May 11, 2018

ရွှေဖလားနဲ့ ကြက်သားကိုင် ဇာတ်သိမ်းပိုင်း

..... ရွှေဖလားနဲ့ ကြက်သားကိုင် ......
( ဇာတ်သိမ်းပိုင်း )
( ဆရာမ မစန္ဒာ )

" ဟင် ထွေးငယ် "
အိခင် တအံတသြဖြစ်သွားသည်။ ထွေးငယ်သည် သူ့အိမ်တံခါးဝတွင် ရပ်လျက်ရှိနေသည်။ သူကရင်ခွင်ထဲမှ သားငယ်ကိုပွေ့လျက်သား ကမန်းကတန်းထလိုက်သည်။
အိခင်က သံဇကာတံခါးကို ချက်ဖြုတ်ပီး ဖွင့်လိုက်သည်။ ငါးနှစ်နီးပါး ကွဲကွာနေသော သူငယ်ချင်းနှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေမိသည်။

" ပိန်လိုက်တာ အိခင်ရယ် "
ထွေးငယ်က စိတ်မကောင်းသလိုပြောသည်။ အိခင်သည် ရင်သားတစ်ဖက်ကို အကျီထဲပြန်သွင်းရင်း ငိုချင်သွားသည်။ ထွေးငယ်ကမူကျော့ရှင်းလှပဆဲပင်။

" ထွေးငယ်တစ်ယောက်ထဲလား "
" ဟုတ်တယ် "
" အထွေထူးရှိလို့လား "
" ပြောစရာလေး နည်းနည်းရှိတာနဲ့ "
" အိခင်သားတွေက ချောလိုက်တာ "
" ဆိုးလဲဆိုးတယ် "
" အိခင်ကတော့ တကယ်လူကြီး ဖြစ်သွားသလိုပဲနော် "
" ငါကတော့ လူကြီးဖြစ်ပါပီဟာ ဟိုရွှေမင်းသားကသာ ဓ
" အဲ့ဒါပြောမလို့ပေါ့ "
ထွေးငယ်သည် အိခင်လက်ကို လှမ်းဆုတ်ကိုင်လိုက်သည်.။
" တို့နဲ့အိခင် ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ခုပြောတာ ငယ်သူငယ်ချင်းတစ်ယောက်ကပြောတယ်လို့ သဘောထားပါ။ တို့ စဥ်းစားပီးမှ ဒီစကားပြောတာ ကျော်မောင်ကို
သိပ်လွှတ်မထားနဲ့ "
" သူဘာမှမပြောင်းလဲဘူး အရင်က အချိုးအတိုင်းပဲ "
" သူ သူ နင့် နင့်ကို "
" တို့ လက်ထပ်တော့မယ် အိခင် "
" ရုံးမှာ သူကောင်မလေးတစ်ယောက်နဲ့ ပူးတွဲတွဲဖြစ်နေတယ် "
" ဘယ်သူလဲဟင် "
" သူတို့ဆက်ရှင်ကပဲ ကောင်မလေးက အသက် နှစ်ဆယ်လောက်ပဲရှိမယ် အဲ့အရွယ်လေးတွေက သိပ်ခေါင်းသုံးကြတာမဟုတ်ဘူး "
" ကောင်မလေးကရုးမိုက်မိုက်အရွယ်လေး အိခင်ကလဲ မြို့ထဲတောင်မထွက်တော့ဘူးလား ကိုယ့်ယောကျာ်းအခြေနေလေးလဲ လာပီးကြည့်အုန်းမှပေါ့ "

အိအိခင်ရှက်သည်။ ဒီလိုလူစားမျိုးကို အတင်းရအောင်ယူခဲ့မိသည့်အတွက် ဖြစ်လေသည်။ ထွေးငယ်ရဲ့မျက်လုံးထဲတွင် ငါကံကောင်းပေလို့ တစ်ကယ်ဆိုရင်
အိခင်နေရာမှာ ငါရောက်နေမှာ ဟူသော အတွေးကိုလှမ်းပြီးမြင်လိုက်ရသလို ရှိလေသည်။
" အဲ့ဒါလာပြောတာ သူငယ်ချင်းရယ် အခြေအနေတွေ သိထားအောင်ပေါ့။ သားတွေသမီးတွေရနေပီဟာကို ပြိုမှာကွဲမှာ စိုးလို့ပါ "
" ပြန်ဆွဲပေါ့ အိခင်ရယ် ကိုယ့်မှာက သားနှစ်ယောက်တောင်ဟာ သူလဲ သူ့သားတွေကို ချစ်မှာပါ "

အိခင် ငေးနေမိသည်။ သူက သားများကိုလဲ မချစ်ကြောင်းမပြောချင်တော့ပေ။ ထွေးငယ်ကို သူအနိုင်ယူခဲ့ခြင်းသည် တစ်ဘ၀လုံးရှုံးရန် အစပျိုးခြင်းဖြစ်မည်
ထင်သည်။

" ရည်းစားလေးထားရတာလဲ ဆီးပြားလေး စားရသလိုပဲ "
ကျော်မောင်သည် ရုးနားက လက်ဖက်ရည်ဆိုင်က ဖွင့်သောသီချင်းကိုညည်းသည်။ အိခင်ရဲ့ တို့ပတ်ကိုယူကာ မျက်နှာကိုပွတ်သည်။ မမမြင့်အခန်းထဲဝင်ကာ
မွှေ့ရာ ကိုဆွဲလှန်သည်။ တစ်ခါတစ်ရံ ပိုက်ဆံများထိုးထည့်ထားလေ့ရှိသည်။ ဒီနေ့မှကံခေသည်။ တစ်ပြားမှ ရှိမနေ။

" အိခင်ဆီမှာရှိလား မသိဘူး "
ကျော်မောင်က မီးဖိုထဲ ငရုတ်သီးထောင်းနေသော အိခင်ကိုလှမ်းကြည့်သသည်။ လဆန်းတုန်းက သူပေးထားသည့်ပိုက်ဆံက နည်းသည်ဆိုသော်လဲ သားတွေ
အတွက်မုန့်ဖိုးမှအပ အိခင်တွင် ကုန်စရာမရှိ။ နည်းနည်းပြန်တောင်းမှဖြစ်မည်။ ပိုက်ဆံမပါလို့မဖြစ် ဒီနေ့ ချိုသဲကို ရုပ်ရှင်ပြမည်ဟုပြောာထားခဲ့သည်။
ငရုတ်သီးထောင်းနေသော အိခင်မျက်နှာက ခပ်မှုန်မှုန်ဖြစ်နေသည်။ ငရုတ်သီးကို ညာဘက်လက်ကထောင်းပီး သားငယ်ကို ဘယ်ဖက်ပုခုံးပေါ် မှောက်လျက်
ချီထားသည်။ ကျော်မောင်က မီးဖိုထဲဝင် ရေအိုးဖွင့်သောက်သည်။ ထို့နောင် ယောင်လည်လည်နဲ့ပြန်ထွက်လာသည်။ အိခင်ဆီမှ ပြန်တောင်းရမည်မှာ
သိပ်တော့လွယ်မည်မထင် ခုတစ်လော အိခင်နဲ့သူ ဘာရန်မှမဖြစ်ပဲ ခပ်တန်းတန်းဖြစ်နေသည်။ သူ့ကိုကောာင်းစွာ စကားမပြော သူကလဲ အိမ်သိပ်မကပ်။

ရုံရှင်ရုံမှအထွက် လက်မှတ်ကိုသတိတရ လွှတ်ပစ်မည်ဟုစဉ်းစားမိသည်။ အိခင်တွေ့သွားလျှင်မဖြစ်။ ချိုသဲကတော့ အတူနေကြစို့ အကိုရယ် ဟုပြောနေသည်.
သို့သော်ခက်လှသည်။ မိန်းမတစ်ယောက်ကိုပင် ကိုယ့်အစွမ်းနဲ့ကိုယ် ထမင်းဝအောင်မကျွေးနိုင်။ မမမြင့်ကလဲ သူယူသမျှ မိန်းမတွေကို တင်ကျွေးထားမည်
မဟုတ်ချေ။

" ငါတို့ကြက်ဖနိုင်နိုင်
ရွှေဖလားနဲ့ကြက်သားကိုင် "
အိခင်ပျော့ကွက်ကို သတိရတော့ ထိုကဗျာလေးကိုကောက်ရွက်သည်။ အိခင်က သားငယ်ကို ဘယ်လက်မှ ညာလက်သို့ပြောင်းချီရင်း ဖျတ်ခနဲလှမ်းကြည့်သည်။
" ဟုတ်ပီ ဒါဆိုရင် ရနိုင်တယ် "

ကျော်မောင် စိတ်ထဲမှရေ၇ွတ်သည်.။ သူ့ပျော့ကွက်ကိုနင်းပီး တောင်းရင် အိခင်က ထုတ်ပေးလိမ့်မည်ဟုထင်သည်။ သူငယ်ချင်းတွေအား အိခင်က ဘယ်လိုနည်း
နဲ့ပဲနိုင်နိုင် ကြက်သားကိုင်ရဖို့သာ ပဓာန ဟု ခပ်မာမာ ပြောခဲ့ကြောင်း သူသိထားလေသည်။

" ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်
နင်တို့ကြက်ဖ ရှုံး ရှူံး .......... "

ကျော်မောင် အဆုံးထိမဆိုနိုင်။ အိခင်လက်သည် လေထဲတွင် မြောက်သွားသည်။ အရာဝတ္ထု တစ်ခုက သူ့ဆီသို့ ရိပ်ခနဲပြေးဝင်လာသည်။
" ဟာ ငရုတ်ကျည်ပွေ့ကြီး "
ဟုအော်လိုက်မိသည့် တစ်ခဏတွင်ပင် သူ့ညိုသကျည်းကို ငရုတ်ကျည်ပွေ့က ဖျောင်းခနဲဝင်မှန်သည်။ ကျော်မောင် ခွေခနဲ လဲကျသွားသည်။
သားကြီးရဲ့ ငိုသံကို ကျယ်လောင်စွာကြားရသည်။
" ဖေကြိးကို လုပ်နဲ့ "

အိခင်ရဲ့ ဒေါသသံကိုကြားရလေသည်။

" ဘာရွှေဖလားလဲ ဘာကြက်သားလဲ ဟင်း အလကား ရွှေရည်စိမ် ဖလားစုတ်နဲ့ ကြက်သားပုတ်ကြီး "

ဝတ္ထု  -    မစန္ဒာ

ပြီးပါပြီ

credit
ပြန်လည်မျှဝေပါသည် (မွန်းလေးဖေဖေ)

No comments:

Post a Comment