“မိခင်လောင်းတစ်ဦး၏ မှတ်တမ်း” #(မစန္ဒာ)
“နင့်အဖေကို မနေ့တုန်းက အရက်ဆိုင်မှာ တွေ့ခဲ့တယ်”
ကျွန်မရဲ့သူငယ်ချင်းတွေက အဲဒီလို ခဏခဏပြောကြတယ်။ အဲဒီအခါမျိုးမှာ
ကျွန်မရဲ့တစ်ကိုယ်လုံးဟာ ရေနွေးပူပူနဲ့ အပက်ခံလိုက်ရသလို ပူထူသွားတတ်တယ်။
“အရက်တွေမူး နေလိုက်တာ တအားပဲ” လို့များ ဆက်ပြောလာရင်တော့
ကျွန်မခေါင်းငုံ့ပြီး မြေကြီးကို စိုက်ကြည့်ရင်း အဲဒီမြေကြီးဟာ
ထက်ခြမ်းကွဲပြီး ကျွန်မကို ချက်ချင်းမျိုချ သွားပါစေလို့ အထပ်ထပ်
ဆုတောင်းနေမိတော့တာပဲ။ သူတို့ရှေ့မှာ မျက်ရည်မကျပေမယ့်
အိမ်ပြန်ရောက်ရင်တော့ ခေါင်းအုံးမှာ မျက်နှာအပ်ပြီး ငိုမိတယ်။
မေမေကတော့ ဖြေသိမ့်ပါတယ်။ “အရက်ကြိုက်တတ်လို့ အရက်သောက်တာ
ဘာတတ်နိုင်မှာလဲ သမီးရယ် ၊ သူများပစ္စည်းခိုးတာမှ မဟုတ်ဘဲ ၊ အမေတော့
ရှက်မနေတော့ပါဘူး” တဲ့။ ပြောမယ့်သာပြောတာ ၊ ဖေဖေတစ်ယောက် ပုဆိုးမနိုင်
တိုက်ပုံမနိုင်နဲ့ ဒယိမ်းဒယိုင် ပြန်လာရင် ၊ သီချင်းတွေ အော်ဆိုလာရင်
ဖေဖေ့နောက်က ကလေး တစီစီ ၊ ခွေးတစီစီပါလာရင် မေမေလည်း ရှက်လွန်းလို့
အိမ်ထဲကနေတောင် ချက်ချင်းမထွက်ရဲတာ ကျွန်မ သိသားပဲ။
တစ်ခါတလေကျတော့ ထင်မိတယ် ၊ ကျွန်မမှာ အဖေနှစ်ယောက် ရှိတယ်လို့။ အရက်
မသောက်တဲ့ အခါမျိုးမှာဆိုရင် ဖေဖေဟာ သိပ်ပြီးအေးချမ်းတာပဲ။
စကားလည်းနည်းတယ် ၊ အမြဲပြုံးပြီး နေတတ်သေးတယ်။ အဲဒီဖေဖေကတော့
ကျွန်မချစ်တဲ့ ဖေဖေပေါ့။ ဟော အရက်ကလေးဝင်သွားတာနဲ့ တစ်ပြိုင်နက် ဖေဖေဟာ
စကားများပြီး အသံလည်း ကျယ်လာရော ၊ အပြစ်မရှိ အပြစ်ရှာပြီး ဆူလိုက်
ဆဲလိုက် လုပ်တတ်လာရော။ အဲဒီဖေဖေကတော့ ကျွန်မကြောက်တဲ့ မုန်းလည်းမုန်းတဲ့
အဖေပေါ့။
အရင်တုန်းကတော့ ချစ်တဲ့ ဖေဖေ တစ်ယောက်ပဲ ရှိခဲ့တာပါ။ တစ်ညနေပေါ့ ၊ အင်း
ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။ ကြောက်စရာကောင်းတဲ့ဖေဖေ
စရောက်လာတဲ့ ညကိုလေ။ အဲဒီတုန်းက ကျွန်မ ငယ်ငယ်လေးပဲ ရှိသေးတယ်။
အိမ်ရှေ့ကပြင်မှာ တစ်ယောက်တည်း ထိုင်ပြီး အိုးပုတ်ကလေးတွေနဲ့ ကစားနေတယ်။
မေမေကတော့ ကျွန်မ ဘေးမှာ ပက်လက်ကုလားထိုင်လေးနဲ့ ထိုင်ရင်း
စံပယ်ပန်းလေးတွေ သီနေတယ်။ နောက်ပြီး “မေမေ့ဗိုက်ထဲက မောင်လေးလား ၊
ညီမလေးလား ၊ သမီးသိသလား” လို့မေးတယ်။ ကျွန်မကလည်း ဘာဖြေရမှန်းမသိတာနဲ့
ဖောင်းပြီးတင်းနေတဲ့ မေမေ့ဗိုက်နားကို ကပ်ပြီး “ဟေ့ ဟေ့” လို့ ခေါ်မိတယ်။
မေမေက ဘာလုပ်တာလဲ လို့မေးတော့ “ခင်ဗျာလို့ ထူးမလား ၊ ရှင်လို့ ထူးမလား
သိချင်လို့ပါ” ဆိုတော့ မေမေလေ ကျွန်မဆံပင်တွေကို ဆွဲဖွပြီး ရယ်လိုက်တာ ၊
နောက်ပြီး “အလည်မလေး” ဆိုပြီး ကျွန်မကို ဖွဖွလေး နမ်းတယ်။ မေမေ့ဆီက
သနပ်ခါး နံ့လေးက မွှေးလိုက်တာ။
အဲဒီအချိန်မှာ အိမ်ရှေ့ကို ဂျစ်ကားတစ်စီးရောက်လာတယ်။ ကားစက်သံက
တဝူးဝူးနဲ့ ညံနေတာပဲ။ ကားပေါ်မှာ ပါလာတဲ့လူတွေကလည်း ဆူညံနေတာပဲ။ “ဟေ့
မိန်းမ ၊ ဘာလုပ်နေသလဲကွ ဟေ့” တဲ့။ ကားပေါ်က လူတစ်ယောက် ဒယိမ်းဒယိုင်နဲ့
လှမ်းဆင်းလာရင်း အော်တယ်။ ဆံပင်တွေက ပွယောင်းယောင်း ၊ တိုက်ပုံ
အင်္ကျီကလည်း တရွဲ့တစောင်းနဲ့ အသေအချာကြည့်လိုက်တော့ ဟင် ဖေဖေရယ်။ ကျွန်မလေ
ဖေဖေ့ကို အံ့အားတသင့်နဲ့ ငေးကြည့်နေမိတယ်။ “ဟေ့ မိန်းမ ၊
ဘယ်သွားအလေလိုက်နေသလဲ” တဲ့။ ဖေဖေက လျှာလေး အာလေးကြီးနဲ့ အော်ရင်း
ယိုင်ထိုး ယိုင်ထိုး နဲ့ လျှောက်လာတယ်။ ဖေဖေ အိမ်ဝကို ရောက်တော့မှ မေမေက
ကျွန်မဘေးက ထသွားတယ်။ ဖေဖေဆီကို ဆီးပြီးတွဲတယ်လေ။ ဒါပေမယ့် ဖေဖေက
အတွဲမခံပဲ “ဘာ အခုမှ လာတွဲမနေနဲ့ ၊ ခုနက ဘယ်သွားနေတာလဲ” လို့ဆိုပြီး
ရုတ်တရက်ဆောင့်တွန်းပစ်လိုက်တာ မေမေ ကျွန်မရဲ့မေမေရယ်လေ ကြမ်းပေါ်ကို
နောက်ပြန်ပြီး လဲကျသွားတယ်။ လဲကျသွားတဲ့ အရှိန်က ပြင်းလို့လားမသိဘူး။
မေမေဟာ ချက်ချင်း မထနိုင်ဘူး။ ကျွန်မလည်း တအားအော်ငိုပြီး
မေမေ့ဆီပြေးသွားမိတယ်။ ဒါပေမယ့် မေမေ့ဆီမရောက်ခင် ဖေဖေက ကျွန်မကို
ချိုင်းနှစ်ဖက်ကနေဆွဲပြီး မြှောက်ချီလိုက်တယ်။ “ဖေဖေ့ကို ကားအထိ
လာမကြိုလို့ ဆုံးမလိုက်တာပါ သမီးရဲ့ ၊ ဘာမှ မဖြစ်ပါဘူး” လို့ တဟဲဟဲ
ရယ်ရင်း ပြောသေးတယ်။ ဖေဖေ့ပါးစပ်က ဘာနံ့ကြီးလည်း မသိဘူး ၊ နံလိုက်တာ
အရမ်းပဲ။ ကျွန်မက ခေါင်းကိုယမ်းရင်း “နံတယ်” လို့ ပြောတော့ ဖေဖေက
ရယ်ပြန်တယ်။ “အဲဒါ မနံဘူး ၊ မွှေးတာဟ ၊ အကောင်းစား အရက်နံ့” တဲ့။
အရက်ဆိုတာ ဘာပါလိမ့်လို့ စဉ်းစားနေမိတုန်း မေမေ့ရဲ့ ရှိုက်သံကို ကြားရတယ်။
အဲဒီညမှာပဲ မေမေ့ကို ဆေးရုံပို့လိုက်ကြတယ်။ ကျွန်မ
မျှော်လင့်တကြီးစောင့်နေတဲ့ ညီမလေးလည်း ကျွန်မဆီရောက်မလာတော့ဘူး။ ကျွန်မက
“ညီမလေးရော” လို့ မေမေ့ကို ဆီးမေးတော့ မေမေငိုတယ်။ နောက်ပြီး ညီမလေး
မလာတော့ဘူး ၊ ပြန်လှည့်သွားပြီလို့ ပြောတယ်လေ။ ညီမလေးအစား ရောက်လာတာက
ကြောက်စရာကောင်းတဲ့ ဖေဖေပေါ့ ၊ ဟုတ်တယ်။ ကျွန်မချစ်တဲ့အဖေဟာ အဲဒီအချိန်က
စပြီး တဖြည်းဖြည်း ပျောက်သွားတယ်။ အဲဒီအချိန်ကစပြီး အရက်ကို ကျွန်မ
မုန်းခဲ့တယ်။ နောက်ပြီး အရက်ကြိုက်တဲ့ ဖေဖေ့ကို ကြောက်တာနဲ့ အမျှ
တဖြည်းဖြည်း အချစ်လျော့ခဲ့မိတယ် ထင်ပါရဲ့။
မေမေကတော့ ဖေဖေ့ကို သိပ်ပြီး သည်းခံတာပဲ။ မငိုဘဲ နေနိုင်ရင် မငိုဘဲ
နေတယ်။ မငိုဘဲ မနေနိုင်ရင် တိတ်တိတ်လေး မျက်ရည်ကျတယ်။ ဖေဖေကလည်း တစ်မျိုး
၊ အရက်မမူးတဲ့အခါကျတော့လည်း ချိုချိုသာသာ ၊ အေးအေးဆေးဆေးနဲ့
ကြင်ကြင်နာနာအရှိသားပဲ။ အရက်မူးလာပြန်တော့လည်း တွန်းလိုက် ၊ ထိုးလိုက် ၊
ဆဲလိုက် ၊ ဆိုလိုက်နဲ့ မေမေ့ကို အမျိုးမျိုးနှိပ်စက်တော့တာပဲ။
မေမေ ဒူးနဲ့မျက်ရည်သုတ်ရတယ်ဆိုတာ အလကားပြောတာမဟုတ်ဘူး။ အဟုတ်ကို
သုတ်ရတာသိလား။ အမျိုးမျိုးဆူပြီး ဖေဖေအိပ်ပျော်သွားရင် မေမေ့ခမျာ
ဖေဖေ့အန်ဖတ်တွေကိုကျုံးရင်း မျက်ရည်တွေတွေကျတတ်တယ်။
ကျလာတဲ့မျက်ရည်တွေကိုလည်း ကျွန်မမမြင်အောင် ဒူးကထဘီစနဲ့ ငုံ့ငုံ့ပြီး
သုတ်တယ်လေ။ ကျွန်မလား ကျွန်မလည်း အတူတူပါပဲ။ မေမေ့ကို သနားလွန်းလို့
မေမေနဲ့အတူ ရောပြီး ငိုမိတာပေါ့။
ဖေဖေဟာ အရက်မမူးရင် အင်မတန် ချစ်စရာကောင်းတယ်လို့ ဆိုရပေမယ့်
နောက်ပိုင်းကျတော့ အရက်မမူးတဲ့အချိန် မရှိတော့သလောက် ရှားပါးလာတယ်။
အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်တော့ဘဲ အစောကြီး အငြိမ်းစားယူ
လိုက်ရတော့ စိတ်ဓာတ်ကျတယ်ဆိုပြီး အရင်ကထက် ပိုသောက်ပြန်ရော။
ကျွန်မကတော့ တွေးမိပါတယ်။ အခုနေ အလုပ်ပြန်ရပြီး
ဝင်ငွေပြန်ကောင်းလာရင်လည်း ပျော်လို့ဆိုပြီး သောက်ဦးမှာပါပဲ။ ဖေဖေ့မှာ
အရက်သောက်ဖို့ရာ အကြောင်းအချက်တွေက အမြဲပြည့်နေတာပဲ မဟုတ်လား။ မေမေကတော့
ပြောပါတယ်။ သမီးဖေဖေက အရက်ကို ကြိုက်လို့သောက်နေတာပါ။ အသက်ပျောက်မှပဲ
အသောက်ပျက်မယ့်လူမျိုးတဲ့လေ။
ဟုတ်တယ် ၊ ဖေဖေဟာ အသက်ပျောက်မှပဲ အသောက်ပျက်တော့တာပဲ။ အဲဒီနေ့က မေလ ၁၀
ရက်နေ့လေ။ မိုးမကျသေးတော့ ပူလောင်အိုက်စပ်ပြီး နေရထိုင်ရအတော်ခက်တယ်။
ဖေဖေက အရက်ခိုးတွေဝေပြီး အရက်ပူပြန်နေတဲ့သူဆိုတော့ ပိုဆိုးတာပေါ့။
ညသန်းခေါင်ထပြီး ပူလွန်းအိုက်လွန်းလို့ဆိုပြီး အင်္ကျီတွေကို
အကုန်ချွတ်ပစ်တယ်။ စားပွဲတင်ပန်ကာကို ဘေးမှာချပြီး အမြင့်ဆုံးခလုတ်ကို
နှိပ်ထားတယ်။ မနက်မိုးလင်း ကျွန်မတို့တွေ့တော့ ဖေဖေဟာ ပက်လက်ကုလားထိုင်
ပေါ်မှာ ခေါင်းကြီးတစောင်းလည်လို့ ၊ ပန်ကာလေက တဟူးဟူးနဲ့တိုက်နေတော့
ဖေဖေ့ဆံပင်တွေဟာ တလွင့်လွင့်ဖြစ်နေတယ်။ လက်ထဲမှာ ဖန်ခွက်ကို ကိုင်လျက်ပဲ။
တစ်ဝက်သာသာလောက် ကျန်နေသေးတဲ့ အရက်တွေဟာ ပန်ကာလေမထိတထိ တိုးပြီး
လှိုင်းပြေပြေလေး ထနေသေးတယ်။ ဒါပေမယ့် အဲဒီအရက်တွေကို ဖေဖေ
မသောက်နိုင်တော့ဘူး။ ဖေဖေ့တစ်ကိုယ်လုံးဟာ အေးစက်တောင့်တင်းပြီး
အသက်ဝိဥာဏ်ကင်းမဲ့နေပြီလေ။
ဖေဖေသေတာ လေဖြတ်တာလို့ ပြောကြတယ်။ နှလုံးသွေးက ရုတ်တရက်ရပ်သွားသတဲ့။
အမှန်ကတော့ ဖေဖေသေတာ အရက်ကြောင့်ပါ။ ဖေဖေဟာ သူ့ကိုယ်သူ
ပြန်ပြီးသတ်ခဲ့တာပဲ။ ကျွန်မ ဘဝမှာတော့ ဖေဖေဟာ နှစ်ခါသေသွားသလိုပဲ။
ပထမတော့ ကျွန်မချစ်တဲ့ ဖေဖေကို အရက်ချစ်တဲ့ ဖေဖေက သတ်ပစ်လိုက်တယ်။ ဟော
အရက်ချစ်တဲ့ ဖေဖေကိုတော့ သူချစ်တဲ့ အရက်က သတ်လိုက်ပြန်ရော။ အခုတော့
ကျွန်မချစ်တဲ့ဖေဖေရော ၊ အရက်ချစ်တဲ့ ဖေဖေရော နှစ်ယောက်စလုံးသေသွားကြပြီ။
လောကမှာ အောင်ပွဲဆင်ပြီးကျန်ခဲ့တာကတော့ ဘယ်သူလဲ သိလား။ ကျွန်မ အမုန်းဆုံး
အရက်ပေါ့။ လူကို အသိဥာဏ် ကင်းစေတဲ့ ၊ အရှက်ကင်းစေတဲ့ ၊
မူးယစ်ရမ်းကားစေတဲ့ အဲဒီအရက်က ဘယ်တော့မှ သေမှာလဲဟင်။ သူသေမယ့်ရက်
မရှိတော့ဘူးလားလို့ ကလေးစိတ်နဲ့ တွေးမိတယ်။
*************
အခုတော့ ကျွန်မ ကလေးမဟုတ်တော့ဘူးလေ။ တက္ကသိုလ်ရောက်လို့
ချစ်သူရည်းစားတောင် ရှိနေပြီပဲ။
ကျွန်မရဲ့ ချစ်သူဟာ ဖေဖေလို အရက်သမား မဟုတ်ဘူးဆိုတာကိုတော့ ပြောဖို့
မလိုပါဘူးနော်။ သူက စာတော်တယ် ၊ ယောက်ျားပီပီသသ နဲ့ ရုပ်လည်း ချောတယ်။
သူ့မိဘကလည်း ချမ်းသာတယ်။ ကိုရိုလာ ကားလေးကို ကိုယ်တိုင်မောင်းပြီး
ကျောင်းတက်တဲ့သူဆိုတော့ ဘေးမှာ ညွှတ်ချင်တဲ့ ပန်းလေးတွေက ဝိုင်းလို့ ၊
ကျွန်မကတော့ သိတဲ့အတိုင်း အမေ့ရွှေတိုရွှေစတွေကို တတိတိရောင်းပြီး
ကျောင်းစရိတ်လုပ်ရတဲ့သူဆိုတော့ အဝတ်အစားတောင် ပြည့်စုံလုံလောက်အောင်
ရှိတာမဟုတ်ဘူး။ ဘွဲ့လေး တစ်ခုရအောင် လိုချင်လို့သာ ကြိုးစားပြီး
ကျောင်းတက်နေရတာဆိုတော့ ရည်းစားသနာထားဖို့လည်း စိတ်မကူးအားပါဘူး။
တစ်ရက်ပြီး တစ်ရက် ၊ တစ်လပြီးတစ်လ ၊ တစ်နှစ်ပြီးတစ်နှစ် အမြန်ကုန်ပြီး
ဘွဲ့မြန်မြန်ရဖို့ပဲ စိတ်စောနေမိတယ်လေ။ မိန်းကလေးတွေ
ဝိုင်းဝိုင်းလည်နေတဲ့သူ့ကိုလည်း အရေးလုပ်မနေအားပါဘူး။ ကျွန်မနဲ့
မဆိုင်တဲ့ ပစ္စည်းတစ်ခုလို သဘောထားမိတာပေါ့ အမှန်ပါပဲ။
လူဆိုတာ တစ်မျိုးပဲနော်။ စဉ်းစားကြည့်မိတော့လည်း ရယ်စရာအကောင်းသား။
လူတိုင်းကဝိုင်းပြီး အရေးစိုက်ခံနေရလို့ ထင်ပါရဲ့ ၊ သူ့ကို အရေးမစိုက်တဲ့
ကျွန်မကို သူက စိတ်ဝင်စားလာတယ်။ နောက်ပြီး ချစ်တယ်တဲ့။
သူက ချစ်တယ်ဆိုမှ ကျွန်မလည်း သူ့ကိုအသေအချာ သတိထားမိလာတယ်။ သူ့ကိုမြင်ရင်၊ သူ့အသံကြားရင် အလိုလို ရင်ခုန်တတ်လာတယ်။ သူ့အကြောင်းကို တွေးမိလာတယ်။
သူ့ကို အိပ်မက်မက်လာတယ်။ အို သူ့ကို ပြန်ချစ်မိမှာ ကျွန်မ ကြောက်လိုက်တာ။
ကျွန်မ ဘယ်သူ့ကိုမှ ဘယ်ယောက်ျားကိုမှ မချစ်ချင်ဘူး။ သိတယ်မဟုတ်လား။
ဖေဖေ့လိုယောက်ျားမျိးကို ချစ်မိရင်တော့ ဒုက္ခပဲ။ မေမေ့လို ဒူးနဲ့မျက်ရည်
သုတ်နေရမှာ ကျွန်မကြောက်တယ်။
ဒါပေမယ့် အသည်းနှလုံးဆိုတာက အခက်သားနော်။ ပြောစကားကို နားမထောင်တတ်ဘူး။
ကျွန်မရဲ့အတွင်းစိတ်က သူ့ကို မချစ်နဲ့ ၊ မချစ်နဲ့လို့ သတိပေးနေပေမယ့်
အလကားပဲ။ ကျွန်မရဲ့နှလုံးသားထဲမှာ သူရောက်နေပြီ။ ဘယ်အချိန်က
ရောက်လာသလဲဆိုတာကိုတောင် ကျွန်မ မသိလိုက်ဘူး၊ မလာပါနဲ့လို့တောင် တားလို့
မရတာ၊ ရောက်ပြီးမှ နှင်ထုတ်ရင် ပိုခက်မှာပေါ့နော်။ ကျွန်မလေ သူ့ကို
ချစ်မိနေပြီ။
တစ်နေ့တော့ သိပ်ပြီး နေလို့ မကောင်းတာနဲ့ ကျွန်မတစ်ယောက်တည်း အိမ်ကို
စောစောပြန်မယ်လို့ အတန်းထဲက ထွက်လာမိတယ်။ သူပါထွက်ပြီး နောက်ကလိုက်လာတာ
မသိဘူး။ ကြက်ဆင်မုန့်ဆိုင်နားရောက်တော့မှ သူကဘေးကနေ ယှဉ်လျှောက်ရင်း
“စုလတ် နေမကောင်းဘူးလား” လို့မေးတယ်။ အို ကျွန်မ ရင်တွေ ခုန်လာလိုက်တာ
တဒုန်းဒုန်းနဲ့ ၊ ကျွန်မနားထဲ ပြန်ကြားနေရတယ်။ ကျွန်မက ယောင်ကန်းကန်းနဲ့
“အင်း” လို့ ခေါင်းညိတ်ပြတော့ သူက “စုလတ် ကျွန်တော့ကို အဖြေ
မပေးသေးဘူးနော်” လို့ မဆီမဆိုင်ပြောတယ်လေ။ ကျွန်မကလည်း
“အရက်သောက်တတ်လားဟင်” လို့ မဆီမဆိုင် ပြန်မေးမိရော။ “ကျွန်တော်က အရက်နဲ့
မတည့်ဘူး ၊ နည်းနည်းသောက်မိရင်တောင် ယားပြီး အပိန့်တွေထွက်လာလို့
အနံ့တောင် မခံတော့ဘူး” တဲ့။ အို သူက အဲလိုပြောလိုက်တော့ ကျွန်မ
ဝမ်းသာလိုက်တာလေ။ လူတစ်ကိုယ်လုံးလည်း လေထဲမှာဝဲပြီး လွင့်သွားသလို
ပေါ့ပါးသွားတယ်။ “ကျွန်တော့ကို အဖြေမပေးသေးဘူးလား” လို့ ထပ်မေးတော့
လက်ထဲက ခေါက်ထီးလေးကို လှမ်းပေးမိတယ်။ “နေပူတယ်လေ” လို့ပြောတော့ သူက
ထီးကိုဖွင့်လိုက်ပြီး ကျွန်မကို မိုးပေးတယ်။ ကျွန်မလည်း မျက်လွှာချပြီး
ရှက်စိတ်တွေ တဝေဝေနဲ့ ထီးရိပ်အောက်ကို လှမ်းဝင်ပြီး
အတူတူလျှောက်ခဲ့ကြတယ်။ သူက တိုးတိုးပြောတာကိုတော့ အခုထိ
ကြားယောင်မိတုန်းပဲ။ “ဝမ်းသာလိုက်တာ စုလတ်ရယ်” တဲ့။
ကျွန်မတို့ နှစ်ယောက် ဘယ်လောက်ပျော်ကြတယ်ဆိုတာကိုတော့ ပြောပြဖို့
မလိုပါဘူးနော်။ အင်းလျားလမ်းကြီးက သိပါတယ်လေ။
ကျွန်မဘက်က မေမေက ပြဿနာမရှိပေမယ့် မောင့်မိဘတွေကတော့ မောင်နဲ့ကျွန်မကို
သဘောမတူကြဘူး ၊ မဆန်းပါဘူးလေ။ ကျွန်မမှာ ကျောထောက်နောက်ခံ ဥစ္စာဓန ၊
ဂုဏ်ဒြပ်နဲ့ ငွေကြေးရယ်လို့ ဘာဆို ဘာမှ ရှိတာမှ မဟုတ်တာ။ မောင့်ကို
နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်မိတဲ့ နှလုံးသားတစ်ခုတည်းပဲ ကျွန်မမှာ
ရှိတာလေ။ အဲဒီ နှလုံးသားတစ်ခုတည်းနဲ့ အရာရာကို ကျွန်မ ရင်ဆိုင်ရမှာပဲ။
မောင်ကတော့ ပြောတယ် ၊ မောင့်မိဘတွေ သဘောမတူရင် ရုံးတက်ပြီး
လက်ထပ်ကြမယ်တဲ့။ ကျွန်မကို ခိုးပြေးမယ်တဲ့ ။ ခိုးရာ မလိုက်ရင်
ကားတင်မယ်တဲ့။ ကျွန်မနဲ့ ဝေးပြီး သူမနေနိုင်ဘူးတဲ့။ အားရပါးရ ပြောနေတဲ့
မောင့်ကို ကြည့်ရင်း ကျွန်မချစ်လိုက်တာ ၊ နောက်ပြီး ပျော်လိုက်တာ။
အင်း စိတ်မညစ်ခင်က ပျော်ခဲ့ရတာတွေလေ။
**************
စိတ်ညစ်တယ်။ ခုတလော မောင့်ကိုကြည့်ရတာ ငူငူငိုင်ငိုင်နဲ့ အရင်တုန်းကလောက်
ရွှင်ရွှင်လန်းလန်း မရှိလှဘူး။ ကျွန်မအပေါ်မှာလည်း ဟက်ဟက်ပက်ပက် မရှိလှဘူး။
“မောင်ဘာဖြစ်နေတာလဲ” လို့ မေးရင်လည်း “ဘာမှ မဖြစ်ပါဘူး” တဲ့။ တစ်ခုခုတော့
တစ်ခုခုပဲဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့် ဘာတစ်ခုခုလဲလို့တော့
မသိဘူးလေ။
“နင့်ကောင်ကြီးကို ကြည့်ထိန်းဦး ၊ ဒီကောင် ဂျင်မီတို့နဲ့ပေါင်းပြီး
ဖိုးချနေတယ်” တဲ့။ မောင် ကျောင်းမှန်မှန်မတက်ဘဲ ပျောက်ပျောက်နေတော့မှ
မောင့်သူငယ်ချင်း ကိုသက်အောင်က ပြောလာတယ်။ အို ကျွန်မ နားထဲမှာတော့
ဗုံးကွဲသွားသလိုပဲ။ “ဖိုး ဆိုတာ ၊ ဘိန်းဖြူလား” လို့ တုန်တုန်ယင်ယင်
မေးမိတော့ ကိုသက်အောင်က စိတ်မရှည်သလို အော်တယ်။ “ဟုတ်ပါတယ်ခင်ဗျာ ၊
ဘိန်းဖြူပါပဲ။ သနပ်ဖက် ဆေးလိပ်မဟုတ်ပါဘူး” တဲ့။ အို ကျွန်မကြောက်လိုက်တာ။
ကျွန်မ ငယ်ငယ်တုန်းက ကျွန်မချစ်တဲ့ ဖေဖေကို အရက်ကြိုက်တဲ့ ဖေဖေက
လွှမ်းမိုးဖျက်ဆီးခဲ့ဖူးတယ်။ ဟော အခုတော့ ကျွန်မချစ်တဲ့မောင့်ကို
ဘိန်းဖြူရှူနေတဲ့ မောင်က လွှမ်းမိုးပြီး ဖျက်ဆီးဦးမှာလား ၊ ဘုရား ဘုရား။
“မောင် ဘိန်းဖြူရှူနေတယ်ဆို။ ဘိန်းဖြူဆေးလိပ်တွေ သောက်နေတယ်ဆို” လို့
ကျွန်မက စိုးရိမ်တကြီးမေးတော့ မောင်က ပြုံးတယ်။ “နည်းနည်းပါးပါးပါကွာ”
တဲ့။ “နည်းနည်းပါးပါးကနေ များများစားစား ဖြစ်သွားမှာပေါ့မောင်ရယ် ၊
မစွဲခင်ဖြတ်ပါလား” လို့ ချော့ပြီးပြောတော့ မောင်ကရယ်တယ်။ “မဖြတ်ချင်ဘူး ၊
သိပ်ကောင်းတာ” တဲ့လေ။ “ဒီလိုဆို စုလတ်ကို ဖြတ်မလား” လို့ လေသံမာမာနဲ့
ခြောက်မိပြန်တော့လည်း မျက်နှာငယ်လေးနဲ့ ပြောပြန်တယ်။ “မဖြတ်နိုင်ဘူး ၊
သိပ်ချစ်တာ” တဲ့။ “စုလတ်ကို ဖြတ်မလား ၊ ဘိန်းဖြူကို ဖြတ်မလား ၊
တစ်ခုခုကို ဖြတ်ပါ” လို့ မျက်ရည်စနဲ့ တောင်းပန်ပြန်တော့လည်း “ဘယ်သူ့ကိုမှ
မဖြတ်ပါရစေနဲ့ ၊ စုလတ်ကိုဖက်ပြီး ဖိုးရှူနေပါရစေကွာ” လို့ ညာတာပါတေး
ပြောပြန်ရော။ အို ကျွန်မ သိလိုက်ပါပြီလေ။ ကျွန်မချစ်တဲ့မောင့်ကို
ကျွန်မဆုံးရှုံးရတော့မယ် ဆိုတာကိုလေ။
မောင်ဟာ တစ်နေ့တစ်ခြား ပိုဆိုးလာတယ်။ လက်စွပ်ရောင်း ၊ နာရီရောင်းပြီး
ဆေးဖိုးဖြည့်တော့တယ်။ ကားကိုတောင် သူ့အဖေက ပြန်ရွေးထားရတယ်တဲ့။ မောင့်ကို
သူတို့တွေကလည်း ကျိတ်ပြီးဆုံးမကြတာပဲ။ မရဘူး။ တစ်နေ့တော့ မောင့်အမေဟာ
ကျွန်မဆီ ရောက်လာတယ်။ “သားလေးကို ကြည့်ပြီး ဖျောင်းဖျပေးပါဦး” တဲ့။
ကျွန်မလေ အပူမီးတောက်နေတဲ့ မိခင်ကြီးကိုကြည့်ပြီး ချုံးပွဲချ ငိုမိတယ်။
ကျွန်မရင်ထဲမှာလဲ စင်ပြိုင်မီးတောက်ကြီးတောက်လောင်နေတာပဲ။ ကျွန်မ
စကားကိုလည်း မောင်က အရေးမစိုက်တော့ဘူး။ “စုလတ်ကိုဖြတ်မလား ၊
ဘိန်းဖြူကိုဖြတ်မလား” လို့လည်း ခပ်တင်းတင်း မမေးရဲတော့ဘူး။ မေးရင် မောင်က
“စုလတ်ကိုပဲ ဖြတ်တော့မယ်” လို့ ဖြေမယ်ဆိုတာ ကျွန်မ ကြိုသိပြီးသားလေ။
အဖေ အမေ ခြောက်လို့လည်းမရ ၊ ချစ်သူချော့လို့လဲ မရတဲ့မောင်ဟာ
နောက်ဆုံးတော့ ဥပဒေရဲ့ အဆုံးအမကို ခံခဲ့ရပါတော့တယ်။ မောင်တို့တွေ
တစ်သီကြီး အဖမ်းခံခဲ့ကြရတာတွေ ၊ သတင်းစာထဲမှာ
ဟိုးလေးတကျော်ပါခဲ့တာတွေကိုတော့ ပြန်ပြီးတော့တောင် မတွေးချင်တော့ပါဘူး။
ငိုရလွန်းလို့လည်း ကျွန်မရဲ့ခေါင်းအုံးလေးဟာ မျက်ရည်နဲ့ နစ်နေပါပြီ။
ပတ်ဝန်းကျင်ရဲ့ ပြစ်တင်စကား ၊ ရှုံ့ချစကား ၊ ကဲ့ရဲ့စကားတွေကို
ခါးစည်းခံရရှာတဲ့ မောင့်ကို ကျွန်မ သနားလိုက်တာ ၊ သစ္စာကြီးမား
မေတ္တာကြီးမားတဲ့ မိန်းမတစ်ယောက်အနေနဲ့ မောင့်ဘေးမှာ ရပ်ပေးနိုင်တဲ့သတ္တိ
ရှိချင်လိုက်တာ။
မောင့်ကို ကျွန်မ တွေ့ချင်တယ် ၊ ခဏလေးဖြစ်ဖြစ် တွေ့ချင်တယ်။ ဒါကြောင့်
ကောင်းနိုးရာရာ စားဖွယ်လေးတွေ ယူပြီး မောင့်ဆီကို လာခဲ့ မိတယ်။ မောင်ဟာ
ကျွန်မရဲ့ချစ်သူပါ။ တိုက်ကြီးပေါ်မှာပဲ ဖြစ်ဖြစ် သံတိုင်တွေရဲ့
နောက်ကွယ်မှာဖြစ်ဖြစ် မောင့်ကို ကျွန်မ အမြဲ ချစ်နေမယ်ဆိုတာ မောင်လည်း
သိမယ်ထင်ပါတယ်လေ။
မောင်က ကျွန်မကိုမြင်တော့ တော်တော်လေး ဝမ်းသာသွားရှာတယ်။ “ဝမ်းသာလိုက်တာ
စုလတ်ရယ် ၊ မောင့်ကို မမုန်းသေးဘူးပေါ့နော်” လို့ပြောတော့ မောင့်အချစ်ကို
စပြီးလက်ခံတဲ့နေ့ကို သတိရပြီး ကျွန်မ မျက်ရည်ကျမိတယ်။ မောင်က ကျွန်မကို
ဆွေးဆွေးမြေ့မြေ့ ကြည့်ရင်း “မောင်တော့ မောင့်မိုက်ပြစ်နဲ့မောင်
အပြစ်ဒဏ်ခံရတော့မှာပဲ ၊ စုလတ် မောင့်ကို စောင့်မလား” တဲ့။
အို ကျွန်မ ဘယ်လိုဖြေရမလဲ။ ဒါကို ဘာလို့ မေးတာလဲ မောင်ရယ်လို့
စဉ်းစားရင်း ငိုချင်လာတယ်။ ပါးစပ်ကနေ ပြောမထွက်လို့ မောင့်ကို
မော်မကြည့်ဘဲ ခေါင်းကိုသာ ခါယမ်းပြရတော့တယ်။
စုလတ် အသစ်တွေ့နေပြီလား တဲ့။ မောင်က မေးတယ်။ ကျွန်မ ခေါင်းခါယမ်းပြမိတယ်။
မောင့်ကို သိပ်ချစ်တယ်ဆို ဆိုတော့ ခေါင်းကို တဆတ်ဆတ်ညိတ်ပြမိတယ်။
ဟုတ်တယ်လေ ၊ ကျွန်မ မောင့်ကို သိပ်ချစ်ပါတယ်။
ဒီလိုဆို ဘာလို့ မစောင့်နိုင်တာလဲ စုလတ်ရယ် တဲ့။ မောင်က ဝမ်းပန်းတနည်း
မေးတယ်။ ကျွန်မ မဖြေရက်ပေမဲ့ ဖြေရတော့မှာပေါ့ မောင်ရယ်
ဖြစ်သင့်တာကတော့ မောင်က အသိတရားတွေရ ၊ နောင်တတရားတွေရ ၊ ကျွန်မကလည်း
သစ္စာကို ရင်မှာပိုက်ပြီး လက်ကမ်းကြိုဆို ၊ ရုပ်ရှင်ထဲမှာသာဆိုရင်
နှစ်ယောက်သား လက်တွဲလမ်းလျှောက်ကြ ၊ ဘုရားဖူးကြ ၊ ခေါင်းလောင်းကြီးတွေ
တီးကြနဲ့ နောက်ခံတေးဂီတကလည်း မြူးမြူးကြွကြွလေးဆိုတော့
သိပ်ပျော်စရာကောင်းမှာပဲနော်။
ဒါပေမယ့် ရှင်ရယ် ဘဝဆိုတာ ဝတ္ထုထဲကလို ၊ ရုပ်ရှင်ထဲကလို မဟုတ်ဘူးဆိုတာ
သိကြမှာပါ။ မောင်ဟာ ဘိန်းဖြူကို စွဲလမ်းခဲ့တဲ့သူပါ။ အသိတရားရလို့
ဖြတ်တယ်ထားဦး ၊ အပြင်ပြန်ရောက်လို့ အသိအကျွမ်းဟောင်းတွေနဲ့ တွေ့ရင်
မောင့်စိတ်ကို မောင်နိုင်ပါ့မလား။ ကျွန်မ မယုံရဲဘူး။ ကြားဖူးတယ် ၊
တစ်ခါမှ မမှားဖူးတဲ့သူဟာ လူကောင်းတဲ့။ မှားဖူးတဲ့ အမှားကို
ပြုပြင်နိုင်တဲ့သူဟာ လူတော်တဲ့။ ဒီကမ္ဘာမှာ အမှားကို ပြင်နိုင်ခဲ့တဲ့
လူတော်တွေမှ အများကြီးပါ။ မောင်ဟာလည်း လူတော်တစ်ယောက်
ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် မောင့်ကိုတော့ ကျွန်မဘဝနဲ့ ရင်းပြီး
ရာနှုန်းပြည့် မယုံကြည်ရဲဘူး။ မောင့်စိတ်ဓာတ် မခိုင်မာတာ ပျော့ညံ့တာတွေကို
ကျွန်မသိတယ်လေ။
မောင့်ကို မချစ်လို့ ပြောနေတယ်လို့တော့ မထင်နဲ့နော်။ ကျွန်မ
မောင့်ကိုသိပ်ချစ်ပါတယ်။ ဘယ်ယောက်ျားကိုမှလည်း မောင့်လောက် ချစ်နိုင်မှာ
မဟုတ်တော့ပါဘူး။ မောင်ဟာ ကျွန်မရဲ့ချစ်သူပါ။ ဒါကို ကျွန်မ ခေါင်းကိုမော့
ရင်ကိုကော့ပြီး တစ်လောကလုံးကို ကြေငြာရဲပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက်
အဖြစ် ခင်ပွန်းအဖြစ်ကတော့
“စုလတ် မောင့်ကိုဖြေဦးလေ” တဲ့။ မောင်ကမေးတယ်။ အို ကျွန်မ ဘယ်လိုဖြေရမလဲ။
မောင့်ကို ထိခိုက်နာကျင်စေမယ့် စကားတွေကို ကျွန်မ ဘယ်လိုပြောရမလဲ။
“စုလတ်မောင့်ကို မချစ်တော့ဘူးလား” တဲ့။ မောင်က ထပ်မေးတော့
ကျွန်မငိုမိတယ်။ ရင်ထဲက နှလုံးသားဟာ ရုတ်တရက် ခုန်ထွက်ပြီး
လည်ချောင်းဝမှာ လာဆိုးနေသလို အနေရဆိုးလိုက်တာကွယ်။ သနားစရာကောင်းတဲ့မောင်
၊ စိတ်ပျော့တဲ့မောင် ၊ ကျွန်မရဲ့ ချစ်သူ ၊ ကျွန်မရဲ့မောင်လေ။ သူ့ကို
ကျွန်မ တစ်သက်လုံး ချစ်နေမှာပါ။ ဒါပေမယ့် ကျွန်မ မွေးလာမယ့် ကျွန်မရဲ့
ရင်သွေးလေးတွေကို ကျွန်မ ပိုပြီးချစ်ရမယ်။
“မောင်ရယ် စုလတ်အဖေဟာ အရက်သမားပါ။ အဖေ အရက်သောက်လို့ စုလတ်
ဘယ်လောက်မျက်နှာငယ်ခဲ့ရ ၊ ဝမ်းနည်းခဲ့ရသလဲဆိုတာ ကိုယ့်ကိုယ်ကိုပဲ
သိပါတယ်။ စုလတ်မွေးလာမယ့် စုလတ်ရဲ့ ရင်သွေးလေးတွေကိုတော့ စုလတ်လို
ဝမ်းမနည်းစေချင်ဘူး။ မခံစားစေချင်ဘူး။ မင်းတို့ အဖေက အရင်တုန်းက
ဘိန်းဖြူသမား ၊ ဆေးသမားဆို” လို့ သူတို့ သူငယ်ချင်းတွေက မေးလာရင် သူတို့
ဘယ်လိုဖြေကြရမှာလဲ ၊ ဒီချောက်ထဲကို ခုန်ဆင်းပြီး ဒီအရသာကို
မက်မောစွဲလမ်းဖူးတဲ့ မောင်ဟာ အခါအခွင့်ပေးလို့ နောက်တစ်ခါများ
ခုန်ဆင်းလိုက်ဦးမယ်ဆိုရင် မောင်နဲ့ စုလတ်တို့ရဲ့ ကလေးတွေဟာ မင်းတို့အဖေက
ဘိန်းဖြူစွဲနေတာဆို ဆိုတဲ့ မေးခွန်းကို ဆက်ပြီး ရင်ဆိုင်ရတော့မယ်။ ဒါကို
ကြိုတင်တွေးမိ ၊ စိုးရိမ်မိနေလျက်သားနဲ့ ဒီလမ်းကို မျက်စိမှိတ်ပြီး
လျှောက်ရဲလောက်အောင်တော့ စုလတ် သတ္တိမကောင်းဘူး။
မောင်နဲ့ တကယ်ဝေးရတော့မယ်ဆိုတာကို တွေးမိရုံနဲ့ ရင်ထဲမှာ နာလိုက်တာ ၊
နှလုံးသားဟာ ဓားနဲ့မွှန်းခံရသလို တဖျပ်ဖျပ် ခါနေတာကိုတော့ ဘယ်သူ့ကိုမှ
မသိစေချင်တော့ပါဘူး။ တစ်သက်လုံးပဲ ငိုရငိုရ ၊ ကျွန်မ ငိုမယ်လေ။ ကျွန်မရဲ့
ကလေးတွေ ၊ ကျွန်မရဲ့ ရင်သွေးတွေ မငိုရအောင်လို့ပါ။
စုလတ်မကောင်းပါဘူး မောင်ရယ် ၊ သစ္စာပျက်တဲ့ မိန်းမလို့ မောင် မပြောတော့ဘူးလား။
မောင်က သက်ပြင်းပဲရှိုက်တယ်။ ဘာမှ မပြောတော့ဘူး။
ချစ်သူတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်အနေနဲ့ စုလတ်ဟာ မကောင်းပါဘူး ၊ ဒါကို
စုလတ်သိပါတယ်။ ဝန်လည်းခံပါတယ်။ ဒါပေမဲ့ မိခင်တစ်ယောက်အနေနဲ့တော့
အကောင်းဆုံးဖြစ်ရမယ်။ မောင့်ကို သိပ်ချစ်ပေမယ့် စုလတ်ရင်သွေးတွေရဲ့
ဖခင်အဖြစ်တော့ လက်မခံ နိုင်ဘူး။ ကလေးတွေရဲ့ ဖခင်ဟာ ကလေးတွေအတွက် အစစအရာရာ
စံပြဖြစ်စေရမယ်လေ။ ကလေးတွေရဲ့ ဖခင်ဟာ ကလေးတွေအတွက် အစစအရာရာ
စံပြဖြစ်စေရမယ်လေ။ ဒါတွေကို စုလတ်ရင်ထဲက ပြောနေတာပါ။ ဒါပေမဲ့ ရင်ထဲက
စကားကိုကြားရသလိုပဲ မောင်က ခေါင်းငုံ့ထားတယ်။ ကျေးဇူးတင်ပါတယ် မောင်ရယ် ၊
မောင့်မျက်လုံးအိမ်မှာ ရစ်ဝဲနေမယ့် မျက်ရည်တွေကို ကျွန်မ မမြင်အောင်
ခေါင်းငုံ့ထားလို့ မောင့်ကို ကျေးဇူးတင်ပါတယ်။
ကျွန်မလေ အံကိုတင်းတင်းကြိတ်ရင်း မောင့်ကို စူးစိုက်ကြည့်မိတယ်။
ကျွန်မချစ်တဲ့မောင့်ကို တစ်သက်စာ တဝကြီးကြည့်မိတယ်။
“သွားတော့မယ်နော်”
မောင့်ရဲ့လက်ကို ညှစ်ကိုင်နှုတ်ဆက်ပြီး ကျွန်မ ချာကနဲလှည့်ထွက်လာခဲ့တယ်။
အတားအဆီးမရှိ ကျလာတဲ့မျက်ရည်တွေကိုတော့ သုတ်မနေတော့ပါဘူး။
မောင့်ရဲ့ အမည်းစက်ကို ခွင့်လွှတ်နိုင်စွမ်းမရှိတဲ့ ကျွန်မကို
ခွင့်မလွှတ်ပါနဲ့ မောင်ရယ်။
#မစန္ဒာ
မူးယစ်မဂ္ဂဇင်း ၁၉၈၇ ဇူလိုင်
Credit - thebestnovel & Pao Wyne
No comments:
Post a Comment