တေးရေးဆရာ၊ ကဗျာဆရာ
နိုင်းနိုင်ရဲ့ကဗျာများစုစည်းမှု(၁၁)ပုဒ်
__________________________
အိပ်ရာဝင်ခြင်း
____________နိုင်းနိုင်
ငါက
ပေါင်မုန့်ကို ဖဲ့စားတယ်။
ငါက
မုန်တိုင်းတစ်ခုကို ကက်ကြေးနဲ့ ညှပ်ပြီး
အင်္ကျီချုပ်ဝတ်တယ်။
မုန်တိုင်းက
ငါ့ဦးနှောက်ကို တစ်စစီဆွဲဖဲ့ပစ်လိုက်တယ်။
အမှောင်ကို ကြောက်လို့
၁၅၀၀ဝပ်အားမီးသီးတစ်လုံးကို
ုမြိုချပစ်လိုက်တယ်။
ပြီးတော့
ငါ့ဦးခေါင်းထဲက မီးခလုတ်ကို ပိတ်ပစ်လိုက်တယ်။
နိုင်းနိုင်
***************************************
မပိုင်ဆိုင်ခဲ့သော ကမ္ဘာ
-----------------------------နိုင်းနိုင်
မင်း ဆံနွယ်ကြားမှ တိမ်တိုက်များ
မင်း မျက်ခုံးပေါ်က သက်တံ့များ
မင်း မျက်ဝန်းထဲက ကြယ်စင်များ
မင်း နှုတ်ခမ်းပေါ်က ပန်းပွင့်များ
ပိုင်ဆိုင်သူကမ္ဘာမြေရယ် ကိုယ် မဟုတ်ခဲ့ရပါ။
(၁၉၉၃)
****************************************************
ငှက်တစ်ကောင်ရဲ့ရေပြင်ညီ
_____________________နိုင်းနိုင်
မျဉ်းတစ်ပြေးစာနေ့စွဲများရဲ့
တစ်ဘဝစာ အနှေးပြကွက်။
ခန့်မှန်းတွေနဲ့သာ ကြီးထွားခဲ့ရတဲ့
အတိအကျ ဖြစ်ခဲ့ခြင်းများ
အားလုံးဟာ
ငါ့ရဲ့အတ္တစစ်စစ်ဖြစ်ခဲ့ရင်တောင်မှ
ငါ့မှာ
အတောင်ပံရှိလျက် မပျံနိုင် ။
*********************************************
အချစ်
-----------------နိုင်းနိုင်
အချစ်ဆိုတာ
အဆုံးမရှိတဲ့ ကျောင်းတက်ခေါင်းလောင်းသံများ။
အချစ်ဆိုတာ
ခရမ်းရောင်ပန်းကမ္ဘာစက်ဘီးကလေး။
အချစ်ဆိုတာ
အသံချိုတဲ့ အနောက်တိုင်းကျေးလက်သီချင်း။
အချစ်ဆိုတာ
ထွန်ယက်ပြီးစ မြေတစ်ကွက်။
အချစ်ဆိုတာ
ထင်းရှူးရနံ့ပါတဲ့ ချိုချဉ်လေးများ။
အချစ်ဆိုတာ စကားမပြောဖြစ်တဲ့ ခရီးသွားဖော်။
အချစ်ဆိုတာ
အသေရဲတဲ့ ကွန်မန်ဒို ။
အချစ်ဆိုတာ
စေ့စပ်ညှိနှိုင်းလို့မရတဲ့ ဆွေးနွေးပွဲ။
အချစ်ဆိုတာ
တစ်ဘ၀လုံးခွဲခွာခါနီးအထိ ဟန်ဆောင်ကောင်းကြသူများ။
နိုင်းနိုင်
***************************************************
လက်ဖက်ရည်ဆိုင်
-------------------------------နိုင်းနိုင်
နေ့စွဲတခု
နံရံပေါ်ကလျောကနဲပြုတ်ကျသွား
ပြီးရင်
စီးကရက်တလိပ်သောက်မယ်
လက်ဘက်ရည်တခွက်သောက်မယ်
ရှိပြီးသားတေးသံတွေကိုတော့
ပျောက်မသွားစေနဲ့
အဝေးကိုလွင့်သွားမှာစိုးသမို့
အထိတ်တလန့်မြို့ကြီးနဲ့
ရွာပြီးသားမိုးတိမ်အခွံတစ်ခုကိုတော့
မီးခိုးတွေနဲ့ပူးချည်ပစ်လိုက်တယ်
**********************************************
သတိရခြင်း
-------------------နိုင်းနိုင်
ငါမတောင်းဆိုပဲရလိုက်တဲ့
ငါ့ရဲ့အချိန်များထဲ
(ငါ့ကိုပြန်သောက်သွားတဲ့
ဝိုင်တပုလင်းထဲ )
ငါမစားလိုက်ရတဲ့ ရေခဲမုန့်တစ်ခု
ဖြစ်ပြီး
မင်းဟာ…
ငါမကြည့်လိုက်ရတဲ့ မှန်တစ်ချပ်ဖြစ်ခဲ့တယ်
၁၉၉၃
ရုပ်ရှင်တေးကဗျာ
***********************************************
ဖြောင့်ချက်_၉၃
_______________နိုင်းနိုင်
တိမ်တွေက
ကမ္ဘာဖျက်မိုးကို မရွာဘူး
ကမ္ဘာသစ်မယ့်မိုးကို ရွာခဲ့ကြတယ်။
ငါခိုးယူုခဲ့တဲ့တိမ်တိုက်တွေကြောင့်
ငါ့ကို အငြိုးမထားနဲ့
ဒေါမာန်ပြင်းတဲ့မြစ်ရေ...
ငါခိုးယုခဲ့တဲ့တိမ်တိုက်တွေကြောင့်
ငါ့ကို အငြိုးမထားနဲ့
ပူပြင်းလှတဲ့နေခြည် ။
ပန်းနုရောင်
အနီရောင်
အဝါရောင်
နေ့တစ်နေ့ရဲ့ရောင်စုံဆလိုက်များ
လျပ်ရောင်တဝင်းဝင်းနဲ့
မြို့တစ်မြို့ပေါ်
ထစ်ချုန်းရွာခဲ့ပုံများ
ဥတုသုံးပါးမှော်ဆရာရဲ့ ပြုစားချက် ။
ငါ ခိုးယူခဲ့တာက
ဖြူလွလွ တိမ်တစ်အုပ်မျှသာ....။
.
**************************************************
လူရွှင်တော်
--------------နိုင်းနိုင်
ကိုချစ်စရာရဲ့
လူရွှင်တော်ကြီးများစာအုပ်
ဖတ်တော့
ပျက်လုံးတွေက
ရယ်ရတယ်
ဘဝတွေဟာ
ငိုရတယ်
ဘာထူးလို့လဲ
ငါတို့လည်း
ရယ်စရာစကားတွေပြောရင်း
ငိုခဲ့ရတဲ့ဘဝတွေ ။
.
**************************************
စပ်မိစပ်ရာ ငါ့ကဗျာ
------------------------------နိုင်းနိုင်
နာရီလက်တံတွေ ရပ်သွားမှ
သူ့ နှုတ်ခမ်းကြားက ရေတံခွန်လို တိုးထွက်လာတယ်
စကားက နှစ်ခွန်းထဲ
" ရှင် နကောင်းရဲ့လား"
"ကိုယ့် ဒုက္ခကိုယ် မရှာချင်ပါတော့နဲ့"
ငါ့အတွက်
တစ်ဘဝစာလုံလောက်ပါတယ်
*******************************************
ကဗျာ
----------------နိုင်းနိုင်
တစ်ညလုံးပါပဲ
လဝန်းလေးကို
စကားလုံးတွေနဲ့ မျှားယူဖို့ ကြိုးစားခဲ့သူ
မိုးလင်းတော့
ချိတ်မှာမိနေတာ……
သူ ကိုယ်တိုင်ပေါ့ ။
*****************************************
အန်စာတုံး
-----------------နိုင်းနိုင်
ကျူ ဗစ်ကစားနည်းတစ်ခုလို
ညှိယူဖို့ ကလည်း
အချိန် မရှိတော့ပါဘူးတဲ့။
လူတစ်ချို့ အတွက်သာပဲ
သူ့ ခန္ဓာတစ်ခုလုံး
ဒလိမ့်ခေါက်ကွေးလဲပြိုခဲ့ရ
သူ့ ကိုယ်ပေါ်ကဂဏန်းတွေ
ပြန်ဖတ်ဖို့ တော့ သူ့ မှာ
မျကစိမပါခဲ့ သူ့ မှာမျက်စိမပါကြောင်း
ပြောပြဖို့ လည်းသူ့ မှာပါးစပ်မပါခဲ့ ။ ။
.
နိုင်းနိုင်
No comments:
Post a Comment