May 13, 2018
ခေါင်းလောင်းသံစာတမ်း
ခေါင်းလောင်းသံစာတမ်း(တာရာမင်းဝေ)
__________________________________
၁ ..
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံကြည့်နေတဲ့ ကဝေည
မေ့မေ့ ကို ကျွန်တော် သတိရလိုက်တာ ..
ညဥ့်ငှက်တွေက ကမ္ဘာ့ အပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တဖျတ်ဖျတ်ရိုက်ကြတယ် ... ။
လောကအတုမှာ လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး လမ်းလျှောက်နေတယ် ..မေမေ
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး "နယ်" ပါ ..
အခု .. ဘယ်မှာလဲ ..
ဘယ်မှာလဲ ... ။
မြူမှုန်မိုးနှင်းတွေက ရွှေရောင်တဝင်းဝင်းတောက်
မေ့မေအုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ် ..
ကောင်းရာဘုံသို့သွား အားလုံးကို မေ့ထားခဲ့ပါတော့
မေမေ ... ။
၂ ..
ကျွန်တော် မှတ်မိသမျှ ..
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ် ..
မြူတွေဖုံး .. နှင်းစက်တွေဖုံး
နေရောင်တွေလဲ ခါးကုန်းအောင် ရုန်းခဲ့ရပေါ့ ..
သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကို မွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ ..
သူ့ကိုယ်သူ ဖြန့်ခင်းပြီး ကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ် ... ။
မုသားတစ်လွှာ မာယာတစ်ထပ် .. ဝတ်ရည်တစ်စက်နဲ့ ..
အို .. ခေတ္တာရေ ..
ပုခက်လွှဲသော လက်တွေနဲ့ ကျွန်တော့်ကို စိုက်ပျိုးခဲ့ရုံသာမက
သူမ ကိုယ်တိုင်က ..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ် ... ။
အမေ " အဖြစ်
စုန်ရေသစ်စီးကြောင်း တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ် ... ။
၃ ..
ခြေထောက်တွေက လှေကားထစ်အတိုင်း တက်သွားကြပြီ ..
လူက .. လှေကားခြေရင်းမှာ ကျန်ခဲ့တယ် ..
ဘယ်သူမဆို ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့ မရဘူး ..
ကျွန်တော့်ကို မေမေပြန်ပေးကြပါ ... ။
ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာ မလိုတဲ့
သာမန်အညတရ မွန်းလွဲအို တစ်ခုက
မေမေ့" ကို လုသွားတယ် ... ။
နေပူအရပ်ရဲ့ ကောင်းကင် နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်
လူငယ်တစ်ယောက်ရဲ့ နှလုံးသားအတွင်းကို
တရူးထိုးဆင်းချတယ် ... ။
လက်ဖမိုးနဲ့ဖျက်ဖျက် လက်ဖဝါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့ မျက်ရည်စက်လေးကတော့ ပျက်သွားမှာပါ ..
ဒါပေမယ့် .. .. .. မေမေရယ် ... ။
၎ ..
မေမေ့မှာ ..
နာကျဉ်ခဲ့ရတဲ့ ဂန္တဝင် သက္ကရာဇ်များ
ဆက်ထုံး ရှည်လျားလျားနဲ့ ရှိခဲ့တယ် ... ။
ဝ "လုံး ဘယ်မှာ စဖတ်ရမှန်းမသိတဲ့ ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်း ခုထိစာလုံး မပေါင်းနိုင်ခဲ့ဘူး ... ။
မေမေ့မှာ ..
ဘာသာဗေဒမတူ ဖတ်တဲ့စာချင်းမတူ
ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့တူတဲ့ မိတ်ဆွေတွေ ရှိတယ် ... ။
မေမေဟာ ..
အက္ခရာနဲ့ ဖော်ပြလို့ မစွမ်းတဲ့
ယဉ်ကျေးမှု့ အခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူ ဖြစ်တယ် ... ။
ကျွန်တော့်မေမေဟာ ..
သူများမေမေတွေထက် နို့ရည်ပိုမထွက်ပါဘူး ..
ဒါပေမယ့် မျက်ရည်ပိုထွက်ရင် ထွက်မယ် ..
ကျွန်တော်ကလည်း ဆိုးခဲ့တယ်လေ ... ။
၅ ..
ဖုန်မှုန့်ပျံ့စင်
ကျွန်တော့်ရဲ့ စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု .. လင်းနို့တွေ အောင်းနေပြီမေမေ ... ။
လွန်ခဲ့တဲ့ အနှစ် ( ၂၀ ) ကျော်က
ကျွန်တော်မြင်းရုပ် စီးပြီး
သစ်သားခွာကြီးနဲ့ ခရီးတွေနှင်
မေမေ့ လက်ခုပ်သံ တလွင်လွင်ပေါ့ ... ။
စိတ်မလိုရင် ကောင်းဘွိုင်ဦးထုပ်ကို ဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း
ရထားတစ်စင်းလုံး ဆောင့်ကန်
ကျွန်တော့် ထမင်းပန်ကန် အထူအပါး
မေမေခွံ့ကျွေးမှ စားခဲ့တယ် ... ။
မေမေက ဥုံဖွလို့ မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာ တိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာ ..
လူကလေးရဲ့ အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ " တဲ့
မိုးအုံ့နေတဲ့ မျက်လုံးနဲ့ မေမေ့ပုခုံးမှာ မှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်း အိပ်ပုတ်ကြီးတယ် ..
ကျွန်တော်အိပ်တိုင်း မေမေ့ဗျိုင်းကလည်း ရှေ့မှာ ပျံတယ် ... ။
ကျွန်တော့်အိမ်မက် ..
မေမေ့လည်တိုင်ကို ဖက်လို့ပေါ့ ... ။
၆ ..
ဟင်းလင်းပွင့်နေတဲ့ ကျွန်တော့်လည်တိုင်ကို ဖုံးဖို့
အင်္ကျီမှာ ကြယ်သီးတစ်လုံးလိုနေပြီ .. မေမေ ... ။
ငယ်ငယ်ကတည်းက ..
မေမေက ခံတပ်လုပ် ..
ကျွန်တော်က သူရဲကောင်းလုပ် ..
ရန်သူတွေဝေဝေဆာဆာ ဓါးချင်းခုတ်ဖူးတယ် ... ။
မေမေဟာ ခံတပ်ဆန်သူတစ်ယောက်ပါပဲ ..
ကျွန်တော့်ဘက်မှာ ရပ်တည် ၊ ကာကွယ် ၊ တိုက်ခိုက်
သူမကိုတော့ .. မြားအစင်းစင်း စိုက်ခဲ့တယ် ... ။
ကျွန်တော့်ကို အလိုလိုက် .. ကျွန်တော့်ကို မရိုက်
ကျွန်တော့်ကို ရိုက်လည်း
ကျွန်တော်မငို မေမေပဲငို ... ။
မေမေပြောတဲ့ ကျေးလက်နီတိ
မတတ်ဘဲမန်းရင် တစ္ဆေမုန်းလိမ့်မယ် "
ဆေးမျက်လုံးနဲ့ ကြည့် .. .. တဲ့ ... ။
၇ ..
လေကို လေနဲ့မှုတ်တာကမှ လွဲဦးမယ် ..
ကျွန်တော့်ကို မေမေက ..
ပညာလှလှတတ်စေချင်တာ အသေအချာပေါ့ ... ။
ကောင်းကင်ပေါ်က "လ" နဲ့ ဗျည်းစာလုံးထဲက "လ"
ဘာကြောင့်မတူတာလဲ ..
ကျွန်တော်နဲ့ အဖော်များ
ကျောင်းတော်မှာ သဘောထားကွဲပြားကြ ... ။
ကျွန်တော်က လူပျင်း ..
သစ်ပင်ခြေရင်းမှာ ရပ်လိုက်
သစ်ပင်ဖျားကို တက်လိုက်
အဆင့်တွေက ၁ .. မှ .. ၁၀၀ မရေရာ ... ။
တစ်စတစ်စ
လူငယ်သီချင်း ၊ နှင်းဆီဓားသွား ၊ ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ
ကဗျာဆရာ ဖြစ်လာတယ် ... ။
လူငယ်တစ်ယောက်ရဲ့ ရင်ခေါင်းမှာ
အိမ်မက်တွေ အမြှောင်းမြှောင်းထ ..
ဂမ္ဘီရလမင်းကလည်း
ဝိုက်အုပ်ဖြာဆင်း ကျနေတော့တယ် ... ။
၈ ..
တစ်ရက်မှာ ..
မြူပြာမှိုင်းမှုန် အိမ်မက်ကို စောင်လိုခြုံဆဲ ...
ကြယ်တွေအကုန်ကြွေတဲ့ .. ည
ကျွန်တော့်အပေါ် ကြိုးပြတ်ကျတယ် ... ။
ကျွန်တော် ..
မပျော်လေလွင့် ရင်အနင့်ဆုံး .. ဆောင်း
နှင်းတွေ ပြောင်ပြန်စီးမျောလာ ... ။
မေမေဟာ ..
ကျွန်တော်ပြန်လာမယ့်
သန်းခေါင်ယံကို ခြံရံစောင့်ကြပ် ..
အလင်းရဲ့ နတ်သမီးလို ..
မီးအိမ်ကိုင်ပြီး စောင့်နေတယ် ... ။
နာကြည်းပင့်သက် အရက်သောက်လာတဲ့ .. သား
အမေ့အားစကားမဆို
အမေ့ကား သားကိုယ်စား မျက်ရည်မဲ့စွာ .. ငို ... ။
သား ..
ဘဝဆိုတာ ရေစီးထဲက ဗေဒါ .. မရေရာဘူးကွဲ့ ..
ဒါပေမယ့် ..
မျှော်လင့်ချက်ရဲ့ အရုပ်များ ၊ အရောင်များ ၊ အရိပ်များ
လွှင့်မပစ်နဲ့ သိမ်းထား ..
ဝိညာဉ်ရုန်းကန် တစ်နေ့မှာ
သူတို့ပြန်ရှင်သန်လိမ့်မယ် ... ။
မေမေ့စကားက
ကျွန်တော့်ရဲ့ မိုးခါးရေများကို
တစ်စက်ချင်း..တစ်စက်ချင်း..တစ်စက်ချင်း
ချိုစေခဲ့တယ် ... ။
ဝါဆိုပန်းခူး စံပါယ်ဦးတို့ မွှေးသက်သက်ဝေ
မုတ်သုန်လေရဲ့ မှတ်တမ်း
မီးကိုလည်း ကျွန်တော် နမ်းခဲ့ ..
ရေကိုလည်း ကျွန်တော် နမ်းခဲ့ ... ။
မေမေဟာ ခြံထောင့်မှာ ဒေလီယာတွေ ပျိုးရင်း
မိုးစိုနေတဲ့ ဆံနွယ်ခက်ကို လက်နဲ့ သပ်တင်
သူမလည်း ရင့်ကျက်ကြည်လင်နေတယ် ... ။
မေမေချုပ်တဲ့
ဇာမဏီရုပ်အင်္ကျိ ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်လမ်းမှာ ဝတ်ရန် ... ။
နွားက သူငုံ့စားတဲ့ မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့ အော်သံကြားတယ်လို့
ပြောဆိုနေဆဲ ... ။
သွားကြစို့လေ ..
မုဆိုးခြေထောက်များနဲ့
ကျွန်တော်သွားရာ ကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ် တိုက်တဲ့ ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်
ခါရမ်းပွင့်ဝေ ... ။
၁၀ ..
သား ..
၁။ .. တိမ်တွေပျံတာ မိုးပေါ်မှာ ဘာနဲ့မှ မငြိဘူး ..
၂။ .. တစ်တောလုံးလည်းကြည့် တစ်ပင်ချင်းလည်းကြည့် " တဲ့ ... ။
မေမေ့ဆုတောင်း ဘုရားကျောင်းမှ ဝတ်ပြုသံ
လောကဓံအသစ်တွေနဲ့ မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကို ထိုးဖောက်
ကျွန်တော် ဆက်လျှောက်နေတယ် ... ။ ( ဖိနပ်လည်း အခါခါပေါက်ခဲ့ )
ညပေါင်း .. ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ ကံနတ်ဘုရားနဲ့ စီးချင်းထိုး
ကျွန်တော်ကြိုးစား အမှားများလည်း ချင်းချင်းနီ ... ။
ဧရာဝတီ မေမေ
ပိတောက်ပင်ဟာ မေမေ
ဖယောင်းတိုင် ဖြူဖြူဟာ မေမေ
နံနက်ခင်းကြေးရုပ်ဟာ မေမေ ... ။
ခု .. မေမေ ဆုံးပြီဆိုတဲ့ သတင်းမှာ
ကျွန်တော်ဟာ .. အရာရာဝင်းရှင်းပေါက်ကွဲ..နီလဲ့ ... ။
လူတဆုံး ဝိညာဉ်တဆုံး အကြွင်းမဲ့ ဗုန်းဗုန်းလဲကျ
မေမေ .. .. .. "
၁၁ ..
မေမေဟာ နာရီသံနဲ့အိပ် .. နာရီသံနိုး ..
ဘယ်တော့မှ ထမင်းအို ဝေမကျတဲ့
မိန်းမမျိုးဖြစ်တယ် ... ။
မီးလောင်နေတဲ့ ငရဲပင်ပျိုမှာ ..
ပွင့်အိုလေးပမာ ဝါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ ဝေရဲခဲ့တယ် ... ။
သားငယ်ရဲ့ မျက်နှာကို
အလင်္ကာလိုလဲဖတ် ပုစ္ဆာလိုလဲဖတ်
ဆိုလိုရင်းကို ချက်ချင်းရှာဖွေတွေ့တတ်တယ် ... ။
လင်မရှိတော့ပေမယ့် ..
သားငယ်အတွက် ရင်ခွင်တစ်ခုရှိတဲ့ မိန်းမ ..
လူကန္တာရတို့ရဲ့ ကျောက်တိုင်
မြေခိုးမြေငွေ့ကို ပိုင်တယ် ... ။( အလင်းပြာ မှတ်ကျောက်အတွက် မင်တစ်ပေါက်ဖြစ်တယ် )
၁၂ ..
အမေမရှိတဲ့ သားမှာသာ
စေတန်ရဲ့ လွှသွားကို ခါးသီးကွဲရှ
အရိုးမြုပ်အောင် ကိုက်မြိုခဲ့ရပြီ ... ။
မျက်နှာကို လက်ဝါးနဲ့ အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့ နေရာ .. အဝေးမှာ ..
ကျွန်တော်က .. ဟိုး .. အဝေးကြီးမှာ ... ။
ကျန်တာတွေကတော့ ဘာမှမပြောင်းလဲပါဘူး ..
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ ... ။
အမေ့ရဲ့ ခြေလို လက်လိုနေခဲ့တဲ့ ကောင်
အမေမရှိချိန်မို့ လမ်းပေါ်မှာ ပြန့်လို့ကြဲလို့ ... ။
အမှားလက္ခဏာ အမှန်လက္ခဏာ
ဘာနဲ့မှ လာမတိုင်းနဲ့ .. " အမေ " ဆိုတာ
ထာဝရ အကန့်အသတ်မဲ့တယ် ..
ချစ်သော မေမေ .. ကောင်းရာဘုံသို့ ရောက်ပါစေ ... ။( ကောင်းရာဘုံတို့၏ တံခါးသည် မိခင်များအတွက် ပွင့်စေသတည်း )
၁၃ ..
နောင် .. နှစ်ပေါင်းများစွာ ကြာရင်
မေမေ့အုတ်ဂူကို ဝတ်ရုံဖြူနဲ့ လူတစ်ယောက်လာမယ်..
အနက်ရောင်ကတ်ပြားမပါ .. လွမ်းသူပန်းခွေမပါ
လေထန်လမ်းမှာ ဆံမျှင်တွေ လွင့်ဝဲ
အဲဒီလူဟာ သားပဲပေါ့ .. မေမေ ..
ဘယ်သံသရာမှာ ပြန်ရှာရင် မေမေ့ကို တွေ့နိုင်မလဲ ..
ကျွန်တော့် ရှေ့မှောက်လရောင်တွေ ကွေ့ကောက်လွန်းလှချည့် ... ။
အမေ့ကိုယ်စား ..
အမေ့ကိုယ်ပွား ..
ကြယ်စင်များကို လက်ဖဝါးနဲ့ပန်
မြင်းခွာသံမှာ အပ်နှံလိမ့်ဆင်း
အဝါရောင် မီးရှူးမီးပန်လို
လင်း " ပြီးမှ ပျောက်မယ် ... ။
ကျွန်တော် ..
မေမေ ..
မာယာတောင်ခြေမှ ဒရမ်တီးသူများ ..
မျက်လှည့် တီးလုံးများ ..
သီချင်းအကွဲအစ တစ်ပုဒ်ပြီးဆုံး သွားပါပြီ ... ။
မေမေ ..
ကောင်းရာသုဂတိလားပါစေ ..
ခေါင်းလောင်းထိုးသံ တိုးတိတ်လွင့်ဝေ .. .. ..
ခေါင်းလောင်းထိုးသံ တိုးတိတ်လွင့်ဝေ .. .. ..
ခေါင်းလောင်းထိုးသံ တိုးတိတ်လွင့်ဝေ .. .. ..
.. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. ....
.. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. ....
.. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. .. ....
#တာရာမင်းဝေ
#ဆရာtaungpyanmoe
အကောင့်မှ ကူးယူသည်။
No comments:
Post a Comment