"ချစ်ခြင်းဖွဲ့ အလင်္ကာ"
=============
#မနှင်းဖွေး
ဂီတပညာရှင် စန္ဒားလှထွဋ် ရေးဖွဲ့သီကုံးခဲ့တဲ့ "ချစ်တယ်" ဆိုတဲ့ သီချင်းဟာ မြန်မာသီချင်းထဲမှာတော့ လူကြိုက်များ ထင်ရှားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
"ကမ္ဘာပေါ်မှာ လူတိုင်း ပြောဖူးကြတဲ့ စကားတစ်ခွန်း ရှိတယ်။ အဲဒါဟာ ချစ်တယ်တဲ့။ အဘိုးကလည်း အဘွားကို ချစ်တယ် ပြောမှာပဲ။ အဖေကလည်း အမေ့ကို ချစ်တယ် ချစ်တယ်တဲ့။ ကိုယ်ကလည်း မင်းကို ..."
အဲဒီ သီချင်းကို ဦးလှထွဋ် ကိုယ်တိုင် ဆိုခဲ့တုန်းကလည်း ကောင်းတာပဲ။ အဆိုတော် မင်းသားကြီး သုမောင် ဆိုတော့လည်း ကောင်းတာပဲ။ ဖိုးသောကြာ ဆိုတော့လည်း ကောင်းတာပဲ။ ကော်နီ ဆိုတော့လည်း ကောင်းနေတာပါပဲ။ သီချင်း အေးအေးလေးမို့ ဘယ်သူဆိုဆို နားဝင် ချိုနေတာလား မသိပါဘူး။ အချစ်ရဲ့ သဘောကို ရိုးရိုးလေး ဖွဲ့ဆိုထားလို့ မရိုးနိုင်တာ ထင်ပါရဲ့။
ကျွန်မကတော့ အဲဒီ သီချင်းကို ကြားမိတိုင်း သွားလေသူ အဘိုးနဲ့ အဘွားကို အမြဲလိုလို ပြေးပြေးပြီး သတိရနေမိပါတယ်။
* * *
ကျွန်မအဘိုးဟာ အသက် ၈၀ မှာ ကွယ်လွန်ခဲ့ပြီး၊ အဘွားကတော့ အသက် ၇၅ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဘိုးနဲ့အဘွားတို့ရဲ့ အိမ်ထောင်သက်က နှစ် ၅၀ ရှိပြီး သားသမီး လေးဦး ထွန်းကားခဲ့ပါတယ်။ ကျွန်မအဖေက အဘိုးအဘွားတို့ရဲ့ သားကြီးဩရသ ဖြစ်သလို ကျွန်မက အဘိုးအဘွားရဲ့ မြေးဦးမလေးပေါ့။
အိမ်ထောင်သက် နှစ် ၅၀ အတွင်းမှာ အဘိုးနဲ့ အဘွားဟာ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာနဲ့ ခေါ်ခေါ်ပြောပြော လုပ်တာ ၁၅ နှစ်ပဲ ရှိပါတယ်။ အဲဒီနောက်ပိုင်း တစ်ယောက် တစ်ယောက် စကား မပြောကြတာ သူတို့ ကွယ်လွန်တဲ့အချိန် အထိပါပဲ။ နှစ်ကို တွက်စစ်ရင် ၃၅ နှစ် တိတိ ကြာတယ်ပဲ ပြောပါတော့။
တစ်အိမ်တည်း နေပြီး စကားမပြောတာ ၃၅ နှစ်တောင် ကြာတာ ဟုတ်ကော ဟုတ်ရဲ့လားလို့ တချို့က သံသယနဲ့ မေးချင်ကြမယ်။ မေးသူကို "ဟုတ်လိုက်တာမှ၊ ဟုတ် ဟုတ် ဟုတ် ဟုတ်နဲ့တောင် မြည်နေပါသေးတယ်" လို့ ကျွန်မက အခိုင်အမာ ပြောလိုက်ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဘိုးနဲ့ အဘွား စကား မပြောကြတဲ့အတွက် သူတို့ တစ်ယောက်နဲ့ တစ်ယောက် ပြောစရာရှိရင် နှစ်ရှည်လများ ကြားထဲက ပုဏ္ဏားတိုင် လုပ်ပေးရသူဟာ ကျွန်မကိုယ်တိုင် ဖြစ်ခဲ့လို့ပါပဲ။
အဘိုးက ပစ္စည်းတစ်ခုခု မတွေ့လို့ အဘွားကို မေးချင်ရင် သူနဲ့ နီးနီးနားနားမှာ ရှိတဲ့ အဘွားကို တိုက်ရိုက် မမေးပါဘူး။ ခပ်လှမ်းလှမ်း ရောက်နေတဲ့ ကျွန်မကိုသာ အသံမြှင့်ပြီး လှမ်းမေးပါတယ်။
"ထားထားရေ ... အဘိုး မနက်က ဒီတိုင်မှာ ချိတ်ထားတဲ့ ပင်နီ တိုက်ပုံအင်္ကျီ ဘယ်ရောက်သွားလဲဟဲ့"
တကယ်တော့ အဘိုးတိုက်ပုံ ဘယ်ရောက်သွားမှန်း ကျွန်မ ဘယ်သိမှာလဲ။ အဲဒီတုန်းက ကျွန်မ အသက်က ငါးနှစ်၊ ခြောက်နှစ်လောက် ရှိဦးမှာပေါ့။ ကလေးပေါ့။ ဒါပေမဲ့ အဘိုး မေးချင်သူက အဘွား ဆိုတာကို သိနေတဲ့ ကျွန်မက အဘွားကို တစ်ဆင့် မေးပေးရပါတယ်။
"အဘွား ... အဘိုးက မနက်က တိုင်မှာ ချိတ်ထားတဲ့ ပင်နီ တိုက်ပုံအင်္ကျီ ဘယ်ရောက် သွားလဲတဲ့"
အဘွားက အဘိုး စမေးကတည်းက သူ ကြားနေတာပဲ။ ဒါပေမဲ့ မဖြေဘူး။ ကျွန်မက တစ်ဆင့် မေးတော့မှပဲ ဖြေတယ်။
"လျှော်ဖို့ ဆပ်ပြာအိုးထဲ စိမ်ထားတယ်လို့ ပြောလိုက်"
ကျွန်မတို့ ငယ်စဉ်က ဆပ်ပြာမှုန့် ဆိုတာ မရှိပါဘူး။ အဝတ် လျှော်ချင်ရင် ဆင်ချေးတုံး ဆိုတဲ့ ဆပ်ပြာခဲ မည်းမည်းနဲ့ တိုက်လျှော်ချင် လျှော်၊ မလျှော်ချင်ရင် ဒန်အိုး ကြီးကြီးထဲ ဆပ်ပြာကို ဓားနဲ့ ပါးပါးလှီးထည့်ပြီး ရေများများနဲ့ ပြုတ်၊ ဆပ်ပြာတွေ အရည်ပျော်ကုန်တော့မှ အဝတ်ပေတွေ ထည့်စိမ်၊ ကြေးကျွတ်အောင် မီးဖိုပေါ်မှာ မီးအေးအေးနဲ့ ပစ်ထားလိုက်သေးတယ်။ အဲဒီလိုပဲ လျှော်ကြတယ်။ အခုလည်း အဘွားက အဘိုးရဲ့ တိုက်ပုံကို မီးဖိုပေါ်က ဆပ်ပြာအိုးထဲ ထည့်စိမ်ထားတဲ့ အကြောင်း ဖြေပါတယ်။
"ဒုက္ခပါပဲ၊ အဲဒီ အင်္ကျီက ဘယ်မှာ ပေသေးလို့တုန်း၊ ဝတ်လို့ ရနေသေး တဲ့ဟာ။ အဝတ်ဆိုတာ လျှော်တိုင်း ကောင်းတာ မဟုတ်ဘူး မိထားရဲ့"
"အဘွား၊ အဘိုးက ပြောတယ်။ အဲဒီ အင်္ကျီက ဘယ်မှာ ပေသေးလို့တုန်း တဲ့။ ဝတ်လို့ ရနေသေးတဲ့ဟာ တဲ့။ အဝတ်ဆိုတာ လျှော်တိုင်း ကောင်းတာ မဟုတ်ဘူး တဲ့"
"ထားထား၊ အဝတ်ဆိုတာ လျှော်တိုင်း မကောင်းမှန်း အဘွား သိတယ်။ နံစော်ပြီး ကြေး လက်လေးသစ် တက်နေလို့ ယူလျှော်တာ၊ မကျေနပ်ရင် ဆပ်ပြာအိုးထဲမှာ ရှိတယ် ခုချက်ချင်း ပြန်ယူလိုက်လို့ ပြောလိုက်"
"အဘိုး ... အဘွားက အဝတ်ဆိုတာ လျှော်တိုင်း မကောင်းမှန်း သိတယ်တဲ့။ နံစော်ပြီး ကြေး လက်လေးသစ် တက်နေလို့ ယူလျှော်တာတဲ့။ မကျေနပ်ရင် ဆပ်ပြာအိုးထဲမှာ ရှိတယ်။ ခုချက်ချင်း ပြန်ယူလိုက်တဲ့"
"ဪ ... ဆပ်ပြာအိုးထဲ ရောက်နေမှ ပြန်ယူလို့ ဘယ်ဖြစ်တော့မှာလဲ မြေးရဲ့"
"အဘွား ... အဘိုးက ဆပ်ပြာအိုးထဲ ရောက်နေမှ ပြန်ယူလို့ ဘယ်ဖြစ်တော့မှာလဲ တဲ့"
"အေး ... ပြန်ယူလို့ မဖြစ်ရင် လျှာရှည်ပြီး ဘာမှ ဆက်မပြောနေနဲ့ ပြောလိုက်"
"အဘိုး ... ပြန်ယူလို့ မဖြစ်ရင် လျှာရှည်ပြီး ဘာမှ ဆက်မပြောနဲ့ တဲ့"
"လျှာက ရှည်ချင်လို့ ရှည်တာ မဟုတ်ပါဘူး မြေးရယ်။ အဘိုးက စေတနာနဲ့ ပြောတာပါ။ မလိုအပ်ဘဲလျှော်ရင် လျှော်တဲ့လူ အလကား ပင်ပန်းတာပေါ့"
"အဘွား ... အဘိုးက လျှာရှည်ချင်လို့ ရှည်တာ မဟုတ်ပါဘူးတဲ့။ စေတနာနဲ့ ပြောတာပါ တဲ့။ မလိုအပ်ဘဲ လျှော်ရင် လျှော်တဲ့လူ အလကား ပင်ပန်းတာပေါ့ တဲ့"
"ဟွန်း ... လာ လာချည်သေး။ အပိုစကားများတော့ ပြောတတ်ပါ့။ ဘေးလူကြားရင် အလွန်စေတနာ ကောင်းတယ်လို့ ထင်စရာပဲ။ လူချီးမွမ်းလည်း ခံချင်သေး ထင်ပါရဲ့။ အဲဒီလို အပေါ်ယံ ရွှေမှုန်ကြဲပြီး အထဲက နောက်ချေးခံတဲ့ အကျင့်စရိုက်မျိုးလောက် မုန်းတာ မရှိဘူး။ လူတွေ အကြောင်းများ မသိရင် ခက်မယ် ..."
နောက်တော့ အဘွားက ဆိုင်တာတွေရော မဆိုင်တာတွေရော၊ ကျွန်မ နားလည်တာရော နားမလည်တာတွေရော တဗျစ်တောက်တောက်နဲ့ အရှည်ကြီး ပြောတော့ ကျွန်မလည်း အဘိုးကိုတစ်ဆင့် ပြန်မပြောတတ်တော့ဘူး။ ကျွန်မ ပြောမပေးတော့ အဘိုးလည်း ဘာမှ မတုံ့ပြန် နိုင်တော့ဘူးပေါ့။ ဒီတော့မှ အဘိုးနဲ့ အဘွား စကား ပြောဆိုမှုကိစ္စ အဆုံးသတ် သွားပါတော့တယ်။
အဲဒါ အဘိုးဘက်က စပြောတာ။
အဘွားဘက်က စပြောတာလည်း ရှိသေးတယ်။
"ထားထား၊ ညည်းအဘိုးကို ပြောလိုက်။ ထမင်းပွဲ ပြင်ပြီးပြီလို့"
အဘိုးနဲ့ အဘွားက ထမင်းလက်ဆုံတော့ စားလေ့ မရှိပါဘူး။ အဘိုးကို အရင်ကျွေးပြီးမှ အဘွားက သတ်သတ်စားတယ်။ အဘွားဟာ အဘိုးအတွက် ထမင်းချိန် ထမင်း၊ ဟင်းချိန် ဟင်း၊ ကော်ဖီချိန် ကော်ဖီ၊ လက်ဖက်ရည်ချိန် လက်ဖက်ရည် မှန်မှန်တော့ ပြင်ဆင်ပေးတယ်။
ကျွန်မရဲ့ တာဝန်က အဘိုးနဲ့ အဘွားကြားမှာ ယခုခေတ် အခေါ် ဆက်သွယ်ရေး အရာရှိ (Liaison Officer) လုပ်နေရသူ ဆိုတော့ ခြံထဲမှာ စပယ်ပင်တွေကို ပေါင်းသင် ရေလောင်းနေတဲ့ အဘိုးကို မီးဖိုပြတင်းပေါက်ကနေ လှမ်းအော် ခေါ်ရတယ်။
"အဘိုး ... အဘွားက ထမင်းပွဲ ပြင်ပြီးပြီတဲ့"
"ဟင် ... ဘယ်အချိန် ရှိသေးလို့ ထမင်းပွဲက ပြင်ရတာတုန်း"
"အဘွား၊ အဘိုးက ဘယ်အချိန် ရှိသေးလို့ ထမင်းပွဲက ပြင်ရတာတုန်း တဲ့"
"၆ နာရီ ထိုးပြီး လူတွေ ညနေစာ စားတဲ့အချိန် ရောက်လို့ ပြင်တာလို့ ပြောလိုက်"
"အဘိုး ၆ နာရီ ထိုးပြီတဲ့၊ လူတွေ ညနေစာ စားတဲ့အချိန် ရောက်လို့ ပြင်တာတဲ့"
"လူတွေ ညနေစာ စားတဲ့အချိန် ရောက်ပေမယ့် အဘိုးကတော့ မဆာသေးလို့ မစားနိုင်သေးဘူး ငါ့မြေးရေ"
"အဘွား ... အဘိုးက လူတွေ ညနေစာ စားတဲ့အချိန် ရောက်ပေမယ့် မဆာသေးလို့ မစားနိုင်သေးဘူးတဲ့ အဘွား"
"ဪ ... ဒီလိုလား၊ ရတယ်။ တစ်သက်လုံး မဆာလို့ မစားနိုင်ရင် သာတောင် ကောင်းသေးတယ်"
အဘွားက ပြောပြောဆိုဆို ထမင်းပန်းကန်ထဲက ထမင်းတွေကို ထမင်းအိုးထဲ၊ ဟင်းပန်းကန်ထဲက ဟင်းတွေကို ဟင်းအိုးထဲ ဆောင့်ဆောင့် အောင့်အောင့်နဲ့ ပြန်ထည့်နေပါတယ်။ ကျွန်မကတော့ တာဝန်ရှိတဲ့ အတိုင်း ပြောစရာရှိ ပြောပေး ရတာပေါ့။
"အဘိုး ... အဘွားက ဪ ... ဒီလိုလားတဲ့။ ရတယ်တဲ့။ တစ်သက်လုံး မဆာလို့ မစား ..."
ကျွန်မ ဘာသာပြန်လို့မှ မပြီးခင် အဘွားက စိတ်ဆိုးမာန်ဆိုးနဲ့ ဆက်ပြီး ရေရွတ်ပါတယ်။
"အခန့်သားလည်း ထိုင်စားသေး၊ ကြေးကြကလည်း များသေး၊ သူ့ကိုသူ ဘာများ မှတ်နေလဲ မသိဘူး။ ဟိုအချိန် မစားနိုင် ရတာနဲ့၊ ဒီအချိန် မစားနိုင် ရတာနဲ့၊ ဟိုဟင်း မကြိုက် ရတာနဲ့၊ ဒီဟင်း မကြိုက် ရတာနဲ့၊ သူများကို အားနာတဲ့စိတ် တစ်စက်မှ မရှိဘူး။ ကိုယ်ချင်းစာ စိတ်လည်း နည်းနည်းမှ မရှိဘူး။ တကယ့် အတ္တသမား စစ်စစ်"
အဲဒီလို ခပ်ရှည်ရှည် ရေရွတ်ပြီ ဆိုတော့ ကျွန်မလည်း အဘိုးကို ပြန်မပြောတတ်တော့ဘူး။ ဒီတော့ အဘိုးနဲ့ အဘွားရဲ့ စကားစမြည် ပြောဆိုမှု (Conversation ) ဟာ အဲဒီမှာပဲ တစ်ခန်းရပ် သွားပြန်ပါတယ်။
ငယ်တုန်းကတော့ အဘိုးနဲ့ အဘွားတို့ နှစ်ယောက် ဆက်ဆံရေးမှာ အဘွားဘက်က နည်းနည်း လွန်တယ်လို့ ထင်ခဲ့မိတယ်။ အဘွားက အဘိုးကို အမြဲလိုလို မကျေမနပ် ဖြစ်ပြီး ဂျစ်တိုက်နေတာကိုး။ ဘယ်တော့မှလည်း အကောင်း မမြင်သလို ဘယ်တော့မှလည်း အကောင်း မပြောဘူး။
ကျွန်မ ၁၀ တန်း ရောက်မှ အဘွားရဲ့ညီမ ဘွားလေးထွေး ပြောပြလို့ အဘိုးတို့ အဘွားတို့ ဇာတ်လမ်းကို သိခွင့်ရပြီး အဘွားကို နားလည် သွားတော့တာ။ အဘိုးက အဘွား ခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တာကိုး။
* * *
အဘိုးနဲ့ အဘွား အိမ်ထောင်ကျတော့ အဘိုးက အသက် ၃၀ တဲ့။ အဘွားက ၂၅ နှစ်။ အဘိုးက ငယ်ငယ်က လူချောဆိုပဲ။ ချောလွန်း ခန့်လွန်းလို့ အပျိုတွေ ဝိုင်းဝိုင်းလည် နေတာပဲတဲ့။ ဟုတ်မယ်။ အဘိုး ငယ်ငယ်က ရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်ရင် အဘိုးက သူတို့ခေတ် စူပါစတား ဖြစ်တဲ့ ရုပ်ရှင်မင်းသား ခင်မောင်ရင်လို ရုပ်မျိုး။ ဘလေဇာ ကုတ်အင်္ကျီ၊ မျက်မှန် အဝိုင်းနဲ့ တယောပေါ် မေးတင်ပြီး တယောထိုးနေတဲ့ အဘိုးရဲ့ ရောင်စုံဓာတ်ပုံဟာ အဘိုးတို့ခေတ်က အပျိုတွေ ရင်ခုန်မယ် ဆိုရင် ရင်ခုန်စရာပါပဲ။
အဘိုးတို့ ခေတ်မှာလည်း ရောင်စုံဓာတ်ပုံ ရှိပါတယ်။ ဒါပေမဲ့ ခုခေတ်လို သဘာဝ အရောင်အတိုင်း ထွက်တဲ့ ပုံမျိုးတော့ မဟုတ်ဘူးပေါ့။ အဖြူအမည်း ပုံပေါ်မှာ ဓာတ်ပုံဆရာက လက်စွမ်းပြ ဆေးရောင်ခြယ်ပေး ထားတာပါ။
အဘွားကတော့ အဘိုးလောက် မချောပါဘူး။ အဘိုးလောက်လည်း အသားမဖြူဘူး။ မျက်နှာကျက ယောက်ျား နည်းနည်းဆန်တယ်။ အဘွားရဲ့ အပေါ် နှုတ်ခမ်း ညာဘက်ထောင့်က မှဲ့လေး တစ်လုံးကြောင့်သာ အဘွားမျက်နှာက ဆွဲဆောင်မှု ရှိနေတာပါ။ ဒါပေမဲ့ အဘွားရဲ့ မျက်လုံးတွေကတော့ ထူးထူးခြားခြား စူးရှပြီး တောက်ပ နေပါတယ်။
အဘိုးနဲ့ အဘွား ယူခါစက အဘွားက အဘိုးကို သိပ်ချစ်ပြီး သိပ်အလိုလိုက် ခဲ့တယ်လို့ ဘွားလေးထွေးက ပြောပြပါတယ်။ သူ့ယောက်ျား လူချောလူခန့်ကို အရိပ် တကြည့်ကြည့်နဲ့ကို နေတာတဲ့။ အဘွားတို့ဘက်က ကုန်သည်မျိုးရိုး ဆိုတော့ ပိုက်ဆံရှိတယ်။ အဘွားတို့ အိမ်ထောင်ကျတော့ အဘွားမိဘတွေက အဘွားကို လက်ဝတ်လက်စား အပြည့်အစုံ အပြင် လုပ်ကိုင်စားသောက်ဖို့ လက်ခွဲ သနပ်ဖက် ပွဲရုံကိုတောင် လက်ဖွဲ့ ခဲ့တာတဲ့။ အောက်ထပ် ပွဲရုံ၊ အပေါ်ထပ် လူနေပေါ့။
အဲဒီ ပွဲရုံလုပ်ငန်းကို အဘွားကပဲ ဦးစီး လုပ်ကိုင်တာ ပါပဲ။ အဘိုးကတော့ အလုပ်ထဲ သိပ် စိတ်မဝင်စားလှဘူးတဲ့။ သူ စိတ်ဝင်စားတာက ဂီတ။ သူ့ ဂီတ ရောင်းရင်းတွေနဲ့ သီချင်းလေး ဆိုလိုက်၊ သီချင်းလေး ရေးလိုက်၊ တယောလေး ထိုးလိုက်နဲ့ နေတာ များတယ်တဲ့။ အဘိုး ခေါင်းဆောင်ပြီး တူရိယာဝိုင်းလေး တစ်ဝိုင်းတောင် ထောင်ထားသေးတာတဲ့။ အလှူပွဲ၊ မင်္ဂလာပွဲတွေမှာ လိုက်ဆိုကြ တီးကြတာတဲ့။ အပျော်တမ်း အဖွဲ့ဆိုတော့ အခကြေးငွေရယ်၊ ဘာရယ် ရေရေရာရာ ရတာ မဟုတ်ပါဘူးတဲ့။ အဘိုးတို့ကလည်း ဆိုနေ တီးနေ ရတာကိုပဲ ပျော်နေခဲ့ကြတာတဲ့။
ဒီတော့ ပွဲရုံ အပေါ်ထပ်က ဧည့်ခန်းကျယ်ကြီးမှာ အဘိုးရဲ့ ဂီတ မိတ်ဆွေတွေနဲ့ အမြဲလိုလို စည်ကား နေတတ်တယ်တဲ့။
အိမ်ထောင်ဦးစီး ဖြစ်တဲ့ အဘိုးက အိမ်စီးပွားရေး အလုပ်ကို စိတ်မဝင်စားဘဲ သူ ဝါသနာပါတဲ့ ဂီတ အလုပ်ပဲ လုပ်နေတာကို အဘွားက လုံးဝ မငြိုငြင်ဘူးတဲ့။ နောက်ပြီး အဘိုးက အရက်လေး တမြမြ သောက်နေတာနဲ့ ပတ်သက်လို့လည်း ခွင့်လွှတ် ကြည်ဖြူသတဲ့။ အဘိုးကို သိပ်ချစ်တော့ အဘိုးပျော်ရင် သူ ပျော်နေတာကိုး။
တစ်နေရာရာမှာ အလှူပွဲ၊ မင်္ဂလာပွဲ ရှိလို့ အပေါ်ထပ်မှာ အချိန်မရှိ၊ အချိန်ရှိ တီးကြမှုတ်ကြ၊ သီချင်းတိုက်ကြရရင် အဲဒီ အဖွဲ့သားတွေ စားဖို့ သောက်ဖို့ တောင် အဘွားက လိုလေသေး မရှိ စီစဉ်ပေးသေးတာတဲ့။
ပွဲနေ့ ရောက်ရင်လည်း တယောထိုးမယ့် အဘိုးကို ကျော့နေအောင် ဆင်ပေးသတဲ့။ အဘိုးမှာ ဘန်ကောက်ပုဆိုး ဆိုလည်း ရောင်စုံ၊ ပိုးတိုက်ပုံ ဆိုလည်း ရောင်စုံ။ ဘလေဇာ ကုတ်အင်္ကျီကို ရန်ကုန်လူကြုံနဲ့ တကူးတက မှာပြီး ဆင်တာ ဆိုတော့ အဘိုးလောက် ကံကောင်းတဲ့ ယောက်ျား လောကမှာ ဘယ်ရှိတော့မှာလဲ။
အဘွားကတော့ ပွဲရုံအလုပ် တစ်ဖက်၊ ကလေးတာဝန် တစ်ဖက်၊ မီးဖိုချောင် စီမံရတာ တစ်ဖက် ဆိုတော့ သူကိုယ်သူကျတော့ အလှတောင် မပြင်နိုင်ဘူးတဲ့။ အမှန်တော့ အိမ်မှာ အကူမိန်းကလေးတွေ နှစ်ဦးသုံးဦး အမြဲလိုလို ရှိနေတာကို အဘွားက ဘယ်သူ့ကိုမှ မျက်နှာ မလွှဲချင်ဘူးလေ။ သူကိုယ်တိုင် စီမံခန့်ခွဲရမှ စိတ်တိုင်းကျတာ ဆိုတော့ အဘွားပဲ ပိုပင်ပန်းတာပေါ့။
ဒီလိုနဲ့ အဘိုးနဲ့ အဘွား ကလေး လေးယောက် ရခဲ့ပြီး အငယ်ဆုံးသမီး၊ ကျွန်မရဲ့ ဒေါ်လေးငယ် အခါလည်မှာ အဘိုးက သူတို့တီးဝိုင်းထဲက သီချင်းဆိုတဲ့ အဆိုတော်မလေးကို ခိုးပြေး သွားပါလေရောတဲ့။ ကောင်မလေးက အဘိုးအသက် ထက်ဝက်လောက်ပဲ ရှိတာပဲ။
အဘွားခမျာ ရင်ကွဲပက်လက် ဖြစ်ရတာပေါ့။ ယောက်ျားကို ဒီလောက် ချစ်၊ ဒီလောက် အလိုလိုက်၊ ဒီလောက် တာဝန်ကျေပါလျက်နဲ့ သူ့အပေါ် သစ္စာဖောက်၊ ရက်စက်သွားတာ ဆိုတော့ သူ ဘယ်လောက် ခံစားရမလဲ စဉ်းစား ကြည့်ပေါ့လေ။ ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်၊ ဝမ်းလည်း နည်း၊ နာလည်း နာကျည်းနဲ့ အဘွား အိပ်ရာထဲ ဘုံးဘုံးလဲတော့တာပါပဲ။
ဒါပေမဲ့ အဘွားက ထက်မြက်တယ်၊ ခေါင်းမာတယ်၊ စိတ်ဓာတ် ကြံ့ခိုင်တယ် အိပ်ရာထဲ ကြာကြာ မနေဘူး။ သူ သိပ် ခံစားရလွန်းလို့ မတတ်သာလို့ အခန်း အောင်းခဲ့ပေမယ့် တစ်လလောက် နေတော့ ပြန်ထွက်လာတယ်။ သူ့ကိုယ်သူ ပြန်ထူမတ်တယ်။ ဘာမှ မဖြစ်ခဲ့သလို အလုပ်တွေကို ဟန်မပျက် ပြန်လုပ်တယ်။ သိပ် ချီးကျူးစရာ ကောင်းတဲ့ အဘွားပါပဲ။
စိတ်ဓာတ် ပျော့ညံ့တဲ့ အဘိုးကတော့ သူ့ အဆိုတော်မလေးနဲ့ သုံးနှစ်လောက် ပေါင်းတယ်။ ဘာအလုပ်မှ မလုပ်ဘဲ အဘိုး ပါသွားတဲ့ ငွေနဲ့ ထိုင်စားကြတယ်။ အဘိုးရဲ့ ငွေရယ်၊ စိန်လက်စွပ်ရယ်၊ စိန်ရှပ်ကြယ်သီးရယ်ကုန်တော့ ကောင်မလေးက အဘိုးကို စွန့်ခွာသွားတယ်။
အဘိုးမှာလည်း သူ့ အပြစ်နဲ့သူ ဆိုတော့ လူရှေ့လည်း မထွက်ဝံ့၊ အလုပ်အကိုင်လည်း မရှိ။ ဒီကြားထဲ နေကလည်း မကောင်းတော့ သူ့ ဂီတရောင်းရင်း တစ်ယောက် အိမ်မှာပဲ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ခိုကပ် နေရတယ်။ အဲဒီအိမ်မှာ နှစ်နှစ်လောက် နေပြီးမှ အဖေတို့ မောင်နှမတစ်တွေက အဘိုးကို ပြန်ခေါ်ဖို့ ပူဆာလို့ အဘွားက အဘိုးကို လူလွှတ်ပြီး ပြန်ခေါ်ခိုင်း လိုက်တယ်။
အဘိုးလည်း ရှက်ရှက်ရွံ့ရွံ့ ညှိုးညှိုးငယ်ငယ်နဲ့ ပြန်လိုက်လာပါတယ်။ ပြီးတော့ အဘွား ခြေရင်းမှာ ထိုင်ပြီး ရှိုက်ကြီးတငင် ငိုတောင်းပန်တယ်။
အဘွားက အဘိုး မျက်နှာကို တစ်ချက်မှ မကြည့်ဘူး။ တစ်ဘက်လှည့်ပြီး စကားပြောတယ်။
"ဒီမယ် ကိုကောင်းဇံ၊ ရှင် တောင်းပန် မနေနဲ့။ ရှင့်ကို ကျွန်မ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်လို့ ရှင် တောင်းပန်လည်း အပိုပဲ။ အခု ကျွန်မ ရှင့်ကို ပြန်ခေါ်တာ မေတ္တာရှိလို့၊ ပြန်ပေါင်းချင်လို့ ခေါ်တာ မဟုတ်ဘူးနော်။ ရှင် ဒုက္ခရောက်နေတဲ့ အတွက် သနားလို့လည်း မဟုတ်ဘူး။ ကျွန်မ ရှင့်ကို ပြန်ခေါ်တာ ကလေးတွေ ပူဆာလွန်းလို့ ပြန်ခေါ်တာ၊ ကလေးတွေမျက်နှာ ထောက်ထားပြီး ကလေးတွေ စိတ်ချမ်းသာစေချင်လို့ ပြန်ခေါ်တာ။ အဲဒါ ရှင်းရှင်းလင်းလင်း ရှင်သိထားပါ။ နောက် အရေးကြီးတာ တစ်ခု ပြောရဦးမယ်။ ရှင် ဘာအကြောင်းနဲ့မှ အိမ်အပေါ်ထပ်ကို တက်မလာပါနဲ့။ ရှင့်ဗုံတွေ ဆိုင်းတွေ တယောတွေ မယ်ဒလင်တွေ ကျွန်မ အကုန် လွှင့်ပစ်လိုက်ပြီ။ အပေါ်ထပ်မှာ ရှင်နဲ့ ပတ်သက်တာ ဘာဆိုဘာမှ မရှိတော့ဘူး။ ဟောဟို အခန်းက ရှင့်အခန်း။ ရှင့်အခန်းထဲမှာ ရှင့်အဝတ်အစားတွေ ရှိတယ်။ ရှင့်အတွက် နေရာဟာ အောက်ထပ်ပဲ"
အဘွားရဲ့ စကားတွေက တော်တော် ပြင်းထန်တယ်။ ယောက်ျား တစ်ယောက်ရဲ့ မာနကို တော်တော် ထိခိုက်စေတဲ့ စကားလုံးတွေပဲ။ ဒါပေမဲ့ အဘိုးက ခေါင်းငုံ့ခံတယ်။ သူက အပြစ်လုပ်ခဲ့တဲ့ လူကိုး။
"ကောင်းပါပြီ မလေးမယ်၊ မင်းပြောတဲ့ စကားတွေက နာမယ်ဆိုရင် တော်တော် နာစရာကောင်းတဲ့ စကားတွေပါ။ ဒါပေမဲ့ ကိစ္စမရှိဘူး။ မင်းပြောချင်သလို ပြော၊ ငါခံမယ်။ မင်းထားသလို ငါနေမယ်။ မင်းဖြစ်စေချင်သလို ငါ ကြိုးစားမယ်။ မင်း ခွင့်လွှတ်လာတဲ့ အထိ ငါ့ကိုယ်ငါ ပြင်မယ်"
အဲဒီ အချိန်မှာ အဘိုးက အသက် ၅၀ ရှိပြီ။ အဘွားက ၄၅ နှစ်တဲ့။ ကျွန်မအဖေက ၁၈ နှစ်သား ရှိသေးတာတဲ့။ ကျွန်မကတော့ လူ့လောကထဲ ဘယ်ရောက်ဦးမှာလဲ။ ကျွန်မ မမွေးခင်က ကိစ္စတွေပေါ့။
အဖေက အသက် ၂၆ နှစ်မှာ အမေနဲ့ အိမ်ထောင်ကျပြီး နောက်တစ်နှစ်မှာ ကျွန်မကို မွေးပါတယ်။ ကျွန်မ လူမှန်းသိလို့ စကားပြောတတ် ကတည်းက တစ်ယောက် တစ်ယောက် စကားမပြောကြတဲ့ အဘိုးနဲ့ အဘွားကြား ပုဏ္ဏားတိုင် လုပ်ပြီး စကားပြန် လုပ်ပေးရတာကိုပဲ မှတ်မိနေတော့တယ်။
အဘိုး အိမ်ပေါ် ပြန်ရောက်လာတော့ အချိုးတွေလည်း ပြောင်းသွားတယ်တဲ့။ အရင်က သူ စိတ်မဝင်စားခဲ့တဲ့ ပွဲရုံအလုပ်ကိုလည်း စိတ်ဝင်တစား လုပ်လာတယ်တဲ့။ အဘွားကို တတ်နိုင်သလောက် ကူညီသတဲ့။ အဆုံးအဖြတ် ပေးတာနဲ့ ငွေကိုင်တာကတော့ အဘွားပေါ့။ နောက်ပြီး သူ တစ်ချိန်က မွေ့လျော်ခဲ့တဲ့ ဂီတ အနုပညာဘက် လုံးဝ ဦးမလှည့်တော့ဘူးတဲ့။ အိမ်က ဓာတ်စက်တောင် ဖွင့် နားမထောင်ဘူးတဲ့။ ပြီးတော့ သူကြိုက်ပြီး တစိမ့်စိမ့် သောက်ခဲ့တဲ့ ယမကာကိုလည်း ဖြတ်ပစ်လိုက်တယ်။ ဆေးလိပ်၊ ကွမ်းတောင် ယောင်လို့ မတို့ဘူး။ သူ့အပြစ်ကို ကြိုးစားပြီး ဆေးကြောရှာပါတယ်။
သူ ဘယ်လိုပဲ အဘွားကြိုက်အောင် နေနေ အဘွားကတော့ တင်းတင်းပဲ။ ဝတ္တရားအရ လုပ်ပေးစရာရှိ လုပ်ပေးပေမယ့် အဘိုးကို မျက်နှာသာလည်း မပေးဘူး။ စကားလည်း မပြောဘူး။ ပြောစရာရှိရင် ကြားလူက တစ်ဆင့်ပေါ့။
ကျွန်မ ရန်ကုန်တက္ကသိုလ် ကျောင်းလာတက်တော့ အဘိုးနဲ့ အဘွား အကြောင်း သူငယ်ချင်းတွေကို ပြောပြတဲ့အခါ သူတို့ အရမ်းအံ့ဩကြတယ်။
"တကယ်လားဟယ် ..."
"အဲဒါပေါ့ဟ၊ အချစ်ကြီးလို့ အမျက်ကြီးတယ် ဆိုတာ" လို့ ဝတ္ထုတွေ စမ်းရေးနေတဲ့ စာရေးဆရာမ အလောင်းအလျာ သူငယ်ချင်းကလည်း နှစ်ထောင်းအားရ ဝင်ပြောတယ်။
"ငါ တစ်ခါ တစ်ခါ စိတ်ပူမိတယ် အိမ်မှာ လူများပြီး ပွဲမစည်ဘူးဟ။ အဘိုးနဲ့ အဘွားရဲ့ အထာကို ဘယ်သူမှ ငါ့လောက် မသိဘူး။ အဘိုးနဲ့ အဘွား စကားပြောစရာ ရှိရင် ဒုက္ခပဲ။ ဘယ်လို လုပ်ကြမလဲ မသိဘူး"
"အဲဒါ ကောင်းတာပေါ့ဟဲ့။ ကြားထဲက ပြောပေးမယ့်လူ မရှိမှ နင့်အဘိုးနဲ့ အဘွား မဖြစ်မနေ ပြန်ခေါ်ဖြစ်မှာပေါ့"
"ငါတော့ ဒီလို မထင်ဘူးဟာ။ အဘွားအကြောင်း ငါအသိဆုံး။ အခု အဘိုးနဲ့ အဘွားအနား ကျန်ခဲ့တဲ့ ငါ့ညီမဝမ်းကွဲ တိုးတိုးက စကားနည်းနည်းရယ်၊ အဆင်မှ ပြေပါ့မလား မသိဘူး"
ကျွန်မက စိတ်ပူတာနဲ့ ညီမ တိုးတိုးဆီ စာရေးပြီး မေးမြန်းတဲ့အခါ တိုးတိုးဆီက စာပြန်လာပါတယ်။
"အဘိုးနဲ့ အဘွားကတော့ အရင်အတိုင်းပဲ မမထားရေ။ တလောက အဖြစ်များ ရယ်တောင် ရယ်ရသေးတယ်။ ရပ်ကွက်ဓမ္မာရုံ ပြင်ဆောက်တာ အဘွားက ငွေ ၁၀ သိန်း လှူတယ်လေ၊ အဲဒါကို နိဗ္ဗာန်ဆော် အသစ်က တစ်လမ်းဝင် တစ်လမ်းထွက် အလှူဆက်ခံရင်း လှူပြီးသား အလှူရှင် စာရင်းကို လော်စပီကာနဲ့ ဖတ်တာပေါ့။ 'ပွဲစားကြီး ဦးကောင်းဇံနှင့် ပွဲကတော် ဒေါ်လေးမယ်တို့က အလှူတော်ငွေ ၁၀ သိန်း' လို့ အော်တာ အဘွားက စိတ်တွေ ဆိုးလို့လေ။ တိုးတိုးကို အဲဒီ ဦးလေးကြီးဆီ ချက်ချင်း သွားခိုင်းပြီး ပြင်ဖတ်ခိုင်းတယ် သိလား။ ဦးကောင်းဇံ မိသားစု ဖတ်ချင်ဖတ်။ ဒေါ်လေမယ် မိသားစု ဖတ်ချင်ဖတ်။ ဦးကောင်းဇံနဲ့ ဒေါ်လေးမယ်ကို တွဲမဖတ်စေနဲ့ တဲ့လေ။ နိဗ္ဗာန်ဆော် အသစ်က ပထမ အူကြောင်ကြောင် ဖြစ်သွားပြီး နိဗ္ဗာန်ဆော် အဟောင်း ဘဘဦးပိန် ရှင်းပြမှ သဘောပေါက် သွားတယ်"
ဪ် ... အဘွား၊ အဘွား။ တကယ်စိတ်ကြီးတဲ့ အဘွားပါပဲ။ အဘိုးအပေါ် ဘယ်လောက် နာကြည်းလိုက်သလဲ ဆိုရင် လှူရင်တောင် နာမည်တွဲ မလှူချင်ဘူးတဲ့။ နောင်ဘဝ ရေစက် ပြန်ဆုံမှာ စိုးလို့တဲ့လေ။ သူများတွေလို သံသာကမ်းတိုင် တူပြိုင်ကူးဖို့တို့ ဘာတို့တော့ ဝေလာဝေး၊ ယောင်လို့တောင် စိတ်ကူး မရှိပါဘူး။
စပယ်ပန်းကြိုက်တဲ့ အဘွားအတွက် စပယ်အိုးပုတ်တွေ တစ်ရုံပြီးတစ်ရုံ စိုက်ပြီး အဘွား အမျက်တော် ပြေလိုပြေငြား အဘိုး ကြိုးစားပေမယ့် အဘွားကတော့ မျက်ထားတော် သုန်သုန်၊ ပိန်းပိတ်လို့ မှုန်လျက်ပါပဲ။
ဒါကြောင့် တစ်ခါတလေ အဘိုးက အလုပ်လုပ်ရင်း "မာနရှင်" သီချင်းကို ခပ်တိုးတိုး ညည်းနေတတ်တာပေါ့။
"မာနရှင်ရယ် ... မုန်းမာန် မဝင်နဲ့ကွယ် ... နှိုင်းယှဉ်ကာပြမယ် ..."
* * *
ကျွန်မလည်း ကျောင်းပြီးသွားတော့ ရန်ကုန်မှာပဲ အလုပ်ဝင်ခဲ့ပါတယ်။ အိမ်ထောင် ကျတော့လည်း ရန်ကုန်သားနဲ့ ဆိုတော့ ရန်ကုန်မှာပဲ အခြေကျပြီး ကိုယ့်ဇာတိမြို့လေးကို တစ်နှစ်တစ်ခေါက်တောင် ပြန်မရောက် ဖြစ်တော့ပါဘူး။
အဘိုးနဲ့ အဘွားလည်း အသက်တွေ ကြီးကုန်ပါပြီ။ ၇၀ ကျော် ၈၀ တန်း ဆိုတော့ ကျန်းမာရေးကလည်း ကဂျီကဂျောင် ပြလာပြီပေါ့။ ဒါပေမဲ့ အဘိုးနဲ့စာရင် အဘွားက ကျန်းမာရေး ပိုတောင် ကောင်းတယ်လို့ ပြောရမယ်။ သွေးတိုးရောဂါက လွဲပြီး တခြား ဘာရောဂါမှ မရှိဘူး။ အဘိုးကတော့ သွေးတိုးရော၊ နှလုံးရော၊ ဆီးချိုရော၊ ညီအစ်ကိုရောဂါ သုံးမျိုးစလုံးကို လက်ခံထားပါတယ်။
ကျွန်မသားကြီး ကျောင်းထားတဲ့ နှစ်မှာပေါ့။ ရုံးသွားခါနီး တစ်မနက်မှာ အဘိုး တော်တော် နေမကောင်း ဖြစ်တယ်၊ စိုးရိမ်ရတယ်လို့ ဖုန်းလာတာနဲ့ ရုံးကို ခွင့် (၁၀)ရက်တင်ပြီး မြို့ကို ကျွန်မ အပြေးပြန်ခဲ့ရပါတယ်။ အဲဒီ မတိုင်ခင် လွန်ခဲ့တဲ့ ခြောက်လကလည်း အဘိုး လေဖြတ်လို့ ဆေးရုံ တင်လိုက်ရသေးတယ်။ အဲဒီတုန်းကလည်း ကျွန်မ မသွားလိုက်ရဘူး။
ကျွန်မ ရောက်သွားတဲ့အခါ အဘိုးကို အိပ်ရာပေါ်မှာ နှာခေါင်းပိုက် တန်းလန်း၊ ဘယ်ဘက်လက်ရော၊ ညာဘက်လက်ရော သွေးကြောပိုက်တွေ တန်းလန်းနဲ့ တွေ့ခဲ့ရပါတယ်။ ကျွန်မ မြို့ပြန်မရောက်တဲ့ နှစ်နှစ်လောက်အတွင်း အဘိုး တော်တော့်ကို ရုပ်ကျသွားပါလား။ အဘိုးကို မြင်မြင်ချင်းပဲ ရင်ထဲ ဆို့သွားပါတယ်။
ကျွန်မက အဘိုးတို့ အဘွားတို့နဲ့ အတူနေတဲ့ ဒေါ်လေးငယ်ကို ဘာကြောင့် ဆေးရုံ မတင်တာလဲလို့ မေးကြည့်တော့ ...
"အရင်တစ်ခါ ဆေးရုံ တက်ပြီးကတည်းက ညည်းအဘိုးက သူ့ကို နောက်ထပ် ဆေးရုံ မတင်ပါနဲ့လို့ ပြောထားလို့ဟဲ့။ သူသေရင် အိမ်မှာပဲ သေချင်တယ်တဲ့။ ဒါကြောင့် မတင်တာပေါ့အေ။ ဆရာဝန်ကြီးကတော့ နေ့တိုင်း လာကြည့် ပေးပါတယ်။ နေ့ ဆရာမရော၊ ည ဆရာမရော၊ ခေါ်ထားတယ်လေ"
"ဆရာဝန်ကြီးက ဘာပြောသေးလဲ ဒေါ်လေး"
"အဆိုးဆုံးကို မျှော်လင့်ထားပါတဲ့"
ကျွန်မ ခြေကုန်လက်ပန်း ကျပြီး အရုပ်ကြိုးပြတ် ဖြစ်သွားပါတယ်။
ရေတစ်ခွက် တောင်းသောက်ပြီး အား ပြန်တင်းရပါတယ်။ ပြီးတော့ ကျွန်မ အဘိုးနားနား ကပ်ပြီး "အဘိုး" လို့ ခပ်တိုးတိုး ခေါ်ကြည့်တော့ အဘိုးမျက်လုံး ဖြည်းဖြည်းချင်း ပွင့်လာပါတယ်။
ကျွန်မကို မြင်တော့ အဘိုးမျက်နှာမှာ ချက်ချင်းပဲ ဝမ်းသာတဲ့ အရိပ်အရောင်တွေ ပေါ်လာတယ်။ တစ်ခဏချင်းမှာပဲ မျက်နှာညှိုးကျသွားပြီး မျက်ရည်တွေ ဝိုင်းသွားပြန်ပါတယ်။ ပြီးတော့ ကျွန်မနာမည်ကို ခေါ်ဖို့ ကြိုးစားပေမယ့် အသံကတော့ ထွက်မလာတော့ပါဘူး။
ကျွန်မ အဘိုးရဲ့ အရိုးပေါ် အရေတင် လက်မောင်းလေးကို ဆုပ်ကိုင်ထားရင်း မျက်ရည် မဆည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဪ်...အညှာညောင်းနေတဲ့ ရွက်ညိုက ကြွေလုလု ဖြစ်နေပါပြီကော။ အဘိုး ခေါင်းရင်းမှာရှိတဲ့ ကက်ဆက်က တစ်ဆင့် ခပ်တိုးတိုး ထွက်လာတဲ့ ဆရာတော် တစ်ပါးရဲ့ ဗောဇ္ဈဂ်သုတ်တော် တန်ခိုးကြောင့် အဘိုး သက်သာရာ ရပါစေလို့ပဲ ကျွန်မ ဆုတောင်းရ ပါတော့တယ်။
အဘိုး ပြန်အိပ်ပျော်သွားမှ ကျွန်မ အဘွားရှိတဲ့ အပေါ်ထပ်ကို တက်ခဲ့ပါတယ်။ လှေကား တစ်ဝက်မှာ တိုးတိုးက ကျွန်မလက်ကို ဆွဲရပ်ပြီး စကား ပြောပါတယ်။
"အဘွားကလေ ခုချိန်ထိ အဘိုးကို ဆင်းမတွေ့သေးဘူး မမထားရယ်။ နောက်ကွယ်က နေပြီးတော့ ညည်းအဘိုးကို ဘာလုပ်ပေးလိုက်၊ ညာလုပ်ပေးလိုက်တော့ ခိုင်းပါတယ်။ အဘိုးက တကယ်တော့ သနားစရာ တော်တော် ကောင်းတာပဲ။ သတိမရ တစ်ချက်၊ ရတစ်ချက်တုန်းက ဆိုရင်လည်း 'လေးမယ်ရေ' 'လေးမယ်ရေ' နဲ့ အဘွားကို တ,တယ် သိလား။ အဘွားဆီက ခွင့်လွှတ်တယ် ဆိုတဲ့ စကားကို သူ ကြားချင်ပုံရတယ်။ အဘွားက အဟုတ် ခေါင်းမာတယ်"
အဘွားအခန်းကို ရောက်တော့ အဘွားကို ခုတင်ပေါ်မှာ ထိုင်ပြီး ပုတီးစိတ် နေတာကို တွေ့ရတယ်။ အဘွားလည်း နည်းနည်းတော့ ပိန်သွားတာပါပဲ။ မျက်နှာလည်း သိပ်တော့ မကောင်းလှပါဘူး။ အရင်က တောက်ပ စူးရှခဲ့တဲ့ အဘွား မျက်လုံးတွေဟာ အခုတော့ အရောင်မှိန်ဖျော့ ကုန်ပြီပေါ့။
အဘွားနဲ့ အာလာပ သလ္လာပ စကားနည်းနည်း ပြောပြီးတာနဲ့ ကျွန်မက အရဲစွန့်ပြီး အဘွားကို စကားတစ်ခွန်း ပြောကြည့်တယ်။
"အဘွား၊ အဘိုးကို တစ်ခါလောက် ဆင်းကြည့်လိုက်ဦးလေ။ အားပေးစကားလေး တစ်ခွန်းလောက် ဖြစ်ဖြစ် ပြောလိုက်ပါလား အဘွား"
အဘွားက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းခါတယ်။
အဲဒီည သန်းခေါင်ကျော် အချိန်မှာပဲ အဘိုး ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။
ဆွေတွေမျိုးတွေ၊ အိမ်သားတွေ၊ အိမ်အကူတွေပါ မကျန် ကျွက်ကျွက်ညံအောင် ငိုကြပေမယ့် အဘွားက တုတ်တုတ် မလှုပ်ဘူး။ မျက်ရည် တစ်စက်မှ မကျဘူး။ ဘုရားစင်အောက်မှာ ထိုင်ပြီး တရားရှုမှတ် နေပါတယ်။
နောက်နေ့မနက် အဘိုးအလောင်းကို ရေခဲတိုက် သယ်သွားပြီးတော့မှ အဘွား အောက်ထပ်ကို ဆင်းလာပါတယ်။ သံဃာတော်တွေကို ဆွမ်းကပ်စရာရှိ ကပ်တယ်။ တရားနာစရာရှိ နာတယ်။ လာသမျှ ဧည့်သည်တွေကို ဣနြေ္ဒရရ ဧည့်ခံတယ်။
သုံးရက်မြောက်မှာ အသုဘချတော့ လူကုန် အသုဘ လိုက်ပို့ကြတာပေါ့။ အိမ်မှာ အဘွားရယ်၊ အဘွားကို အဖော်လုပ်ဖို့ ဒေါ်လေးငယ်တို့ မွေးစားထားတဲ့ အေးအေးဆင့် ဆိုတဲ့ ကလေးမလေးပဲ ကျန်ခဲ့တယ်။
အဘိုးရဲ့ ဈာပနကတော့ စည်စည်ကားကား ပါပဲ။ တစ်မြို့လုံး အသိချည်းပဲ ဆိုတော့ အသုဘပို့ လူတန်းဟာ တော်တော် ရှည်လျားပါတယ်။ သုဿန်မှာလည်း လူတွေကို ပြည့်လျှံသွားတာပဲ။
ကျွန်မက အဘိုးအုတ်ဂူ ပြီးတဲ့အထိ နေတဲ့သူ ဆိုတော့ နေစောင်းမှ အိမ်ပြန်ရောက်ပါတယ်။
အိမ်ရောက်တော့ အထူးအဆန်း စကားကို ကြားရတော့တာပဲ။
အေးအေးဆင့်က ကျွန်မကို ဘာပြောလဲ ဆိုတော့ ...
"မကြီးထား၊ မကြီးထားတို့ ထွက်သွားပြီး အိမ်မှာ ဘယ်သူမှ မကျန်တော့တဲ့ အခါကျတော့လေ ဘွားဘွားကြီးက ဘိုးဘိုးကြီး အခန်းထဲ ဝင်သွားတယ်သိလား။ ပြီးတော့ ဘိုးဘိုးကြီး ခုတင်ဘေးက ကုလားထိုင်မှာ ထိုင်ပြီး ဝမ်းနည်းပက်လက် ငိုလိုက်တာ အကြာကြီးပဲ" တဲ့။
"ဟင် ..."
* * *
အဘိုး ရက်လည်ပြီးတာနဲ့ ကျွန်မ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။
အပြန်ခရီး ကားပေါ်မှာ လိုက်ပါလာရင်း အဘိုးနဲ့ အဘွားရဲ့ ချစ်ခြင်းတရား၊ ဒါမှမဟုတ် သံယောဇဉ်တွေကို စဉ်းစားလာခဲ့ မိပါတယ်။
အဘိုးနဲ့ အဘွား တစ်ယောက်ကို တစ်ယောက် ချစ်ကြသလား၊ မချစ်ကြဘူးလား။ သံယောဇဉ် ရှိကြသလား၊ မရှိကြဘူးလား။ အဘိုး နိုင်သလား၊ အဘွား နိုင်သလား။
အဘွားက အဘိုးကို အသက်ထက်ဆုံး မကျေနပ်တာတော့ သေချာတယ်။ မုန်းလှလို့တော့ ဟုတ်မယ် မထင်ဘူး။ သိပ်ချစ်လို့ သိပ်နာကြည်းတယ် ဆိုရင် ပိုမှန်မလား။ အဘိုး ကျူးလွန်တဲ့ အပြစ်က အဘွား ခွင့်မလွှတ်နိုင်တဲ့ အပြစ်မျိုးလေ။ အဘွားမှ မဟုတ်ဘူး။ ဘယ်မိန်းမမှ ခွင့်မလွှတ်နိုင်တဲ့ ပြစ်ချက်မျိုးဟာကိုး။ ဒါပေမဲ့ နောက်ပိုင်း အဘိုး ဒုက္ခဖြစ်ပြီ ဆိုတော့ အဘိုးကို ပြန်ခေါ်တယ်။ သားသမီး အကြောင်းပြပြီး အဘိုးကို ပြန်လက်ခံတာ အံ့ဩစရာပဲ။ လက်သင့်ခံပြီး အဘိုး နေရေး၊ စားရေး၊ ဝတ်ရေး ကိစ္စတွေမှာ ဝတ္တရားမပျက် စီစဉ်ဆောင်ရွက် ပေးပြန်တယ်။ အဲ ... ဒါပေမဲ့ သူ နေထိုင်တဲ့ အပေါ်ထပ်ကိုတော့ လာခွင့် မပြုပြန်ဘူး။ ဒါကျတော့လည်း အဘိုးရဲ့ ယောက်ျားမာနကို အပိုင်းပိုင်း ရိုက်ချိုး ပစ်သလို ဖြစ်နေပြန်ရော။
အဘိုး သူ့ကို ဘယ်လိုချော့ချော့ မပျော့ဘူး။ ဘယ်လိုဖြေဖြေ မပြေဘူး။ အဘိုးရဲ့နောက်ဆုံးအချိန် အထိ ခွင့်လွှတ်စကား မဆိုဘူး။ အဘိုးရဲ့ နောက်ဆုံး ခရီးကိုတောင် လိုက်မပို့ဘူး။ အဘိုးကို ပညာသားပါပါ ကလဲ့စားချေ လိုက်တာလား။
ဒါပေမဲ့ သူများတွေ အဘိုးရဲ့ နောက်ဆုံးခရီး ပို့ဆောင်တဲ့ အချိန်မှာတော့ အိမ်မှာ သူတိတ်တိတ်လေး ငိုကြွေးတယ်တဲ့။
ဒီတော့ အဘွားက အဘိုးကို ချစ်တာလား၊ မချစ်တာလား။
အဘိုးက နိုင်တာလား၊ ရှုံးတာလား။
အဘိုးကတော့ စောစောပိုင်း ဘဝစာမျက်နှာမှာ လူပေါ်ကြော့၊ လူမင်းသား အနေနဲ့ အပေါ်စီးက နေခဲ့ဖူးတယ်။ နောက်တော့ အနုပညာ မာယာတောမှာ ပျော်မောမိန်းမူး ညွှတ်ယိုင် သွားရာက သတိလက်လွတ် ဖြစ်ပြီး ဘဝရဲ့အစိတ်အပိုင်း တစ်ချို့ အကျည်းတန် သွားတယ်လေ။ အဘွားအပေါ် သူ သစ္စာမဲ့တာဟာ အဘွားကို သူ သိပ်မချစ်လို့လား။ အဘွားအချစ်ကို တန်ဖိုး မထားတာလား။ အဘွားက သူ့ကို သိပ်ချစ်မှန်း သိလို့ အခွင့်အရေး ယူတာလား။
နောက်တော့လည်း နောင်တတွေနဲ့ အတူ အဘွားဆီကို သူ ပြန်လာ ခဲ့ပါတယ်။ ရှိရှိသမျှ မာန၊ အကုန် ခဝါချပြီး အဘွား အမျက်ပြေအောင် သူ ကြိုးစားခဲ့တယ်။ ကြိုးစားပေမယ့် နောက်ဆုံးထွက်သက် အထိ သူ မအောင်မြင်ခဲ့ဘူး။ အဘွားက သူ သေပျော်အောင် လုပ်မပေးသွားဘူး။ သူ့ မိုက်ပြစ်အတွက် အသက်ထက်ဆုံး အဘွားကို သူ ပေးဆပ်သွားရတယ်။
ဒါပေမဲ့ သူ ဝိညာဉ် ချုပ်ငြိမ်းခဲ့တဲ့ ခုတင်ဘေးမှာ အဘွား တိတ်တိတ်လေး ငိုတယ် ဆိုတာကို သိရင် သူ ဘယ်လို နေမှာလဲ။
ဝမ်းသာမှာလား၊ ဝမ်းနည်းမှာလား။
အဘိုး နိုင်တာလား၊ ရှုံးတာလား။
အိမ်အပြန် လမ်းခရီး တစ်လျှောက်လုံး၊ အတွေးပေါင်း များစွာ၊ စိတ်ကူးပေါင်း များစွာ၊ မေးခွန်းပေါင်း များစွာနဲ့ လုံးထွေး ရစ်ပတ်ရင်း ကျွန်မ အိမ်ပြန် ရောက်လာပါတယ်။
ခြောက်နာရီကျော်ကျော် နေ့ဝက်ခရီး ဆိုပေမယ့် ခရီးကတော့ ပန်းသား။ ကားဂိတ်ကို မနက် ၅ နာရီအမီ ရောက်ဖို့ အိပ်ရာက ၃ နာရီခွဲလောက် ကတည်းက ထပြီး ပြင်ဆင်ခဲ့ရတာမို့ လူက အိပ်ရေးမဝဘဲ မူးနောက်နောက် ဖြစ်နေပါတယ်။
အိမ်ရောက်ပြီး နာရီဝက်လောက် နား၊ ရေမိုးချိုး၊ ထမင်းစားပြီး တစ်ရေးလောက် အိပ်မယ်ကြံကာ ရှိသေး ဖုန်းသံက မြည်လာပါတယ်။
ကျွန်မ ဖုန်းကောက်ကိုင်တော့ ညီမတိုးတိုး ဆီက ဖုန်း ဖြစ်နေပါတယ်။
"မမထား အိမ်ပြန်ရောက်ပြီလား"
"အေး ... ရောက်ပါပြီ ညီမရယ်၊ လမ်းခရီးလည်း အဆင်ပြေတယ်၊ ချောချောမောမောပဲ"
"မမထား ..."
တိုးတိုးရဲ့ အသံက ရုတ်တရက် ငိုသံကြီး ပါလာပြီး တိမ်ဝင်သွားသလို။
"တိုးတိုး ... ဟယ်လို ...ဟယ်လို ...တိုးတိုး ... ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ၊ ပြောလေ ...."
"မမထား ..."
"အေး ... နားထောင်နေတယ် ... ပြော ..."
"အဘွား ... အဘွားလေ ..."
"အေး ... အဘွား ... ဘာဖြစ်လဲ"
"အဘွား ... မရှိတော့ဘူး"
"ဘာ ... ဘာပြောတယ် ..."
"အဘွား ဆုံးပြီ"
"ဟင် ..."
ကျွန်မ ကြက်သေ သေသွားပါတယ်။
"မမထားကို ကားဂိတ်ပို့ပြီး ပြန်လာတော့ တိုးတိုးလည်း အရမ်း အိပ်ချင်တာနဲ့ အောက်ထပ်က ကွပ်ပျစ်မှာ ခဏ လှဲအိပ်လိုက်မိတယ်။ မှေးခနဲ ပျော်သွားပြီး နိုးလာတော့ မနက် ၈ နာရီ ထိုးနေပြီ။ အဲဒီအချိန် အထိ အဘွား ဆင်းလာတာ မတွေ့လို့ အိမ်ပေါ် တက်ကြည့်တော့ အီး ... ဟီး ... ဟီး ..."
"ဟယ် ..."
"အဘွား ... အဘွားလေ ... ဝတ်ကောင်းစားလှနဲ့ အိပ်နေတဲ့ အတိုင်းပဲ မမထားရယ်"
မနှင်းဖွေး
No comments:
Post a Comment