#ပိုင်စိုးဝေ
============
တစ်အိမ်တည်းနေသူ နှစ်ယောက် လမ်းပေါ်မှာ သွားတွေ့ကြသည်။
“ခင်ဗျားကို ကျုပ် လိုက်ရှာနေတာ”
သူ့မိတ်ဆွေ၏ စကားကို ပန်းချီဆရာက တစ်စုံတစ်ရာ ပြန်မမေးဘဲ လမ်းမဘက် ငေးပြီး ရပ်နေသည်။
“လာဗျာ၊ အိမ်မပြန်နဲ့ဦး၊ လမ်းလျှောက်ရင်း စကားနည်းနည်း ပြောရအောင်”
သူတို့နှစ်ယောက် ကျုံးဘက် လျှောက်ခဲ့ကြသည်။ တော်တော် ကြာအောင် လျှောက်ပြီးခါမှ ရှေ့မှ သွားနေသော သူ့မိတ်ဆွေက ရပ်လိုက်ပြီး “အရက်နည်းနည်း သောက်ရအောင်ဗျာ” ဟု ဆိုသည်။ နောက်ပြန်လျှောက် ခဲ့ကြသည်။
“ဒီလိုဗျ၊ ဒီလို”
အရက်ခွက်ကို လုံးဝ မသောက်သေးဘဲ လက်နှစ်ဖက်ဖြင့် ဖန်ခွက်ကို ဆုပ်ကိုင်ပြီး ပန်းချီဆရာအား ငေးစိုက်ကြည့်ရင်း သူ့စကားကို စသည်။ ပန်းချီဆရာက ပထမဆုံး ဖန်ခွက်ကို ရေ လုံးဝ မရောဘဲ မော့ချ လိုက်သည်။ နောက်တစ်ကြိမ် အတွက် ဖန်ခွက်ထဲ အရက် လောင်းထည့်ပြီး မှ သူ့ကို ပြန်မေးသည်။
“ဆိုပါဦး၊ ဘာတွေ အရေးကြီး နေလို့တုံး”
“ဒီလိုဗျာ ဒီလို”
သူ့စကားကို ရှေ့မဆက်နိုင်ပြန်၊ ပန်းချီဆရာက သူ့ခွက်ကို နောက်တစ်ကြိမ် မော့်ပစ်လိုက်သည်။
“ဒီလိုဗျာ၊ ကျုပ်အိမ်ကို ငှါးနေတဲ့ ဆရာဝန်လေ၊ ဒီလူ့ကို ကျုပ် မကျေနပ်ဘူးဗျာ”
“ဘာဖြစ်လို့ မကျေနပ်တာလဲ”
“ဒီလူက ကျုပ်တို့ကို စော်ကားတယ်ဗျာ”
“ဘယ်လို စော်ကားတာလဲဗျ”
“ဒီလူဟာ ကျုပ်တို့ကို မလေးစားဘူးဗျ၊ အင်း မလေးစားတာဟာ စော်ကားတာပဲပေါ့ဗျာ”
ပန်းချီဆရာက တစ်စုံတစ်ရာ ပြန်မပြော၊ ဆေးပေါ့လိပ်ကို ဖွာရှိုက်နေသည်။ သူ့မိတ်ဆွေ ကတော့ ဖန်ခွက်ထဲ ရေတွေ အပြည့်ရောပြီး တစ်ငုံချင်း သောက်နေသည်။
''အဲဒါ ကျုပ် မကျေနပ်ဘူးဗျာ”
“ခေါင်းရိုက်ခွဲပစ် လိုက်ပေါ့ဗျာ”
ပန်းချီဆရာက စားပွဲပေါ် တံတောင်ဆစ် နှစ်ဖက် ထောက်ထားပြီး ခေါင်းကို အောက်စိုက်လျက် အေးစက်စွာ ပြန်ပြောသည်။ ရှည်လျားသော သူ့ခါးမှာ ကွေးညွှတ်နေပြီး သူ့ခေါင်းနှင့် သူ့ဖန်ခွက် ထိလုမတတ် ရှိနေသည်။ သူ့မိတ်ဆွေကို မကြည့်သော်လည်း စိတ်လှုပ်ရှား နေသော မျက်နှာကို မြင်ယောင် နေမိသည်။ သူ့မိတ်ဆွေမှာ အရပ်ပုပု နဖူးပြင် ကျယ်ကျယ် ပါဝါများနှင့် ကိုင်းထူထူ မျက်မှန်အောက်မှ မျက်လုံးများက စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်စွမ်း မရှိဘဲ အေးစက် ထုံထိုင်း နေလိမ့်မည်။ လေးဆယ့်နှစ်နှစ်ခန့်မျှ ရှိပြီး သူ့ထက် အသက် တစ်နှစ် နှစ်နှစ်ပဲ ကြီးသည်။
သူတို့နှစ်ဦး စတွေ့ခဲ့ကြသည့် ရက်များကို ပန်းချီဆရာက အမှတ်ရ နေသည်။
တစ်နေရာတည်း မနေတတ်ဘဲ ဟိုဟိုသည်သည် လျှောက်သွား နေခဲ့သော ပန်းချီဆရာမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က သည်မြို့ကလေးကို ရောက်လာသည်။ နေထိုင်ဖို့ အိမ်ခန်း လိုက်ရှာရာမှ ယခု သူ့မိတ်ဆွေကြီး၏ အိမ်ကို ငှါးနေခဲ့ပြီး စတင် သိကျွမ်းရခြင်း ဖြစ်သည်။ တွေ့ခါစတုန်း ကတော့ သူတို့နှစ်ဦး သိပ် အဆင်မပြေခဲ့ကြ။ တစ်ယောက်ကို တစ်ယောက် အထင်ကြီး လေးစားမှု မရှိကြဘဲ ခပ်တန်းတန်း နေခဲ့ကြသည်။ သူမိတ်ဆွေကြီးမှာ သည်မြို့ ဇာတိသား၊ မွေးကတည်းက သည်မြို့မှာပင် နေခဲ့ပြီး ဆယ်တန်း မအောင်မီ အောက်တန်း စာရေးလေး အလုပ် ဝင်လုပ်ခဲ့သည်။ စာရေးဘဝနှင့် အနှစ် နှစ်ဆယ်မျှ အမှုထမ်း ခဲ့ပြီး အသက်လေးဆယ် ပြည့်ခါနီးတွင် နာမကျန်းပင်စင် ယူခဲ့သည်။ သူ့မှာ ဒူလာရောဂါ ရှိသည်။ အရက်လည်း အလွန်သောက်သည်။
ပန်းချီဆရာနှင့် သူမိတ်ဆွေတို့မှာ တူညီသော အချက်များ ရှိသလို ကွဲပြား ခြားနားသည့် အချက်လည်း အများကြီး ရှိသည်။
ပန်းချီဆရာမှာ သည်မြို့ကလေးနှင့် မိုင်ပေါင်းများစွာ ဝေးသော မြို့ကလေး တစ်မြို့တွင် မွေးဖွားခဲ့ပြီး အရွယ်ရောက်ခါစ ကတည်း က အငြိမ် မနေတတ်သူ၊ ဟိုမြို့ သည်မြို့ လျှောက်သွား နေတတ်သူ။ သည် မြို့ကလေးတွင် ယခုထိ လေးငါးနှစ် နေထိုင်နိုင်ခဲ့ခြင်းငှါ သူဘဝ၌ အငြိမ်သက်ဆုံး ကာလ ဖြစ်သည်။ အထက်တန်း အောင်ပြီး ကတည်းက ပန်းချီဆရာ ဘဝကို ခံယူခဲ့သည်။ မိဘများထံမှ ရရှိခဲ့သော အမွေအနှစ်များကို သုံးလိုက် ဖြုန်းလိုက်၊ ညီအစ်ကို မောင်နှမများထံ တောင်းလိုက် ရမ်းလိုက် ဆွေမျိုးသားချင်းနှင့် မိတ်ဆွေ သူငယ်ချင်းများထံ ချေးလိုက် ငှါးလိုက်ဖြင့် တစ်သက်လုံး နေခဲ့သည်။ ပန်းချီဆရာ ဘဝကို ခံယူပြီး အသက်လေးဆယ် ပြည့်ခဲ့သော်လည်း ယခုထိ ပန်းချီကား တစ်ချပ်မျှ မရေးဆွဲရသေး။ တစ်နေ့နေ့တော့ ရေးဆွဲဖြစ်လိမ့်မည်ဟု သူ ယုံကြည်နေဆဲ ဖြစ်သည်။ ပန်းချီကား အဖြစ် မရေးဆွဲရသေး သော်လည်း သူ သွားလေရာတွင် အလျာ ငါးပေခွဲ၊ အနံ နှစ်ပေခွဲရှိ ကင်းဘတ်စဖြင့် ပေါင်ကျက်ပြီးသား ကားကြီးတစ်ချပ် အမြဲပါသည်။ ထိုပန်းချီကား ပေါင်မှာ မြန်မာပြည်မှ ကျွန်းသစ်များ ထွက်ရှိသည့် နယ်မြေသို့ သူကိုယ်တိုင် သွားကာ စိတ်တိုင်းကျ ရွေးယူလာသော ကျွန်းသားများနှင့် မန္တလေးမြို့မှ အကောင်းဆုံး လက်သမား ဆရာကြီး တစ်ဦးအား စိတ်တိုင်းကျ ပြုလုပ်ခိုင်းခဲ့သည့် နှစ်ထပ်ပေါင် ဖြစ်သည်။ တမ္ပဝတီရပ်မှ နာမည်ကျော် ပန်းပုဆရာ တစ်ဦးအား အဖိုးလက်ခ နှစ်ထောင် ပေးပြီး ရှေးရိုး ပန်းကနုတ်များဖြင့် ပန်းချီကားပေါင်ကို ခြယ်မှုန်းထားသည်။ ထိုပန်းချီကားပေါင်ကို တစ်နေ့တစ်ကြိမ် မှန်မှန် ဖုန်သုတ်ပေးသည်။
ဆေးစပ်ခွက်ထဲ စုတ်တံကို မ ယူလိုက်ပြီးတိုင်း သူ့စိတ်တွေ တုန်လှုပ် ချောက်ချား သွားရသည်။ သူ့ရင်ထဲတွင် ဖွဲ့စည်း တည်ဆောက် ထားသည့် ခမ်းနား ကြီးကျယ်လှသော ပန်းချီကား တစ်ချပ်အား ကင်းဘတ်စကို စုတ်တံဖြင့် ထိလိုက်ရုံဖြင့် ပြိုကွဲပျက်စီး သွားတော့မည်ဟု သူ ခံစားရသည့် နေ့နေ့ညည မွေးမြူ တည်ဆောက် ထားရသည့် သူ့ရင်ထဲက အလှအပ တစ်ခု ပျက်စီးဆုံးရှုံး သွားရမည် ဆိုလျှင် နှမြောဖို့ ကောင်းလွန်းလှသည်။ လူတစ်ယောက်ဟာ သူ့ရင်ထဲက ခံစားချက်ကို သူ့လက်တွေနဲ့ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ခြင်းမှာ ရူးသွပ် မိုက်မဲမှု တစ်ခုသာ ဖြစ်လိမ့်မည်ဟု သူ ယုံကြည်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် စုတ်တံဖျား၌ အေးစက် မာခဲနေသော ဆေးသားတို့ကို စုတ်တံဆေးသည့် ခွက်ထဲသို့ ထိုးစိုက်ပြီး စိတ်လှုပ်ရှားစွာ လမ်းမဘက် ထွက်ခဲ့ရ သည်ချည်း။
ထိုအဖြစ်များမှာ နေ့စဉ်လို ကြုံတွေ့ နေရသော ကိစ္စ။
သို့ရာတွင် ထိုအဖြစ်များက သူ့စိတ်ဓာတ် အင်အား ပျက်ပြား မသွားစေနိုင်၊ သူ့စိတ်ခံစားမှုများ အာရုံတရားများ နောက်သို့ သူလက်က လိုက်မသွားနိုင်ခြင်း အတွက် သူ့ကိုယ်သူ အားတက် ယုံကြည်မှုပင် တစ်နေ့တခြား တိုးလာခဲ့သေးသည်။ တနေ့နေ့မှာတော့ ပန်းချီကား တစ်ချပ် ဖြစ်ကို ဖြစ်လာရမည်ဟု ယုံကြည်လျက်ပင် ရှိနေသည်။
သူ့မိတ်ဆွေကြီး ကတော့ သူလိုမဟုတ်။ သည်မြို့ကလေးမှ တစ်ပါး အခြား ဘယ်ကိုမျှ ရောက်ဖူးဟန် မတူ။ အိမ်ထောင် ကျဖူးသည်။ ကလေးရော မိခင်ပါ မီးဖွားစဉ်က ဆုံးပါး သွားခဲ့သည်။ နောက်ထပ် အိမ်ထောင် မပြုဖြစ်၊ သူ့ရောဂါ ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ အိမ်ထောင် မရှိ၊ သားသမီး မရှိ သော်လည်း သူ့မှာ တစ်ကောင်ကြွက် မဟုတ်၊ အစ်မရင်း တစ်ယောက် ရှိသည်။
ဆွေမျိုးသားချင်းတွေ ရှိသည်။ အခု သူနေသော အိမ်မှာ သစ်သားအိမ် ဖြစ်သော်လည်း ကျယ်ဝန်းသည်။ ပျဉ်ထောင် ပျဉ်ခင်း သွပ်မိုးနှင့် နှစ်ထပ်အိမ်ကြီး။ တစ်ဖက်ခြမ်းမှ ပန်းချီဆရာ ငှါးနေခဲ့ဖူးသော ယခု ဆရာဝန် ငှါးနေသည့် အခန်းမှာပင် အတော်အတန် မိသားစု တစ်စု နေနိုင်သည်။ သူပိုင် အခြား ဝင်းတစ်ဝင်းနှင့် အိမ်တစ်လုံး ရှိသေးသည်။ အိမ်ငှါးထားသည်။
ရုံးစာရေး မဖြစ်ခင် လူပျိုဘဝ ကတည်းက သူ့မှာ ရည်ရွယ်ချက် တစ်ခု ရှိခဲ့သည်၊ ဝတ္ထုရှည်ကြီး တစ်ပုဒ် ရေးရန် ဖြစ်သည်။ ရုံးဝန်ထမ်းဘဝ အချိန် မအားလပ်ခဲ့ရ သော်လည်း သူ့စိတ်ဆန္ဒမှာ ပျောက်မသွားခဲ့။ လက်တွေ့ မရေးဖြစ် သော်လည်း အားလပ်သည့် အချိန်တိုင်း ကြံစည်စိတ်ကူး နေခဲ့သည်။
လက်တွေ့ အကောင်အထည် မဖော်နိုင်ဘဲ တစ်စုံတစ်ရာ ကြီးကြီးမားမား ရည်ရွယ်ချက် စိတ်ကူးစိတ်သန်း ရှိသူတို့၏ ထုံးစံအတိုင်း လက်ရှိဘဝကို ငြီးငွေ့ပင်ပန်း နေတတ်သည်။ ပင်စင် ယူပြီးသည့် နေ့မှ စပြီးတော့လည်း သူဆန္ဒကို အကောင်အထည် ဖော်ဖို့ အပြင်းအထန် စိတ်အား ထက်သန်ခဲ့သည်။ သို့ရာတွင် ချမရေး ဖြစ်ခဲ့။
လူဉာဏ်စွမ်း ရှိသမျှထက် သူ့ဆန္ဒက ကြီးမြတ်လွန်း နေသည့် အတွက်ကြောင့်လည်း ချမရေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ခေတ်၏ စာပေ ရေစီးကြောင်းနှင့် အဆက်ပြတ်လွန်းခြင်း ကြောင့်လည်း ဖြစ်၏။ စာပေ အနုပညာရပ်ကို သူ စွဲလမ်း ဖတ်ရှုခဲ့ဖူး(သည့်!) ဘာသာရေးကျမ်း၊ ကြီးပွါး တိုးတက်ရေးကျမ်းနှင့် လူမှုပြုပြင်ရေး စာအုပ်များမှ ရရှိခဲ့သည့် အဘိဓမ္မာတို့ကို အမြင့်ဆုံး အဖြစ် စံချိန်တင် ဆုပ်ကိုင်ထားပြီး ထိုအဘိဓမ္မာ တို့ကို စာပေ အနုပညာ တစ်ရပ်အဖြစ် ပုံသွင်းဖို့ အတတ်ပညာ အားနည်း ချို့တဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။
သူ့အိမ်သို့ ရောက်လာစတုန်းက ပန်းချီဆရာကို သူ မုန်းသည်။ သူ့ကို အထင်မကြီး သောကြောင့် ပန်းချီဆရာကို သူမြင်သည်။ ထိုအချိန်က လူတိုင်းကို စော်ကားတတ်သူ တစ်ယောက်အဖြစ် ပန်းချီဆရာ အိမ်ခန်းထဲမှာ ရှိနေချိန်တိုင်း လိုလိုတွင် တစ်ဖက်ခန်းမှ သူ စာအော်ဖတ်နေ သံကို ကြားရမြဲ ဖြစ်သည်။ သမ္မာကျမ်းစာမှ လည်းကောင်း၊ ငါးရာ့ငါးဆယ် နိပါတ်ဝတ္ထုတို့မှ လည်းကောင်း၊ ယပ်လှဲတရား စာအုပ်များမှ လည်းကောင်း၊ ဂန္ထဝင် ဝတ္ထုစာအုပ်များမှ လည်းကောင်း လူရူးလူမိုက်နှင့် အကုသိုလ် ဒုစရိုက် ထူပြောသူတို့အား တိုက်ချွတ် ဆုံးမသည့် စာသားများကို ပန်းချီဆရာ ကြားနိုင်လောက်အောင် အသံကိုမြှင့်မြှင့်ပြီး ဖတ်နေတတ်သည်။
တစ်နေ့တော့ အရက်ဆိုင် တစ်ခုမှာ သူတို့နှစ်ဦး တွေ့ကြ၏။ ဆိုင်တွင် အရက် လုံးဝ ပြတ်သွားချိန်မှ ရောက်လာသော သူ့ခွက်ထဲသို့ ပန်းချီဆရာက သူဝယ်ထားသည့် အရက်တစ်ဝက် လောင်းထည့်ပေး လိုက်သည်။ ထိုအချိန်မှ စပြီး မိတ်ဆွေဖြစ် သွားကြ၏၊ စိတ်လှုပ်ရှားမှု လွန်ကဲတတ်သော သူ့မိတ်ဆွေကြီးက ပန်းချီဆရာအား ယခင်က မုန်းတီးမှုများထက် နှစ်ဆတိုးပြီး ချစ်ခင်သွားကာ တစ်ဖက်တွင် ငှါးရမ်း နေထိုင်ခြင်း မပြုစေတော့ဘဲ သူ့အိမ်ကြီးထဲသို့ လာနေရန် ဇွတ်တိုက်တွန်း တော့သည်။
ယခု ပန်းချီဆရာ နေထိုင်ခဲ့ဖူးသည့် အခန်းထဲတွင် ဆရာဝန် တစ်ယောက် ရောက်နေသည်မှာ တစ်လကျော်ကျော် ရှိပြီ။ သူ့မိတ်ဆွေကြီးက ထိုဆရာဝန်ကို မကျေနပ်ဘူး ဆိုတော့ သူ ဘာလုပ်ရ မည်နည်း။ မကျေနပ်လျှင် ခေါင်းရိုက်ခဲ လိုက်ရုံပဲပေါ့။
“မဟုတ်ဘူးဗျ၊ အဲဒီနည်းဟာ ပညာရှိတွေရဲ့ နည်းပရိယာယ် မဟုတ်ဘူး”
ရီဝေနေသော မျက်လုံးများကို လမ်းမဘက် ငေးမျှော်ကြည့်ရင်း လေးတွဲ့စွာ ပြောနေသည်။
ပန်းချီဆရာက ဘာမျှ ပြန်မပြောတတ်။ ငေးစိုက်၍ နားထောင်သည်။
“အလွယ်လေးပါဗျာ၊ ကျွန်တော်တို့ နှစ်ဦးစလုံးဟာ အတွေးအခေါ် ရှိတဲ့ လူတွေပဲ၊ လောကအမြင် ကျယ်ဝန်းတဲ့ လူတွေပဲ”
သူ့စကားကို ရပ်ထားပြန်သည်။ အရက်ထဲ ရေရော နေပြန်သည်။ ပါးစပ်ဝသို့ တေ့ကာ သောက်မည် လုပ်ပြီးမှ
“ကျွန်တော်တို့ နှစ်ဦးရဲ့ ဘဝအမြင်နဲ့ ပတ်သက်တဲ့ အယူအဆတွေ ဆွေးနွေး နေတာကို ကြားလိုက်ရရင် ဒေါက်တာကြီး ဖြုံသွားမှာပေါ့၊ ဘာအဘိဓမ္မာမှ မရှိတဲ့ အဲဒီ ဆရာဝန်ဟာ ကျုပ်တို့ရဲ့ လောကအမြင်တွေကို တုန်လှုပ် သွားရစေမယ်ဗျာ” ပြောပြီးမှ သူ့အရက်ခွက်ကို မော့်သောက်သည်။ ဆေးပေါ့လိပ်ကို မီးညှိရင်း “ဒါဟာ ပညာရှိတွေရဲ့ နည်းပရိယာယ်ပဲ၊ ဒါဟာ သေနင်္ဂဗျူဟာပဲ” ဟု တစ်ယောက်တည်း ရေရွတ်ပြောဆို နေသည်။
မူးယစ်ရီဝေ နေသည့် ပန်းချီဆရာက တဟားဟား ရယ်တော့သည်။
“ဟုတ်တယ်၊ သူ ဖြုံသွား စေရမယ်၊ ဒါဆိုရင် သူ ကျုပ်တို့ကို လေးစားလာမယ် မစော်ကားရဲတော့ဘူး၊ ဟုတ်တယ်ဗျာ၊ သိပ် ဟုတ်တယ်”
လက်ကျန် မရှိတော့သည့် ဖန်ခွက်ကို ရေထည့်ပြီး ပန်းချီဆရာက မော့်နေဆဲမှာ သူ့မိတ်ဆွေကြီးက ပန်းကန်ပြားထဲမှ အဆီဖတ် တစ်ခုကို တူနှင့်ညှပ်ပြီး ယူသည်။ ထို အဆီဖတ် သူ့ပါးစပ်ထဲသို့ မရောက်၊ လမ်းတစ်ဝက်မှာ အောက်ပြုတ်ကျ သွားသည်။
“ကဲ သွားစို့ဗျာ”
နှစ်ဦးသား ပြိုင်တူ ထရပ်ကြသည်။ တစ်ယောက်ပခုံး တစ်ယောက်ဖက်ပြီး ဆိုင်ထဲက ထွက်ခဲ့ကြသည်။ တိုက်မိသော ကုလားထိုင်များကို ခြေထောက်နှင့် ကန်ပစ်ခဲ့ကြပြီး ဒေါက်တာကြီး ဖြုံသွားစေရမည်ဟု အော်ခဲ့ကြသည်။
သို့ဖြင့် နောက်တစ်နေ့ နေ့လယ်ခင်းတွင် သူတို့၏ သေနင်္ဂဗျူဟာကို စသည်၊ အဘိဓမ္မာ ဆန်သည့် စကားလုံးများဖြင့် ဆရာဝန်၏ အခန်းဘက်သို့ အသံကို မြှင့်ပြီး ပြောဆိုဆွေးနွေးခဲ့ ကြသည်။ ထူးခြားသည့် လောကအမြင်ကို ဖွဲ့ဆိုသည့် ဝတ္ထုစာအုပ်များမှ စာပိုဒ်များကို ရွတ်ဆိုကြသည်။ ဇာတ်ကောင်တွေ အကြောင်း ဆွေးနွေးကြသည်။ မက္ခယာ ဗဲလီး၏ မင်းသားနှင့် အန်တက်ဇူပေရီ၏ မင်းသားလေး စာအုပ်များ အကြောင်းလည်း ပါသည်၊ အနက္ကလက္ခဏသုတ် နှစ်ဆယ့်လေးပစ္စည်း နှင့် ရီလေတီဗတီသီဝရီလည်း ပါသည်။ ဇိနတ္ထပကာသနီနှင့် ဟိုလီ ဘိုင်ဘယ်လည်း ပါသည်။ အဲလဘက် ကမူးနှင့် စည်းအပြင်ကလူ၊ မာဆေး၏ စရိုက် လက္ခဏာ၊ ပလိပ် ဝတ္ထုမှ စာပိုဒ်အချို့၊ ဟစ်တလာ၏ မိန်းကင့်၊ မိုက်ကယ် အိန်ဂျယ်လို၊ လီယိုနာဒို ဒါဗင်ချီ၊ အိုင်းစတိုင်းနှင့် သူ၏ ဓမ္မတရား၊ ယမ်း ပေါဆတ်နှင့် လူပြောများသည့် သူ၏ ဟိုဝါဒ အကြောင်း၊ အင်ဒရေ ဂျိ၊ ဆမ်းမားဆတ် မွန်၊ လေဒီ ချက်တာလေ၏ ချစ်သူ၊ (ဂွန်!)တာဂရပ်၏ ခွေးနှစ်များ စသည်ဖြင့် ရောက်ရာပေါက်ရာ ပြောဆိုကြတော့သည်။ ပလေတိုနှင့် ဆိုကရေးတီး၊ ကီးယာကက်ဂါး၊ နစ်ရှေး ကက်ဖကာနှင့် ဒေါ့တော်ယက်စတီး တို့၏ ဘဝ ဖြစ်တည်မှု ဆိုင်ရာ အခြေခံ အယူအဆများလည်း ပါသည်။
ကာရံထားသော အခန်း၏ အထက်ပိုင်း လေဝင်ပေါက်များကို ကျော်ပြီး သူ့တို့အသံ ဆရာဝန်ထံ ရောက်သွားစေရန် လည်ပင်းများကို မော့်၍ လည်းကောင်း၊ ကုလားထိုင်များပေါ် ခြေ(ဖျား!)ထောက်၍ လည်းကောင်း၊ ကွာဟနေသော ထရံကြားမှ သူတို့အသံ တစ်ဖက်ခန်းသို့ ရောက်သွားစေရန် လည်းကောင်း အသံကို မြှင့်မြှင့်ပြီး ပြောဆို ဆွေးနွေးကြသည်။ နှစ်ဦးသား လမ်းလျှောက်သူက လျှောက်လိုက် ထရံဘေး ကပ်ပြီး ပါးစပ်ကို ထရံပေါက်နှင့် နီးနိုင်သမျှ နီးအောင် ကပ်လိုက်နှင့် ခပ်ကျယ်ကျယ် ပြောဆိုကြ တော့သည်။ သူတို့ ပြောဆို ဆွေးနွေးမှုမှာ တစ်ခါ တစ်ခါတွင် ဘုန်းတော်ကြီး နှစ်ပါး အာပတ်ဖြေ နေကြသည်နှင့် တူသည်။ တစ်ခါ တစ်ခါတွင် မင်းသမီးနှင့် မင်းသား နှစ်ပါးသွားသီချင်း ဆိုနေကြသည်နှင့်လည်း တူသည်။ တစ်ခါ တစ်ခါတွင် ဓမ္မကထိက တရားဟော ဘုန်းတော်ကြီး တစ်ပါးနှင့် တရားထောက်သူ ဒါယကာ တစ်ဦးနှင့်လည်း တူသည်။
ဆရာဝန် သူ့အခန်းမှာ ရှိနေပြီး သူတို့ နှစ်ဦးစလုံးလည်း ရှိနေချိန်များ၌ နေ့စဉ်လိုပင် သူတို့၏ လုပ်ငန်းကို ပုံမှန်လုပ်ကြ လေသည်။
ဆရာဝန်အား ရက်များစွာ ထိုသို့ ရွတ်ဆို ဆွေးနွေး တိုက်ခိုက် ပြီးသည်၏ တစ်နေ့သော နေ့လယ်ခင်းတွင် အပြင်မှ ပြန်လာသော ပန်းချီဆရာမှာ အံ့အားသင့်စရာ မြင်ကွင်းကို တွေ့ရတော့သည်။ တစ်ဖက်ခန်းတွင် ငှါးနေသော သူတို့၏ (ရန်သူ) ဆရာဝန်မှာ သူ့မိတ်ဆွေ အိမ်ရှင်နှင့် လေပေးဖြောင့်ပြီး ရယ်မောပြောဆို နေသည်ကို တွေ့ရသောကြောင့် ဖြစ်၏။
“ထိုင်ပါဦးဗျ၊ ကျုပ်တို့ရဲ့ မိတ်ဆွေကြီးကို အခုလို တွေ့ရလို အံ့ဩ နေသလား၊ တကယ်တော့ဗျာ၊ ကျုပ်တို့ဟာ မိတ်ဆွေ သူငယ်ချင်းတွေ ပါပဲ”
ပန်းချီဆရာမှာ အူကြောင်ကြောင် ဖြစ်နေရာမှ ကိုယ်ရှိန်သတ်ပြီး ဝင်ထိုင်လိုက်ရသည်။ အိမ်ရှင် သူ့မိတ်ဆွေက ဆရာဝန်နှင့် မိတ်ဆက် ပေးသည်။ သူ ကြိုတင် သိထားသော ဆရာဝန်၏ အကြောင်းများကို ပြန်ပြောပြသည်။ သူ့စကားအရ ဆရာဝန်မှာ ဖောက်ပြန်သော မိန်းမကြောင့် ကလေးတွေကိုရော မိန်းမကိုပါ စွန့်ထားခဲ့ပြီး သည်မြို့ ကလေးသို့ ရောက်လာရသူ ဖြစ်သည်။ ဆေးပညာရပ်များကို အဆက်မပြတ် လိုက်စား လေ့လာခဲ့ သော်လည်း ဆရာဝန်ဘွဲ့ ရပြီး ကတည်းက တစ်စုံတစ်ယောက် ကိုမှ ဆေးကုသဖူးခြင်း မရှိခဲ့။ မှန်သည်။ သူတို့ ကိုယ်တိုင်လည်း ဆရာဝန်ထံ လူနာ လာသည်ကို တစ်ကြိမ် တစ်ခါမျှ မတွေ့ဖူး၊ ပန်းချီဆရာ ကတော့ ဆေးမကုသော ဆရာဝန်အား အံ့အားသင့်စွာ ကြည့်မိတော့သည်။ ယနေ့မှစပြီး တစ်ဖက်ခန်းမှာ ငှါးမနေတော့ဘဲ သည်အိမ်ကြီးထဲမှာ သူတို့နှင့်အတူ နေတော့မည် ဖြစ်ကြောင်း အိမ်ရှင် မိတ်ဆွေက ပန်းချီဆရာအား ရှင်းပြလိုက်သည်။
“ဒီနေ့ အရက်ဆိုင်တွေမှာ အရက်ပြတ်ဟန် တူတယ်” ပန်းချီဆရာ့ စကားကို နှစ်ယောက်စလုံးက နားမလည်ကြ။ “ဘာလဲဗျ၊ ဘာလဲ” ဟု မေးနေသော ဆရာဝန်အား ပြန်မဖြေတော့ဘဲ ရယ်ချင်တင်တင် ဖြစ်နေသည့် စိတ်ကို မျိုသိပ်ပြီး ငြိမ်နေ လိုက်ရသည်။
“ဘာဖြစ်လို့ ဆေးမကု ရတာလဲဗျ”
တိတ်ဆိတ် နေသလို ဖြစ်သွားသော အခြေအနေကို ပန်းချီဆရာ၏ မေးခွန်းက ဖြိုခွင်းလိုက်သည်။
“လုပ်ကိုင် စားသောက် လိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အတတ်ပညာ တစ်ခုဟာ ဆုံးခန်းတိုင် ရတော့တာ ပါပဲဗျာ၊ ဒါကြောင့် ကျုပ် တစ်သက်လုံး ဆေးမကုခဲ့တာ” သူ့စကားကို ဆရာဝန်က ခိုင်မာ ယုံကြည်စွာ ပြောသည်။ “ကောင်းတယ် ကောင်းတယ်” ဟု အိမ်ရှင် မိတ်ဆွေက ထောက်ခံသည်။
ထိုနေ့မှစပြီး သူတို့သုံးဦး အတူနေဖြစ် သွားတော့သည်။ အိမ်ရှင် မိတ်ဆွေက ပန်းချီဆရာ အပေါ် ခင်မင် လေးစားသလို ဆရာဝန် ကိုလည်း ခင်မင်သည်။ ပန်းချီဆရာ အဖို့လည်း အထူး စိတ် အနှောင့်အယှက် ဖြစ်စရာ မရှိ၊ ဘယ်သူကို ဖြစ်ဖြစ် ထူးထူးခြားခြား ခင်ဖို့ ထူးထူးခြားခြား မုန်းတီးဖို့ အလေ့အကျင့် ရှိသူ တစ်ယောက် မဟုတ်။
ဆရာဝန် အခန်းပြောင်း လာပြီး မကြာခင် ရက်ပိုင်းမှာပင် ပန်းချီဆရာ ခရီးထွက် သွားသည်။ ဘယ်ရယ်လို့ မသိ၊ သူ့ မိတ်ဆွေများ ကိုလည်း ဘယ်သွားမည်ဟု ပြောမသွား၊ သူကိုယ်တိုင် ကလည်း ဘယ်သွားမည် ဆိုတာ သိဟန်မတူ၊
နှစ်လကျော်ကျော် ကြာမှ ပန်းချီဆရာ ပြန်ရောက် လာသည်။ ပူအိုက်သော နွေရာသီမို့ ချွေးများ စိုစွတ်နေသော ပန်းချီဆရာမှာ အိမ်ထဲ ဝင်ဝင်ချင်း အူကြောင်ကြောင် ဖြစ်သွား ရတော့သည်။ သူ့မိတ်ဆွေ အိမ်ရှင်နှင့် ဆရာဝန်တို့မှာ စာအုပ် တစ်အုပ်စီ ကိုယ်စီကိုင်ပြီး တစ်ယောက်တစ်လှည့် ဖတ်နေကြသည်။ လည်ပင်းကို အထက်သို့ ပင့်ပင့်ပြီး ဖတ်ကြသည်။ သူ ငေးကြည့် နေဆဲမှာပင် အိမ်ရှင် မိတ်ဆွေက ကုလားထိုင် တစ်လုံးပေါ် တက်ပြီး စာသံပေသံဖြင့် တစ်စုံတစ်ရာ ရွတ်ဖတ်သည်။ ဆရာဝန်က ရှေ့နှောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း လည်ပင်းကို မော့်ကာမော့်ကာ ဖတ်ပြန်သည်။
အခြေအနေကို ချက်ချင်း ရိပ်မိသွားသော ပန်းချီဆရာမှာ အိမ် အပြင်ဘက်သို့ အမြန်ပြန်ထွက်ပြီး တစ်ဖက်ခန်းမှ တံခါးပေါက် အထက်ကို မော့်ကြည့် လိုက်သည်။ 'ဦးမြမင်းမောင်၊ ဗဟိုတရားရုံး ရှေ့ကြီး' အိမ်ငှါးလူသစ် တစ်ယောက် ရောက်နေချေပြီ။
ပန်းချီဆရာမှာ ဘာမှ စဉ်းစား မနေနိုင်တော့။ မဟာမိတ် စာချုပ် ချုပ်ဆိုထားသော နိုင်ငံတစ်ခု ဘက်မှ စစ်ဝင်တိုက်သလို သူ့မိတ်ဆွေများ၏ စစ်တလင်းထဲကို အမြန်ဆုံး ဝင်ရောက် လိုက်တော့သည်။ ခပ်ဟဟ ဖြစ်နေသော ပျဉ်ထောင်နံရံ အနီးသို့ ပြေးကပ်ကာ သူ့အသံ တစ်ဖက်ခန်း ရောက်နိုင်သမျှ ရောက်အောင် သူတို့ ရွတ်ဖတ် ပြောဆိုနေသော အကြောင်းအရာထဲသို့ ပါဝင်ရွတ်ဆို နေမိတော့သည်။
ထိုသို့ ပြုလုပ်ရင်း သူ စဉ်းစား နေသည်မှာ တစ်ဖက်ခန်းမှ ရှေ့နေကြီး အမြန်ဆုံး အိမ်ပြောင်း သွားမည်လား၊ သို့မဟုတ် မိတ်ကောင်း ဆွေကောင်း တစ်ယောက်အဖြစ် သူတို့ အိမ်ကြီးထဲသို့ မကြာခင် ရောက်လာတော့မည်လား။
----------
ပိုင်စိုးဝေ
ဟန်သစ်၊ အမှတ် ၂၊ ၁၉၈၉။
(မိုးမိုး (အင်းလျား) အမှတ်တရ ၈၀ စုနှစ် အကောင်းဆုံး မြန်မာဝတ္ထုတိုများ ဒုတိယအုပ် (စာပေလောက၊ စာမျက်နှာ ၅၅၅-၅၆၄))
No comments:
Post a Comment