ဆရာကြီးအီကြာကွေး နှစ်ပုဒ်တွဲ ဖြစ်ပါတယ်။
နမူနာပေးခြင်း သည်းခံပါ
*******************
အီကြာကွေး
အကြောင်း မလျော်သော အခါ အလောင်းတော်ပင် အိုးတော် လုပ်ရသည်။ ဖျာတော် ရက်ရသည်။ စားတော် ချက်ရသည်။ ဂုရုကွေး လို ဘာမဟုတ် ညာမဟုတ် စာရေးဆရာ က ဘာရှက်ရမည်နည်း။
“ငါ ဈေးရောင်းမယ် ဒကာဆိတ်”
ဟိုက် ရှာလပတ်ရည်။ အသက်သုံးထောင် ဂုရုကွေးကြီးက ဈေးရောင်မယ် ဆိုပါလား။ ရတဲ့စာမူခ ဖွတ်ကလိ ဒင်္ဂါးနှင့် ဆရာတပည့် နှစ် ယောက် ဘယ်လိုမှ အကွက် မလည် တော့ပေ။ ဒီထဲ အိမ်မှာ မွေးထားသော ခွေး လေးကောင် ၏ တာဝန်က ရှိသေးသည်။
“ဂုရုကြီး ဈေးရောင်းဖူးလို့လား”
“သိပ် ရောင်းဖူးတာပေါ့ကွာ၊ မင်း ငါ့ဆီမရောက်ခင် ဓနုဖြူ မှာနေစဉ်က ငါရောင်းခဲ့တာ။ အိမ်မှာက ဘဘရယ် အန်တီရယ် ငါရယ် သုံး ယောက်နေတယ်”
“စာရေးတာနဲ့ မလောက်လို့ ဈေးထွက် ရောင်းရတာ”
“ဘယ်မှာ ရောင်းတာလဲ…''
''ငါ့အဖေရဲ့ဇာတိ ဝါးခယ်မ မြို့နယ် လမ်းသမိုင်ကျုံပေါက် ရွာ မှာလွယ်အိတ်ကလေး တစ်လုံး လွယ်ပြီး ရောင်း တာ။
ရွာနီးချုပ်စပ် တွေကို ကုန်းကြောင်း တမျိုး လှေနှင့်တဖုံ ရောင်းတာ။ ဖိုးကျုတ် ဆိုတဲ့ ကျုံပေါက် ရွာသား ငါ့သူငယ်ချင်း က ချောင်းကြို ချောင်း ကြား လှေလှော်ပြီး လိုက်ပို့ ပေးတယ်။ ငါက လယ်သမား တဲစုတွေကို တက်ရောင်းတာ”
“ဘာတွေ ရောင်းတာလဲ”
“ဓနုဖြူ ဦးဘိုးချမ်းရဲ့ ရွှေရည်စိမ် ပစ္စည်း တွေပါ။ လက်ကောက် ဆွဲ ကြိုး၊ လက်စွပ်၊ နားဆွဲ၊ တကယ့် ရွှေအစစ်နဲ့ မခြားအောင် ရွှေရည်စိမ် ထားတဲ့ လက်ဝတ် လက်စားတွေပါ”
“ဂုရုကြီးက အခု ဘာရောင်းမှာလဲ”
“လျက်ဆား ရောင်းမှာကွ။ တောင်ဥက္ကလာ ဆယ်ရပ်ကွက် ဈေးထဲက ငါ့အသိ ပရ ဆေးဆိုင်က ပရ ဆေးပစ္စည်း တွေ အကြွေး ရတယ်။ အဲ ဒါတွေနဲ့ လျက်ဆား ဖော်ပြီး ရောင်းမှာ။ တောင်ဥက္ကလာ ရပ်ကွက်စုံ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ အဲဒီ မြို့တွေကိုလျက်ဆားပုံး လွယ်ပြီး လျှောက်ရောင်းမှာ”
“ဟိုက် ရှာလပတ်ရည်၊ စီးပွားရေး မျက်စိ တော်တော် ရှိတာပဲ လျက်ဆား နာမည်က…”
“ဖေဇော်ဂျီ လျက်ဆား”
* * *
“လာပြီလေ…ဖေဇော်ဂျီလျက်ဆား…လေမသက်လို့ အနေခက် နေသလား။ လေထိုးလို့ အနေဆိုး နေသလား…လေမစုန် လို့ငွေကုန် နေသ လား။ ဘာမှ မကြောက်နဲ့ သေမှာပဲ…(အဲလေ) ပျောက်ရမယ်…”
“ဖေဇော်ဂျီ လျက်ဆား လာပြီ…အထက်သိကြား က လက်ဖျား ခါရတဲ့ လျက်ဆား မဟာ။ ဗမာ လိုခေါ်တော့ လျက်ဆား၊ အင်္ဂလိပ်လို ခေါ် တော့ ရားဆက်၊ အဖိုး နည်းသလောက် ပုဆိုး ကွဲအောင် ပေါက်တဲ့ လျက်ဆား…ဇမ္ဗူခွင်တလျှေက်မှာ ဘူဒင် ပေါက်လိုက်ရင်…ဟိုး မအူပင် လောက်က ကြားနိုင်တဲ့ လျက်ဆား၊ တော်တော်လေးများ စားလိုက်ရင် မော်တော် လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”
ဂုရုကွေးသည် ဓနုဖြူတွင် တန်ဆောင်တိုင် ပြဇာတ် ကစဉ်က ဝတ်ခဲ့သော အပေါ်နီ အောက်နီ ဇော်ဂျီ ဝတ်စုံ ကို ဝတ်ထားသည်။ ဇော်ဂျီ ခေါင်းဆောင်းကို စွပ်ထားတော့ ရှေ့တလက်မ နောက်ပြောင် ခေါင်းတုံး ဆံတောက် ပျောက်နေသည်။ ပုံစံပြောင်း ထားတော့ ဟာကြူလီ ငပျော့လည်း မသိ။ ဆိုက်ကားမာစတာ စာကလေးလည်း မသိ။ ဝတ်ဆင် ပေးသော ဒကာဆိတ် တယောက်သာ သိသည်။
“ဖေဇော်ဂျီ လျက်ဆား လာပါဦးဗျို့”
တောင်ဥက္ကလာ ၅ ရပ်ကွက်မှ အိမ် တအိမ်က ထွက်ခေါ်သည်။ ဂုရုကွေးကို ချက်ချင်း မမှတ်မိ။ ဇော်ဂျီအတု၊ ဇော်ဂျီ အင်ကြီးကို တကယ့် အစစ် ထင်နေပုံရသည်။
“တထုပ် ဘယ်လောက်လဲ”
“မြန်မာကျပ်ငွေ ငါးဆယ်ပါ”
“နှစ်ထုပ် ပေးပါ ”
“ဒါ…ဒါ… ”
လျက်ဆား ဝယ်ရင်း ဂုရုကွေးကို တဖြည်းဖြည်း မှတ်မိပုံ ရလာသည်။
“ဒါ…ဒါ ကျမတို့ ရပ်ကွက်မှာ စာ လာဟောဖူးတဲ့ ဆရာကြီး ဂုရုကွေး မဟုတ်လား”
“ဟုတ်ပ ခင်ဗျာ… ဆရာကြီး ဂုရုကွေး ဆိုတာလည်း ဟုတ်ပါတယ်၊ မသာကြီး ဂုရုကွေး ဆိုလည်း မှန်ပါတယ်၊ သေရင် မသာ ဖြစ်ရမယ် မဟုတ်လား”
“ဘယ်…ဘယ်လိုဖြစ်ပြီး လျက်…လျက်ဆား ရောင်းနေ တာလဲ”
“ဒီလိုပေါ့ဗျာ၊ အကြောင်း မလျော်ရင် အလောင်းတော်တောင် အိုးတော် လုပ်ရတာပဲ။ ဖျာတော် ရက်ရတာပဲ၊ စားတော် ချက်ရတာပဲ၊ ကျုပ်လည်း စာရေးတဲ့ အလုပ် တခုတည်းနဲ့ မပြေလည်လို့ လျက်ဆား ထွက်ရောင်းတာ”
“ဒါဆို နှစ်ရာတန် ပြန်မအမ်း ပါနဲ့တော့၊ နောက်နှစ်ထုပ် ထပ်ပေးပါ”
“ကျေးဇူး တင်ပါတယ်ဗျာ၊ အမ်းစရာလည်း မရှိဘူး၊ အခုမှ ဈေးဦး ပေါက်တာပါ။ သွားမယ်ဗျို့…လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား အဖိုးနည်း သလောက် ပုဆိုးကွဲအောင် ပေါက်တဲ့ လျက်ဆား၊ ဇမ္ဗူခွင် တလျှောက်မှာ ဘူဒင် ပေါက်လိုက်ရင် ဟိုး…မအူပင် လောက်က ကြား နိုင်တဲ့လျက်ဆား၊ တော်တော်လေးများ စားလိုက်ရင် မော်တော်လေးများ သွားသလို ဘွတ် ဘွတ် ဘွတ် ဘွတ် နဲ့”
ဈေးသည်တို့မည်သည် ရောင်းစရှိလျှင် ရောင်းချင်ချင် စိတ်အား တက်ကြွလာသည်။ အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် စာပေဟောပြောပွဲ စင်မြင့်မှာ ဟောသလို အော်ကြီးဟစ်ကျယ် လုပ်လာရာ ၅ ရပ်ကွက်ရှိ အိမ် တော်တော် များများမှ ဝယ်ယူ အားပေးကြသည်။
“လျက်ဆား…လျက်ဆား…ချောင်းဆိုး ရင်ကျပ်၊ သာမက ကိုးဆယ့်ခြောက်ပါး အကုန် ပျောက်တဲ့ လျက်ဆား။ သွေးတိုး၊ နှလုံး၊ လေငန်း၊ ဆီးချို အကုန်ပျောက်တယ်။ ကင်ဆာ အမျိုးမျိုး အကုန် ပျောက်တယ်။ လျက်ဆား… လျက်ဆား ဖေဇော်ဂျီ လျက်ဆား ”
ပြင်လွန်းတော့ ဖင်ချွန်း ဆိုသလို ကြွားလွန်းတော့ အမှားစွန်း လာသည်။ အေအိုင်ဒီအက်စ် ပျောက်တယ် ဆို၍ အိမ် တအိမ်မှ ပိန်ညောင်ညောင် လူ တယောက်က ထွက်ခေါ်သည်။
“ဗျို့ အေ့စ် ပျောက်တယ် ဆိုတဲ့ လျက်ဆား လာပါဦးဗျို့”
ဖေဇော်ဂျီ ဂုရုကွေးသည် သူ့ပုံစံ အတိုင်း ရင်ကော့ ခေါင်းမော့၍ ဝင်သွားသည်။
“ဟိုက် ရှာလပတ်ရည်၊ အသက်သုံးထောင် ဂုရုကွေးကြီး ပါလား။ ကျုပ်က ဇော်ဂျီ ဝတ်စုံကြီးနဲ့ ဘယ်က ဇာတ်ရူး ကြီးလဲလို့ ကြည့်နေတာ။ ဂုရုကြီး လျက်ဆား က အေအိုင်ဒီအက်စ် တကယ် ပျောက်လို့လား”
“ဒီလိုပေါ့ဗျာ ဈေးသည် ဆိုတာ ဈေးဝယ်သူ စိတ်ဝင်စားအောင် ကိုယ့်ကုန် ပစ္စည်းကိုယ် ကြံဖန်ရွှီးရ တာပဲ။ ချောင်းဆိုးတော့ ကောင်း သလား မမေးနဲ့၊ ကျုပ် ချောင်းဆိုး တုန်းက ကျုပ်လျက်ဆား ကျုပ်ပြန်လျက်တာ ချောင်းဆိုး မပျောက်တဲ့ အပြင် သလိပ်ကပ် ရင်ကျပ်ပြီး ချွဲတွေပါ ထွက်လာတယ်။ တခြား လျက်ဆား ဝယ်လျက်မှ ပျောက်သွားတယ်”
“သွတ်…သွတ်…သွတ်…သွတ်…”
“ကဲဗျာ ဘာပဲဖြစ်ဖြစ် ဂုရုကြီးရဲ့ စာဖတ် ပရိသတ် တယောက် အနေနဲ့ လျက်ဆားကို အားပေး လိုက်ပါ့မယ်။နှစ်ထုပ် ပေးပါ။ ဘယ်လောက် လဲ”
“တထုပ်ငါးဆယ် နှစ်ထုပ်တစ်ရာပါ”
မည်သို့ပင်ဖြစ်စေ မိမိ၏ စာဖတ် ပရိသတ် နှင့်တွေ့သဖြင့် လျက်ဆား နှစ်ထုပ် ရောင်းခဲ့ ရသည်။ လျှောက်လာပြီး လမ်းကြားလေး တခုတွင်း သို့ချိုး ဝင် လိုက်သည်။
“လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား၊ အထက် သိကြားက လက်ဖျား ခါရတဲ့ လျက်ဆား မဟာ။ ချောင်းဆိုး ရင်ကျပ် ပျောက်ရုံမက ကိုးဆယ့်ခြောက်ပါး အကုန် ပျောက်တယ်။ ဦးနှောက် အာရုံကြော အားနည်းတာ ပျောက်တယ်။ နှလုံး သွေးကြော ကျဉ်းတာ ပျောက်တယ်။ ဆီးကျိတ် ရောင်တာ ပျောက်တယ်”
ထိုလမ်း ကလေးထဲတွင် တိုက်မရှိ၊ တိုက်ခံအိမ် မရှိ၊ ရိုးရိုး ပျဉ်ထောင်အိမ် တောင့်တောင့် တင်းတင်းပင် မရှိ။ မင်္ဂလာလမ်း မှ ဂုရုကွေး၏ အိမ်စုတ် ကလေးကဲ့သို့ ခပ်နွမ်းနွမ်း အိမ်တွေသာ ရှိသည်။ မည်သည့် အိမ်ကမှ ထွက်မခေါ်။ လမ်းထဲက ခွေး တွေသာ ဇော်ဂျီ ဝတ်စုံနှင့် ဂုရုကွေး ကို ဝိုင်း ဟောင်ကြသည်။ ခွေးတွေ ဟောင် သဖြင့် အိမ် တွေက ဂုရုကွေး ကို အထူး အဆန်း အဖြစ် ထွက်ကြည့် ကြသည်။
“လျက်ဆား…လျက်ဆား ဖေဇော်ဂျီ လျက်ဆား၊ အထက် သိကြားက လက်ဖျား ခါရတဲ့ လျက်ဆား မဟာ၊ လက်ဝါး ပြရင် လျက်ဆား ရမယ်၊ ငါ သူတပါး ယောက်ျား မိန်းမ ကလေး လူကြီး အခြာက် ပါမကျန် မည်သူ မဆို လက်ဝါး ပြရင် လျက်ဆား ရမယ်”
ဝယ်မယ့်သူ မရှိသည့် အပြင် အရူးကြီး တယောက်လို ဝိုင်းကြည့်ကြ သဖြင့် ဂုရုကွေး ခံပြင်း လာသည်။ ဈေးသည် မာနကို ထိခိုက် လာသည်။ ဒေါသ ဖြစ်ဖြစ်နှင့် လျက်ဆား မရောင်း တော့ဘဲ လျက်ဆား နမူနာ ပေးသည်။
“လျက်ဆား လိုချင် လက်ဝါးပြ”
“မပြဘူး”
ကလေးလေး တယောက်က ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေသည်။
“လျက်ဆား လိုရင် လက်ဝါး ပြ နမူနာ ပေးမယ်”
“မလိုချင်ဘူး”
မိန်းမ တယောက်က ခံပြင်းသံဖြင့် ပြန် ဖြေသည်။
“ခင်ဗျားတို့က ဘယ်လိုတွေလဲ၊ နမူနာ ပေးတာတောင် မယူ ရအောင် ဘာဖြစ် နေလို့လဲ၊ ဖွတ်ကလိဒင်္ဂါး ပေးစရာ မလိုပါဘူး နမူနာ အလကား ပေးနေ တာပါ”
ဤတွင် တလမ်းလုံးမှ လူများက နမူနာ မယူချင်ဘူးဟု တသံတည်း ပြန်ဖြေကြသည်။
“ဘာဖြစ်လို့ မယူချင်တာလဲ”
သူတို့၏ အဖြေကိုကြားရသော အခါ ဖေဇော်ဂျီ ဂုရုကွေးသည် ဟိုက် ရှာလပတ်ရည်၊ မအော်နိုင်ဘဲ ပါးစပ် ဟောင်းလောင်း ပွင့်သွားသည်။
“အစာ ကြေမှာ စိုးလို့”
အီကြာကွေး
မဟေသီ(ရုပ်စုံမဂ္ဂဇင်း)
အမှတ် ၂၉၁၊ မတ်လ၊ ၂၀၀၉ ခုနှစ်
LIN STAR ဘလော့ဂ်ကနေ ကူးယူပါတယ်။ လင်းစတားကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့
_______________________________
စာဟောကအပြန်
*************
အီကြာကွေး
မနက်လင်းစကတည်းက ရင်တဖိုဖို။ ရည်းစားနှင့်ချိန်းထာသော လူပျိုပေါက်ကလေးလို ဂုရုကွေး ရင်တွေဖိုနေသည်။ ဒီမြို့ကလေးကို ရောက်စက ရင်မဖိုရ။ ဒီမြို့ကလေးမှာ ဂုရုကွေးရောက်နေကြောင်း သိကြ၍ စာပေဟောပြောပေးရန် ဖိတ်မန္တကပြုမှ ရင် စ၍ဖိုရသည်။
သူတို့ လာခေါ်မည်။ ချိန်းထားတာက ဒီနေ့မနက်ဆိုတော့ လာလုငယ် လာလု တမ်းခုခု ငေးရသည်။ လမ်း၏ဟိုဘက်က ပေါ်လာမလား။ ဒီဘက်က ဝင်လာမလား။ လာခေါ်သူကို မျှော်ငေးရင်း ဂုရုကွေး ရင်ဖိုနေစဉ်
"ဆရာကြီဂုရုကွေး ..."
"ဟဲ့ ... ပလုတ်တုတ် .. လန့်လိုက်တာ"
လမ်းမကို မျှော်ငေးနေစဉ် လူငယ်တစ်ယောက် အိမ်ကြားမှထွက်လာပြီး ရုတ်တရက် နှုတ်ဆက်လိုက်၍ ဂုရုကွေး လန့်သွာသည်။ ထွက်လာပုံကလည်း လန့်စရာ။ အိမ်နှစ်ကြားမှ စက်ဘီးတစ်စီး သုတ်ကနဲထွက်လာကာ လူငယ်တစ်ယောက် ဖုတ်ကနဲ ခုန်ချ၍ "ဆရာကြီဂုရုကွေး" ဟု ဗြုန်းစားကြီး အသံပေးလိုက်သောကြောင့်ပင်။
သူငယ်က
"ကျွန်တော် ဂုရုကွေးဟောပြောဖို့ ဖိတ်ထားတဲ့ဆီကပါ ... လာကြိုတာပါ...."
"ဒါဆို သွားကြရအောင်၊ ကား ဘယ်မှာ ရပ်ထားခဲ့သလဲ။ လမ်ထိပ်မှာလား ... အိမ်ရှေ့အထိ မောင်းဝင်လာလည်း ရသားနဲ့ကွယ် .."
လာကြိုသည်ဆိုတော့ ခါတိုင်းပွဲတွေလို ကားနှင့်ဘာနှင့် အခန့်စားနေမှာပေါ့။ ဖင်မလီယာလား၊ လင်ဆာလား၊ ကိုရိုလာလား၊ ဖီးယက်လား၊ ဘီးလေးဘီးပါသော ကားတစ်ကားဖြစ်ရမည်ထင်ပြီး မေးလိုက်မိကာမှ
"ကားမပါပါဘူး ဆရာကြီး၊ သွားရမယ့်လမ်းက ကားမောင်းလို့ မရဘူးခင်ဗျ"
"ကားမပါတော့ ငါက ဘာနဲ့လိုက်ရမှာလဲ၊ ခြေသလုံး လေထိုးပြီး ခရီးငါးမိုင်လောက်ကို ကုန်းကြောင်းတစ်လှည့်၊ ခြေလျင်တစ်ခါ (အွမ်-ဖု) လိုက်ရမှာလား .."
ဂုရုကွေး နှစ်ပြားဖိုးလောက် စိတ်ဆိုးသွားသည်။ ဘယ့်နှယ်ဗျာ ကားနဲ့ လာကြိုမယ်ထင်ပြီး မိုးလင်းကတည်းက ရင်တဖိုဖိုနဲ့ စောင့်နေတာ။ ကားမပါဘူးဆိုတော့ ဒီကကောင် ဘာနဲ့ လိုက်ရမှာလဲ၊ သိုင်းဝတ္ထုတွေထဲကလို ယားဟုအော်ပြီး တချီတည်း ခုန်လိုက်တာနှင့် ငါးမိုင်လောက်ရောက်သွားရင်လည်း တော်သေးရဲ့။
"ကုန်းကြောင်း မလျှောက်ရပါဘူးခင်ဗျ၊ ဆရာကြီးကိုကြိုဖို့ စက်ဘီးယူလာပါတယ်။ ဘားတန်းပေါ် တက်ပါ ..."
အလိုလေး ... ဘုရား ..... ဘုရား ... ဟောပြောပွဲတွေ ဟောလာတာ အနှစ်နှစ်ဆယ်ကျော်ပါပြီ။ စက်ဘီးဘားတန်းပေါ်က လိုက်ရတာဆိုလို့ ဒီတစ်ပွဲပဲ ကြုံဖူးပါတယ်။ လမ်းကလည်းကြမ်း၊ စက်ဘီးကလည်း အိုမင်းမစွမ်း၊ လူတစ်ကိုယ်စာတောင် အနိုင်နိုင် ထမ်းရသည်။ နှစ်ကိုယ်စာဆိုတော့ စက်ဘီးခမျာ မရှူနိုင်မကယ်နိုင်။
"ဟဲ့ ... သူငယ် ဖြည်းဖြည်း ... ဖြည်းဖြည်း ..."
စက်ဘီးခုန်လို့ တင်ပါးတွေ နာလှပြီ။ ဘားတန်းပေါ်မှ ဂုရုကွေးလည်း မသက်သာလှပါ။ စက်ဘီးခုန်တိုင်း အသားနည်းသောတင်ပါးပိန်ကလေးမှာ ဘားတန်းနှင့်ဆောင့်မိ၍ မချိတရိဖြစ်ရသည်။ နင်းသောသူငယ်လေးမှာလည်း ချွေးသီးချွေးပေါက်တွေဖြင့် ဟောဟဲ ဟောဟဲ၊ ဟောပြောပွဲလုပ်မည့်နေရာနှင့် မိုင်ဝက်ခန့်အလိုတွင် စက်ဘီး ချိန်းပြတ်ကာ ဝရုန်းသုန်းကား လဲကြသည်။
"အိမ်း .... လဲလိုက်တာက ကောင်းသေး ... ဝဋ်ကျွတ်သွားပြီ။ ကုန်းကြောင်း ကြိတ်ကြစို့ရဲ့"
သူငယ်လေးက စက်ဘီးထမ်း၊ ဂုရုကွေးက ခြေလျင်လှမ်းရင်း ဟောပြောပွဲလုပ်မည့်နေရာသို့ ရောက်လာကြသည်။
* * *
"အားနာလိုက်တာဆရာကြီးရယ် ... ကျွန်တော်တို့က ခရီးကြမ်းတယ်။ ဆရာကြီး ပင်ပန်းလာတယ်၊ အားရပါးရ စားစမ်းပါ။ စားပြီးမှ ဟောတာပေါ့ ..."
ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း ဝက်သားမျက်နှာ၊ ကြက်သားမျက်နှာ၊ ငါးသလောက်ပေါင်းမျက်နှာ၊ ပုစွန်ဆီပြန်မျက်နှာတွေ မြင်လိုက်ရသည်နှင့် ပင်ပန်းတာတွေ ပျောက်သွားသည်။ ဂုရုကွေးတွယ်လိုက်တာ ငါးပန်းကန်ကြီးများတိတိ ကုန်သွားသည်။ ထမင်းစားပြီး အချိုပွဲအဖြစ် ဆက်တီးသည်က လိမ္မော်သီးအစိတ်သုံးဆယ်၊ လက်ဖက်တစ်ပွဲနှင့် ထန်းလျက်ခဲငါးခဲ။
စားနိုင်မှ အားဖြိုင်မည်။ အားဖြိုင်မှ စကားလှိုင်မည်။ ဗိုက်ကလေးပြည့်ပြည့်နှင့် ဂုရုကွေး စီခြောက်ဆယ် နှစ်ခွေစာလောက် အားရပါးရ ဟောပစ်လိုက်သည်။ ရွှေပွဲလာပရိသတ်များ ကျေနပ်သွားကြသည်။ ဟောပြောပွဲကျင်းပသူများမှာ ပို၍ကျေနပ်ကြသည်။ သူတို့ပွဲ အောင်မြင်သွားတာကိုး။
"နည်းတယ် များတယ် သဘောမထားပါနဲ့ဆရာကြီး။ ကျွန်တော်တို့အရပ်က ထွက်တဲ့ ထွက်ကုန်ကိုပဲ လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ"
သူတို့အရပ်ကထွက်တဲ့ ထွက်ကုန်ဆိုလို့ ဆန်လား၊ ဆီလား၊ မြေပဲလား၊ ထန်းလျက်ခဲလား မှတ်ပါတယ်။ လက်စသတ်တော့ ဘူးသီးကြီးပါလား။
ဂုရုကွေး၏သက်တမ်းတစ်လျှောက် ဤမျှကြီးသော ဘူးသီးမျိုးကို ဤတစ်ကြိမ်သာ မြင်ဖူးသည်။ တုတ်တုတ်ခဲခဲ ထွားထွားကျိုင်းကျိုင်း ဘူးသီးတကာတို့၏ ဘိုးအေ၊ စူပါအခါတစ်သိန်း စတားသော မဟားဒယားကြီးသည့် ဘူးသီးဧရာနန္ဒာ၊ ဘူးသီးပြိတ္တာကြီး။
"ခင်ဗျားတို့ဘူးသီးက ကြီးလှချည်လားဗျ"
"ကြီးဆို ဒီနှစ် သီးသမျှထဲမှာ အကြီးဆုံးပဲ။ ဘူးသီးအယ်တုံဆိုတာ ဒီဘူးသီးပါပဲဂုရုကွေး"
ခရီးက မနီးလှ။ ငါးမိုင်ပျော့ပျော့လောက်ရှိမည်။ ဘူးသီးအယ်တုံကြီးကို ထမ်း၍ ပြန်ရမည့်အရေးကို တွေးလိုက်တိုင်း မောရပါဘိ။ သူတို့လိုက်ပို့ရင်လည်း ကောင်းသား။
"ဆရာကြီးဖိနပ်က ဒီဖိနပ်လား ..."
လူငယ်တစ်ယောက်က ဖိနပ်တစ်ရံလာပြသည်။ ဖိနပ်က ပြတ်လုတဲကာ သဲကြိုးနှင့် ဖိနပ်ဂီလာန။
"မဟုတ်ဘူး၊ မဟုတ်ဘူး ...."
"ကိုယ့်ဖိနပ်က ပိန်းတန်းဖိနပ်"
ပိန်းတန်းလည်းမရှိ၊ ဂိန်းတန်းလည်းမရှိ။ ဖိနပ်ဆို၍ ဒီဖိနပ်တစ်ရံသာရှိသည်။ ဟိုက် ... ရှာလပတ်ရည်၊ မှားစီးသွားတာလား၊ တမင်စီးသွားတာလား။ ဖိနပ်မရှိတော့ပြီ။ ငါးမိုင်ခရီးနေပူကြီးမှာ ဘူးသီးထမ်း၍ ခြေဖဝါးချည်းသက်သက် ပြန်ရတော့မည်။
ဟောပြောပွဲကျင်းပသူတွေက အားနာပါးနာဖြင့် သူတို့ဖိနပ်တွေ ထုတ်ပေးကြသည်။ ဂုရုကွေး စီးကြည့်သည်။ ဘယ်ဖိနပ်မှ ဂုရုကွေးခြေထောက်နှင့် မတော်။ ကျဉ်းနေတာတို့ ကျယ်နေတာတို့ အမျိုးမျိုးဖြစ်နေသည်။
"ကျောင်းသားလေးနှစ်ယောက် ဘူးသီးထမ်းပြီး လိုက်ပို့ကြပါလိမ့်မယ် .."
ဘူးသီးက အယ်တုံ၊ ကလေးတွေပုံက ပိစိကွေးလေး။ နှိုင်းယှဉ်ကြည့်လျှင် ဘူးသီးက သူတို့ခါးစောင်းလောက်ရှိနေသည်။ မည်သို့ပင်ဖြစ်စေ၊ အပြန်ခရီးတွင် ကျောင်းသားလေးနှစ်ယောက်မှာ ဘူးသီးကြီးကို အားကြိုးမာန်တက် ထမ်းကြရှာပါသည်။ နေပူခြေပူသဖြင့် ဂုရုကွေး ဆွေ့ဆွေ့ခုန်နေသလို ကလေးနှစ်ယောက်မှာလည်း ဘူးသီးထမ်းရသဖြင့် ဟိုက်ဟိုက်ပန်းနေသည်။ မကြည့်ရက်သဖြင့် လမ်းတစ်ဝက်အရောက်တွင် ကလေးနှစ်ယောက်ကို ပြန်လွှတ်လိုက်သည်။
"ဒီဘူးသီးကြီးနဲ့ ဆရာကြီးဖြစ်ပါ့မလား။ ခရီးက မနည်း ကျန်သေးတယ် ..."
"ယောက်ျားပဲကွာ။ မဖြစ်ပေမယ့်လည်း ကြံဖန်ဖြစ်ရတော့မှာပေါ့။ မင်းတို့ ပြန်ကြပေတော့ ..."
ကလေးနှစ်ယောက် ပြန်သွားသောအခါ ဘူးသီးကြီးကို ကျောပေါ် ကောက်တင်လိုက်သည်။ ဟိုက် ... ရှာလပတ်ရည်၊ လေးလှပါကလား။ ဘူးသီးမှ ဟုတ်ပါလေစ။ လမ်းကြိတ်စက်က ဘူးသီးယောင်ဆောင်ပြီး ကျောပေါ် တက်နေတာလား။ စုံကန္တာမြိုင်ရပ်တွင် ဘယ်ဖိနပ်မှ မောင်မပါပဲ ဘူးသီးကြီးထမ်းကာ နေပူကြီးထဲတွင် တစ်ကိုယ်တည်း လှမ်းခဲ့ရင်း လက်တန်းကဗျာ ဆိုမိသည်ကား
စာဟောကအပြန်
ကံခေကာ အနေကျပ်သေဖို့
ဖိနပ် လူခိုး
မနက်ကြီးဆီက
စက်ဘီးမောင်မမြင်တော့
ကျောပြင်မှာ ဘူးသီးကြီးရယ်နှင့်
ယိုင်တီး ယိုင်ထိုး
အီကြာကွေး
ကလျာမဂ္ဂဇင်း၊ အမှတ်-၂၊ ဖေဖော်ဝါရီ၊ ၁၉၈၅။
စာပေစုဘူး ဘလော့ဂ်ကနေ ကူးယူပါတယ်။ စာပေစုဘူးကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့ (ကျော်ဇင်လတ်)
Photo- Google (ကာတွန်းငွေကြည်)
share by မွန်းလေးဖေဖေ
No comments:
Post a Comment