စိုးရိမ်ရေမှတ် ===========
သဉ္ဇာလှိုင် ( လားရှိုး )
------------------------
( ၁ )
ကျွန်မတို့မိန်းမသားတွေဆိုတာကလည်း အခက်သားကလား။
မုန့်ကိုသာ ဝေစားချင်ဝေစားမယ်။ အချစ်ကိုတော့ မျှဝေမချစ်နိုင်ဘူးရယ်လို့
တစ်ညီတညွတ်တည်းကြွေးကြော်ခဲ့ကြတာလေ။ ကမ္ဘာဦးအစကတည်းက
ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ အချစ်ဟာ အင်မတန်ဆန်းကြယ်လှပါတယ်။
ဒါကြောင့်လည်း အနောက်တိုင်းပညာရှိတွေက ဆိုကြတာပေါ့။
ဟိုးလွန်ခဲ့တဲ့နှစ်သန်းပေါင်းနှစ်ထောင်နီးပါးက ကမ္ဘာကြီးကို ဥက္ကာပျံ( သို့မဟုတ် )
ဂြိုဟ်သိမ်၊ ဂြိုဟ်ပဲ့တစ်ခုက တိုက်ခဲ့မိလို့ ဒိုင်နိုဆောတွေမျိုးသုဉ်းပျက်
စီးခဲ့ရတယ်တဲ့။ လူတွေကကော ဘာကြောင့်မပျောက်ကွယ်ခဲ့တာလဲ။ ကမ္ဘာ
မြေပေါ်မှာ လူသားတွေမရှိတော့ရင် အချစ်ဆိုတာတွေ မရှိတော့မှာမို့လို့များ
လား။
ကျွန်မကတော့ ပညာတတ်တစ်ယောက်ပေမယ့် ခုချိန်မှာကမ္ဘာ
မြေကြီးအတွက် ပြီးခဲ့တဲ့အချိန်တွေ ၊ လာမယ့်အနာဂတ်အချိန်တွေအတွက်
တွေးတောဖို့၊ ကြံဆဖို့နည်းလမ်းတွေ ရှာဖွေမနေနိုင်ဘူးလို့ တကိုယ်ကောင်း
ဆန်စွာနဲ့ပဲ ရင်ထဲကနေ အသံတိတ်စစ်ပွဲတွေသုံးပြီး ငြင်းချက်ထုတ်နေမိပါ
တယ်။
ဟုတ်တယ်လေ။ မောင်နဲ့ကျွန်မ ချစ်လို့လက်ထပ်ခဲ့ကြတာ သုံး
နှစ်ကျော်လို့လေးနှစ်ထဲရောက်လာပြီ။ သမီးလေးတောင်မှ တီတီတာတာ
ပြောတတ်တဲ့ နှစ်နှစ်ကျော်အရွယ်ကို ရောက်ခဲ့ပြီ။ ' မောင်အရင်လိုမဟုတ်
တော့ဘူး ' ဆိုတဲ့သီချင်းနဲ့ ဟစ်ကြွေးပြီး ရင်ဘတ်ထုငိုရမလိုပါပဲ။ တကယ်ပါ။
မောင် ခြေလှမ်းတွေပျက်နေပြီ။ ကျွန်မအပေါ်မှာထားတဲ့ မေတ္တာစေတနာတွေ
လျော့ပါးကုန်သလိုပဲ။ မောင့်မျက်လုံးတွေဟာလည်း ကျွန်မနဲ့ သမီးလေးရဲ့
အပေါ်မှာ လေးနက်မှုမရှိတော့သလိုပဲ။
ပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံနဲ့ မွေးကတည်းက ချမ်းချမ်းသာသာ
နေထိုင်လာခဲ့တဲ့ ကျွန်မအဖို့ မောင်ကြိုးစားရှာဖွေခဲ့တဲ့ စည်းစိမ်ဥစ္စာတွေကို
လည်း မက်မောတွယ်တာမနေပါဘူးမောင်။ ကျွန်မလိုချင်တာ သာယာချမ်း
မြေ့တဲ့ အိမ်ထောင်ရေးတစ်ခုပါ။ မောင်နဲ့ကျွန်မ တစ်ယောက်ကို တစ်ယောက်
နားလည်မှုနဲ့အပြန်အလှန် သစ္စာရှိရှိ ချစ်ကြစမ်းပါရစေ မောင်ရယ်။
( ၂ )
'' အေးလေ မိန်းမသားချင်း ကိုယ်ချင်းစာပြီး၊ ပြောပြရမှာပေါ့လေ၊
ငါ့မောင် မကောင်းတာသိပေမယ့် ညည်းက မယားဖြစ်သူပဲ ကေသီ။ ညည်း
ယောင်္ကျားကို ညည်းချော့မော့ပြီး ကိုယ့်ဘက်ပါအောင် ထိန်းပေရော့ ''
ဘုရား… ဘုရား ကျွန်မရဲ့ အထင်တွေမှန်ခဲ့ပြီပေါ့။ကြားလိုက်ရတဲ့
စကားက မိုးကြိုးပစ်သံကို ရုတ်တရက်ကြားလိုက်ရသလို အလန့်တကြားဖြစ်
စရာပါလား။
'' ငါ ဟိုတစ်နေ့က ယုဇနဥယျာဉ်မြို့တော်က ကြည်ကြည်ဆီသွား
ရင်း အပေါ်ထပ်ကနေ ဗြုန်းဆို ညည်းယောင်္ကျားကိုတွေ့လိုက်တာ။ ကြည်
ကြည့်ဆီက သတင်းနှိုက်ကြည့်တော့ သားအမိနှစ်ယောက်တဲ့။ တိုက်ခန်းဌား
ပြီးထားပေးထားတာတဲ့။ ကျောင်းနဲ့လည်းနီး၊ ရေမီးပြည့်စုံတဲ့နေရာမှာ ထား
ပြီး ထောက်ပံ့နေတာကို ကြည့်လိုက်လေ ''
ကျွန်မနားတွေကို ချက်ချင်းပဲ ပင်းသွား၊ ထိုင်းသွားစေချင်လိုက်
တာ။ ယောက်မဖြစ်သူ မခင်ထားရီကတော့ သူ့မောင်ဖြစ်သူမကောင်း
ကြောင်းကို မဟုတ်ဘဲနဲ့တော့ ပြောမှာမဟုတ်။ မခင်ထားရီက မောင်နဲ့ကျွန်မ
လက်ထပ်ကတည်းက ကျွန်မဘေးမှာ နေပေးခဲ့တာမဟုတ်လား။
မောင်ရယ် ဒီလိုအခြေအနေရောက်နေပြီလား။ အဲဒီမိန်းမနာမည်
က '' မနှင်းဆီ '' တဲ့။ သားတစ်ယောက်ရှိတယ်တဲ့။ အဲဒီသားကတောင် ငါး
တန်းကျောင်းသားတဲ့လေ။ ရက်စက်လိုက်တာမောင်ရယ်။ သမီးမွေးလို့ တစ်
သားမွေးတသွေးကျတဲ့ ကျွန်မထက်၊ သားမွေးပြီး တစ်သားမွေးတသွေးလှတဲ့
မိန်းမဆီရောက်သွားပြီပေါ့။ မောင့်အတွက် အချစ်တွေကို ကျွန်မက ရှာဖွေသို
ဆောင်းသိမ်းဆည်းထားလျက် ရှိပါလျက်နဲ့ မောင်ပေးရမယ့် အချစ်တွေက
တော့ တစ်ပါးသူဆီရောက်သွားပြီလား မောင်။ အဲဒီမိန်းမရဲ့ အချစ်တွေဟာ
ပျားဝတ်ရည်လို ချိုနေပြီပေါ့ မောင်။
အိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ကြည့်မိ
ပြန်တော့လည်း ကျွန်မလှနေသားပဲမောင်ရယ်။ နည်းနည်းရင့်ကြမ်းနေတဲ့
မျက်ခုံးမွေးကြောင့်လား။ နှုတ်ခမ်းနီဆိုးလေ့မရှိတဲ့ နှုတ်ခမ်းကြောင့်လား။ ဒါမှ
မဟုတ် တိုနန့်နန့်ဆံပင်တွေကြောင့်များလားမောင်။ ဘာပဲဖြစ်ဖြစ် ကျွန်မမ
ကျေနပ်ဘူးမောင်။ မောင်နဲ့ကျွန်မ စာရင်းရှင်းမှ ဖြစ်တော့မယ်။
( ၃ )
''အရင်တုန်းက ငါ နယ်စပ်ဒေသတစ်ခုမှာ တာဝန်ကျတုန်းက သူ
တို့ညီအစ်မတွေကို တွေ့ဖူးတယ်။ မျက်မှန်းတန်းမိအောင်ကို တွေ့ဖူးတာ၊ ဒါ
ပေမယ့် မရင်းနှီးဘူး။ ဟုတ်ပါတယ်၊ သေချာပါတယ်။ သူမှ သူပါပဲ။ သူတို့က
အကင်မျိုးစုံရောင်းတဲ့ဆိုင် ဖွင့်ထားတာ။ သူက အငယ်ဆုံးမလေးပဲ ''
သူငယ်ချင်း မာလာဦး ရဲ့စကားတွေက ကျွန်မရဲ့အသည်းနှလုံး
ကို တစ်ချက်ချင်း အပ်နဲ့စိုက်နေသလိုပါပဲ။ မောင်တို့ကိုမြင်ခဲ့ရတဲ့သူတွေက
လာပြောကုန်ကြပြီ မောင်။
'' သူတို့ညီအစ်မတတွေက ဆိုင်နာမည်ကို အဲဒီကတည်းက
ရန်ကုန်အကင်မျိုးစုံ လို့ရေးပြီးဖွင့်ထားတာဆိုတော့ နဂိုကတည်းကသူတို့က
ရန်ကုန်သူတွေပဲ။ ဒါပေမဲ့ သူတို့ညီအစ်မတွေက တော်တော်လှတာနော် ''
သူငယ်ချင်း မာလာဦးရဲ့ စကားကြောင့် ကျွန်မနှုတ်ခမ်းတစ်
ချက်မဲ့လိုက်ပါတယ်။ တော်တော်လှတယ်တဲ့။ ကျွန်မလို တစ်သက်လုံး ခြေ
မွေးမီးမလောင်၊ လက်မွေးမီးမလောင် နေခဲ့ရသူ၊ ဖြူနုဝင်းပနေတဲ့ အလှထက်
အဲဒီမိန်းမက ပိုလှနိုင်မတဲ့လား။ ကျွန်မစိတ်ထဲကနေကြုံးဝါးလိုက်မိပါတယ်။
အဲဒီမိန်းမကို လွင့်သွားအောင်လုပ်ရမယ်လို့။
ဟိုတုန်းက မောင် မူဆယ်မြို့မှာ ဝပ်ရှော့ပညာသင်အဖြစ်နဲ့နေ
ထိုင်ခဲ့တယ်ဆိုတာ မောင်ပြောပြလို့ ကျွန်မသိထားပြီးသားပဲ။ အဲဒီအချိန်တုန်း
က မာလာဦးကလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ကျောင်းဆရာမ အ
လုပ်ကို သွားလုပ်နေတဲ့အချိန်။ မောင်နဲ့ မာလာဦးက အဲဒီမှာပဲ အင်မတန်ခင်
မင်ခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ နောက်ပိုင်း မာလာဦးက ဘွဲ့ယူပြီး ရန်ကုန်မှာပဲ
အခြေချနေထိုင်ခဲ့တော့တယ်။
အဲဒီနောက် ရန်ကုန်မှာ စီးပွားလာရှာခဲ့တဲ့ မောင်ဟာ ဝပ်ရှော့ပိုင်
ရှင်တစ်ဦးဖြစ်နေချိန်မှာတော့ မာလာဦးရဲ့ မိတ်ဆက်ပေးမှုကြောင့် မောင်နဲ့
ကျွန်မရင်းနှီးခဲ့ကြပြီး တစ်စစနဲ့ သံယောဇဉ်တွေဖြစ်။ ချစ်သူတွေဖြစ်ခဲ့ကြပြီး
လက်ထပ်ခဲ့ကြတယ်နော်။ မောင်ဟာ အညာသားတစ်ယောက်ပီပီစုဆောင်း
တတ်တယ်။ အလုပ်သင်ဘဝကတည်းက ဆယ့်ငါးနှစ်ကျော်ရှာဖွေထားတဲ့
ပစ္စည်းတွေကိုလည်း ထိန်းသိမ်းတတ်တယ်။ ဒါကြောင့်လည်း မောင်ဟာ
ဆယ်စုနှစ်တစ်ခုအတွင်း ဝပ်ရှော့အငယ်စားလေးကနေ လုပ်ငန်းရှင်လို့ပြောရ
လောက်တဲ့ ဝပ်ရှော့ပိုင်ရှင်တစ်ဦးဖြစ်ခဲ့တယ်မဟုတ်လား။ မောင်နဲ့ လက်ထပ်
ပြီးကာမှ ကျွန်မရဲ့ မိဘတွေ မတည်ရင်းနှီးခဲ့ပေးတာကတော့ ခြွင်းချက်ပေါ့။
ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်ဆို ဝေလာဝေးမောင်က
မောင်က ခုတော့ ( မ ) ကိစ္စနဲ့ပတ်သက်ပြီး ဖောက်ပြန်ချင်ပြီပေါ့။ ဟိုတုန်းက
( မူဆယ်မြို့မှာကတည်းက ) ချစ်ခဲ့ရတဲ့သူကို ရန်ကုန်မြေမှာ ပြန်တွေ့လေ
တော့ ' ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ ' သီချင်းလိုပဲလား။ ' ငယ်ကအ
ချစ် အနှစ်တစ်ရာမမေ့သာနိုင်သည် ' လို့ဆိုကြလေမလား။ ကျွန်မကတော့
နုမနေနိုင်ဘူးမောင်။ ကျွန်မလေ မောင့်ကို ကုတ်ဖဲ့ဆွဲခြစ်ပစ်ချင်နေပါပြီ။
( ၄ )
မိန်းမတစ်ချို့ဟာ ဘာကြောင့် သူတို့ယောင်္ကျားတွေနဲ့ ကွာရှင်း
ပြတ်စဲခဲ့ရသလဲဆိုတာ နာကြည်းလို့၊ မုန်းတီးလို့မဟုတ်ပါဘဲ ချစ်လွန်းလို့ ရူး
ရူးမိုက်မိုက်နဲ့ ဆုံးဖြတ်ခဲ့တာကြောင့်ပါပဲ။ တဒင်္ဂဆုံးဖြတ်မှုရဲ့အဖြေဟာ တစ်ဘ
ဝတာ အတွက် ဆုံးရှုံးမှုတွေဖြစ်ခဲ့ကြရပါတယ်။ တစ်ခုလပ်ရယ်လို့ လူတွေက
မလေးစားကြပြန်ပါဘူး။ ဒီကြားထဲ သားသမီးတွေရှိရင်လည်း လူ့လောကအလယ်မှာ
မျက်နှာငယ်ကြရပြန်ပါတယ်။ ဒါကြောင့်မို့လည်း လူကြီးသူမတွေက
ပြောတာပေါ့။ တောင်းတို့၊ပလုံးတို့မှာ အနားကွပ်မပါရင်မရသလိုပဲ မောင်တစ်
ကျိပ်ပင်ရှိလင့်ကစား မိန်းမတွေမှာ လင်ယောင်္ကျားရှိပါမှတင့်တယ်တယ်တဲ့။
ဗြိတိန်နိုင်ငံဘုရင်မတွေ အဆက်ဆက်မင်းပြုခဲ့တာတောင် ကြင်ယာတော်တွေ
ရှိခဲ့ရသေးတာပဲ။
တချို့မိန်းမတွေကတော့ ယောင်္ကျားယူတာတောင် ဈေးတွက်
တွက်ပြီးယူကြတာလေ။ ယူပြီးကာမှ ဒီယောင်္ကျားကြီးမကောင်းဘူးဆိုပြီး
ပြဿနာမျိုးစုံရှာ။ ပုပ်နေတဲ့သစ်သီးတစ်လုံးလိုလွှင့်ပစ်ချင်ကြတော့တာ။
'လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်' စကားအတိုင်း မယူကြခင်ကတည်း
ကတစ်သက်တာ လက်တွဲဖော်ကို သေသေချာချာလေ့လာသင့်ပါတယ်။
'' အစ်မတို့ရဲ့ ယောက်မ မကေသီမြင့်မြတ်ကိုပြောပြလိုက်ပါ။
ကျွန်မနဲ့ ကိုဝဏ္ဏကျော် တို့ဟာ ဟိုးလွန်ခဲ့တဲ့ဆယ်နှစ်ကျော်က သိကျွမ်းခဲ့ကြ
တာမှန်ပါတယ်။ ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာလည်း ဝန်ခံပါတယ်။ ဒါပေမဲ့
ခုချိန်မှာတော့ ကျွန်မတို့နှစ်ယောက်လုံးဟာ လုံးဝသန့်ရှင်းတယ်။ ပြီးတော့
မုဆိုးမဖြစ်တဲ့ ကျွန်မရဲ့ သိက္ခာကိုတော့ မထိခိုက်ပါနဲ့လို့ ''
မုဆိုးမဖြစ်ပြီး သိက္ခာရှိချင်နေသေးရဲ့လို့ မခင်ထားရီ ရင်ထဲမှ
ပြောကာနှုတ်ခမ်းတစ်ချက်မဲ့လိုက်တယ် ။ တစ်ဆက်တည်း အဖော်ပါလာသူ
မာလာဦး ကိုဘယ်လိုလဲဆိုသည့် အကြည့်မျိုးနဲ့ ကြည့်လိုက်ပြန်တယ်။
မခင်ထားရီအနေနဲ့ မောင်ဖြစ်သူဝဏ္ဏကျော်၏ အိမ်ထောင်ရေးမပြိုကွဲရလေ
အောင် မာလာဦးကိုခေါ်ပြီး အကျိုးဆောင်ရခြင်းပါ။ ခုလိုမျိုးထိပ်တိုက်တွေ့
ဆုံပြောပြတော့ မနှင်းဆီဆိုသည့် မိန်းမက ဒီလိုစကားမျိုးပြောလာလေပြီ။
သိက္ခာမကျချင်လျှင် အရင်ကတည်းက အိမ်ထောင် ရှိနေတဲ့ ယောင်္ကျားတစ်
ယောက်နဲ့မတွဲနဲ့ပေါ့။ သူများအိမ်ထောင်ရေးပြိုကွဲပျက်စီးမှာကိုကော မစဉ်း
စားဘူးလား။
'' အစ်မတို့တွေဟာ ဟိုးအရင် မူဆယ်မြို့မှာကတည်းကသိဖူး၊
မြင်ဖူးခဲ့ကြပါတယ်။ ငါ့ညီမတို့ ညီအစ်မတွေရဲ့ စီးပွားရေး လုပ်ကိုင်ပုံနဲ့ ပတ်
သက်ပြီးမပြောလိုပါဘူး…''
မာလာဦးက ကြားဝင်ပြောရင်းနဲ့ပင် စီးပွားရေးအကြောင်းဘက်
သို့ မှားယွင်းစွာရောက်ရှိသွားပါလေတော့။ မနှင်းဆီတစ်ယောက် မခင်ထား
ရီနဲ့ မာလာဦးတို့ကို စေ့စေ့ကြည့်လိုက်ပါတော့တယ်။
'' ကျွန်မတို့ဈေးရောင်းစားခဲ့တာပါ။ ဘီယာနဲ့အကင်ရောင်းစားခဲ့
ရပေမယ့် ရတဲ့အမြတ်နဲ့ ရင်းခဲ့ရတဲ့ သိက္ခာက အချိုးညီမျှတယ်။ ဒီမှာ အစ်မ
တို့ဟာ ပညာတတ်တွေပါ။ ကျွန်မဆီကို မလာခင် အစ်မတို့ရဲ့မောင် ကိုဝဏ္ဏ
ကျော်နဲ့ အရင်ဆွေးနွေးသင့်တယ် ''
မနှင်းဆီတစ်ယောက်ပြောပြီး ဝဲတက်လာသောမျက်ရည်တို့ကို
မျက်တောင်များနဲ့ပုတ်ခတ်ကာ ဖယ်ရှားလိုက်တယ်။ မခင်ထားရီကတော့
သက်ပြင်းချကာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရပါတယ်။ ဒီကမ္ဘာပေါ်
မှာ မိန်းမသားတွေတိုက်ကြတဲ့ စစ်ပွဲရှိပါသလား။
( ၅ )
ကိုဝဏ္ဏကျော်နဲ့ ကွန်မတို့ တကယ်ချစ်ခဲ့ကြပါတယ်။ ယူကြမယ်
လို့ရည်ရွယ်ချက်ထားပြီးတဲ့အချိန်မှာ ကိုဝဏ္ဏကျော်က ရန်ကုန်တက်ပြီး ဝပ်
ရှော့ထောင်နိုင်အောင် ကြိုးစားမယ်၊ ပိုက်ဆံစုမယ်တဲ့။ ကျွန်မကိုလည်းနောက်
တစ်နှစ်လောက်ဆို ရန်ကုန်ကို ပြန်လာနေဖို့ပြောတယ်။
အဲဒီကနေ ကျွန်မနဲ့ ကိုဝဏ္ဏကျော်တို့တွေလမ်းကွဲခဲ့ကြတာပဲ။
ကိုဝဏ္ဏကျော်က ရန်ကုန်ကနေ ကျွန်မကို မဆက်သွယ်ခဲ့တော့ သူဘယ်မှာ
နေမှန်းကျွန်မ မသိခဲ့ရဘူး။ ရန်ကုန်ကို ကျွန်မပြန်ခဲ့ရပေမယ့် ကိုဝဏ္ဏကျော်
အကြောင်း စုံစမ်းလို့မရခဲ့ဘူး။ သူ ကျွန်မကို ရှောင်သွားပြီလို့ခံစားလိုက်ရ
တယ်။ အဲဒီအချိန်မှာ ကျွန်မကို တစ်ဖက်သတ်မြတ်နိုးနေတဲ့ ကိုမောင်ညွန့်က
ကျွန်မရဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းပေးဖို့အတွက် ကျွန်မကိုလက်ထပ်ခွင့်
တောင်းခဲ့တယ်။ ကိုမောင်ညွန့်ကို ကျွန်မလက်ထပ်ခဲ့တယ်။
သားလေးငါးနှစ်သားအရွယ်မှာပဲ ကိုမောင်ညွန့်တစ်ယောက်
ငါးဖမ်းစက်လှေလိုက်ရင်း ပင်လယ်ထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ
မုဆိုးမဖြစ်သွားတယ်။ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့အလုပ် လုပ်နေရင်း
လွန်ခဲ့တဲ့နှစ်က စားသောက်ဆိုင်မှာသီချင်းဆိုနေတဲ့ ကျွန်မကို ကိုဝဏ္ဏကျော်
တွေ့ခဲ့ပြီးနောက် ကျွန်မတို့သားအမိနှစ်ယောက်ကို ထောက်ပံ့ စောင့်ရှောက်
ခဲ့တယ်။ ကျွန်မရဲ့ ဆွေမျိုးမိဘအသိုက်အဝန်းကလည်း တစ်ချိန်က သူတို့ကို
အရှက်ရအောင် လုပ်ခဲ့တဲ့သမီးမိုက်ဆိုပြီး စွန့်ပယ်ထားတာလေ။
ကျွန်မလေဟိုတုန်းက ကိုဝဏ္ဏကျော်ကို ကိုကို လို့ခေါ်ဝေါ်သုံးစွဲ
ခဲ့တဲ့အထိ အရမ်းကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့ရတာပါ။ ခုချိန်မှာပြန်တွေ့တော့
သူဟာရန်ကုန်ကိုအသွားလမ်းမှာသူ့ဆရာအဟောင်းနဲ့တွေ့ပြီး မိုင်းရှူးဘက်
ကို လိုက်သွားခဲ့တာတဲ့။ အဲဒီတုန်းက မိုင်းရှူးကနေ မူဆယ်ကို ဖုန်းဆက်
သွယ်မှုတွေအရမ်းခက်ခဲနေသေးတယ်လေ။ နောက်ပိုင်း ကျွန်မပေးထားတဲ့
ရန်ကုန်လိပ်စာအတိုင်း ကျွန်မတို့အိမ်ကို သွားရှာသေးတယ်တဲ့။ ကျွန်မ အိမ်
ထောင်ပြုသွားပြီလို့သိလိုက်ရမှ လက်လျှော့ခဲ့တာတဲ့။
အခု ကိုဝဏ္ဏကျော်နဲ့ ပြန်တွေ့လိုက်တော့ ဟိုးတုန်းကနဲ့မတူတဲ့
ခံစားချက်နဲ့ ဝမ်းသာမိတာအမှန်ပါ။ လူမှာ အချစ်ဆိုတာကွယ်ပျောက်ရိုးထုံးစံ
မှမရှိတာ။ အသစ် အသစ်ဖြစ်ပေါ်လာတဲ့အချစ်တွေဟာ မရိုးနိုင်အောင်ပါပဲ။
အခုကိုဝဏ္ဏကျော်ကို မချစ်တော့ဘူးလားဆိုတော့ ဟိုအရင်သံယောဇဉ်နဲ့
ချစ်နေမိသေးတာပါပဲ။ အသက်နှစ်ဆယ်အရွယ် ရူးရူးမိုက်မိုက်ချစ်ခဲ့ဖူးတဲ့ အ
ချစ်နဲ့ အခု အသက်သုံးဆယ့်နှစ်နှစ် ဆိုတဲ့အရွယ်မှာ ဖြစ်ပေါ်လာတဲ့အချစ်တွေ
ဟာ ပိုလို့လတ်ဆတ်နုပျိုနေသလိုပါပဲ။ ဒါကြောင့်လည်း ' ဟိုတုန်းကထက်
ပိုချစ်တယ်' ' ငယ်ငယ်တုန်းကထက်ပိုချစ်တယ်'လို့ တေးရေးဆရာတွေက
ရေးဖွဲ့ခဲ့ကြတာပေါ့။ အရမ်းမှန်ပါတယ်။
ကိုမောင်ညွန့်ရဲ့စေတနာတွေကို အသိအမှတ်ပြုလက်ခံလိုက်တဲ့
အချိန်၊ သားလေးကိုမွေးဖွားပြီးချိန်မှာတော့ ကိုမောင်ညွန့်ရဲ့ သိတတ်မှု၊ နား
လည်မှု ၊ စာနာမှု၊ ကိုယ်ချင်းစာတရားတွေကြောင့်လည်း ကိုဝဏ္ဏကျော်ကို
ချစ်တဲ့အချစ်နဲ့ မတူတဲ့ အချစ်နဲ့ ကိုမောင်ညွန့်ကို ချစ်ခဲ့နိုင်ပါတယ်။ ကိုမောင်
ညွန့်ဆုံးပြီလို့သတင်းလာပို့တော့ ကျွန်မမှာအရူးကြီးကိုဖြစ်လို့။ အလောင်း
လည်းပြန်မရနဲ့ သားလေးကိုပဲဖက်တွယ်ပြီးငိုခဲ့ရတာ။ ငါရှေ့ဆက်ပြီးဘယ်လို
စခန်းသွားရမှာလဲလို့ အဖြေတောင်စဉ်းစားလို့မရခဲ့ပါဘူး။ ကျွန်မကိုစွန့်ပယ်
ထားတဲ့မိဘတွေကလည်း ကိုမောင်ညွန့်ရဲ့ ဈာပနမှာ အနီးကပ်နေထိုင်အား
ပေးခဲ့ကြပေမယ့် ကျွန်မဟာ မိဘတွေအပေါ်ဒုက္ခမပေးချင်တဲ့အဆုံး သားလေး
ရဲ့ရှေ့ရေးအတွက် စားသောက်ဆိုင်မှာသီချင်းဆိုခဲ့ပါတယ်။ လူတွေအထင်
အမြင်သေးတဲ့အလုပ်ပေမယ့် ပိုက်ဆံနည်းနည်းစုမိရင် သားအမိနှစ်ယောက်
အိမ်လေးတစ်လုံးဝယ်၊ အိမ်ဆိုင်လေးတစ်ခုတည်ပြီး နေထိုင်မယ်လို့ဆုံးဖြတ်ခဲ့
တာကြောင့် သီချင်းဆိုခဲ့တာပါ။ မိုးချုပ်ကာနီးသားလေးကို အဖော်ပြုအိပ်ပေး
ဖို့ အမျိုးသမီးတစ်ယောက်ကို ဌားရမ်းခဲ့ရပါသေးတယ်။
သီချင်းဆိုတဲ့အလုပ်ဟာ လူတကာနှာခေါင်းရှုံ့ကြတဲ့အလုပ်ဆို
ပေမယ့် ရှာရ၊ စပ်ရတာလည်း မလွယ်ပါဘူး။ ရုပ်ရည်၊ အသံ၊ ကိုယ်နေဟန်
ထား အပြောအဆိုအားလုံးပိုင်နိုင်၊ ပိုင်ဆိုင်မှပါ။ ဒီလိုမလွယ်တဲ့အလုပ်ကို
ရပြန်တော့လည်း ရင်ခွင်ထဲမှာ တိုးဝင်အိပ်တတ်တဲ့ သားလေးနဲ့ ဝေးရတာပါ
ပဲ။ ကျွန်မရဲ့ရင်တွေကွဲမတတ်ပါပဲ။ ညအိပ်ရာဝင်တိုင်းသားလေးရဲ့ခေါင်းကို
ပွတ်သပ်ပြီး ပုံပြောပြ၊ ချော့မြူသိပ်ရတဲ့ အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်။
ကျွန်မဘဝပေးကုသိုလ်ကံ မကောင်းမှုကြောင့် ကျွန်မပေးဆပ်ခဲ့ရတာတွေ
အရမ်းများခဲ့ပါတယ်။ ကိုဝဏ္ဏကျော်က သူ့အမှားတွေကို တောင်းပန်ပြီး
(ကျွန်မတို့သားအမိကို တိုက်ခန်းဌားပေးပြီး ) ထောက်ပံ့ဖြည့်ဆည်းပေးနေခဲ့တဲ့
အချိန်မှာတော့ ကျွန်မ ထင်ထားသလိုမျိုး သူ့လက်တွဲဖော် မကေသီမြင့်မြတ်
တို့က မပါမဖြစ်ပါလာခဲ့ပြီလေ။ ဒါကြောင့်လည်း သူ့အကျိုးဆောင်တွေလာ
တော့ပြောလိုက်တယ်။
'' မကေသီမြင့်မြတ်ကိုကျွန်မဆီလာတွေ့ခိုင်းလှည့်ပါလို့ ''
( ၆ )
ကျွန်မ သူ (သူမ) နဲ့ တွေ့တွေ့ချင်း လုံးဝမှားသွားပြီဆိုတာ သိ
လိုက်ရပါတယ်။ တက္ကသိုလ်မှာတုန်းက ( Queen ) ဘွဲ့မရခဲ့ပေမယ့် (Top Ten )
စာရင်းဝင်ခဲ့တဲ့ ကျွန်မရဲ့ လှပချောမောပြီး၊ ဖြူနုဝင်းပနေတဲ့ အသား
အရည်နဲ့ မြင့်မားတဲ့အရပ်အမောင်းတို့ဟာ မနှင်းဆီဆိုတဲ့ မိန်းမတစ်ယောက်
ရဲ့ တိုက်ခန်းထဲကိုဝင်လိုက်တာနဲ့ အရှုံးကြီး ရှုံးလိုက်ပါပြီ။
မောင် ဘာကြောင့် မနှင်းဆီဆိုတဲ့မိန်းမတစ်ယောက်ကို ဆယ်နှစ်
ကျော် ကွဲကွာနေတာတောင် မစွန့်လွှတ်နိုင်သလဲဆိုတာ ကျွန်မသိလိုက်ပါပြီ။
ကျွန်မရဲ့ နောက်ကွယ်မှာ သူတို့နှစ်ဦးဟာလုံးဝသန့်ရှင်းတယ်။ အဖြူထည်ပဲ
တဲ့။ သက်သေမပြနိုင်လို့ ကျွန်မမယုံဘူး။ ဒါပေမဲ့ သံသယစိတ်တွေရှင်သန်
နေတယ်ဆိုတာတော့ အမှန်ပဲ။
ကြည့်ပါဦး။ အသက်သုံးဆယ်အရွယ်မှာ လှပမှုဟာ အမြင့်ဆုံးပဲ။ဆိုတဲ့
ပညာရှိတွေရဲ့စကားဟာ မှန်လှပါလား။ ရင့်ကျက်တည်ငြိမ်မှုတွေနဲ့
မျက်နှာမှာ သနပ်ခါးတောင်မလူးထားတဲ့ သဘာဝယဉ်ညိုချောပါတဲ့မနှင်းဆီ။
ယောင်္ကျားသားတွေဟာ ဖြူတာထက် ညိုတာကို ပိုသဘောတွေ့ကြလေရော့
လား။တက္ကသိုလ်တုန်းက သင်ခဲ့တဲ့ မြန်မာစာအထူးပြုမှာ ……
'' ဥမ္မာဒန္တီ ၊ဘွဲ့သိင်္ဂီနှင့် နတ်မှီသဏ္ဌာန်၊ လှပဟန်မူ၊ နှိုင်းရန်မပြု၊
မိုးအောက်သူတွင် ၊ ဇမ္ဗူမင်းစံ၊ ရွေပွတ်ခံသို့ …''
ဆိုပြီး ဥမ္မာဒန္တီရဲ့ ပင်ကိုယ်အလှကိုတောင် စာဆိုဦးရွှန်းက ဒီလို
ဖွဲ့ဆိုထားမှတော့ မနှင်းဆီရဲ့အလှက လက်တွေ့မို့ စာတွေ့ထက်ယုံရမလို
ဖြစ်နေပါပြီ။ ဥမ္မာဒန္တီရဲ့ ရွှေလိုဝင်းမွတ်တဲ့အသားအရေနဲ့ မနှင်းဆီရဲ့ ညိုစိမ့်
တဲ့အလှ ဘယ်သူသာနိုင်မှာလဲ။ တကယ်တော့ ကျွန်မ မနှင်းဆီကိုလာမတွေ့
သင့်ပါဘူး။ ယောင်္ကျားတစ်ယောက်ရဲ့ မေတ္တာတွေအလျှော့ခံထားရတဲ့ မိန်းမ
တစ်ယောက်အနေနဲ့ပေါ့။ တံခါးပေါက်ဝကနေ မနှင်းဆီထွက်ပေါ်လာတဲ့အ
ချိန်မှာ ကျွန်မဟာ ရူးနေသူတစ်ယောက်ပါလားလို့တောင် ကိုယ့်ကိုယ်ကိုယ်
အပြစ်တင်နေမိပါတယ်။ ကျွန်မ ညကတောင် မောင့်ကိုပြောမိပါသေးတယ်။
'' ကျွန်မထက်သာမယ်ထင်ရင် မောင်ယူလိုက်လေ။ အေးနော်…
မောင် ကျွန်မနောက်ကွယ်မှာ ပတ်သက်နေတဲ့မိန်းမက ကျွန်မထက် ဘာများ
သာနိုင်မှာမို့လဲ…''
ကျွန်မက မာန်အပြည့်နဲ့မောင့်ကိုပြောလိုက်တော့ မောင်က ခပ်
ယို့ယို့ပြုံးပြီး တစ်ဖက်လှည့်စောင်းအိပ်သွားပါတယ်။ ကျွန်မကတော့ စကား
နည်း ရန်စဲနေထိုင်တတ်တဲ့ မောင့်ရဲ့ နောက်ကျောပြင်ကို အုန်းကနဲနေအောင်
ထုပစ်ချင်လိုက်တာ။ ညကတည်းကသာ ' မင်းသွားကြည့်ရင် မင်းရှုံးလိမ့်မယ်'
လို့ မောင် ဘာကြောင့်ကျွန်မကို မပြောခဲ့တာလဲမောင်ရယ်။ စတိုင်ကျကျနေ
ထိုင်တတ်ခဲ့တဲ့ ကျွန်မရဲ့ ပုခုံးသာသာဆံပင်နဲ့ မနှင်းဆီရဲ့ ဒူးခေါက်ခွက်ရောက်
နေတဲ့ သန်စွမ်းနက်မှောင်တဲ့ ကေသာအလှ။ သေးသိမ်တဲ့ခါးကျဉ်းလေးနဲ့ရှိုက်
ဖိုကြီးငယ်အသွယ်သွယ်တို့က မိန်းမသားချင်းတောင်မိန်းမောငေးယူရတဲ့အ
ဖြစ်ပါလား မောင်ရယ်။ ဒီလို 'ယဉ်တစ်ကိုယ်မယ် ' အလှထက် အယဉ်ဆင့်တဲ့
သွားတက်ချွန်ချွန်လေးတွေကိုကော ကျွန်မက အားမကျဘူးတဲ့လား။ ကျွန်မနဲ့
မနှင်းဆီ မျက်နှာချင်းဆိုင်တွေ့ တွေ့ချင်း ဘာစကားမှ ပြောထွက်မလာရဲ
လောက်အောင် ကျွန်မခဏတာမျှ ဆွံ့အသွားခဲ့ရပါတယ်။
စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့မိန်းမမို့ အလှတွေကို ထိန်းသိမ်း
ထားတာလို့ထင်ကောင်း ထင်စရာရှိပါတယ်။ ဒါပေမဲ့ကလေးတစ်ယောက်အ
မေ ချင်းပဲလေ သိတာပေါ့။ ဘယ်လောက်ပဲအလှကိုထိန်းထိန်း၊ ဘယ်လိုနေ
ရာမှာ ဘယ်လိုအလှတွေ ပျက်စီး၊ ချို့ယွင်း၊ လျော့ရဲသွားခဲ့ပြီဆိုတာကိုယ်တိုင်
သိကြတာပေါ့။ ဟောတော့ ကလေးအမေဆိုမှ သတိရတယ်။ မေ့နေလိုက်
တာ။ တိုက်ခန်းအတွင်းမှာ အိမ်တွင်း အလှပြင်ပစ္စည်းတွေပြည့်စုံနေပါလျက်
နဲ့ တစ်ခုခု လိုတယ်အောက်မေ့နေတာ။
'' ကလေးကရော …''
ဟယ် ကျွန်မ နှုတ်ကနေဖွင့်ဟထွက်လာပါတဲ့ စကားတစ်ခွန်း။
မနှင်းဆီက ကျွန်မကို ခေါင်းတစ်ချက်ညိတ်ပြရင်း…
'' ရှိပါတယ်။ ခုတော့ ကျောင်းသွားနေတယ်။ ပြန်လာကာနီးပါပြီ။
ထိုင်ပါဦး…''
အေးမြချိုလွင်နေတဲ့ အသံသာသာလေးနဲ့ ကျွန်မကို ဖိတ်ခေါ်ပါ
ရဲ့။ အဘက်ဘက်ကပြည့်စုံနေတဲ့ ( မုဆိုးမဆိုတာကလွဲရင် ) မိန်းမတစ်
ယောက်ရဲ့အိမ်ထဲမှာ ကျွန်မ ထိုင်နိုင်ဖို့သတ္တိရှိပါ့မလား။ ဒါကြောင့်ပြောတာ
ပေါ့။ မိန်းမတစ်ယောက်အတွက်နဲ့ စစ်ဖြစ်ကြရတယ်ဆိုတာ။ ဒါပေမဲ့မနှင်းဆီ
ရဲ့ အလှထဲမှာ ညှို့အားပြင်းတဲ့ ကလီယိုပတ်ထရာလို ဆွဲငင်တာမဟုတ်ဘူး။
မနှင်းဆီရဲ့အလှက ကြည့်လေ၊ ကြည့်လေ မဝလေဆိုတဲ့ တစိမ့်စိမ့်အလှ။
( အဲဒီအလှထဲမှာလည်း ရဲရင့်ခြင်းတွေပါနေတယ် )။ ကျွန်မဘာလုပ်ရမလဲ။
တကယ်ဆို ကျွန်မပြန်သင့်ပြီ။ မနှင်းဆီဟာ ဘယ်လိုမိန်းမစား၊ မိန်းမသားလဲ
ဆိုတာ ကျွန်မသိနေမှတော့ ပြန်ရုံပဲရှိတော့တာပေါ့။ မောင်ဟာ ဘယ်လောက်
ပဲ မိန်းမတွေပွေပါစေ။ ကျွန်မသာလျှင် တရားဝင်လက်ထပ်ထားတဲ့ ပထမဇနီး
မယားပဲ။ ကျွန်မက စင်ပေါ်ကလူပဲ။ ပထမဆိုတဲ့နေရာဟာ ပြောင်းလဲသွားမှာ
မဟုတ်တာလို့ ကျန်ရှိနေသေးတဲ့ ယိုင်နဲ့နဲ့အင်အားလေးနဲ့ စိတ်ထဲမှာကြိတ်
ပြီး အောင်ပွဲခံလိုက်ပါသေးတယ်။
'' စိတ်ချပါ။ မကေသီမြင့်မြတ် တို့ရဲ့ အိမ်ထောင်ရေး မပြိုကွဲရ
အောင် ဒီနှစ် သားလေးစာမေးပွဲပြီးရင် အဝေးကို ထွက်သွားပေးမှာပါ။ ဒီကြား
ထဲမှာ ကျွန်မဟာ ကိုဝဏ္ဏကျော်ကို လုံးဝလက်မခံပါဘူးဆိုတာကို ကတိပေး
ပါတယ်။ကိုဝဏ္ဏကျော် ကိုလည်းယုံကြည်ပေးပါ။ သူဟာ မကေသီမြင့်မြတ်
အပေါ်မှာ လုံးဝသစ္စာမပျက်ပါဘူး ''
မနှင်းဆီပြောတဲ့စကားတွေကို ကျွန်မမကြားချင်တော့ပါဘူး။
ထိုင်တောင်မထိုင်ရဲတဲ့ ကျွန်မအဖို့ သူမ ပြောတဲ့စကားတွေကို နားထောင်ရဲ
ပါ့မလား။ အလာတုန်းကတော့ ဒီမိန်းမကိုတွေ့ရင် လက်ညှိုးငေါက်ငေါက်ထိုး
ပြီး ရန်တွေ့လိုက်မယ်ဆိုတဲ့ကျွန်မ ရည်ရွယ်ချက်။ ခုတော့ အိမ်ကိုမြန်မြန်ပြန်
ရောက်ချင်နေပါပြီ။ တကယ်တော့ကျွန်မ လုပ်တဲ့လုပ်ရပ်တွေဟာ ရေပေါ်မှာ
အရုပ်ရေးနေသလိုပါပဲလေ။
ကျွန်မပြန်လှည့်အထွက်မှာပဲ တံခါးပေါက်ဝမှာ အဖြူ၊ အစိမ်းဝတ်
စုံလေးနဲ့ကျောပိုးအိတ်ကို လွယ်ထားတဲ့ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်
က ကျွန်မကို ပွတ်ကာ သီကာရှောင်ရင်း အခန်းထဲပြေးဝင်လာပါတယ်။ သူ့
ရဲ့ ကျောပိုးအိတ်နဲ့ ကျွန်မကို တိုက်မိတော့ …
'' ကန်တော့နော်… ကန်တော့ အန်တီ…''
ကျွန်မကို လှည့်တောင်းပန်တော့ အဲဒီကလေးရဲ့ မျက်နှာလေး
ကို မြင်တွေ့လိုက်ရပါတယ်။ အလို … ဘုရားရေ။ ဒီကလေးရဲ့ မျက်နှာကို
ကျွန်မ ရင်းရင်းနှီးနှီးမြင်ဖူးနေရသလိုပါပဲလား။ ဘယ်မှာများ မြင်ဖူးပါလိမ့်။
ကျွန်မသမီးလေးနဲ့များ ဆင်နေတာလား။ တွေးရင်း၊ တွေးရင်း အဖြေကို ရှာမ
တွေ့ခင်မှာပဲ ကျွန်မရဲ့ ရင်တွေ တဒိန်းဒိန်းနဲ့ အခုန်မြန်လာပါတော့တယ်။ ။
သဉ္ဇာလှိုင် ( လားရှိုး )
ရွှေအမြုတေမဂ္ဂဇင်း
အောက်တိုဘာ ၂၀၀၇
No comments:
Post a Comment