Mar 13, 2017

စံညိမ်းဦးကဗျာများစုစည်းမှု

စံညိမ်းဦးကဗျာများစုစည်းမှု

စံညိမ်းဦးကဗျာများစုစည်းမှု(၁)
===============
မေတ္တာမျက်လုံးများ ကွယ်တဲ့အခါ
____________________________

ကြိုးဟာ
မြွေဖြစ်လာ ။
.
ချောကလက်တောင့်နဲ့ ပုံတူရေးကြရမဲ့အစား
ကျည်ဆံနဲ့သာ ရေးခဲ့မိကြ။
.
ဘယ်တော့မှ
ငါတို့ဟာ
တစ်ယောက်ကို တစ်ယောက်
မြင်နိုင်ကြလိမ့်မယ် မဟုတ်တော့။ ။
.
စံညိမ်းဦး
(ကမ္ဘာထဲက စစ်ပွဲများသို့)
(၂၀၁၁ ခုနှစ်၊ မတ်လထုတ် ပိတောက်ပွင့်သစ်မှ)"

စံညိမ်းဦးကဗျာများစုစည်းမှု(၂)
===============
မင်းကိုမေ့ပစ်လိုက်ပြီဆိုတဲ့ကဗျာ
_________________________
.
ဟုတ်တယ်
ဒါဟာ မင်းကိုမေ့လိုက်ပြီဆိုတဲ့ ကဗျာ။
ခန္ဓာဝန်က ပေါင်တစ်ရာကျော်ကျော်လောက်
နှလုံးသားက မင့်စိတ်နဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်
ကျည်ဆံရာတွေက အတိတ်ဝဋ်ကြွေးကိုဖြေဆပ်နေတဲ့အတိုင်း
ဇကာအပေါက်ပေါက်
အခုတော့
အလွမ်းနဲ့ခွဲထွက်တော့မယ်ဆိုပြီး ရေမိုးချိုး
ဟုတ်တယ်
ဒါဟာ မင်းကိုမေ့ပစ်လိုက်ပြီဆိုတဲ့ ကဗျာ။
မင်းက တပေါင်းလမှာ မွေးဖွားခဲ့သူ
ဒါပေမယ့် စကားလုံးချွန်ချွန်တွေက သစ်ရွက်တွေလိုမကြွေ
ငါက စက်တင်ဘာနေအောက်မှာ မွေးဖွားခဲ့သူ
ဒါပေမယ့် အချစ်တွေက ပုစွန်တွေလိုမသေ
အခုတော့
စက်တင်ဘာလရဲ့ နေနီနီကို သံကြိုးရိုက်ကြည့်လိုက်တော့
ဟုတ်တယ်
ဒါဟာ မင်းကိုမေ့ပစ်လိုက်ပြီဆိုတဲ့ ကဗျာ။
သံယောဇဉ်ဇောနဲ့ကြပ်ခိုးစွဲနေတဲ့ မျက်နှာကြက်
အိပ်ရာထက်ကငါ့အပေါ် သောကနဲ့ပြိုပြိုကျလာ
ထိုအိပ်ပျက်ညတာများမှာဆို
လူ့ဘ၀ဟာအငွေ့ပျံလို့
ဝရန်တာထွက်ပြီး ကြယ်တွေနဲ့ လွမ်းခဲ့သူ
အခုတော့
တံခါးတွေကို ဂျက်ချ
စက်ချုပ်လိုက်တဲ့ မျက်ခွံ့တွေမှာ
ဟုတ်တယ်
ဒါဟာ မင်းကိုမေ့ပစ်လိုက်ပြီဆိုတဲ့ကဗျာ။
အစိမ်းရောင် တဟုန်းဟုန်းတောက်နေတဲ့ စိမ်းသူမြို့လေးထဲ
ခုပဲ ငါ့လမ်းတွေ ငါအမှောင်ချ
ငါ့ဖိနပ်သဲကြိုးတွေ ငါဖြတ်ပစ်လိုက်တာ
ပန်းတွေပွင့်ရင် ပျော်ခဲ့
ပန်းတွေကြွေရင် ငိုခဲ့
အခုတော့
ပန်းခင်းတွေကို မီးရှို့ရင်း သီချင်းဆိုနေတာ
ဟုတ်တယ်
ဒါဟာ မင်းကိုမေ့ပစ်လိုက်ပြီဆိုတဲ့ ကဗျာ
မင်းကိုမေ့ပစ်လိုက်ပြီဆိုတဲ့ ကဗျာ ။         ။
.
စံညိမ်းဦး

စံညိမ်းဦးကဗျာများစုစည်းမှု(၃)
===============
ကြယ်​ဝင်းစား
____________
အဆင်းက
လွမ်းချင်း​တွေလို ​ဆွေး​ဆွေးနီ ။
.
ဒီမှာ
မေတ္တတရားရဲ့ပုံတူ​တောင်​တန်းများ..
မျှော်​လင့်​စိမ်းနဲ့ ညို့ညို့​တောင်​တန်းများ....
မိုးသည်းနှင်းထန်​ဥတုများ.....
ကောင်းကင်​တစ်​ခိုက
လိုရာဆိုက်​ ငှက်​က​လေးများကို ကြည့်​မြင်​တိုင်း
အထူးပင်​ မှိုင်းလာ​သော ဆွတ်​ကျင်​လှိုင်းများ..။
.
သြော်​...
အိမ်​ရနံ့ဝင်​​နေတဲ့ အဖျား​ငွေ့​ငွေ့​တွေက
ကျွန်​​တော့်​ တံခါး​ပေါက်​ကို တ​ဒေါက်​​ဒေါက်​​ခေါက်​လို့။......။
.
စံညိမ်းဦး

စံညိမ်းဦးကဗျာများစုစည်းမှု( ၄ )
================
မိုး
_______
လွမ်းနယ်​ရှစ်​ခွင်
ပိန်းပိန်းပိတ်​​အောင်​ပင်​ ညို့လို့။
.
ဝေးဆိပ်​သင့်​​နေတဲ့ လွမ်း​ဆွေးစိုစို​လေး​ပေါ် ရပ်​ရင်း
သီချင်းတစိပုဒ်​ကို တိုးတိုးညည်းဆို
ဘဝမှာ မိုးကြိုးလွှဲပါမလာသူ
ဘာ​တွေရ​နေသလဲလို့
ကျွန်​​တော်​ကိုယ်​ကျွန်​​တော်​ ပြန်​​မေးမိ​နေဆဲ။
.
သင်​တုန်းဓား​တွေက​တော့
တစ်​ခါကလို
‌မိုးစက်​များဆိုတဲ့ နာမည်​ဝှက်​နဲ့
ကျွန်​​တော့်​အ​ပေါ် သွန်းစက်​​နေလျက်​​ပေါ့
.
စံညိမ်းဦး
( မြားနတ်​​မောင်​ ၊ဇူလိုင်​ ၁၉၉၈ )

စံညိမ်းဦးကဗျာများစုစည်းမှု( ၅ )
=================
က​ဖေးဆိုင်​​နေ့ရက်​များ
__________________
လိပ်​ပြာ​လေးတစ်​​ကောင်​အတွက်
စက္ကူပန်းတစ်​ပွင့်​သာ ဖြစ်​ခဲ့​လေသူပါ။
.
ပွဲ​တော်​သံများက
ကျောက်​တုံးတစ်​တုံးကို
ဘယ်​လိုနည်းနဲ့ တိုက်​စားမှာလဲ။
.
အခုဆို
နှလုံးသားတစ်​ခုလုံး ကျက်​ပြီးတီးရက်​နဲ့​တောင်
မမြည်​တဲ့ စည်​ခမျာ​ပေါ့ ​မေ​မေရယ်​။
.
အဖြစ်​အပျက်​တိုင်းဟာ
ဖိနပိအနက်​​ရောင်​ကြိုက်​ခြင်းနဲ့
ဆက်​စပ်​မှုရှိ မရှိ ဆိုတာကို
သူ စဉ်းစား​တွေး​တော​နေဖြစ်​ခဲ့ ။
.
မြက်​ရိုင်း​ခြောက်​​တွေနဲ့ လမ်း​ဆွေး​လေးအတိုင်း
သီချင်းများပိုက်​လို့
အိမ်​ကို ပြန်​လာခဲ့ပြန်​တယ်​။
.
စံညိမ်းဦး
(ပိ​တောက်​ပွင့်​သစ်​ ၊အမှတ်​ ၂ ၊​မေလ ၁၉၉၆)

စံညိမ်းဦးကဗျာများစုစည်းမှု( ၆ )
===============
ကျိန်​စာ
________
အချစ်​နဲ့​ပေါင်​မုန့်​မှာ
ကျွန်​​တော်​ဟာ ​ရေမကူးတတ်​ခဲ့ပါဘူး။
.
အချစ်​က
ကျွန်​​တော့်​နှလုံးသား​ပေါ်မှာ ပန်း​ခွေချခဲ့တယ်​။
ပေါင်​မုန့်​က
ကျွန်​​တော့်​​သွေး​ကြောမျှင်​​တွေကို တစ်​စစီ ကိုက်​ဖြတ်​တယ်​။

ဒီလိုနဲ့ပဲ
ဘဝမှာ
သမိုင်းဦးဘုံ​မြေ​ခေတ်​မှအစ
လာမယ့်​တနင်္ဂ​နွေအဆုံး
အရှုံး​တွေနဲ့ ​လေခို
ပုလင်းကျကွဲသံလို ပြုံးခဲ့ကြရတာ​ပေါ့ ​မေ​မေရယ်​ ။
.
ခုလို
ဖွဲမီးနဲ့တူတဲ့အလွမ်း​တွေ
ဓား​မြှောင်​တစ်​​ချောင်းနဲ့ တ​ကောက်​​ကောက်​လိုက်​လာမှ
ကျွန်​​တော်​ဟာလည်း
ဖုန်​မှုန့်​​တွေကို ခါချပစ်​ချပြီတဲ့ (ရပါ့မလား)
ကျွန်​​တော်​ဟာလည်း
ငါးမျှားတံကို လွှင့်​ပစ်​ချင်​ပြီတဲ့ (ရပါ့မလား)
.
တစ်​သက်​စာအိက်​မက်​ထဲ
တစ်​သက်​စာလိမ့်​ကျခဲ့ပြီ။......။
.
စံညိမ်းဦး
မြားနတ်​​အောင်​ ၊မတ်​လ ၊၁၉၉၈

စံညိမ်းဦးကဗျာများစုစည်းမှု(၇)
===============

______

အထီးကျန်ခြင်းဟာ
ကောင်းကင်အပေါက်တွေကနေ စိမ့်ကျလာနေသလိုလို
ကြယ်ရောင်များ ငါ့ကိုယ်ထဲ တစ်စက်ချင်းကျလို့
မှောင်ရိပ်ခို အဆွေးများရယ်
ဘယ် `ရဲ´မှ မတွေ့ပေမယ့်
ငါမြင်ရ။

ဟောဟိုမှာက
ကျောက်တုံးကို မ,ပြီးကာမှ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ချမိသလို
ပဉ္စလက်လမ်းများ။
အခု
ငါပိုင်ဆိုင်သော ၀ှက်ဖဲများကား
ဇကာတင် ဒုက္ခုပ္ပတ္တိ။
ရွှံ့အိုင်ထဲ အခါခါလဲပေမယ့်
သောဏထေရီ မဖြစ်ခဲ့သူ။
ရေကဖြစ်တဲ့ရွှံ့
ရေနဲ့ဆေးမှ စင်ကြယ်ကြောင်းသိငြား
ရွှံ့၌သာ ရွှင်ပြ။
အခု
ငါ့လှေငါထိုးပြီး ပဲခူးလည်းမရောက်
ငါ့မြင်းငါစိုင်းပြီး စစ်ကိုင်းလည်းမရောက်။
အသေခံနာကျင်မှုတို့
ငါ့တောင်ကုန်းကို အထပ်ထပ်ဝိုင်းထားတဲ့တစ်ည
အလံဖြူပြပေမယ့် သဲကွဲစွာမမြင်နိုင်ခဲ့ကြ။
သန္တိရသ
အခု ငါ့သွေးထဲ အရေးပေါ်လိုနေတဲ့ အမြိုက်ကတော့
အဲဒီပန်းကလေးရဲ့ နွေးထွေးမှုပါပဲ။      ။

စံညိမ်းဦး

စံညိမ်းဦးကဗျာများစုစည်းမှု( ၈ )
=================
ငါတို့မျက်လုံးထဲမှာ လောင်ကျွမ်းနေတဲ့ကဗျာ
________________________________
သူစိမ်းတွေ မဟုတ်ဘူးလားဆိုတော့
ဟုတ်တယ်
သူစိမ်းတွေလားဆိုတော့
မဟုတ်ပြန်ဘူး။
ကမ္ဘာနဲ့ ကြယ်တံခွန်လို
လေပြေညင်းနဲ့ ခန်းဆီးစလို
ငါတို့ပြန်ဆုံတဲ့အခါ
မင်းကိုပြောပြချင်တာက
မင်းကိုယ်ပေါ်က မှဲ့လေးတစ်ပြောက်အဖြစ်နဲ့သာ
ငါ........အရိုးထုတ်တော့မယ်ဆိုတာကိုပါ။
ခု
အံ့သြဖို့ ကောင်းလောက်အောင်
ငါတို့လိမ်ညာနေရတာတွေဟာလည်း
အိပ်ရာဝင်မှ
ကိုယ့်အခန်းနဲ့ကိုယ်
ကိုယ့်အလွမ်းနဲ့ကိုယ်
ငါတို့....မျက်ရည်စို့စရာ။
ကုက္ကိုလ်ပင်နဲ့ မန်ကျည်းပင်ကြီးက
ငါတို့ရီသံတွေကို ငတ်တယ်။
ထိုင်ဖူးခဲ့တဲ့ အုတ်ခုံလေးက
ငါတို့ကို မျှော်တယ်။
အနာဂတ်စီမံကိန်းထဲက
သစ္စာတိုင် ပြတင်းတံခါးများနဲ့
ငြိမ်းချမ်းတဲ့ အိမ်လေးတစ်လုံးကလည်း
အချက်ပေးခေါင်းလောင်းသံတဂွမ်ဂွမ်။
ပြီး...
လျှောက်ဖူးတဲ့ လမ်းကလေးကလည်း
ငါတို့ခြေရာတွေကို ခေါ်ယူလို့။
ဒါနဲ့...
ငါတို့ရဲ့တလွဲမာနများကရော
ငါတို့နှလုံးသားများအတွက်
မြေမခကြတော့ဘူးတဲ့လား...
ခိုကိုးရာမဲ့
ငါတို့အနမ်းများကတော့
ငါတို့နာရီထဲမှာ
ငါတို့အမည်များကို ရေရွတ်လို့ပေါ့

စံညိမ်းဦး

No comments:

Post a Comment