May 11, 2018

ငိုသံပြတိုက်

#ငိုသံပြတိုက်
💦💦💦💦💦

နေမျိုး

၁။
ငိုသံပြတိုက်ကို ကျွန်တော် ဝင်ရောက်လာတယ်။ ပထမဆုံးကျွန်တော်တွေ့ရတာကတော့ ဒုက္ခိတတစ်ယောက်ရဲ့ ငိုသံပါ။ ဟင်း ဟင်း ... ဟင့် ဟင့် နဲ့ သူ့အသံကို တွေ့မြင်ရတယ်။ ပြတိုက်မှူးက ကျွန်တော့်ကို ဒီလိုရှင်းပြပါတယ်။ ဒါဟာ ဒုက္ခိတတစ်ယောက်ရဲ့ငိုသံပါ။ သူဟာ ခြေထောက်တစ်ဖက်ကို ဖြတ်ထားရတယ်။ ကျန်ခြေထောက်တစ်ဖက်ကလည်း သိပ်မကောင်းဘူး။ လက်နှစ်ဖက်ကတော့ သိပ်သုံးလို့ မရတာ ကြာပါပြီ။ သူ့မှာ အကောင်းပတိကျန်ရှိတာဆိုလို့ ဦးခေါင်းတစ်ခုပဲရှိတယ်။ အဲဒီဦးခေါင်းကလည်း ငိုနေဖို့ပဲ သိတော့တယ်။ ဒါကြောင့် ငိုသံပြတိုက်မှာ မှတ်တမ်းတင် ပြသထားတာပါတဲ့။ ကျွန်တော်ဟာ အဲဒီ ငိုသံကို သေသေချာချာ နားထောင်ကြည့်ရှုခဲ့ပါတယ်။ ငိုသံများကို ကြည့်ရှုနားထောင်ခြင်းဟာ အရက်ကို ရေမရောဘဲ သောက်သလိုမျိုးဖြစ်ပြီး မိမိစံချိန်ထက်လွန်အောင် မမှီဝဲသင့်ကြောင်းကို ပြတိုက်မှူးက အဝင်ဝမှာကတည်းက ရှင်းလင်းပြောပြထားပါတယ်။

နောက်ထပ် တစ်နေရာမှာတော့ ကျွန်တော်တို့ ကြားဖူးနေကျ ငိုသံ တစ်ခုကို တွေ့ရပါတယ်။ အဲဒီငိုသံကတော့ အူဝဲ အူဝဲဆိုတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ငိုသံပါ။ ဒီကလေးငိုသံကို ဘာ့ကြောင့် ပြတိုက်မှာ ပြသထားပါသလဲလို့ ကျွန်တော်ကမေးတော့ ပြတိုက်မှူးက ဒီလိုဖြေပါတယ်။ ဟုတ်ပါတယ်။ အခု လူကြီးမင်း မြင်တွေ့ရတာ ကလေး တစ်ယောက်ရဲ့ ငိုသံပါ။ ကြားဖူးနေကျ ငိုသံမျိုးပါပဲ။ ဒါပေမယ့် ဒီငိုသံမှာ မှတ်တမ်းပြုဖို့ လုံလောက်တဲ့အချက်တွေ ရှိခဲ့တယ်။ ဒီကလေး ငယ် ငိုနေချိန်မှာ သူ့အဖေက မရှိတော့ဘူး။ မရှိတော့ဘူး ဆိုတာထက် ဘယ်သူဘယ်ဝါလို့ကို မပြောနိုင်ခဲ့တာပဲ။ သူ့အမေကတော့ သူ့ကိုစွန့်ပစ်သွားခဲ့တယ်။ နို့တစ်စက်လောက်တောင် တိုက်မသွားခဲ့ပါဘူး။ ဒါကြောင့် ဒီကလေးငိုသံဟာ အခြားသော ကလေးတွေရဲ့ ငိုသံထက် ပိုပြီး အဓိပ္ပာယ်ကြွယ်ဝတာမို့ ပြတိုက်မှာ ခုလိုပြသထားရခြင်းပါပဲတဲ့။ ကျွန်တော်ဟာ အူဝဲ အူဝဲဆိုတဲ့ ငိုသံကို သေသေချာချာ ကြည့်ရှူနားထောင်နေမိတယ်။ အဲဒီအချိန်မှာပဲ ပြတိုက်မှူးက ဆက်လက်ပြောပြပါတယ်။ ခုဆိုရင် သူဟာ အောင်မြင်တဲ့ သားသတ်ကုမ္ပဏီ ကြီးကို ပိုင်ဆိုင်သူ ဖြစ်နေပါပြီတဲ့။

ကျွန်တော်ဟာ အဲဒီနေရာက ဆက်လက်ထွက်ခွါလာပြီး နောက်ထပ်ပြသထားတဲ့ ငိုသံတစ်ခုကို ကြည့်ရှူနေမိပြန်ပါတယ်။ အဲဒီငိုသံ ကတော့ အဟင့် အဟင့် ဟင့်ဟင့်ဟင့် အဟင့် အဟင့်ဟင့် ဟင့်ဟင့် ဆိုတဲ့ ငိုသံပါ။ အဲဒီငိုသံနဲ့ ပတ်သက်ပြီး ပြတိုက်မှူးက အခုလို ရှင်းပြပါတယ်။ ဒါဟာ အပျိုစင်တစ်ယောက်ရဲ့ သန်းခေါင်ယံငိုသံပါ။ ဒီလိုငိုသံဟာ ဟိုတုန်းက သိပ်မထူးဆန်းပေမယ့် ခုအခါ ရှားပါးလာလို့ ပြသထားခြင်းပါတဲ့။ ပြတိုက်မှူးဟာ သည့်ထက် ရှည်ရှည်ဝေးပြောပြလိုဟန် မရှိပါဘူး။ ကျွန်တော်က ငိုသံကို အသေအချာကြည့်ရှူရင်း သူကကော ခု ဘာဖြစ်နေလို့လဲလို့ မေးမြန်းလိုက်တော့ ဒါကို ဖြေဆိုခွင့်မရှိပါဘူးလို့ ပြတိုက်မှူးက ပြန်ပြောပါတယ်။

ကျွန်တော်ဟာ ပြတိုက်ထဲ ဆက်လျှောက်ကြည့်နေမိတယ်။ တစ်နေရာမှာတော့ ပြာလဲ့လဲ့အသံတစ်ခုကို တွေ့ရပါတယ်။ ဒါကို သေသေချာချာ ကျွန်တော် ကြည့်နေမိတယ်။ အသံက အစ်မရေ အစ်မရေ ဆိုတဲ့ အသံပါ ။ ဒီအသံကို ဘာ့ကြောင့် ငိုသံအဖြစ် ပြတိုက်ထဲမှာ ပြသထားပါလိမ့်၊ ကျွန်တော် စဉ်းစားနေမိတုန်းမှာပဲ ပြတိုက်မှူးရောက်လာပြီး အခုလိုရှင်းပြပြန်ပါတယ်။ ဒါဟာ ကဗျာဆရာတစ်ယောက်ရဲ့ အသံပါ။ အစ်မရေ အစ်မရေလို့ ရေရွတ်နေသံကို ပြတိုက်ဘုတ်အဖွဲ့က ငိုသံအဖြစ် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုငိုသံဟာ ပထမတန်းအမျိုးအစား ထဲမှာ ပါဝင်ပါတယ်။ ကဗျာဆရာဟာ ကွယ်လွန်သွားတဲ့ သူ့ဇနီးကို တမ်းတပူဆွေးပြီး ရေရွတ်နေရာက ထွက်ပေါ်လာတဲ့ အသံပါ။

တစ်ခါတုန်းက လေလွင့်နေတဲ့ လူတစ်ယောက်ကို သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ဦးက စောင့်ရှောက်ကျွေးမွေး ပြုစုခဲ့တယ်။ နောင်တစ်ချိန်မှာ သူတို့နှစ်ယောက်ဟာ တစ်ဦးကို တစ်ဦး သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်လာခဲ့ကြတယ်။ လူကလေးက ကဗျာဆရာ လူကလေးပေါ့။ သူ့ဇနီးကို အစ်မလို့ခေါ်တယ်။ သူ မအောင်မြင်သေးခင်မှာ သူ့ဇနီးက သူ့ကို အဘက်ဘက်က ပြုစု စောင့်ရှောက်ခဲ့တယ်။ တစ်နေ့မှာတော့ ကဗျာဆရာကလေးရဲ့ ဇနီးဟာ ကင်ဆာရောဂါခံစားရပြီး ကွယ်လွန်ခဲ့တယ်။ အဲဒီနောက်နှစ် တွေမှာ ကဗျာဆရာကလေးက ကဗျာဆရာမြို့တော်က ချီးမြှင့်တဲ့ ဆုတံဆိပ်တွေ ရတဲ့အထိအောင်မြင်ခဲ့တယ်။ ခု တွေ့ရတဲ့ အသံက သူ့အစ်မ ( သူ့ဇနီး )ကို လွမ်းဆွတ်ပူဆွေးပြီး ရေရွတ်ရာက ထွက်ပေါ်လာတဲ့ အသံပါပဲ။ Not For Sale အမျိုးအစားကို ပြတိုက်က ပုံတူပွါးပြီး ပြသထားခြင်း ဖြစ်ပါတယ်တဲ့။ ကျွန်တော်က အစ်မရေ အစ်မရေ ဆိုတဲ့ အသံကို ကြည့်ရှူနားထောင်ပြီး အခြားတစ်ဖက်ကို ထွက်ခွါလာခဲ့ပါတယ်။

နောက်ထပ် တစ်နေရာမှာတော့ " ကောင်းကြသေးရဲ့လားဗျာတို့ ကောင်းကြသေးရဲ့လားဗျာတို့ " ဆိုတဲ့ ငိုသံကြီးကို တွေ့ရပါတယ်။ တကယ်ကို ယူကျုံးမရ ဝမ်းနည်းပက်လက် ဖြစ်နေတဲ့ အသံကြီးပါ။ ယောက်ျားရင့်မာကြီးရဲ့ ဒီငိုသံဟာ ကြည့်ရှူ့နားထောင်ရသူကို ဝမ်းနည်းပက်လက် ကယောက်ကယက် ဖြစ်စေပါတယ်။ ဒီငိုသံနဲ့ပတ်သက်ပြီးတော့ ပြတိုက်မှူးက ခုလို ရှင်းပြပါတယ်။ ဒါဟာ အတော်နမော်နမဲ့နိုင်တဲ့ လူတစ်ယောက်ရဲ့ ငိုသံပါ။ သူဟာ တိုင်နဲ့ခေါင်းနဲ့ ပစ်ဆောင့် ပစ်ဆောင့်ပြီး ငိုခဲ့တယ်။ ငါးချက် ချုပ်ရတယ်။ အကြောင်းကတော့ ထီဆုကြီးပေါက်ပြီး လက်မှတ်ပျောက်သွားခဲ့လို့ပါပဲ။ သူ့အတွက် ကျွန်တော်တို့လည်း ဘာမှ လုပ်မပေးနိုင်ဘူး ကျွန်တော်တို့ လုပ်ပေးနိုင်တာက ပြတိုက်မှာ နောင်လာနောက်သားတွေအတွက် မှတ်တမ်းတင်ပေးထားခြင်းပါပဲတဲ့။ ကျွန်တော်ဟာ စိတ်မသက်မသာနဲ့ ငိုသံကြီးဆီကနေ ထွက်ခွါလာခဲ့ပါတယ်။ သူဘာဆက်ဖြစ်သွားသေးလဲလို့ မမေးတော့ပါဘူး။

" လူကလေးရေ " ဆိုတဲ့ အဘွားအိုတစ်ယောက်ရဲ့ ငိုသံသဲ့သဲ့ကို တွေ့ရပါတယ်။ တိုးတိမ်လျတဲ့ အသံနဲ့ တီးတိုးငိုကြွေးနေပုံမျိုးပါ။ ဒီငိုသံနဲ့ ပတ်သက်ပြီး ပြတိုက်မှူးဟာ ရှင်းပြလိုဟန်မရှိဘူးလို့ ကျွန်တော်က ထင်မိတာကြောင့် တိတ်တိတ်ပဲ နေလိုက်ပါတော့တယ်။ ငိုသံများကို ကြည့်ရှုနားထောင်ခြင်းဟာ အရက်ကို ရေမရောဘဲ သောက်သလိုမျိုးဖြစ်ပြီး မိမိစံချိန်ထက်လွန်အောင် မမှီဝဲသင့်ကြောင်းကို ပြတိုက်မှူးက အဝင်ဝမှာကတည်းက ရှင်းလင်းပြောပြထားတာကို ကျွန်တော် ပြန်လည် အမှတ်ရလာပါတယ်။ ကျွန်တော်ဟာ ပြတိုက်ရဲ့တစ်ဖက်ခြမ်းကို ရောက်လာပါတယ်။ အဲဒီနေရာမှာ ထူးခြားတဲ့ ငိုသံအမျိုးအစားတစ်ခုကို တွေ့ရပါတယ်။ အဲဒီငိုသံရဲ့ ဘေးဘက်ဆီမှာ မှန်ကောင်တာကြီး တွေထဲ ငိုသံတွေ အမျိုးစုံကို အစီအရီ ခင်းကျင်းပြသထားပါတယ်။ ပြသထားတဲ့ ငိုသံတွေက များလွန်းတော့ ကျွန်တော်ဟာ ဘယ်ငိုသံက စပြီး ကြည့်ရမှန်း မသိတော့ပါဘူး။ အရက်သမားတစ်ယောက်ရဲ့ ငိုသံ၊ ဘုန်းကြီးလူထွက်တစ်ယောက်ရဲ့ ငိုသံ၊ ဇာတ်မင်းသား တစ်ယောက်ရဲ့ ငိုသံ၊ ကားပြင်ဆရာတစ်ယောက်ရဲ့ ငိုသံ၊ ဘဏ်စာရေးတစ်ယောက်ရဲ့ ငိုသံအပြင် သက်ကြီးငိုသံ အမျိုးမျိုးပါ အစီအရီ ပြသထားပါတယ်။ ဒီနေ့အဖို့ ငိုသံတွေထပ်မံကြည့်ရှုဖို့ ကျွန်တော်ဆန္ဒမရှိတော့ပါဘူး။

ဒါပေမယ့် ပြခန်းကနေ ထွက်ခွါလာတဲ့အခါ အထွက်ပေါက်နားမှာ ငိုသံအကြီးကြီးတစ်ခုကို တွေ့ရတာကြောင့် ကြည့်လိုက်မိပါတယ်။ ငိုသံကြီးဟာ ဟားဟား ဟားဟား ဟီးဟီး ဟီးဟီး ဆိုတဲ့ အသံမျိုးပါ။ ကျွန်တော်က အဲဒီအသံမျိုးကို ရယ်သံအဖြစ်သာ တွေ့ခဲ့သိခဲ့ဖူးတာကြောင့် ပြတိုက်မှူးကို မနေနိုင်ဘဲ မေးကြည့်မိတဲ့ အခါမှာ ပြတိုက်မှူးက အခုလို ရှင်းပြပါတယ်။ ဒါဟာ ဂုဏ်ထူးဆောင်ငိုသံပါ။ ဘဝမှာ အောင်မြင်မှုတွေအားလုံး ရရှိခဲ့သူတစ်ဦးရဲ့ အသံဖြစ်သလို စွန့်လွှတ်မှုတွေ အားလုံးကိုလည်း ပြုဝင့်သူ ပြုနိုင်ခဲ့သူတစ်ဦးရဲ့ အသံလည်း ဖြစ်ပါတယ်။ အဲဒီ အခြေအနေမှာ ရယ်သံဟာ ငိုသံနဲ့ အတူတူဖြစ်ပြီး ငိုသံဟာလည်း ရယ်သံနဲ့ အတူတူဖြစ်တာကြောင့် ဂုဏ်ထူးဆောင် ပြသထားခြင်း ဖြစ်ပါတယ်တဲ့လေ။

၂။
ကျွန်တော်ဟာ ငိုသံပြတိုက်ကနေ ထွက်ခွါလာပါတယ်။ ဟိုတစ်ဖက်မှာ ပြတိုက်တစ်ခုကို တွေ့ရပါတယ်။ ရယ်သံပြတိုက်ပါပဲ။ အဝင်ဝမှာ သွားတိုက်ဆေးနဲ့ သွားပွတ်တံပေးပြီး ပါးစပ်နဲ့ သွားတွေကို ဆေးကြောခိုင်းတာ တွေ့နေရပါတယ်။ ကျွန်တော် ရယ်သံပြတိုက်ကို ဝင်ကြည့်မယ်အလုပ်မှာ ပြတိုက်အဝင်ဝမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာတွေကတော့ . . .
" ငိုသံပြတိုက်မှ ထွက်လာသူတစ်ဦးအား ကျန်းမာရေးအရ ကန့်သတ်တားမြစ်ကာလမပြည့်မီ ရယ်သံပြတိုက်တွင် ဝင်ရောက် ကြည့်ရှုခွင့် မပြု "တဲ့။

🔲

#နေမျိုး

No comments:

Post a Comment