Mar 13, 2017

၂၀၁၆ အလယ်ရိုးမကဗျာဆုဆန်ကာတင်ရွေးချယ်ကဗျာ(၅)ပုဒ်

၂၀၁၆ အလယ်ရိုးမကဗျာဆုဆန်ကာတင်ရွေးချယ်ကဗျာ(၅)ပုဒ်

မောင်​သိန်း​ဇော်​၊​ဝေး​ခေါင်​၊ခိုင်​မြဲ​ကျော်​စွာ
၊သားဦး၊စိုင်းဝင်းမြင့်​တို့ရဲ့ကဗျာများ
.
အခင်းဖြစ်ပွားစဉ်
______________
တာဝန် ကျေပွန်လွန်းတဲ့
မသိမှုဟာ ရဲရဲတင်းတင်းပေါ့

ခင်ဗျားရဲ့လူ့အဖြစ်က
လုပ်သက် ဘယ်လောက်ရှိပြီလဲ ၊

သက္ကရာဇ်တွေက
မှောင်မိုက်တဲ့ စကားလုံးတွေပေါ်မှာ
အိပ်မောကျလို့

တောင်ရောက် မြောက်ရောက်မှာ
တောက်တောက်ပြောင်ပြောင်ကောင်လေ

ပြည်သူလူထုကြီးဆိုတာ
ပါးနပ်သူတို့ အတွက်
လုပ်ငန်းသုံးများဖြစ်နေရော့လား ၊

ငါ ဘာကို မြင်နေရပါလိမ့်?

သမုဒ္ဒယကြိုးထဲက အသံနှစ်ခု
မျက်နှာချင်းဆိုင် ပြုံးလိုက်ကြတယ် ။      ။
.
မောင်သိန်းဇော်
***********************************
ငုံးအိမ်ကျူလ
__________
အဖွားက
ဂျပန်ခေတ်ထဲ ရှင်သန်
သားသုံးယောက် ပိုက်ပြီး
တင်ကျန်ခဲ့တဲ့ မုဆိုးမ။

ကျနော်တို့ မောင်နှမလေးယောက်က
သူ့သားမုဆိုးဖိုရဲ့  သားသမီးများ။

မြစ်ကြီးနားဆေးရုံမှာ သေလာတဲ့ ကျနော့်ညီမအလောင်းကို
ချော့သိပ်သလို ကျောပိုးပြီး သယ်လာတယ်
အစုန်မော်တော်ပေါ်က အဖွားရဲ့ အဆန်မျက်ရည်ခရီး။

အမေ ဆုံးတော့
ကျနော့်ညီက အခါလည်သား
အဖွားဆံပင်ဖြူကြားက ရုတ်ချည်းထွက်ကျလာတဲ့
နို့ရည်ဟာ ကျနော်ညီငိုသံကို ရပ်တန့်စေခဲ့တယ်
နောက်
ကျနော့်ညီဟာ အဖွားလက်ထဲက လျှောကျ
ဘိန်းဖြူမွှေ့ယာမှာ အိပ်မောကျသွားတယ်။

အဖွားဟာ ရုန့်ရင်းညစ်ပေစွာ မဆဲတတ်ဘူး
လက်က ဒလက်လို လည်နေရင်း
အလွန်ဆုံး ပြောလေ့ရှိတာက
'ဟဲ့ မအေသေလေးတွေ စားကြ စားကြ
စားပြီးရင် ပြီးပြီ'
ဒီလောက်ပဲ။

အဖွားဟာ တစ်ဘဝလုံး ထမင်းချက်တယ်
အဖွားဟာ အမြဲမီးမွှေးနေတာပဲ။

ကဗျာဆိုတာက ဘယ်တော့မှ ရေးလို့ မပြီးတဲ့အရာ
အော်. . .
အဖွားက ကဗျာမှ မဟုတ်တာပဲ။   ။

ဝေးခေါင်
၁၁း၅၄ ည
၁၂ သြဂုတ် ၂၀၁၆
**********************************
သတင်းပေးတွေ ဆောက်တစ်လက်နဲ့ နေ့ရယ်ညရယ် ခြစ်ယူသွားပြီးခဲ့တိုင်အောင်
_________________________________________________

မာလာဆောင်ကို အင်္ဂလိပ်ပေါင်ငွေစက္ကူပေးလည်း ကိုယ် မလဲဘူး
တိုင်းပြည်အတွက်ဆို မူရာကာမိနဲ့ နော်ဝေတောအုပ်ကမှ
နေရောင်ထက်ပူနွေးလိမ့်မယ်
ငါတို့ လိပ်ပြာတစ်ဝက်လောက်က
ထုတ်ဝေပြီးသားစာအုပ်တွေနဲ့အချိန်ကုန်မခံချင်တော့
ဘယ်လိုလုပ်ရမလဲ ကပ္ပိတိန်
ကူးထား ကျောင်းသားဂျက်ရေ၊ စပဲရိုးရေ ၊
ဂျပ်ဆင်ဟော ရောက်အောင်ကူးလိုက်။
အဝတ်လျှော်စက်ထဲဖမ်းထည့်တာ မကြောက်ရွံ့
ဗီရိုထဲထည့်လျှော်ခံရမှာ မစိုးရိမ်
ခွေးရိုက်တုတ်ကြောင့်ထိုင်းမှိုင်းရင် စာကြည့်တိုက်ထဲ ၂ရက်၃ရက်သွားထိုင်မယ်
ဘီယာကို လေးစားကြ
ဒိုင်းနမိုက်ကပ်ထားတဲ့နရံဘက်မှာ
ကျောင်းသားတွေ မျက်နှာမူ
လွန်ခဲ့တဲ့ ၄နှစ်ကစီးပွားရေးသီအိုရီကို
ပညာရေးဘုရင်ကြီးက
ဆန့်ကျင်နေတာ သိရဲ့လား။
ဖော်ကျွန်းမဂ္ဂဇင်းအဖုံးမှာ
သစ်ပုတ်ပင်ကြီးအတွက် ပုံမှန်သွေးခုန်နှုန်းဟာ ၈၈ ဘွဲ့နှင်းသဘင်လေယာဉ်ပျံတွေ
စိတ်ကူးယဉ်သလောက် ပျက်ကျတယ်
ပညာလိမ်ပညာကောက်အနေနဲ့ ၃ ရက်ကြာရင်
ကဲကုလကို ဆက်ချစ်နိုင်ပါ့မလား
အဓိပတိလမ်းကို အမုန်းကြီးအောင်ထည့်ထားတဲ့
ဆီလီကွန်
ပြန်ထုတ်ချင်တယ်။
အိမ်ကလေယာဉ်မှူးက ရှေ့ဘာဆက်လုပ်မလဲ သိချင်
RC ဓားပြဇာတ်ကြောင်းကို
documentryတစ်ပုဒ်လောက် ဖန်တီးမလား
အင်းယားကန်ကို အလုပ်ဖြုတ်လို့မရ
နှစ်ပတ်လည်မဂ္ဂဇင်းကို ဇစ်ဆွဲချထားရုံနဲ့အပြီးမသတ်နိုင်
မီးသတ်ပိုက်အောက်က ပေးဂိုးတွေအတွက်
မျက်စေ့ကကျိန်းလိုက်တာကွာ။
သီအိုရေ ရည်ရွယ်ချက်မရှိဘဲလှည်းတန်းကာစီနို သွားမလား
အဆောင်ရှေ့ရေကန်ကို မွန်းအောင်သီချင်းသွားဖြည့်ကြမယ်
ဂစ်တာကြိုးခြောက်ချောင်းဟာ
ဥက္ကာခဲကနေလုပ်ထားတဲ့ သန္တိသုခကြွေထည်အသစ်တွေလုပ်ဖို့
အင်းယားဆောင်မှာ
ခြေသည်းနီကျည်ဆန်လိုလိမ့်မယ်
သိပ်သည်းဆအားကောင်းတဲ့ အနမ်းခရမ်းပြာသာလက်ခံလိုက်ပေါ့ အချစ်
ခေတ်အဆက်ဆက်သဘောင်္ကို
လာဗန်ဒါရောင်နှုတ်ခမ်းဆိုးဆေးနဲ့
သူမတို့ မောင်းနှင်တုန်း။  ။

ခိုင်မြဲကျော်စွာ
*************************************
ကိုယ့်အသိထဲက သူစိမ်းတစ်ယောက်
____________________________
တစ်ယောက်ယောက်
ကိုယ့်လည်ပင်းကိုငှားပြီး
ဖိနပ်ချုပ်ဆိုင်ဖွင့်နေတယ်လို့ ကိုယ်ထင်တယ်
ညှပ်ရိုးနှစ်ချောင်းပေါ် ခုံရှည်ကိုကျကျနနလွှားတင်လို့
ကိုယ့်ဇလုတ်ကို အဖီစွဲလို့
အဲဒီမှာ သူ့အတွက် ရေမီးအစုံအလင်
သူလိုအပ်ရင် ကိုယ့်အဆုပ်ရေတွင်းဆီ ရေသွားငင်လို့ရသလို
သူ့အတွက်ရှုပ်ထွေးလာတဲ့အခါ
ကိုယ့်အသဲအမှိုက်ပုံမှာ အရာရာစွန့်ပစ်လို့ရနေတာပဲ
ကိုယ့်နှလုံးခုန်သံတွေကတော့သူတိုက်ထားတဲ့နာရီ
သူ့ရည်မှန်းချက် အလုပ်တွေ အချိန်မှန်ပြီးစီးနိုင်ဖို့ဆိုပါတော့
ဒီတော့ သူပျော်တယ်ထင်တယ်
လရှည်စာချုပ်နဲ့ ခန့်ခန့်ညားညား
သူ့ဖိနပ်တွေ ကပ်ဖို့ကော်ကို
ကိုယ့်နောက်ကျောဖက်ဆီ သွားကျိုလို့
သူရိုက်ခဲ့တဲ့ ဖိနပ်ရိုက်သံတွေကလည်း
တစ်ချိန်က ကိုယ်စုဆောင်းထားမိတဲ့
သက်သေသယံဇာတတွေ့ 
ဒီတော့ သူပျော်တယ်ထင်ပါတယ်
မနေမနား သူ့ဖိနပ်တွေကိုတရစပ်ချုပ်လုပ်ရင်း
ကိုယ့်အသက်ကို ဖြည်းဖြည်းချင်းမျှားယူ
တစ်ခါတစ်ခါတော့ သူလည်းစိတ်ပူတယ်ထင်ပါရဲ့
ကိုယ့်လည်ချောင်းတစ်လျှောက်ု
သူ့ဖိနပ်သံတဂွတ်ဂွတ်နဲ့ ဖြတ်လျှောက်လို့
အင်း အဲဒါ ဘယ်လောက်ကြာမှာလဲ
ခြောက်လလား ကိုးလလား
ဒါမှမဟုတ် ကိုယ့်အသိလောင်စာတွေအကုန်မကြွမ်းခင်အထိလား
ကြာတော့ ဆရာဝန်လေးက အားနာတယ်ထင်ပါတယ်
ဒါက ရောဂါအစစ်ပဲ
အသက်အစစ်နဲ့ကုမှရလိမ့်မယ်တဲ့
ကိုယ်တို့အိမ်ငှားစာချုပ်ကို အပြီးအပိုင်ဖျက်သိမ်းနိုင်ဖို့ဆိုပါတော့ ။ ။

သားဦး
လရောင်လမ်းချိုး- အမှတ်​၂
၂၀၁၆
*****************************************
ခုနှစ်​စဉ်​ကြယ်
____________
ဂျင်​ဂျစ်​ခန်​ဟာ ဘဝကို မြင်း​ပေါ်မှာ ကုန်​သွား
ကမ္ဘာသမိုင်းဟာ ဖတ်​စာအုပ်​ထဲကုန်​သွား။
.
ကျ​နော်​တို့​ရှေ့က လူများ
မြင်းကုန်းနှီး​ပေါ် ရွက်​လွှင့်
လေထဲ တိမ်​​တွေ လွင့်​သွားတယ်​ ထင်​တာ
ဝေးသွားမှ လူများ
တစ်​​ယောက်​ချင်း အလွမ်းများ။
.
ကျ​နော်​တို့ပွင့်​​သော လူများ
ပျော်​စရာဆိုတာ
လက်​ဘက်​တစ်​ခွက်​မျှ
ဂစ်​တာတစ်​လက်​မျှ
စာအုပ်​တစ်​အုပ်​မျှ ။
.
ယ​နေ့​ခေတ်​ထဲ ​ကျောင်းသင်​ခန်းစာထဲ
ဝိုင်းဝိုင်း ပြည့်​ပြည့်​ တစ်​နှစ်​ကြီး တစ်​နှစ်​ငယ်​ထဲ
တ၇ုတ်​ဖြစ်​ စကိတ်​​လေးစီး၇င်း ဒီ​ဆောင်းညကို ဒီငယ်​ဘဝကို ကုန်​ရင်း
ရောင်​စုံမီး တလက်​လက်​ ကျ​နော်​တို့မျက်​နာ ဖျက်​ကနဲ ကြည့်​ရင်း မိသားစုများ
ချစ်​သူများ သူငယ်​ချင်းများ
ပြုံးတူကယ်​၇င်း၇ယ်​၇င်း။
.
စိုင်းဝင်းမြင့်
နှင်းဆီဖြူ ဂျာနယ် .​၂၀၁၆ အတွဲ ၂၊ အမှတ်​ ၅

No comments:

Post a Comment