May 11, 2018

ရွှေဖလားနဲ့ ကြက်သားကိုင် ဒုတိယပိုင်း

...... ရွှေဖလားနဲ့ ကြက်သားကိုင် .......
(  ဒုတိယပိုင်း )
( ဆရာမ မစန္ဒာ )

ထွေးငယ်ပြောသလို တစ်ပတ်ခန့်ကြာသောအခါ စာရောက်လာသည်။ အိခင်ဆီသို့ ရောက်ခြင်းတော့မဟုတ် ထွေးငယ်ဆီိသို့ ဖြစ်သည်။ သူ့စာပုံစံက ထွေးငယ်
ခါတိုင်းရနေကျစာများနှင့်မတူ။

ထွေးငယ်......
အချစ်ဆိုတာ နှင်းဆီနှင့် အတူတူပါပဲ နှင်းဆီတွေကလှတယ် မွှေးတယ်မဟုတ်လား ထွေးငယ်ကို ကျွန်တော်နှင်းဆီပေးပါတယ် ကျွန်တော့ကို အချစ်ပြန်ပေးပါလား။
ကျော်မောင်မောင်

" ငါ့ဆီလာတဲ့စာဆိုရင် ကောင်းမှာ " ဟုတောင့်တမိကြောင်းကို ရှက်ရှက်နဲ့ ၀န်ခံရပေမည်။
" သူက ဘယ်တုန်းက နှင်းဆီပေးလို့လဲ "
" သုံးရက်ရှိပီ တို့ကျောင်းအပြန်လမ်းက စောင့်ပီးပေးတာ "
" နင်ကယူသလား "
" ပန်တော့ မပန်သေးပါဘူး "
ထွေးငယ်က ရှက်စနိုးပြောသည်။

" ငါ့ကိုများ လာကြည့်တာလား " ဟူသောအတွေးနှင့် ခုတလောပိုပြီး အလှပြင်မိသည်ကို အိခင် ရှက်သလိုလို မခံချင်သလိုလိုဖြစ်သွားသည်။ ခဏခဏ
အိမ်သာထဲဝင်ပြီး သူတို့ပတ်ရိုက် နှုတ်ခမ်းနီဆိုးတိုင်း ထွေးငယ်က မသိမသာပြုံးတတ်သည်ကိုလဲ သတိရမိသည်။

" နင်ကလဲ နင့်ကိုပန်းပေးတာ သုံးရက်ရှိပြီဆို ကြာလှပီပေါ့ ငါ့ကိုတောင်မပြောဘူး "
" အေးဟာ ငါလဲမပြောဖြစ်ဘူး "
" ခါတိုင်းတော့ ဘာဖြစ်ဖြစ် ပြောနေကျဟာကို "
" ငါလဲ အားနာနေလို့ "
" ဘာအားနာတာလဲ "
အိခင်က ခပ်ဆတ်ဆတ်မေးသည်။

ထွေးငယ်ကဘာမှဆက်မပြောသော်လဲ သူနားလည်လိုက်သည်။  ကျော်မောင်မောင်ရောက်လာတိုင်း သူ့မှာ ရင်တဖိုဖို ဖြစ်ရသည်ကို ထွေးငယ်သိကြောင်း
ကျိတ်ပီးရယ်နေမည်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ အိခင်ရဲ့ ရင်ထဲတွင် မိန်းမတို့ မာနတရားက အညွန့်တလူလူ တက်လာသည်။

သူတို့ငယ်ငယ် ထုပ်စည်းထိုးတမ်း ကစားစဉ်တုန်းကစိတ်မျိုး ပြန်ဝင်လာသည်။ နိုင်ချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာလေသည်။ ထို့နောက် ဆုံးဖြတ်ချက်
တစ်ရပ်ကို ချမှတ်လိုက်သည် ။ ကျော်မောင်မောင်ကို ရအောင်ယူပြမည်။

ထွေးငယ် မေတ္တာကို လိုချင်သော ကျော်မောင်မောင်က ထွေးငယ် အခင်ဆုံးဟုထင်ရသော အိခင်ထံသို့ ချဉ်းကပ်ရန်ကြိုးစားလေသည်။ တစ်နေ့ အိအိခင်
ကျောင်းမှအပြန် နံပါတ်ရှစ်ကားမှတ်တိုင်တွင် ရပ်ပီးကားစောင့်နေစဉ် ကျော်မောင်မောင် တစ်ယောက် မယောင်မလည်ရောက်လာသည်။ သူ့ကို မသိမသာ
လှမ်းကြည့်နေသော အိအိခင်အား ပြုံးပီးနှုတ်ဆက်သည်။ အိအိခင်ကလဲ ပြုံးပြလိုက်သည်။

" မပြန်သေးဘူးလား "
" ကားတွေကျပ်နေတာနဲ့ "
" ဘယ်မှာနေလဲ "
" ကြည့်မြင်တိုင်ဘက်မှာပါ "
" ထွေးငယ်နဲ့ အတူတူမပြန်ဘူးလား "
" ထွေးငယ်က သမိုင်းမှာနေတာကို သိသားနဲ့များ အလကား "
အိခင်ကမျက်စောင်းလေးဝဲလိုက်သည်။ ကျောင်မောင်က သဘောကျစွာရယ်လေသည်။ သူတို့နှစ်ဥိးသည် ခဏလေးနဲ့ပင် ငယ်ပေါင်းတွေလိုရင်းနှီးသွားကြသည်။

" ကျွန်တော်က ကျော်မောင်မောင်ပါ ဒုတိယနှစ်ကပါ "
" ဟုတ်ကဲ့ သိပါတယ် "
" နောက်ပီး ဘာသိသေးလဲ "
" နှင်းဆီပန်းတွေအကြောင်းလဲ သိပါတယ် "
ကျော်မောင်မောင်ကပြုံးသည်။ အိအိခင်အား သဘောကျစွာ ကြည့်နေလေသည်။

" နှင်းဆီပန်းတွေက လှပါတယ်နော် မွှေးရောမွှေးတယ် မဟုတ်လား "
" မသိဘူး "
" ဘာဖြစ်လို့လဲ "
" ကျွန်မမှ နှင်းဆီပန်း မရဖူးတာ "
" လိုချင်ရင် ပေးမယ်လေ " သူတို့နှစ်ဦး ရယ်ကြပြန်သည်။ ကားချောင်လာတော့ အိအိခင် ကားပေါ် လှမ်းတက်ခဲ့သည်။ ကျော်မောင်မောင်ကပါလိုက်လာသည်။
ကားကချောင်နေသည်မို့ တက်လျှင် တက်ချင်း အိအိခင်နေရာရလေသည်။ သူ့ဘေးကလူက နှစ်မှတ်တိုင်လောက်စီးပီး ဆင်းသွားတော့ ကျော်မောင်မောင်
ဝင်ထိုင်သည်။ အိအိခင်က ပေါင်ပေါ်တွင် လွယ်အိတ်တင်ကာ လွယ်အိတ်ပေါ်တွင် လက်ကလေးနှစ်ဖက်ကိုယှက်ပြီး တင်ထားလေသည်။ အိခင်ရဲ့လက်ချောင်း
လေးများသည် ဖော့ဖယောင်းလေးလိုပျော့ပြောင်းပီး ရှည်သွယ်လှသည်။ တော်၇ုံလူက သတိမပြုမိတတ်သော်လဲ သတိပြုမိသူတိုင်းက အိခင် လက်လေးတွေက
လှလိုက်တာ ဟုပြောလေ့ရှိသည်။

ကျော်မောင်မောင်က အိခင်လက်ကလေးများကိုလှမ်းကြည့်သည်။ ပထမဆုံး စကားပြောဖူးခြင်းဖြစ်လို့ ချီးကျူးစကားမဆိုသော်လဲ နှောင်ရင်းနှီးလာသောအခါ
အိခင်လက်ကလေးတွေက လှလိုက်တာ ဟုပြောခဲ့လေသည်။ သူကထိုသို့ပြောတော့ ဒီလိုဆိုလူကမလှဘူးပေါ့ ဟုတ်လား ဟုပြောကာ စိတ်ဆိုးဟန်ပြုသည်။
အိခင်တစ်ကယ်စိတ်မဆိုးမှန်း သိသော်လဲ ကျော်မောင်မောင်က ဘတ်စ်ကားဂိတ်နားက အအေးဆိုင်တွင် ရေခဲသုပ်ကျွေးပီး ချော့လေသည်။

" ကျော်မောင်မောင်ကို ဘယ်လိုသဘောရလဲဟင် သူ့မှာ မိဘမရှိဘူးတဲ့ အမက အပျိုကြီးတဲ အင်းစိန်ဈေးထဲမှာ ဈေးဆိုင်ရှိတယ် ပြောတယ် "
" ဟုတ်လား ထွေးငယ်ကို ဘယ်သူပြောလို့လဲ "
" အို သူ့စာထဲမှာပါတာပဲ ထွေးငယ်ကိုသာတွေ့ရင် သူ့အမက သိပ်ချစ်သွားမှာတဲ့ "

ထွေးငယ်က တိုင်ပင်သလိုပြောသော်လဲ ကျော်မောင်မောင်သည် သူ့ကို မည်မျှစွဲလန်းနေကြောင်းကို အသိပေးခြင်းဖြစ်ကြောင်း အိခင်သိလေသည်။
ကျော်မောင်ဆီမှ နှင်းဆီပန်းများ ထွေးငယ် ရနေဆဲပင်ဖြစ်သည်။ ကျော်မောင်ကလဲ အိခင်နားကပ်ပီး ထွေးငယ် သဘောထားကို မေးလေ့ရှိသည်။

" ကြည့် တစ်ခါလာ ထွေးငယ်ပဲ သူ့ထွေးငယ်ကဖြင့် သူ့ကိုအရေးစိုက်တာတောင် မဟုတ်ပဲနဲ့ "
" နှင်းဆီပန်းတွေတော့ ယူသွားတာပဲဗျာ "
" အို စကားနည်းရန်စဲ သူ့ပန်းတွေယူတိုင်း သူ့ကိုကြိုက်နေတယ်များထင်နေလား ထွေးငယ်မှာအများကြီးရှင့် အမ်စီကလူတွေရော အာရ်အိုင်တီကလူတွေရော
သူကအဲ့ခေါင်းတွေကို ဒေါင်ဒေါင်မြည်အောင် လိုက်ခေါက်နေတာ အက်သံပါတဲ့ခေါင်းဆို ဘေးဖယ်လိုက်ရော "

အိအိခင်ကပိုပိုမိုမိုပြောလိုက်သည်။ စိတ်ထဲမှာတော့ သိပ်မလုံချင်။ သို့သော် အချစ်နဲ့ စစ်မှာ မတရားတာမရှိ ဆိုသောစကားကိုနှလုံးသွင်းထားသည်။

" ဒီလိုဆို မျှော်လင့်ချက်မှ ရှိရဲ့လားဗျာ "
" ကြိုးတော့ကြိုးစားပေါ့ ကြာတော့ကြာမှာပဲ ကြိုးတန်းလန်းနဲ့လှန်ထားတဲ့ နွားတွေက အများကြိး "

ကျော်မောင်မောင် မျက်နှာပျက်သွားသည်။ သူ့ကိုလဲ ကြိုးရှည်ရှည်နဲ့ အလှန်ခံထားရသော နွားသဘောမျိုးပြောလိုက်ရလို့ အားနာသလိုလိုတော့ရှိသည်။
အိမ်ရောက်တော့ အိခင်သည် မှန်ကိုအသေချာကြည့်သည်။ ထွေးငယ်လောက်မလှသော်လဲ သူသည်လည်းလှသည်ပင်ဖြစ်သည်။ ထွေးငယ်က နဂိုရှိသော
အလှကို အပြုအပြင် အခြယ်အမှုန်းများနှင့် ပြုပြင်တတ်သောကြောင့်သာ အမှန်တကယ် လှသည်ထက် ပိုပီးနာမည်ကြီးနေခြင်းဖြစ်သည်ဟု တွေးမိသည်။

" ကျော်မောင်က သူ့ကိုအဖြေပေးပါတော့လို့ နားပူနေပီ ချစ်တယ်ဆိုရင် နှင်းဆီပန်းလေး ပန်လာပါတဲ့လေ "

ထွေးငယ်ကပြောသည်။ ထွေးငယ်မျက်နှာသည် နှင်းဆိပန်းကိုပန်ချင်နေပေပီ။ အိခင်ခေါင်းကိုက်သွားသည်။ တစ်ခုခုတော့လုပ်မှဟု အပြင်းအထန်စဉ်းစားသည်။
ထွေးငယ်က သူ့ကိုသနားသလိုလို ကြည့်နေသည်။ ထိုအကြည့်ကို သူအလွန်မုန်းသည်။ အနိုင်ယူချင်စိတ်က အညွန့်တလူလူဖြစ်လာသည်။ထိုနေ့ညနေပိုင်း
မတက်ပဲ ထွေးငယ်ကို ခေါင်းကိုက်လို့ အိမ်ပြန်အုန်းမယ်ဟုပြောပီး ပြန်လာခဲ့သည်။

သူဘတ်စ်ကားမှတ်တိုင်ရောက်တော့ ကျော်မောင်မောင်လိုက်လာသည်ကို မြင်ရသည်။
" အိခင်ဘာလို့ အစောကြီးပြန်တာလဲ "
" မတက်ချင်တော့ဘူး "
" ဘာဖြစ်လို့လဲ "
" စိတ်ညစ်လို့ "
" ဘာလို့ စိတ်ညစ်တာလဲ "
" အမေဆူလို့ပါ "
" အိမ်ပြန်မလို့လား "
" မဟုတ်ဘူး ရုပ်ရှင်သွားကြည့်မလို့ "
" ဟင် တစ်ယောက်ထဲလား "
" တစ်ယောက်ထဲပေါ့ "
အိအိခင် မျက်နှာ ညိုးနွမ်းနေသည်.။ သုံးလေးရက်အတွင်း ထွေးငယ်က နှင်းဆီပန်းပန်လာတော့မည်ကို သူသိနေသည်။ ဒီတစ်ပွဲတွင် သူရှုံးတော့မည်။

" တစ်ယောက်ထဲသွားတာတော့ မကောင်းပါဘူး "
" တစ်ယောက်ထဲမသွားလို့ အိနဲ့လိုက်မယ့်သူမှမရှိတာ "
သူက ကျော်မောင့်မျက်နှာကို မျှော်လင့်ချက်ကြီးစွာ ဖျတ်ခနဲလှမ်းကြည့်မိသည်။ ကျော်မောင်မောင် က တွေဝေဖြစ်နေလေသည်။

" ထွေးငယ်ကော "
" အို ထွေးငယ်က အိကို ဂရုမစိုက်ပါဘူး "
" ရုပ်ရှင်ရုံထဲ မိန်းကလေးတစ်ယောက်ထဲ ၀င်ြုကည့်ဖို့တော့ မကောင်းပါဘူး "
" အို မကောင်း ကောင်းကောင်း "
" တစ်ယောက်ထဲတော့ မသွားပါနဲ့ကွာ "
" သွားမှာပဲ "
ထိုးဆိုက်လာသော ဘတ်စ်ကားပေါ်သို့ အိခင်က တိုးတက်ခဲ့သည်။ ဟေ့ နေအုန်းလေ ဟူသော ကျော်မောင့်စကားကို မကြားယောင်ပြုလိုက်သည်။ ကျော်မောင်က
ခေါင်းကုတ်ရင်း ကားပေါ်လှမ်းတက်လာတော့ အတော်ပျော်သွားသည်။
" အိခင်ကလဲ ကလေးကျနေတာပဲ "

ရုပ်ရှင်ရုံရောက်တော့ ဇာတ်ကားပြနေလေပြီ။ ရုံထဲရောက်တော့ မှောင်နဲ့မည်းမည်းမို့ ကျော်မောင်မောင် လက်မောင်းကိုကိုင်ကာ လှေကားထစ်များကို စမ်းပီး
တက်ရသည်။ ထုပ်စည်းထိုးတမ်းကစားစဉ်က စည်းရှေ့တွင် ခြေတစ်လှမ်းတိုးပီးကိုယ်ကိုကိုင်း လက်ကိုလွှဲကာ တစ်အားလှမ်းပုတ်ခဲ့ရသော ခံစားချက်မျိုးကို
ပြန်လည်ခံစားရသည်။

" ဒီမှာ ကွာစိ "
" ကိုကျော် ကိုကျော် ရည်းစားဘယ်နှစ်ယောက်ထားဖူးလဲ "
" တိတိကျကျတော့ တစ်ယောက်မှ မထားဖူးသေးပါဘူး "
" ဒီလိုဆို မတိမကျတွေကော "
" အများကြီးပဲ "
" ထွေးငယ်ကို သိပ်လိုချင်လား "
" အင်း လိုတော့ လိုချင်တာပေါ့ "
" မရရင် ရိုမီယိုလို သေမှာလား "
" အင်း သေများ သေမလားမသိဘူး "
" မိန်းမတွေ ပေါပါတယ် ကိုကျော်ရယ် "

သူတို့နှစ်ဦးစလုံး အသက်နှစ်ဆယ်ပင် မပြည့်တတ်ကျသေးချေ။ လောကတွင် အချစ်သည်သာ အရေးကြီးဆုံး ဟူသော စကားကိုခြွင်းချက်မရှိ ထောက်ခံကြသည်။
ရိုမီယိုတို့ ဂျူးလီယက်တို့သည် သူတို့ကို လျွှမ်းမိုးထားသည်။

" အမေက ဘာလို့ဆူတာလဲ " ကျော်မောင်က တိုးတိုးလေးမေးလေသည်။
" အိကို ယောကျာ်းပေးစားချင်လို့တဲ့ "
" ဟောဗျာ "
" အဲ့လူက ချမ်းသာတယ် အမေ့ကိုကပ်နေတာ "
အိခင်သည် သူ့ကိုယ်သူပင် အံ့သြမိသည်။ တစ်ကယ်မဟုတ်ပဲနဲ့ ထိုသို့ပြောလိုက်သည့်အတွက်ကြောင့်ဖြစ်သည်။

" အသက်ကြီးကြီး ထိပ်ပြောင်ပြောင်ကြီးလား "
" အသက်တော့မကြီးပါဘူး ဒါပေမဲ့ ကိုကျော့်လိုမချောပါဘူး အိကချောမှကြိုက်တာ "

ကျော်မောင်က တိုးတိုးလေးရယ်သည်။ အိခင်က သူ့လက်ကိုဆွဲဆိတ်လိုက်သည်။ ရုပ်ရှင်အပြီး ရုံထဲမှအထွက်တွင် ကျောင်းမှသူငယ်ချင်းများနှင့် တွေ့သည်။
အတန်ငယ်မျက်နှာပူသောကြောင့် အိခင်က မျက်နှာကို မသိမသာလွှဲထားသည်။ သူငယ်ချင်းများက သူတို့နှစ်ဦးကို အထူးအဆန်းကြည့်ကြသည်။ ရုံထဲမှ
အထွက် လူတွေညပ်ပီး တိုးလေတော့ ကျော်မောင်လက်မောင်းကို မသိမသာ လှမ်းကိုင်ထားလိုက်သည်။ ကဲ မှတ်ကရော ဟုစိတ်ထဲမှအော်လိုက်သည်။
မော်မော်နိုင်တို့ အုပ်စုက သူတို့နှစ်ဦးကို ရုပ်ရှင်ရုံတွင် တွေ့ခဲ့ကြောင်း အိခင်က ကျော်မောင် လက်မောင်းကို ကိုင်ထားကြောင်း မောင်းခတ်ကြတော့မည်။
ထိုသတင်းသည် ထွေးငယ်ဆီသို့ မလွဲမသွေ ရောက်ပေတော့မည်။

တကယ်တော့ မျက်နှာပူစရာ အတော်ကောင်းပေသည်။ သူငယ်ချင်းအရင်းကြိးကို သစ္စာဖောက်ရသောအလုပ်ဖြစ်သည်။ ဒီလိုပင် ရည်၇ွယ်သူကိုမရပဲ
အောင်သွယ်နှင့် ညားရသော ဇာတ်မျိုးသည် အမေတို့ အဘွားတို့လက်ထက်မှ အိခင်ရဲ့ မြေး မြစ်တွေထိ ဆက်ရှိနေအုန်းမည့် ဇာတ်လမ်းမျိုးဖြစ်သည်။
သိက္ခာ တော့ နည်းနည်းကျသည်။ သို့သော် ကိုယ်လိုချင်တာ ရဖို့ အရေးကြီးသည်။ကျော်မောင်ရဲ့ လက်မောင်းကို ကိုင်ရင်း အိခင်စိတ်ထဲမှ ရေရွတ်နေမိသည်။
"ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ကြက်သားကိုင် "

" အိအိခင် "
ကျော်မောင်မောင်က တအားအော်သည်။
" ဒီမှာကြည့်ပါအုန်း ခုနှစ်နာရီ ခွဲတော့မယ် "
" အယ် ဟုတ်ပါရဲ့ "
" မမမြင့်တောင် ဈေးသွားရောပေါ့ "
" ကြာလှပီ "
ကျော်မောင်ပင် မျက်နှာသစ်သွားတိုက်နေပီ။ ထမင်းအိုးတည်ရမည်။ ငရုတ်သီးထောင်းရမည်။ ဟင်းချက်ရမည်။ တစ်နေ့တာ အစီစဉ်များက အိခင်ခေါင်းထဲသို့
တစ်ခုပီးတစ်ခု ၀င်လာသည်။အိပ်ရာထနောက်ကျသဖြင့် ရုံးအမီ ဟင်းကျက်ပါမည်လားဟု စိတ်ပူသွားသည်။ မနေ့ကကြက်သားချက်ထားသည်ကို သတိရသည်။
တော်သေးရဲ့ဟု သက်ပြင်းချမိသည်။

သားကြီးက အအိပ်ကြီးသည်။ဖင်အပြောင်သားနဲ့ အိပ်နေဆဲမို့ စောင်ထပ်ခြုံပေးလိုက်သည်။ ကျော်မောင်ကပါ အိပ်ရာထဲပြန်လှဲအိပ်သည်။ ခေါင်းရင်းက ရုပ်ပြစာအုပ်
လှမ်းယူသည်။

" ကြည့်ပါလား ဒီမှာဖြင့် ကလေးတစ်ဖက်နဲ့ မီးမွှေးရ ချက်ရပြုတ်ရအုန်းမယ် သူကရုပ်ပြဖတ်ဖို့လောက်ပဲ ကူထိန်းပေးမယ်တော့စိတ်မကူးဘူး "

အိခင်က မသိမသာမျက်စောင်းခဲသည်။ မီးသွေးမိးဖိုထဲတွင် ထင်းရှူးပေါက်ကလေးများကိုဆိုင်လိုက်ပီး အပေါ်မှ မီးသွေးတုံးများကို ခပ်ကျဲကျဲတင်သည်။ မီးခြစ်ကို
ရှဲခနဲမြည်အောင်ခြစ်လိုက်ရင်း အင်း နှစ်ယောက်က သုံးယောက်ဖြစ်လာရင်တော့ အခက်ပဲ မမမြင့်ကိုလဲ အားနာစရာကောင်းလှပီ ဟု စဉ်းစားနေမိသည်။

" မမအိရေ မမအိ " အိမ်ရှေ့မှခေါ်သံကြားရသည်။ အိမ်ရှေ့အိမ်မှ နှင်းနွယ်ဖြစ်သည်။ လက်ထဲတွင် နှင်းဆီနီ ပန်းစည်းတစ်စည်းကို ကိုင်ထားသည်။
" အန်တီမြင့်က ဘုရားတင်ဖို့တဲ့ "
" လှလိုက်တာဟာ "
နှင်းဆီပန်းများက မပွင့်သေးပေ။ အငုံအဖူးများသာဖြစ်သည်။ ဘုရားတင်ထားပီးနောက် တစ်ရက်နှစ်ရက်မှ ကားကားစွင့် ပွင့်လာကြမည်ဖြစ်သည်။

" ဘုရားတင်ဖို့ပန်းတွေလား " ကျော်မောင်ကလှမ်းမေးသည်။
" ပန်ဖို့ရောမပါဘူးလား " ဘာကြောင့်မေးမှန်းတော့မသိ အိခင်က ခပ်ပြတ်ပြတ်ပင် ပြန်ဖြေသည်။
" မပါဘူး "

ထွေးငယ်က အိခင်အား စိုက်ကြည့်နေသည်။ အိခင်ခေါင်းတွင် နှင်းဆီနီတစ်ပွင့် ပန်ထားသည်။
" အိခင်တို့ကို ရုပ်ရှင်ရုံမှာ တွေ့ခဲ့တယ်တဲ့ "
" မော်နိုင်တို့ ပြောတာမှတ်လား "
" ဟုတ်တယ် အိခင်က ကျော်မောင် လက်မောင်းကို ကိုင်လို့ဆို "
" အင်း ကိုင်မိလား မပြောတတ်ပါဘူး "
" အိခင်တို့ ကြိုက်နေကြပီလား "
" အိကတော့ မကြိုက်သေးပါဘူး "
ကဲ မပိုင်လား။။ ထွေးငယ် ဘာမှဆက်မမေးတော့။

နှင်းဆီကိုလဲ ဘယ်တော့မှမပန်တော့။ အလှတံခွန်ထူနေသော ထွေးငယ် မာနအိုးသည် ဖြန်းဖြန်းကွဲလေတော့သည်။ မော်နိုင်တို့ကိုတော့ မျက်နှာ
ညိုးညိုးနဲ့ ပြောသည်ဟု ကြားရသည်။
" အိခင်က ငယ်ငယ်ထဲက အတူကစားရင် စည်းခိုးအနိုင်ယူနေကျ ခုလည်း သူညစ်ပီး စည်းခိုးသွားတာပဲ " တဲ့။

ဘာဖြစ်လဲ စည်းခိုးပီနိုင်နိုင် နိုင်ဖို့သာအဓိကမဟုတ်လား။ တွဲသွားတွဲလာနဲ့ကြာတော့လဲ သူတို့နှစ်ဥိးကိုလူတိုင်းက အတွဲတစ်တွဲအနေနဲ့ သတ်မှတ်
လာသည်။ နီးစပ်မှုဒဏ်ကို မည်သည့်ယောကျာ်းမှ မခံနိုင်ကြောင်းအိခင်သိသည်။ လက်ထပ်ရန်စကားကို ကျော်မောင်နှုတ်မှပြောလစေရန် အိခင်
ကြိုစားခဲ့သည်။ကြိုးစားသည့်အတိုင်းပဲ ကျော်မောင်ကိုအိအိခင်ရခဲ့သည်။ ဒေသကောလိပ်တက်အပြီး တက္ကသိုလ်သို့ ဆက်မတက်တော့။ သူငယ်ချင်း
များလဲ ဟိုဟိုဒီဒိကွဲကုန်ကြသည်။ အိခင်က အသက်နှစ်ဆယ်အရွယ်တွင် ကျော်မောင်မောင်ကတော် ဟူသော ဒိပလိုမာကို ဒေသကောလိပ်မှ
ရခဲ့ပြီး ကျောင်းထွက်ခဲ့လေသည်။

တစ်ကယ့်ဘ၀ဟူသည် စိတ်ကူးနဲ့တခြားစီဖြစ်ကြောင်း အိခင် သိလာသည်မှာတော့ကြာချေပီ။ ကျော်မောင်ရဲ့လှပသောမျက်နှာမှာ အိအိခင်ရဲ့မျက်စိ
ထဲတွင် ကြာရှည်ကြည့်မကောင်းတော့ပေ။ အိမ်ထောင်သည်ဘ၀ရောက်လာတော့ တစ်ယောက်မျက်နှာကိုလဲ တစ်ယောက်ထိုင်ကြည့်မနေနိုင်တော့ပေ။
အရင်တုန်းကလို ရိုမီယို ဂျူးလီယက်ထိုင်ပီး အားကျနေလို့မရတော့။ အရင်လို ထမင်းစားချိန်တန် ဆာလျှင် စားရန်ထမင်းနဲ့ဟင်းက ဘူးထဲတွင်
အသင့်ရှိနေသည်။ အိခင်ကို အငယ်ဆုံးမို့ အချစ်ဆုံးဖြစ်သောအမေက မကောင်းကောင်းအောင် ဖွယ်ဖွယ်ရာရာ ထည့်ပေးတတ်သည်။

ခုတော့ အမေ့ထမင်းဘူးကိုရော အမေ့ရင်ခွင်ကိုရော ပစ်ခွာခဲ့သူမို့ မနက်မိုးလင်းသည်နှင့် အိခင်သည် နောက်ဖေးဝင် ငရုတ်သီးထောင်း ထမင်းရည်
ငှဲ့ရတော့သည်။ မမမြင့်က စီးပွားရေးလုပ်ကာ ကျော်မောင်မောင်က ပညာသင်ဆဲမို့ မီးဖိုချောင်တာဝန်သည် အိခင်လက်ထဲသို့ လုံးလုံးလျားလျား
ကျရောက်ခဲ့လေသည်။
" အိခင် ဒီကောင်က အတော်ပွေချင်တယ်နော် ခြေငြိမ်အောင်ထိန်းထား "
" လှချင်ပချင်လိုက်တာလဲ မိန်းမရှုံးတယ် " ဟု မမမြင့်ကပြောသေးသည်။

ချစ်စိတ်ဖုန်းနေသော အိခင်က ဘယ်လိုမှမပြစ်မမြင် ကျော်မောင်မောင်နာရီအသစ်လိုချင်သည်ဆိုလို့ အမေဆင်ပေးလိုက်သော လက်စွပ်ကိုရောင်းကာ
နာရီဝယ်ပေးလိုက်သေးသည်။ ပထမသားကြီးကိုယ်ဝန်ရှိလာတော့ " မောင်ရေ အိတော့ ဟိုဟာဖြစ်နေပိထင်တယ် " ဟုရုပ်ရှင်ထဲကလို တိုးတိုးလေး
ရှက်စနိုးပြောမိသည်။ သို့သော် ကျော်မောင်မောင်က ရုပ်ရှင်ထဲကလို ထမခုန်ပေ။ " ကလေးရရင် အဖေလို့မခေါ်ခိုင်းဘူး ကိုကိုလို့ သင်ထားရမယ် "
ဟုပြောသည်။

ရယ်စရာလိုလိုပြောနေသော်လဲ သူ့စိတ်ထဲတွင် အဖေခေါ်ခံရမည်ကိုကြောက်နေကြောင်းသိလိုက်သောကြောင့် အိခင် အတော်လေး ၀မ်းနည်းခဲ့ရသည်။
သားကြီး နှစ်နှစ်သားအရွယ်ရောက်ပီး သားငယ်မွေးသည်။ ယခုနောက်တစ်ယောက်ပါ လာမည့်ဟန်ပြင်နေသည်။ ကျော်မောင်က အချိုးမပြောင်းသေးပေ။
တစ်နေကုန်ရုံးသွား အိမ်ပြန်လာကာ ညနေထမင်းစား တစ်ကျော့ပြန်ထွက်သွားသည်။ လမ်းထိပ်က ဇယ်တောက်ခုန် ဂစ်တာဝိုင်း စာအုပ်ဆိုင် အချိန်ဖြုန်းကာ
ညဆယ်နာရီထိုးလုလုကျမှပင် ပြန်လာတတ်သည်။

ညဦးပိုင်းတွင် မမမြင့်က စာရင်းစာအုပ်ချ တွက်သည်။ ဆီဖိုး ဆန်ဖိုး ဟင်းဖိုးတွေတွက်နေရင်း ဒီလလဲ အကုန်များလိုက်တာဟယ် ဟုညည်းသံကြားလျှင်
အိခင်မျက်နှာပူသည်။ ကျော်မောင် အကျီများကို မီးပူတိုက်နေရင်း ငါ့နှယ် ဘာလို့များ ဒါတွေ မတွေးပဲ ယောကျာ်း အယူစောခဲ့မိလဲ မသိဘူး ဟု
ကိုယ့်ဘာသာ အပြစ်တင်သည်။ မည်သို့ပင်ဆိုစေ ငါတို့ကြက်ဖနိုင်နိုင် ရွှေဖလားနဲ့ကြက်သားကိုင် လို့ မရေ ရွတ်မိသည်ကတော့ ကြာပေပီ။
ခုတလော အိခင် စိတ်ထဲတွင်မကောင်း။ ကျော်မောင်က ညအိပ်နေစဉ် ထွေးငယ် ဟုယောင်သည်။ မနေ့ညတုန်းက ချိုသဲဟုယောင်ပြန်ပီ။ ယခုတစ်ခါ
ကျော်မောင် အကျီအိတ်ထဲမှ ရုပ်ရှင် လက်မှတ်နှစ်စောင် ထွက်လာပြန်ပီ။ ဒီတစ်ခါတော့ မနေနိုင်ပီ။

" မောင်ရုပ်ရှင်ကြည့်တယ်လား "
" ဘာဖြစ်လို့လဲ "
" ရုပ်ရှင်လက်မှတ်တွေ့လို့ "
" သြော်ဟုတ်တယ် ဇာတ်လမ်းကောင်းတယ်ပြောတာနဲ့ ညွှန့်အောင်နဲ့သွားကြည့်ကြတာ "
"ဘာကားလဲဟင် "
" take me away တဲ့ "
" သြော် ကြာကူရီဇာတ်ကားကြီး မဟုတ်လား "
" အဲ့ဂျပန်မက ဒိပြင်ယောကျာ်းနဲ့ လက်ထပ်ပီးခါမှ ရည်းစားဟောင်းနဲ့ပြန်လိုက်သွားတာကြီး မဟုတ်လား အဲ့ဇာတ်လမ်းများ မောင်ကကောင်းသလား "
" ဟိုတစ်ယောက်က သူမချစ်ပဲနဲ့ယူတာပဲ ရည်းစားဟောင်းက သူတစ်ကယ်ချစ်တဲ့လူကိုး "
အိခင်တုန်လှုပ်သွားသည်။ ကျော်မောင်အား အကဲခတ်သလို လှမ်းကြည့်မိသည်။

" မောင် ညတိုင်း ယောင်တယ်နော် "
အိခင် မမျိုသိပ်နိုင်တော့။ ကျော်မောင်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို အမိအရ လိုက်ဖမ်းသည်။
" ဘာယောင်လို့လဲ "
" ထွေးငယ်တဲ့ နောက်ပီး ချိုသဲတဲ့ "
" ဟုတ်လား "
" မောင်က ခုထိစွဲလန်းနေတုန်းလား "
" ထွေးငယ် ရုံးကိုရောက်လာတယ် "
" ဟင် မောင့်ဆီလာလည်တာလား "
အိအိခင်က အလန့်တကြားမေးသည်။
" မဟုတ်ပါဘူး အလုပ်ဝင်တာပါ ဌာနချင်းတောင် မတူဘူး သူကစီမံရေးမှာ "
" သူယောကျာ်းမရသေးဘူး မဟုတ်လား "
" အင်းမရသေးဘူး အိကိုမေးပါတယ် နေကောင်းရဲ့လားတဲ့ ကလေးဘယ်နှယောက်ရပီလဲတဲ့ "
" ထွေးငယ်ကပြောလိုက်သေးတယ် ရွှေဖလားနဲ့ ကြက်သားကိုင်ပီး အိခင်သိပ်ပျော်နေသလားတဲ့ "

အိခင်မျက်နှာတွင် တရှိန်ရှိန်ပူလာသည်။ ဒေါသဖြစ်ခြင်း ၀မ်းနည်းခြင်းများက ရင်ထဲတွင် လုံးထွေးနေသည်။ ကောင်းကြောင်းပြောသည်ဖြစ်စေ မကောင်းကြောင်း
ဖြစ်စေ သူ့ကွယ်ရာတွင် ထွေးငယ်နဲ့ ကျောေ်မောင်စကားဆိုကြမည်ကိုမလိုလား။ စိတ်ထဲတွင် ပူပန်မိသည်မှန်သော်လဲ ယခင်တုန်းကလို ချစ်စိတ်ကြောင့်
ပူပန်သည်မဟုတ်ဘဲ သားတွေ ရှေ့ရေးကိုတွေးကာ ပူပန်ခြင်းဖြစ်သည်။
အိမ်ထောင်သက် ငါးနှစ်နီးပါးတွင် အိခင်ရဲ့ ချစ်စိတ်များသည် ဒီရေလိုတိုးမလာပေ။ လဆုတ်ညများလို တရိပ်ရိပ်လျော့နည်းလာလေသည်။ ခုတော့ အိခင်သည်
သူ့ကိုယ်သူနားလည်လာသည်။ သူသည်ကျော်မောင်အား အချစ်နဲ့ချစ်ခဲ့ခြင်းမဟုတ်ပေ။ အရုပ်လှလှလေးကို ပိုင်ဆိုင်လိုခဲ့ခြင်းသာဖြစ်သည်။ အိခင် မချိပြုံး
ပြုံးမိသည်။ ကိုယ့်စိတ်ကို ကိုယ်နားလည်လာချိန်တွင် သူ့မှာ ကလေးနှစ်ယောက်နဲ့ တစ်ဗိုက်မျှ ချမ်းသာနေပီ ဖြစ်လေသည်။

ဆက်ရန်

credit
ပြန်လည်မျှဝေပါသည် (မွန်းလေးဖေဖေ)

No comments:

Post a Comment