နေရာ - အဖြူရောင်(ရွှေ)
* * *
(၁)
ခြေထောက်နှစ်ဖက်ကလည်း စည်းချက်မှန်မှန်နင်းရင်း၊ ဘယ်လက်က လက်ကိုင်နဲ့ ဘရိတ်ကို တွဲကိုင်ရင်း၊ ညာလက်က ဘဲလ်ကို အဆက်မပြတ် တီးရင်း ဆိုက်ကားကို ကျော်တက်ပြီးချိန်မှာ ၂၆ ဘီ လမ်းမကြီးကို လှမ်းမြင်နေရပြီ။
လက်တွေ၊ ခြေတွေတင်တဲ့လား။ ပွိုင့်က အချက်ပြမီးကို လှမ်းမျှော်ကြည့်ရင်း လမ်းကြောထဲရောက်အောင် လမ်းရှင်းမရှင်းကြည့်ရင်း သက်ထားမေ မျက်လုံးတွေကလည်း အငြိမ်မနေရ။ ၉ နာရီအတိ နန်းရှေ့ကို ရောက်ရမှာ အခုပဲ ၈ နာရီ ၄ဝ မိနစ် ရှိနေပြီ။ ဟိုရောက်ရင် အဆင်ပြေစွာ စကားပြောနိုင်ဖို့ ဦးနှောက်ကလည်း စကားလုံးတွေ စီစဉ်ရွေးချယ်ရသေးရဲ့။ သူက ဘယ်လိုမေးမလဲ။ မေးနိုင်ခြေရှိတဲ့ မေးခွန်းတွေအတွက် အဆင်ပြေ ချောမွေ့မယ့် အဖြေတွေကို စိတ်ကူးဖန်တီးနေမိသည်။
နင်းထား သက်ထားမေရေ… နင်းထား။ စက်ဘီးစီးတယ်ဆိုမှတော့ နင်းနိုင်မှ၊ မနင်းနိုင်တဲ့တစ်နေ့ လဲမှာပဲ။ သက်ထားမေရဲ့ ဘဝကကော ဘာထူးသေးလဲ။ ဟောဒီစက်ဘီးကလေးလို နင်းနိုင်မှ တော်ကာကျမှာလေ။
ရပ်တန့်လိုက်တာနဲ့ တစ်ပြိုက်နက် လဲကျတော့မှာ မဟုတ်လား။
၂၆ ဘီ လမ်းကနေ ၆၆ လမ်းကို ချိုးကွေ့လိုက်ပြီးချိန် လမ်းမပေါ်မှာ သက်ထားမေတစ်ယောက်တည်း။ ကားတစ်စီးတလေကလွဲလို့ လူရှင်းနေသည်။
ဟိုးအဝေးဆီမှာ မန္တလေးတောင်၊ လမ်းလယ်ကျွန်းပေါ်က တမာပင်တွေ၊ နောက် ကျုံးရေပြင်၊ အဲဒီ ရေပြင်ပေါ်က ဖြတ်တိုက်လာတဲ့ လေနုအေး။
ချာပလတ်ရမ်းနေတဲ့ အတွေးတွေကြားကပဲ သဘာဝရှုခင်းတွေက သက်ထားမေရဲ့ အာရုံတွေကို ညှို့ငင်နေသေးရဲ့။ အချိန်တိကျစွာ ရောက်လိုဇောတစ်ခုတည်းနဲ့ စက်ဘီးကို တအားကုန် နင်းလာလိုက်တာ ဆောင်းမနက်မှာကိုပဲ ချွေးစို့နေလေသည်။ လေထုကို ထိုးဖောက်ပြီး နင်းနေတဲ့အရှိန်နဲ့ ချွေးကလေးစိုစို ခန္ဓာကိုယ်က ပတ်ဝန်းကျင်ကြီးနဲ့ လိုက်လျောညီထွေ အေးမြနေလေသည်။ ဒါပေမယ့် သက်ထားမေ ခေါင်းထဲမှာ ရှုပ်ထွေးဆဲ။ ရင်ထဲမှာ ပူနေဆဲ။
၉ နာရီထိုးဖို့ မိနစ်ပိုင်းအလိုမှာ သက်ထားမေ အလုပ်ဝင်ရမယ့်ဆေးခန်းကလေးကို မြင်နေရပြီ။ တော်ပါသေးရဲ့။ အလုပ်ဝင်ဖို့ အင်တာဗျူးဖြေမယ့်လူက နောက်ကျနေရင် ဒုက္ခ။
စက်ဘီးကို ဒေါက်ထောက်ရပ်ရင်း မျက်နှာစာအခန်းကလေးကို ဝေ့ကြည့် အကဲခတ်ဖြစ်သည်။ သစ်သားတက်ဆီတစ်စုံ ဖိုင်ဘာခုံတွေ၊ ဆေးဘူးမျိုးစုံ ထည့်ထားတဲ့ ဗီရိုတွေ၊ အဲဒီ ဗီရိုပေါ်မှာ နိုင်ငံခြား အရက်ပုလင်းတစ်လုံးနဲ့ ပွင့်အာနေတဲ့ နှင်းဆီပန်းပွင့်ကြီး၊ နိုင်ငံကျော်ဗေဒင်ဆရာ တစ်ဦးရဲ့ ယတြာကို အမှတ်ရမိတော့ သဟာဇာတ ဖြစ်မနေတဲ့ အခြေအနေကို ရယ်မောပစ်လိုက်ချင်သည်။ အေးလေ… သက်ထားမေကတော့ ဘာထူးလဲ။ လုပ်ရမယ့်အလုပ်နဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ သဟဇာတဖြစ်တာ မဖြစ်တာထက် လောလောဆယ် အရေးကြီးတာက ပရိယေသန ဝမ်းစာပဲ မဟုတ်ပါလား။
ဆေးခန်းကလေးက လူရှင်းတိတ်ဆိတ်လို့..။ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ကာ တစ်စုံတစ်ယောက်ကို ရှာခိုက် ခြံထောင့်တစ်နေရာက မြက်ပင်တွေက အမြင်အာရုံထဲကို ဝင်လာလေသည်။ သြော်… ဒီမြက်ပင်တွေ သက်ထားမေရဲ့ ဘဝတစ်ကွေ့တစ်ချိုးမှာ အရေးပါခဲ့တဲ့ မြက်တွေ။ အဲဒီ မြက်ပင်တွေပေါ့။
“သက်ထားမေ ဆိုတာထင်ရဲ့”
တိုင်းတစ်ပါးသံပေါက်သော အသံစူးစူးကြောင့် သက်ထားမေရဲ့ အတွေးတွေ တိခနဲ ပြတ်တောက်လျက် အသံလာရာသို့ ကြည့်မိသည်။
“ကျွန်မ သက်ထားမေပါ… ဦးတင်ထွန်းနဲ့ ၉ နာရီမှာ ချိန်းထားလို့ပါ”
“လာ… လာ… စကားပြောရတာ ပေါ့”
အသက်ရွယ်ရွယ်၊ နှာခေါင်းချွန်ချွန်၊ အသံစူးစူး၊ မျက်မှန်ထူထူနှင့်လူနောက်သို့ လိုက်ပါရင်း ဝန်းကျင်ကို အကဲခတ်မိတော့ ဗီရိုတချို့နှင့် စားပွဲ၊ ကုလားထိုင်တစ်စုံရှိရာ အခန်းတွင်း ဝင်သွားလေသည်။ ထိုင်ခုံမှာ ထိုင်မိတော့…
“ဒီမှာ ဒီအလုပ်ကို လျှောက်တဲ့ လျှောက်လွှာစာရင်း… မင်းက M.Sc မို့ မင်းကိုပဲ ခန့်ဖို့ တို့တွေ တိုင်ပင်ထားတယ်… လျှောက်လွှာကတော့ တစ်ရာကျော်တာပေါ့… လုပ်ရမယ့်အလုပ်က အပြင်က ဆေးကောင်တာ ထိုင်ရမယ်… လူနာတွေ လိုတဲ့ဆေးကို ဆရာဝန်လက်မှတ်အတိုင်း ထုတ်ပေးရမယ်… လောလောဆယ်တော့ ဆေးနာမည် အရင်ကျက်ရမယ်… M.Sc Brain ပဲ လွယ်မှာပါ… OK တယ်နော်”
“ဟုတ်ကဲ့… အလုပ်ချိန်က ဘယ်အချိန်စလဲ မသိဘူးနော်… နောက် စည်းကမ်းချက်တွေကော…”
“မနက် ၈ နာရီကနေ ညနေ ၅ နာရီထိပေါ့… လခက ဒီလကစပြီး ၅၀၀၀ ကျပ်… ဂိတ်ဆုံးကတော့ ၁၀၀၀၀ ကျပ်ပေါ့… မင်းရဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး တိုးပေးမှာပဲ… နောက် စာချုပ် ချုပ်မယ်… သုံးနှစ်စာချုပ်”
မြတ်စွာဘုရား ၃ နှစ်ကြီးများတောင်တဲ့။
“နက်ဖြန် သို့ သန်ဘက်ခါ ကြိုက်တဲ့ရက်ကို စဆင်းနိုင်တယ်… လောလောဆယ် ဆေးနာမည်ကျက်တာတို့… ပရက်ရှာတိုင်းနည်းတို့ လိုအပ်တာတွေ သင်ပေးမယ် ဟုတ်ပြီလား”
အသံစူးစူး ထိုပုဂ္ဂိုလ်ကို နှုတ်ဆက်ပြီး ထွက်လာတော့ ခြံထောင့်ရဲ့ ခြံစည်းရိုးလေးက မြက်ပင်တွေဆီ အကြည့်ရောက်မိပြန်သည်။ သြော်… ဒီမြက်တွေအတွက် အချိန်တွေ ပေးဆပ်ခဲ့ရတာ နှစ်နှစ်ကျော်။ တကယ်တမ်း စဉ်းစားကြည့်တော့လည်း အဲဒီ မြက်ပင်တွေကို အသုံးပြုပြီး ရလာမယ့် အောင်မြင်မှု…။
အဲဒီ အောင်မြင်မှုကို ယစ်မူးရင်း မြက်တွေနဲ့ နပန်းလုံးရင်း ကုန်လွန်ခဲ့တဲ့ အချိန်တွေ၊ ငွေကြေးတွေ။
သက်ထားမေက ဘာဖြစ်လို့များ စာတော်နေခဲ့ရသလဲ။ ဘာဖြစ်လို့များ နှစ်တိုင်း ဂုဏ်ထူးတွေနဲ့ အောင်ခဲ့သလဲ။ အဲဒီ အောင်မြင်မှုအပေါ်မှာ မူးယစ်ရီဝေစွာနဲ့ ဘာကြောင့်များ ဂုဏ်ယူတပ်မက်ခဲ့ရသလဲ။
တစ်ခါ မှားယွင်းခဲ့ရတဲ့ ဆုံးဖြတ်ချက်အပေါ် သက်ထားမေကိုယ်တိုင်တင် မဟုတ်၊ သက်ထားမေရဲ့ မိဘမောင်နှမတွေပါ မောပန်းမွန်းကြပ်စေခဲ့တာပဲ။
“မိထား… နင်ဟာလေ ကိုယ့်အတွက်ပဲ ကြည့်တဲ့ တစ်ကိုယ်ကောင်းသမား… မိဘကိုလည်း မကြည့်ဘူး… မိသားစုကိုလည်း မကြည့်ဘူး… ကျောင်းသူလုပ်စားနေတဲ့ ကောင်မ”
အမှန်တရားက ခါးသီးသတဲ့။ စကားလုံးရင့်ရင့်တွေနဲ့ အမှန်တရားကို ပြောခဲ့တဲ့ ကိုလေးကိုလည်း မုန်းသည်။ အမှန်တရားဆိုတာကြီးကိုလည်း မုန်းသည်။
* * *
(၂)
အပြန်လမ်းတစ်လျှောက် အလာခရီးထက် ပိုသာ ရင်မောမိပြန်သည်။ ကျုံးဘေးမှာ လေလေးတဖြူးဖြူးနဲ့ စက်ဘီးစီးနေရသည့်တိုင် အာရုံတို့က ပူလောင်ဆဲ။ ကျောင်းသူ ဘဝတုန်းကတော့ ကျုံးဘေး စက်ဘီးစီးရတာ ကို အပျော်ဆုံး။ အဲဒီ တုန်းကတော့ သက်ထားမေရဲ့ အခက်အခဲဆိုတာ ကျောင်းစာပဲ။ ရှပ်အင်္ကျီ လေးငါးထည်နဲ့ ကျောင်းတစ်နှစ် ပြီးခဲ့တဲ့ သက်ထားမေက အောင်စာရင်းမှာ ဂုဏ်ထူးတစ်ခု ပြုတ်ကျခဲ့မှာကိုပဲ အသေအလဲ ကြောက်တတ်ခဲ့တာ။
ကျောင်းအားချိန်တိုင်း သူငယ်ချင်းတွေနဲ့ ကျုံးပတ်ကြစမြဲ။ စိတ်လိုလက်ရ ရှိချိန်တွေမှာ ကျုံးဘေးသစ်ပင်အောက်က သစ်ရွက်ကြွေတွေ လုကောက်ပြီး နည်းတဲ့လူက စက်ဘီးတင်နင်းကြေး။ ပျော်ခဲ့ကြတာ။ စာမေးပွဲနီးလို့ လူတိုင်း စာကျက်ချိန်မှာ စိတ်အေးလက်အေး ကျုံးဘေးမှာ စာလာကျက်မြဲ။
အခုတော့ သက်ထားမေ သိပ်ချစ်တဲ့ ကျုံးရေပြင်ကိုလည်း မငေးနိုင်တော့။ မြို့ရိုးအုတ်နီနီတွေကို ကြည့်ပြီးတော့လည်း အတွေးမပွားနိုင်တော့။ ကျောင်းသူဘဝ ပန်းစုံတောကြီးကနေ ဘဝ ဆိုတဲ့ ချောင်းကြီးထဲ ခုန်ချလိုက်ရပြီပဲလေ။
၇၃ လမ်းမကြီးပေါ်ကနေ အဆောင်ရှိရာ လမ်းငယ်ကလေးထဲ ချိုးကွေ့ပြီးချိန်မှာ ဒီလအတွက် အဆောင်လခ မပေးရသေးတာ အမှတ်ရသည်။ အဆောင်မှာ နေလာတာ ၅ နှစ်ကျော် ၆ နှစ်နီးပါးဆိုတော့ အဆောင်ရှင် အန်တီနဲ့ ဆွေမျိုးလို ဖြစ်နေပြီ။ လဆန်းရက်တိုင်း ပေးနေကျ။ အဆောင်လခ နောက်ကျတတ်ခဲ့တာ ၅ လ၊ ၆ လ ရှိရောပေါ့။
အခန်းပြန်ရောက်တော့ အင်္ကျီတောင် မလဲနိုင်။ ပင်ပန်းချည့်နဲ့စွာ ကုတင်ပေါ် ပစ်လှဲမိတော့သည်။ ကဲ… သက်ထားမေရေ ညည်းမှာ ရွေးစရာလမ်း မရှိတော့ဘူးနော်။
အခုလောလောဆယ် အလုပ်တစ်ခုတော့ အမြန်ရမှကို ဖြစ်မည်။ မန္တလေးမြို့မှာ အလုပ်မရှိဘဲ ဘယ်လိုနေမလဲ။ အိမ်ပြန်ဖို့တော့ လုံးဝစိတ်မကူး။ အိမ်ပြန်တော့ကော မမကြီး၊ ကိုလေးတို့မိသားစု။ ဟင့်အင်း… သက်ထားမေဟာ အလုပ်မရှိ၊ မှီခိုသူအဖြစ်နဲ့ ဘယ်တော့မှ မပြန်နိုင်ဘူး။ မပြန်ချင်ဘူး။
* * *
(၃)
တတိယနှစ် ဂုဏ်ထူးတန်းကို ဂရိတ် ၅ နဲ့ အောင်ခဲ့ချိန် အဖေ့ရဲ့ ဂန္ဓမာပန်းခင်းတွေကလည်း ရောင်းလို့မကုန်နိုင်ခဲ့။ အဖေ့ရဲ့ အားပေးစကားတွေနဲ့ F1 ဆက်တက်ဖြစ်ခဲ့သည်။ F1 ကျတော့လည်း သက်ထားမေက ဂရိတ် ၅ ပဲ။
ကဲ… ကိုယ့်ရဲ့ ဝီရိယအကျိုးနဲ့ ရလာခဲ့တဲ့ ပန်းပွင့်ကလေး အလှကြည့်နေဖို့ထက် မြတ်နိုးယုယစွာပဲ ပန်ဆင်လိုသည်လေ။
ဆရာမအချို့ရဲ့ အားပေးစကား၊ နောက် ရင်သွေးရဲ့ တက်လမ်းကို မြေတောင်မြှောက်ပေးလိုတဲ့ အဖေ့ဆန္ဒ။
နှစ်နှစ်ဆိုတာ ဘာမှမကြာပါဘူးလေ၊ ဒီနှစ်နှစ် Thesis လုပ်ပြီးချိန် အလုပ်ရမှာနဲ့ အကိုက်ပါပဲ။ အဲဒီ အချိန်ကျရင် အဖေနဲ့အမေ့ကို သမီးက အိမ်ဦးခန်း တင်ကျွေးမှာပါ။ အတတ်နိုင်ဆုံး ချွေတာပြီး ကြိုးစားလုပ်ပါ့မယ်။
အာမခံစကားတွေ ဝေဝေဆာဆာ ပြောပြီး ပျော်ရွှင်ခဲ့တဲ့ ကာလတွေ။ သက်ထားမေက ပညာကို လောဘတကြီး ရှာဖွေလို့နေခဲ့။ တစ်ဖန် ပြန်လည် လက်ဆင်းကမ်းဖို့ကိုလည်း အမျှော်လင့်ကြီး မျှော်လင့်ခဲ့။ ချစ်တဲ့ကျောင်းတော်ကြီးမှာ ခိုလှုံရင်း တက္ကသိုလ် ဆရာမဘဝကို ရင်ခုန်တပ်မက်ခဲ့။ ဒါပေမယ့် သက်ထားမေ မေ့လျော့ထားခဲ့တာက ကံကြမ္မာဆိုတာကိုပဲ ဖြစ်လေသည်။
သက်ထားမေရဲ့ Thesis ခေါင်းစဉ်က “ပြင်ဦးလွင်မြို့ ပတ်ဝန်းကျင်မှ မြက်မျိုးရင်းများ” အစပိုင်းကတော့ Supervisor နှင့် တိုင်ပင်ကာ အိမ်မှာနေပြီး ပထမအဆင့်လုပ်ငန်းတွေ လုပ်နှင့်သည်။ လိုအပ်တော့မှ မန္တလေးမှာ အဆောင်နေမည်ပေါ့။ သက်ထားမေက Thesis အတွက် စတင်အလုပ်ရှုပ်စဉ်မှာပဲ အိမ်ရဲ့ အဓိကစီးပွားရေး ဂန္ဓာမာပန်းခင်းကြီး ပိုးကျခဲ့လေသည်။ အသုံးပြုသော ဓာတုဗေဒဆေးများ မှားယွင်းမှုဖြင့် အဖတ်ဆယ်မရနိုင်ခဲ့သော ပျက်စီးမှု၊ ၄ နှစ်သက်တမ်းအတွင်း ပထမအကြိမ် ဆုံးရှုံးရခြင်း၊ အိမ်အခြေအနေ ကသောင်းကနင်း ဖြစ်လာတာနဲ့အတူ သက်ထားမေရဲ့ Thesis ကိစ္စ၊ သက်ထားမေရဲ့ ရည်မှန်းချက် အဆောက်အအုံ အက်ကြောင်း ထင်လာရတော့သည်။
တစ်ပြိုင်နက်တည်းပါပဲ။ မန္တလေးတက္ကသိုလ်က Part Time Tutor တွေ ခေါ်သည်။ သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်၊ စာရေးပြီးခေါ်၊ လူကိုယ်တိုင် လာခေါ်၊ ဟင့်အင်း…။
သူငယ်ချင်းတွေ Part Time Tutor ဖြစ်ချိန်မှာ သက်ထားမေက ပြင်ဦးလွင်မှာပဲ ရှိနေခဲ့သည်။ မန္တလေးမြို့မှာ Part Time လခနှင့် ဘယ်လိုမှ မလုံလောက်နိုင်။ အိမ်က စီးပွားရေး အဆင်မပြေဖြစ်ချိန်မှာ Part Time အလုပ်အတွက် အပူမကပ်လိုတော့။
တစ်ချိန်ချိန်တော့ သက်ထားမေ လိုချင်တာ ရရမှာပေါ့။ စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်။ အဲသလို အားတင်းရင်း Thesis ပထမနှစ်ကို အိမ်ကိုကူရင်း အချိန်ကုန်ခဲ့သည်။ Thesis အတွက် လိုအပ်တဲ့ကိစ္စတွေ၊ Microscope ကြည့်ဖို့တွေ၊ ပြင်ဦးလွင်-မန္တလေး နေ့ချင်းပြန်သွားရင်း အပင်ပန်းခံခဲ့၊ တစ်ဖက်က အိမ်ကိုကူရင်း တစ်ဖက်က မြက်မျိုးရင်းတွေ ခွဲခြမ်းစိတ်ဖြာရင်း…။
ပြင်ဦးလွင်ရဲ့ ပတ်ဝန်းကျင်မှာ လယ်စိုက်ခင်းတွေကြားမှာ လမ်းနံဘေးမြက်တော၊ ကိုင်းတောတွေကြားမှာ၊ အဖေ့ပန်းခင်းတွေရဲ့အစပ်မှာ မြက်ပင်တွေ နုတ်ရင်း၊ အမျိုးအစားခွဲရင်း သက်ထားမေ အလုပ်ရှုပ်ခဲ့ရတာ တွေ…။
မန္တလေးမှာ မနေမဖြစ် လာနေရတော့ကော ဒီမြက်ပင်တွေကို ဓာတ်ပုံရိုက်၊ စာကြမ်းစီ၊ ဆရာမဆီသွားပြ။ နောက် speeimen အတွက် မြက်ပင်တွေ လိုက်နုတ်၊ Press လုပ်၊ အခြောက်လှန်း၊ ကတ်ထူပြားတွေမှာ ကပ်၊ စဉ်းစားကြည့်ရင်း Thesis စာအုပ်တစ်အုပ်ဖြစ်ဖို့၊ M.Sc ဘွဲ့တစ်ခုရဖို့ ရင်းနှီးခဲ့ရတာ တွေ…။
* * *
(၄)
အဲဒါတွေအားလုံး ပြီးခဲ့တဲ့လက အကုန်ပြတ်သွားသည်။ စာအုပ်အကြမ်းရပြီ။ စာအုပ်အကြမ်းရပြီးဆိုတော့ Viva ထိုင်ဖို့ စီစဉ်ရပြန်ရော။ Supervisor ဆီသွား၊ Professor ဆီသွား၊ External Examinar ဆီသွား၊ ရက်ချိန်းတောင်း။ ရက်ချိန်းရပြီးတော့ Viva ထိုင်ရင် ကုန်ကျမယ့်ငွေ ဘယ်မလဲ။ အနည်းဆုံး တစ်သောင်းခွဲလောက် လက်ထဲရှိမှ။ ပြေး… သက်ထားမေဟု…။ ပြေး…. ပြင်ဦးလွင်ကို…။
“ဘာပြောတယ် မိထား… တစ်သောင်းခွဲ ဟုတ်လား… နေပါဦး… ညည်းကို ပေးတဲ့ငွေတွေ ဘယ်ရောက်ကုန်လဲ… အိမ်မှာ အဆင်မပြေရတဲ့အထဲ ညည်း သိတတ်ဖို့ ကောင်းပြီ”
“မဟုတ်ဘူး မမကြီး… သက်ထား အဆောင်လခနဲ့၊ စားတာနဲ့ ဒီစာအုပ်ကိစ္စ၊ ဓာတ်ပုံဖိုးတွေ၊ မိတ္တူကူးခတွေ၊ စာရွက်ထုတ်ဝယ်ရတာ တွေ အဲဒါတွေ အကုန်လုံး အဖေပေးတဲ့ပိုက်ဆံနဲ့ လောက်အောင်…”
“သြော်… အေး အေး… ညည်းက ဖအေ ဒုက္ခပေးလို့ဝတော့ ငါ့ကို ဒုက္ခ လာပေးတာပေါ့ ဟုတ်လား၊ ငါ တစ်လလုံး အာပြဲအောင်သင်မှ တစ်ထောင်ကျော်လေး ရတာ … ညည်းတစ်သောင်းခွဲ ငါက ဘာပိုက်ဆံနဲ့ ပေးရမှာတုန်း”
“ဒီ Viva ပြီးရင် ပြီးပါပြီ မမကြီးရယ်… မမကြီး ကူညီရင် ဖြစ်ပါတယ်… အဖေ့ကို သနားလို့ သက်ထား မတောင်းရက်ဘူး… သက်ထားကို ချေးတယ်ပဲ သဘောထားပါ… အလုပ်ဝင်ရင် ပြန်ဆပ်ပါ့မယ်”
B.Sc ဘွဲ့တစ်ခုနဲ့ အလယ်တန်းပြဆရာမဘဝမှာ ရောင့်ရဲတင်းတိမ်သော မမကြီး။ ရေဆန်ကို မလိုလားသော မေတ္တာရှင် အဖေ့ကြောင့် လခ၊ ကျူရှင်ကြေး ရသမျှအားလုံးကို အသားတင် စုထားနိုင်သူ။ ရပ်ကွက်တွင်း ရင်းနှီးယုံကြည်ရာ မိသားစုများကို အပ်နှံ၍ အတိုးပွားစေခဲ့သူ။ ထိုမမကြီး၏ ပြတ်သားသော ဆုံးဖြတ်ချက်အောက်မှာ သက်ထားမေရဲ့ တစ်ခုတည်းသော အဝါရောင်ဖျော့ လည်ဝတ်တန်ဆာ ငွေအဖြစ် အသွင်ပြောင်းခဲ့လေသည်။
ကျောင်းသူလုပ်စားနေတာ။
နားထဲမှာ ပဲ့တင်ထပ်လျက် အိပ်မပျော်ညတွေကို ဖန်တီးနေခဲ့တာ။ ကဲ… ဒီလိုဘဝမျိုးမှာ မြက်ပင်အချို့ရဲ့ ဘဝဖြစ်စဉ်တွေ၊ ဓာတ်ပုံတွေပါတဲ့ စာအုပ်ထူထူ တစ်အုပ်ရယ်၊ M.Sc ဘွဲ့တစ်ခုရယ် ပိုက်ပြီး အိမ်ကို ပြန်ရမလား။ ဟင့်အင်း။
သတင်းစာထဲက အလုပ်ခေါ်စာ ရှေ့ချပြီး M.Sc ဘွဲ့ကြီးကို အားနာငိုင်တွေနေခဲ့ရတဲ့ ရက်ပေါင်းများစွာ၊ သတ်မှတ်အရည်အချင်းတွေကကော ကွန်ပျူတာတဲ့၊ LCCI တဲ့၊ တရုတ်စာ စကားတဲ့၊ အင်္ဂလပ်ဘာသာ ရေးပြော ကျွမ်းကျင်မှုတဲ့။
တစ်ဆောင်တည်းအတူနေ အရောင်းမြှင့်တင်ရေး မန်နေဂျာ သူငယ်ချင်းကတော့…
“မမထား… ကွန်ပျူတာနဲ့ LCCI တက်… ကျွန်တော် ရအောင် ရှာပေးမယ်”
သူငယ်ချင်းသာ ပြောရ၊ သက်ထားမေထက် တစ်နှစ်ကျော်ကျော် ငယ်သေးရဲ့။ အဝေးသင်တစ်ဖက်နဲ့ ကွန်ပျူတာကျွမ်းကျင်သူ၊ စာရင်းအင်းနဲ့ အုပ်ချုပ်စီမံပညာ ပြည့်ဝသူ၊ တရုတ်ဘာသာကို ပိုင်နိုင်စွာ ရေးနိုင် ပြောနိုင်သူ၊ နောက် လစကောင်းသော ရာထူးကို ပိုင်ဆိုင်သူ။
ဟင့်အင်း… သက်ထားမေက M.Sc ဘွဲ့ရပြီးချိန်မှာ ခြေကုန်လက်ပန်း ကျခဲ့ပြီ။ အဲဒီ သင်တန်းကြေး နေနေသာသာ အဆောင်လခကို မှန်အောင်မသွင်းနိုင်သူ။ ကောက်ညှင်းပေါင်းတစ်ထုပ်နဲ့ မနက်စာ၊ နေ့လယ်စာ ပေါင်းစည်းနေရသူ။ ညစာထမင်းတစ်နပ်ကို တစ်ခါတလေ ကြက်သွန်ချဉ်နဲ့ ဒါမှမဟုတ် မုန့်ဟင်းခါးတစ်ပွဲနှင့် ပြီးမြောက်နေရသူ။
စက်ဘီးကလေးလိုပါပဲလေ။ မနင်းနိုင်ရင် လဲတော့မှာ…။
* * *
(၅)
ရပ်တည်မှု… ဘဝရပ်တည်မှု၊ အခုအချိန်မှာ ကျူတာ နောက်ဆက်တွဲ စာရင်းတွေ ထွက်လာရင်း သက်ထားမေ ပိုပြီးတော့ ရင်မောရလိမ့်ဦးမယ်။
၉၈ ခုနှစ်ပိုင်းက တက္ကသိုလ်တွေက သရုပ်ပြရာထူးတွေခေါ်တော့ Part Time သမားတွေ ဦးစားပေးခန့်ခဲ့သည်။ သက်ထားမေရဲ့ အခြေအနေကိုက မန္တလေးမြို့က မခွာနိုင်။ တစ်ရပ်တစ်ကျေးမှာ အလုပ်ဝင်ဖို့ ကုန်ကျစရိတ် မတတ်နိုင်။ ခရီးစရိတ် မရှိခဲ့လေတော့ တစ်အုပ်စုတည်း သူငယ်ချင်းတွေ တက္ကသိုလ် အသီးသီးမှာ ဆရာမဖြစ်ချိန် သက်ထားမေက အလုပ်တစ်ခုကို ကယောင်ကတမ်း ရှာဖွေရင်း ကျူတာနောက်ဆက်တွဲ စာကိုးကိုပဲ နားစွင့်မိတော့သည်။
တစ်ဆောင်တည်းအတူနေ အင်္ဂလိပ်စာဌာနက ကျူတာပေါက်စ မမအေး ကတော့…။
“ငါ့ဟယ် လခလည်းထုတ်ရော ဟိုဖြတ် ဒီဖြတ်နဲ့ တစ်ထောင်ကျော်လေး ကျန်တယ်… လက်ထဲမှာတောင် မနွေးပါဘူး… အန်တီ့ကို အဆောင်လခ ပေးလိုက်ရရော… အဖေ အမေ လွမ်းတာတောင် အိမ်မပြန်ရဲဘူး… မျက်နှာပူလို့။ ဖုန်းဆက်တောင်းလိုက်… စာရေးတောင်းလိုက်နဲ့ ချမ္မာရီဖြစ်ဖြစ်၊ ဟောလ်ဖြစ်ဖြစ် မြန်မြန်ရမှ အသက်ရှူချောင်မှာ…”
သက်ထားမေကတော့ သက်ပြင်းပဲ အကြိမ်ကြိမ် ချရင်း ဝေခွဲမရနိုင်စွာ ကြိုတင်နိမိတ်ကလေးတောင် မရိမ်ပိနိုင်ရတဲ့ လမ်းခွဲတွေဟာ သက်ထားမေ ရရှိတဲ့ ဘုရားသခင် လက်ဆောင်တွေပဲလား။
ကိုယ်ဖြစ်ချင်ရာ ဆန္ဒတစ်ခုကို ရေရှည်အထိ ဘက်စုံမတွက်ဘဲ “ပဝါနှစ်စ အသာချရတဲ့” ဘဝကို ရူးသွပ်မိုက်မဲမိခဲ့သူ၊ ကိုလေး ပြောခဲ့သလို “ကိုယ့်အခြေအနေကို မတွက်ဆတတ်သူ”၊ ဒါပေမယ့် ကိုလေးရေ… ကံကြမ္မာဆိုတာ သက်ထားမေ တွက်တတ်ခဲ့တဲ့ ပုစ်ဆာတစ်ပုဒ်မှ မဟုတ်တာနော်။
* * *
(၆)
အလုပ်ဝင်ရမယ့်နေ့….။
အနာဂတ်ဆိုတာ၊ အတိတ်ဆိုတာကို ကြိုးစားမေ့လျော့ရင်း ၅ဝဝဝ ကျပ်စား အလုပ်သမား သက်ထားမေ။
စက်ဘီးကို ဒေါက်ထောက်ရပ်အပြီးမှာ အလုပ်ခွင်ဝင်ဖို့ ရယ်ဒီပါပဲ။ ပြုံးရွှင်ဖော်ရွေသော နှာခေါင်းအတန်းငယ်ချွန်သည့် ခပ်ရွယ်ရွယ် ဆရာဝန်က မော့ကြည့်ရင်း…
“မင်းက လူသစ်နော်”
“ဟုတ်ပါတယ်”
“ဟုတ်ပြီ… လာခဲ့ လာခဲ့… ဟောဒါက သွေးသွေးတဲ့… မင်းနဲ့အတူ တွဲလုပ်ရမှာ… ဘာတွေလုပ်ရမလဲ သူ ပြောပြလိမ့်မယ်…။ သွေးသွေး…ဒါက သက်ထားမေ…၊ ဒီနေ့ အလုပ်စဝင်တာ”
ဘုရားရေ… ဘယ်လိုမျက်ဝန်းတွေလဲ။ ဘာဆိုဘာမှမရှိသော ပကတိ အဖြူရောင်မျက်ဝန်းတွေ၊ နွေးထွေးခြင်း၊ အေးစက်ခြင်း၊ လှိုက်လှဲခြင်း၊ ငြူစူခြင်း ဘာမှမရှိ။ သည်ဆေးခန်းထဲမှာ နေ့စဉ်ရက်ဆက် အလုပ်တွဲလုပ်ရမည့် အလုပ်ဖော်က သူတဲ့လား။
သူမက နာရီကို တစ်ချက်ငုံ့ကြည့်ရင်း…
“အတော်ပဲ… အရင်ဆုံး ဆေးထိုးအပ်ဖြုတ်နည်း သင်ပေးမယ်… လာ”
ပြောပြောဆိုဆို အတွင်းစင်္ကြံကလေးမှတစ်ဆင့် အခန်းငယ်ကလေးထဲ ဝင်သွားသည်။
“ဒါက စပါယ်ရှယ်ခန်းလေ… ဒီမှာ ရိုးရိုးခန်း ၆ ခန်း… စပါယ်ရှယ်ခန်း ၄ ခန်း ရှိတယ်… ဆေးခန်းလာပြပြီး ပုလင်းကြီးချိတ်ဖို့ လိုတဲ့သူတွေ… နားဖို့လို့တဲ့ သူတွေအတွက် ဆေးခန်းသက်သက်ပဲ… ဆေးရုံမဟုတ်ဘူး… ဆရာဝန်တွေ ဆေးသွင်းပေးသွားတာကို ကိုယ်တို့က စောင့်ကြည့်ပြီး ပိုက်ဖြုတ်၊ သိမ်း လုပ်ရတယ်…။
ဒေါ်မြခင်တို့ သန့်ရှင်းရေးအဖွဲ့ ရှိသေးတယ်… ဒါပေမယ့် သီးသန့်ခန်းထဲကို ဒေါ်မြခင်တို့ မဝင်ရဘူး… ပြီးတော့…”
စကားရှည်ကြီးကို ဆက်တိုက်ပြောကာ ခဏနားပြီးတော့…
“ဆရာဝန်တွေလည်း မလိုအပ်ရင် မဝင်ဘူး… အထူးသဖြင့် ဒီ SD 1, SD 2 နှစ်ခန်းကို…”
“ဘာဖြစ်လို့လဲ”
လူနာဆီ သွားလက်စခြေလှမ်းတို့ကို တုံ့ခနဲရပ်၊ နောက်ပြန်လှည့်ပြီး သက်ထားမေမျက်နှာကို စိုက်ကြည့်ကာ…
“ဒီအခန်းတွေမှ တီဘီနဲ့ ကူးစက်ရောဂါတွေ ထားတာ”
ကျောရိုးဆီမှ စိမ့်ခနဲနေအောင် ကြောက်လန့်သွားရင်း မှင်သက်နေမိတော့သည်။
သွေးသွေးကတော့ သက်ထားမေကို မျက်ရိပ်ပြရင်း လူနာလက်မှ အပ်တွေ၊ ပိုက်တွေကို ဖြုတ်ပြလေသည်။ နောက် သွေ့စို့နေသော အပ်ပေါက်ရာကလေးကို ဂွမ်းစထူထူခံကာ ပလာစတာ ကပ်ပေးသည်။
ဖြုတ်လိုက်သောအပ်မှ တစ်စက်စက်ကျနေသော ဆေးစက်များက ကြမ်းပြင်ပေါ်မှာ။ အဲဒီ ဆေးရည်တွေကို တစ်ရှူးပေပါနှင့် ပွတ်တိုက်ကာ စောစောက အပ်တွေ၊ ပိုက်တွေနဲ့အတူ အမှိုက်ခြင်းထဲ ထည့်၊ ခြင်းကိုယူပြီး အခန်းပြင်သို့ ထွက်သွားသည်။
တိတ်ဆိတ်လျင်မြန်စွာ ထွက်သွားသော သွေးသွေးကိုကြည့်ကာ သက်ထားမေက အခန်းအလယ်မှာ ကြောင်တောင်တောင် ကျန်ရစ်လေသည်။ သတိဝင်စွာ ကမန်းကတန်း ကြည့်မိတော့ လူနာကုတင်ပေါ်မှာ စားမတတ် ဝါးမတတ် ကြည့်နေသော မျက်ဝန်းတစ်စုံ။ ပြီတီတီအကြည့်နဲ့ ထိုသူ ပါးစပ်အဟမှာပဲ သက်ထားမေက ဆေးကောင်းတာရှိရာ အရှေ့ခန်းဆီသို့ အမြန်ပြန်ခဲ့တော့သည်။
“ချောင်းဆိုးသွေပါ” ရောဂါဆိုးကြီးနဲ့အတူ မမြင်ရတဲ့ ရောဂါပိုးတွေကို ကြောက်လန့်စွာ အသက်တောင် ပြင်းပြင်းမရှူရဲ၊ သွေးသွေးပြောပြတဲ့ ဆေးနာမည်တွေ လိုက်မှတ်ရင်း ရင်ထဲမှာ ပျို့လာလေသည်။
တခြားအလုပ်တွေထက် တစ်ထောင်ကျော်၊ ထောင့်ငါးရာလောက် ပိုရတဲ့ ၅၀၀၀ ဆိုတဲ့ လခရဲ့နောက်ကွယ်မှာ ပေးဆပ်ရမယ့် အရင်းအနှီးက ကြီးလှချည်လား။ ရောဂါကူးစက်ဖို့ ရာနှုန်းများများ သေချာနေတဲ့အလုပ်။ အပ်တစ်ချက် ခြစ်မိရုံနဲ့ ကူးနိုင်တဲ့ ကူးစက်ရောဂါတွေ။ နောက် သန့်ရှင်းရေး အလုပ်သမားသာသာ အလုပ်ကို ရေရှည်လုပ်နိုင်မှာတဲ့လား။
တွေဝေမိတဲ့ သက်ထားမေ ကိုယ့်အခြေအနေကိုလည်း သိပါရဲ့။ ဒါပေမယ့် အတ္တ ကရုဏာတွေနဲ့ မာနကလေးက အညွန့်တလူလူ ထောင်လာပြန်သည်။
ကြည့်စမ်း…။ ဒါ ပညာတတ်တွေရဲ့ နေရာမှ မဟုတ်တာ။ အချိန်တိုင်း အားထုတ်ကြိုးပမ်းမှု အပြည့်နဲ့ ကြိုးစားလာခဲ့ရတဲ့ ပညာတွေ…။
M.Sc မို့ မင်းကိုပဲ ခန့်ဖို့ တို့ တိုင်ပင်ထားတယ်။
ဦးတင်ထွန်းရဲ့စကားကို ပြန်လည်ကြားယောင်မိချိန်မှာ သက်ထားမေနေရာမှ ထဖြစ်သည်။ သက်ထားမေဟာ ထမင်းစားဖို့အတွက် သိက္ခာတွေ၊ မာနတွေကို အရည်ဖျော်ပစ်ရလောက်အောင် သတ္တိမရှိဘူး။ တော်သေးတာပေါ့… အလုပ်တစ်ပတ်လောက် ဆင်းပြီးမှ စာချုပ်ဖို့ ပြောခဲ့မိတာ။ Goodbye သွေးသွေး၊ Goodbye ဦးတင်းထွန်း၊ Goodbye ဆေးခန်းကလေးရေ…။
အနည်းငယ် ပြူးကြောင်သွားပေမယ့် ထုံးစံအတိုင်း အရိပ်မထင်သော မျက်ဝန်းတွေနဲ့ သွေးသွေးက မော့ကြည့်သည်။ ဖျော့တော့စွာ ပြုံးပြဖြစ်ရင်း
“ဦးတင်ထွန်းရုံးခန်းက ဘယ်နားမှာလဲ”
“ဒီအချိန် သူတို့ မရှိဘူး… ညနေပိုင်းမှ လာမှာ”
“ဒါဆိုလည်း ကိုယ့်ကို တစ်ခုလောက် ကူညီပါနော်… ဒီအလုပ်ကို လက်မခံနိုင်လို့ သက်ထားမေ ပြန်သွားပြီလို့ ပြောပေးပါ”
အဲဒီ မျက်ဝန်းတွေရဲ့ အရောင်ကင်းမဲ့မှုကို ရိပ်မိလာသလို ထပ်မံကြည့်ဖို့ တွန့်ဆုတ်စွာ လှည့်ထွက်လာခဲ့မိတော့သည်။
ငိုရယ်ကြည်နူး
လှိုက်မူးဗျာပွေ
ကြမ်းတွေခက်ခက်
တက်သက်ရုန်းကန်
ဘဝမာန်ဖြင့်
အံကိုခဲ၍ နွှဲပါမည်…။
မသင့်လျော် မအပ်စပ်ရာ နေရာတစ်ခုမှာ အံခဲထားတဲ့ မျက်ဝန်းတွေပဲလား။ ဆရာမ ဒေါ်စိန်စိန်ရဲ့ “ခရီးဝင်္ကပါ” ကဗျာလေးက သွေးသွေးမျက်ဝန်းကို ကိုယ်စားပြုလေသလား။
ပေးဆပ်ရမည့် ကျေးဇူးတရားတွေ၊ ကုန်လွန်ခဲ့တဲ့ ငွေကြေးငွေ၊ ပြန်မရနိုင်တော့မယ့် အချိန်တွေ၊ နောက် တင်ရှိနေတဲ့ တာဝန်တွေ။ သက်ထားမေက စီးပွားပျက်စပြုတဲ့ မိဘနှစ်ပါးကို စောင့်ရှောက်ရဦးမယ်လေ။
ဒါပေမယ့် သက်ထားမေက ပညာကို အရူးအမူး ဖက်တွယ်မက်မောခဲ့ပြီး လောကရဲ့ လှည့်ကွက်တွေအောက်မှာ ဒူးထောက်ရင်းပဲ ပညာတတ်တစ်ယောက်ရဲ့ မာန်ကို မစွန့်လွှတ်နိုင်သူ။
ဟိုတယ်တစ်ခုရဲ့ ဧည့်ကြိုဌာနမှာ အလုပ်ဝင်တုန်းကလည်း ဧည့်သည်ရဲ့အခန်းထဲထိ အချိုရည်ပို့ခိုင်းခဲ့တာမျိုး၊ ထီဆိုင်ကြီးတစ်ခုမှာကျတော့လည်း ပိုင်ရှင်သောက်ပြီးသား စားပြီးသား ပန်းကန်တွေ ဆေးခိုင်းတာမျိုး။
အလုပ်နဲ့ပတ်သက်တဲ့ တာဝန်ကျေမှုထက် ပိုလိုချင်ကြတဲ့ ငွေရှင်တွေ၊ ငွေကြေးနဲ့ လုပ်အားကို လဲလှယ်ရတာ ထက် ငွေကြေးနဲ့ သိက္ခာပိုင်းဆိုင်ရာကို လဲလှယ်လိုတဲ့ ငွေရှင်တွေ၊ လစာပေးရတာ ချင်း အတူတူ M.Sc တစ်ယောက်ကို ခန့်ပြီးမှ ဂုဏ်ယူချင်ကြတဲ့ ငွေရှင်တွေ…။
လက်ရှိအနေအထားလေး တည်မြဲဖို့ အလိုအပ်ဆုံးက သိက္ခာ… မာန… စိတ်ဓာတ် တစ်ခုခုကို၊ ဒါမှမဟုတ် အားလုံးကို ငွေကြေးနဲ့ အလဲအထပ် လုပ်ရဲတဲ့ သတ္တိ။
ဟုတ်တယ်…။ သက်ထားမေ မျှော်လင့်ခဲ့တဲ့ “နေရာ”ပဲဖြစ်ဖြစ်၊ ဘဝက ပေးလာတဲ့ “နေရာ” ပဲ ဖြစ်ဖြစ် အခုအချိန်မှာ သက်ထားမေ အလိုအပ်ဆုံးက “နေရာ” တစ်ခုပဲ မဟုတ်လား။ ဒီတစ်ခါ ရလာမယ့် “နေရာ” အတွက် သတ္တိတွေ ကြိုတင်မွေးဖို့ပဲ လိုတော့တာ မဟုတ်ပါလား..။
* * *
အဖြူရောင်(ရွှေ)
ရွှေအမြုတေ၊ မတ်၊ ၂၀၀၆။
credit - မြန်မာဝတ္ထုတိုများ
No comments:
Post a Comment