နန္ဒာစိုး(ဆင်ဖြူကျွန်း)
(၁)
'မဟေသရ'နတ်မင်းကြီး၏စိတ်အာရုံသည် အထူးပင် နောက်ကျိညစ်ညူးလျက်ရှိသည်။ ထို့ကြောင့် မိမိ၏ ဗိမာန်တော်အတွင်း၌ ဟိုမှသည်မှ လူးလာခေါက်တုံ့ လျှောက်လျက် အမျိုးမျိုးသော အတွေးအကြံအစည် တို့ကို ထုတ်နေမိလျက်ရှိ၏။ သို့သော် အချိန်တွေသာ ကြာသွားသည်။ ရလာသောအဖြေက တစ်ခုတည်းသာ ဖြစ်နေ၏။ အခြား မဟုတ်။ မိမိနှင့် တန်းတူယှဉ်ဘက် ဖြစ်လာသည့် ပြိုင်ဘက် ဆိုသူကို ပြတ်ပြတ်သားသား အလဲအကွဲ တိုက်ဖျက်နှိပ်ကွပ်ပစ်ဖို့သာရှိသည်ဆိုသော အဖြေပင်။
ဟုတ်၏။ သည်အဖြေကလွဲ၍ အခြားမရ။
(၂)
စင်စစ်တော့ ဤပြဿနာသည် တစ်ခုသောရက် တွင် မိမိဗိမာန်တော်သို့ နတ်သားငယ်တစ်ပါးရောက်ရှိ လာခဲ့ပြီး ထူးခြားသောသတင်းတစ်ပုဒ်ကို ပေးသွားပြီး လေကတည်းက စလာခဲ့သောပြဿနာဟုဆိုရမည်။ ဟုတ်ပါ့။ သခွပ်ပင်က မီးတကျီကျီဆိုသလိုပဲ။ အဲဒီ ကတည်းက မိမိမှာစိတ်အာရုံ ညစ်ညူးခဲ့ရခြင်းဖြစ်သည်။ ထိုသတင်းကို လာပေးသော နတ်သားငယ်သည်လည်း မိမိကို ကိုးကွယ် အားထား ဆည်းကပ်ခဲ့ရသော မိမိ၏ လက်အောက်ခံနတ်သားငယ်တစ်ပါးမျှသာ ဖြစ်သည်။
သို့သော်သူပေးလာသောသတင်းကတော့ မိမိကို တုန်လှုပ် ချောက်ချားသွားစေနိုင်ခဲ့တာ အမှန်ပင်။ သာမန် နတ်သားငယ်တစ်ပါးက လာပေးသောသတင်းဆိုသည့် တိုင် ငယ်သာငယ် အစွယ်နှင့်ဆိုသော အကြောင်းအရာ မျိုးဖြစ်ချေ၏။
ကဲ . . .နားသာစွင့်ကြည့်လိုက်ပေရော့။
"အရှင် မဟေသရနတ်မင်း၊ အရှင် သိပါ ကြားပါ လေစ။ ယခုအခါ လူတို့ပြည်၌ တောထွက်၍ တရား ကျင့်ခဲ့သော သိဒ္ဓိတ္ထမင်းသားသည် ဂေါတမဗုဒ္ဓအမည် ခံယူ၍ ဘုရားစင်စစ် ဖြစ်တည် ပွင့်ထွန်းတော်မူလာခဲ့ ပါပြီ။ ထို့ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့ သည် ထိုဂေါတမဗုဒ္ဓဘုရားရှင်ကိုသာ ကိုးကွယ်ရာအစစ် ဟု ယုံကြည်ကိုးကွယ် ဆည်းကပ်ကုန်ကြပြီ ဖြစ်ပါသည်။ ထို ဂေါတမဗုဒ္ဓဘုရားရှင်သည် လူတို့ရပ်ရွာဝယ် ပြိုင်ဘက်မရှိ ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသည်ဟုလည်း သတင်းမွှေးပျံ့ ကျော်စောနေပါပြီ အရှင်နတ်မင်းကြီး ဘုရား" တဲ့။
ကြည့်စမ်းကြဦးတော့။ အဘယ်မျှ မခံချိမခံသာ ဖြစ်ဖွယ်ကောင်းသောသတင်းပေနည်း။ အသည်းကို အပ်ကလေးနှင့် ကလိကလိဆွနေသကဲ့သို့သော သတင်း။ ထိုသတင်းသည် မိမိ၏ တရှိန်ရှိန်ကြီးမြတ်စွာ အညွန့် တလူလူရှိနေသော ဘုန်းတန်ခိုးအာနုဘော်ကို သရော် လှောင်ပြောင်ကျီစယ်လာသကဲ့သို့ရှိသည်ဟု ခံစားရစေ ၏။ ထို့ကြောင့် မိမိ၏နောက်ကြောင်းအတ္ထုပ္ပတ္တိကို ပြန်လည်ဆင်ခြင်ကြည့်မိတော့ ပို၍ပို၍ပင် မခံချင်စဖွယ် ဖြစ်လာရချေသေးတော့သည်။ ဘယ့်နှယ် ကိုယ်ကလည်း အစဉ်အလာနှင့်ပဲလေ။
'မဟေသရ'မည်သော မိမိသည် ဇမ္ဗူဒိပ်ကျွန်း၌ ရှိကြကုန်သော ဘုမ္မစိုး၊ ရုက္ခစိုးအစရှိသော နတ်အမျိုးမျိုး တို့ကို ပိုင်စိုးအုပ်ချုပ်ရသော နတ်မင်းအကြီးအမှူးပင် မဟုတ်တုံလော။ မိမိသည် ကမ္ဘာဦးအစကပင် ဟိမဝန္တာ တောအတွင်းရှိ မန္ဓာဂီရိ မည်သောတောင်၌ နတ်မင်းကြီး ဖြစ်လာခဲ့သူ မဟုတ်တုံလော။ သတ္တဝါအားလုံးသည်ပင် တန်ခိုးအာနုဘော်ကြီးမြင့်သော မိမိကိုသာ ပူဇော် အားထားကိုးကွယ်လာကြရသည် မဟုတ်တုံလော။ မှန်သည်။ ဤအကြောင်းခြင်းရာသည် အိပ်မက်မဟုတ်။ ဒဏ္ဍာရီမဟုတ်။ မှန်သမှ 'မှန် မှန် မှန် မှန်' မြည် နေသောအကြောင်း ဖြစ်ခဲ့၏။ ထို့ကြောင့် မိမိကလည်း ထိုအမှန်တရားကို အကြောင်းပြု၍ ဝင့်ကြွားဂုဏ်ယူစွာ ကြွေးကြော်ခဲ့ဖူးသည်။
"ငါသည် ဤမည်သောဌာန၌ နတ်အစုအဝေးကို ဖြစ်စေလိုသော် ဖြစ်လာကြရသည်။ လူတို့၏မြို့ရွာများ ကိုဖြစ်စေလိုသော် ဖြစ်လာကြရ၏။ ထို့ကြောင့် ငါသည် လောကကို ပြုပြင်ဖန်ဆင်းနိုင်၏။ လောက၏ကောင်းကျိုး မကောင်းကျိုးတို့ကို ဆန္ဒရှိတိုင်း ပေးနိုင်၏။ ဤလောက ကို ငါသာလျှင် အစိုးရ၏။ ငါ့ထက် ဘုန်းတန်ခိုး အာနုဘော်ကြီးမြင့်သောသူသည် ဤလောကတွင် မရှိ။ ဤလောကတွင် ငါသာလျှင် အကြီးမြတ်ဆုံးဖြစ်တော့ သည်" ဟု။
ထိုကြွေးကြော်သံကိုလည်း အများကပင် လက်ခံ သဘောတူညီခဲ့ကြသည်သာဖြစ်၏။ အင်း . .တစ်နည်း အားဖြင့် သူတို့လည်း ထိုကြွေးကြော်သံကို မယှဉ်ပြိုင် နိုင်ကြ၍ ဖြစ်ကောင်းဖြစ်ခဲ့မှာပေါ့လေ။
အခုတော့ ကြည့်စမ်း . .
လူ့ပြည်တွင် ပွင့်ထွန်းတော်မူလာသည် ဆိုသော ဂေါတမဗုဒ္ဓဘုရားရှင် ဆိုသူကြောင့် မိမိ ကြွေးကြော် ချက်မှာ ချောင်းထဲ မြစ်ထဲ မျှောချရမလိုလိုကိန်းဆိုက် လာခဲ့ရပြီ။ သူ့ခြိမ်းခြောက်မှုက တယ်အင်အားကြီးပါ ကလား။ သို့ကလို အချည်းနှီးတော့ အဖြစ်မခံနိုင်။ ထည်ဝါခဲ့သော ကိုယ့်သမိုင်းမှတ်တိုင်ကြီးက အခုမှပဲ ဘုံးဘုံးလဲရတော့မလိုလို။
ကိုင်း . . .သည်တော့ ဘာလုပ်မလဲ။ လုပ်စရာက တော့ ဘယ်လိုတွေးတွေး တစ်ခုပဲ အဖြေရနေသည်။ ထိုဗုဒ္ဓဘုရားရှင် ဆိုသူကို ဘက်ပြိုင်တိုက်ခိုက်ပစ်ရန်၊ ချေမှုန်းပစ်ရန်မှတစ်ပါး အခြားအဖြေမရှိ။ မဟေသရ နတ်မင်းကြီးသည် ထိုအဖြေအတိုင်းပြုရန်ကိုသာ ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်လေသည်။ တွေ့ကြ သေးသပေါ့ ဗုဒ္ဓ။ သင်နှင့်ကျွန်ုပ် အဟုတ်ကို တစ်ကွေ့ကွေ့ တွေ့ကြဦးမည်။
(၃)
စောင့်စားနေခဲ့သော အခွင့်အခါကား ပေါ်ပေါက် လာခဲ့ချေပြီ။ စေတမန်အထောက်တော်အဖြစ် တာဝန် ပေးအပ်ထားခဲ့သော နတ်သားငယ်က တစ်နေ့မှာ လာရောက်လျှောက်ကြားသတင်းပို့ခဲ့ပြီ မဟုတ်လား။
"ဗုဒ္ဓဘုရားရှင်ဂေါတမဟာ ကပိလဝတ်ပြည်အနီး တောအုပ်ကြီးအတွင်း၌ တရားပွဲသဘင်ကို ယနေ့ကျင်းပ ဟောပြောပါလိမ့်မယ်၊ အရှင်မဟေသရနတ်မင်းကြီး ဘုရား။ နတ်ဗြဟ္မာအပေါင်းကလည်း တရားနာ သွား ကြဖို့ ပြင်ဆင်နေကြပြီလို့သိရှိရကြောင်းပါ" တဲ့။
အဘယ်မျှ တာဝန်ကျေပွန်သော မိမိတပည့်ကျော် နတ်သားငယ်ပေနည်း။ သင်းကလေးကို ကျေးဇူးတင် ရ၏။
"ဟေ . .ဟုတ်ကလား၊ ကြိုက်လိုက်ပလေ အချင်း နတ်သားရယ်၊ ဒါဟာ ငါ့အတွက် အခွင့်အခါကောင်း ပေါ်ပေါက်လာခြင်းပေပဲကွဲ့၊ သူ့ကို ကိုးကွယ်ဦးခိုက်ကြ မယ့် ပရိသတ်ရဲ့ရှေ့မှာတင် သူဟောပြောမယ့် တရား တွေကို ငါက အန္တရာယ်ပြု နှောင့်ယှက်ရမှာပဲဟေ့။ ဒါဆိုရင် ကျော်စောပျံ့လှိုင်နေတဲ့ သူ့ဂုဏ်သတင်းတွေ လည်း တစ်ချီတည်းနဲ့ ပျက်ကရောပေါ့ကွယ်။ တရား အန္တရာယ်ပြုမယ့် ငါ့ကို သူ ဘယ်လိုတန်ခိုးအာနုဘော် နဲ့ ကာကွယ်တားဆီးနိုင်မလဲဆိုတာကို ကြည့်ကြသေး တာပေါ့၊ ဪသာ် . .သနားလိုက်ပါဘိသေးတော့ ဂေါတမ ဗုဒ္ဓရယ်"
မဟေသရနတ်မင်းကြီး ကျေနပ်စွာ ကျူးရင့်လေ သည်။ ပြီးနောက် ဂေါတမဗုဒ္ဓ၏တရားပွဲကို နှောင့်ယှက် ရန် နည်းလမ်းအဖုံဖုံကို ဥာဏ်နီဥာဏ်နက်ရောင်စုံထုတ် ၍တွေးတောကြံစည်လေတော့သည်။
ဟုတ်ပြီကွ။ လူတို့သည် ရယ်မော ရွှင်ပျရသော 'ဟဿဟဒယ' အာရုံအဖုံဖုံကို ခင်တွယ် နှစ်သက်ကြ သည်ချည်းဖြစ်၏။ ထို့ကြောင့် လူတို့ပြည်ဝယ် သဘင် သည် ဟာသပညာရှင်များသည် လူတို့၏ချစ်ခင်ရင်းနှီး အလေးထားမှုကို ခံယူနေကြရသည် မဟုတ်ပါလား။ သို့ဆိုလျှင် ထိုတရားနာပရိသတ်ကြီးအားလုံး သည်းသည်းလှုပ်မျှ မရပ်မနား တသောသောရယ်မော နေကြမည်ဆိုလျှင် ထိုဗုဒ္ဓ၏တရားပွဲသည် ဧကန် ပျက်ကို ပျက်ရမည် ဖြစ်၏။ ထို့ကြောင့် တရားပွဲရှိ ပရိသတ် အများ ရယ်ရွှင်ဖွယ်ဖြစ်အောင် ငါစွမ်းဆောင်မည်ဟု အကြံရလေ၏။ ကိုယ်လည်း သိပ်မပင်ပန်း။ အဟမ်း အဟမ်း သူလည်း ပွဲပျက်ကရော။ အဲဒါမှချောလို့။ ကဲ မကောင်းပေဘူးလား။
မဟေသရနတ်မင်းကြီးသည်လည်း သူ၏အကြံ အစည်အတိုင်းပင် အကောင်အထည်ဖော်လေသည်။
ပထမ သူ့ခန္ဓာကိုယ်တွင် ဘယ်လိုမှအချိုးမကျသည့် ဖြူနီကြောင်ကြား ဆန်းပြားသောအဝတ်တန်ဆာတို့ကို ဆင်ပြင်ဝတ်ဆင်လိုက်လေ၏။ ပြီးနောက် ကြီးမားစွာ သောမြွေကြီးတစ်ကောင်ကို ဦးခေါင်း၌ရစ်ပတ်စေလိုက် သည်။ ဘယ့်နှယ် တောက်ပြောင်စွာ အသရေခံမည့် ခေါင်းပေါင်းကျော့ကျော့နေရာတွင် လူတကာမြင်ရုံနှင့် အသည်းတုန်ချောက်ချားဖွယ် မြွေကြီးတစ်ကောင်ကို ရစ်ပတ်ထားတာကိုက 'ဟာသ'မဟုတ်လော။ မြင်ရုံနှင့် ရယ်ဖွယ်လိလိဖြစ်စေမည်ပဲ။ ကြောက်လို့ထွက်ပြေးကြ လျှင်လည်း မြန်မြန်ပွဲပျက်မှာမို့ တစ်ပန်းသာတာပဲလေ။
သည်မျှနှင့်မကျေနပ်နိုင်သေး။ လက်နှစ်ဘက်တွင် လည်း ထော်လော်ကန့်လန့် ဖြစ်စေမည့် မြင်ကွင်းအလို့ငှာ မဟုတ်တာတွေချည်း ရွေးချယ်ကိုင်ဆောင်ပြလိုက် ရပေဦးမည်။ ထိုအတွေးကြောင့် လက်တစ်ဘက်က အိုးခြမ်းကွဲကြီးကိုကိုင်၏။ ဆုတံဆိပ်လိုလို ဘာလိုလို။ အိုးခြမ်းကွဲပါဆိုမှတော့ ဘယ်အဖွဲ့အစည်းကမှဂုဏ်ယူ ဝင့်ကြွားစွာပေးထားသော ဆုတံဆိပ်မဟုတ်မှန်း ကလေး ကအစ သိကြ၏။ သည်လောက်နှင့် မကျေနပ်သေး။ နောက်တစ်ဘက်က အိုးခြမ်းကွဲနှင့် ဘယ်လိုမှမသက် ဆိုင်၊ ဟပ်စပ်မရသည့် တံကျဉ်လက်နက်သုံးချောင်းကို ကိုင်စွဲ၍ ဘုရားရှင် တရားပွဲ ဟောပြောကျင်းပနေရာ တောအုပ်အတွင်းသို့ ဒေါင်းတိမောင်းတိခပ်တည်တည် ဖြင့် မြန်းခဲ့လေသည်။
ထိုနောက် တရားပွဲအနီးသို့ ပုံမကျပန်းမကျ အိုးနင်းခွက်နင်း အဆင်အပြင်တို့ဖြင့် ချဉ်းကပ်လာခဲ့၏။ မြတ်စွာဘုရားရှင်မူကား ထိုအချိန်တွင် တရားနာ ပရိသတ်အား မဟာသမယသုတ်တော်ကို ဟောပြော နေ၏။ မကြာပါချေ။ တရားပွဲ၏နံဘေးတွင်ရပ်လျက် လက် တစ်ဘက်တွင် အိုးခြမ်းကွဲကြီး၊ အခြားတစ်ဘက်တွင် တံကျဉ်လက်နက်သုံးချောင်းကိုင်စွဲလျက် ဦးခေါင်းတွင် မြွေသတ္တဝါကြီးကို ရစ်ပတ်ခေါင်းပေါင်းထားသည့်ပြင် ဖြူနီကြောင်ကြား အချိုးမကျအဝတ်တွေ ဆင်ယင်ထား သည့် မဟေသရနတ်မင်းကြီး ရောက်ရှိလာကာ ပရိသတ် ကြီးကို အဆီအငေါ်မတည့်သည့် ကကြိုးမျိုးစုံဖြင့် ကပြပါလေတော့သည်။ ဟန်ကျလိုက်လေ။ ဘယ် လက်မှတ်မှဝယ်စရာမလို။ အခုမှ တကယ့်အခမဲ့ဖျော်ဖြေ ပွဲ၊ သူ ကပြနေတာကိုလည်း အများကပင် မြင်ကြသည်။ ကြိုက်ပေ့။ ပုထုဇဉ်ဆိုတာက ဒါမျိုးကိုချောင်းနေတာ။ တရားပွဲထဲမှ အများစုသော ပရိသတ်သည် သူ့ထံသို့ ခေါင်းလှည့်လာကြကုန်၏။ ပြူးတူးပြဲတဲဖြင့် အားပါးတရ အခမဲ့အားပေးကြလေကုန်၏။
"အခြေအနေကတော့ သိပ်မဆိုးလှပါဘူး၊ ရာသီ ဥတုက ကိုယ့်ဘက်ကိုမဲတင်းသားဟဲ့" ဟု သူသဘောကျ သွား၏။ တရားပွဲပရိသတ်ဆီမှ တသောသော ရယ်မော သံတွေထွက်လာ၏။ ထို့ကြောင့် ထပ်မံ၍ကသောင်း ကနင်းနိုင်လှသော ဆပ်ပြာသည် လင်ပျောက်သလိုလို ရွာသူရွာသားပစ္စည်းမှန်သမျှ ဘုံးထားသောသူကြီး ရွှေထုပ်ပျောက်သလိုလို အူတူတူ အရူးကွက်နင်း အက တို့ကို အရှက်ကမ်းကုန် ကပြ၏။ ပရိသတ်ထံမှသည်းသည်း လှုပ်သော မစဲသည့်ရယ်သံတွေတော့ ထွက်လာပါ၏။ သို့သော် ခက်လိုက်ပုံက တရားပွဲမပျက်ခြင်းတည်း။
မြတ်ဗုဒ္ဓသည် သူ ဟောလက်စ တရားကို အရှိန် မပျက် ဆက်ဟောနေတာပဲဖြစ်သည်။ ဘာတုံးကွယ်။ ဘယ်လိုဖြစ်တာတုံး။ သည်နေရာမှာ တစ်ခုခုတော့မှား နေပြီဟု သူသိလိုက်၏။ ထို့ကြောင့် အခမဲ့ကပြနေခြင်း ကို ရပ်တန့်လိုက်ကာ အခြေအနေကိုပြန်လည်သုံးသပ် စူးစမ်းကြည့်ရ၏။ သည်မှာပင် ကြိုတင်မျှော်လင့်မထား ခဲ့မိရသောအဖြေကို သူဝမ်းနည်းစွာ သို့မဟုတ် မခံချင် စွာ ရရှိလိုက်လေသည်။
လက်စသတ်တော့ မိမိ၏ကပြနေခြင်းကို တသော သော ရယ်မောနေကြသူတွေမှာ ပုထုဇဉ် လူပရိသတ် နှင့် မနေ့တစ်နေ့ကမှ ကံအားလျော်စွာ နတ်ဖြစ်လာကြ သော အငယ်တန်းစား သာမန်နတ်ပရိသတ်မျှသာ ဖြစ် နေပါရောလား။
အရိယာသာဝက ဖြစ်ပြီးကြသူများကား လူရော နတ်ရော တုပ်တုပ်မျှမလှုပ်။ စိုးစဉ်းမျှ ဖောက်ပြန် တုန်လှုပ်ခြင်းမရှိ။ လေပြည်လေညင်းကို ရှိသည်ဟု မှတ်ယူပုံမရသော ကျောက်ဆောင်ကြီးများကဲ့သို့ ပကတိ တည်ကြည်ငြိမ်သက်စွာ ဗုဒ္ဓ၏တရားတော်ကို နာယူ နှလုံးသွင်းလျက်ရှိနေကြသည်ကို တွေ့ရလေတော့သည်။ ကြည့်စမ်း။ ဒါဟာ တကယ့်ကို အံ့ဩမင်တက်ဖွယ် မြင်ကွင်းတစ်ခု။ ပြောမယုံ ကြုံဖူးမှ သိရမယ့် ဖြစ်ရပ်မှန် တစ်ခုပဲ။
မိမိသည် ဗုဒ္ဓ၏ တရားပွဲကို နှောင့်ယှက်ခြင်းငှာ မစွမ်းသာနိုင်တော့ကြောင်း ကိုယ့်ကိုယ်ကိုရိပ်စားမိလိုက် သောအခါ မဟေသရနတ်မင်းကြီးသည် အတော်ရှက် သွား၏။ လူတွေပြောကြသလို ကိုယ့်မျက်နှာကိုယ် ဓား နှင့် လှီးပစ်ရတော့မလိုလို။ နေပေစေ။ ကိုယ်က လူမှ မဟုတ်သေးတာ တော်သေးရဲ့။ သည်တော့ ခပ်တည်တည် ပေါ့ဟု ကိုယ့်ဘာသာကိုယ် မာန်တင်းလိုက်ကာ တရား နာလိုစိတ်မရှိသော်ငြား နတ်အများကဲ့ရဲ့ခြင်းက လွတ် လျှင် ပြီးစတမ်းဟူသောသဘောဖြင့် ပရိသတ်နောက် ပါးမှဝင်ကာ တရားနာလေသည်။
ထိုညက ဘုရားရှင်ဟောကြားအပ်သော ဒေသနာ တော်အဆုံးဝယ် ရှစ်သောင်းလေးထောင်သော သတ္တဝါ ဝေနေယျတို့ 'ဓမ္မာဘိသမယ' ကို ရကြကုန်လေသော် လည်း မဟေသရနတ်မင်းကြီးမူကား အဘယ်တရား ထူးမျှ မရလိုက်။ သူရရှိလိုက်သည်ကား 'အရှုံးနှင့်ပြန် လှည့်လာခဲ့ရခြင်း' ဟူသော အရှက်တရားနှင့် 'နောက် တစ်ကြိမ်တွေ့ကြသေးတာပေါ့ ဗုဒ္ဓရယ်' ဟူသည့် မခံချိ မခံသာဒေါမနဿတို့သာ . . .။
(၄)
ကိုင်း- အခုမှတော့ မထူးတော့ပါဘူးလေ။ တစ်ရှက် ကနေ နှစ်ရှက်ကွဲလည်း ခံမနေတော့ပါဘူး။ ကိုယ်က သူ့ကိုပစ်မှတ်ထားတိုက်ခိုက်ပြီဆိုပါမှတော့ သူနှင့် ထိပ်တိုက်ယှဉ်ဘက်တုပြိုင်ကာ သူနိုင်ကိုယ်နိုင် အသား ကုန်ရေကုန်ရေခန်း နွှဲလိုက်ကြတာပဲ ကောင်းမည်ဟု မဟေသရနတ်မင်းကြီး မှတ်ချက်ချလိုက်သည်။ ယခင် တစ်ခါ သူ တရားပွဲသွားဖျက်သလို နံဘေးကနေ သွယ်သွယ်ဝိုက်ဝိုက် လုပ်မနေတော့ဘဲ ဗုဒ္ဓဘုရားရှင်နှင့် တိုက်ရိုက်ရင်ဆိုင်လိုက်မည်ဟု အခိုင်အမာသန္နိဋ္ဌာန်ချ လိုက်၏။ ထို့နောက် အခါအခွင့်ကို ချောင်းမြောင်း ငံ့လင့်နေခဲ့ရာ များမကြာမီပင် အခွင့်အခါပေါ်လာရပြန် လေ၏။
တကယ့်ကို ဟန်ကျနေရာကျပေပြီ။ ထိုနေ့ကား ဘုရားရှင်သည် ဟိမဝန္တာသို့ ကြွမြန်းတော်မူ၍ နံ့သာ တော၌ ရေသန့်စင်တော်မူမည့်နေ့ဖြစ်၏။ အခွင့်ချောင်း နေသော မဟေသရနတ်မင်းကြီးသည် ဘုရားရှင် ရေ သန့်စင်တော်မူနေစဉ်၌ပင် အချိန်ကိုက်ရောက်ရှိအောင် တစ်ချိုးတည်းသွားရောက်လေ၏။
ရောက်ရှိသွားသည် နှင့် မူလက ဆုံးဖြတ်ချက်အတိုင်း ဝေ့ဝိုက်မနေဘဲ တိုက်ရိုက်ပင် ဘုရားရှင်အား လျှောက်ထားကာ တိုက်ပွဲ ဖွင့်ပါလေတော့၏။ သူ၏စိန်ခေါ်ချက်က အတော် ကလေး ကလားနိုင်၏။ သို့သော် မလိုချင်ဘူး။ ကလေးကလား တွေ၊ သူငယ်နှပ်စားတွေက အရေးမကြီး။ ကိုယ်ကနိုင် ဖို့သာ အရေးကြီးသည်ဟု စိတ်တုံးတုံးချထားလေတော့ တွေ့သည်နှင့် အရေးဆိုလျှောက်ထား၏။
"အရှင်ဂေါတမ၊ အရှင်မြတ်ဟာ လူတိြု့ပည်ရွာ နယ်ပယ်မှာ ဘက်ပြိုင်နိုင်သူမရှိအောင် ဘုန်းတန်ခိုး ကြီးလှတယ်ဟုကျော်စောသလို ကျွန်ုပ်ကလည်း ဇမ္ဗူဒိပ်ကျွန်းရှိ နတ်အပေါင်းတို့မှာ မည်သူကမှ လာရောက် မတုဘက်နိုင်အောင် ဘုန်းတန်ခိုးနှင့်ပြည့်စုံတဲ့ နတ်မင်းတစ်ပါး ဖြစ်ပါတယ်။ အခု အရှင်နှင့်ကျွန်ုပ်တို့ ဘုန်းတန်ခိုးချင်း ယှဉ်ပြိုင်ကြဖို့လာခဲ့ခြင်းဖြစ်ပါတယ်။ အရှင်ရဲ့ဘုန်းတန်ခိုး စွမ်းပကားအတိုင်းအဆကို ကျွန်ုပ် သိလိုပါတယ် အရှင်ဂေါတမ"
ထိုအခါ ဘုရားရှင်က ဥာဏ်တော်ဖြင့် ဆင်ခြင် ကြည့်တော်မူသော် ဤနတ်မင်းသည် မိမိ၏သာဝက တစ်ဦးဖြစ်လာမည်ကို မြင်တော်မူလေသည်။ ယခု ယှဉ်ပြိုင်မှုသည် အချည်းနှီးမဖြစ်။ အကျိုးရှိမည့်ယှဉ်ပြိုင် မှုသာဖြစ်သည်ဟု မြင်သိတော်မူ၍ မဟေသရနတ်မင်း၏ တောင်းဆိုမှုကို လက်ခံတော်မူလိုက်လေသည်။
"ကောင်းပြီ အချင်းရုဒြ၊အသင်က မည်သည့် နည်းလမ်းဖြင့် စမ်းသပ်ယှဉ်ပြိုင်လိုပါသနည်း"
"အရှင်ဘုရား၊ကလေးသူငယ်များ တူတူပုန်းတမ်း ကစားသကဲ့သို့ ရိုးရိုးကလေးသာ ဝှက်ပုန်း၍ယှဉ်ပြိုင်လို ပါသည်။ ရှာဖွေမတွေ့အောင် ပုန်းနိုင်သူက ဘုန်းတန်ခိုး ပိုမိုသာလွန်မြင့်မြတ်သူဖြစ်စတမ်းပါ ဘုရား"
ဤသည်ကား မဟေသရနတ်မင်း၏ စိတ်ကြိုက် ရွေးချယ်သည့်ပြိုင်ပွဲပုံသဏ္ဌာန်ဖြစ်၏။
"သည်လိုဖြင့် သင့်ဆန္ဒအတိုင်း သင်ကပဲ ရှေးဦး စွာ ပုန်းပါတော့။ ငါ ရအောင်ရှာဖွေပြပါအံ့"
"အရှင်ဘုရား၊ ကျွန်ုပ်စတင်၍ပုန်းပါမည်။ မျက်စိ ကို လက်ဖြင့် ပိတ်တော်မူပါလော့"
ဘုရားရှင်လည်း နတ်မင်းကြီး တောင်းဆိုသည့် အတိုင်း လိုက်လျောကာ မျက်စိကိုလက်တော်ဖြင့် ပိတ် ကွယ်ပေးလိုက်လေသည်။
တန်ခိုးအရာ၌မခေသော မဟေသရနတ်မင်းသည် သူ့ကိုယ်သူ ကိုယ်ရောင်ဖျောက်လိုက်၏။ ပြီးနောက် မြေကြီးအောက်သို့ငုပ်လျှိုးပြီးလျှင် သူ၏ခန္ဓာကိုယ်ကို ပရမာဏုမြူမျှ သေးမှုန်သိမ်မွေ့သောကိုယ်အဖြစ် ဖန်ဆင်း၏။ မြေကြီးအထုကိုလည်း အလွှာပေါင်း တစ်သိန်းမျှ လွှာလိုက်သေး၏။ ပြီးမှ ထိုအလွှာပေါင်း တစ်သိန်း၏အောက်ဆုံးအတွင်းဆုံးအလွှာကြားမှာ နေရာ ယူပြီးမှ "အရှင်ဘုရား၊ ကျွန်ုပ်ကိုရှာဖွေနိုင်ပြီ"ဟု အသံ ပြုလိုက်လေသည်။
ဘုရားရှင်တော်မူကား နတ်မင်းပုန်းအောင်းရာ နေရာကို သမန္တစက္ခုဖြင့်ကြည့်ရှု၍ မြင်တော်မူပြီးဖြစ် သည်။ ထို့ကြောင့် လက်ယာလက်တော်ဖြင့် မြေလွှာကို ယူ၏။ ထိုမြေလွှာကို လက်ဝဲဖဝါးတော်ပေါ်တင်လိုက်ပြီး မှ လက်ယာလက်ချောင်းတော်များဖြင့် အထက်မြေလွှာ များကို တစ်လွှာပြီးတစ်လွှာ ပယ်တော်မူ၏။ အောက်ဆုံး အလွှာကိုရောက်တော့မှ "အချင်းရုဒြ၊ ထလော့" ဟု မိန့်တော်မူလိုက်သည်။ ထိုဆင့်ခေါ်သံကို မဟေသရ နတ်မင်းကြီး ကောင်းစွာကြား၏။
သို့သော် နေရာက မထဘဲ ပေကပ်၍ဇွတ်ပုန်းနေလေသည်။ အဘယ့်ကြောင့် ဆိုသော် "ရဟန်းဂေါတမသည် ငါ့ကို တကယ် မြင်ခြင်း မဟုတ်ဘဲနှင့် မှန်းဆပြီး 'ထလော့' ဟု ခပ်တည်တည် ပြောနေခြင်းဖြစ်ရမည်" ဟု သံသယဝင်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်လည်း ထပ်မံ၍ မိန့်ြွမက် ဆင့်ဆိုတော်မူရပြန်လေသည်။
"အချင်းရုဒြ၊ သင် ဤကဲ့သို့သံသယဝင်မနေပါနှင့်။ ငါသည် သင်၏ကိုယ်လက်အင်္ဂါများကိုသာမက သင်၏ အူသိမ်အူမများကိုပါ အားလုံးမကျန် သိမြင်နေသည်။ သင်ပုန်းအောင်းရာမြေလွှာထု၏ အောက်ဆုံးကြားထဲက ယခု ထခဲ့လော့"
မြတ်စွာဗုဒ္ဓက သူပုန်းအောင်းနေရာ အတိအကျ မိန့်ဆိုလာပြီမို့ နတ်မင်းခမျာ မနေသာဘဲ ထလာခဲ့ရ လေတော့သည်။ သို့ရာတွင် မကျေနပ်ချေ။ ထို့ကြောင့် ရသမျှစောဒကတက်၍ ကန့်လန့်တိုက်ချေသေး၏။
"အရှင်မြတ်၊ အရှင်သည် အလွန်တန်ခိုးကြီးသည် ဆိုသည်ကို ကျွန်ုပ် ရိပ်စားမိပါပြီ။ ကျွန်ုပ်၏စိတ်အကြံ သံသယကိုပင် သိရှိနေပေသောကြောင့် ဖြစ်ပါသည်။ သို့သော် 'ယုံစား' ခြင်းသို့ မတိုင်သေးပါ။ 'ရိပ်စား' မိရုံ မျှသာရှိပါသေးသည်။ ယခုတစ်ခါ အရှင်ဂေါတမ ပုန်း ပါလော့။ ကျွန်ုပ်ရအောင် ရှာဖွေပြပါမည်"
"ကောင်းပြီ အရှင်ရုဒြ၊ ငါပုန်းမည်။ သင့်မျက်စိ ကို လက်ဖြင့်ပိတ်ပါလော့"
နတ်မင်းက ကတိအတိုင်း မျက်စိများကိုပိတ်လိုက် သည်နှင့် ဘုရားရှင်သည် မိမိကိုယ်ကို ပရမာဏုမြူ လောက်မျှ ဖန်ဆင်းပြီးလျှင် နတ်မင်း၏ မျက်စိနှစ်ဖက် အကြား၌နေ၍ "ရုဒြ၊ ငါ့အားရှာဖွေလော့" ဟု မိန့်တော် မူလိုက်လေသည်။
မဟေသရနတ်မင်းလည်း မျက်စိတို့ကိုဖွင့်၍ မိမိ ပတ်ဝန်းကျင်ကိုလှည့်လည်ရှာဖွေ၏။ မတွေ့။ ထို့ကြောင့် တောအုပ်အနှံ့ တောင်စောင်းများ လှိုဏ်ဂူများ လျှိုမြောင် ချောက်ကြား ရေဆုံးရေဖျားနေရာ အနှံ့ရှာဖွေ၏။ မတွေ့ပြန်ချေ။ ထို့ကြောင့် "ဤအရှင်ဂေါတမသည် လူ့ပြည်၌ ပုန်းဟန်မတူချေ" ဟု စိတ်အကြံဖြစ်လျက် ၄င်း၏ အဆုံးစွန်သော အာနုဘော်ကို အစွမ်းကုန်မျှ အသုံးချ၍ နဂါး၊ ဂုမ္ဘာန်၊ ယက္ခ၊ အသုရာပြည် စသည် တို့၌ မွှေနှောက်လေ၏။ မတွေ့ပြန်သော် နတ်ပြည်၊ ဗြဟ္မာပြည်များသို့တိုင် ဆက်လိုက်ပြန်၏။ ဤသို့လျှင် နေရာအသီးသီးတို့၌ ဆယ်ကြိမ်စီ လှည့်လည်ရှာဖွေ သော်လည်း ဘယ်မှာမှ မတွေ့ရတောချေ။ အမော သာအဖတ်တင်၏။ ထို့ကြောင့် လက်လျှော့လိုက်ရချေ တော့၏။
"အရှင်ဘုရား၊ ကျွန်ုပ်အရှုံးပေးပါပြီ။ ကျွန်ုပ်အား ပုန်းအောင်းရာမှ ထွက်တော်မူ၍ ထင်ရှားပြတော်မူပါ တော့ဘုရား"
ထိုသို့ဝန်ခံလိုက်တော့မှ ဘုရားရှင်လည်း မဟေသရ နတ်မင်း၏ မျက်မှောင်နှစ်ခုကြားမှ ဆင်းသက်ကြွလာ တော်မူ၍ (၃၂)ပါးသော ယောကျာ်းမြတ် လက္ခဏာ ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် ကိုယ်တော်ကို ထင်ရှားပြတော်မူလေသည်။
မဟေသရနတ်မင်းလည်း ထိုအခါကျတော့မှ ဘုရားရှင်ကို အတိုင်းမသိ ကြည်ညို သွားပြီးနောက် -
''အရှင်ဘုရား၊ ယနေ့မှစ၍ တပည့်တော်အား ဥပါသကာဟုမှတ်ယူတော်မူပါ။ အရှင်ဘုရားအား အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်ပါ၏" ဟု လျှောက် ထားကာ သရဏဂုံဆောက်တည်လေသည်။
မဟေသရ နတ်မင်းသည်ကား ဗုဒ္ဓဘုရားရှင်အား မူလက တန်ခိုးယှဉ်ပြိုင် အနိုင်ကြဲခဲ့ဖူးသော်လည်း သူကြည်ညိုမိသောအခါတွင်မူကား တားမနိုင် ဆီးမရ ဆိုရလောက်အောင် အူလှိုက်သည်းလှိုက် ဇွတ်တရွတ် ကြည်ညိုသော နတ်မင်းကြီးဖြစ်လေသည်။ ထို့ကြောင့်
"အရှင်ဘုရား ကျွန်ုပ်၏ နေရာ မန္ဓာဂီရိတောင် တော်တွင် လိုက်ပါသီတင်းသုံးတော်မူပါ။ တပည့်တော် ကျောင်းဆောက် လှူဒါန်း၍ ရာသက်ပန် အနီးကပ် ပြုစုလုပ်ကျွေးကိုးကွယ်လိုပါသည်ဘုရား" ဟု ဘုရားရှင် အားလျှောက်ထားကာ သူ၏နေရာသို့တစ်ပါတည်း ပင့်ဆောင်လာတော့၏။ သို့သော် ဘုရားရှင်က ခွင့်ပြု တော်မမူချေ။ ထိုအခါ မဟေသရနတ်မင်းက ထပ်မံ ၍ ဈေးဆစ်သလို လျှောက်ထားပြန်လေသည်။
"တပည့်တော်၏နေရာသို့ အရှင်ဘုရား လိုက်ပါ သီတင်းမသုံးနိုင်လည်း ရှိပါစေတော့ဘုရား၊ သို့သော် တပည့်တော်ကို အရှင်ဘုရား၏ရုပ်ပွားတော်မျှကိုတော့ ဖန်ဆင်း၍ ကိုးကွယ်ခွင့်ပြုတော်မူပါ ဘုရား"
ဤကား သူ၏နောက်ဆုံးတောင်းခံသော အခွင့် အရေးသာဖြစ်တော့၏။ ထို့ကြောင့် ဘုရားရှင်လည်း "ငါ၏အသွင်သဏ္ဌာန်ကိုစီမံ၍ ကိုးကွယ်ခွင့်ကို ငါ ပေးတော်မူပါ၏" ဟု အခွင့်ပြုတော်မူပါလေ၏။ မဟေသရ နတ်မင်းကြီးသည်လည်း ဘုရားရှင်ထံမှ ခွင့်တော်ရ လေလျှင် မန္ဓာဂီရိတောင်ဝှမ်း အလွန်ချမ်းမြေ့မွေ့လျော် ဖွယ်ရှိသောအရပ်၌ ရတနာခုနစ်ပါးတို့ဖြင့် ဆန်းကြယ် သော စုလစ်မွန်းချွန်အထွတ်များတင်၍ တန်ဆာဆင် အပ်သည့် ဂန္ဓကုဋိကျောင်းတော်ကို ဖန်ဆင်းလေ၏။
ဂန္ဓကုဋိတံခါး၌ ငွေဖြင့်ပြီးသော တံခါးမုခ်ဦးတို့ကို တပ်ဆင်သည်။ ပြီးသော် ထိုဂန္ဓကုဋိတိုက်တော်အတွင်း တွင် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်စွာသော ရုပ်ပွားဆင်းတုတော်ကို သက်ရှိ ထင်ရှားမြတ်စွာဘုရားနှင့်အလားတူစွာ စီမံဖန်ဆင်း၍ ထားရှိကိုးကွယ်လေသည်။
မဟေသရနတ်မင်းကား ဘုရားရှင်အား တန်ခိုး ဘက်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သော်လည်း အရှုံးထဲက အမြတ်ဆိုသလို အမြတ်တစ်ခုတော့ ရရှိခဲ့လေသည်။ အခြားမဟုတ်။ မြတ်စွာဘုရားရှင်၏ ရုပ်ပွားဆင်းတု တော်ကို ဤသို့စီမံထုလုပ်ကိုးကွယ်ခွင့်ရရှိခဲ့ခြင်းအမြတ် ပင် ဖြစ်တော့၏။ ဘုရားရှင်၏ သာသနာတော်ဝယ် ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် ရုပ်ပွားဆင်းတုတော် ကိုးကွယ်ခွင့်ကို ပထမဆုံး စတင်ရရှိခဲ့သူမှာ မဟေသရ နတ်မင်းကြီးပင်ဖြစ်ပေတော့သည်။
မြတ်ဗုဒ္ဓဂေါတမအရှင်၏ သာသနာတော်ဝယ် "ရုပ်ပွားဆင်းတု ကိုးကွယ်မှုအစ မဟေသရနတ်မင်း က"ဟု ဥဒါန်းတွင်ကျန်ရစ်ခဲ့ရခြင်းသည်ပင်လျှင် နတ် မင်းကြီးအဖို့ အရှုံးထဲက ရရှိလိုက်သော ပထမဆုကြီး တစ်ဆုဟု မှတ်တမ်းပြု ကမ္ဗည်းတင်ကြရတော့သည် မဟုတ်ပါလား။
ထိုမဟေသရ နတ်မင်းကြီးမှသည် အစချီခဲ့သောကြောင့်သာ သာသနာတော်၏ နှောင်း ကာလမှ တပည့်ဒကာတို့အဖို့ မြတ်ဘုရား၏ဆင်းတု တော် ကိုယ်ပွားတော်အရှင်မြတ်တို့ကို ဆည်းကပ်ပူဇော် ခွင့်ရခဲ့ကြသည်မဟုတ်ပါလား။
ထို့ကြောင့် မဟေသရနတ်မင်းကြီးအဖို့မူ ဘုရားရှင် အား တန်ခိုးချင်းပြိုင်ရာ၌ ခွက်ခွက်လန်ကျဆုံး ရှုံးနိမ့်ခဲ့ သည်ဆိုသည့်တိုင် နောင်လာနောက်သား ဗုဒ္ဓဘာသာ ဝင်များ၏ အကျိုးအလို့ငှာမူ တစ်ကွက်ချန် ပြောင်းပြန် လှန်၍ကြွေးကြော်နိုင်ခဲ့ပေလိမ့်မည်။ ဘုရားရှင်၏ ရုပ်ပွား တော်များကို ဆည်းကပ်ကိုးကွယ်ခွင့် ရရှိရေးတွင်မူ ဘုရားရှင်၏ ပထမဆုံးသောခွင့်ပြုချက်ကို တောင်းခံ ရရှိခဲ့သူဖြစ်သောကြောင့် အရှုံးထဲမှ ပထမဆုကို ရယူ နိုင်ခဲ့သူဟု မော်ကွန်းတင်ကြရမည် ဖြစ်ပါတော့သတည်း။
နန္ဒာစိုး(ဆင်ဖြူကျွန်း)
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ပေ့ဂ်ျကနေ ကူးယူပါတယ်။ ပေ့ဂ်ျကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့ (ကျော်ဇင်လတ်)
Shareby မွန်းလေးဖေဖေ
No comments:
Post a Comment