Jun 5, 2018

အတောင်ကျွတ်ငှက်

အတောင်ကျွတ်ငှက်
🌠🌠🌠🌠🌠🌠🌠

#နေဝင်းမြင့်

(၁)

ပိန်းပိန်းပိတ်ပိတ် မှောင်နေသည်လည်း မဟုတ်။ လျော့ပါးသော အလင်း ယဲ့ယဲ့ကလေး ရှိနေသည်။ ပြီးတော့ သည်နေရာမှာ မဟုတ်။ သည်ကမ္ဘာမှာပင် မဟုတ်ဟု ထင်သည်။ ကမ္ဘာမြေနှင့် ဝေးလျားသော လွင့်မျော ဥက္ကာခဲ တစ်ခုနှင့် တစ်ခု အစပ်ကြား ဖြစ်ဟန်တူသည်။ ပြီးတော့ တစ်ကောင်တည်း မဟုတ်။ နှစ်ကောင်။ တစ်ကောင်က နုနယ်သေးကွေး လွန်းသည်။ ပြီးတော့ သူ့အတောင်နှင့်သူ ပျံနိုင်တာလည်း မဟုတ်။ တစ်ကောင်၏ ကျောပေါ်မှာ နုမျှင် သေးကွေးသော အတောင်ပံများနှင့် သိုင်းဖက်ကာ ပါလာခြင်း ဖြစ်သည်။ ကာလများစွာ ကြာခဲ့ပြီ။

အတောင်တွေလည်း ညောင်းလှပြီ။ အတောင်အလက် တချို့ ကျိုးပဲ့ပျက်စီး ကုန်သည်။ တချို့ ပြုတ်ကျ ကျန်ရစ်သည်။ ငုံးတိတိ၊ ပြောင်မွဲမွဲ အရေပြား နီကျင်ကျင် တို့ပင် ပေါ်နေပြီ။ အတောင်ပံမှ ငှက်မွေး ငှက်တောင်တို့ ပြည့်စုံစွာ မရှိသဖြင့် ခတ်အား မကောင်းလှ။ ငြိမ်းချမ်း အေးမြသော နေရာကလေး တစ်ခုမှာ နားချင်လှပြီ။ သို့သော် နားနေရန် နေရာ မရှိ။ လှမ်းမျှော်ကြည့်လေ။ မရှိ၊ ဘာမျှမရှိ၊ အမှောင်သာလျှင် ရှိ၏။ အလင်းဖန့်ဖန့် ကလေးသာလျှင် ရှိ၏။ အလင်းမျှင်များ ပေါ်တွင် ငှက်တစ်ကောင် နားနိုင်သည်လား။ အတောင်ခတ်အား ကျလာပြီ။ ရှေ့ခရီးကို တစ်စိုက်စူးစူး ကြည့်နေရသော မျက်လုံးတွေက သွေးစများ စီးကျလာသည်။ လေတိုက်နှုန်းက ပိုမိုပြင်းထန် လာသည်။ လေ။ လေတိုက် နေသည်လား။ လေတိုက်လျှင် လေက ဘယ်က လာသလဲ။ သစ်ရွက် သစ်ခက်တွေရဲ့ လှုပ်ရှားမှုက လာသလား။ ဒါဆိုလျှင် နားစရာ တွယ်စရာ ရှိနေသည်ပေါ့။ မတွေ့။ ဘာဆို ဘာမှ မတွေ့။ သို့သော် လေသည် ဝူးဝူးဝေါဝေါ တိုက်နေဆဲသာ ဖြစ်သည်။ လေက အော်သံတွေပါ ပါလာသည်။ ကြောက်မက် ချောက်ချားဖွယ် တိုက်ခတ် လာခြင်းမျိုး ဖြစ်သည်။ ပြီးတော့ လေဆန်။ ပျံနေရခြင်း သည်ပင် လေဆန်။ ပိုပြီး အားကုန် လာသည်။ ကျောပေါ်က ငှက်ကလေး ကတော့ အတောင် နှစ်ဖက်ဖြင့် သိမ်းကုပ် ဖက်တွယ်ထားဆဲ ဖြစ်သည်။ ငှက်ကလေးရယ် လျှော့ပါဦး ဟု ပြောချင်သည်။ ပြော၍ မရချေ။ လေသံသော်မျှ ပြော၍ မရ။

အတောင်ပံမှ ငှက်အတောင် တော်တော်များများ ပြုတ်ကျသွား ပြန်သည်။ လှပသော ငှက်တစ်ကောင် မဟုတ်တော့။ အကျည်းတန်သော ကျက်သရေမဲ့ ငှက်တစ်ကောင်။ ဒါမှမဟုတ် ဠင်းတ တစ်ကောင်နှင့် တူနေသည်။ ဟိုး ရှေ့မှာ ပြိုးပြက်သော ကြယ်ပွင့်တွေကို တွေ့နေရသည်။ နီးသည်ဟု ထင်ရသော်လည်း အလင်းနှစ်ပေါင်း များစွာ ပျံရဦးမည် ထင်သည်။ ခရီးတစ်လျှောက် ရိုက်ခတ် လာခဲ့သော အဟုန်၊ ခွန်အားနှင့် မာန်များ လျော့ပါး လာခဲ့ပြီ။ နားခို အိပ်စက်ရန် တစ်နေရာသို့ ရောက်ချင်ပြီ။ အောက်ကို ငုံ့ကြည့်လိုက်သည်။ ဘာမျှမရှိ၊ မှောင်။ လေက ပိုမို တိုက်ခတ် လာသည်။ ရင်ဝကို ဆောင့်တွန်း လိုက်သလို ခံစားရသည်။ ထိုအခါ အရှိန်နှင့် အောက်ကို ပြုတ်ကျ သွားသည်။ အရှိန်နှုန်း မြင့်မားစွာ ပြုတ်ကျနေခြင်း ဖြစ်သည်။ ငှက်ငယ်ကလေးက တအား သိမ်းဖက်ထားဆဲ။

မဆုံးနိုင်သေး။ ကျဆဲ။ ကျဆဲ။ ငှက်ကလေးက ကြောက်လန့်တကြား စူးစူးနစ်နစ် အော်ဟစ်လိုက်သည်။ သို့သော် ပြုတ်ထွက် မသွားသေး။ လေတိုက်သံနှင့် အော်သံတို့ ပြိုင်စူးသွားသည်။ ဦးစောက်ကျွမ်းပြန် ကျနေသည်။ ရိပ်ခနဲ၊ ရိပ်ခနဲ ထိုးကျနေသည်။ ငှက်ငယ်၏ သိမ်းဖက်ထားသော အတောင်ကလေး နှစ်ဖက် ပြုတ်ထွက်သွားသည်၊ ကျတော့ မသွားသေး။ ကျိုးကျဲကျဲ အတောင် တချို့နှင့် ငှက်ငယ်၏ ခြေသည်းများ ချိတ်ဆူးနေဆဲ ဖြစ်သည်။ အားကို တင်းလိုက်သည်။ မျက်ဝန်းထဲက သွေးတွေ လျှံကျလာ ပြန်သည်။ လေထဲမှာ မိမိကိုယ်ကို တန့်သွားအောင် ကြိုးစားကြည့်သည်၊ မရ။ အရှိန်ကို မတွန်းလှန်နိုင်။ ကျနေသည့် အရှိန်က များသည်။ အတောင်ဖျား တချို့မှ မီလောင်ညှော်နံ့ နံလာသည်။ ထိုအခါ ဝမ်းနည်းစွာ ငိုချလိုက်သည်။ မျက်လုံးအိမ်မှ သွေးစက်တို့က မည်းမှောင် နက်ရှိုင်းသော ဟိုး အောက်သို့ တစ်ပေါက်ချင်း တစ်ပေါက်ချင်း ကျနေလေသည်။

* * *

(၂)

သွေးပုလင်းမှ သွေးစက်တို့ တစ်ပေါက်ချင်း တစ်ပေါက်ချင်း ကျနေလေသည်။ တစ်ကိုယ်လုံး လောင်မြိုက် ကျွမ်းချစ်နေသည်။ အပူရှိန်ကြောင့် ရေငတ်နေသည်။ လည်ချောင်းရိုးတို့ တစ်စစီ ကျိုးပဲ့ ငေါထွက် နေပြီဟု ထင်သည်။ လည်မျိုပြွန်ဝ အတွင်းသို့ တံတွေးပင် ဝင်၍ မရချင်တော့။ လည်မျို တစ်ခုလုံး ထက်မြသော ဓားပါးပါးလေးဖြင့် မွှန်းထားသလို အက်ကြောင်းရာ မွမွထနေပြီ။ တံတွေးတစ်ချက် မျိုကြည့်သည်၊ ထိထိခိုက်ခိုက် နာကျင်သွားသည်။ ရင်ထဲမှာ မောဟိုက် နေသည်မှာလည်း ပြောစရာပင် မရှိတော့။ မျက်လုံးတွေကို ကြိုးစားဖွင့် ကြည့်သည်၊ မရ။ ပါးစပ်ကတော့ ပွင့်ဟသွားမှန်း သိသည်။ အေးစက်သော ရေအချို့ ဝင်လာသည်။ ရေ … ရေ။ ရေဆာ နေသည်ပဲ။ ရေဆာ နေတာကို သတိရသွား ပြန်သည်။ အငမ်းမရ မျိုချလိုက်သည်။ နှလုံးသား တစ်ခုလုံးကို ဆွဲညှစ် လိုက်သလို နာကျင်သွားသည်။ ရေငတ် ပြေသွားသည်။ မျက်လုံးတွေကို ဖွင့်ဖို့ အားတချို့ ရလာသည်။ မျက်ခွံတွေက မို့ပိတ်နေသည်။ မျက်ခွံတွေ ပွင့်ဟဖို့ အတွက်ပင် မျက်ကြောမျှင် ကလေးတွေ ဆိုင်းနေပြီလား။ အရည်မဲ့ မျက်ဝန်းတွေက နေရောင်အောက်က ကျောက်ခဲ တစ်လုံးလို သွေ့ခြောက် မာကျော နေရော့မည်။

“သတိ ရပြီလား မေစီ …”

နားထဲက လေပူတွေ တရှဲရှဲ တိုးထွက်နေသည်။ မနည်း ကြိုးစား နားထောင် နေရသည်။ ဆရာမကလေးက ငုံ့ကြည့်နေမှန်း၊ နှုတ်ခမ်းစပ်က ရေစက်တွေကို တယုတယ သုတ်ပေးနေမှန်း သိနေသည်။ ရေမချိုးရတာ ကြာပြီဖြစ်သော ကိုယ်ခန္ဓာက အနံ့ဆိုးတွေ ထွက်နေမှန်း သိသဖြင့် ဆရာမကလေးကို ဝေဒနာကြားက အားနာနေသည်။ ဆရာမကို တားချင်သော်လည်း အသံ မထွက်နိုင်။

“... မေစီ သက်သာတယ် မဟုတ်လား၊ ပျောက်သွားမှာပါ၊ စိတ်ကလဲ အရေးကြီးတယ်။ စိတ်လဲ တင်းထားမှပေါ့”

ထောက်ကန် ဖွင့်ဟထားသော မျက်ကြောမျှင်တွေက ကြာရှည် ခွင့်မပြုပြန်တော့။

မျက်ခွံတွေကို ပိတ်လိုက်ရ ပြန်သည်။ နားထဲက လေတွေ တအူအူ ထွက်နေဆဲ။ ဘာဆိုဘာမှ မကြားရ။ မှိန်းနေလိုက်သည်။ လွင့်မျောနေသော ငှက်သားအမိကို သတိရ သွားပြန်သည်။ ငှက်တစ်ကောင်။ ပြီးတော့ သူ့ကျောပေါ်မှာ ငှက်ကလေး တစ်ကောင်။ ဟင်းလင်း စကြဝဠာထဲကို ဦးစောက်ကျွမ်းပြန် ကျနေသော ငှက် နှစ်ကောင်။ ပြုတ်လုတဲတဲ ငှက်ကလေးက ဘာဖြစ်သွား သည်လဲ။ မီးလောင်သွား သလား၊ ဒါမှမဟုတ်။

“မေစီ … မေစီ”

အသံ။ အသံတွေက တုန်ခါနေသည်။ ဘယ်က အသံတွေပါလိမ့်။ တိုးညင်းသော အသံထဲမှာ ကရုဏာ အမျှင်ကလေးတွေ ပါနေသည်။ အင်မတန် ရှားပါးသည့် သည် အမျှင်ကလေးတွေ ကကော ဘယ်က ကျလာသလဲ။ ထူးချင်သော်လည်း မရချေ။ သူနာပြု ဆရာမကလေးပဲ ထင်သည်။

“မေစီ … ဒီမှာလေ၊ နင့်သားလေး လာပြီလေ”

အို … သားလေး။ သားလေး။ ငှက်ကလေး ထင်ပါရဲ့။ ဟုတ်နိုင်သည်။ သားလေးဟာ ငှက်ကလေးပဲပေါ့၊ ဠင်းတနဲ့ တူတဲ့ ငှက်ဟာ၊ အတောင်ကျွတ် ငှက်ဟာ၊ ဥက္ကာခဲတွေ ကြားက နားစရာမဲ့ ခရီးသည် ငှက်ဟာ … မျက်လုံးတွေ ပွင့်ဟသွား ပြန်သည်။ ကြေမွနေသော လည်ချောင်း ပြွန်ဝထဲက အသံတစ်စ ထွက်ဖို့ ခဲယဉ်းလှ သည်ကော။

“သားလေး …”

“ဗျာ”

ခုတင်ဘေးမှာ ရပ်နေသည့် မျက်လုံး စောင်းစောင်းနှင့် သားကလေး၊ ဆံပင်တွေက နီကျင်နေသည်။ အသားတွေက ညိုမှိုင်းနေသည်။

“သားလေး ဘယ်သွား နေတာလဲ”

“သား ပိုက်ဆံတွေ သွားရှာ နေတာပေါ့ မေမေ၊ မေမေ ဘာစားချင်သလဲ၊ သား ပေါင်မုန့်လေးချပ် ဝယ်လာတယ်၊ သားမှာ တစ်ဆယ်တောင် ရှိတယ်။ သား ခိုးလာတာ မဟုတ်ဘူးနော်၊ ဘဘ ဦးလှထွန်းတို့ ပေးလိုက်တာဗျ”

“ပိုးရယ် ... တောင်းရမ်း လာရသလား”

လေသံတွေထဲမှာ ဒေါသငွေ့တွေ ပါသွားသည်ဟု ထင်သည်။ ရှစ်နှစ်သား အရွယ် ကလေး တစ်ယောက်၏ တရားသဖြင့် ငွေရှာနည်းမှာ တောင်းရမ်းခြင်းက လွဲလျှင် အခြား မဖြစ်နိုင်။
“ဟုတ်တယ်၊ တောင်းလာတာ၊ မေမေပဲ မခိုးရဘူး ဆို ... တောင်းရမယ် ဆို”

မျက်လုံးတွေကို ပိတ်လိုက်သည့် အခါ မျက်ရည်ပူတွေ စီးကျလာသည်။ ငွေရှာ သွားတာတဲ့လား ပိုးရယ်။ မျက်ဝန်းမှ ပါးပြင်ကို ဖြတ်ကာ နားထင်စပ် ဆီသို့ ကျနေသော မျက်ရည်၏ လိမ့်ဆင်းမှုကို သိနေသည်။ ရင်ထဲမှာ လှိုက်၍ လှိုက်၍ တက်လာသည်။ ရှိုက်ကြီးတငင် ငိုချလိုက်ချင်သည်။ ငို၍မရ။ ငိုလိုက်ဖို့ပင် အားမရှိ။ ရင်ထဲမှာ ထွက်ပေါက်မဲ့ ဆို့ကျပ်လာသည်။ မျက်ရည်တွေ ပိုမို သွန်ကျလာသည်။ နှလုံးသား တစ်ခုလုံး အသားကြိတ်စက် ထဲက ထွက်လာသော အသားစတွေလို တစ်စစီ၊ တစ်မျှင်စီ ဖြစ်ကုန်ပြီ ထင်သည်။

“မေမေ … မေမေ …”

ပိုး၏ အသံကလေးကို တိုးတိုးကလေး ကြားနေရသည်။ နောက် ဝေး၍ ဝေး၍ သွားသည်။ အာခေါင်တွေ ခြောက်လာသည်။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ခိုက်လာသည်။ ပြီးတော့ မျက်ရည်တွေ ကျနေမှန်းလည်း သိနေသည်။ ဝေးလွင့်သွားမည့် အာရုံတွေကို လွှတ်ပေး လိုက်ချင်သည်။ ပိုး ခေါ်သံ တိုးတိုးမျှင်မျှင် ကလေးကိုတော့ ကြားနေရသည်။

“မေမေ”

အသံလာရာ ဘက်သို့ လက်ကို ဆန့်ထုတ် လိုက်သည်။ ပိုး၏ ဆံစကလေး တွေကို ပွတ်သပ် နေချင်သည်။ လက်ကို ရုတ်တရက် မ, ၍ မရ။ အတော် ကြိုးစား၍ မ ယူရသည်။ သား ဆံပင်တွေက ကြမ်းပြီး ခြောက်နေ လိုက်တာကွယ်။

“သားလေး ပိုး”

“ဗျာ”

“မေမေ မရှိတော့ရင်”

“မေမေ ဒါကို မပြောပါနဲ့”

တတ်လိုက်တဲ့ လူကလေးရယ်။ ခဲတံချောင်း ကလေးတွေနှင့် တူသော လက်ချောင်း ကလေးတွေနှင့် တရှိုက်တငင် ပွတ်သပ် ပေးနေမိသည်။ ပါးလွှာသော လေပြည့်ပူဖောင်း တစ်လုံး၏ ထူထဲမှုထက် မပိုသော အရေပြားလွှာများ ဖုံးအုပ်ထားသည့် လက်ချောင်း ကလေးတွေက လိုချင်သလို ဖြန့်ကား ဆုပ်နယ်ချင်၍ မရ။

“မောလိုက်တာ သားလေးရယ်”

“ပေါင်မုန့် စားလိုက်ပါလား၊ သား ဝယ်ထားတယ်”

“သား”

“ဗျာ”

“အိမ်ပြန်သေးသလား ဟင်”

“ဟုတ်ကဲ့”

“ … … …”

“ဗျာ”

မောဟိုက်နေသော ရင်က မို့မောက်နေသည်။ အိမ်ပြန်သေး သလား မေးရသော်လည်း ကွင်းပြင် ကျယ်ကျယ်ကြီး ထဲက ကုပ်ချိချိ လေးတိုင်စင် တဲကလေး တစ်လုံးကို မြင်နေရသည်။ အသက်ကို အားစိုက်၍ ရှူနေရသည်။ စကားသံတွေ မထွက်တော့။ အသာကလေး မှိန်းနေလိုက်သည်။ သားလေးရဲ့ အသံတွေကိုပဲ တခုံမင်မင် တစ်ဝကြီး နားထောင် နေမိသည်။

“သားလေး ... ကျောက်ရေတွင်းက ရထားနဲ့ လာတော့လေ၊ မြို့ပတ်ရထား ပေါ်မှာ လက်မှတ်စစ်တဲ့ ဦးလေး တစ်ယောက်က သားကို မေးတယ်။ ‘မင်း ဘယ်သွားမလို့လဲ’ တဲ့။ ‘လူကြီး မပါဘူးလား’ တဲ့။ ‘ဈေးသည်လား’ တဲ့။ သားက ‘မေမေ ဆေးရုံ တက်နေတာ သွားကြည့်မလို့’ လို့၊ ‘စားစရာလဲ မရှိပါဘူး’ လို့၊ ‘ဆင်းရဲပါတယ်’ လို့ ပြောလိုက်တယ်”

စကားတွေက ဗလုံးဗထွေး ဝင်လာသော်လည်း သိနေသည်။ အသံက ဝေးလံသော အရပ်က ပြောနေသလို တိုးလျနေသည်။

“အဲဒီ ဦးက ရန်ကုန် ဘူတာကြီးက တဲ့။ ‘ဆေးရုံကို ငါ လာကြည့်မယ်’ တဲ့ ...”။

“မေမေနဲ့ သား နာမည်ကို မေးတယ်ဗျ၊ ‘မင်းပြောတာ မှန်ရင် မင်းကို ငါ မွေးစားမယ်’ တဲ့၊ သားကို မုန့်ဖိုးလဲ ပေးလိုက်တယ်၊ ဆေးရုံနားက မီးပွိုင့်မှာ မီးရထားကြီး ရပ်တော့ သားက ဟိုဆေးရုံမှာလို့  ပြလိုက်တယ်၊ သားက ရထားပေါ်မှာ ထိုင်ကန်တော့ လိုက်တယ်”

ဘာတွေလဲ။ စက္ကူစတွေ။ လက်ထဲကို စက္ကူစတွေ အတင်းထိုးထည့် ပေးနေသည်။ ငွေစက္ကူစ အနည်းအကျဉ်း ဖြစ်မည်။ ဆေးရုံ ခုတင်ထက်မှ ကြွေခါနီး သစ်သီးတစ်လုံး အဖို့ ငွေစက္ကူများ၏ တန်ဖိုး သတ်မှတ်ချက်မှာ သိပ် အရာမထင် နိုင်တော့။ လက်ချောင်းတွေက ဝါကျင့်သော ဆေးရုံခုတင် ခေါင်းရင်း သံပိုက်လုံးတန်းကို မှန်းဆ ဆုပ်ကိုင်လိုက်သည်။ ကိုယ်ကို စောင်းလိုက်ဖို့ ကြိုးစားသည်။ မရ။ ပိုက်တွေက နေရာ အနှံ့အပြားမှာ တပ်ဆင်ထားသည်။ လက်မှာ သွေးစက်တွေ တစ်ပေါက်ချင်း စီးဝင်နေသည်။ နှာခေါင်း အစပ်မှာ တိပ်နှင့် ကပ်ထားသော ပိုက်တစ်ချောင်း ရှိနေသည်။ ဝါးပိုးဝါး တစ်လုံးထက် မပိုသော ခန္ဓာ၊ မျက်လှည့် မှော်သေတ္တာ ထက်မှ မျောက်ခေါင်းခွံ တစ်ခုထက် မပိုသော မျက်နှာ။ နာနာဘာဝ တစ်ကောင်လို ကြောက်စရာ ကောင်းနေသည့် မျက်နှာ။

“... သား မုန့် သွားဝယ်ဦးမယ် မေမေ၊ မေမေ့ဖို့ လက်ဖက်ရည် ဝယ်ခဲ့မယ်၊ ပုလင်းထဲက ရေတွေ သွန်လိုက်မယ် ...”

ခြင်္သေ့ တစ်ကောင်လို လှစ်ခနဲ ပြေးထွက် သွားသံကို ကြားနေရသည်။ ပိုးကို ယုန်ကလေး တစ်ကောင်လို၊ သိုးကလေး တစ်ကောင်လိုထက် ခြင်္သေ့ကလေး တစ်ကောင်လို လောကထဲမှာ ထားခဲ့ချင်သည်။ စောစောက စောင်းဖို့ ကြိုးစားလိုက် သဖြင့် သွေးပုလင်းက သွေးကျမှု ရပ်ဆိုင်း သွားသည်ဟု ထင်သည်။ ပါးစပ်ဖြင့် အသက်ကို ရှူရှိုက် နေရသည်။ ချွေးတွေ စို့ထွက်လာသည်။ နှုတ်ခမ်းတွေက အက်ကွဲနေသည်။ သွေး မဆင်းတော့သော သွေးပုလင်းကို ငေးကြောင်ကြည့် နေမိပြန်သည်။ ခေါင်းကို စောင်းငဲ့၍ သံဆန်ခါတပ် ပြတင်းမှ အပြင်သို့ ကြည့်လိုက်သည်။ မပီ။ မြင်ကွင်းသည် မပီ။ သို့သော် သည်မြင်ကွင်းတွေကို အလွတ်ရ နေသည်။ အုတ်တိုက် ဖြူဖြူကလေး တစ်လုံး။ ဘေးမှာ လှည်းတစ်စီး။ သို့မဟုတ် ဆေးရုံ ရင်ခွဲရုံနှင့် အလောင်းသယ် လှည်းမည်းမည်း တစ်စီး။

ဒါကလွဲလျှင် အခြားမဖြစ်နိုင်။

* * *

(၃)

ဆေးသားမဲ့ ပန်ကာရွက် လည်သံကပင် ချောက်ချားဖွယ် ကောင်းနေလေသည်။ မွှန်စူးသော ဆေးရုံနံ့၊ သို့မဟုတ် မွေးဖွားဆောင် ဘက်မှ မီးနေနံ့၊ သို့မဟုတ် ပြည်ပုပ် သွေးပုပ်နံ့တို့မှ ညှီပြဲ့ပြဲ့နံ့။ သို့တည်းမဟုတ် လူသေတို့၏ အေးစက်သော အနံ့။ တစ်ခုခုတော့ ဖြစ်နိုင်သည်။

အနံ့ တစ်ခုခုကို ရနေသည်။ လူသေတွေရဲ့ အနံ့။ ဝေးလံသော အရပ်မှ လာသော အနံ့သာ ဆိုလျှင် ရင်ခွဲရုံဘက်က လာသည့် အနံ့ကို ရရှိနေခြင်း ဖြစ်သည်။ အုတ်တိုက် ဖြူဖြူကလေး ဆီက၊ သို့မဟုတ် လှည်းမည်းမည်း ဆီက ဖြစ်မည်။ သူ့ကိုယ်သူ ဆေးရုံ ရင်ခွဲရုံထဲက ကျောက်စားပွဲကြီး ပေါ်မှာ တွေ့နေရသည်။ ရင်ခွဲရုံထဲမှာ ကျောက်စားပွဲ ရှိသည် မရှိသည်ကို သူ မသိ။ ကျောက်စားပွဲပေါ်မှာ ဆန့်ဆန့်လျားလျား ငြိမ်သက်နေသော သူမ ခန္ဓာကိုယ်ကိုတော့ သူမ တွေ့နေရသည် အမှန်။ ရနေသော အနံ့က သူ့ကိုယ်မှ အနံ့ ဖြစ်နေပြန်သည်။ စားပွဲပေါ်မှာ သူ မလှမပ လျော့ရဲ နေလေသည်။ ရင်ခွဲရုံထဲကို သူ ဘယ်လို ရောက်နေမှန်း မသိ။ သူ ဝင်လိုက်တော့ ရင်ခွဲရုံ တံခါး ပြန်ပိတ်သွားသည်။ ကျောက်စားပွဲ ပေါ်က သူမကို သူမကိုယ်တိုင် မြင်ရတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ ပြီးတော့ ယှဉ်ကာ အိပ်လိုက်သည်။ ခဏကြာတော့မှ သူမ အသာအယာ ပြန်ထလိုက်သည်။ ကျောက်စားပွဲပေါ်မှ လျှောဆင်းကာ တံခါးနားမှာ လာရပ်တော့ တံခါးက အလိုအလျောက် ပွင့်သွားပြန်သည်။ ဆေးရုံရှေ့ ကျောက်ခင်းလမ်း ကလေးမှ ထင်းရှူးပင်တန်း ဆီသို့ ရောက်လာသည့် အခါ ညသည် အေးမြစွာ နှုတ်ဆက် လေသည်။ ထင်းရှူးပင်ကြီးတွေ အောက်က သစ်သားထိုင်ခုံ ပေါ်မှာ ခဏထိုင်လိုက် ပြန်သည်။ မြင်ကွင်းထဲမှာတော့ ဆေးရုံကြီး တစ်ခုလုံးသည် မှော်အိမ်ကြီး တစ်အိမ်လို ကြောက်မက်ဖွယ် ကောင်းနေသည်။ သာဝန်းစ လသည် ဆေးရုံခေါင်မိုး ပေါ်မှာ ချိတ်တွယ် နေသည်။ ထင်းရှူးရိပ်မှာ လရောင်ကျိုးကျဲ။ လေသည် ထင်းရှူးရွက်များကို ဖြတ်သန်းတိုက်ခတ် လာသောအခါ သာယာသံ လိုလို၊ ညည်းသံ လိုလို အသံတွေ ဖြစ်ပေါ်စေသည်။ ထင်းရှူးပင် ကြားက လသည် မှုန်ရီလွန်းသည်။ ဆေးရုံဟောင်း ဘက်မှာ ဆရာမ တစ်ဦးကို စင်္ကြံမီးရောင် အောက်မှာ မြင်နေရသည်။ သူ့ကိုတော့ မြင်ဟန် မရှိချေ။ သူ့ကိုယ်သူ သေးကျုံ့ သွားအောင် ပြင်ထိုင်လိုက်သည်။ ဆရာမက သူ့ကို လှမ်းမမြင်တော့။ သူမ ဝမ်းသာသွားသည်။ ထို့နောက် ခုံပေါ်မှထကာ ဆေးရုံရှေ့ ကားလမ်းပေါ်သို့ လျှောက်လာခဲ့သည်။ ကျိုးပဲ့နေသော ဆေးရုံ တံခါးကို ကျော်လိုက်သည်။ ဆေးရုံသည် ဝေးလျားစွာ နောက်မှာ ကျန်ရစ်ခဲ့သည်။ သူ့ခြေဖျားတွေက မြေကြီးနှင့် ထိစပ် နေသည်ဟု မထင်။ မှို့စကလေး တစ်စလို လွင့်မျော နေခြင်းမျိုး ဖြစ်သည်။ လွတ်ပြီ။ အားပါးတရကြီး ရယ်ပစ်လိုက်သည်။ သူ ရယ်တာကို သူကိုယ်တိုင် ပြန်မြင်ရတော့ လန့်ဖျပ်သွား ပြန်သည်။ သွားတွေ တစ်ချောင်းမှ မရှိတော့။ မျက်လုံး တစ်လုံးက အပြင်ဘက်ကို တွဲကျနေသည်။ ပါးတစ်ခြမ်းက ရွဲ့လိမ်နေသည်။ ရုပ်ရှင်ပိတ်ကား ပေါ်က မိမိ လှုပ်ရှားမှုကို မိမိ ပြန်ကြည့် နေရသော ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်လို ပြန်မြင် နေရခြင်းမျိုး ဖြစ်လေသည်။ ထိုအခါ သူမ ငိုချလိုက်သည်။
“မေစီ … မေစီ”

တိုးညင်းသော အသံနှင့်အတူ သူ့ကို ကိုင်လှုပ်နေမှန်း ပထမဦးစွာ သိလိုက်သော အခါ သူ ငိုရှိုက် နေသည်ဟု ထင်သည်။ မာတောင့်သော ဆေးရုံ ခုတင်ထက်မှာ၊ မွှန်စူးသော အနံ့တွေ ကြားမှာ၊ တစ်ပတ်ချင်း မှန်မှန် လည်နေသော ပန်ကာရွက် အောက်မှာ သူမ ရှိနေမှန်း ပြန်သတိရ လာသည်။

“မေစီ … ဘာဖြစ်လို့ ငိုနေသလဲ။ နင်တို့ သားအမိလဲ ဒုက္ခပါပဲဟယ်၊ ကလေးကပါ ဆေးရုံတက် နေရတယ်၊ ခြင်တွေ ကိုက်ထား လိုက်တာ၊ အို … အိုး … နေပါဦးကွယ်၊ ငါ စောင်ခြုံ ပေးစမ်းမယ်”

တာဝန်ကျ ဆရာမကလေး၏ အသံကြားတော့ သူမ လန့်နိုးသွားသည်။ လူနာ မရှိသော ခုတင်လွတ် တစ်လုံးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သားလေးကို သတိရ သွားသည်။ ချည့်နဲ့စွာ လည်ပတ်နေသော ပန်ကာရွက်က ခြင်ကောင်တွေကို မောင်းနှင် မပစ်နိုင်။ ဆရာမက ထုံးစံအတိုင်း ဆေးထိုး ပေးသွားပြီ ထင်သည်။ ထိုးသည် ဖြစ်စေ။ မထိုးသည် ဖြစ်စေ သူမမှာ ခံစားမှု မရှိတော့၊ ထိ သိ မရှိတော့။ ရေဆာ လာသည်။ နှုတ်ခမ်းတွေ တင်းခြောက်နေသည်။ ရင်တွေ ခုန်နေသည်။ ဆေးရုံ ခုတင်နှင့် ထိစပ်နေသော ကိုယ်ခန္ဓာ အစိတ်အပိုင်း တော်တော်များများ ထုံကျင်နေသည်။ လေရှူ ရတာလည်း မဝချင်တော့။ တအားရှူသွင်း နေရသည်။ အဆုတ်ထဲကို လေနည်းနည်းပဲ ဝင်သည်။ အဆုတ်တစ်ခုလုံး ပြန့်ကားသွားအောင် ရှူချင်သော်လည်း မရ။ သားလေးကို နှိုးမည် ကြံသည်။ မနှိုးရက်တော့။ အသံထွက်ချင် သော်လည်း စေးထန်းသော ခံတွင်းက ဖွင့်၍ မရချေ။ သူမ သေသွားပြီလား။ ဒါမှမဟုတ် သေတော့မှာလား မသိချေ။

“ရေ … ရေ”

အသံထွက် သွားသည်ဟု ထင်သည်။ ရေစက်အချို့ စီးကျလာမှန်း သိသော်လည်း ဘယ်သူက တိုက်နေမှန်း မသိ။ ရေစက်တွေက နှလုံးကို ဖြန်းခနဲ ဖြန်းခနဲ ထိစဉ်သွားသည်။ သူ့နားထဲမှာ စကားသံတွေ ကြားနေရသည်။ တဝေါဝေါ ဆူညံနေအောင် ပြောနေခြင်းမျိုး ဖြစ်သည်။ ထို့နောက် စကားတွေက ဝေး၍ ဝေး၍ သွားရုံမက နှေးကွေး လေးတွဲ့စွာ ပြောနေသံမျိုး ဖြစ်သည်။ မိမိ၏ အမည်ကို တယုတယ ခေါ်နေမှန်း သိသော်လည်း မေးရိုးကို ဆတ်ခနဲ ဆတ်ခနဲ ထိုးကာ ကြားကြောင်း တုံ့ပြန် လိုက်သည်။ ဘယ်သူက ခေါ်နေတာလဲ၊ ဘယ်သူတွေလဲ။ ဘယ်သူတွေလဲ။

* * *

(၄)

သည်တစ်ခါ သူမ တက်လိုက်သော အဆောက်အအုံမှာ အုတ်တိုက် နီနီကြီး ဖြစ်လေသည်။ လှေကားထစ်ပေါင်း များစွာကို တက်နေရခြင်း ဖြစ်သည်။ အချိုးအကွေ့တွေ များလွန်းသဖြင့် ဘယ်နှစ်ထပ်မှန်းလည်း မသိတော့။ နောက်ဆုံး အချိုးတစ်ခု အကွေ့လိုက်တွင် မွှေးကြိုင်သော ရနံ့တစ်မျိုးကို ရှူရှိုက်မိလေသည်။ နှင်းဆီရနံ့။ ချိုအီသော ရနံ့သည် ခန်းမထဲမှာ ကြိုင်လှောက် နေသည်။ ဝင်းလက်သော အရောင်တင်ဆီသုတ် ကျွန်းသား ခုံတန်းတွေကို တစ်တန်းပြီး တစ်တန်း ကျော်ဖြတ် လာခဲ့သည်။ လက်ဝါးကပ်တိုင်ပုံ ရိုက်နှိပ်ထားသော ယပ်တောင် တချို့။ ဓမ္မသီချင်း စာအုပ်များကိုလည်း တွေ့နေရသည်။ ယပ်တောင်တွေ ပေါ်က စာတွေကို လိုက်ဖတ်ကြည့်တော့ ‘ခရစ်တော်၌ အိပ်ပျော်ခြင်း၊ မေစီ … အသက် နှစ်ဆယ့်ခြောက်နှစ်’ ဟု ရေးထားသည်။ ရှေ့ကို ဆက်လျှောက် လာတော့ ရှေ့မှာ အနက်ရောင် သေတ္တာရှည် တစ်လုံး ရှိနေသည်။ လွှားခြုံထားသော ဇာပဝါမှာ ဖြူဖွေး တောက်ပလွန်းသည်။ အုတ်တိုက် နံရံကို ရိုက်ခတ်၍ လှိုက်ခုန်နေသော စန္ဒရားသံနှင့် အတူ လူပေါင်း များစွာ၏ ဓမ္မသီချင်း ကျူးဧသံက လှိုင်းထ နေလေသည်။

‘ကောင်းကင်မှာ မိတ်ဆွေများ တွေ့ရလိမ့်မည်၊ ဝမ်းမြောက်ခြင်း မြစ်ရေသည် စီးလျက်နေ၏၊ ကယ်တင်ရှင် ပြုံးရယ်ခြင်း မြင်ရပြန်လျှင် အနန္တကာလမှာ ဘုန်းတော်မြတ်ပင်’

ထိုင်ရာမှ ထလိုက်ကာ သေတ္တာနက်ဆီသို့ လျှောက်လာခဲ့သည်။ တောက်ပသော ဇာပဝါကို ဖြတ်၍ သေတ္တာထဲ ငုံ့ကြည့်လိုက်တော့ များစွာ အံ့ဩသွား လေသည်။ ခေါင်းတလားထဲမှာ အိပ်စက် နေသူကား သူမကိုယ်တိုင် ဖြစ်နေလေသည်။ လူတွေက သူမကို မတွေ့သလို ဓမ္မသီချင်း၌ အာရုံစူးနစ် ထားကြသည်။ နှင်းဆီရနံ့သည် ပိုမို မွှန်စူး နေသည်။ ကြောက်လန့်တကြား နောက်ဆုတ် လာခဲ့သည်။ လူတွေက သူမကို မမြင်တာ သူမ အံ့ဩနေသည်။

‘အကျွန်ုပ် ရန်သူတို့ ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကို ခင်းကျင်းတော်မူ၏။ အကျွန်ုပ် ခေါင်းကို ဆီဖြင့် လိမ်းကျံတော်မူ၏။ အကျွန်ုပ် ခွက်ဖလားသည် လျှံလျက် ရှိပါ၏’

သင်းအုပ် ဆရာတော်၏ ကရုဏာဖြင့် မြွက်ကျူးသံသည် သူမ နောက်မှာ လွင့်ဝဲ ပါလာသည်။ လှေကား ထောင့်ချိုးကွေ့ တစ်ခုမှာ သူမ ထိုင်ချလိုက်သည်။ ပြီးတော့ ဝမ်းပန်းတနည်း ငိုချလိုက်သည်။ ခဏကြာတော့မှ ငိုရင်း ဆင်းလာခဲ့သည်။ ကြီးမားသော သံပန်း တံခါးကြီးကို တွန်းဖွင့်ကာ လမ်းမပေါ်ကို ဆင်းလိုက်သည်။ လမ်းမပေါ်မှာ ကသုတ်ကရက် လျှောက်လာခဲ့သည်။ သည်မှာပင် ရှည်လျားသော လူတန်းကြီးကို သူမ တွေ့ရှိလေသည်။ အဆက်မပြတ် ကြားနေရသော ကြေးစည် ထိုးသံနှင့် အတူ လူတန်းကြီးသည် တရွေ့ရွေ့ သွားနေခြင်း ဖြစ်လေသည်။ လူတန်းရှည်ကြီး၏ နောက်ဆုံးတန်း ထဲကို သူမ တိုးဝင်လိုက်သည်။ သည်လူတွေ ကလည်း ယပ်တောင်ကလေးတွေ ကိုယ်စီ ကိုင်ထားသည်။ ယပ်တောင်တွေမှာ ထင်ထင်ရှားရှား မြင်ရသော အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုသည့် စာလုံးတွေကို တွေ့တော့မှ သူမ သဘောပေါက် သွားသည်။ သူမက လူတွေကို တစ်ရစ်ပြီး တစ်ရစ် ကျော်ကာ ဖြတ်တက် လာခဲ့သည်။ သူမ ရှေ့ဆုံးတန်းကို ရောက်လာတော့ လမ်းကျဉ်းကလေး တစ်ခုထဲကို လူတွေ တိုးဝင် နေကြသည်။ မြေစိုင်ခဲ စိုပွပွပေါ်မှာ တင်ထားသော သေတ္တာရှည် တစ်လုံး၊ အထဲမှာ သူမ ရှိနေလေသည်။ သေတ္တာပေါ်က ငွေရောင် ကနုတ်ကလေး တွေက ပြိုးပြက်နေသည်။ လူတွေကို တအား တိုးဖယ်ကာ သေတ္တာနှင့် အနီးဆုံး နေရာမှာ သူမ ထိုင်ချ လိုက်သည်။ သူမ ထိုင်လိုက်သဖြင့် မြေစိုင်ခဲတချို့ ကျင်းထဲကို ကျသွားသော်လည်း လူတွေက သူမကို မတွေ့သလိုပင်။ အဘွားအို တစ်ဦးက လက်ထဲမှာ ချိန်ခွင်ကလေး တစ်လက်ကို ကိုင်ထားသည်။ တစ်ဖက်မှာ အင်္ကျီကလေး နှစ်ထည်။ သည်ဘက်မှာတော့ … အို … သူမ နှစ်သက်ခဲ့ဖူးသော ရှန်အင်္ကျီကလေး။ ဒါဖြင့် ဟိုဘက်က အင်္ကျီတွေ ကကော။

ပိုး၏ အင်္ကျီတွေပင် ဖြစ်လေသည်။ ချိန်ခွင်လျှာသည် တည့်မတ်စွာ ရိုးဂုဏ်ကို ပြသနေသည်။

“ကိုင်းပါကွယ်၊ သံယောဇဉ်တွေကို ဖြတ်လိုက်ပါတော့၊ ကလေးက လူ့ဘုံမှာ နေခဲ့ရမှာလေ၊ ညည်းနဲ့က ဘဝခြား နေပြီပဲ၊ ဒီတော့ ဒီအဖေ လက်ထဲကိုသာ စိတ်ချလက်ချ ထားခဲ့ပါတော့၊ သဘောတူရင် ညည်းဘက်က နှိမ့်ပြလိုက်၊ နှိမ့်ပြလိုက်၊ နှိမ့်ပြလိုက်ပါ အေရယ်”

သူ့အဖေ တဲ့၊ ပိုးရဲ့အဖေ ပေါ့။ အို ပိုးရဲ့အဖေ လက်ထဲကို ထားခဲ့ရ မတဲ့လား။ မပေးဘူး။ ဘယ်တော့မှ မပေးဘူး။ မြေစိုင်ခဲ တစ်လုံးကို ပိုး၏ အင်္ကျီဘက်က ချိန်ခွင်ထဲ ထည့်လိုက်သည်။ ချိန်ခွင်လျှာသည် ငိုက်ခနဲ ထိုးကျသွားသည်။

“မဟုတ်တာအေ … ညည်းနှယ်၊ ညည်း မကျွတ်မှာ စိုးလို့ ပြောတာ အေရဲ့၊ သူတို့က ကလေးကို ရှင်ပြုပေးမယ် တဲ့၊ ညည်းလဲ ဘဝကူး ကောင်းရောပေါ့”

ချိန်ခွင်က ပြန်လည် တည့်မတ်သွား ပြန်သည်။ အံကို တင်းတင်းကြိတ် လိုက်ကာ မြေစိုင်ခဲတွေကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ထိုနေရာမှ ထွက်လာခဲ့သည်။

ထူးဆန်းသည်မှာ လူတွေက သူ့ကို မတွေ့ကြခြင်းပင် ဖြစ်လေသည်။ သင်းချိုင်းဝကို ရောက်သောအခါ မြက်ခင်းစပ်မှာ လူတစ်ယောက် ရှိနေသည်။ တစ်ယောက်တည်း။ ပထမဆုံး သူမ မြင်ရသည်မှာ အနက်ရောင် ကတ္တီပါ သဲကြိုးတပ် ဖိနပ်ကို စီးထားသော ခြေထောက်များ။ မျက်နှာကို ကြည့်လိုက်တော့ တင်းမာ ခက်ထန်သော မျက်နှာမျိုး။ အရက်ခိုး ဝေနေသော မျက်ဝန်းများက တောက်လက် နေသည်။ ရက်ပေါင်းများစွာ ရင်းနှီးခဲ့ဖူးသော သည်မျက်နှာကို သူမ ဘယ်တော့မှ မမေ့။ ကိုညွန့်ဝေ။ သူမ ကြောက်လန့်တကြား နောက်ကို ဆုတ်လိုက်သည်။ ပိုး … ပိုးရဲ့ အဖေ ကိုညွန့်ဝေ။ ပထမ အိမ်ထောင်။ မိမိ ဘဝ၏ ပထမဆုံး ကြွေခဲ့ဖူးသော ဆွေးမြေ့သော သစ်ရွက် တစ်ရွက်။ ယမုန်နာ မြစ်လယ်မှာ အဆွေခင်ပွန်း ဖွဲ့ကြသော ကြေးအိုးနှင့် မြေအိုးတို့ အချင်းချင်း ရိုက်ခတ်မိသည့် အခါ မြေအိုးသာလျှင် နောက်ဆုံး တစ်စစီ တစ်ဖဲ့စီ ကွဲကြေ သွားရသည့် ပုံပြင်ကို သူမ သတိရနေသည်။ အိမ်ထောင်သက် သုံးနှစ်အတွင်း ပိုးကို မွေးပြီးစမှာပင် သူနှင့် လမ်းခွဲခဲ့သည်။ ထိုနေရာက သူမ ပြေးထွက် လာခဲ့သည်။ အတော် ခရီးပေါက် လာသည့်အခါ ခဏလေး ရပ်နားလိုက်သည်။ ချွေးတွေ ရွှဲနစ်နေသည်။ မောဟိုက် ပင်ပန်းလှပြီ။ လမ်းနှစ်ခွမှ တောင်ကမူ ကလေးပေါ်ကို တက်သွားသော လမ်းကလေးကို သူမ ရွေးချယ်လိုက်သည်။ အပြေးကလေး တက်မည်ဟု ခြေလှမ်းပြင် လိုက်သည်။ ထိုအခါ သူမ၏ ပခုံးတွေကို တစ်စုံတစ်ယောက်က ဆွဲကိုင်ထားသဖြင့် ရှေ့တိုးလို့ မရ။

“နေဦးလေ … ငါလဲ လိုက်မှာပေါ့”

လှည့်ကြည့် လိုက်တော့ ပိုး လေးနှစ်သားမှာ သူမ လက်ထပ် ယူခဲ့သော ဒုတိယ အိမ်ထောင်ကို တွေ့သည်။

“မလိုက်နဲ့ … နင့်မျက်နှာကို ငါ မကြည့်ချင်ဘူး ... ဘာထူးသလဲ၊ နင်လဲ အတူတူပဲ ... နင် ငါ့ကို မချစ်ဘူး ... ငါ့သားလေး ကိုလဲ နင် မချစ်ဘူး၊ နင်က ပထွေးပဲ ... ငါ့သားလေးကို နင် နှိပ်စက်တယ် ... ငါကလဲ ပင်ပင်ပန်းပန်း ရှာကျွေးရသေးတယ် ... ငါ့သားလေးကိုလဲ နင် ရိုက်တယ် ...”

နင့်ကို မကြည့်ချင်ဘူး။ မုန်းတယ်။ မုန်းတယ်။ မုန်းတယ်။

တစ်တောလုံး၊ တစ်တောင်လုံး ဟိန်းသွားအောင် အော်ဟစ်လိုက်သည်။ ဒေါသဖြင့် တုန်ယင်နေသည်။ တောင်ကုန်းထိပ်က ကြည့်လိုက်တော့ သူက မော့်ကြည့်နေဆဲ ဖြစ်လေသည်။

“သွား နင် ငါ့ကို မကြည့်နဲ့၊ နင့်ကြောင့်၊ နင့်ကြောင့်၊ ငါ့ဘဝ …”

ရှိုက်ကြီးတငင် ငိုမိပြန်သည်။ လေသည် အေးမြစွာ တိုက်ခတ် နေလေသည်။ သူမ ဘဝကိုသူမ နာကြည်းစွာ သတိရနေသည်။ စက်ရုံကြီး တစ်ရုံ ဘေးမှာ ဝါးတဲကလေးနှင့် နေရသည်။ ဒုတိယ အိမ်ထောင်က သူမနှင့် ကွဲလိုက်။ ပေါင်းလိုက်။ ပြန်လာလိုက်။ စက်ရုံထဲက ဆီခဲပုံးတွေမှာ ယောက်သွားခွံနှင့် ခြစ်ကာ ဆီခဲ စုရသည်။ ထင်းတို ထင်းစ၊ သံတို သံစ ကောက်ရသည်။ တချို့က သနားသဖြင့် ခွင့်ပြုသည်။ တချို့က မသနားဘဲ ခွင့်ပြုသည်။ ကွင်းကျယ်ကြီးထဲက ဝါတဲကလေးမှာ နေရသော သူမရဲ့ ဘဝကို စောင့်ရှောက်ချင် သူတွေ များလာသည်။ ဒုတိယ အိမ်ထောင်၏ မိဘတွေ ကလည်း သူမဆီ ပြန်မလွှတ်တော့။ ပြန်ပေါင်းဖို့လည်း မပြောတော့။ ဤသို့ဖြင့် စောင့်ရှောက်ချင် သူများနှင့် ဘဝသည် သာယာသလို ရှိလာသည်။ ထိုအခါ သူမ ဘဝကို ဇက်ကုန်ဖွင့် လိုက်သည်။

ဝါးအိမ်ကလေးသည် တစ်နေ့တခြား ဆွေးမြည့် သွားလေသည်။

အခြင်ဝါးတွေ၊ ဆင့်ဝါးတွေ ပြုတ်ကျကုန်သည်။

ပိုးမှုန်တို့ဖြင့် ယိမ်းယိုင်စ ပြုလာသည်။

ချုံနွယ် ပိတ်ပေါင်းတို့ ဝါးမြိုစ ပြုလာသည်။

ဤသို့ဖြင့် နွေလ၏ ရက်တစ်ရက်မှာ ဆေးရုံကို သူမ ရောက်ရှိ လာခဲ့သည်။ ဆေးရုံကို ဆေးရုံ၊ ဆေးရုံမှာပဲ။ သူမ ဆေးရုံမှာ ရှိသေးသည်ပဲ။

“သားလေး … ပိုး …”

* * *

(၅)

“သားလေး ပိုး … ပိုး”

“အမေ”

“အမေ”

မျက်လုံးတွေကို ဖွင့်ကြည့်သော်လည်း မြင်ကွင်းသည် မှုန်ဝါးလွန်းသည်။ ဝေးလံသော အရပ်သို့ ပြေးလွှားနေသော စိတ်တွေကို ပြန်လည် စုစည်းမိ လာသည်။ နဖူးနှင့် လည်ပင်းမှာ ချွေးစေးတွေ ကျနေသည်။ ပါးဟက်ဖြင့် ရှူရှိုက် နေရသော ပလိုင်းထဲက ငါးတစ်ကောင်လို မွန်းကျပ်နေသည်။

“မမေစီ သတိရပြီလား … သတိရပြီလား”

တည်ငြိမ် လေးနက်သော အသံတစ်စ။ မျက်လုံးတွေကို ဖွင့်လိုက်သည်။ မျက်ရည်ပူတွေ လိမ့်လျှော ကျလာသည်။

“မမေစီ သတိရပြီလား … သေသေချာချာ နားထောင်ပါ၊ မမေစီ သေသေချာချာ နားထောင်ပါနော် ...”

ရှိသမျှ ခွန်အားတွေကို စုကျစ်ကာ နားထောင် လိုက်သည်။ ဝေးလျားသော တောင်ကြားလွင်ပြင် တစ်ခု၊ သို့မဟုတ် လျှိုတစ်ခုထဲက အသံတွေလို တဖျပ်ဖျပ် ခါနေသည့် အသံများ။

“ကျွန်တော် ရန်ကုန် ဘူတာကြီးက မီးရထား အရာရှိ တစ်ဦးပါ၊ မမေစီရဲ့ သားလေးကို မမေစီ ခွင့်ပြုရင် ကျွန်တော် မွေးစား ပါရစေ၊ မမေစီ ကြားရဲ့လား၊ ကျွန်တော့်ကို ယုံယုံကြည်ကြည် ပေးခဲ့ပါ၊ ကျွန်တော် ဆရာဝန်ကြီးတွေ ရှေ့မှာ တရားဝင်အောင် ဆောင်ရွက်မှာပါ”

“အမေ … အမေ … သားပြောတဲ့ ဦးဦးလေ၊ ဆေးရုံကို လိုက်လာတာ တဲ့၊ သားကို လာခေါ်တာ တဲ့ ...”

“မမေစီ ကြားရင် ခေါင်းညိတ်ပြ ပါနော်။ ကျွန်တော့်ကို ပေးမယ်ဆိုရင် ပါးစပ်က ကြိုးစားပြီး ပြောပါ ...”

မျက်လုံးကို ဖွင့်ထားသော်လည်း ဘာမှ မမြင်ရတော့။ အသံတွေက ကြားတစ်ခါ၊ တိုးတစ်လှည့်။ လေထဲမှာ သေးမျှင်သော ပင့်ကူမျှင် ကြိုးကလေး နှစ်ချောင်း တလက်လက် လွင့်မျောနေသည်။ တစ်ချောင်းက မိမိ၏ အသက်ဇီဝ ကြိုးမျှင်။ တစ်ချောင်းက … တစ်ချောင်းက။

“အမေ”

သူမ ခေါင်းကလေး တစ်ချက် ညိတ်လိုက်ဖို့၊ ဒါမှမဟုတ် မေးကလေး တစ်ချက် ဆပ်လိုက်ဖို့၊ ဒါမှမဟုတ်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ဖို့။ သူမကို တင်းရစ်ထားသော ကြိုးကလေးတွေ ထောင်းခနဲ ထောင်းခနဲ ပြတ်တောက် သွားသည်။

ထို့နောက် …

🔲

#နေဝင်းမြင့်

ပေဖူးလွှာ မဂ္ဂဇင်း၊ အမှတ် ၁၁၂၊ မတ်၊ ၁၉၉၀။
[ဆယ့်နှစ်ကြိုး ဝတ္ထုတိုများ (၁၉၉၂)]

No comments:

Post a Comment