Mar 31, 2018

အဇ္ဈတ္တ

အဇ္ဈတ္တ - ခန့်ညီဖေ

* * *
ကိုဘသစ်တစ်ယောက် ကားနောက်ကြည့်မှန်ကနေ
လှမ်းကြည့်နေရင်း ကားအမိုးပေါ်ပစ္စည်းတင်နေတဲ့ ဖိုးလုံးကို စိတ်မရှည်လက်မရှည်နဲ့ တစ်ချက် လှမ်းဟောက်လိုက်တယ်။ ကြည့်ဦး လုပ်နေပုံကိုက
နှေးတိနှေးကန်နဲ့လေ။ ဒါကြောင့်လည်း ဒီကောင့်ကို စပယ်ယာအဖြစ် မခေါ်ချင်ကြတာ။ အခုလည်း မီးသွေးအိတ်ကလေး ဆယ်လုံးလောက်တင်တာကို
ကမ္ဘာဆွေးနေပြီ။ ကားထဲက ခေါင်းထုတ်ပြီး ကိုဘသစ် စိတ်တိုတိုနဲ့ ဆဲလိုက်တာတောင် ဒီကောင့်ခွက်က စပ်ဖြီးဖြီးနဲ့ ပြန်နောက်နေသေးရဲ့။
                
“ အာစိကလည်း ဖြေးဖြေးပေါ့ဗျာ၊ မသေမချင်း
လုပ်စားရမယ့်ဟာကို….ဘာလောနေတာတုံး”
                
ကိုဘသစ်က ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်ရင်း ပြန်ပြောလိုက်တယ်။
                 
“မင်းအမေလင်တွေက နောက်ကနေ ကျော်သွားကြ တော့မှာဟ၊ ရှေ့က ပါစင်ဂျာတွေအကုန် ကောက်တင်သွားမှ ဗိုက်မှောက်နေရမယ့်ကိန်း။ အထူအပါး ဘာမှကို နားမလည်ဘူး၊ ဒါကြောင့် နင့်ကို ဘယ်သူကမှ မခေါ်ချင်ကြတာ။ ငါတောင်
ဖက်တီး မလာလို့ နင့်သုံးတာ။ ဟိုကောင်က လူသာဝတာ သွက်ချက်က နင့်ဆယ်ဆ မကဘူး။
ကဲ တင်ပြီးရင်တက်တော့…မြင်လား နောက်မှာ မင်းပထွေး ထီလာသား ကားလိုက်လာနေပြီ”
                 
ကိုဘသစ်က သူ့စပယ်ယာဖိုးလုံးကို ပြောအပြီး
ကွမ်းတွေးတစ်ချက် ဖွီခနဲ ထွေးလိုက်ရင်း နောက်မှန်ကနေ လှမ်းကြည့်လိုက်တော့
ထီလာသားကားက သိပ်မဝေးတော့ဘူး။ ကလပ်နင်းပြီး ဂီယာထည့်၊ လီဘာကို
ခပ်ပြင်းပြင်း နှစ်ချက်လောက် ပုတ်လိုက်ရင်း မောင်းထွက်ဖို့ အသင့်ပြင်လိုက်တယ်။ နောက်ကကားက သူ့ကားကို ကျော်သွား မခံနိုင်ဘူးလေ။ ရှေ့မှာ ရသလောက်တင်၊ ဈေးချို အမြန်ရောက်အောင် မောင်းနိုင်မှ အဆင်ပြေမှာ။
အချိန်ကလည်း မနက်ခုနှစ်နာရီ ခွဲလုလု။ ကျောင်းပို့ချိန်နဲ့ ဆုံလို့ လမ်းကြပ်ရင် မောကြောဆိုက်ကရော။ ဖိုးလုံးကတော့ ဒါတွေ ထည့်တွက်နေပုံမရဘူး။ ကားပေါ် ခပ်သွက်သွက်မတက်ဘဲ ခြေတစ်လှမ်း ကုဋေဆယ်သန်း လုပ်နေလေရဲ့။ ဒါနဲ့
ကိုဘသစ်လည်း သူတက်လို့ မပြီးသေးခင် ကားကိုဆောင့်ပြီး မောင်းထွက်လိုက်တယ်။ ကားမှထွက်ခါစရှိသေး ဟိုး ဟိုး ဆိုတဲ့ ဖိုးလုံးအသံကြောင့် ကားကို တုန့်ခနဲ ရပ်ပစ်လိုက်ရတယ်။
                     
နောက်ကနေ ဆင်းပြေးပြီးကျွတ်ကျသွားတဲ့ ဖိနပ်ကို ပြေးကောက်ရင်း
                      
“ဆွဲ ဆရာရေ၊ ဖိနပ်က အလတ်ကြီးရှိသေးတာ၊ အာစိကလည်း အစားပြန်ဝယ်ပေးမှာ မဟုတ်ဘူးလေ၊ ဒါကြောင့် ပြေးကောက်ရတာ”
                        
ကိုဘသစ်တစ်ယောက် ခွေးမသား လို့စိတ်ထဲက
ကြိတ်ဆဲရင်း ကားပြန်အထွက် ထီလာသား ကားက ဝေါခနဲ အပြင်းမောင်း ကျော်တက်သွားတယ်။ စိတ်ထဲ ထောင်းခနဲဖြစ်သွားတဲ့ ကိုဘသစ် ကားကို
နံပါတ်နှစ်ဂီယာ မဖြုတ်ဘဲ ပစ်ကပ်ဆွဲ နင်းပြီး တောက်တစ်ချက် ပြင်းပြင်းခေါက်ရင်း ခွေးမသားလို့ နောက်တစ်ကြိမ်ထပ်ဆဲလိုက်တာက
ဖိုးလုံးကို မဟုတ်လောက်ဘူး။

* * *                   

ကိုဘသစ်တို့ အလုပ်ကလည်း မလွယ်ဘူးရယ်။
ခရီးသည်တစ်ယောက်ရဖို့ အသည်းအသန် လုံးပမ်းရတာ။ ခုလို မနက်ခင်းမှာ ကုန်းရုန်း ရှာထားခါမှ တော်ကာကျတယ်။ ဈေးချိုလို ခရီးသည် များများရမယ့် နေရာမျိုးကို ခပ်သွက်သွက်ရောက်မှ အလုပ်ဖြစ်တာလေ။ လမ်းတက်ခရီးသည်က သိပ်အားကိုးလို့ မရဘူး။ ဒါပေမဲ့ စီးမယ့်လူရှိလို့ကတော့ ရသလောက်
အမြတ်ပဲပေါ့။ မြန်မြန်မောင်း သွက်သွက်တင်မှ ဖြစ်တာ။ အခုလို ဖိုးလုံး လုပ်ပေါက်နဲ့ဆို သေပြီဆရာပဲ။
                          
ကိုဘသစ် ကားမောင်းရင်း တွေးနေမိတယ်။
ဒီရက်ပိုင်း ပိုက်ဆံသဲ့ရှာထားမှ ဖြစ်မှာ။ ကိုဘသစ်
သားလေးရှင်ပြုအလှူအတွက် ပြင်ဆင်နေရ ချိန်ဆိုတော့ အိမ်က မိန်းမကို ရှာလို့
ရသလောက် အပ်နေရတာ ဖတ်ဖတ်မောလို့လေ။ ရှေ့က မောင်းနေတဲ့ ထီလာသားကားကလည်း
ကိုဘသစ်ကားရှေ့ မလှမ်းမကမ်းမှာ ကားနောက်ပိုင်းကို မြင်နေရတယ်။ တယ်လီဖုန်း ကြော်ငြာကပ်ထားတဲ့ ထီလာသားကားနောက်ပိုင်း စတစ်ကာနီနီရဲရဲပေါ်က အဝိုင်းလုံးတွေဟာ ကိုဘသစ်အတွက် မျက်စေ့ စပါးမွှေးစူးစရာကို ဖြစ်လို့။ ကိုဘသစ်တို့ဂိတ်က ကားတွေ အတော်များများဟာ အဲ့ဒီဖုန်းကြော်ငြာ စတစ်ကာတွေ ကပ်ထားကြတာ ခပ်များများရယ်။ မကပ်တဲ့ ကားနည်းနည်းထဲမှာက ကိုဘသစ်ကား
ပါတယ်။ အဲ့ဒီလို စတစ်ကာ ကားမကပ်လို့ “ပိုက်ဆံရပြီးရော ကောင်တွေထဲ
ငါမပါဘူး ကွ” ဆိုတာ ဂိတ်မှာ ကိုဘသစ် ဂုဏ်ယူပြောနေကျ စကားပေါ့။
                           
တွေးရင်း မောင်းနေတဲ့ ကိုဘသစ်က
ရှေ့ကားကို ကြည့်ရင်း လီဘာခပ်ပြင်းပြင်း တင်လိုက်တယ်။ ဒီအချိန် ရှေ့က
ထီလာသားကားက လက်ပြတားနေတဲ့ ခရီးသည် အဖိုးကြီးတစ်ယောက်ကို တင်ဖို့ ဘေးကပ်အရပ် ကိုဘသစ်က အခွင့် အရေးကို လက်လွတ်မခံဘဲ အရှိန်နဲ့ ပြန်ကျော်ပစ်လိုက်တယ်။ မျက်နှာချင်းဆိုင်က ဆွမ်းခံကြွလာတဲ့
ကိုယ်တော်တစ်ပါးကတောင် ကိုဘသစ်ကားကို လန့်ပြီး လမ်းဘေး အမြန်ကပ်သွားတာကို ကိုဘသစ်မြင်လိုက်ရတယ်။ ကိုဘသစ်က စိတ်ထဲကနေပဲ ဘုန်းကြီးကို တောင်းပန် ကန်တော့ရင်း ကားကို အမြန်နှုန်းတင် မောင်းနေတာပေါ့။ ထီလာသားကားလည်း နောက်ကနေ ဆက်လိုက်လာတာကို
နောက်ကြည့်မှန်ကနေတဆင့် ကိုဘသစ် မြင်နေရတော့ အရှိန်ကို မလျှော့တော့ဘူး။
                          
မြောက်ပြင် စည်သာလမ်းကနေ မြောက်ဖက်
ကျုံးလမ်းပေါ်ကို အရှိန်နဲ့ ကိုဘသစ်မောင်းကွေ့ တက်လိုက်တယ်။ ထီလာသား ကားကလည်း နောက်က မလှမ်းမကမ်းမှာ ပါလာဆဲပဲ။ တားတဲ့ ခရီးသည်ကလည်း မရှိ၊ဆင်းတဲ့ ခရီးသည်ကလည်း မပါတော့ အနောက်မြောက်ကျုံးထောင့်
မီးပွိုင့်ရောက်လာတယ်။ ကိုဘသစ်ကလည်း မီးပွိုင့်စိမ်းနေတာမြင်တော့ မီအောင် အမြန်မောင်းတယ်။ ကိုဘသစ်ကားက အရောက် မီးပွိုင့်အစိမ်း မှိတ်တုတ် မှိတ်တုတ်အဖြစ်၊ ကွက်တိ မောင်းဝင်လိုက်ရင်း ကိုဘသစ်စိတ်ထဲကလည်း ဟိုကောင် ထီလာသား ကားတော့ မီးနီမိကျန်ခဲ့ပြီကွ လို့ တွေးပြီး ဝမ်းသာနေတာ။ ဒါပေမဲ့ နောက်ကြည့်မှန်ကနေ ကိုဘသစ်
လှမ်းကြည့်တော့ ထီလာသား ကားက ဘယ်ကနေ ဘယ်လို ကပ်ပါလာမှန်း မသိတော့ဘူး၊
ကိုဘသစ်ကားနောက် မလှမ်းမကမ်းမှာ။

* * *                      

ကိုဘသစ်က ကားကို အရှိန်မြင့်မောင်းရင်း
ခေါင်းတငြိမ့်ငြိမ့်နဲ့ နောက်က ထီလာသား အကြောင်း တွေးနေမိတယ်။ အင်း
ဒီကောင်ကလည်း ဘယ်ခေလိမ့်။ အယင်က မိတ္ထီလာ..တောင်ကြီး လိုင်းကား
မောင်းလာခဲ့တာမို့ ကားမောင်းက ကျွမ်းတာပေါ့။ ဒါပေမဲ့ မန္တလေးသား ငါ့ကိုတော့ ယှဉ်ဖို့ မစဉ်းစားနဲ့ လို့ တွေးရင်း“ကိုဘသစ်” တစ်ယောက်ထဲ
အသံတိတ် ကြုံးဝါးနေတယ်။
                      
ထီလာသား ဆိုတာက ကိုဘသစ်တို့ ကားဂိတ်ကို
မနှစ်လောက်ကမှ ရောက်လာတာ။ မိသားစုလိုက် မိတ္ထီလာကနေ မန္တလေး မြောက်ပြင်အိုးဘိုက ကိုဘသစ်တို့ ကားဂိတ်နားမှာရှိတဲ့ သူ့ဦးလေး
ဘိုင်ကြီး နွားခြံကို အစောင့်အဖြစ်နေဖို့ ပြောင်းလာခဲ့ ကြသူတွေပေါ့။ နောက်တော့ သူတို့ဂိတ်ကလူတွေနဲ့ ရင်းနှီးလာတော့ လွတ်နေတဲ့ ကားတစ်စင်း တက်မောင်းရင်း အမြဲတမ်း ဒရိုင်ဘာ ဖြစ်လာတာ။ ဂိတ်ကသူတွေကလည်း သူတို့
မိသားစု ပြောင်းလာခါစက လိုအပ်တာ ကူညီဖေးမကြရင်း ထီလာသားနဲ့ ဘော်ဒါ
ဖြစ်ကြတာ များပါတယ်။ ကိုဘသစ်ကိုလည်း ထီလာသားက တရင်းတနှီး ဆက်ဆံတတ်ပေမယ့် ကိုဘသစ်ကိုက ခပ်တန်းတန်းပဲ နေတာ။
                       
အတွေးတွေနဲ့ ကိုဘသစ်တစ်ယောက် ၈၁လမ်းမအတိုင်း တောင်ဖက်ကို သွက်သွက် မောင်းလာနေတယ်။ ရှေ့ဆို မြို့ထဲ ကျောင်းဧရိယာ
ရောက်လာရင် ကားက လမ်းကြပ်တော့မှာတွေးရင်း ကိုဘသစ်လက်က နာရီကို ကြည့်တော့ ရှစ်နာရီ မတ်တင်း နေပြီ။ ကိုဘသစ်ကားကလည်း ၁၉လမ်းကို ကျော်လာခဲ့တယ်။ သူ့ကားနောက်က ထီလာသားကားကလည်း မနီးမဝေးမှာ အချိန်မရွေး
ကျော်တက်သွားဖို့ အဆင်သင့်။
                      
ကိုဘသစ်ကားကို အရှိန်မြှင့် မောင်းရင်း
ဟိုးရှေ့ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ဘုရားနီ ဘုရား အရောက် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရသွားပြီး စိတ်ထဲ စိုးရိမ်သွားတယ်။ အခါတိုင်း
မနက်ခင်း ဒီလို အချိန်ပတ်ဝန်းကျင်ဆို ဘုရားနီဘုရားအရှေ့ကနေ ကားတားစီးတတ်ကြတဲ့ မြတောင်တိုက်က ဆွမ်းခံအပြန် ကိုရင်လေးတွေ အုပ်စုရှိနေတတ်တယ်။ ကိုရင်လေးတွေက သူတို့ မြတောင်တိုက်နား နီးတဲ့ ၃၅လမ်းနဲ့
၈၄လမ်း မီးပွိုင်းနားထိ လိုက်နေကျ။ ကိုဘသစ်ကလည်း ကြုံရင် ကြုံသလို အမြဲ
တင်ခေါ်ပါတယ်။ ကိုယ့် ဘာသာ၊ သာသနာကို ခရီးသွားဟန်လွှဲ ကုသိုလ်ပြု
စောင့်ရှောက်တယ်လို့ ကိုဘသစ်က ခံယူ ထားတာ။ ဒါပေမဲ့ ဒီနေ့တော့ ကိုရင်လေးတွေ အုပ်စုနဲ့ မတွေ့ပါစေနဲ့လို့ ကိုဘသစ် ကြိတ်ဆုတောင်းနေမိတယ်။ကိုရင်လေးတွေကို ဘုရားနီရှေ့မှာ စောင့်တင်၊ ဆက်မောင်းလို့
၂၃လမ်း၊၂၄လမ်းကျောင်းပို့ချိန်နဲ့ ဆုံရင် ကားကကြပ်ပြီး လမ်းပိတ်မိတော့မှာ၊ ဒါဆို သူ့ကျော်သွားမယ့် ထီလာသားကားက ဈေးချိုရော၊
၂၉လမ်း အင်းဝထောင့်ရော၊ လမ်း၃၀ထိပ် စစ်ကိုင်းကားဆင်း ခရီးသည်တွေပါ အကုန်
တောက်လျှောက် သိမ်းကြုံး မ သွားမှာကို ကိုဘသစ် စိုးရိမ်သွားမိတယ်။ ဒါဆို ဒီနေ့ သူ့ဝင်ငွေ သေချာပေါက်လျှော့တော့မှာကို ကိုဘသစ်
တွေးပူမိသွားတာ။ နောက်ပြီး  တစ်ခြားလူ မဟုတ်ဘူး၊ သူ့နောက်မှာကပ်ပါလာတာက
ထီလာသားဖြစ်နေလို့ ကိုဘသစ်စိတ်ကို အတော်ကသိကအောက် ဖြစ်နေစေတာလေ။
                    
ဘုရားနီဘုရားရှေ့ အရောက် ကိုဘသစ် ဆုတောင်းက မပြည့်ဘူး။ ဘုရားအပေါက်မှာ ဆွမ်းခံအပြန် မြတောင်တိုက်က ကိုရင်လေးတွေ
အုပ်စုလိုက် ထွက်လာပြီး ကားကို တားကြတယ်။ ချီတုန်ချတုန် ဖြစ်သွားတဲ့ ကိုဘသစ်က ကားကို ရပ်ရတော့ မလိုလို လုပ်ပြီးမှ နောက်က ထီလာသားမျက်နှာ ဖျတ်ခနဲ တစ်ချက်မြင်ပြီး အရှိန်မလျှော့တော့ဘဲ ဆက်မောင်း
ထွက်လာလိုက်တော့တယ်။

* * *                   

ကိုဘသစ် တွက်ကိန်း မှန်သွားတယ်။ ကျောင်းတွေရှေ့ အရမ်းကြီး လမ်းတွေ မပိတ်သေးခင် ကပ်လွတ်သွားပြီး ၂၅လမ်းအတိုင်း
အနောက်တည့်တည့်ဆင်း၊ ဈေးချိုနားမှာ ခရီးသည်တွေ တထောကြီးတင်ပြီး ၂၉လမ်း
အင်းဝအအေးဆိုင်ထောင့်ကို ၈၄လမ်းမကြီးအတိုင်း အေးအေးဆေးဆေး ဆက်မောင်းလာခဲ့တယ်။ ယာဉ်ထိန်းရဲတွေ မရှိသေးခင် ၂၉လမ်းထောင့်မှာ
ခရီးသည်ရသလောက်တင်။ လမ်း၃၀၊ ၃၂လမ်း နောက် ၃၈၊ ၃၉လမ်း ရွာဟိုင်းဈေးထိ
ရသလောက် ခရီးသည်တင်၊ မြို့သစ်ထိ လူကတောက်လျှောက် ကဲ့ယူရုံပဲ တွေးပြီး
ကိုဘသစ် မြူးလာတော့တယ်။
                      
ကိုဘသစ်ကား ၂၉လမ်းထောင့်မှာ ခဏရပ်ပြီး
ခရီးသည်တင်ကာရှိသေးတယ် ယာဉ်ထိန်းရဲရဲ့ ဝီစီသံ တရွှီရွှီကြားလိုက်ရလို့
မထွက်ချင် ထွက်ချင်နဲ့ ခွာလာခဲ့ရတာပေါ့။ ဒါကြောင့် ကိုဘသစ်လည်း ရှေ့တစ်မှတ်တိုင် လမ်း၃၀ ၈၄လမ်းထောင့်မှာ စစ်ကိုင်းကားအဆိုက် ခရီးသည် ထပ်တင်နေလိုက်တယ်။ မော်တော်ပီကယ် လစ်တုံး ကားခဏရပ်၊ ကွမ်းစားရင်း ကိုဘသစ်တို့ ဆရာတပည့်နှစ်ယောက် လေပန်းနေလိုက်ကြတာ အတော်လေးကြာမှ ကားကို ဆက်ထွက် လာခဲ့တယ်။ ထီလာသားကားကိုတော့ အရိပ်ယောင်လည်းမမြင်၊ ကိုဘသစ်လည်း မေ့တောင် နေပေါ့။
                        
၃၂လမ်း မန်းမြို့တော် ပေါက်စီဆိုင်ရှေ့
ခရီးသည် အတင်အချ လုပ်နေတုံး ကိုဘသစ် အတွေးထဲမှာတော့ ရှေမှတ်တိုင်တွေမှာ
ဆင်းမယ့်တက်မယ့် ခရီးသည်တွေ အကြောင်းကြိုတွေးပြီး သဘောကျလို့
မဆုံးတော့ဘူး ဖြစ်နေတယ်။ ပါလာတဲ့ ခရီးသည်တွေ က အဆင်း၊ ၃၈လမ်း
ရွာဟိုင်းဈေးရှေ့မှာ တိုးဝှေ့တက်ကြမယ့် ခရီးသည်တွေ အစား ပိုက်ဆံတွေပဲ
မြင်နေတော့တာ။ ၃၂လမ်းကထွက်ဖို့ ကားထဲကခေါင်းထုတ် နောက်လှည့်အကြည့်
နောက်ကနေ မောင်းလာတဲ့ ကားကို သေချာကြည့်မိတော့မှ ထီလာသားကား မှတ်တိုင်
ဝင်လာနေတာ တွေ့လိုက်ရတယ်။ ထီလာသားကားအနောက် တွယ်စီးလာတာတွေကို မြင်တော့ ကိုဘသစ် စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားပြီး ကားကို မောင်းထွက်ခဲ့ပေမယ့်
လူနဲ့ စိတ်နဲ့က မကပ်သလို ဖြစ်သွားတယ်။ ဒါနဲ့ ဘေးမှန်ကနေ ပိုသေချာအောင် ကိုဘသစ် အသေအချာကြည့်လိုက်ပြီး သူ့ကားကို ၃၃လမ်းထိပ်နားက ကွမ်းယာဆိုင်ရှေ့ ထိုးရပ်လိုက်တော့တယ်။
                
“အာစိ….ဆင်းမယ့်သူ မပါဘူးဗျ၊ ဆွဲလေ…ဟိုမှာ ထီလာသားကားက နောက်မှာ ကပ်ပါနေပြီ၊ ကျော်သွားပြီး ၃၆လမ်းတို့ ရွာဟိုင်းဈေးတို့က
ခရီးသည်တွေ အကုန် ကြုံးကုန်တော့မှာပဲ၊ ဒီ အာစီကတော့ လုပ်ပြီ။”
                   
ကိုဘသစ်ကတော့ ဖိုးလုံးကို ဘာမှ ပြန်ပြောမနေတော့ပါဘူး။ သူ့ကား ကျော်တက်သွားတဲ့ ထီလာသားကားကို လှမ်းကြည့်နေလိုက်မိတယ်။ ကားချင်းအကျော် ရှေ့ခေါင်းခန်းကနေ ထီလာသားက လက်ပြသွားတယ်။ ကိုဘသစ်ကလည်း လက်မထောင်ပြီး၊ ပြုံးပြနှုတ်ဆက်ရက်သား ဖြစ်သွားတာကို ကားနောက်ဘေးတွယ်ရင်း လှမ်းကြည့်နေတဲ့ ဖိုးလုံးက မြင်ဖြစ်အောင်
မြင်လိုက်တယ်။ ကိုဘသစ်ကတော့ သူ့ကားကျော်သွားတဲ့ ထီလာသားကားနောက်က
တွယ်စီးသွားတဲ့ မြတောင်တိုက်က ကိုရင်လေးတွေကို ငေးရင်း သူ့ကားကို
ဖြေးဖြေး မောင်းထွက်လိုက်ခဲ့တော့တယ်။ ကိုရင်လေးတွေကတော့ သပိတ်လေးတွေ လက်တစ်ဖက်ကပိုက်၊ ကားအမိုးတန်းကို လက်တစ်ဖက်ကကိုင်ရင်း စကားတပြောပြောနဲ့ ထီလာသားကားနောက်မှာ စီးသွားကြလေရဲ့။

* * *
ခန့်ညီဖေ
၂၀၁၇ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း
credit - စိုးမိုးလှိုင် FB account

No comments:

Post a Comment