ့
အရူးတစ်ပိုင်းဖြစ်မှမြင်သူငေးသလို
အခုတော့ကျွန်တော့်မှာဆွေးရီပေါ့
တစ်နေ့ ကျရင်တော့မနှင်းဆီရယ်
မင့်းရွှေလည်မော့ ထားကျော့ကေသာမှာ
ကျွန်တော့်ကဗျာ
ပွင့်ချင်တယ်။     ။
ဝိုင်ချို
(28-8-15)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်(6)
မနှင်းဆီရေ
ချစ်သံသရာဘဝအခန်းဆက်ဆက်
မနှင်းဆီရဲ့ စိုလက်တောက်ပမျက်ဝန်းများ
ရဲရဲမှည့်မှည့်နှုတ်ခမ်းသားတွေနဲ့ 
ပန်းနုပါးပြင်
ရယ်ရွှင်ချိုလက်မျက်လုံးလေးတွေအကြောင်း
ဝါကျတိုရှည်တွေပေါင်းရုံးခြယ်သ
လွမ်းမြလိုက်ရတာမနှင်းဆီရယ်
သွေကွက်ရှောင်ခွာသွားတဲ့
မနှင်းဆီပျော်စံရာတိမ်လွှာလေးများအောက်
ကျွန်တော့်စိတ်တွေက ကယောင်ချောက်ချား
ပြာရီမှိုင်းမှုံသွားရပေါ့
မနှင်းဆီရဲ့ရွှေလည်တိုင်ကျော့မှာ
နော့နွဲ့ လွင့်လူနေတဲ့ပဝါဖြူလေးက
ကျွန်တော့်ကံကြမ္မာအတက်အကျကို
လက်ပြနှုတ်ဆက်နေသလိုပါပဲ
မှုံမှင်အုံ့ ဆိုင်းမြူသင်တိုင်းတွေနဲ့ 
ရစ်သိုင်းလွှမ်းခြုံရာ
ရောင်စဉ်ခုနစ်လွှာ ဖြာသက်တံလေးက
မနှင်းဆီနဲ့ ကျွန်တော့်ကို
နယ်နိမိတ်ခြားစေစားလိုက်တဲ့
ကောင်းကင်တံတားလှလှလေးလေ
မနှင်းဆီရေ
ရမ်းရော်လွမ်းမျှော်နေတဲ့မြေပြင်ပေါ်
ကျော်မကောင်းကြားမကောင်း
အသည်းကွဲလမ်းဟောင်းလေးနဲ့ အတူ
မနှင်းဆီကိုကျွန်တော်က
မိုက်တွင်းနက်စွာတကြော်ကြော်
အော်ခေါ်နေရတာပဲပေါ့
ချိန်ခါနေရီ တိမ်ပန်းချီတွေထဲ
မနှင်းဆီ လို့ တေးသီနေတဲ့ငှက်ဟာ
မနှင်းဆီကိုဆုတ်ခွာခဲ့ရရှာသူကျွန်တော်ပေါ့
ကံတရားလှံဓားအချက်ချက်မှာ
သွေးထွက်အောင်ရူးမိုက်တဲ့အရိုက်အရာ
ကျွန်တော်စံစားနေရပါတယ်
မနှင်းဆီရယ်
ပန်းတွေကရင်နင့်အောင်အရမ်းပွင့်တာပဲ
မနှင်းဆီနဲ့ လွဲခဲ့ရပြန်တော့လည်း
ဘယ်ပန်းမှမလှတော့ဘူးပဲလေ
ကျွန်တော်က လား
မနှင်းဆီရဲ့ဆူးတံဆိပ်နဲ့ ပဲ
သေတစ်ပန်သက်တစ်ဆုံး
အရှုံးတွေပန်မှာပေါ့မနှင်းဆီရယ်
ကျွန်တော့်အသည်းနှလုံးမှာ
မနှင်းဆီခြယ်မှုန်းရာသွေးပန်းချီတွေ
ကျောတစ်ရာရင်တစ်ရာမျှ
ဝေဆာပွင့်မြလျက်ပါ
နှင်းဆီလွင်ပြင်နှင်းဆီရင်ခွင်သာ
ကျွန်တော့်ကိုယ်ပိုင်သံစဉ်ပါ
မနှင်းဆီကြားချင်မှတော့ကြားမှာပေါ့
မနှင်းဆီရယ်
ပျက်ကျလာတဲ့ကြယ်အစင်းစင်းမှာ
မနှင်းဆီရဲ့ပန်းသတင်းတွေရလို့ ရငြား
ပျံတက်သွားတဲ့လေယဉ်အစင်းစင်းမှာ
မနှင်းဆီရဲ့ပဝါဖြူလေးတွေ့ လို့ တွေ့ ငြား
စေ့ငုအမှာပါးရသေးတယ်
မနှင်းဆီကတော့ ဘယ်သိပါ့မလဲမနှင်းဆီရယ်
သောကတိုင်းပြည်
မနှင်းဆီရဲ့ပစ္ဆန္တရစ်မှာ
ချစ် ကျန်ရစ်ခဲ့ရတဲ့ ကျွန်တော့်မှာ
နှင်းဆီရောင်မင်နီကြက်ခြေခတ်တွေနဲ့ 
တရိပ်ရိပ်တလွင့်လွင့်
အဆိပ်သင့်နေရဆဲပေါ့
မနှင်းဆီရယ်
ရက်စက်ဖို့ ချွန်မြ
လှပဖို့ မာန်ထည်
ကြွယ်ဝထူးပြားတဲ့မာယာသွယ်သွယ်နဲ့ 
လွယ်လွယ်လေးပြုစားတတ်ပါသော
ကျွန်တော့်အသက်တမျှမနှင်းဆီရယ်
ရိုးရှင်းဖြူစင်တဲ့
ကျွန်တော့်သဘာဝလောကထဲ
မနှင်းဆီက
ဆင်းရနံ့ မူရာ
ရိပ်ရောင် ရည်သွေးပြည့်စုံစွာနဲ့ 
ဘယ်ဘက်ကမှပြေးမလွတ်အောင်တစ်မူခြား
ချစ်မီးလျှံတွေတောက်လောင်သွားစေပေါ့
ထူးဆန်းထွေတလာ
မနှင်းဆီရဲ့ချစ်ပန်းလင်္ကာမှာ
ကျွန်တော့်အကြင်နာတွေချည်ထုံးဖွဲ့ 
ကောင်းကင်နဲ့ မြေပြင်ကိုမှ
နှစ်ပါးသွားမြိုင်ထ
တွဲကချင်မိတဲ့ရောဂါနဲ့ ဆိုတော့လည်း
ကျွန်တော့်မလည်း
ဘယ်ပျော်ပါ့မလဲမနှင်းဆီရယ်
မနှင်းဆီရဲ့အလှအပအကြောင်း
နှင်းဆီလက်ချောင်းလေးတွေရယ်
နှင်းဆီဆံနွယ်လေးတွေရယ်
နှင်းဆီကိုယ်နေဟန်ထား
နှင်းဆီခေါင်းခါးခြေလက်
နှင်းဆီပွင့်လွှာနှင်းဆီမျက်နှာနဲ့ 
နှင်းဆီရုပ်သွင်
နှင်းဆီရနံ့ နှင်းဆီရင်ခွင်ထဲ
ထုံမွှန်းရစ်ပတ်မူးရီစွာ
နှင်းဆီပွင့်ချပ်ဝတ်လွှာများဆီ
မနှင်းဆီရဲ့ဖိနပ်လေးအဖြစ်
ကျွန်တော်က
ယဉ်ကျေးသပ်ရပ်ချင်တာပါ
သိမ်မွေ့ နူးညံ့ချင်တာပါ
စူးနစ်သာယာချင်တာပါ
ရှိန်းနွေးချစ်သွေးကြွချင်တာပါ
မနှင်းဆီ့ပုလဲသွားတွေလျှံလက်အောင်
ရယ်ရက်မှာလားမနှင်းဆီရယ်
မနှင်းဆီနဲ့ တွေ့ ဆုံစည်းရမှ
မနှင်းဆီရဲ့ဆံမြညှာကေမှာ
မဝေမဖူးရမယ့်အရေး
အားငယ်ပူဆွေးရပါတယ်
မနှင်းဆီရဲ့အဝေးက
သေးငယ်မှုံမွှားတဲ့မျှော်လင့်ချက်ကလေး
ဒီခန္ဓာ ဒီကံဇာတာလေး
ကျန်းမာရေးအခြေအနေမကောင်းပါဘူး
ဆရာဝန်ခေါင်းရမ်းသွားတဲ့အလွမ်းမို့ 
ပန်းတိုင်းမွှေးတဲ့နှင်းဆီတောင်ကုန်းတွေ
ကျွန်တော့်ကိုရှောင်ပုန်းခဲ့တာပေါ့
မနှင်းဆီရယ်
အနားမှာတစ်သက်လုံးထိုင်ပြီးသာ
အလှကြည့်နေချင်တာပါပဲ
ကြာရှည်စွဲမြဲအသည်းကွဲဖို့ ဖြစ်ဖြစ်
ရှူရှိုက်လိုက်တဲ့အသက်တိုင်းမှာ
နှင်းဆီရနံ့ တွေတွဲခိုစွာ
ကျွန်တော့်အချစ်တွေ
နှင်းဆီလိုရဲရဲတောက်ချင်တာပေါ့
ဒါပေမဲ့လည်းမနှင်းဆီရယ်
ဂုဏ်ပကာသနဝေးဝေး အနုံညာတ လေးရဲ့
ချစ်မှုရေးရာတေးကဗျာတွေကို
မနှင်းဆီ နှုတ်ခမ်းစူ ပါ
မနှင်းဆီ ပြုံးယောင်သန်းပါ
မနှင်းဆီ သွားပေါ်အောင်ပြုံးပါ
မနှင်းဆီ တသိမ့်သိမ့်ရယ်ပါ
မနှင်းဆီ တဟားဟားရယ်လိုက်ပါ
ဒါဟာ
ကျွန်တော့်ချစ်မျက်နှာချစ်တစ်လင်းမှာ
စစ်ခင်းလိုက်တဲ့ဂန္ထဝင်ကဗျာ
မနှင်းဆီပွင့်လာပုံအဆင့်ဆင့်ပေါ့
မနှင်းဆီရယ်
ကျွန်တော်ကတော့
မနှင်းဆီမပွင့်မချင်း
အသက်နဲ့ ရင်းပြီး
အသည်းနှင်းအပ်ရတဲ့
အမှတ်တရအညတြဥယျာဉ်သည်ပေါ့
ထားပါတော့မနှင်းဆီရယ်
ထားလိုက်ပါတော့
မနှင်းဆီက
မပြောခင်ကတည်းက
ထားမြဲထားသွားခဲ့သူပဲလေ
မနှင်းဆီရေ
ကျွန်တော်နေမကောင်းပါဘူး
နှင်းဆီသွေးတွေရဲရဲနီတဲ့
ဒဏ်ရာအမည် မနှင်းဆီ နဲ့ ပေါ့
နှင်းဆီရနံ့ တွေထုံပျံ့ စွာ
ဝေဒနာနာမည် မနှင်းဆီ နဲ့ ပေါ့
မနှင်းဆီ ယဉ်ပါ ကျော့ပါ
လှပါ မွှေးပါ တောက်ပပါ
လန်းပါ ဆန်းပါ ငြိမ်းချမ်းပါ
ကျွန်တော်ကဗျာလိုဖတ်နေမယ်
ကျွန်တော်ကဗျာလိုရွတ်နေမယ်
ကျွန်တော်ကဗျာလိုချစ်နေမယ်
မနှင်းဆီရဲ့ ပွင့်ချပ် ဝတ်မှုံဝတ်ရည် ဝတ်လွှာ
ရိုးတံ ဆူးခက် သစ်ရွက်ကဗျာ
လွမ်းတိုင်းထုတ်ဖတ်ဖို့ ရင်မှာသိမ်းထားမယ်
ကြယ်ကြွေတွေကောက် သတင်းမေးရင်း
လေယာဉ်အစင်းစင်းကိုအမှာပါးမယ်
မနှင်းဆီဘယ်တော့မှမကြွေဖို့ 
အမြဲဝေဆာ
ထာဝစဉ်လန်းဆန်းလှပဖို့ ပေါ့
မနှင်းဆီသိတော့မသိနိုင်ဘူး
ကျွန်တော်စိတ်မပူဘူးမနှင်းဆီ
ကမ္ဘာပေါ်မှာရှိရှိသမျှအရောင်တွေဟာ
မနှင်းဆီရှိရာကလာတာပါ
တစ်လောကလုံး နှင်းဆီပန်ထားတာပေါ့
မယုံဘူးလား
မနှင်းဆီထပ်ထပ်ပြီးသာရယ်ပါတော့
တကယ်တော့
ထွက်လာဝင်လာတဲ့နေလုံးတိုင်း
မနှင်းဆီခိုင်းလို့ ထက်မြက်စူးရှ
သူတို့ တောက်ပခဲ့တာပေါ့
ကောင်းကင်ကိုမော့်ကြည့်စိတ်ကူးယဉ်နေတဲ့
ယဉ်ယဉ်ကျေးကျေးအရူးအမူးလေးရဲ့ကဗျာ
မနှင်းဆီရဲ့ကိုယ်ရောင်ကိုယ်ဝါတွေပေါ့
မနှင်းဆီရယ်
တစ်နေ့ တော့လည်း မမေ့မလျော့ဇွဲနဲ့ ပေါ့
ကျွန်တော်ဖွဲ့ ဆိုရာဒီကဗျာ
ဖြူလွလွပဝါလေးတဖြစ်လဲနဲ့ 
မနှင်းဆီလည်တိုင်မှာကျွန်တော်လာဆွဲမယ်။           ။
ဝိုင်ချို
(31-8-15)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်(7)
ကောင်းကင်မှာကြယ်တွေတအားပွင့်တာပဲလား
ကျွန်တော့်ရင်မှာလည်းကြယ်တွေအပြည့်ပါပဲမနှင်းဆီရယ်
မနှင်းဆီသိနိုင်ပါ့မလား
မွှေးရနံ့ တွေစီမှုန်းထားတဲ့
မနှင်းဆီ့အလှဆုံးနှုတ်ခမ်းလေးတွေ
ရင်ထဲမှာထိန်ထိန်သာနေတာပေါ့
မနှင်းဆီရဲ့အပြုံးက လှပရက်စက်တယ်
မနှင်းဆီရဲ့အကြည့်က ထိရှရှိုင်းနက်တယ်
ကျွန်တော်မလွယ်ပါဘူးမနှင်းဆီ
ဖြတ်သန်းရတဲ့ကံကြမ္မာတောတောင်က
မှောင်မိုက်လွန်းတဲ့ခရောင်းကြမ်း
ဆူးရဲ့အနမ်းနဲ့ ကျမျက်ရည်လက်ဖဝါးတွေသာ
နှင်းဆီရောင်ခြယ်ဖြာသွန်းလို့ ပေါ့
မနှင်းဆီရယ်
ဘဝကစွန့် စားခန်းဆန်လှတယ်
စီးကရက်ရယ် မီးခိုးများရယ်
ကိုယ်ကလောင်ကျွမ်းရင်း စိတ်ကထန်းပင်ပေါ်တက်သွားသလို
မတ်တပ်ရပ်လို့ ကျွန်တော်လမ်းမှာငိုတယ်
အသက်ကိုဖက်နဲ့ ထုပ်ထားတဲ့
ကျွန်တော့်နှလုံးသားလေးချစ်အားငယ်တယ်
မနှင်းဆီကိုပဲရွတ်ဆိုတတ်တဲ့ကျွန်တော့်စိတ္တဇတွေ
မနှင်းဆီနင်းချေဖို့ အမောတကောပါ
မိုးတစိမ့်စိမ့်အချစ်အလွမ်းများနဲ့ 
စီးဆင်းသမျှစိမ့်စမ်းရေတွေခမျာ
မနှင်းဆီခြေဆေးဖို့ သက်သက်ပါ
ကျွန်တော့်မာနမီးကျီးခဲတွေလည်း
မနှင်းဆီရှေ့အကြိမ်ကြိမ်ဒူးထောက်စွာ
အမြဲတမ်းပြာကျခဲ့ရတာပေါ့
မနှင်းဆီရယ်သွမ်းသွေးနေမှာလား
တွေ့ မြင်ချင်ရေးငယ်နဲ့ ထိလုမိုးဆီ
မနှင်းဆီကိုငေးရီဆွတ်ပျံ့ လို့ ပါ
သာယာငြိမ်းချမ်းတဲ့မထိုက်ပန်းကို
အသည်းကျွမ်းအောင်လွမ်းလောင်နေရတာ
မနှင်းဆီမေ့ထားရက်လိုက်ပါ
အငိုနဲ့ ကျွန်တော်လက်ချင်းဆက်
မနှင်းဆီကိုအိပ်မက်မက်ချင်တယ်
မနှင်းဆီနဲ့ တွေ့ ဖို့ ဆို
နေ့ တွေကိုအပြေးအလွှားနေစောင်းမယ်
ညတွေကိုစီးမျောရူးသွပ်မယ်
မနှင်းဆီမချည်သောကြိုးမှာ
ဘယ်သောအခါမှမလွတ်မြောက်တော့အောင်
အကြောင်းရှာခေါင်းမာနေမှာပဲ
မရတာကိုမှလိုချင်မိတာလည်း
ဂန္ထဝင်တွင်မယ့်မိုက်ရူးရဲပေါ့လေ
မနှင်းဆီကျွန်တော့်ကိုခြွေလိုက်ပါ
သနားမညှာတာ
မနှင်းဆီကျွန်တော့်ကိုထားခဲ့ပါ
ကျွန်တော့်လွမ်းချင်းတွေအသံသာမှာပေါ့
ကျွန်တော့်ဆွေးခင်းတွေရောင်စဉ်ဖြာမှာပေါ့
မနှင်းဆီက
ကျွန်တော်နဲ့ မဆိုင်အောင်လှပါတယ်
ကျွန်တော်နဲ့ မတန်မရာမွှေးပါတယ်
မနှင်းဆီ့မျက်စောင်းလေးတစ်ချက်လောက်ကအစ
ကောက်ယူသိမ်းထွေးထားချင်ခဲ့ရတာ
မနှင်းဆီ့ခြေရာလေးကအစ
တယုတယမွေးမြူထားချင်တာ
မနှင်းဆီဥပေက္ခာသာပိုင်ဆိုင်ခဲ့ပါပေါ့
မနှင်းဆီရယ်
အဝေးဆုံးမှာအပွင့်ဆုံးပန်းလေးမို့ 
ချစ်စိတ်ကိုတိတ်တဆိတ်ထိုးသိပ်ပြီး
မပျော်သောအိပ်စက်ခြင်းများစွာ
လွမ်းမိုးစွေရွာခဲ့တာပေါ့
တကယ်ဆိုမနှင်းဆီနဲ့ ကျွန်တော်က
ပြဒါးတစ်လမ်းသံတစ်လမ်းရယ်ပါ
အခြောက်တိုက်နာကျင်ရတဲ့ရင်နင့်ဖွယ်မှာ
မရှိတဲ့မျှော်လင့်ချက်က
ကျွန်တော့်မှခဏခဏပျောက်ရှရတယ်
ကောင်းကင်မှာတောက်စားနေမယ့်မနှင်းဆီရဲ့ညများမှာ
ကျွန်တော်မထည်မဝါကြေကွဲတယ်
လွမ်းရေးတသိမ့်သိမ့်ပြိုလဲတယ်
ကျွန်တော့်ရင်ကွဲသံ
မနှင်းဆီပန်မှာမဟုတ်မှန်း
သိတော့သိပါရဲ့မနှင်းဆီ
နောင်ဘဝဆက်တိုင်းလည်း
မနှင်းဆီနဲ့ လွဲနေရဦးမယ်ဆိုတာ
မနှင်းဆီတရားချစရာမလိုအောင်
အတိတ်နိမိတ်တဘောင်စနည်းဘဝေါများ
ရင်မှသိထားပါတယ်မနှင်းဆီ
နတ်မြင်းတိမ်ပလီ ကြယ်ရီဝိုးဝါးလပြည့်ညများနဲ့ 
မနှင်းဆီရဲ့ စက်ရှင်လျှံမြချစ်ပြုံးလှလှတွေ
ကျွန်တော့်မှာ ဝေးပြီးရင်းဝေးနေရမှာလည်း
အမြဲဖြစ်ပါစေတော့မနှင်းဆီရယ်
မနှင်းဆီကျွန်တော့်အပေါ်
ထားရှိခဲ့တဲ့လျစ်လျူရှုမှုမှာ
မကျွတ်တမ်းစွဲထင်နေတာကဗျာပါ
ဖတ်ပါ
မနှင်းဆီဖတ်ပါ
မနှင်းဆီတစ်ပွင့်တည်းဖတ်လိုက်ပါ
ဟောဒီမှာ
ရဲပတောင်းခတ်နေဆဲဒဏ်ရာတွေနဲ့ 
ဆူးကိုဖက်ထားတဲ့ ကျွန်တော့်အသည်းနှလုံးမှာ
မနှင်းဆီဖတ်ဖို့ 
ကဗျာတွေ။               ။
ဝိုင်ချို
(5-2-17)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန် (8)
လွမ်းရေးတုံ့ တင် ရင်လှိုင်းခတ်သံနဲ့ 
ကျွန်တော့်နှလုံးသားပင်ယံမှာ
ကြယ်ပျံတွေပွင့်နေပေါ့မနှင်းဆီ
ညလွှာရုံပန်းချီကားထဲမှာ
သီထားသမျှပန်းတွေနွမ်းကြေအောင်
မနှင်းဆီရဲ့မေတ္တာကိုဆာလောင်ရင်းနဲ့ လေ
မနှင်းဆီရေ
အတူတွဲယှက်ခဲ့တဲ့သစ်ခက်နန်းတော်မှာ
မနှင်းဆီမပျော်နိုင်မှာသိပါတယ်
အတူလျှောက်ဖူးရာဝါးတံတားလေး
အတူငေးခဲ့တဲ့ရေပြင်ကျယ်
ကြယ်စင်ရွက်ဝါပန်းတမာတွေနဲ့ 
နွေကိုဖွဲ့ ဆိုတဲ့ငှက်ကလေးများ
မနှင်းဆီလွမ်းမှာလား မလွမ်းမှာလား
ကျွန်တော့်မှာထွေပြားခဲ့ရတယ်
မနှင်းဆီရယ်
စာသင်ကျောင်းလေးရဲ့ခေါင်းလောင်းသံ
ကျေးလက်မြက်ပင်ကန္တာရှစ်ခွင်နဲ့ 
တစ်ခွင်တစ်ပြင်လုံး အဝါခါးခါးထနောင်းတွေဖုံးထားတဲ့
အသည်းနှလုံးမှာ
မနှင်းဆီမတည်နိုင်တာနားလည်ပါမယ်
ဒီတုန်းက
မနှင်းဆီပန်ထားတဲ့ပန်းနှင်းဆီက
မနှင်းဆီကိုပန်သ လို့ 
အလှချင်း အဆင်းချင်း ရနံ့ ချင်းပြိုင်
ထထိုင်မှိုင်ငေး ရေးရေးမြင်မိတယ်
အစဉ်အမြဲရင်ထဲ ထင်စွဲနေရတဲ့
မနှင်းဆီရဲ့မျက်ဝန်းချက်ရာတွေ
အနူးညံ့ဆုံးပွင့်ဖြာနေပါတယ်
မနှင်းဆီရောက်လေရာအရပ်မို့ 
ဖုန်တထောင်းထောင်းကလည်းသိပ်လှတယ်
နေရောင်ပြင်းရှကလည်း ဝင်းပလို့ 
မနှင်းဆီရဲ့ဆူးတစ်ချောင်းက
ကျွန်တော့်စိတ္တဇမှာ
ဆွဲနုတ်လို့ မရအောင်စူးနစ်လို့ ပေါ့
မနှင်းဆီကိုကျွန်တော်ချစ်တယ်
မနှင်းဆီကိုကျွန်တော်မက်မောတယ်
မနှင်းဆီကိုရူးရူးသွပ်သွပ်
မခူးဆွတ်ဘဲကျွန်တော်ပန်ဆင်မယ်
ရင်ထဲမှာအဲသလို မိုးတွေပြိုနေတာ
ချစ်နှင်းမှုန်တွေတဖွဲဖွဲကျနေတာ
မနှင်းဆီမသိစေရပါဘူး
ကြည်စင်လန်းမြ
မနှင်းဆီရဲ့ဖူးပွင့်စမျက်ဝန်းလေးများ
သာယာရှိန်းနွေး
မနှင်းဆီရဲ့ခြယ်ပန်းသွေးနှုတ်ခမ်းလေးတွေ
ကောင်းကင်မျက်တောင်ရိပ်အောက်က
မနှင်းဆီရဲ့အလှတရားမှာသွေသွေလွဲလွဲ
ကျွန်တော်ရင်မဆိုင်ရဲဘူးလေ
အလွှာလွှာအချပ်ချပ် အထပ်ထပ်စီခြယ်
မနှင်းဆီရဲ့ ပွင့်သွယ်ဝတ်လွှာတွေ
ကျွန်တော်ကြွေနေပြီမနှင်းဆီ
တုန်တုန်ခိုက်ခိုက်လွမ်းမြိုက်နေရတဲ့
ကျွန်တော့်ရဲ့အမှောင်ကမ္ဘာထဲ
မနှင်းဆီရဲရဲနင်းဖြတ် ရှေ့ဆက်ပါ
မနှင်းဆီ့အကြည့်တစ်ဝင့်မှာ
ကျွန်တော်သွက်သွက်လည်ရမ်းခါရင်း
လွမ်းကဗျာဆွေးချင်းတွေ
နက်နက်ရှိုင်းရှိုင်းရေးထွင်းမယ်
ရှိုက်ရှိုက်မက်မက် နှင်းဆက်မယ်
မနှင်းဆီ အပွင့်ဆုံးပြုံးလိုက်ပါ
မနှင်းဆီ အလှဆုံးရယ်လိုက်ပါ
မနှင်းဆီ့လက်သူကြွယ်မှာဆင်ဝတ်ထားတဲ့
ရွှေစင်လက်စွပ်
ကျွန်တော့်စိတ်နဲ့ ချွတ်လို့ မရဘူးလေ
ကျွန်တော့်အမိုက်အမဲအစွဲအငြိက
မနှင်းဆီခြေဖဝါးအောက်ထိတိုင်
ရောက်ခွင့်မပိုင်ခဲ့ရှာဘူးပေါ့
မနှင်းဆီရယ်
သောကမြူမတင်ဖြူစင်ရှင်းသန့် တဲ့
မနှင်းဆီရဲ့ပြုံးလဲ့မျက်နှာတော်မှာ
ချစ်မေတ္တာတွေနဲ့ အသည်းခိုက်
အမှိုက်မရှုပ်စေရက်ပါဘူး
ခုနစ်သွယ်သောရောင်စဉ်တွေ
ဖြာလင်းနေတဲ့ မနှင်းဆီ
မဉ္ဇူသကနတ်ပန်းတကာထက်
မိုး သာ မွှေးနင့်တဲ့ မနှင်းဆီ
မဆူ မကျုံ မနိမ့် မမြင့်
ဂန္ထဝင်မြောက် ပန်တိုင်းတင့်မယ့် မနှင်းဆီဟာ
ကျွန်တော့်စိတ်ကူးရိုင်းရဲ့ ခိုင်မာလာ
တကယ်တမ်းကျတော့
လွမ်းရပါလားမနှင်းဆီရယ်
ညညဆို ကျွန်တော့်ရင်ထဲ
နှင်ဆီပန်းနံ့ တွေတအားမွှေးတာပဲ
စောင်မခြုံဘဲအိပ်လည်း နွေးမြရ
အိပ်မက်ကအတင်းနိုးထရတယ်
မနှင်းဆီကတော့
စက်ရာဆောင်ဗွေ သဉ္ဇာနန်းမှာ
စန်းလပုဏ္ဏမီလို ထုံကြည်သင်းပျံ့ နေမှာပေါ့
ဆောင်းဒီပါစက်ဝန်းမှာ သက်ကျွမ်းအောင်လောင်နေတဲ့
မနှင်းဆီသို့ တမ်းချင်းရှည်
မနှင်းဆီအတွက်တော့ အဖိုးထိုက်ချေမယ်မထင်ပါဘူး
ဒါပေမဲ့လည်းမနှင်းဆီရယ်
တစ်မိုးအောက်လူ့ ရပ်ခွင်မှာ
ရည်တူအောင်ယှဉ်မရတဲ့
ရှေးသီလနဲ့ မွှေးကြည်မြနေသော
မနှင်းဆီ့လှမျက်နှာကိုမှ
ကျွန်တော်ကတမ်းမက်နေရတယ်
ပွင့်ဖူးဝေဆာ ရာသီစုံထုံရနံ့ တွေနဲ့ 
မနှင်းဆီ့ကျော့မျက်တောင်တွေကိုမှ
ကျွန်တော်က ရူးမိုက်ခဲ့ရတယ်
သွန်းရွှေရုပ်သွင် ကြယ်စင်မင်းလို
မနှင်းဆီ့မြတ်ပါးက သနပ်ခါးကိုမှ
ကျွန်တော်က တိမ်းမူးခဲ့ရတယ်
ပျိုဆံတောက်ဆံရစ်နွယ်ကို
ငိုမလောက်ချစ်တယ်ဆိုတာလည်း
တစ်ချိန်မှာအသည်းကွဲဖို့ ပေါ့မနှင်းဆိရယ်
ရင်အစုံမှာ မုန်တိုင်းမွှေ
သောကတွေ လှိုင်းပွေအောင်
မနှင်းဆီကိုကျွန်တော်ချစ်လေသမျှ
မနှင်းဆီကိုကျွန်တော်စွန့် လွှတ်ရမယ်
ရွှေသစ္စာယိမ်းနွဲ့ လို့ မတိမ်းမငဲ့စိမ်းခဲ့မယ်မနှင်းဆီရယ်
အနေဝေးပြီးဖြေဆေးမရှိတဲ့ လွမ်းမိဝန်တာကိုလည်း
အသည်းဆတ်ဆတ်ခါအောင်
ကျွန်တော်အမြဲရွက်ဆောင်ပါ့မယ်
ကျွန်တော့်ရင်ကိုခွဲကြည့်ရင် သိမှာပါ
အချစ်ဆိုတာ
မနှင်းဆီဖတ်ဖို့ ကဗျာတွေပေါ့
ညဥ့်သုံးယံ စက်မပျော်အောင်
တွေးမြော်လွမ်းဆွတ်နေတဲ့ကျွန်တော်ဟာ
မနှင်းဆီတစ်ပွင့်တည်းသို့ ကဗျာပါ
မနှင်းဆီနဲ့ နှစ်ပါးဆိုင်
စကားမြိုင်မြိုင်မပြောတတ်သူရဲ့
လွမ်းဖွဲ့ ပါ
ဝေးရက်ရှည်ကြာမြေကမ္ဘာထဲ
ရပ်ရှစ်နယ်ခွင် ပင်လယ်သမုဒ်ခြားနေလည်း
အသည်းကွဲအောင်ပွင့်နေမယ့် ချစ်ရတုပါ
လူမြင်ရင်မပူရုပ်နဲ့ အမူလုပ်ဟန်ဆင်ထားရမြဲ
မနှင်းဆီတစ်ပွင့်တည်းဖတ်ဖို့ ပါ
မနှင်းဆီသိလား
မနှင်းဆီဘယ်သွားသွား အရိပ်ပမာ
ကျွန်တော့်ကဗျာတွေလိုက်လာတယ်
မနှင်းဆီ့အရောင်အဆင်းက ကျွန်တော့်နှလုံးသွေး
မနှင်းဆီ့ချစ်မှုရေးရာက ကျွန်တော့်ဝေဒနာ
မနှင်းဆီ့လှပမှုကကျွန်တော့်ကဗျာပေါ့
နှင်းဆီဆူးချက်ကိုရူးမှာပေါ့
နှင်းဆီပန်းနံ့ လိုမွှေးမှာပေါ့
ထားလိုက်ပါတော့မနှင်းဆီရယ်
အခုဆို
မြူခိုးဝေမှောင်
တောင်ဆီမှာမိုးတွေညို့တော့မယ်
ကျွန်တော်လည်းမျက်ရည့်စို့ ပါတယ်
ကျွန်တော့်ရင်ထဲမှာ
တစိမ့်စိမ့် တဖွဲဖွဲ တသည်းသည်းပါ
မနှင်းဆီဖတ်ဖို့ ကျွန်တော် ရွာတော့မယ်။              ။
ဝိုင်ချို
(10-2-17)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်(9)
မျက်နှာမူရာမှာ
နေထွက်လာပါပြီမနှင်းဆီ
လက်နှစ်ဖက်ကိုဆန့် တန်းပြီး
ရှေ့နောက်ဝဲယာပျံသန်းလို့ 
မနှင်းဆီကိုလွမ်းလွမ်းနဲ့ လိုက်ရှာတော့
မျက်နှာမူရာမှာ နေထွက်လာခဲ့ပေါ့
ကျွန်တော်
ငြိမ်ငြိမ်လေးရပ်နေခဲ့ရတယ်
တိုးတိုးလေးမြည်ဟည်းပဲ့တင်ရင်း
အေးအေးလေးအသည်းကွဲရပါတယ်
တစ်ကိုယ်တော်ငလျင်လှုပ်ခြင်းအစီအစဉ်
မနှင်းဆီရဲ့တစိမ်းပြင်ပြင်မှာ
စွယ်တော်ရွက်လိုတစ်ဝက်စီခွဲပြီး
ယှဉ်တွဲကျောခိုင်းထားရတယ်
အသားမာတက်နေတဲ့ဘယ်ဘက်ရင်အုံဟာ
မနှင်းဆီ့ရနံ့ တွေမလှုံရတော့ဘူး
ကျွန်တော်ကဘယ်လိုဘဝမျိုးလဲ
မနှင်းဆီအပေါ်ချစ်တဲ့စိတ်နဲ့ အရွယ်ရောက်လာ
မနှင်းဆီကိုချစ်တဲ့စိတ်နဲ့ ဟုန်းဟုန်းတောက်
မနှင်းဆီကိုချစ်တဲ့စိတ်နဲ့ လောင်မြိုက်ရင်း
မနှင်းဆီကိုချစ်တဲ့စိတ်နဲ့ ပြီးဆုံးရမယ့်
မီးစွဲလောင်နေတဲ့အောက်စီဂျင်လား
အရောင်ပြောင်းပစ်ရမယ့်လစ်တမတ်စက္ကူလား
ကျွန်တော့်နှလုံးသားမှာ
ရေးထွင်းထားတဲ့အက္ခရာ
မနှင်းဆီဖတ်တတ်မှာမဟုတ်ပေမဲ့
ဒါက်ုပဲရေးထားခဲ့မိတယ်
မနှင်းဆီရယ်
မခွဲတူယှဉ်
မနှင်းဆီတို့ စုံတွဲကိုမြင်ရတော့
ကျွန်တော့်ရင်ထဲ
လျှပ်စီးလက်တယ် မိုးချုန်းတယ်
မိုးကြိုးပစ်တယ် မီးလောင်တယ်
ငလျင်လှုပ်တယ် တော်လဲတယ်
မြစ်ရေကြီးတယ် တောင်ပြိုတယ်
မုန်တိုင်းတိုက်တယ် သင်္ဘောမှောက်ပါတယ်
မနှင်းဆီကတော့
ဘဝရဲ့အလှပဆုံးအရိုက်အရာ
သမိုင်းသစ်ရေးထိုးလိုက်နိုင်တာပေါ့
ဂုဏ်ယူပါတယ်မနှင်းဆီ
ပျော်ရွှင်ခြင်းနဲ့ အစဉ်သဖြင့်
မနှင်းဆီ ပွင့်ကြွယ်တင့်တယ်ပါ
လေပြည်မှာ လရောင်မှာ
ပန်းရနံ့ တွေ တီးတိုးစကားဆိုခန်း
ကျွန်တော့်အလွမ်းနဲ့ မညှိုးနွမ်းစေရအောင်
ကျွန်တော်က
မနှင်းဆီထံပါး မထုံတက်သေး
အေးခဲသွားရမယ့်ကောင်ပေါ့
အနှစ်နှစ်အလလစောင့်စားခဲ့ရတဲ့
မနှင်းဆီ့ရင်ထဲကအပြုံးစစ်စစ်ဟာ
ကျွန်တော့်မျက်ရည်တွေနဲ့ မှ ပွင့်မှာလို့ 
တစ်ခါမှတောင်မတွေးခဲ့ဖူးပေမဲ့
ဘယ်လောက်ရောဂါထထ
အပြုံးမပျက် အစွမ်းကုန်ရင့်ကျက်စွာ
ကျောက်ရုပ်လိုအသည်းမာပြပါ့မယ်
ရင်ထဲကအငိုကိုဖိနှိပ်ထိုးသိပ်
တိတ်တိတ်ကလေးအသည်းကြွေပေးပါ့မယ်
မနှင်းဆီရယ်
လွမ်းရက်ထောင်သောင်းကုဋေကုဋာမှာ
ချစ်ရက်ကလေးတစ်ရက်တောင်မရရှာတဲ့
သနားကမားလေးတစ်ယောက်အဖို့ တော့
ပြည့်သိပ်လေးလံတဲ့အချစ်တွေသာ
ဘဝရဲ့အခမ်းနားဆုံးကဗျာတွေပေါ့
အသည်းပေးပြီးတစ်သက်လုံးဆွေးမြေ့ဖို့ 
မနှင်းဆီမို့ လုပ်ရက်တယ်
ဒီလိုလည်းစိတ်ကြီးမဝင်သာ
လပြည့်လမင်းကိုမှ
ကုက္ကိုကိုင်းတွေကြားကခိုးငေးရင်း
တသိမ့်သိမ့်ရှိုက်ငင်ငိုကြွေးရ
မနှင်းဆီကိုမှချစ်မိလေခြင်း
ဒီလိုလည်းစကားတင်းမဆိုသာဘူး
မနှင်းဆီရေ
မနှင်းဆီတို့ ဂုဏ်အသိုင်းအဝိုင်းက
မြင့်သောဘဝ မြင့်သောအခြေ
ရွှေလမ်းကြီးထက် ရွှေလက်တွဲတဲ့အခါ
ကျွန်တော့်ဘဝကျွန်တော်နားလည်ပ့ါမယ်
မနှင်းဆီအတွက်
ကျွန်တော့်အိပ်မက်စုံရာတွေ
တစ္ဆေတစ်ကောင်လိုကယောင်ချောက်ချား
တစ်စမကျန်ပြန်ကောက်သိမ်းပါ့မယ်
ကျွန်တော့်အပူမီးက
မနှင်းဆီရဲ့လူကြီးလူကောင်းအတွက်
ဘယ်တော့မှဂုဏ်မပျက်စေရအောင်
မကျွမ်းမချင်းမြိုက်လောင်ပေးပါ့မယ်
မနှင်းဆီရယ်
ကျောခိုင်းထားပေမဲ့ မျက်ရည်လည်ရွဲ
လမ်းခွဲသွားပေမဲ့ အမြဲမြင်ယောင်
ကျွန်တော့်အမှောင်မည်းဆုံးရင်ခွင်
မနှင်းဆီ ဆိုတဲ့ ငွေလမင်းနဲ့ 
ဘဝချင်းခြားလေပြီထင်တယ်
မနှင်းဆီရယ်
ကျွန်တော့်မျက်နှာမူရာမှာ
အခု နေဝင်တော့မယ်
ကျွန်တော့်ကျောပိုးအိတ်လေးထဲ
မျက်ရည်တွေအပြည့်အသိပ်နဲ့ 
စေ့ပိတ်ခံထားရတဲ့ကဗျာရှိတယ်
ဝမ်းနည်းခြင်းအတိနဲ့ 
ဘဝတစ်သက်စာလုံးဖျော့နွမ်းနေရတဲ့
ကျွန်တော့်ကဗျာ
မနှင်းဆီတစ်ပွင့်တည်းဖတ်ဖို့ ပါ
ဒီဘဝမဆုံနိုင်တော့ပေမဲ့လည်း
မနှင်းဆီတစ်ပွင့်တည်းပဲဖတ်ဖို့ ပါ
နေဝင်ဆည်းဆာမှောင်ရိပ်ထဲ
ထိုးခွဲပျောက်ကွယ်သွားရလည်း
မနှင်းဆီတစ်ပွင့်တည်းပဲဖတ်ဖို့ ရယ်ပါ
မနှင်းဆီအတွက်တော့ အရယ်ရဆုံးဟာသပါ
ကျွန်တော့်နှလုံးသွေးနဲ့ ရေးထားခဲ့တာလေ။           ။         
ဝိုင်ချို
(၁၄-၃-၁၇)
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်(10)
ပိုးဖဲကတ္တီပါဆောင်ကြာနန်းမှ
ချစ်ပန်းကလေးမနှင်းဆီရေ
အခု မနှင်းဆီအိပ်ပျော်နေပြီလား
မနှင်းဆီက
မအိပ်ပေမဲ့လည်း ပျော်မှာပါ
ဆက်၍ဆက်ကာ
မနှင်းဆီပျော်ရွှင်နိုင်ပါစေ
ကျွန်တော့်မှာ
လသာသာ တစ်ယောက်တည်း
ညထဲရစ်ဝဲစီးမျောလို့ 
မနှင်းဆီသိလား
မနှင်းဆီကိုကျွန်တော်ချစ်ခဲ့တာ
မနှင်းဆီကို
စိတ်ထဲကခိုးမြတ်နိုးနေတာ
မနှင်းဆီမသိပါနဲ့ လေ
မနှင်းဆီက
ကျွန်တော်နဲ့ ပတ်သက်ရင်
ခံစားချက်ကင်းမဲ့လွန်းပါတယ်
ဟုတ်တယ်မဟုတ်လား
မနှင်းဆီရေ
ညထဲတစ်ကိုယ်ရေ
ကြွေဆင်းနေတဲ့အလွမ်းစမ်းလေးက
မနှင်းဆီအတွက်မလှပပါဘူး
ဘယ်လောက်ပဲကြည်နူးရပါစေ
ကျွန်တော်က
ဥပေက္ခာပြုနေရမှာလေ
မနှင်းဆီသို့ ကျွန်တော့်ကဗျာတွေက
ဆက်မက်ချင်ပေမဲ့
လန့် နိုးသွားရတဲ့အိပ်မက်ပါ
လန့် နိုးလိုက်ရပေမဲ့
ဆက်မက်ရဦးမယ့်အိပ်မက်ပေါ့
ဘဝအဆက်ဆက်တောင်းဆုရည်မျှော်
မေ့စွမ်းမရတဲ့ပျော်ရွှင်ခြင်း
မနှင်းဆီကျွန်တော့်ကိုနင်းလျှောက်ပါ
မနှင်းဆီရယ်
ကျွန်တော်ကလေ
မနှင်းဆီ့ခြေထောက်အောက်က
မြေမှုန့် လေးတောင်ဖြစ်ခွင့်မရပါဘူး
ဆုတောင်းရဦးမယ်
တစ်နေ့ နေ့ တစ်ချိန်ချိန်တစ်နေရာရာ
မနှင်းဆီခြေဖဝါးနုနုအောက်မှာ
မြတ်နိုးခြင်းအပြည့်နဲ့ ကပ်ငြိတွယ်
မြေမှုန့် လေးဖြစ်ချင်ပါသေးတယ်
မနှင်းဆီရယ်
မနှင်းဆီကို
ကျွန်တော်ဘယ်လိုဆက်ဆံရမှာလဲ
အဆက်အသွယ်တွေဖြတ်ပြီးကြေကွဲနေရမလား
ရင်နာနာနဲ့ အနားမှာပဲနေရမလား
ဘဝထဲမှာနေပါမနှင်းဆီရယ်
မနှင်းဆီ့အိပ်မက်ထဲ
ကျွန်တော်ပါဝင်ခွင့်ရရင်တောင်မှ
ဘဝထဲမှာနေပါမနှင်းဆီ
ကျွန်တော်လည်း
ဆောင်းရာသီမှာနှင်းထုထဲ
နွေရာသီမှာနေရောင်ထဲ
မိုးရာသီမှာမိုးရေထဲ
အမြဲနေမယ်
ကံထောက်မရင်
မိုးကြိုးပစ်လည်းခံရနိုင်တယ်လေ
အခု
မိုးရေနည်းနည်းထိတာနဲ့ 
ကိုယ်ပူနေတာကအဓိပ္ပာယ်မရှိဘူးလေ
ရှိပါစေတော့
မနှင်းဆီခွင့်လွှတ်ပါ
မနှင်းဆီကိုချစ်တဲ့အကြောင်းပဲ
ကျွန်တော့်ရင်မှာပဲ့တင်ထပ်လေသမျှ
မနှင်းဆီသတိမရပါနဲ့ 
ချစ်ရပါသော ကျွန်တော့်မနှင်းဆီရေ
မနှင်းဆီ့ရင်မြေနှလုံးသားမျက်ဝန်းမှာ
ကြယ်ကလေးတွေလှနိုင်ပါစေ
ပန်းလေးတွေမွှေးနိုင်ပါစေ
ကျွန်တော်ကတော့တစ်ယောက်တည်း
မနှင်းဆီကိုပဲရူးမိတယ်
ဒီလိုမရူးသွပ်ချင်သလို
အရူးပျောက်သွားမှာလည်းစိုးရိမ်မိတယ်
ကျွန်တော့်ရင်ခွင်ထဲအထိ
မနှင်းဆီလာပွင့်ဖို့ မလိုပါဘူး
ဆူးလေးတစ်ချောင်းတည်းနဲ့ လည်း
မနှင်းဆီကကျွန်တော့်ဘဝမှာလုံလောက်တယ်
ကျွန်တော့်နာကျင်မှုပြီးပြည့်စုံပါတယ်
မနှင်းဆီရဲ့အလှဆုံးမျက်ဝန်းတွေကို
မျက်လွှာချထားလိုက်ရအောင်
ကျွန်တော်ကြောက်ပါတယ်မနှင်းဆီရယ်
ဂုဏ်ဒြပ်ချပ်လွှာ
အကာအရံတံတိုင်းအဆင့်ဆင့်နဲ့ 
မနှင်းဆီတစ်ပွင့်တည်းဖတ်ဖို့ ကဗျာ
ကျွန်တော်ကမနှင်းဆီအတွက်မြေသြဇာပေါ့
ပူပန်မှုတွေနဲ့ ဝေးရာ
မနှင်းဆီမွှေးမြစံပျော်ပါ
မနှင်းဆီချမ်းမြေ့သာယာပါ
မနှင်းဆီရယ်
အခုလို
ခံစားချက်ကင်းမဲ့တဲ့မျက်နှာတစ်ခုရဖို့ 
ခံစားချက်တွေအပြည့်အနှက်နဲ့ 
အသက်ဆက်ခဲ့ရတာပါ
မနှင်းဆီကို
အပေါ့ပါးဆုံးပြုံးပြနေမှာပေါ့
ဘာမှမဖြစ်ခဲ့သလိုပဲ မှတ်ပါ
ဘာမှမဖြစ်တော့ဘူးလို့ လည်း မှတ်ပါ
တကယ်တော့
မျက်ရည်တွေကရယ်ရပါတယ်ဗျာ
ကျွန်တော်အပျော်ဆုံးလွမ်းနေမှာပေါ့
ဒါသည်ပင်
မနှင်းဆီတစ်ပွင့်တည်းဖတ်ဖို့ ပေါ့
မနှင်းဆီကိုကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတာ
တစ်လောကလုံးသိရင်သိပါစေ
မနှင်းဆီမသိလိုက်လေနဲ့ 
မနှင်းဆီကိုခဏလေးဆုံရပေမဲ့
မနှင်းဆီကို အကြိမ်ကြိမ်
ခွဲခဲ့ရ လွဲခဲ့ရပေမဲ့
ဘယ်တော့မှ
မနှင်းဆီ့အရိပ်ကမလွတ်မြောက်တော့သူမှာ
မနှင်းဆီဖတ်ဖို့ ကဗျာတွေနဲ့ လေ
တအားကြီးဟာသမြောက်နေမလား
မနှင်းဆီပွင့်လေရာဘဝတိုင်း
ကျွန်တော့်ကဗျာတွေအမြဲရှိနေမှာ
အိပ်မက်ပါ
မျက်ရည်လွယ်သူရဲ့အိပ်မက်ပါ
မနှင်းဆီအချိန်မီနိုးထပါ
မနှင်းဆီတစ်ပွင့်တည်းပွင့်ဖို့ 
ကျွန်တော်ဘယ်နှခါသေခဲ့သလဲ
အိပ်မက်ပါ
မနှင်းဆီအချိန်မီနိုးထပါ
မနှင်းဆီတစ်ပွင့်တည်းဖတ်ရန်ကဗျာ
ဖတ်ပြီးတဲ့အခါ
မနှင်းဆီမဖတ်ခဲ့ဘူးလို့ မှတ်ပါ
အိပ်မက်ကိုစွန့် ပြီးနိုးထပါ
မိုးပန်းလေးတွေကြားဖူးငုံပါ
လောကအတွက်မနှင်းဆီဆက်ပွင့်ပါ
မောင်မယ်တူရွှေလက်တွဲနွှဲပျော်မယ့်
ချစ်လှစွာသောမနှင်းဆီကို
ငေးကြည့်နေတဲ့ကဗျာလေး
မနှင်းဆီနင်းချေဆက်လျှောက်ပါ
ကျွန်တော်ရေးသားဆက်သွင်းသမျှ
မနှင်းဆီတစ်စစီနင်းချေဖို့ 
နားနဲ့ မနာဖဝါးနဲ့ နာ
မနှင်းဆီတစ်ပွင့်တည်းဖတ်ဖို့ ပါ
မနှင်းဆီရေ
ကျွန်တော့်ကဗျာလမ်းထက်မှာ
သွားလမ်းသာ လာလမ်းဖြောင့်ပါစေ။          ။
ဝိုင်ချို
(25-4-17)
No comments:
Post a Comment