"ညို့ရဲ့ မြစ်တစ်စင်း"
===========
#မေငြိမ်း
ဆေးပုလင်းကို လက်အလှမ်းမှာ လက်အစုံက တုန်ချင်နေသည်။ နှလုံးခုန်သံကိုပင် ကြားရသယောင် ထင်မိသည်။ နဖူးစပ်မှာ ချွေးစို့ လာသည်။ ကျောခိုင်းပစ်လိုက်ရင် သိပ်ကောင်းမှာပဲဟု တွေးမိသောအခါ ရင်မှာ ဆို့နှင့်သည်။ အပြင်မှာ သီချင်းသံသဲ့သဲ့ လွင့်လာသည်။ ကိုကိုတို့ ဂစ်တာဝိုင်းမှ အသံ။ စိုးမိုးရဲ့ သီချင်း။ မဲ့ပြုံးတစ်ခုကို နာနာကျင်ကျင် ပြုံးလိုက်မိသောအခါ ဆေးပုလင်းကို အလိုလို လှမ်းယူပြီးသား ဖြစ်သွားသည်။ လက်ဖ၀ါးပေါ်က ဆေးဝါပြား ခုနစ်ပြားကို ကျင့်သားရစ္စာ သောက်မျို အပြီးမှာ ရင်တွင်း၌ ပေါ့ပါး သွားသည်ဟု ထင်သည်။ အိပ်ရာပေါ် လှဲအိပ်ပြီးသောအခါ အာရုံက ဥမ္မာ၊ ရည်နွယ်နှင့် မိုးမိုးတို့ထံ ရောက်သည်။ စိုးမိုးကို သတိအရမှာတော့ ရင်ခုန်နှုန်း မြန်လာသလို ထင်မိသည်။ မေ့ပျောက်လိုစိတ်ဖြင့် မျက်လွှာကို ဖိအပိတ်မှာ မျက်ရည်ပူတွေက စီးကျလာသည်။
ညိုရဲ့ မျက်ရည်တွေ ကျမိပြန်ပြီ။ အခုအချိန်မှာ စိုးမိုး ပျော်နေမှာလား။ အခုအချိန်မှာတော့ ဥမ္မာတို့လို စိတ်အာဟာရမျိုးနဲ့ ကိုကိုတို့လို လွတ်လပ်မှုမျိုးကို ညိုလည်း ရနေတာပါပဲ၊ ကြေကြေကွဲကွဲ တွေးမိသည်နှင့် တစ်ပြိုဒ်တည်းမှာ ကျေနပ်အားရမှုတွေလည်း ပြည့်လာသည်၊ ခဏ အကြာမှာတော့ ညိုသည် အားလုံးနှင့် တူမျှစွာ တစ်သားဆည်း ဖြစ်သွားတော့သည်။ အားလုံးနည်းတူ ပျော်ခွင့်ကို ညို ရနေပါပြီ၊။
(၂)
သာမန်အမှုထမ်း တစ်ဦးမျှသာ ဖြစ်သော ဖေဖေသည် မေမေ၊ ကိုကိုနှင့် ညိုတို့အတွက် သင့်တော်သော လူနေမှု အဆင့်ကို ဖန်တီးပေးနိုင် ခဲ့ပါသည်၊ မိသားစုအတွက် ခြံဝင်းငယ်တစ်ဝင်း၊ သင့်တင့်သော ကားတစ်စီးနှင့် ကိုယ်ပိုင်ကလေး တစ်လုံးဖြင့် ညိုတို့ မိသားစုဘဝကို ဖြည့်ဆည်းပေးခဲ့သည်။ ဥမ္မာ၊ ရည်နွယ်နှင့် မိုးမိုးတို့က ညို့ဘဝကို ပျော်ရွှင်အေးချမ်းဖွယ် ဘဝတစ်ခုအဖြစ် ယူဆထားကြသည်။ ညိုကတော့ ညို့ဘဝသည် အေးစက် ငြိမ်သက်လွန်းသော သို့မဟုတ် အထူးအခြား ဝင့်ကြွားဖွယ် ကင်းသော ဘဝဟု မြင်ခဲ့ပါသည်။
ညို့ ပတ်ဝန်းကျင်သည် ဖေဖေ၊ မေမေ၊ ကိုကို၊ စိုးမိုး၊ ဥမ္မာ၊ ရည်နွယ်နှင့် မိုးမိုးတို့သာ ရှိသော ပတ်ဝန်းကျင် ကျဉ်းကျဉ်းကလေးမျှသာ ဖြစ်နေသည်း ဖေဖေနှင့် မေမေသည်လည်း တစ်ကြိမ် တစ်ခါမျှ ရန်မဖြစ်ဖူးသော၊ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး မရှိလှသော အိမ်ထောင်ဖက်များ ဖြစ်နေသည်။ ကိုကိုသည်လည်း ဖေဖေနှင့် မေမေ၏ အလိုလိုက်မှုကို ခံစားနေရသူဖြစ်၍ ညိုနှင့် ဝေးကွာလှသော လူမှု ပတ်ဝန်းကျင်တွင် လွတ်လပ်ပျော်ရွှင် နေသူလည်း ဖြစ်သည်။ ပြီးတော့ ကိုကိုသည် ညိုနှင့် ခြားနားလှစွာ ထူးချွန်သူလည်း ဖြစ်သည်။ ကိုကိုက ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းတက်နေချိန်တွင် ညိုက မထူးချွန်လှစွာ ရန်ကုန်တက္ကသိုလ် သို့သာ တက်ရောက်ခွင့် ရခဲ့သည်ပဲ။
ထိုမှတစ်ပါး ညို့ချစ်သူ (ညို့ ခင်ပွန်းလောင်း) စိုးမိုးသည်လည်း ညို၏ သတ်မှတ်စံအရ ဘဝလိုအပ်ချက်များစွာ ပြည့်စုံရပြီး ဂုဏ်ယူ ဝင့်ထည်စရာ အဆိုတော် တစ်ဦးလည်း ဖြစ်နေသေးသည်။ ဥမ္မာ၊ ရည်နွယ်နှင့် မိုးမိုးတို့သည် ညို့ဘဝ၏ အတွယ်တာရဆုံး သူငယ်ချင်းများ ဖြစ်ပြီး ညို့ဘဝနှင့် ဆန့်ကျင်လှစွာ အစဉ်အမြဲ ဘဝကို ကျေနပ်နိုင်ကြ သူများလည်း ဖြစ်နေကြသည်။ အခြား မည်သည့်အရာကိုမျှ မက်မောနိုင်စွမ်း မရှိသူ ညိုသည် ညို့ ပတ်ဝန်းကျင်ကလေး ကိုတော့ တစွဲတလမ်း မက်မောခဲ့သည်။
ညို့ ပတ်ဝန်းကျင်ကလေး၌ ညိုနှင့် ပတ်သက်နေသူ အားလုံးသည် ညို့အတွက် အားကျစရာ များစွာရှိသော ဘဝများကို ပိုင်ဆိုင်နေကြ သည်ပဲ။ ဒါအတွက်လည်း ညို များစွာ ခံစားခဲ့ရပါသည်။
(၃)
လွင့်မျောသော အာရုံတို့မှာ ညို ပကတိ ပျော်ရွှင်နေရသည်။ ပီကေဝါးရင်း သိုးမွေးထိုးနေသော ဥမ္မာ၊ သီချင်းညည်းရင်း ကခုန်နေသော ရည်နွယ်၊ ငြိမ်သက်စွာ ထိုင်ရင်း ၀ါသနာပါရာ စအုပ်ဖတ် နေသော မိုးမိုးတို့၏ နံဘေးမှာ ညိုက ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်နေသည်။ သီချင်းတစ်ပုဒ်ကိုလည်း ဆိုနေပြန်သည်။ ညို ဆိုနေသော သီချင်းသည် ညို့ဘဝကို ဖွဲ့ထားသည်။ ညို၏ ချောမောလှပခြင်း၊ ညို့ချစ်သူ စိုးမိုး၏ ညို့အတွက် သိပ်သည်းစွာသော ချစ်ခြင်း၊ ဥမ္မာတို့၏ ချစ်ခင်မှု၊ ပြီးတော့ ဖေဖေ၊ မေမေတို့၏ နှလုံးသည်းပွတ် ညို။ ကိုကို၏ ချစ်မြတ်စွာ အလိုလိုက်ခံရသော ညီမလေး။ ညို့ သီချင်းက လှပလွန်းနေသည်။ ဂစ်တာသံက သာယာနေသည်။
သီချင်းမှမဆုံးခင် ညိုက လိပ်ပြာကလေး ဖြစ်သွားပြန်သည်။ မြက်ခင်းစိမ်း၊ ရနံ့သင်း ပန်းခင်းများဆီမှာ ဝဲကာပျံကာ ပျော်မြူး နေရပြန်သည်။ ညို့ရင်ထဲမှာ ပေါ့ပါးလိုက်တာ။ လိပ်ပြာကလေး ဘဝမှာ ညို ဘယ်သူ့ကိုမှ သတိမရ။ စိုးမိုးကိုလည်း သတိမရ။ ညို့ကိုယ် ညိုသာ သတိရသည်။ အေးခနဲ ခံစားလိုက်ရ ပြန်သည်။ အာရုံမှာ ရေပြာပြာ သန္တာကျောက်တန်းများ၊ ရေမှော်စိမ်းနုများ ထင်သည်။ ညိုက ရွှေငါးကလေး ဖြစ်သွားပြန်သည်း တီဗွီထဲမှာ မြင်ဖူးသော ရေအောက်ရှုခင်းများကို မျက်ဝါးထင်ထင် မြင်ရပြန်သည်။
ညို ရေသူမကလေး ဖြစ်ချင်တာ ကြာပြီပဲဟု တွေးမိပြီး ရွှေငါးကလေး ဖြစ်နေသော ညို့ကိုယ်ညို မကျေနပ်နိုင်စွာ ကြည့်တော့ ညိုက ရေသူမကလေး တစ်ဦးအဖြစ် လှပနေတော့သည်။ ကြည့်ဖူးခဲ့သော ဗွီဒီယိုထဲက ရေသူမကလေးလို ရွှေအိုရောင် ကိုယ်ထည်ဖြင့် ညို။
ကဲလေ။ ညိုသည် တောင့်တသော ဆန္ဒတိုင်းနှင့် ပြည့်ဝရသူ ဖြစ်ခဲ့ပြီ။ စိုးမိုးရေ၊ ဥမ္မာတို့ရေ နင်တို့ ငါ့လောက် မပျော်နိုင်ကြဘူးနော်။ ငါကတော့ သိပ်ပျော်တာပဲ။ လွင့်မျောရသမှ မထွက်ချင်။ မကြာခင်မှာတော့ ညို နှစ်ခြိုက်စွာ အိပ်ပျော်ရပါဦးမည်။
အိပ်ပျော်စဉ်တွင်လည်း အိပ်မက်တို့က လှသည်။ စိုးမိုးနှင့် ညိုသည် အိပ်မက်ထဲတွင် တစ်ဦးကိုတစ်ဦး သိပ်ချစ်ကြသည်။ စိုးမိုက ညို့ကိုဂရုတစိုကိ ရှိလှသည်။ ဈုးမိုး၏ ဘဝကို ညိုတစ်ဦးတည်းကသာ ပိုင်ဆိုင်သည်။ ညို့ပါးပြင်၊ နဖူးပြင်တို့မှာ စိုးမိုးရဲ့အနမ်းတို့ သက်ကာ စိုးမိုး၏ လက်မောင်းကို ခိုတွယ်ကာ ညို့မှာ အားမာန်ပြည့်နေသည်။ စိုးမိုး ပစ်ခွါမည်ကို ညိုက စိုးရိမ် နေသလို စိုးမိုးကလည်း ကိုယ့်ကို ခွဲမသွားနဲ့နော် ညိုဟု တဖွဖွဆိုသည်။ ထိုသို့သော အိပ်မက်လှလှများကလည်း ညို့ဘဝကို သိမ်းပိုက်ပြန်သည်။
ဒီလိုနဲ့ပါပဲ။ ညို့ စိတ်ကူးလွှင့်ရခြင်းများ အိပ်မက်လှများနှင့် မွမ်းမံထားသော အတုဘဝဖန်ဆင်းမှု ဆေးပြားများက ညို့ကို လွှမ်းမိုးဖြစ်ကြသည်။ လွတ်လွဘ်လပ်လပ် စိတ်လွင့်မျောရခြင်း အကူတို့ကို ညို ဖက်တွယ်လာခဲ့သည်။ နွံမှန်း ညိုသိလျက် မနစ်ကျွံမဖြစ်သော အခြေအနေအဖြစ် ညို့ကိုယ်ညိုနှစ်ခဲ့သည်။
(၄)
“ကိုကို့ မျက်လုံးတွေက ငါ့ကို စိုက်ကြည့်လိုက်ရင်လေ ငါ့ရင်ထဲမှာ အားအင်အသစ်တွေ ဝင်လာသလိုပဲ သိလား၊ အဲဒီ အားကလေ ဘဝမှာ လိုအပ်ချက်တွေ ပြည့်စုံသွားသလို ခံစားရတာ” ဟု ရည်နွယ်ပြောစဉ်က ဥမ္မာက ဟားသည်။ မိုးမိုးကတော့ ငြိမ်သက် သိမ်မွေ့စွာ ပြုံးသည်။ ညိုကတော့ တအံ့တဩ ငေမောကြည့်သည်။ မိုးမိုးကလည်း ကိုထွေး သူ့ကို စိတ်တိုပြီး အော်လိုက်ရင် ဘာလုပ်ရမှန်း မသိတော့လောက်အောင် တုန်လှုပ်ကြေကွဲရသည်ဟု ပြောဖူးသည်။ ညိုကတော့ အံ့ဩ၍သာ နေရမြဲဖြစ်သည်။ အစဉ် ပေါ့ပါး ပျော်ရွှင်နေတတ်သော ဥမ္မာကတော့ “ငါ သူ့ကို ဘယ်လောက်ချစ်လဲ ငါမသိဘူး၊ ငါသိတာက သူနဲ့နေရတာ ပျော်စရာကောင်းတယ် ဆိုတာပဲ သိကယ်” ဟု ရယ်ဖြဲဖြဲလုပ်ရင်း ပြောသည်။ ညို့ကို အမေးမျက်လုံးတွေဖြင့် သူတို့သုံးယောက် ဝိုင်းကြည့်ကြသော အခါတွင်တော့ ညိုသည် ဘာပြောရမည်မသိဘဲ “ငါ စိုးမိုးကို သဘောကျပါတယ်” ဟုသာ ခပ်တိုးတိုး ပြောဖြစ်သည်။ ထိုအခါမျိုးတွင် ရည်နွယ်နှင့် မိုးမိုးက ညို့ကို “ညိုက ဘယ်နေရာမှာမဆို အေးဆေးတယ်၊ သိပ် စိတ်ချမ်းသာစရာ ကောင်းတာပဲ” ဟူသော စကားမျိုးကို ဆိုကြသည်။ ဥမ္မာကတော့ ညို့ကို သဘောကျစွာရယ်ရင်း “နင် သဘောကျရုံ ကျတာဆိုရင် ငါ့ကိုပေးဟာ၊ ငါ စိုးမိုးကို ကြိုက်တယ်၊ ဘယ်လိုလဲ၊ ဒီအတိုင်း မပေးချင်ရင် ကိုမျိုးနဲ့ လဲမယ်လေ” ဟု နောက်သည်။ ထိုစဉ်က မည်သို့မျှ မလေးနက်ခဲ့သော်လည်း ညို စိတ်မပေါ့ပါးခဲ့ပါ။ စိုးမိုးကို ရည်နွယ်တို့ မိုးမိုးတို့တွင် ရှိနေသော ညို့ထက် ပိုမိုလေးနက်သော အချစ်မျိုးဖြင့် ညို ချစ်ချင်သည်။ သို့မဟုတ်လည်း ဥမ္မာ့လို ချစ်သူနှင့် နေရသောဘဝတွင် ပျော်ရွှင်ချင်သည်။ ညို့ဘဝ ညို အားမရခြင်း ထုထည်သည် ဤကဲ့သို့ စကားသံများစွာကြားမှာ ပို၍ သိပ်သည်းလာခဲ့သည်။ အခြားဘဝတို့အတွက် အရေးမပါလှသော စိတ်ချို့တဲ့မှုထုထည်သည် ညို့အား ပြင်းစွာ တုန်လှုပ်စေခဲ့သည်။
စိုးမိုးက “ညို့ကို ချစ်တယ်” ဟု ပြောလာစဉ်က ညို့ရင် မခုန်ခဲ့ပါ။ စိုးမိုးသည် အဘက်ဘက်မှ ပြည့်စုံသူတစ်ဦးဖြစ်ကြောင်း၊ နှစ်သက် တိမ်းမူးမှုများစွာ ခံရသူဖြစ်ကြောင်း ပတ်ဝန်းကျင် အသံတို့ဖြင့်လည်း ညို့ရင် မခုန်ပါ။ ညို့ကို တောင်းဆိုနေကြသူ များစွာကိုလည်း ညို အောင်မြင်စွာ ခေါင်းခါ ငြင်းဆန်ခဲ့သည်သာ ဖြစ်သည်။ စိုးမိုးကို ကျတော့ ဥမ္မာတို့၏ အားပေးမှုကြောင့် တစ်ကြောင်း၊ စိုးမိုးကလည်း ညို့ကို နီးနီးကပ်ကပ်နေကာ အဖြေကို တတွတ်တွတ် တောင်းခံခဲ့ခြင်းကြောင့် တစ်ကြောင်း ညို ခေါင်းညိတ် အဖြေပေးခဲ့သည်။ ထိုစဉ်က ညို့ အတွေးတွင် မိန်းကလေးများတို့၏ သဘောကျနှစ်သက်ခြင်း ခံရသူတစ်ယောက်ကို ချစ်သူတော်ရခြင်းဖြင့် ညို၏ဘဝသည် ထူးခြားထည်ဝါ လာနိုင်သည်ဟု တွေးနေခဲ့မိသည်။ သို့နှင့်ပင် စိုးမိုးနှင့် ညိုတို့ ချစ်သူဖြစ်ခဲ့ကြတော့သည်။ ပတ်ဝန်းကျင်က လှသောညိုနှင့် လိုက်ဖက်ညီလှသော စိုးမိုးကို အားကျနေခဲ့ကြသည်ကို ညို သာယာနေခဲ့သည်။
ညိုက ညို့ဘဝကို ညို ကျေနပ်သယောင် ရှိခဲ့သည်။ ဒါပေမယ့် ကာလ အတန်ကြာမှာပင် ညို့ရင်တွင်းက ဒဏ်ရာဟောင်းမှာ ပြန်လည် ဖွံ့ဖြိုးစပြု လာပါသည်။ ချစ်သူကို မုန့်စားတန်း ပို့ရန်၊ သွားလိုသော နေရာကို လိုက်ပို့ပေးရန်၊ “ဒါ ငါ့ရည်းစားလေကွာ” ဟု ညို့ကို ရှေ့တန်းတင်ရန်မျှထက် မပိုသော စိုးမိုးကို ညို စိတ်ပျက်ချင် လာခဲ့သည်။ တနင့်တပိုး ချစ်ခင်ကြည်ညို ရသော ချစ်သူမျိုးကို သဘောကျတတ်သည့် ညိုသည် ဘဝကို အလိုမကျ ဖြစ်မိတော့သည်။ ညို့ ပတ်ဝန်းကျင် ကျဉ်၊လေးထဲရှိ မိုးမိုး၊ ရည်နွယ်နှင့် ဥမ္မာတို့၏ အပျော်ကို မက်မောကာ ညို့ဘဝကို နာကြည်းလာသည်။ အိပ်မပျော်ညများစွာ၊ စိတ်ဓာတ်ချို့ နေ့များစွာကို ဖြတ်ကျော်သွားနိုင်ရန် ကြိုးပမ်းရာမှတစ်ဆင့် လက်တွေ့ဘဝကို ခဏမေ့ပျောက်နိုင်သည့် အာရုံလွင့်မျောရာများကို ပိုမိုအားပြု လာရတော့သည်။ ပြိုလဲပျံ့လွင့်စိတ်အစဉ်ကို ငြိမ်သက်ရန် ဆေးကူ၍ တဒင်္ဂမျှသော အလှဘဝကို တွယ်တာခဲ့တော့သည်။
ရည်နွယ်က သူ၏ ကိုကိုကို ချစ်သလို၊ မိုးမိုး “ကိုထွေး” ကို ကြည်ညိုမြတ်နိုးသလို၊ ဥမ္မာက ကိုမျိုးကို သဘောကျသလို စိုးမိုးကို ညို စုံမက်ချင်သည်။ မြတ်နိုးချင်သည်။ စိုးမိုးသည် ညို၏ ဘဝ၊ ညို၏ ခန္ဓာ၊ ညို၏ နှလုံးသည်းပွတ် ဖြစ်စေချင်သည်။
ပြီးတော့ စိုးမိုးကို ရည်နွယ့် ကိုကိုလို ကဗျာရေး အောင်မြင် စေချင်သည်။ မိုးမိုးရဲ့ ကိုထွေးလို ဂစ်တာတီး ကျွမ်းကျင်စေလိုသည်။ ဥမ္မာ့ ကိုမျိုးလို ချစ်သူကို ပျော်ရွှင်စေနိုင်သူ ဖြစ်စေလိုသည်။ စိုးမိုးကမူ ညို နှစ်သက်သော အရည်အချင်းမျိုး ရှိနေဟန် မတူပေ။ ညိုက စိုးမိုးအကြောင်းကို သိပ်သိသည်မဟုတ်။ စိုးမိုး၏ အခြေအနေကိုသာ သိပါသည်။ စိုးမိုးသည် ဘောင်းဘီထည်လဲ ဝတ်ကာ နိုင်ငံခြားစီးကရက် မျိုးစုံကို လက်ကြားညှပ်ပြီး ကားတစ်စီးနှင့် လှည့်ပတ်နေတတ်သော ခေတ်ပေါ် ယောက်ျားချော တစ်ယောတ်သာ ဖြစ်သည်။ ညို၏ဝန်းကျင်မှာ စိုးမိုးနှင့်တူသော ယောက်ျားများစွာ တွေ့နိုင်သည်ဟု ညိုက ယူဆသည်။ ထို့ကြောင့် စိုးမိုးကတော့ ညို၏ စံပြယောက်ျား မဖြစ်ပါ။ သို့သော် ချစ်သူအဖြစ် လက်ခံခဲ့ရသည့် ညိုကတော့ “မိန်းမပျို များစွာ စိတ်ကူးယဉ် အိပ်မက်ကြသူ” တစ်ယောက်ဖြစ်သော အချက်ကလေး တစ်ချက်မျှနှင့်ပင် စိုးမိုးကို ပိုင်ဆိုင်လိုခဲ့သည်း ဘဝကို ခမ်းနားစေလိုလှသော ညိုသည် စိုးမိုး၏ ချစ်သူဘဝတွင် မယောင်မလည်နှင့် ကျင်လည် နေရမြဲခဲ့သည်။ နှစ်ဖက်မိဘများကပါ သဘောတူကြသော အခါ စိုးမိုးနှင့် ညို၏ ဘဝသည် အရာရာ အောင်မြင်သော နှစ်လိုဖွယ်ဘဝ ဖြစ်လာသည်။ ထိုအခါတွင်လည်း ညိုသည် အူကြောင်ကြောင် နိုင်လှစွာ နှစ်ဖက်မိဘ သဘောမတူ၍ စွန့်စားချစ်ရသော ချစ်သူဘဝကို တပ်မက်ပြန်ပါသည်။ အလွယ်တကူ ရပြန်သောကြောင့် တန်ဖိုး မထားလိုသော စိတ်ဖြင့် ညို မပျော်ရွှင်နိုင် ပြန်တော့ပေ။
(၅)
“ဘဝမှာ အခက်အခဲတစ်ခုမှ မကြုံခဲ့ဖူးတာကို ငါ မကျေနပ်ဘူး” ဟု ပြောသောအခါ ဥမ္မာနှင့် ရည်နွယ်က နှာခေါင်းရှုံ့သည်။ မိုးမိုးက မျက်မှောင်ကြုတ်၍ ကြည့်သည်။ တစ်ခါ တစ်ခါ ညိုသည် ချူချာလှသော ရောဂါသည်ကလေး ဖြစ်ချင်သည်။ (ရောဂါသည် မဖြစ်သော်လည်း ညိုက ကျန်းမာသန်စွမ်းသူလည်း မဟုတ်ပြန်ပေ။) ထိုအခါ ဖေဖေနှင့် မေမေတို့ကလည်း ထူးထူးခြားခြား ဂရုမစိုက်ကြပါ။ ရည်နွယ်မှာ နှလုံးသွေးကြောကျဉ်း ရောဂါရှိရာ သူ၏ ဒက်ဒီနှင့် မာမီက သိပ်ဂရုစိုက်သည်။ ညိုက ဒါအတွက်လည်း ညို့ကိုယ်ညို မကျေနပ်ပြန်ပေ။
ညိုသည် ငယ်စဉ်ကပင် စာမေးပွဲများကို နှစ်တိုင်း မှန်မှန် အောင်လာခဲ့သော်လည်း ထူးချွန်ဆု ရခြင်းမျိုး မရှိခဲ့ပေ။ ညိုက မထူးချွန်လှသည့် အထဲတွင် ကိုကို တစ်ယောက် စာတော်သောအခါ ညို၏ တစ်နှစ်တစ်တန်း အောင်ခြင်းက မထူးခြားခဲ့ပါ။ ကိုကို့လို မထူးချွန်သည်ကို ညိုက ကျန်းမာရေး မကောင်းလှ၍ဟု သူတို့ဘာသာ ယူဆကာ ဖေဖေနှင့် မေမေက မဆူသလိုပင် စာမေးပွဲအောင်လျှင်လည်း မချီးကျူးပါ။ ဥမ္မာ့ဖေဖေနှင့် မေမေတို့က ဥမ္မာ ဆယ်တန်း နှစ်ချင်းပေါက် အောင်ခဲ့သောကြောင့် ဧည့်ခံပွဲတစ်ခု လုပ်ပေးခဲ့သည်။ ညိုက သူနှင့်ယှဉ်တွေး၍လည်း မကျေနပ်ပြန်။
ညိုသည် ဖေဖေ၏ မအားလပ်မှုနှင့် မေမေ၏ အိမ်ထောင်ရှင်မကောင်း ပီသမှု၊ ကိုကိုနှင့် အသက်ကွာမှုများ ကြားတွင် ငယ်ဘဝကို ခြောက်သွေ့စွာ ကျော်ဖြတ်ခဲ့ရသည်။ ဖေဖေ ရွေးချယ်ပေးသော ဗဟုသုတ သက်သက် စာအုပ်များကြားတွင် ထိုင်းမှိုင်းစွာ၊ မေမေ သွန်သင်ပေးသော အိမ်မှုကိစ္စနှင့် မိန်းမပီသမှု သင်ခန်းစာများထဲတွင် နွမ်းနယ်စွာ ကြီးပြင်းခဲ့ရသည်။ (မိုးမိုးက သူ့မိဘများနှင့် အတူ ခဏခဏ ခရီးသွားခဲ့ဖူးသည်။ ငြိမ်းကျော်၊ မိုးမိုး (အင်းလျား)၊ မစန္ဒာတို့၏ စာများမှာ မွေ့လျော် ပျော်ခဲ့ရသည်။) တကယ်ပင် မိုးမိုး၊ ရည်နွယ်နှင့် ဥမ္မာတို့ ဘဝများ အကြားမှာ ညို့ စိတ်အကျ အရှိန်ရတော့သည်။
မိုးမိုးတို့အိမ်မှာ ရည်နွယ်၊ ဥမ္မာနှင့် ညို သူငယ်ချင်းတစ်သိုက် ဆုံခဲ့ကြဖူးခဲ့သည်။ ကက်ဆက် နားထောင်ခြင်းနှင့် ဗွီဒီယို ကြည့်ခြင်းတို့မှာ အများနည်းတူ ပျော်ရသော်လည်း နေ့လယ်ခင်းမှာ ရည်နွယ် ဂစ်တာတီး၍ မိုးမိုးက စန္ဒရားတီးပြီး ဥမ္မာက ပီကေဝါးရင်း တေးသွားအလိုက် ကသည်။ ထိုအခါမှာတော့ ညိုက ပွဲကြည့်သူ ဖြစ်သွားတော့၏။ ခဏအကြာ အရှိန်ရလာသောအခါ ညို့ကို သူတို့ မေ့သွား ကြတော့သည်။ ရည်နွယ့် ဂစ်တာသံ၊ မိုးမိုး၏ စန္ဒရားသံတိုနှင့် ဥမ္မာ့ အကတို့သည် အဆင်ပြေစွာ ညီညွတ်နေ၏။ ညို တစ်ယောက်တည်း ငြိမ်သက်စွာနေရင်း ညနေစောင်းခဲ့သည်။ သူငယ်ချင်း သုံးယောက်ရဲ့ စကားသံ အလုအယက်တွေ ကြားမှာ ညို အမှုန်ကလေး တစ်မှုန်လောက် သေးငယ်သွားသည်ဟု ထင်သည်။ သည်းမခံနိုင်သည့် အဆုံး “ညို ပျင်းပြီကွာ” ဟုပြောတော့ ဥမ္မာက “မိညိုကြီးက ဘာမှမတတ်တော့ ပျင်းမှာပေါ့” ဟု ပြောသည်။ ထိုစကားက ညို့ရင်ကို ပဲ့တင်ခတ်ကာ နာကျင်သွားသည်။
နာသာခံခက် အဖြစ်များစွာတို့ နှိပ်စက်၍ ထိုညက အိပ်မပျော်ဘဲ မိုးလင်းခဲ့သည်။ နောက်တစ်နေ့ မိုးအလင်းမှာတော့ ညို မျက်လုံးတွေ ကျိန်းစပ်နေသည်း ညို သိပ်အိပ်ချင်နေပါသည်။ စိတ်အာဟာရ ပြည့်ဝနှစ်ခြိုက်စွာ အိပ်စက်လိုပါသည်။ ကျန်းမာရေးကို ရင်း၍ ကြိုးပမ်းရ၏။ နောက်တော့ ညို အိပ်ပျော်သွားသည်။
(၆)
စာဖတ်များသော မိုးမိုးကို အားကျသော ညိုသည် တက္ကသိုလ် ပထမနှစ်တွင် ညို ဖတ်လိုသော မိုးမိုး ဖတ်သည့် စာအုပ်များကို ဖတ်ခဲ့သည်။ မိုးမိုးကတော့ ညိုလိုက်မမီနိုင်သေးသော စာအုပ်များကို ဖတ်ကာ ကျောင်းတွင်းမှ စာပေဝါသနာ ပါသူများနှင့် ဆွေးနွေးနေပြီဖြစ်သည်။ ညိုကတော့ ကလေးတစ်ယောက်လိုပင် စာအုပ်တွေထဲက ဘဝနွမ်း ဘဝမောတွေကို တအံ့တဩဖြစ်ကာ ထက်ရှသော မိန်းမဇာတ်ကောင်များကို ကျေနပ်ကာ စိုးမိုးနှင့် ညိုတို့ကဲ့သို့ သမားရိုးကျ မဟုတ်တော့ဘဲ တစ်ဦးနှင့်တစ်ဦး ခိုင်ခိုင်မာမာ ချစ်ကြသော စုံတွဲများကို သဘောကျကာ ရှိခဲ့ရသည်။ ရုန်းကန်ရသော ဘဝကို လေးစားမိကာ အခက်အခဲများနှင့် ပြည့်သော ချစ်သူတို့ဘဝကို ရင်ဆိုင်လိုစိတ်များ ဖြစ်မိပြန်သည်။ ဖတ်ထားသော စာအုပ်များအကြောင်းကို ဆွေးနွေးလိုသော်လည်း ဖေဖေက မိုးမိုး၏ ဖေဖေလို သမီးနှင့် စာပေဆွေးနွေးလေ့ ရှိသော ဖခင်မျိုးမဟုတ်။ အားလပ်ချိန်မျိုးတွင် သိုးမွေးထိုးခြင်းခြင့် စိတ်မလေနိုင်ဟု ယုံကြည်သည်။ သို့သော် ညို့မေမေက သမီးကို သိုးမွေးထိုး သင်ပေးလေ့ရှိသော ဥမ္မာ့မေမေလို မဟုတ်။ မေမေက တရားစာအုပ်များနှင့်သာ ပျော်မွေ့နေတတ်သည်။ ထိုမှတစ်ပါး ကိုကိုသည်လည်း ညီမအတွက် ဆေးဝယ်ပေးတတ်သော ဂစ်တာအတီး သင်ပေးတတ်သော ရည်နွယ့် ကိုကိုလို မဟုတ်။
ဆန္ဒများစွာဖြင့် ဆာမွတ်ကာ ညို့ဘဝကို ညို ခါးသက်လာသည်။ ညို အပြင်စာပေကို လေ့လာလိုပါသည်။ သို့သော် မိုးမိုးလောက် မသိနားမလည်နိုင်သည်ကို သတိရသောအခါ စာမဖတ်ဖြစ်တော့။ ညို ဂစ်တာတီးလိုပါသည်။ သို့သော် ကိုကိုဆူမည်စိုး၍ မတီးဖြစ်တော့။ ညို ဥမ္မာ့လို အိမ်မှုကိစ္စတို့ကို ကူညီချင်နေသည်။ သို့သော် မေမေက စာကျက်စေ၍ ညို ဘာတစ်ခုမျှ မလုပ်ဖြစ်။ သီချင်း နားထောင်ခြင်းနှင့် ဗွီဒီယို ကြည့်ခြင်းသည် ညို့ကို ကြာရှည်စွာ စိတ်ချမ်းမြေ့မှု မပေးနိုင်တော့သောအခါ ညို ဆောက်တည်ရာမဲ့တော့သည်။ ထိုမှတစ်ပါး ချစ်သူစိုးမိုးသည်လည်း လွမ်းလောက်ဖွယ် မရှိပြန်ရာ ညို၏ ခါးသက်မှုများစွာသည် ခါးသီးမှုများ ဖြစ်သွားသည်။ ကျော်ဟိန်း၏ စီးရီးအမည် တစ်ခုကိုပင် ခါးသီးသွားရသည်။ ဒါက ညို့ကို စော်ကားသလိုပါပဲ။ “အဓိပ္ပါယ်ရှိသောလူ” တဲ့။
ညို မြင်သည်။ ဘဝသည် ပိန်းပိတ်အောင် မှောင်နေသည် ထင်၏။ ရုပ်ရှင်ရုံများထဲမှာ မှောင်မိုက်နေသလိုမျိုးပါပဲ။ အထဲမှာ အိုက်နေသည်။ ရုံထောင့်မှာ စာလုံးအနီလေးတစ်တန်း တွေ့ရသည်။ အီး၊ အိပ်က်စ်၊ အိုင်၊ တီ (အိပ်ဆစ်တဲ့။ ထွက်ပေါက်တဲ့)။ စိတ်ငြိမ်ဆေးကို အင်္ဂလိပ်ဘာသာဖြင့် “ထရန်ကွာလိုက်ဇာ” ဟု ခေါ်သည်။
ညို့စိတ်တို့ လွတ်လပ်ပေါ့ပါး နေခဲ့သည်။ ဆေးရှိန်ပြယ်ချိန်၌ကား ငရဲလိုပင်။ ခဏတာ မေ့ပျောက်ထားခဲ့သော ဘဝအရိပ်များက အလုအယက် ပြန်နေရာယူကြတော့သည်။ ညို မေ့တတ်လာသည်။ အတွေးတွေ စိတ်မကြည်လင်း၊ သူငယ်ချင်းများနှင့် အတွေ့ကျဲသောအခါ ညိုသည် ဆေးပြားများ၏ အကျဉ်းခံ။
စိုးမိုးကို မွတ်သိပ် တမ်းတသည်။ ဥမ္မာတို့ကို ရွံရှာမုန်းတီးသည်။ စိတ်ကို တစ်ပါးသောနည်းများဖြင့် ဖြေသည်။ ဒါပေမယ့် မဖြေနိုင်။ ညို့ကိုယ်ညို စတေးပစ်လိုက်ရမလား။ ညို သိနေသည်။ ညို မှားနေခဲ့ပြီ ဖြစ်ကြောင်း ညို သိလိုက်သည်။
(၇)
စိုးမိုးက “သီချင်းတစ်ခွေ ထုတ်မလို့” ဟု ပြောသောအခါ ညို အံ့ဩနှစ်သက် ဖြစ်ခဲ့သည်။ ထင်ပေါ်ကျော်ကြားသူ၏ မိဘ အသိအမှတ်ပြု ချစ်သူကြင်ဖက် ဘဝကိုလည်း ကျေနပ်တပ်မက် သွားမိသည်။ ထို့နောက်ပိုင်းတွင် စိုးမိုး သီချင်းသွင်းရာ နောက်သို့ လိုက်ပါနေခဲ့သည်။ ထိုရက်များစွာ၏ ညများတွင် ညိုသည် စိတ်လက်ပေါ့ပါး နေခဲ့သည်။ စိုးမိုး၏ ချစ်မက်ဖွယ် ဟန်များ အသံများတွင် နစ်မျောကာ ညို ကြည်နူးသာယာ နေခဲ့ပြန်သည်။ အားကျသော အကြည့်များကို ကြည်နူး ခံစားအပြီး ကျေနပ်နှစ်သိမ့်လျက် ရှိခဲ့သည်။ ဒီလိုဆိုတော့လည်း ငါ့ဘဝဟာ ဘဝရိုးတစ်ခု မဟုတ်ပါလား။ လူတကာ အားကျမက်မောတဲ့ ဘဝပါလားဟု ခိုင်မာစွာတွေးရင်း စိတ်ဓာတ်အားပြည့် နေခဲ့သည်။ ညို့ စိတ်ကျ အာဟာရဆေးတို့ကို ညို မေ့ပျောက်နေခဲ့သည်။ ညို့ အချိန်များသည် သာယာနာပျော်ဖွယ် အတိ။
တကယ်တော့ အိပ်မက်တစ်မက်မျှသာ ထိုကာလ တည်တံ့ခဲ့သည်။ စိုးမိုး၏ သီချင်းများကလည်း အောင်မြင်ခဲ့သည်။ စိုးမိုးသည် မိန်းကလေးများစွာတို့၏ အိပ်မက်ရှင် ဖြစ်လာခဲ့သည်။ နာမည်ကျော်ကြားမှုကို ထိန်းထားနိုင်ရန် ညိုက နောက်ဆုတ်နေခဲ့ရသည်။ အရင်ကမှ ဘေးယှဉ်တွဲနိုင်သော အခြေအနေရှိခဲ့သည့် ညိုနှင့် စိုးမိုးသည် ယခုအခြအနေမှာ ကွာလှမ်းခဲ့ပြီဟု ညို ထင်သည်။ ညိုက သာမန် လှပသော မိန်းကလေးမျှသာဖြစ်လျက် စိုးမိုးက ထင်ရှားကျော်ကြားသူ ဖြစ်နေခဲ့ပြီ။ ထိုအတွေးက ညို့ကို အံကြိတ်တတ်စေခဲ့သည်။ နှုတ်ခမ်းကို နာကျင်ဖိကိုက် စေခဲ့သည်။ ညိုသည် ညို့ ဘဝကိုသာ မဟုတ်၊ ညို့ကိုယ်ညိုလည်း ငြီးငွေ့ဖွယ်ရာမက၊ နာကြည်းဖွယ် ဖြစ်စေခဲ့သည်။ ညိုက ကိုယ်တိုင် မထူးချွန်လျှင်သော်မှ စိုးမိုးကို ပါရမီဖြည့်လိုသည်။ သို့သော် ညို သည် ဂီတနှင့်ပတ်သက်၍ ဘာတစ်ခုမျှနားလည်သူ မဟုတ်ပြန်သောကြောင့် စိုးမိုးနှင့် တစ်စတစ်စ ဝေးကွာလာပြီဖြစ်ကြောင်း သတိပြုမိသည့်အခါမှာ မေ့ပျောက်ထားခဲ့သော ညို့အဖော် ဆေးပြားများကို ပြန်လည်တွေ့ထိရတော့သည်။
(၈)
ညို့ ဒဏ်ရာကို မည်သူမျှ မသိသော်လည်း မိုးမိုးက သင်္ကာမကင်း ရှိခဲ့သည်။ မိုးမိုးက မေးလာသောအခါ ညိုသည် ကြေကွဲ နာကျင်စွာ မကျေနပ်ချက်များကို ရင်ဖွင့်တိုင်ပင်မိသည်။ ထိုအခါ မိုးမိုးက တည်ငြိမ်စွာပြုံးပြီး ညို့ကို စကားတွေအများကြီး ပြောတော့သည်။
“နင် ကြောင်နေတာ ညို၊ နင် ကြုံနေရတာက ဘာမှမဟုတ်ဘူး၊ တကယ့်ကို အသေးအဖွဲတွေပဲ၊ နင်က ထမင်းမငတ်ဖူး၊ မိဘမမဲ့ဖူး၊ ဘတ်စ်ကားတောင် တိုးမစီးဖူးသေးတော့ ဆင်းရဲရတဲ့ဘဝ ဆိုတာကို မသိဘူး၊ ရုန်းကန်ရခြင်းရဲ့ အမောအပန်းကို မသိဘဲနဲ့ ဘဝမှာ အခက်အခဲ မကြုံခဲ့ရတာကိုပဲ မကျေနပ်ဘူးလို့ပြောတာ နင် ကြောင်တာပဲ၊ ဘာကြောင်တာလဲဆိုတော့ စာကြောင်တာ၊ ညိုရယ် ဒါ စိတ်ကူးယဉ်စရာ မဟုတ်ဘူး၊ သိပ်ချမ်းသာရင်တော့ကော နှင် ဘာလုပ်ချင်လို့လဲ၊ နှင့်မှာ ဘာလိုအပ်နေလို့လဲ၊ ဒီမှာ ညို၊ နင်ဟာ အစွန်းရောက်ဘဝကို မက်မောချင်နေတာပဲ၊ အဓိက ကတော့ စိတ်လေလွင့်တာပါပဲ။ နင်ကိုယ်တိုင်ကမှ ကိုယ်ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားမှ မရှိတာ၊ ဒီတော့ နင့်ဘဝ အီလည်လည်ဖြစ်နေတာ မဆန်းပါဘူး၊ ငါ ဘာလုပ်ရမလဲလို့ နင်က မေးတယ်နော် ညို၊ အေး ငါပြောမယ်၊ နင် ဘာလုပ်ရမလဲဆိုတော့ စာကျက်ရမယ်၊ စိုးမိုးကို ချစ်ရမယ်၊ ဂုဏ်ထူးတန်း တက်နိုင်ရမယ်၊ နင့် မိဘအတွက် လိမ္မာရမယ်၊ သိလား ညို၊ စိတ်ကို ထိန်းစမ်းပါ သူငယ်ချင်းရယ်၊ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေနဲ့ ခေါင်းအလေးမခံစမ်းပါနဲ့၊ ဒါ့ထက်ပဲ ဘယ်လောက် ပြည့်စုံရမှာလဲ မိညိုရယ်”
မိုးမိုးစကားဆုံးတော့ ညို ပါးမှာ မျက်ရည်ပူတွေနှင့် စိုရွှဲနေသည်။ မိုးမိုးစကားများက လက်ခံစရာစကားတွေ ဖြစ်ပေမယ့် ညို့ ရင်ထဲမှာတော့ ငါ အဓိပ္ပါယ်မဲ့တယ်ဆိုတာ ငါကိုယ်တိုင်လည်း သိပါတယ်၊ သိလျက်နဲ့ စိတ်ပင်ပန်းရတာကို ငါ ထိန်းမရတာ မိုးရယ် ဟုသာ တွေးနေသည်။ မိုးမိုး ဖြေပေးသည်ကိုပင် မပြေခဲ့သော ညိုကတော့ အဆီးအတား အဆင်ခြင်မဲ့သော မြစ်တစ်စင်းတွင် မျှောလိုက် ပျော်ပါးနေမြဲ ဖြစ်သည်။ ဆေးပြား၏အာနိသင်ဖြင့် မူးဝေကြည်နူးလိုက်၊ အရှိန်အကျမှာ စိတ်နိမ့်ကျလိုက်၊ နောက်ထပ် ဆေးကူမေ့ပစ်လိုက်ဖြင့် ရှိနေခဲ့သည်။
(၉)
“ခုတလော့ ညို့ကိုကြည့်ရတာ တစ်မျိုးပဲ” စိုးမိုး ပြောလာသောအခါ ညို ရှက်ရွံ့တုန်လှုပ်ရသည်။ အမူအရာ မပျက်အောင် ထိန်းရင်း “နေမကောင်းဖြစ်လို့” ဟု အကြောင်းပြရသည်။ ဒါပေမယ့် စိုးမိုးက “ညို ဆေးတစ်ခုခု သုံးနေသလား” ဟု ပွင့်လင်းစွာမေးသောအခါ ညို ဟန် မဆောင်နိုင်တော့ပါ။ ညို အားပါးတရ ငိုပါသည်။ ညို ငိုသည်ကို မမြင်တွေ့ဖူးသော စိုးမိုးသည် အံ့ဩတုန်လှုပ်စွာ ညို့ကို ရင်ခွင်တွင်း ပွေ့ဖက်ရင်း
“မငိုပါနဲ့ ညို၊ ပြောပါ၊ ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြော၊ ညို့မှာ ဘာစိတ်ညစ်စရာရှိလဲ၊ ကိုယ်ဖြေရှင်းပေးမယ်၊ ကိုယ်က ညို့ရည်းစားလေ၊ ပြီးတော့ လက်ထပ်မယ့်သူပဲကွယ်၊ ပြောနော်” ဟု မေးသည်။
တဖွဖွမေးနေသော စိုးမိုး၏အသံတွင် ညို စိတ်ငြိမ်သွားသည်။ စိုးမိုး၏ မျက်လုံးအကြည့်မှာ အားရှိသွားသည်။ မကြုံဖူးသေးသော အယုအယမှာ ညို့ ရင်ခုန်သည်။ စိုးမိုးလက်ဖျားများကို တင်းတင်းဆုတ်ကာ “ညို မပျော်လို့ပါ” ဆိုသော စကားကို ရှိုက်သံနှင့်အတူ ပြောဖြစ်သည်။ စိုးမိုးက ယဲ့ယဲ့ပြုံးရင်း “ဘာမပျော်စရာရှိလဲ ညို၊ အိမ်ကြောင့်လဲ ဟုတ်မယ်မထင်ပါဘူး” ဟုဆိုသည်။ ညိုက “မဟုတ်ပါဘူး၊ ညို့ဘာသာ သက်သက်မဲ့ စိတ်ညစ်နေတာ” ဟု စိုးမိုးကို အားကိုး တွယ်တာမှုဖြင့် တိုင်တည်လိုက်မိသည်။
“ဘာမှ မပျော်စရာမရှိဘူး သိလား ညို၊ ကိုယ် ညို့ကို ချစ်တယ်၊ ဒီနှစ် စာမေးပွဲပြီးရင် လက်ထပ်ကြမယ်၊ ဟုတ်လား”
“ညို ဘာမှ ထပ်မလုပ်နဲ့တော့နော်။ ကိုယ်စကား နားထောင်မယ် မဟုတ်လား” စိုးမိုးစကားကို ခေါင်းသွက်သွက်ညိတ်၍ တုံ့ပြန်ဖြစ်သည်။ ရင်တွင်းမှာ ပူနွေးကာ မကြုံဖူးသေးသော နွေးထွေးကျေနပ်မှုကို ခံစားရသည်။ ညို့ အချစ်ဆိုတာ တွေ့ပြီဟု စိတ်မှာ ထင်သည်။ စိတ်ချပါ စိုးမိုးရယ်။ ညို ဘာမှမလုပ်ဘဲ နေဖြစ်တော့မှာပါဟု စိတ်ကတိ ထားမိသည်။ ပထမဆုံးအကြိမ်အဖြစ် စိုးမိုး၏အနမ်းမှာ လှိုက်လှဲ သာယာရှိသည် စိုးမိုးပြန်သွားမှာကိုလည်း စိုးရိမ်နေမိပြန်သည်။ ညို့စိတ်ကိုညို သတိထားမိတော့ ညို ရှက်သည်။
ထိုညမှစကာ ညိုသည် ဆေးပြားများကို စတင်ခွဲခွာလိုခဲ့သည်။ လွင့်မျောညများထဲမှ ထွက်ပြေးချင်လာခဲ့သည်။ ဆေးပြားများအတွင်း နစ်မြုပ်ခဲ့ဖူးသော အချိန်ကိုလည်း နှမြောတတ်တော့သည်။ ညို့စိတ်ကို စိုးမိုးက သိမ်းပိုက်သွားခြင်းလည်း ဖြစ်သည်။
ချစ်သူမပီသကြသော ညိုနှင့် စိုးမိုးတို့၏ဘဝတွင် ညိုသည် ချစ်သူတို့ဘာဝ စိတ်ကောက်ရခြင်း၊ မနာလိုဝန်တိုခြင်း၊ နောက်ပြောင် ကျီစယ်ရခြင်း၊ လွမ်းဆွတ် တမ်းတရခြင်းများနှင့် ချစ်ခင် တွယ်တာရခြင်းများကို လိုလားခဲ့သည်။ “ကိုထွေးက မကြိုက်လို့ မိုး အလှမပြင်တော့ဘူး” ဟု ပြောသော မိုးကို အားကျခဲ့ဖူးသည့် ညိုသည် စိုးမိုး၏ ဆေးမသောက်ပါနှင့် ဟူသော တားမြစ်ချက်ကို ကြည်နူးစွာ ခံယူခဲ့သည်။ စိုးမိုးပြောလို့ဟု ညို့စိတ်တွင် နှလုံးသွင်းကာ ဆေးပြားများကို တော်လှန်ရဲခဲ့သည်။ ချစ်သူ၏ ချစ်ခြင်းစေတနာတွင် လုံခြုံကာ ညိုသည် အံ့ဩဖွယ် ရဲရင့်နေခဲ့သည်။
ထိုညမှပင်စကာ ဆေးမသောက်ဘဲ အိပ်ပျော်နိုင်ရန်၊ နေပျော်နိုင်ရန် ညို ကြိုးစားသည်။
အချိန်တန်တော့ ဦးခေါင်းခွံထဲမှာ ဟာနေသည်။ ညို စိတ်တိုလာသည်။ ဘဝ၏လိုအပ်ချက် များစွာတို့မှာ တစ်ခုခုပိုလာသလို ခံစားရသည်။ ညို အိပ်မပျော်။ မျက်လုံးတစ်စုံကို ကြိုးပမ်းမှိတ်လိုက်သော အခါ စိုးမိုးက ညို့ကို ပစ်သွားသည်။ ရည်နွယ်တို့ ဥမ္မာတို့က သရော်ကြသည်။ အိပ်မက်လိုလိုထဲမှ ဖေဖေနှင့် မေမေလည်း မရှိ။ ညို မောသွားသည်။ စိတ်ကျဉ်းကျပ်လွန်းသည့်အဆုံး အသံကုန် ဟစ်အော်မိတော့ ဖေဖေနှင့်မေမေ ဝင်လာသည်။ ညို့ကို ရေတစ်ခွက်နှင့် စိတ်ငြိမ်ဆေးတစ်ပြား တိုက်သည်။ ဆေးပြားလေးကိုကြည့်၍ ညို့ရင်တွေ တုန်ယင်လာသည်။ ဖေဖေက “သမီးက သရဲကားဗွီဒီယိုတွေသိပ်ကြည့် တာကိုး” ဟု အပြစ်တင်သည်။ မေမေက ညို့ကို ဘုရားစာရွတ်အိပ်ဖို့ ပြောသည်။ ညို၊ အတွက် ပင်ပန်းကြီးစွာသော ညပါပဲ။
ညို ကြိုးစားမေ့ပျောက်ခဲ့ပါသည်။ ပန်းခြံထဲမှာလမ်းလျှောက်၊ ပုတီးစိပ်၊ စိုးမိုးကို သတိရ၊ သီချင်းနားထောင်၊ ဗွီဒီယိုကြည့် စသည်ဖြင့် စိတ်ပြေရာရှာရ၏။ စိတ်လွင့်လည်း ညို ကြိုးပမ်းထိန်းယူသည်။ ယခုမှ ချစ်သူပီသစွာ ချစ်ရသော စိုးမိုးကို သတိတရ ရှိလွန်းသည့်အခါ စိုးမိုးသီချင်းများနှင့် အလွမ်းဖြေရသည်။ စိုးမိုးရဲ့သီချင်းများက ညို့ကို အင်အားပြည့်စေသည်။ ညို ဆေးပြားတွေကို ရှောင်နိုင်ခဲ့တာ နှစ်ရက်ရှိပြီ။ သုံးရက်ရှိပြီဟု လက်ချိုးရေရင်း စိုးမိုးကို ချစ်ရသည်။ ဒုတိယတေးစုအတွက် အလုပ်များနေသော စိုးမိုးထံ ဖုန်းဆက် အလွမ်းဖြေရသည်။ နာကျင်ပြင်းပြသမျှကို စိုးမိုးအတွက် အချစ်ဖြင့် ညို ရင်ဆိုင်ရဲခဲ့သည်။
(၁၀)
စိုးမိုးကို အကယ်စင်စစ် ချစ်ခဲ့ရသော စိုးမိုးအလိုကျ ဆေးဖြတ်ခဲ့ရသည့် ရက်တို့မှာ အရင်ကထက် စိုးမိုးကို တွေ့လိုစိတ် ပိုနေခဲ့သည်။ ဆယ့်သုံးရက်လောက်ကြာမှ စိုးမိုးရောက်လာသည်။ ညို ရင်ခုန်သွားသည်။ ညို့စိတ်က စိုးမိုးထံမှာ ပျော်ဝင်နေပြီပဲ။ မျှော်လင့်ကြီးစွာ လက်ဖျားအစုံ အေးစက်နေသည်။ စိုးမိုးကတော့ မည်သို့မျှ မထူးခြားစွာ “နေကောင်းတယ် မဟုတ်လား ညို” ဟု နှုတ်ဆက်ပြီး ကိုကိုနှင့် စကားပြောသည်။ ဂစ်တာတီးသည်။ ညိုကတော့ စိုးမိုးဘေးတွင် ယခင်ကလို ငြိမ်စွာနေပြီး စိုးမိုးမေးလာမည့် “ကိုယ့်စကားကို နားထောင်မယ်မဟုတ်လား ညို” ဟူသော စကားကို မျှော်လင့်ကြီးစွာ စောင့်နေသည်။ စိုးမိုးမေးမှာပါ။ မေးလာတဲ့အခါ ညိုက “နားထောင်တာပေါ့ကွယ်၊ ညို အခုဆို အများကြီး ထိန်းနိုင်ပါပြီ၊ စိတ်သိပ်လေတဲ့အခါ ဘုရားရှိခိုး၊ ဘုရားစာတွေရွတ်၊ သူ့ကို သတိရရင်း စိတ်ဖြေနေရတယ်” ဟု ဖြေမည်။ အရင်တုန်းက တစ်ခါမှ မပြောခဲ့ဖူးသော စကားများကို ပြောရမှာ ညို အနည်းငယ်ရှက်စွာ ကြည်နူးနေသည်။
အခုမှ ညိုတို့ ချစ်သူဘဝ ပိုပီပြင်လာသလိုပါပဲ။ ချစ်သူက ထိန်းသိမ်းပေယသော မိန်းကလေးဘဝကို ညို တပ်မက်နေခဲ့ပြီ ဖြစ်သည်။ ညိုလေ သတ္တိနည်းနည်း ပိုရှိလာရင် “စိုးမိုးကို ညို သိပ်ချစ်တာပဲ” လို့လဲ ပြောချင်တယ်၊ ညို တွေးရင်းပင် ရင်ခုန်သည်။ ကိုကို့ သူငယ်ချင်းတွေ ရောက်လာသည်။ ဒီတော့မှ စိုးမိုးနှင့်ညို လွက်လပ်စွာ စကားပြောခွင့် ရသွား၏။ စိုးမိုးက ညို့လက်ဖျားကို ဖွဖွဆုပ်ကိုင်ကာ စကားတွေ အများကြီး ပြောသည်။ သူတွေ့ဆုံခဲ့သော ဂီတသမားတွေအကြောင်း၊ စတူဒီယို အသံဖမ်းသူများအကြောင်း၊ တေးသံသွင်းလုပ်ငန်း လည်ပတ်ပုံအကြောင်း ပြီးတော့ ခပ်ကဲကဲ မိန်းကလေးတချို့အကြောင်း စုံအောင်ပြောသည်။ နောက်တော့ ည်ု့ကို လွမ်းကြောင်းပြော၍ နာရီကြည့်သည်။
ပြီးတော့ “ပြန်တော့မယ် ညို” ဟု နှုတ်ဆက်သည်။ “ညို လိုတာ ရှိရင် ဖုန်းဆက် မှာလိုက်နော်” တဲ့။
ညို့ သွေးတွေ ဆူပွက်သည်။ ရှက်ရွံ့မှုကြောင့် ရင်ဝမှာ အောင့်လာသည်။ စိုးမိုးက ညို့ကို ဂရုမစိုက်ဘူးတဲ့လား။ သူ့စကားအတိုင်း ကြိုးစားရဲ့လားလို့ မမေးတော့ဘူးလား၊ စိုးမိုး အလုပ်များနေလို့ မေ့တာလည်း ဖြစ်နိုင်သည်။ ညို့စိတ်ကို ညိုလျှော့က စိုးမိုး၏ လက်မောင်းကို ဆွဲပြီး တုန်တုန်လှုပ်လှုပ် ပြောဖြစ်သည်။
“ညို့ကို သူ့စကား နားထောင်ရဲ့လားလို့ မေးဦးလေ”
စိုးမိုး မျက်မှောင်တစ်ချက် ကြုတ်သွားသည်။ မှတ်မိအောင် ကြိုးပမ်းစဉ်းစား နေရသလိုပါပဲ။ အတန်ကြာမှ နဖူးကို လက်ဖဝါးဖြင့်ရိုက်ရင်း
“ဟာ ဟုတ်သားပဲ ညို၊ ဆောရီးကွာ၊ ကိုယ်မေ့သွားတယ်၊ ကဲ ပြောပါဦး၊ ညို ဖြတ်တာ အောင်မြင်ရဲ့လား”
စိုးမိုး စကားသံတွေက ညို့ နားနှစ်ဖက်မှာ ပဲ့တင်ထပ်သွားသည်။ ညို စိုးမိုးကို ကြည့်နေသည်။ မကြာသေးမီကမှ ပီသသော ချစ်သူ ဖြစ်ခဲ့သည့် စိုးမိုးက ညို့ရှေ့မှာ ညို့ကို ပြုံးကြည့်နေသည်။ ပြီးတော့ ပဲ့တင်သံတွေ စကားလုံးတွေကြောင့် ညို့အမြင်၌ ညို့ချစ်သူ စိုးမိုးသည် မိုးကြိုးပစ်ခံရသော ရုပ်တုပမာ ကျေမွသွားတော့သည်။ စိုးမိုးက ညို့ ဝေဒနာကို မရိပ်မိစွာ သို့ ပခုံးကို ဖျစ်ပြီး
“ကိုယ်ထင်ပါတယ်၊ ညိုက တော်တာပဲ၊ ပြီးတော့ စွဲနေတာလဲ မဟုတ်တော့ ဖြတ်နိုင်မှာပဲလို့ ယုံကြည်တာကြောင့် ကိုယ် မေ့သွားရတာပါ”
စိုးမိုးစကားတွေကို ညို မကြား။ စိုးမိုးကို ညို မမြင်။ “သွား မယ်ညို၊ လိုတာရှိရင် မှာလိုက်” ဟု နှုတ်ဆက်ကာ ညို့ပါးကို တစ်ချက်နမ်းကာ ကားသော့ကို လှည့်ကစားရင်း ထွက်သွားသော စိုးမိုးသည် ဝေ့တက်လာသော မျက်ရည်ကြည်များကို မမြင်နိုင်တော့။
(၁၁)
ညို ရပ်နေသည်။ ကျောက်ဆစ်တစ်ရုပ်လို ငြိမ်ရပ်နေသည်။ ရင်တွင်းမှာ လှိုက်ဆူတက်လာသော ဝေဒနာနှင့် ရုတ်တရက် အသိမဲ့သွားသော ဦးနှောက်ထဲမှာ ညို အလွန့်အလွန် သေးငယ်သွားသည်။ တန်ဖိုးမဲ့သွားသည်။ အမှိုက်ကလေး တစ်စလိုပါပဲ။ “ငါဟာ ဘာမှမဟုတ်ပါလား” ဟူသော အသိဝင်လာချိန်မှာ ညို အရှက်နိုင်ဆုံး ရှက်သည်။ အနာကြည်းနိုင်ဆုံး နာကြည်းသွားသည် ညို တစ်ခါရှိုက်မိသည်။ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်၍ အခန်းတွင်း ပြေးဝင်လာခဲ့သည်။ ညို့ခြေအစုံ ဦးတည်ရာသည် ဆေးပုလင်းဆီသို့။
ညို့လက်ထဲတွင် ညို တိမ်းမူးခဲ့ဖူးသော စိတ်ငြိမ်ဆေးများရှိသည့် ပုလင်းကို ဆုပ်ကိုင်ထားသည်။ ဆေးလုံးများနှင့် ညို့ကို ပုလင်းဖန်သားက ခြားထားသည်။ ညို သောက်တော့မယ် စိုးမိုး။ ဖေဖေ။ မေမေ။
ညို့ မျက်လုံးတစ်စုံမှာ မျက်နှာတွေ ပေါ်လာသည်။ ညို ခင်တွယ်ရသူများ၊ ညို့ဘဝတွင် အရေးပါခဲ့သူများ၊ ထိုမျက်နှာအားလုံးက ညို့ကို ဆေးမသောက်ဖို့ တားနေသည်။ ညို့ကို စိုက်ကြည့်ပြီး လက်ညှိုးငေါက်ငေါက် ထိုးကြသည်။ ညို ထိတ်လန့်သွားသည်။ အသေအခြာ ကြည့်တော့မှ သူတို့က ညို့ကို လက်ညှိုးထိုးခြင်း မဟုတ်ဘဲ ညို့လက်ထဲရှိ ပုလင်းကို လက်ညှိုးထိုးကြခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ မဟုတ်ဘူး။ အဲဒါ စိတ်ငြိမ်ဆေးတွေပါ။ သူတို့နှုတ်ခမ်းတွေ လှုပ်လာသည်။ တစ်ညီတစ်ညွတ်တည်းပဲ။ “မူးယစ်ဆေး” တဲ့။ ပဲ့တင် ညံသွားသည်။ ပဲ့တင်ညံသံတွေက ညို့နားနှစ်ဖက်ကို ဦးတည် ပျံ့လွင့်လာသည်။ ညို ချွေးစေးတွေ ထွက်လာသည်။ စိတ်ကြောင့် လက်ဖျားတွေ အေးစက်လာသည်။ စိတ် ငြိမ် ဆေး။
ဆေးသောက်ဖို့ ပုလင်းအဖွင့်မှာ ဆေးပြားတွေကို ညို ကြောက်လာသည်။ ညို သိလိုက်သည်က ဒါဟာ ညို့ဘဝမှာ အပြင်းထန်ဆုံး အကြောက်တရား ဆိုတာပါပဲ။
မေငြိမ်း
စံပယ်ဖြူ၊မဂ္ဂဇင်း။ မတ်၊ ၁၉၈၈။
No comments:
Post a Comment