Jun 11, 2018

ကျွန်တော်နှင့် အသံခုနစ်ထပ်

ကျွန်တော်နှင့် အသံခုနစ်ထပ်
================
တာရာမင်းဝေ
တနင်္ဂနွေနေ့ 
တနင်္ဂနွေနေ့ တစ်နေ့ မှာ ကျွန်တော်ဟာ ပင်လယ်ပြင်ထဲ ရောက်နေပါတယ်။ ပင်လယ်ကူး သင်္ဘောကြီးပေါ်ကနေ အဝေးကို မျှော်ကြည့်ရတာ နောက်ခံ ပေါက်ထွက်နေတဲ့ ပန်းချီကားကြီးကို ကြည့်ရသလိုပဲ။ ပင်လယ်ကြီးကို ငုံ့ ကြည့်ရတာလည်း ကျွန်တော့်မှာ ဇဝေဇဝါဖြစ်ရပါသည်။ ကျွှန်တော့အောက်က ပင်လယ်ကြီးဟာ မှောက်ခုံဖြစ်နေတာလား။ပက်လက်ဖြစ်နေတာလား ကျွှန်တော်ဟာ
သူ့ ကျောကုန်းပေါ် ရောက်နေတာလား ။ ရင်ဘတ်ပေါ် ရောက်နေတာလား မကွဲပြားဘူး။
အဝေးထောင့်တစ်ခုဆီက ကောင်းကင်ဟာ ပြာပြာအက်အက်ဖြစ်နေတယ်။လေတိုက်သံကလည်း တစ်ခါတစ်ခါမှာ ကျောက်ဆောင်တွေရဲ့ ချောင်းဆိုးသံနဲ့ တူတယ်။ မာလိန်မှူးကြီးက……………….
“ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ ဟိုကောင်လေးကရော ဟိုငေးဒီငေးနဲ့ ”
သင်္ဘောဝမ်းဗိုက်ထဲ ခုန်ဆင်းပြီး သင်္ဘောရဲ့ နံရိုးတွေကို ကျွန်တော် ရိုက်ချိုးပစ်လိုက်တယ် မာလိန်မှူးကြီးက သင်္ဘောကို ရိုက်မောင်းနေတဲ့  သူ့ ကြိမ်လုံးကြီးကို လွှတ်ချပြီး ကျွန်တော့်ဆီကို ကားရားကားရား လျှောက်လာတယ်။ ကျောက်ဆောင်ကြီးကတော့ ဘယ်သူ့ ဘက်ကလည်းမသိဘူး။ လူမိုက်တစ်ယောက်လို ခပ်လှမ်းလှမ်းကနေ ခါးထောက်ပြီးရပ်ကြည့်တယ်။

“မင်း…. ဘာလုပ်တာလဲ”
ကျွှန်တော်နဲ့ မာလိန်မှူးကြီး စကားများကြပါတယ်။ ကျွန်တော်က သင်္ဘောနဲ့ ဆက်မလိုက်ဖြစ်တော့ဘူး၊ ပင်လယ်ပြင်ပေါ်ခုန်ချပြီး ကိုယ့်ခြေထောက်နဲ့ ကိုယ်ပဲ ဆက်လျှောက်နေလိုက်တယ်။သင်္ဘောကြီးကတော့ စွပ်ဖားလှည်းကြီးတစ်စီးလို ဒရွတ်တိုက်ဆွဲပြီး ထွက်သွားတယ်။အဲဒီစွပ်ကြောင်းကြီးကို ရှောင်နင်းပြီး မာနတွေ တစ်ခွဲသားနဲ့ ကျွန်တော်ဆက်လျှောက်ခဲ့လေရဲ့ ။ နည်းနည်းချမ်းငွေ့ ငွေ့ ဖြစ်လာလို့  ပင်လယ်ခရီး တစ်ထောက်မှာပဲ ကျွန်တော်မီးဖိုကြီးဖိုရတယ်။တခြားလောင်စာလည်း ဘာမှမရှိဘူး။ပင်လယ်ကိုပဲ ရှို့ ပြီးလှုံရတဲ့ မီးပေါ့။ မီးတောက်အရှိန်ကောင်းတုန်းမှာပဲ လူတစ်ယောက်ရောက်လာတယ်။သူကလည်း ကျွန်တော့်လိုပါပဲ။ မာလိန်မှူးကြီးနဲ့ စကားများပြီး သဘောင်္ပေါ်က ဆင်းလာတာတဲ့။
“သူက ငါတို့ ကိုအလုပ်လုပ်နေတာ မမြင်ရင် သဘောမကျဘူးကွ”
“လုပ်စရာရှိရင်တော့ လုပ်နေတာပဲ၊ လုပ်စရာမရှိရင်တော့ မလုပ်ဘူးပေါ့”
သူက တဟဲဟဲရယ်ပါတယ်။ သူ့ ရယ်သံက ပင်လယ်ပြင်ကို လွှနှင့်တိုက်ဖြတ်သလိုပါပဲ။ရယ်သံအဆုံးမှာ သူကပြောတယ်။
“ဒီလိုကွ…..ပင်လယ်ပြင်မှာက ဘာအလုပ်မှမရှိရင် သဘောင်္အလုပ်သမားတွေက မာလိန်မှူးကို ရန်မူဖို့ စဉ်းစားနေတတ်တယ်။အဲဒါကြောင့် သူက မင်းတို့ ငါတို့ ကို တစ်ခုမဟုတ် တစ်ခုလုပ်နေစေချင်တာ”
မဲ့ပြုံးနဲ့ အတူ ခေါင်းကိုခါရင်း….
“ကော်ဖီခါးခါးတစ်ခွက် သောက်ချင်တယ်ဗျာ”
လို့ ပြောလိုက်တယ်။
“အဲ့ဒါဆိုရင် ကုန်းမြေရောက်တဲ့အထိ မင်းဆက်လျှောက်ပေါ့”
“ကောင်းကင်ဘုံမှာ ဝင်စရာတစ်ခုရှိသေးတယ်”
လို့ ပြောတယ်။
“လူကြုံမှာထားတာလေးတွေ ရှိသေးတယ် “တဲ့။
ကျွန်တော်တစ်ယောက်တည်း ကုန်မြေဆီ ပြန်ခဲ့တယ်။မီးပုံကိုမငြိမ်းခဲ့ဘူး။ပင်လယ်မှာ မီးကြွမ်းမီးကျန်ဟာ ပိုလို့ ကြောက်စရာမဖြစ်လောက်ပါဘူး။ကျွန်တော့အတွက်ကတော့ ‘ တနင်္ဂနွေ’ဆို တာဟာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်ဟည်းနေတဲ့ ပင်လယ်လောင်ကျွမ်းသံပါပဲ။


တနင်္လာနေ့ 
ဗီသိုဗင်ဆီ ကျွန်တော်ရောက်တယ်။ ဆရာကြီး ဗီသိုဗင်ဟာလူတစ်ယောက် သူ့ ဆီပို့ ပေးတဲ့ ဂီတသံစဉ်တွေကိုဖတ်နေတယ်။ပြီးတော့လည်း ခေါင်းကြီးကို ခါရမ်းနေတယ်။
“ဘာဖြစ်လို့ လဲ”
ကျွန်တော်က မေးတော့ ဆရာကြီးက မျက်နှာအိုအိုနဲ့ စာရွက်အောက်ခြေက မှတ်ချက်ကိုပြသည်။ ရေးထားတာက (သူ့ သံစဉ်ဖွဲ့ စည်းမှုကို ) “ ဘုရားသခင်၏ အကူအညီဖြင့် ပြီးပါသည်” တဲ့။ ကျွန်တော်က ဆရာကြီးရဲ့ မျက်နှာကို လှမ်းကြည့်တယ်။ ဆရာကြီးက အဲဒီမှတ်ချက်ကလေးကိုပဲ ဘဝင်မကျပုံပေါ်ပါတယ်။ ကျွန်တော်လှမ်းကြည့်တဲ့ မျက်လုံးတွေကိုလည်း သူက နားလည်တယ်။ကျွန်တော့်ကို ရှင်းပြသလိုလိုနဲ့  တစ်ကိုယ်တည်းညည်းတယ်။
“ကိုယ့်လူရယ်…… ကိုယ့်အားကိုယ်ကိုးပါတော့လား “
ကျွန်တော် ဆရာကြီး ဗီသိုဗင်ဆီက ပြန်လာတော့ လမ်းမှာ လူတစ်ယောက်နဲ့ တွေ့ တယ်။အဲ့ဒီလူ က“တယော”တစ်လက်ကို ထမ်းလာတယ်။ကျွန်တော့်ကို တွေ့ တွေ့ ချင်း ဝမ်းသာအားရနဲ့ ဆီးပြောတယ်။
“ကျွန်တော်တောင် ဘုရားသခင်ရဲ့ အကူအညီနဲ့  ဂီတသံစဉ်တစ်ပုဒ်ဖွဲ့ ခဲ့သေးတယ်ဗျ၊ လေ့လာချင်ရင် လေ့လာလို့ ရအောင် ဗီသိုဗင်ဆီ ပို့ ထားတယ်”
“အော်….. အဲ…..ဟုတ်ကဲ့”
“ခင်ဗျားလည်း နားထောင်သွားပါဦးလား၊ ကျွန်တော်တီးပြမယ်”
အမှန်တော့ ကျွန်တော့မှာ နားထောင်ချင်စိတ် သိပ်မရှိပါဘူး။ဒါပေမယ့် ခက်တာက ကျွန်တော့မှာ အချိန်နည်းနည်း အားလပ်နေတယ်။နွေရာသီကလည်း မရောက်သေးဘူး။လှမ်းကြည့်တော့ တောအုပ်ရဲ့  ခေါင်မိုးဟာ အညိုဖျော့ဖျော့ဖြစ်လို့ ။အဲ့ဒါနဲ့ ပဲ သူ့ ဘေးနားထိုင်ပြီး သူ့ ဂီတကို နားထောင်နေလိုက်တယ်။
တီးကွက်အဆုံးမှာ သူက စူဇကာပုဏ္ဏားလိုပြုံးတယ်။ကျွန်တော့်မှာ သူ့ ကိုလှူစရာ ဘာမှမရှိဘူး။ပွင့်ပွင့်ပဲ ပြောလိုက်တယ်။
“မကောင်းဘူး”
“ဘာ…..ဘာဖြစ်လို့ တုံး”
“ခင်ဗျား…..တယောက အခေါင်းပေါက်မှ မပါဘဲ”
သူ့ တယောမှာ အသံကို မြည်ဟိန်းစေမယ့် ခေါင်းပေါက်မပါပါဘူး။သစ်သားကလည်း နတ်ရုပ်လုပ်တဲ့ သစ်သားထင်ပါရဲ့ ။ ကျွန်တော်က လက်မခံတော့….
“အင်း…..ကျွဲပါးစောင်းတီးဆိုတော့ အဲဒါမျိုးပေါ့”
ဆိုပြီး သူထွက်သွားပါတယ်။ကျွန်တော့်ဘာသာ သားရေကွင်းတစ်ကွင်းကို ခြေမနှစ်ချောင်းမှာ တပ်ပြီး တီးကြည့်သော သူ့ လိုပဲအသံထွက်တယ်။တနင်္လာသံလို့ ကျွန်တော်က သတ်မှတ်ခဲ့တယ်။
အင်္ဂါနေ့ 
“ပိုက်ဆံချမ်းသာဖို့ သာ ဆန္ဒလွန်ကဲနေရင် အဲဒီလူမွဲမှာပဲ”
“ဟုတ်…..ဟုတ်ကဲ့”
“ငါဆိုရင် တစ်နေ့ တစ်နေ့ ကို ပေါင်မုန့် နည်းနည်းနဲ့ ဝိုင်နည်းနည်းနဲ့ပဲနေတာ။ ညကြီးသန်းခေါင်လည်း အလုပ် လုပ်စရာရှိရင်ထလုပ်တာပဲ”
“အော်……အင်း….ဟုတ်ကဲ့”
“ကောင်းတာပေါ့ ဆရာရယ်”
ကျွန်တော်တို့ နှစ်ယောက်သား သူ့ စကားကို အင်း လိုက်နေကြရပါတယ်။ သူကလည်း လေးစားစရာကောင်းတဲ့ ဝိညာဉ်တော်တစ်ခုမဟုတ်လား။ကျွန်တော်တို့ ရဲ့  အခန်းလေးထဲမှာရှိတဲ့ အမှောင်ပွပွဟာ နေရတာ ငြီးစီစီကြီး ဖြစ်စေတယ်။ကျွန်တော့မိတ်တွေရဲ့ ပန်းပုရုပ်တွေကလည်း အရေပြားတွေ တွဲကျလို့ ။
“ငါ ဘယ်လောက်ထိ ကြိုးစားရတယ် အောက်မေ့လဲ ၊ ဦးထုပ်ပေါ်မှာ ဖယောင်းတိုင်ထွန်းပြီးတော့ အလုပ်လုပ်ရတာ “
“ အော်”
နှစ်ယောက်သား ငေးရီနားထောင်နေရပြန်တယ်။အတော်ကြာမှ မိုက်ကယ်အိန်ဂျလို ပြန်သွားသည်။မိတ်တွေက သူ့ ပန်းပုရုပ်တွေနဲ့  တွဲကတယ်။ ဘာဖြစ်လို့ ဒီလောက်ပျော်သွားရတာလဲ။သူ့ ဘာသာသူရယ်ရယ်ပြောပြော ပြောတယ်။
ကျုပ်အတွက် အကောင်းဆုံးနည်းစနစ်တစ်ခု ရလိုက်တယ်။ ကျုပ်လည်း ဦးထုပ်မှာ ဖယောင်းတိုင်ထွန်းပြီး ပန်းပုထုရမယ်။အင်းတစ်ခုပဲ……ဖယောင်းတိုင်ထွန်းလို့ ရမယ့် ဦးထုပ်ကို ကျုပ်ရှာရမယ်”
ကျွန်တော်ကတော့ ပါးစပ်အဟောင်းသား ဖြစ်မိတာပေါ့။
“မဟုတ်သေးပါဘူး။သူက သူ့ ခေတ်အခြေအနေအရ လုပ်တာ။ခု ခင်ဗျားခေတ်မှာက အဲလိုလုပ်စရာမှ မလိုဘဲ ။ လျှပ်စစ်မီးရှိနေတာပဲ”
“လျှပ်စစ်ရှိရှိ မရှိရှိဗျာ၊ ဖယောင်းတိုင်ရှိဖို့ အရေးကြီးတယ်။နေဦး ကျုပ် ဦးထုပ်သွားရှာဦးမယ်”
သူ အခန်းပြင်ကိုထွက်သွားပါတယ်။ကျွန်တော်က ခန္ဒာကိုယ်ကို အပျင်းဆန့် ရင်း သူ့ အတွက် စိတ်မသက်မသာ ဖြစ်နေမိတယ်။ဦးထုပ်ပေါ် ဖယောင်းတိုင်ထွန်းပြီး ပန်းပုထုဖို့ ဆိုတာက သိပ်တော့ခက်ခဲမှာ မဟုတ်ပါဘူး။ဒါပေမယ့် မဖွယ်မရာ ဖြစ်နေတာက လျှပ်စစ်မီးရှိနေတယ်။ပိုဆိုးတာက သူ့ ခေါင်းအထက်မှာ လည်မယ့်ပန်ကာကြီးလည်း ရှိနေမယ်။
နွေဦးရာသီကလည်း မရောက်သေးဘူး၊ ပန်ကာကြီးကို ကျွန်တော်မော့ကြည့်မိတယ်။ဟီးဟီးဟဲဟဲနဲ့  ဟင်းလင်းပြင်ကို ထိုးခွဲလည်ပတ်နေတယ်။အောက်ဆင်းလာပြီး ပန်းပုရုပ်တွေနဲ့  တွဲကလိုက်တယ်။ပြီးတော့မှ မျက်နှာကျက်ပေါ်ပြန်တက်ပြီး ဇောက်ထိုးကြီး ဆက်လည်နေတယ်။
သူကလည်း ပျော်တယ်လေ။ထိုလူက ဦးထုပ်ပေါ်မှာ ဖယောင်းတိုင်ထွန်းလိုက် ၊ သူက လေနဲ့ ငြိမ်းလိုက် ဆော့ရမှာကိုး။ ပန်ကာကြီးရဲ့  ရယ်သံကို ကျွန်တော်နားနဲ့ ဆက်ဆက်ကြားရတယ်။ပြက္ခဒိန်ကို လှည့်ကြည့်ပြီး ဒီရယ်သံဟာ အင်္ဂါသံလို့ သိလိုက်တယ်။
ဗုဒ္ဓဟူးနေ့ 
ကျောက်တုံးတွေကို ကျွန်တော် တွန်းချလိုက်တယ်။ဝရုန်းသုန်းကား လိမ့်ဆင်းသွားတဲ့ ကျွန်တော်ဟာ နောက်ဆုံးမှာ တစ်စုံတစ်ယောက်ပေါ်ပိလို့ ။
သူက ကျွန်တော့်ကို စိတ်မဆိုးပါဘူး။
တွေ့ ရတာ ဝမ်းသာပါတယ် လို့ နှုတ်ဆက်တယ်။ ကျွန်တော်လည်း ကိုယ်ပေါ်ကမြေစေး၊မြေဖက်တွေကို ခွာချရင်း ….
“ကျွန်တော် တော်တော်နာသွားတယ်”
သူက ကျွန်တော့်စကားကိုလည်း စိတ်မဝင်စားပါဘူး။
“ဟော… မြူနှင်းတွေ အုံ့ လာပြီ”
မြူတွေ၊ နှင်းတွေကလည်း တကယ်အုံ့ လာကြတယ်။သူက မိုးပေါ်ကလမင်းကို မော့ကြည့်ပြီး…..
“ခင်ဗျား….ဘယ်က ပြုတ်ကျလာတာလဲ သိလား”
“သိတယ်လေ ၊ ဟိုတောင်ပေါ်က “
သူက ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ၊ လမင်းပေါ်က ပြုတ်ကျလာတာ”
“သူ့ မျက်နှာကြည့်တော့လည်း တည်တည်ကြည်ကြည်မို့ လို့  ကျွန်တော်လည်းမဝေခွဲတတ်ဘူး။ကိုယ့်ဘာသာ မရေရာ ဖြစ်သွားတယ်”
“ဟုတ်လား၊ ကျွန်တော် မနေ့ က လမင်းပေါ် တက်သွားမိတယ် ထင်တယ်”
သူက တခစ်ခစ်ရယ်သည်။
လရောင်အောက်မှာ ကျွန်တော်သီချင်းစပ်နေတာ
ဟုတ်လား….. ဘာသီချင်းများလဲ
သူ့  သီချင်းစာရွက်ပေါ်က ဂီတသင်္ကေတအရသံစဉ်အတော်လှပလိမ့်မယ်။ဒါပေမယ့်စာသားတွေကိုဖတ်ရင်းမြူနှင်းထဲက သွေးညှီနံ့ ရတယ်။ ကျိန်စာတွေကို ဂီတသံ ထည့်ထားတာကို ။သာယာတဲ့တေးသွားဖြစ်လာလိမ့်မယ်လို့မယူဆ ရဲဘူး။
“ခင်…ခင်ဗျား စာသားတွေက”
“ဘာဖြစ်လို့လဲ”
“အနိဌာရုံဆန်လှချည်လားဗျာ “
သူကတခစ်ခစ်ရယ်ပြန်ပါတယ်။ ကျိန်စာဟာကောင်းချီးသြဘာ မဟုတ်ဆိုတဲ့စကားကို ဂါထာလို ခုနစ်ခေါက်ရွတ်ပြန်ရဲ့။
ပြီးမှ…..
“အနိဌာရုံဆန်တာဘာဖြစ်လဲဗျာ၊ခင်ဗျားတောင်ကျွန်တော့်ပေါ်ပြုတ်ကျလာသေးတာပဲ “
အဲ့ဒီအချိန်မှာပဲ ရှေးခေတ်မြင်းလှည်းကြီးတစ်စီးကို မြူတွေထဲမှာ မြင်လိုက်ရပြီး သူတက်သွားတယ်။အဲဒီ မြင်းလှည်းကြီး တအီအီ ပျောက်ကွယ်သွားတဲ့အထိ ကျွန်တော် အော်ကြီးဟစ်ကျယ် ငေးကြည့်နေခဲ့တယ်။မြင်းလှည်းအီသံကိုတော့ အတော်ကြာတဲ့အထိ ကြားနေရတုန်းပဲ။ဗုဒ္ဒဟူးသံအဖြစ် ကျွန်တော့်နားထဲကို ရွာချလာတယ်။

ကြာသာပတေးနေ့ 
အဲဒီလိုနဲ့  ကျွန်တော်လည်း ခဏခဏ ဆေးခွက်မှောက်ခဲ့တယ်။ ဘဝစာမျက်နှာဟာ နီလိုက်၊ဝါလိုက်၊ပြာလိုက်၊ တစ်နေ့ မှာ (အဲဒီနေ့ ဟာ ကြာသာပတေးနေ့  ဖြစ်တယ်) ရုပ်တုထုသူ တစ်ယောက်ဆီ သွားရတယ်။ စီးပွားရေးမှာ အင်မတန်ထူးချွန်ပြီး သူတစ်ယောက်တည်းက အာရှရဲ့  ဆဌမ ကျားဖြစ်ချင်နေတဲ့ အာရှကျားငါးကောင်ဟာ သူနဲ့ ပေါင်းရင် အာရှကျားခြောက်ကောင်ဖြစ်သွားနိုင်တယ်ဆိုတဲ့ ( ကျွန်တော်ကတော့ ဘယ်ကျားကိုမှ သူ့ လိုမျိုး နှုတ်ခမ်းရဲရဲနဲ့ မမြင်ဘူးပါဘူး) မိတ်ဆွေကြီးတစ်ယောက်က အဖော်ခေါ်လို့  လိုက်သွားရတာပါ။
ဟိုရောက်တော့ ကျွန်တော့မိတ်ဆွေကြီးနဲ့ ရုပ်ထုပညာရှင်တို့ စကားတော်တော်ပြောကြရပါတယ်။ ဘေဘီလုံခေတ်က ရွက်ဖျင်တဲတစ်ခုထဲမှာ မီးခိုးရနံ့ တွေ ပြန့် ကြဲရင်းပေါ့။ကျွန်တော်ကတော့ တိတ်တိတ်ဆိတ်ဆိတ်။ သူတို့ နှစ်ယောက်ရဲ့ အနားမှာ မြေအင်တုံအကွဲကြီးလို အိပ်လို့ ။
ကျွန်တော့်မိတ်ဆွေက ပြောတယ်။
“ခင်ဗျား ဆယ်ရက်တည်းထုရတဲ့ အရုပ်ပဲဗျာ။ငွေ ဒီလောက်အများကြီးတောင်းတာ ဘယ်တန်မလဲ”
ရုပ်ထုပညာရှင်က ဘာမှပြန်မပြောဘူး။စားပွဲပေါ်မှာ စားဖိုမှူးက စားသောက်ဖွယ်ရာတွေ လာချတယ်။ စားဖိုမှူးလှည့်ထွက်သွားပြီးမှ……
ခင်ဗျားမေ့နေလို့ ပါ။ဒီရုပ်ထုကို ဆယ်ရက်နဲ့ ပြီးအောင် ထုနိုင်ဖို့ ကျွန်တော် နှစ်(၃၀)လောက် လေ့လာခဲ့ရတယ်။
အဲ့ဒီစကားကြောင့် ကျွန်တော်နိုးသွားပါတယ်။ ကျွန်တော့်မိတ်ဆွေကြီးကတော့ အိပ်ချင်မူးတူးဖြစ်သွားပုံရတယ်။
“ဟုတ်လား၊ဆယ်ရက်နဲ့ ပြီးအောင် နှစ်(၃၀)ကျင့်ခဲ့ရတယ်ဆိုတော့ တစ်ရက်နဲ့ ပြီးအောင်ဆိုရင် ဘယ်နှနှစ်ကျင့်ရမလဲ”
ရုပ်တုပညာရှင်က ဘာမှပြန်မပြောဘူး။ဒါပေမဲ့ ကျွန်တော့်နားတွေအူသွားတယ်။ ဟိုးအဝေးကြီးဆီက ပျံ့ လွင့်လာတဲ့ ရုပ်တုအူသံတွေကို ကြားလိုက်ရသလိုပဲ။ကျွန်တော့မိတ်ဆွေကြီးဟာ မျက်လုံးတွေမှေးစင်းပြီး အိပ်ပျော်သွားပါတယ်။ကျွန်တော်ကတော့ ကမူးရှုးထိုး ထရပ်မိ….။
စားဖိုမှူးက ဘာမှမသိသလိုပဲ။ဘာမှကြားပုံလည်းမပေါ်ဘူး၊စဉ့် နှီးတုံးကို ဓားနဲ့ တဒုတ်ဒုတ်ခုတ်နေတယ်။ အဲဒီအသံက ကြာသာပတေးနေ့ ရဲ့ အသံဖြစ်လာတယ်။
“ဒုတ်…..ဒုတ်……ဒုတ်……ဒုတ်…….ဒုတ်”
သောကြာနေ့ 
ကျွန်တော့်ကို ဘယ်သူကမျက်လှည့်ပြလိုက်တာလဲ၊မေးလို့ လည်းမရပါဘူး၊ဆာဝေါ်လ်တာစကော့ဆီကို သွားလိုက်တယ်။
“ဒေါက်…….ဒေါက်”
ကျွန်တော် တံခါးခေါက်လိုက်တော့ ဆာဝေါ်လ်တာစကော့က အထဲကပြန်အော်တယ်။
“တံခါးတပ်မထားဘူး”
ကျွန်တော်ဝင်သွားတော့ သူ မုတ်ဆိတ်ရိတ်နေတယ်။သူ့ ဘေးမှာလည်း သူ့ ရဲ့ အချစ်တော်ခွေးက ဝပ်နေတယ်။ သူ့ စာအုပ်ပုံ ကြီးကို ကျွန်တော်ခလုတ်တိုက်တော့…….
“အဲဒီစာအုပ်တွေကို သံနဲ့ သေသေချာချာရိုက်ဦးမယ်”လို့  ပြောတယ်။ ပြီးတော့သူ့ ခွေးကိုပါ မုတ်ဆိတ်ရိတ်ပေးဖို့ ပြင်တယ်။
အဲဒီအချိန်မှာပဲ …
“ဒေါက်…….ဒေါက်”
အဘိုးကြီး ဝေါ်လ်တာစကော့က ပြန်အော်တယ်။
“မင်းကိုယ်မင်း တံခါးပေါက်ထဲ သွင်းလိုက်လေ “
သူ့ စကားအဆုံးမှာ အခန်းထဲကို လူတစ်ယောက် ရောက်လာပါတယ်။
“ဆရာကြီး……ဆရာကြီးကို ကျွန်တော်လာနှုတ်ဆက်တာ”
“အေး….ဘာဖြစ်လို့ တုံးကွ”
“ကျွန်တော်ပညာစုံပြီ ဆရာကြီးရေ၊ အဲဒီအတွက် ဆရာကြီးကိုလည်း သတိရလို့ ”
အဘိုးကြီး ဝေါ်လ်တာစကော့က ပါမောက္ခကြီးတစ်ယောက်လို ပညာရှိပါတယ်။ပညာကလည်း တစ်ခါတစ်ခါမှာ အဘိုးအိုအသွင်ရုပ်ဖျက်နေတတ်တယ် မဟုတ်လား။အဲဒီလူရဲ့  စကားကြောင့် အဘိုးကြီး “လေခို” သွားတယ်”
“အော …..မင်း ပညာစုံပြီလား”
“ဟုတ်တယ်….ဆရာကြီး”
“ကောင်းတယ်၊ ကောင်းတယ်” လို့ မပြောပါဘူး
“မကောင်းဘူး…. မကောင်းဘူး” လို့ လည်းမပြောဘူး။သူ့ ခွေးကို အောင်မြင်စွာ မုတ်ဆိတ်မရိတ်နိုင်တဲ့အတွက်ကြောင့် အဘိုးကြီး စိတ်ရှုပ်နေတယ်။ပြီးမှ သူ့ ခွေးမှာ မုတ်ဆိတ်မရှိတာကို သူတွေ့ တယ်။အဘိုးကြီးပျော်သွားတယ်။အဲဒီလူဘက် လှည့်ပြီး….
“ငါကတော့ အခုမှ စကာစရှိသေးတယ်ကွ မင်းကစုံလာပြီကိုး”
အဲဒီလူ ဘာပြန်ပြောရမလဲ မသိ ဖြစ်သွားတယ်။သူ့ မျက်နှာပေါ်က အပြုံးဟာ လေနဲ့ အမှုတ်ခံလိုက်ရသလို လွင့်သွားတယ်။ ကျွန်တော်ကတော့ လိုက်ကြည့်နေမိလေရဲ့ ။အဲဒီအပြုံးဟာ ဘယ်သူ့ မျက်နှာပေါ်မှာ သွားစွပ်မိဦးမလဲလို့ ။ သူ လွင့်လေရာ တောက်လျှောက်ကို လိုက်ကြည့်နေလိုက်တယ်။ “ဖူး”ခနဲ လေမှုတ်သံကိုလည်း နွေးခနဲ ကြားယောင်နေတုန်းပဲ။ သေချာတယ်….အဲဒါသောကြာသံပေါ့။
စနေနေ့ 
( အသံတွေကြားမှာ) ဆူဆူညံညံနဲ့ ပဲ တိတ်ဆိတ်ယူရတယ်။တနင်္ဂနွေသံ၊တနင်္လာသံ၊အင်္ဂါသံ၊ဗုဒ္ဒဟူးသံ၊ကြာသာပတေးသံ၊ သောကြာသံ၊ နတ်ဆိုးတွေ ဗုံတီးသလို ညံလို့ ။ကျွန်တော့်ကိုယ် ကျွန်တော် နွားကျောင်းထားလိုက်တယ်။ကြိုးရှည်ရှည်လှန်လို့ ။
နေ့ ခင်းကြောင်တောင်ကြီး မီးအိမ်ဆွဲလာတဲ့ လူတစ်ယောက်ကိုတွေ့ တယ်။ ပထမတော့ ဒိုင်အိုဂျီးနီးစ်လို့ ထင်လိုက်တာ။နောက်မှမဟုတ်မှန်းသိတယ်။ အဲဒီလူဟာ ကျွန်တော်နဲ့ အသက်သိပ်မကွာလှဘူး။ကကြီး၊ခခွေးတွေ ပေနေတုန်းရှိသေးတယ်။
“ဘယ်လိုလဲ……ခင်ဗျားက ဒိုင်အိုဂျီးနီစ်ကို အတော်သဘောကျလို့ လား “
ကျွန်တော်က အော်မေးတော့ သူကခေါင်းရမ်းပြတယ်။
“ဟင့်အင်း ….ကျုပ်က “လက်ဆင်း” ကို သဘောကျတယ်”
“အော် ဟုတ်ပြီ ကျွန်တော်လည်း ကြားဖူးတယ်၊သူ့ စကားတစ်ခွန်းက အတော် ကမ္ဘာကျော်ခဲ့တာပဲနော်”
“ဟုတ်တယ်….၊မှားချင် မှားပါစေ….ကိုယ့်ဦးနှောက်နဲ့ ကိုယ်လုပ်”ဆိုတဲ့စကားက သိပ်မှန်တဲ့စကားပေါ့၊ကျွန်တော့် လက်သုံးစကားပဲ”
ကျွန်တော်တို့ နှစ်ယောက်စလုံးရယ်မောလိုက်ကြသည်။ ကျွန်တော်နဲ့ သူဟာ အသွင်မတူမယ့်ပုံ ရှိတယ်လို့  ထင်စရာပဲ။ ကျွန်တော်က မှိတ်တုတ်မှိတ်တုတ် မေးလိုက်တယ်။
“ဒါနဲ့  နေပါဦး၊ နေ့ ခင်းကြောင်တောင် မီးအိမ်ကြီးနဲ့  ခင်ဗျားက ဘာရှာနေတာတုံး “
“……………”
ကျွန်တော်ပြုမိတဲ့အသံပါပဲ။အချိန်မီ မျိုသိပ်လိုက်နိုင်လို့  အပြင်ကို ညံမထွက်ဘူး။
ဒါပေမဲ့ ကျွန်တော့်ရင်ဘတ်ထဲက စိမ့်ဖောက်ထွက်ပြီး စကြာဝဌာ အထိ ပဲ့တင်မြည်ဟည်းတယ်။ ၄…./၃……/၂……./၁……../၀……../………။
အဲ့ဒါ စနေသံပေါ့။ နှစ်ပေါင်းများစွာ လွင့်ပျံကြားယောင်နေရလိမ့်မယ် ထင်ပါရဲ့ ။နွေဦးမရောက်ခင်မှာပဲ
ပင်လယ်ဆီကျွန်တော်ပြန်ခဲ့ရတယ်။
တာရာမင်းဝေ
Posted by LinsetPaing

No comments:

Post a Comment