" ကျွန်တော်နှင့် ဥက္ကာပျံအပိုင်းအစများ "
=====================
#တာရာမင်းဝေ
၁။ ကျွန်တော့်မှာ နာမည်ရှိပါသည်။ သို့သော်.. ကျွန်တော့် နာမည်သည် ကျွန်တော် မဟုတ်ပါ။
ထို့ကြောင့် ကျွန်တော့် နာမည်ကို သုံးသပ်ခြင်းနှင့် ကျွန်တော့်ကို သုံးသပ်ခြင်း ကွဲပြားပါသည်။
(ကွဲပြားရပါမည်)
၂။ ကျွန်တော်သည် မလှပါ။ အကျည်းတန်ပါသည်။ ထို့ကြောင့်လည်း အလှတရားကို
တန်ဖိုးထားမိပါသည်။ သို့သော် ကျွန်တော်သည် အကျည်းတန်သူဖြစ်ပါသည်။ ထို့ကြောင့်
အလှတရားနှင့် မျက်နှာချင်းဆိုင် ဝေးကွာနေပါသည်။
၃။ ကျွန်တော် ဘာမှ မလုပ်ပါ။ “ဘာမှ မလုပ်သူသည် သူတောင်းစားလုပ်ရသည်” ဟူသော
အဆိုရှိ၏။ ကျွန်တော် ဘာမှ မလုပ်ပါ။ သူတောင်းစားလည်း မလုပ်ပါ။ ထို့ကြောင့် ဘာမှ မလုပ်ပါ။
၎။ ကျွန်တော်သည် ဘာမှ မရှိသော အိုးတစ်လုံးဖြစ်ချင်ပါသည်။ အထဲမှာ ဘာမှ မထားချင်ပါ။
ထိုသို့ဖြင့် အများကြီးရှိနေချင်ပါတော့သည်။
၅။ ဖားဖိုကြီးထဲမှာ ဘာမှ မရှိပါ။ သို့သော်… သူ့အထဲမှာ အင်အားများစွာကို ရပါသည်။ ကျွန်တော်
ဖားဖိုကြီးဖြစ်ချင်ပါသည်။ သို့သော်… ယနေ့ထက်တိုင် ဖားဖိုကို အသုံးပြုသူသာဖြစ်နေဆဲ။
၆။ မြေကြီးနှင့်ကောင်းကင် ဘယ်မှာထိကြသလဲ။ ကျွန်တော်လိုက်ရှာဖူးပါသည်။ မိုးကုတ်စက်ဝိုင်းမှာ
ထိကြ၏။ အဝေးမှ မြင်ရသည်။ (အဝေးမှပင်) မြေကြီးဆီမှ ကောင်းကင်ကို ကျွန်တော်
ဆွဲပင့်ဖူးသည်။ ကွဲကွာအောင် လုပ်ဖူး၏။
၇။ စကြဝဠာသည် သက်တော်ရှည်၏။ သူ့အတွက် သူရပ်တည်နေခြင်း မဟုတ်သောကြောင့်… ဟု
ပြောသည်။ ကျွန်တော်လည်း ရပ်နေ၏။ သို့သော်… ရပ်နေခြင်းသာဖြစ်၏။ ကျွန်တော့်အတွက်လည်း
မဟုတ်။ မည်သူ့အတွက်မှလည်း မဟုတ်။ ကျွန်တော်သည်ရော… သက်တော်ရာကျော်
ရှည်မည်လော။
၈။ ကျွန်တော် ရေလိုစီးခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကြည်လင်စွာ
စီးခဲ့ပါသည်။ သို့သော်… ကျွန်တော့်ကျောပေါ်တွင် အမှိုက်သရိုက်အချို့လည်း ပါလာနိုင်ပါသည်။
၉။ ကျွန်တော်သည် စွန့်ပစ်ခြင်းကို ဝါသနာပါပါသည်။ ယူထားလျှင် ကာကွယ်စောင့်ရှောင့်ရမည်။
ရန်သူတို့၏ ရန်သူဖြစ်ရမည်။ ပျင်းစရာကောင်းလိမ့်မည်။
၁၀။ ကဗျာတွေရေမည်။ စာတွေ ရေးမည်။ သို့သော် အပိုင်လည်း ယူမထားချင်။ ပေးလိုက်မည်။
၁၁။ ခွက်လွတ်တစ်လုံးကို ကျွန်တော် ကြည့်သည်။ အထဲမှာ ဘာမှမရှိသောကြောင့် သူ
ခွက်လွတ်ဖြစ်နေသည်။ ထို ဘာမှမရှိသောနေရာကပင် အသုံးဝင်လှသည်။ ကျွန်တော်လည်း
“ဘာမှမရှိသော နေရာ” ဖြစ်ချင်သည်။ ဘယ်ခွက်ထဲသို့ ဝင်ရမည်နည်း။
၁၂။ ကျွန်တော် အမဲမလိုက်ချင်ပါ။ တောကစား မထွက်ချင်ပါ။ မြင်းများ၊ တောခွေးများကို ကြိုးဖြေ၍
လွှတ်လိုက်ပါသည်။ သို့သော် သူတို့က ကျွန်တော့်နောက်မှ ပြန်လိုက်လာကြ၏။
၁၃။ အတ္တရှိသူသည် ကိုယ့်ကိုယ်ကို ချစ်၏။ ကျွန်တော့်ကိုယ်က ကျွန်တော် မချစ်ပါ။ မုန်းပါသည်။
သို့သော် ကိုယ့်ကိုယ်ကို မုန်းခြင်သည်လည်း အတ္တဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်
အတ္တကြီးပါသည်။
၁၄။ “လောကသစ္စာ” ကို ကျွန်တော်တွေ့ချင်ပါသည်။ သူ့နောက်ကို ကျွန်တော်လိုက်၏။ သို့သော်
သူ့မှာ “ရင်ဘတ်” မရှိချေ။ “လောကသစ္စာ”ကို ကျွန်တော်လိုက် မရှာတော့ပါ။ နေရာမှာပဲ
ရပ်နေလိုက်ပါသည်။ အကယ်၍ သူက ကျွန်တော့်ကို လာရှာလျှင် လွယ်ကူရန် ဖြစ်ပါသည်။
၁၅။ ကျွန်တော် လိုက်လျောတတ်ပါသည်။ လိုက်လျောညီထွေရှိနိုင်ရန် လေ့ကျင့်ခဲ့ပါသည်။
အရည်ပျော်လုဆဲဆဲ ရေခဲတုံးကဲ့သို့ပင် လိုက်လျောညီထွေ ပြုရန် အဆင်သင့်ဖြစ်နေပါသည်။
သည်းခံဖို့တော့ လိုသည်။ ကျွန်တော် နည်းနည်း အေးစက်နေပါလိမ့်မည်။
၁၆။ ကျွန်တော် ဘာကိုမှ ဆုပ်ကိုင်မထားပါ။ လက်ချောင်းတွေ ဒီအတိုင်း ရှိပါသည်။ လက်ချောင်း
အချင်းချင်းလည်း ဆုပ်ကိုင် မထားပါ။ လက်ချောင်တွေ ဒီအတိုင်းရှိပါသည်။
၁၇။ သူတစ်ပါးအတွက် ကျွန်တော် လုပ်ပေးဖူးပါသည်။ ထိုသော သူတစ်ပါးက ကျွန်တော့်ကို
ကျေးဇူးစကားဆိုပါသည်။ အခြားသူများကိုတော့ “သူ့ဘာသာလုပ်ခဲ့သည်” ဟု ပြောပါသည်။
ထို့ကြောင့် ကျွန်တော် သူ့ကို ကျေးဇူးစကား ပြန်ဆိုလိုက်ပါသည်။
၁၈။ “အစစ်အမှန်” များရှိကြ၍ “အတုအယောင်” များ ပေါ်လာကြပါသည်။ ကျွန်တော့်ထံတွင်
“ကျွန်တော် အစစ်အမှန်” ရှိပါသည်။ ထို့ကြောင့် ကျွန်တော့်ထံတွင် “ကျွန်တော် အတုအယောင်”
ကော ရှိဦးမည်လား။ စဉ်းစားရပါမည်။
၁၉။ ကျွန်တော်သည် ပညာရှင်ကြီး မဖြစ်ချင်ပါ။ အလွမ်းတွေထဲမှာ ပညာနှင့်ယှဉ်၍
ဖြစ်ပေါ်သောအလွမ်းသည် အဆိုးဝါးဆုံးဖြစ်ပါသည်။
၂၀။ ကျွန်တော်သည် ကျွန်တော်ဖြစ်ပါသည်။ ထို့ကြောင့် တခြားသူ မဟုတ်ပါ။
အခြားသူများသည်လည်း အခြားသူများသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော်
မဟုတ်။
၂၁။ အိပ်မက်များစွာကို ကျွန်တော် မက်ဖူးပါသည်။ ထိုအိပ်မက်များကို ဖမ်းဆုပ်ကိုင်တွယ်၍ မရပါ။
ကျွန်တော် ကြိုးစားဖူးပါသည်။ ဖမ်းဆုပ်ကိုင်တွယ်၍ ရဖူးပါသည်။ သို့သော်… ထိုဖြစ်ရပ်ကပင်လျှင်
နောက်ဆုံးမှာ အိပ်မက်ဖြစ်နေပါသည်။
၂၂။ ဤစာကို ကျွန်တော် ရေးပါသည်။ ရည်ရွယ်ချက် မရှိပါ။ အားလုံးဖတ်၍ ရပါသည်။ သို့သော်
အားလုံးမဖတ်နိုင်အောင် ရည်ရွယ်ထားခြင်းလည်း မဟုတ်ပါ။ ကျွန်တော် ဘာသာ စာရေးခြင်းသာ
ဖြစ်ပါသည်။
၂၃။ လောကီအမိုက်မှောင်ထဲမှ လွတ်မြောက်လိုကြ၏။ ချင့်ချိန်ကြည့်ရဦးမည်။ မည်သည့်အရ်ာက
ချုပ်နှောင်ထားသနည်း။
၂၄။ ခြေဖျားထောက်ပြီး ကျွန်တော် လမ်းလျှောက်ဖူးပါသည်။ သတိနှင့် ထိန်းလျှောက်ခြင်းဖြစ်၍
မလဲပါ။ သို့သော် သတိထားနေရခြင်းက ပင်ပန်းပါသည်။ ထိန်းလျှောက်ရခြင်းကြောင့်လည်း
ညောင်းပါသည်။
၂၅။ ကျွန်တော် ထွက်သွားဖူးပါသည်။ ဝေးရာကို ထွက်သွားဖူးပါသည်။ မူလနေရာသို့ပင်
ပြန်ရောက်လာပါသည်။ “မေမေ” ဟု ကျွန်တော် အော်ခေါ်လိုက်ပါသည်။
၂၆။ ကျွန်တော်က တိုးတိုးကလေး နေချင်ပါသည်။ ကျယ်လောင်မှုကို မနှစ်သက်ပါ။ “တိုးတိုး” လေး
“အော်” တတ်သူများကိုလည်း တွေ့ဖူးပါသည်။ သူတို့ကိုလည်း မနှစ်သက်ပါ။
၂၇။ အချို့သူများသည် ကြိုးနှင့် ချည်နှောင်တတ်သည်။ ကျွန်တော် ခံရဖူးသည်။
၂၈။ သစ်ကြမ်းတုံးကြီးကို ကြည့်ပြီး ကျွန်တော်တွေးမိသည်။ ဘီလူးရုပ်၊ မင်းသမီးရုပ်၊ ကိန္နရီရုပ်၊
မည်သည့်အရုပ်ကိုဖြစ်စေ ထု၍ရသည်။ မည်သည့်အရုပ်ကို မဆို သူပေးနိုင်သည်။ သူ့မှာ
တန်ခိုးများရှိနေသလား။
၂၉။ လောကကြီးကို ကျွန်တော် သိပါသလား။ ပြင်တတ်ပါသလား။ လောကကြီးအတွက် အပိုပစ္စည်း
(Spare Part) ကို မည်သည့်နေရာတွင် ဝယ်ရမည်နည်း။
၃၀။ လိုအပ်လျှင်တော့ ကျွန်တော်တိုက်ပွဲဝင်မည်။ “လိုအပ်လျှင်” ဟု ကျွန်တော် စကားခံခဲ့သည်။
လိုအပ်လျှင် တိုက်မည်။ သို့သော် မလိုအပ်အောင် ကြိုးစားမည်။
၃၁။ လက်ဖက်ရည်ခွက်ထဲမှာ အမြှုပ်တွေ ရုတ်ရုတ်သည်းသည်း ဖြစ်နေသည်ကို ကြည့်ပြီး
အချို့သော သူများကို ကျွန်တော် ငြီးငွေ့ဖူးသည်။ စစ်ကူတောင်းပြီး (ကျွန်တော်ကတော့)
သူရဲကောင်းမလုပ်ချင်။
၃၂။ လောကကြီးသည် ပင်လယ်ကြီးနှင့် တူပါသလား၊ ကျွန်တော်မြစ်လို စီးဆင်းသွားချင်သည်။
သို့သော် ကျွန်တော့်အတွက်တော့ မည်သူမျှ အကျိုးမကျန်ရစ်စေလိုပါ။ မြစ်ကျိုးအင်းတွေကို
ကျွန်တော် မထားခဲ့ချင်ပါ။
၃၃။ အခြားသူများကို နားလည်တတ်ရန်ထက် ကိုယ့်ကိုယ်ကို နားလည်ရန် ခက်၏။ ကျွန်တော့်ကိုယ်
ကျွန်တော် မကြာခဏပြောဖူးပါသည်။
“မင်း ဘာကောင်လဲ….?”
၃၄။ လွယ်အိပ်တစ်လုံးဖြစ်လိုလျှင် သူ့အတိုင်း မတ်မတ်ထောင်၍ မရ။ ကျွန်တော်သည် ဘာမှ
မရှိသော အိတ်လွတ်တစ်လုံး ဖြစ်ဖူးသည်။ ထပ်မံဖြစ်ချင်စိတ်ကာ မရှိ။ နံရံ သံချိတ်တွင်
တွဲလောင်းကြီးဖြစ်နေရသည်မှာ မသက်သာလှ။
၃၅။ အမှန်တရားခေါ်ရာကို ကျွန်တော်သွားမည်။ (ကျွန်တော့်ကို ဇက်ကြိုးမတပ်ဘူးဆိုလျှင်….)
၃၆။ လိုချင်လျှင် အရင်ပေးရမည်။ အိတ်ထဲတွင် ထည့်ထားမှ အိတ်က ထုတ်၍ရမည်။
တစ်ခုတော့ရှိပါသည်။ ကျွန်တော့်လက်နှင့် ထည့်ထားသော အရာများဖြစ်၍ ကျွန်တော့်လက်နှင့်ပဲ
ပြန်ထုတ်လို့ရပါသည်။
၃၇။ ကျွန်တော့်မှာ နာမည်ရှိပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် ထိုနာမည်ကို ကျွန်တော်
ပြန်ရုပ်သိမ်းချင်ပါသည်။ ဘာအမည်မှ မရှိလျှင် ပိုကောင်းမည်။
၃၈။ အသီးအတွက် နေထိုင်သူသည် အပွင့်အတွက် မဟုတ်ချေ။ ပန်းသီးပင်ရှေ့မှာ
ကျွန်တော်တွေဝေစဉ်းစားနေပါသည်။
၃၉။ ကျွန်တော်သည် ကျောက်စိမ်းလို တချွင်ချွင်မြည်ချင်သူ မဟုတ်။ ကျောက်ခဲလို
တဝှီးဝှီးလိမ့်ချင်သည်။ လမ်းဖယ်ပေးကြစေလိုသည်။
၄၀။ အရှေ့ကို သွားဖူး၏။ အနောက်ဘက် ရောက်သွားသည်။ ခဲလုံးကို မိုးပေါ်ပစ်တင်ဖူး၏။ မြေပေါ်
ပြန်ကျလာသည်။ ကျွန်တော်တစ်ယောက်တည်း အတည့်လည်း နေဖူးသည်။ ပြောင်းပြန်လည်း
ဖြစ်ဖူးသည်။
၄၁။ အကျယ်ပြန့်ဆုံးသော နေရာသည် ထောင့်ချိုးများမရှိ။ ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ
ထောင့်ချိုးများသည် ကျွန်တော့် မကျယ်ပြန့်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မည်။
၄၂။ တစ်… နှစ်… သုံး…. သူရဲကောင်းတွေလည်း ခါးကုန်းသွားသည်။
၄၃။ မြက်ပင်ကလေးများ ကြီးထွားလွန်းလျှင် သစ်ပင် နီးနီး ရှိမည်လော။ ဆရာမက ကျွန်တော့်ကို
ဘာမှ ပြန်မပြောချေ။
၄၄။ ပြေးပါရစေ။ ရပ်ရမည့်နေရာကို သူသိပါသည်။ ထို့ကြောင့် အန္တရာယ်နယ်မြေဆီလည်း
သူပြေးနိုင်သည်။ ရပ်ချိန်တန်လျှင် ရပ်လိမ့်မည်။ ကျွန်တော်က သူ့မိတ်ဆွေဖြစ်သောကြောင့်
သောက်ရေတစ်ခွက်နှင့် စောင့်နေသည်။
၄၅။ ကျွန်တော် မက်ခဲ့ဖူးသော အိပ်မက်တို့ များလှပါပြီ။ လူငယ်တစ်ယောက်အတွက်
လုံလောက်ပါပြီ။ တော်ပါပြီ။ ကျွန်တော် ပြောသော်လည်း သူတို့ မကြားကြ။ အိပ်မက်များစွာ
လာမြဲလာသည်။
၄၆။ တစ်ခုပဲ လုပ်ပါ။ မြင်းလုပ်မလား။ ရထားလုပ်မလား။ ထိုသို့ပင် ကျွန်တော် မြင်းရထားကြီးကို
သွားမေးဖူးသည်။
၄၇။ သိချင်၏။ ပို၍ သိချင်၏။ သို့သော် သိအောင် ကြိုးစားလေ မသိလေလေ ဖြစ်သွားသည်။
နားစွင့်ထောင်ကြည့်၏။ ဟိုး… အဝေးဆီမှ ကျွဲချိုမှုတ်သံ သဲ့သဲ့ကိုသာ ကြားရလေသည်။
၄၈။ ကျွန်တော့်မှာ ရှိသမျှ အကုန်လုံး ပျောက်ဆုံးသွားဖူး၏။ သတင်းစာထဲမှာ ကြော်ငြာ
မထည့်ဖြစ်ပါ။ ကျွန်တော် ငြိမ်းချမ်းသွားပါသည်။ ဘာမှ မရှိသဖြင့် ဘာမှ လုပ်စရာမလိုတော့။
၄၉။ ကျွန်တော်က ငြိမ်းချမ်းချင်သည်။ ထို့ကြောင့်ပင် မငြိမ်းချမ်းတော့။
၅၀။ ကျွန်တော် မုဆိုးမဟုတ်ပါ။ လေးနှင့် မြားကို မထုတ်လုပ်ပါ။ အချို့နေရာများတွင် ရှိကြသော
“ပစ်မှတ်”များသည် ကျွန်တော့်အတွက် မဟုတ်ကြပါ။
၅၁။ ကျွန်တော်သည် ကျွန်တော်၏ အရှင်သခင် ဖြစ်ပါသည်။ စိတ်ပျက်လက်ပျက် ခံစားရ၏။
ထိုဒဿနအရဆိုလျှင် ကျွန်တော်သည် ကျွန်တော်၏ ကျေးကျွန် ဖြစ်နေသည်။
၅၂။ အလင်းရောင် သုံးခြင်းသည် အမြင်အာရုံကို ကြည်လင်စေသည်။ ကျွန်တော့်ကို
အလင်းပေးစေလိုပါသည်။ ရှင်းအောင် ထပ်ပြောပါမည်။ အလင်းပေးစေလိုပါသည်။
အပူမတိုက်ကြပါနှင့်။
၅၃။ ဗဟိုလမ်းမကြီးများက ဖြောင့်ဖြူးညီညာလှပါသည်။ အချို့က လမ်းသွယ်ကိုမှ ကြိုက်ကြ၏။
ကျွန်တော်တို့တွေ တစ်နေရာတည်းကို ဦးတည်သွားခြင်းဖြစ်ပါသည်။ သို့သော် ကျွန်တော်နှင့်
ကျွန်တော့ မိတ်ဆွေများ တစ်လမ်းစီ သွားခဲ့ကြပါသည်။
၅၄။ ကျွန်တော်က တစ်ယောက်တည်း နေတတ်ပါသည်။ အထီးကျန်သည်ဟု မခံစားရပါ။
ဤမျှသည်ပင်လျှင် များလှပါပြီ။ စည်ကားလှပါပြီ။
၅၅။ လိုချင်သောအခါ ကောက်ယူရ၏။ မလိုချင်တော့သောအခါ ပြန်လွှင့်ပစ်ရ၏။ အစတည်းက
မယူခဲ့လျှင် အကောင်းသား။ အခုတော့ “အား” နှစ်ခါ ကုန်ရသည်။
၅၆။ ကျွန်တော့်ကို ဘယ်သူချည်နှောင်ခဲ့သည် မသိ။ ဘယ်တုန်းက ချည်နှောင်ခဲ့သည် မသိ။
ကျွန်တော့်မှာ ဖြည်လိုက်ရတာ။ (ခုတိုင်… မလွတ်မြောက်သေး)
၅၇။ သာမန်လူပဲ ဖြစ်ချင်သည်။
၅၈။ အစွန်းမရာက်အောင်တော့ ကိုယ့်ကိုယ်ကို ထိန်းနိုင်ပါပြီ။ သူများအစွန်းနှင့် လွတ်အောင်တော့
ကိုယ်မနေတတ်သေး။ ကောင်းကင်နှင့် မြေကြီးကြားညပ်နေသော ကောင်လေးကို
ဆွဲထုတ်ပေးကြပါ။
၅၉။ ကျွန်တော့်ကိုယ် ကျွန်တော် ဖွင့်ချထားပါသည်။ ဘောင်တစ်ထုထဲမှာ ပိတ်မထားပါ။
အကန့်အသတ်မဲ့သွားပါသည်။ ထို “အကန့်အသတ်မဲ့မှု”သည် ကျွန်တော်မျှော်လင့်သည့်
အရာများအတွက်တော့ “တိကျမှု”ပဲ ဖြစ်ပါသည်။
၆၀။ ကိုယ့်ကိုယ်ကို ဒိုင်းနှင့်ကာထားပြီးမှ သူတစ်ပါးကို ဓားနှင့်ရွယ်ရဲသူ၊ ထိုလူနှင့် ကျွန်တော်
လမ်းမတူ။
၆၁။ ကျွန်တော့်ကို ရိုကျိုးနှိမ့်ချစွာ ဆက်ဆံလာသူများရှိပါသည်။ ကျွန်တော်က ဘာကောင်မှ
မဟုတ်၍ သူတို့ အရှုံးထွက်ကြလိမ့်မည် ထင်သည်။ တစ်ခုတော့ရှိသည်။ အချို့လူများသည်
“လိုအင်” တစ်ခုအတွက် နှိမ့်ချခြင်း မဟုတ်။ သဘာဝအတိုင်း နှိမ့်ချခြင်းသာဖြစ်သည်။
သူတို့ကတော့ မြတ်လိမ့်မည်။
၆၂။ မည်သူကိုမဆို မည်သည့်အရာကိုမဆို အပြစ်ရှာလျှင် တွေ့နိုင်ပါသည်။ “အဲဒီခေတ်
ကုန်သွားပြီ”ဟု ကျွန်တော်နှင့် သူငယ်ချင်းတစ်ဦး ရယ်ပွဲဖွဲ့ခဲ့ဖူး၏။ ကျွန်တော်တို့
“အပြစ်”မရှာတော့ပါ။ “အဖြေ”ကိုသာ ရှာပါတော့သည်။
၆၃။ ပညာရှိများသည် သေးဖွဲသော အရာများမှာပင် အခက်အခဲတွေကို ရှာတွေ့တတ်သည်။
ကျွန်တော်က ပညာရှိ မဟုတ်။ ထို့ကြောင့် အခက်အခဲတွေကို အသေးအဖွဲဟု သဘောထား၏။
“ခံရမှ သိမယ်…”ဟု ချစ်သူက ပြောသည်။ သို့သော် မခံစားရသေး၍ မသိသေး။ ချစ်သူကို
ရယ်ပြခဲ့သည်။
၆၄။ ကျွန်တော့်ထံမှ ထိုအရာများ လွတ်ကျမည်ကို ကျွန်တော် စိုးရိမ်၏။ ဆုပ်ကိုင်ထားရန်
ငြင်းလိုက်ပြီး။ လွတ်ကျမှာကို ကြောက်စရာ မလိုတော့။
၆၅။ “ပြီးတာတွေ ပြီးပါစေ”ဟု သမားတော်က ကျွန်တော့်စိတ်ကို ကု၏။ ဝေဒနာပျောက်သောအခါ
ကျွန်တော် သူ့ကို ဆေးဖိုးဝါးခမပေး။ သူ ဒေါသထွက်သောအခါ “ပြီးတာတွေ ပြီးပါစေ”ဟု ကျွန်တော်
ပြန်ဖျောင်းဖျလိုက်၏။ ကြေပြီ။
၆၆။ ခက်သည်က ကမ္ဘာမြေကြီးကို ကျွန်တော့်ကြောင့် မလေးစေချင်ခြင်းဖြစ်သည်။ “လေထဲမှာ
ပျံနေပေါ့…”ဟု ညီမလေးက နောက်၏။ ခက်သည်က လေထုကြီးကိုလည်း ကျွန်တော့်ကြောင့်
မလေးစေချင်။ ကိုယ့်ကိုယ်ထဲကိုသာ ပြန်ကြုံ့ဝင်မိသည်။
၆၇။ “ဘဝဆိုတာ တိုက်ပွဲ”ဟု လက်သီးလက်မောင်းတန်းကာ တချို့က ဆို၏။ ကိုယ်စီကိုယ်စီ
လက်နက်ရှာကြ၏။ ကျွန်တော်ကတော့ ဘဝဆိုတာ ဘာမှမဟုတ်ဟု ပြောလိုက်၏။ ဘာကိုမှလည်း
မရှာ။ တစ်ခါတစ်ခါ ကျွန်တော်သည် ရယ်ကျဲကျဲလုပ်လေ့ရှိ၏။
၆၈။ အချို့လူများ ကျွန်တော့်ကို ရှေ့မှာထား၏။ အချို့လူများ ကျွန်တော့်ကို ကျော်တက်သွား၏။
ချောက်ကမ်းပါးကို ရောက်မှ ကြောက်အားနှင့် လှည့်ပြန်။ ကျွန်တော်နှင့်တစ်ဖန် လူချင်းလဲကြပြန်၏။
၆၉။ အောင်မြင်ကြပါစေ။ သို့သော် အောင်မြင်ခြင်းသည် ငြိမ်းချမ်းခြင်းမဟုတ်။ ခွင့်လွှတ်ခြင်းကသာ
ငြိမ်းချမ်းခြင်းဖြစ်သည်။ အဖေါ်မပါလည်း တစ်ယောက်တည်း ရပ်တည်မည်။ ခွင့်လွှတ်ခြင်းဖြင့်
ငြိမ်းချမ်းမည်။
၇၀။ အင်္ကျီကို ကျောက်ပြားနှင့် ရိုက်လျှော်လိုက်၏။ ကိုယ့်ကိုယ်ကိုရော ဘာနှင့်ရိုက်လျှော်မည်လဲ။
၇၁။ မသိချင်ပါ။ ဘာကိုမှ မသိချင်ပါ။ ဘာကိုမှ မသိဘူးဆိုတာကိုလည်း ပြန်မသိချင်ပါ။
၇၂။ သူ့ကိုယ်သူတော့ ချစ်လိမ့်မည်။ ထိုမိန်းမကြီးကို ကြည့်ပြီး ကျွန်တော် စဉ်းစားနေသည်။
သူ့ကိုယ်သူ ချစ်တာနှင့်ပင် သူတစ်ပါးကို မုန်းရမည်လား။ တစ်စုံတစ်ရာကတော့ “မတရား”ဟု
ထင်မိသည်။
၇၃။ ကောင်းကင် ကွန်ယက်က ကြီးသည်။ ကွန်ပေါက်တွေလည်း ကျယ်သည်။ သို့သော်
မည်သည့်အရာမှ ထွက်ကျမသွား။ ထိုသို့ဖြင့် ဒလိမ့်ကောက်ကွေးပါသွားရပြီ။
၇၄။ ကျွန်တော် မကြည့်ချင်သော ယောင်းမများကို ထိုသစ်သားတုံးကြီးမှ
ထုတ်လုပ်၏။သစ်သားတုံးများကို မခုတ်ပါ။ လက်သမား၏ လက်ကိုသာ ခုတ်ရမည်။
ကျွန်တော့်ဓားတွေကို ထွေရာလေးပါး ဝှေ့ယမ်းနေမိသည်။
၇၅။ သူဌေးကြီးလက်ထဲမှ ပြားစေ့သည်လည်း သူတောင်းစားလက်ထဲမှ ပြားစေ့နှင့်
တန်ဘိုးညီသည်။
၇၆။ ကျွန်တော် စိုက်သော နှင်းဆီပင်ကလေး သေသွားပြီ။ ခြောက်သွေ့သွားပြီ။ ကျွန်တော်က
ရှင်သန်ရဦးမည်ဖြစ်၏။ လောကကြီးမှာ စိမ့်စိုရပ်တည်ရချေဦးမည်။
၇၇။ လောကသည် လေးကိုင်းပမာရှိ၏။ ရုန်းပင့်ဆွဲယူခြင်းကို ခံရသောအခါ မြင့်သော အကိုင်းက
ညွှတ်ဆင်းသွားသည်။ နိမ့်သောအပိုင်းက ခုံးမောက်သွားသည်။
၇၈။ ဘဝမှာ လေပြည်ကိုချည်း မျှော်လင့်စရာမလိုပါ။ မုန်တိုင်းမှာလည်း အောက်စီဂျင်ပါလေသည်။
၇၉။ နိုးနိုးကြားကြားတော့ မအိပ်ချင်ပါ။ အိမ်မည့်အိပ် ပျော်အောင်ပဲ အိပ်ပါတော့မည်။
၈၀။ “…. ….”ကိုပဲ ယူပါမည်။ သံချပ်ကာ အရေခွံကြီးကို ထားခဲ့ပြီ။
၈၁။ မှန်သောစကားသည် အသံထွက်ချိုသာခြင်း မရှိ။ သို့သော်လည်း မှန်သည့်အတိုင်း
ဝန်ခံခဲ့ပါမည်။ သင့်အထင် မှန်ပါသည်။ ကျွန်တော်သည် စုန်းပြူးတစ်ကောင် ဖြစ်ပါသည်။
တာရာမင်းဝေ
စုန်းကိုက်ခံရသောပန်းသီး ဝတ္တုတိုများ
No comments:
Post a Comment