Jun 9, 2018

ဆံပင်ဖြူတစ်ပင် ဆယ်ပြား

ဆံပင်ဖြူတစ်ပင် ဆယ်ပြား
❇❇❇❇❇❇❇❇❇

#ကောလ်ထန်မောရီယယ်

(၁)

ဆရာကြီးသည် ကျောင်းတက်ချိန်ထက် တစ်နာရီစော၍ လာတတ်သည်။ ကျောင်းအနီးရှိ လက်ဖက်ရည်ဆိုင်တွင် နာရီဝက်ခန့် နားပြီး လက်ဖက်ရည် သောက်တတ်သည်။ ဆေးပေါ့လိပ် နှစ်လိပ်ခန့် ဆက်တိုက် ဖွာရှိုက်ပြီးမှ ကျောင်းသို့ ဆက်သွားတတ်သည်။ ကျောင်းတွင်း၌ ဆရာကြီးကိုယ်တိုင် ဆေးလိပ် မသောက်ဘဲ နေသည်။ ကျောင်းရုံးခန်းသို့ အခြား ဧည့်သည်များ လာလျှင်လည်း ဆေးလိပ်နှင့်တော့ ဧည့်မခံတတ်။ ကျောင်းသား ကျောင်းသူများကိုလည်း ဆေးလိပ်မသောက်ရန် စည်းကမ်းချက် ထုတ်ထားသည်။ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကိုလည်း ဟောပြောတတ်သည်။

သို့သော် ဆရာကြီးမှာ ဆေးလိပ် အလွန်ကြိုက်သူ ဖြစ်၏။ ကျောင်းမတက်မီ သို့မဟုတ် ကျောင်းဆင်းချိန်များတွင် ပထမဦးစွာ ဆေးလိပ် နှစ်လိပ်လောက် ကုန်အောင် သောက်တတ်သည်။ ကျောင်းသားများနှင့် အတူတူ နေခဲ့သည့် အခါများတွင် နှုတ်သွက်လျှာသွက် ရှိသော်လည်း၊ ပြုံးရွှင်တက်ကြွ နေတတ်သော်လည်း၊ စာသင်ချိန် ပြင်ပတွင်မူ အလွန် စကားနည်း၏။ တစ်ကိုယ်တည်း နေသော သူ့အိမ်ငယ်ကလေးထဲတွင် တိတ်ဆိတ်စွာ ငေးနေတတ်သည်။ တစ်ခါတစ်ရံ ညဘက်များတွင် ‘ခွက်ပုန်း’ သောက်တတ်သည်။ ဆရာကြီး အရက်သောက်မိသည့် ညနေများတွင် တပည့်များ အလည်လာလျှင် “နောက်နေ့မှ လာကြဟေ့၊ ဆရာ အလုပ်တွေ များနေတယ်” ဟု ပြောလွှတ်တတ်၏။ အိမ်တံခါးကို ဖွင့်မပေးတတ်။

ကျောင်းသား ကျောင်းသူ (၁၀၀) ကျော် ရှိသည့် အလယ်တန်းကျောင်းကို အုပ်ချုပ်ရသော ကျောင်းအုပ်ကြီး မဟုတ်လား။ ဆရာကြီးသည် သူ အရက်သောက်တာကို သိချင် သိကြပါစေ။ တပည့်များ၏ ရှေ့တွင်မူ အမြဲ ဆင်ခြင်သည်။ ဟိုအိမ် သည်အိမ် လည်ပတ် သောက်တတ်သူလည်း မဟုတ်။ တပည့် တစ်ဦးဦးကိုလည်း အရက် ဝယ်ခိုင်းတတ်သူ မဟုတ်။ စနေ - တနင်္ဂနွေ ပိတ်ရက်များ၊ သို့မဟုတ် ကျောင်းကိစ္စဖြင့် မြို့သို့ သွားသည့် ရက်များတွင် ပလတ်စတစ် ဂါလံပုံးဖြင့် အပြည့် ဝယ်ထည့်သည်။ ပြီးတော့ အနံ့ မထွက်စေရန် လုံခြုံစွာ ပိတ်သည်။ ဆွဲခြင်းတွင် စနစ်တကျ ထည့်၍ စက်ဘီး ကယ်ရီယာတွင် အခိုင်အမာ ချည်တုပ်ပြီး လှောင်ထားတတ်သည်။

ညနေစာကို ညဉ့်နက်မှ စားတတ်သည်။ ရွာရေး၊ ရပ်ရေး၊ သာရေး၊ နာရေး ကိစ္စမှ အပ အိမ်လည်လေ့ မရှိ။ ဆရာကြီး၏ အရင်းနှီးဆုံး အပေါင်းအဖော်များမှာ တပည့်များသာ ဖြစ်၏။ ပြီးတော့ အရက်။ ပြီးတော့ ဆေးလိပ်ဖွာရှိုက်ခြင်း။ ကျောင်းသင်ခန်းစာများ၊ အခြား စာအုပ်များ။ နေပုံထိုင်ပုံ တည်ငြိမ်လွန်းသည်။ ကျေးလက်ရှိ တချို့ ရွာသားများကတော့ ဆရာကြီးကို မာနကြီးလွန်းသည်ဟု အထင်ရောက်ကြ၏။ အမှန်မှာ ဆရာကြီး၏ အကြောင်းကို မည်သူမျှ မသိ။ မည်သည့် ပုဂ္ဂိုလ်မှ နားမလည်နိုင်။ ဆရာကြီး ကိုယ်တိုင်သာ တသိမ့်သိမ့် တစိမ့်စိမ့် ခံစားနေရသော ဝေဒနာများ ရှိနေပေသည်။ အသည်းပြတ်မတတ် ခံစားနေရသော ကိုယ်ရေးအကြောင်းများ ရှိသည်။ သည်ရွာတွင် ဆရာကြီး ရောက်ရှိ အမှုထမ်း နေသည်မှာ ခုနစ်နှစ်ပင် ကျော်ခဲ့ပြီ။ သည်လောက် ကြာသွားခဲ့ခြင်းကိုပင် ဆရာကြီး သတိမထားမိပေ။

(၂)

ထိုနေ့ကတော့ ဆရာကြီး အိမ်မှအထွက် စောလွန်း၍လား မသိ။ လက်ဖက်ရည် သောက်ပြီးပြီ။ ဆေးလိပ် နှစ်လိပ်ကုန်ပြီးပြီ။ ကျောင်းသို့ ရောက်သောအခါ ရုံးခန်းဖွင့်သည်။ စားပွဲများ၊ ကုလားထိုင်များကို ပြုပြင်ကာ သန့်ရှင်းရေး လုပ်သည်။ ခါတိုင်းဆိုလျှင် တပည့်အချို့ ရောက်နေတတ်သည်။ ရုံးခန်း ရေခပ်ခြင်း၊ သန့်ရှင်းရေး လုပ်ခြင်းများကို တပည့်များ ဝင်လုပ်ပေးတတ်သည်။

သည်နေ့တော့ တစ်ယောက်မျှ မရောက်သေးပါလား။ စောစော ရောက်နေကျ ဖြစ်သော ဆရာ ဦးဝင်းလှိုင်လည်း ပေါ်မလာ။ ဆရာမ ဒေါ်ဥမ္မာခင်လည်း မပေါ်လာ။ နေပင် အတော် မြင့်တက် နေပါပေါ့လား။ ဘယ်လို ဖြစ်ကြတာမှန်း မသိ။ ဆရာကြီး စဉ်းစားရ ခက်နေတော့သည်။ အလွန် နောက်ကျမှ ရောက်လာလေ့ ရှိတတ်သော ဆရာ ဆလိုင်းလျှံမြပေါန်ပင် မပေါ်လာ။

ဆရာကြီးသည် ရုံးခန်းမှ ကျောင်းဝရန်တာ စင်္ကြန်တွင် လျှောက်၍ အဝေးသို့ ငေးကြည့်မိသည်။ သည်တော့မှ သူ့ဦးနှောက်ထဲတွင် အလင်းတန်းတစ်ခု ဝင်လာသည်။ မနေ့က သောကြာ၊ သည်နေ့ စနေ ပါလား။ ကျောင်းပိတ်ရက်ကိုပင် ဆရာကြီး မေ့လျော့ခဲ့သည်။

အထီးကျန် ဆန်လွန်းသော သူ့ဦးနှောက်ကို အပြစ်တင်နေမိ တော့သည်။

“လူတွေကတော့ ကျောင်းမှာ လုပ်စရာရှိလို့ လာလုပ်နေတယ် ထင်မှာပဲ၊ ငါကတော့ မေ့ပြီး ကျောင်းလာတက်မိတာ”

(၃)

သူ့ကျောင်းမှာ အသွေးအရောင်စုံသော တပည့်ကလေးတွေ ရှိသည်။ ထိုတပည့်များနှင့် သူနေရသည်ကိုပင် ကျေနပ်မိ၏။ ဖြေသာ၏။ သူ တည်တည်ငြိမ်ငြိမ် နေနိုင်ခြင်းမှာ ကျောင်းဆရာ အလုပ်ကြောင့်ပင် ဖြစ်၏။ တပည့်များသည် ဆရာကြီး အသည်းနှလုံးအား နွေးထွေးစွာ ပွေ့ပိုက်ထားကြလေသည်။

ဆောင်းနှောင်းပိုင်း ဆိုပေမယ့် မနက်ပိုင်းမှာ နှင်းတွေ ဝေနေတတ်သေးသည်။ ကျောင်းဝင်းထဲတွင် ရှိသော စိန်ပန်းပင်များ အောက်တွင် ခုံတန်းများ ရှိသည်။ ကျောင်းသား တစ်ဦးလျှင် ပန်းတစ်ပင်ကျ စိုက်၍ ပွင့်သည်အထိ ရေလောင်းခြင်း၊ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ရန် တာဝန်ပေးခဲ့သည်။ တပည့်များက တစ်ပင်မက အပြိုင်အဆိုင် စိုက်ပျိုးကြသဖြင့် တစ်ကျောင်းလုံး လှနေတော့သည်။ ဒေစီပန်းများ၊ မေမြို့ပန်း ရောင်စုံများ၊ အခြား ရွက်လှပန်း အမျိုးမျိုး ဝေဆာနေလေသည်။

နေလုံး အထက်သို့ မရောက်မီတွင် စိန်ပန်းပင်အောက်က ခုံတန်းငယ်များ ပေါ်သို့ နေရောင်ခြည် နွေးထွေးစွာ ရောက်၏။

ဆရာကြီး၏ ကျောင်းသို့ စောစောလာသော တပည့်များမှာ မြောက်ဘက်မှ မန်မော်ရွာ၊ ထန်းတစ်ပင်ရွာ၊ အရှေ့ဘက်မှ အင်ဒိုင်းရွာ၊ တောင်ဘက်မှ နမ့်မွန်သာရွာတို့ ဖြစ်သည်။ အချို့က ခြေလျင် လာကြ၏။ အချို့ကား စက်ဘီးကိုယ်စီဖြင့် လာကြ၏။ တပည့်များထဲတွင် ချင်း၊ မြန်မာ၊ ရှမ်း တိုင်းရင်းသားတို့ ပါဝင်လာကြသည်။

ဆရာကြီး နေစာလှုံနေသည့် နေရာသို့ တပည့်ကလေးများ ဝိုင်းဝန်း လာကြသည်။ အချို့က မင်္ဂလာပါဟု နှုတ်ဆက်ကြသည်။ အချို့က သူတို့ဘာသာစကားဖြင့် နှုတ်ဆက်ကြ၏။ အချို့က ‘ပေါင်းတင်း’ (ကောက်ညင်းကျည်တောက်) များ ယူလာကြပြီး ဆရာကြီးကို လက်ဆောင်ပေးကာ ပူပူနွေးနွေး ကျွေးကြ၏။ အချို့က ဆရာကြီး၏ ရုံးခန်းထဲရှိ ပန်းအိုးကိုယူ၍ ပန်းအသစ် လဲကြ၏။ စားပွဲခင်းကို လှနေအောင် ခင်းကြသည်။ အချို့က သောက်ရေ အသစ်လဲကြ၏။ အချို့က ကျောင်းတွင်း သန့်ရှင်းရေး လုပ်ကြသည်။ အချို့ အပ်ချုပ်စက်ရှိသော တပည့်များက ခေါင်းအုံးပုံစံငယ်များ ချုပ်ပြီး ‘လဲဝါ’ ထည့်၍ ဆရာကြီးကို ပေးကြ၏။ ကျောက်သင်ပုန်း ဖျက်ရန် ‘ဘောဖျက်’ အဖြစ် ပေးကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ထူးဆန်းသော သစ်ခွပန်းများ ယူလာတတ်သည်။

တပည့်များ ဆရာကြီး နှစ်သက်တတ်သော အရာများကို နားလည်နေကြပြီ ဖြစ်သည်။ လှပသန့်ရှင်းသော ကျောင်းကလေး ဖြစ်အောင် အမြဲ စီမံထားချင်သူ ဖြစ်လေသည်။ ကျောင်းသား ကျောင်းသူများသည် ကျောင်းအတွင်း၌ နေကြာစေ့၊ ဆီးထုပ် စသည့် သရေစာများကို စားလျှင် ကိုယ့်အမှိုက်ကိုယ် စက္ကူဖြင့် ထုပ်၍ ကျောင်းဆင်းပြီး လမ်းဝေးရောက်မှ စွန့်ပစ်တတ်နေပြီ။ အဝတ်အစား ကောင်းတာ မကောင်းတာ အပထား၍ သန့်ရှင်းစွာ လျှော်ဖွပ် ဝတ်တတ်ကြပြီ။

နေစာလှုံနေသော ဆရာကြီး အနီးသို့ ဝိုင်းအုံကာ ထိုင်ကြ၏။ ဆရာကြီးကလည်း တပြုံးပြုံးနှင့် တပည့်တွေနှင့် ရယ်စရာ ပြောတတ်၏။ တချို့ တပည့် ပေါက်စ မ,ကလေးတွေကို ဆံပင်အနေအထား ပြင်ပေးတတ်၏။ အချို့ ကျောင်းသား ပေါက်စ, ကလေးတွေ ပုဆိုး မဝတ်တတ် ဝတ်တတ် ဖြစ်နေပုံကို ပြုပြင် ဝတ်ပေး၏။

“ဟယ် ... ဆရာကြီး ... ဆရာကြီး ... ဒီမှာ ဒီမှာ ကြည့်စမ်း၊ ဟေ့ ကြည့်ကြစမ်း”

ပဉ္စမတန်းမှ ကျောင်းသူကလေး ဇိုးထန်းငီက အထိတ်တလန့် ပြောလိုက်သဖြင့် အခြားတပည့်များက ဝိုင်းကြည့်ကြသည်။ ဆရာကြီးကတော့ ပြုံးစိစိပင်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ဆရာကြီး ဆံပင်တွေ ဖြူလာပြီ ... ဒုက္ခပဲ ...”

အင်ဒိုင်းရွာမှ ဆဌမတန်း ကျောင်းသူ ‘နုနုလွင်’ က ထပ်မံအော်လိုက်မှ အခြား ယောက်ျားကလေးများပါ အထူးတဆန်း ရောက်လာကြလေသည်။ ဆရာကြီး၏ ခေါင်းကိုတော့ မည်သူကမျှ လက်နှင့် မကိုင်ကြသော်လည်း အားလုံး ဝိုင်းကြည့်ကြ၏။

“ဟေ့ နှုတ်ပစ်ကြရအောင်နော်” ဟု နုနုလွင်က အော်လိုက်သည်။ ဇိုးထန်ငီနှင့် ‘ကောလ်ကြွားနီ’ တို့ကလည်း “ဟုတ်တယ် ... ဟုတ်တယ်၊ နှုတ်မှ ဖြစ်မယ်၊ အပျိုတွေ သိကုန်ရင် မကောင်းဘူး” ပြိုင်တူ ပြောကြ၏။

ကျောင်းသားထဲတွင် လူရွှတ်လူနောက် ဖြစ်သော ချင်းအမျိုးသား ‘ဆာတန်’ ရောက်လာ၏။ ‘ဆာတန်’ ဆိုသည်မှာ ခရစ်ယန် ဘာသာတွင် ‘မာန်နတ်’ ဖြစ်ရာ သူ့ မိဘများက အရွဲ့တိုက် ခေါ်သော အမည် ဖြစ်၏။

“ဆရာကြီး ဒီ ဆံပင်ဖြူတာကို အပျိုတွေ သိသွားရင် မိန်းမရမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကို ဆံပင်ဖြူ နှုတ်ခွင့်ပေးပါ”

ဒါက ဆာတန်။ (ငါးတန်းကျောင်းသား) ရဲ့ စကား။

“ဟ ... အလကားတော့ မနှုတ်နဲ့ဟေ့ ငါတို့အဖေကို နှုတ်ပေးတုန်းက တစ်ပင်ကို ဆယ်ပြား ပေးတယ်” ဟု ခုနစ်တန်းထဲက ‘လားငှကာ’ ပြောပြန်၏။

“အရမ်း အရမ်း နှုတ်လို့တော့ မဖြစ်ဘူးဟဲ့။ ငါ့အဖေကို နှုတ်ပေးတုန်းက တစ်ပင် ဆယ်ပြား ရတယ်၊ ဒါပေမယ့် မတော်တဆ ဆံပင်အနက် တစ်ပင်ပါရင် ပြားနှစ်ဆယ် ပြန်လျော်ရတယ်၊ ငါရှုံးတာပေါ့၊ မယုံရင် နှုတ်ကြည့် မလွယ်ဘူး”

အတွေ့အကြုံ ရှိပုံရသော ပဉ္စမတန်းမှ မသန္တာဦးက ဝင်ပြောပြန်သည်။ သည်လိုနှင့် တပည့်ငယ်များသည် ဆရာကြီး ဆံပင်ဖြူ ကိစ္စကို စိတ်ဝင်စားလျက် စုရုံးစုရုံး ဖြစ်လာကြလေသည်။

ဆံပင်ဖြူ နှုတ်ပေးချင်လို့ တကဲကဲ ဖြစ်နေသော ကိုးနှစ် ဆယ်နှစ်အရွယ် ငါးတန်း ကလေးများကတော့ နေရာဦး တန်းစီ နေကြလေသည်။ ခုမှ ကျောင်းသို့ ရောက်လာစ တပည့်မကလေးများက ဆရာကြီး ရှေ့သို့ လာ၍ ရပ်ကြ၏။

“ဆရာကြီး ကျွန်မ ဒီနေ့ ဂါဝန်အသစ် ဝတ်ရတယ်၊ အမေက နှင်းဆီပွင့် တစ်ပွင့် ပန်ပေးတယ်၊ သနပ်ခါးလည်း အများကြီး လိမ်းပေးတယ်၊ လှရဲ့လား၊ ကျွန်မ ဆရာကြီး ပြောသလို နေပါတယ်၊ လက်ရေးလှ အမှတ်များများ ပေးရမယ် သိလား”

‘လှမျိုးသူဇာ’ တဲ့။ သည် ကောင်မလေး ညစ်ပတ်တယ်ဟု ပြောဖူးသဖြင့် လှလှပပ ပြင်ဆင်လာပုံကို လာပြခြင်း ဖြစ်၏။ သနပ်ခါး ပါးကွက်ကြားနှင့် ဂါဝန် အစိမ်းလေးနှင့်၊ ခေါင်းမှာ နှင်းဆီပွင့် ရဲရဲကြီးကို ဆံညှပ်ဖြင့် ဖိကပ်ပန်ထား၏။

“လှမျိုးသူဇာက သိပ်လှတာပဲ၊ လက်ရေးလှလှ ရေးနော်” ဟု ဆရာကြီးက ပြောလိုက်၏။ သည်လိုပင် တစ်ယောက်ပြီး တစ်ယောက် လာ၍ သန့်ရှင်းလှပမှုကို ပြကြ၏။ လွယ်အိတ်ကြီးတွေကတော့ အရွယ်နှင့် မလိုက်၊ ကြီးမား ပြည့်ဖြိုးလွန်းလှသည်။

ထိုအချိန်တွင် ငိုမဲ့မဲ့ဖြင့် လေးတန်းကျောင်းသားငယ် တစ်ယောက် ရောက်လာ၏။ ချင်းအမျိုးသားကလေး ဖြစ်သည်။

“ထန်လုံး ... ဘာဖြစ်ခဲ့သလဲ၊ ဘယ်သူက ရိုက်သလဲ ဆရာ့ကို ပြောစမ်း”

“ငါ့ကို အမေရိုက်တယ် ဆရာကြီး ...၊ ငါ စက်ဘီးနဲ့ ကျောင်းတက်ချင်တယ် ပြောလို့ အမေက ငါ့ကို ရိုက်လွှတ်တယ်၊ ငါ အိမ်မပြန်တော့ဘူး၊ ငါ ဆရာကြီးနဲ့ နေမယ်”

“အေး အေး တိတ်တိတ်၊ ထန်လုံး စက်ဘီး စီးချင်ရင် ဆရာကြီးရဲ့ စက်ဘီးကို စီးပေါ့နော်၊ တိတ်တိတ်”

ထန်လုံး ကျေနပ်သွားလေသည်။ ဆံပင်ဖြူ နှုတ်လိုသော အဖွဲ့ကလည်း ဆရာကြီး၏ ဦးခေါင်းကို ကိုင်ချင်လှပြီ။

ဆံပင်ဖြူတစ်ပင် ဆယ်ပြားနှုန်း၊ အနက်တစ်ပင် ပြားနှစ်ဆယ် ပြန်လျော်ရမည်ဟူသော စည်းကမ်းဖြင့် သဘောတူလေသည်။ အနက်အဖြူ အမှားအမှန် စောင့်ကြပ်ဒိုင် လုပ်သူက ‘ဆာတန်’ ဖြစ်၏။ ဆံပင်ဖြူ တစ်ပင်ကို သီးသန့်ရအောင် ခွဲရသည်။ မလွယ်လှ။ သည်ကြားထဲက နုနုလွင်က စကားတတ်၏။ သန္တာဦးကလည်း ဆံပင်ဖြူ နှုတ်ရသည့် အတွေ့အကြုံကို သိ၏။ ပြောပြနေသေး၏။

“အဖေကြီးကို နှုတ်ပေးတုန်းက သိပ်ခက်တာ၊ မလွယ်ဘူး၊ အစတုန်းကတော့ သိပ်နှုတ်ပေးချင်တာပဲ၊ နောက်ကျတော့ ဆံပင်ဖြူ နှုတ်ခိုင်းမှာ ကြောက်နေတာပဲ၊ တချို့ အပင်တွေက တစ်ဝက်အဖျားပိုင်းက အနက် အရင်းပိုင်းက ဖြူတယ်၊ တချို့က မဖြူမညိုလည်း ရှိတာပဲ” 

ထိုအချိန်တွင် မြန်မာစကား ဝေါဟာရ သိပ်မကျွမ်းကျင်သေးသော တပည့်ငယ် ‘လားလွန်ဆွန်း’ က ဝင်လာ၏။

“ငါ့ဆရာကြီး အသက်ကြီးပြီနော် ... ဆံပင်ဆိုတာ အသက်ကြီးလို့ ဖြူတာနော်၊ ဒါနဲ့ ဆရာကြီး ဘယ်နှစ်မိုး ရှိပြီလဲ”

“ဟယ် ...”

အားလုံး ဝါးခနဲ ရယ်လိုက်ကြလေသည်။ လားလွန်ဆွန်းကတော့ ကြောင်တက်တက် ဖြစ်နေ၏။ သူကတော့ ဆရာကြီး၏ အသက် ဘယ်လောက်ရှိပြီလဲ သိချင်၍ မေးခြင်းဖြစ်၏။ ထိုဝေါဟာရကို သူ မသိ။ လားလွန်ဆွန်း၏ မိဘများမှာ နွား အရောင်းအဝယ် လုပ်သည်။ နွား၏ ခိုင်းသက် သိလိုလျှင် “ဘယ်နှစ်မိုး ရှိပြီလဲ” မေးတတ်၏။ ယင်းစကား အမှားကို အားလုံးက ရယ်မောကြခြင်း ဖြစ်၏။ ဆရာကြီးသည် ပြုံးပြုံးကြီးပင် ဖြစ်၍ နေလေသည်။

အတန်ကြာသောအခါ ဆံပင်နှုတ်ရသမျှကို ‘ဆာတန်’ သို့ အပ်ကြ၏။ ဆာတန်က စစ်ဆေး၏။ အနက် ပါသူများကို ရသင့်ငွေ နှုတ်၏။ ငြင်းကြခုန်ကြ ဆူနေတော့သည်။

သည်ကြားထဲ ‘ကောလ်ကြွားနီ’ က စကားရှည်ပြန်၏။ သူတို့မှာ ချင်းအမျိုးသားကလေး ဖြစ်၍ ဗမာစကားကို မှတ်မိသမျှနှင့်သာ ပြောတတ်ပါသည်။

“ဆရာကြီးရဲ့ သမီး ဖြစ်ချင်လိုက်တာ” တဲ့။

“ဟဲ့ ... ဘာဖြစ်လို့လဲ”

“အဲဒါဆို ... ဆံပင်ဖြူတာကို တခြားလူတွေ မမြင်တော့ဘူးပေါ့၊ နေ့တိုင်း နှုတ်ပေးမှာပေါ့၊ အင်း ဆရာကြီးမှာ ထမင်းချက်ကျွေးမယ့် လူလည်း မရှိ၊ နင်းနှိပ်ပေးမယ့် လူလည်း မရ၊ သနားပါတယ် ဟယ် ... စိတ်ညစ်ရင် ဆံပင် ပိုဖြူတယ်တဲ့၊ မိန်းမ ယူပါလား ငါတို့ ရှာပေးကြမယ်”

ဆရာကြီးသည် ကောလ်ကြွားနီကို မချိပြုံး ပြုံးကာ ငေးကြည့်နေခဲ့သည်။

ပြီးတော့ ဆံပင်နှုတ်ခငွေ အကြွေ သုံးကျပ် ပြားရှစ်ဆယ် ပေးလိုက်လေသည်။ ယင်းကို ဆာတန်က ဝေပေးပြီး ရသူများထံမှ တစ်ဦးလျှင် ဆယ်ပြားနှုန်း အကောက်ခွန် ကောက်လေသည်။ ဆရာမ ဒေါ်ဥမ္မာခင်ကို ကျောင်းတက် သံချောင်း ခေါက်ရန် အချက်ပြလိုက်လေသည်။

သံချောင်း ခေါက်သံနှင့်အတူ ကျောင်းသား ကျောင်းသူ ပန်းပွင့်ရောင်စုံကလေးများ ကျောင်းပေါ်သို့ ပျော်ရွှင်မြူးတူးစွာ တက်သွားကြလေသည်။

(၄)

ဆရာကြီးသည် အဝေးသို့ ငေးရင်း ... စိန်ပန်းပင်ရိပ်မှ ရုတ်တရက် မထနိုင်သေး။ သူ့မျက်ဝန်းအိမ်များထဲမှ မျက်ရည်ပူများ စီးကျ၍ နေလေသည်။ သူ့ဘဝ၏ ခံစားချက်ကို သူသာသိသည်။

ဆရာကြီးသည် မြန်မာပြည်တွင် ချစ်သူဇနီး သားသမီးများ ရှိ၏။ လင်မယား ကွာရှင်းပြတ်စဲ ခဲ့ရ၏။ ခုဆိုလျှင် သူ့ သမီးကလေးများသည် ကိုးနှစ် ဆယ်နှစ်အရွယ်တွေ ဖြစ်မည်ဟု သူတွေးမိ၏။ ဆံပင်ဖြူစ, ၌ သမီးကလေးများကို တစ်ပင်လျှင် တစ်ရာကျပ်ပေး၍ နှုတ်ခိုင်းချင်လွန်းလှသည်။

ခုတော့ အတိတ်သည် ဆံပင်ဖြူကို မနှုတ်။ မျက်ရည်တို့ကိုသာ နှုတ်လေသည်။

🔲

ကောလ်ထန်မောရီယယ်

ပန်၊ ဇူလိုင်၊ ၁၉၈၈။

No comments:

Post a Comment