May 27, 2018

ရာနှုန်းပြည့်တို့၏ ချစ်တိုင်းပြည်

``ရာနှုန်းပြည့်တို့၏  ချစ်တိုင်းပြည်´´
~~~~~~~~~~~~~~~~~~~~~

     နာမည်ကို အမေမကြာခဏပြောပြနေသဖြင့် သိနေတာ ကြာပြီ။ လူနှင့်နာမည်တွဲ၍ ယခုမှ မြင်ဖူးမိသည်။

   အရပ်ပုပု၊အသားမည်းမည်း၊ ဗလကခပ်တောင့်တောင့်၊ ဂျီးရောင်သမ်းနေသည့်စွပ်ကျယ်နှင့် အရောင်လွင့်နေသည့် ဂျင်းဘောင်းဘီတစ်ထည်ကို ဒူးနားထိခေါက်၍  ဝတ်ဆင်ထားသည်။ ကွမ်းအမြဲစားနေတတ်ပြီး၊ ပြုံးနေတတ်၍ မြင်နေရသည့် သွားများက နီကြင်ကြင်။ အမေ တစ်ခါပြောဖူးသည့် `` စိတ်ကတော့ သိပ်ကျပ်မပြည့်ဘူး လို့ ပြောသံကြားရတာပဲ သားရေ။ ဒါပေမယ့် သူ့အလုပ်သူတော့ သေသေသပ်သပ်နဲ့ စိတ်ချရတယ် သားရဲ့။ ဒီလမ်းတကြောမှာ သွားလာနေတဲ့ ကုန်သည်တွေကတော့  တိုးအောင် မှ တိုးအောင်ပဲ သားရေ´´ ဆိုသော စကားလေးအား ပြန်လည်ကြားယောင်မိသည်။

    ``ကျေးဇူးပြု၍ နားဆင်ပါရှင်…………………………´´

       လိုက်ပို့ နှုတ်ဆက်ကြသူတွေ၊ ခရီးဆက်ကြမည့်သူတွေ၊ဈေးသည်တွေ၏  အသံပေါင်းစုံဖြင့် ဘူတာရုံကကြေငြာသံကို သဲသဲကွဲကွဲ မကြားလိုက်ရပေ။ ကိုတိုးအောင် တစ်ယောက်ကတော့ ဂျင်းဘောင်းဘီကို ဒူးအထက်နားထိ ခေါက်တင်နေရင်း အမေ့အနားကပ်၍ ဘာမေးနေသည်မသိ။ ခဏကြာတော့ အောက်ကနေပစ္စည်း တင်ပေးရန်ခေါ်ထားသည့် (သူတို့အခေါ် အောက်ပေး) သူ့လူနှစ်ယောက်ကို လက်ဟန်ခြေဟန် ပြလိုက်ရင်း ပြေးထွက်သွား၏။ 

    သိပ်တော့မကြာလိုက်ပေ။ မိနစ်နှစ်ဆယ်ခန့်အတွင်းမှာပင် ရထားကဥသြသံရှည်ဆွဲရင်း ဝင်လာခဲ့၏။ ထို့နောက် ပြတင်းပေါက်တစ်ခုကနေ လက်လှမ်းပြနေသည့် ကိုတိုးအောင် ကိုပါမြင်လိုက်ရသည်။ သူ့လူတွေကို ပြတင်းပေါက်ကနေ ပစ္စည်းပေးရန် လှမ်းအော်နေသည့်အသံပါ မသဲမကွဲ ကြားလိုက်ရပြန်၏။

       ရထားရပ်တန့်ချိန် ခဏလေးအတွင်းမှာ ဟာကွက်မရှိအောင် အမေ၏ရောင်းကုန်ပစ္စည်းလေးများဖြစ်သည့် လက်ဖက်အိတ်၊ ပဲကြော်အိတ်၊တခြားမုန့်ပဲသားရေစာခြင်း စုစုပေါင်း ဆယ်ခုနီးပါးအား နှစ်မိနစ်ခန့်အတွင်းမှာပင် ထိုင်ခုံအောက်ထိုးတန်သရွေ့ထိုး၊ အပေါ်တန်းပေါ် တင်သင့်တာတင်ဖြင့် အကွက်စေ့လှသည်။ကျွန်တော်နှင့်အမေလည်း အိတ်တွေ၊ခြင်းတွေအားလုံး ရထားပေါ်ရောက်ပြီဆိုမှ  ရထားပေါ်တက်ခဲ့ကြသည်။

     ``လာ အန်တီ ခုံနံပါတ် ကိုးနဲ့တစ်ဆယ်က ဒီမှာ။
ဒီခုံအောက်မှာ ပဲကြော်အိတ်၊လက်ဖက်အိတ်က ပေါင်းလေးအိတ် အန်တီ။ အပေါ်တန်းမှာက အဝတ်အိတ်သုံးအိတ်၊ ဒီခုံကြားမှာက ခြင်းသုံးခြင်း နော်။ အော် ဒီမှာ အန်တီက ထမင်းဟင်းချိုင့်တွေပါလို့ ခြင်းတွေ အောက်မသွင်းနဲ့ဆိုလို့ မသွင်းဘူးနော်။ အားလုံးဆယ်ခု
ညီလေးရော မှတ်သွားနော်´´

    အမေ့ကို ပစ္စည်းစာရင်း၊ဘယ်နေရာမှာ ဘာပစ္စည်းကအစ အသေးစိတ် ပြောပြနေရင်း ကျွန်တော့်ကိုပါ တဆက်တည်း လှမ်းပြောလိုက်သေးသည်။

     ``အေးပါ တိုးအောင်ရယ်။ အန်တီက မင့်ကိုစိတ်ချပြီးသားပါ။ ကဲ ကဲ ရော့ ရထားထွက်တော့မယ်။ ဖြေးဖြေးဆင်းနော် တိုးအောင်´´

    အမေက ပြောလည်းပြော ကိုတိုးအောင်လက်ထဲလည်း တစ်ထောင်တန် သုံးရွက်ထည့်ပေးလိုက်တာ မြင်ရ၏။

    ``ဟုတ်ကဲ့ အန်တီ ဒါဆိုဆင်းပြီနော်။
အန်တီနဲ့ ညီလေးတို့ သားအမိ လမ်းခရီး အစစ အရာရာအဆင်ပြေပါစေ။ ရောင်းကုန်တွေလည်း မြန်မြန်ရောင်းကောင်းပါစေဗျာ ။ ကဲဆင်းပြီဗျို့။´´

      အမေပေးသည့်  ပိုက်ဆံကို ဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ပြီး၊ သားအမိနှစ်ယောက်လုံးကို နှုတ်ဆက် ရောင်းကောင်းပါစေကအစ၊ ဆုတွေတောင်းပေးသွားသော ကိုတိုးအောင်အား ကြည့်ရင်း သိပ်ကျပ်မပြည့်ဘူးဆိုသည့် အမေ့စကားအား နားလည်ရခက်နေသည်။
 
      ~~~~~~~~~~~~~~~~~~

    ``တိုးအောင်နဲ့ မဆက်မိခင် အရင်တုန်းကတော့
ဒီဘူတာမှာ ခုလိုပဲ ပစ္စည်းအတင် အချလုပ်နေကြတဲ့ ကောင်လေးတွေ လေး ငါးယောက်တော့ရှိတယ် သားရဲ့။ သူတို့နဲ့တုန်းကတော့ ကြုံရာလူ ခေါ်တင်ခိုင်း ချခိုင်း လုပ်ရတာပဲ ။ သိပ် အဆင်မပြေလှပါဘူးကွယ်။
ပဲကြော်အိတ်တွေဆို ဖိသိပ်ထိုးထည့်သွားကြ၊ဆွဲခြင်းတွေဆိုလည်း ခဏခဏ ကျိုးလို့ အသစ်ပြန်ပြန်ဝယ်ရတယ်´´

    အမေက စကားတပြောပြောနှင့် ဆွဲခြင်းလေးတွေ၊အိတ်လေးတွေစောင်းနေသည်ကို ပြန်၍ တည့်မတ်နေသည်။အမေ့ စကားအဆုံး သိချင်တာလေးတစ်ခုကို အလျင်စလို မေးလိုက်မိသည်။

    ``နေပါဦး အမေ။ အရင် ပြောပြဖူးတယ်လေ  သိပ်ကျပ်ပြည့်ပုံ မရရှာဘူးဆို။  ခုကျတော့လည်း ထင်တောင်မထင်ရဘူးနော်။ သားလည်း ယုံဖို့ခက်နေတာ။ ဟုတ်ပါ့မလား´´

     ``အေး ဟုတ်တယ်သား။ အမှန်တော့ လုပ်ငန်းချင်းတူ ရန်သူ ဆိုသလိုပေါ့ကွယ်။  ကုန်သည်တွေကလဲ ခိုင်းစရာရှိရင် တိုးအောင် ကိုပဲခိုင်းကြတာများတယ်။ဒီတော့ မနာလိုသူတွေလဲရှိလာတာပေါ့။ရေရှည်မှာ အလုပ်အပေါ်စေတနာထားသူနဲ့ စေတနာမထားသူဟာ ကွဲပြားလာရတာပေါ့သားရယ်။ သူတို့ကပဲ ခုလို တိုးအောင် လွှတ်ခနဲ ပြောမိတဲ့စကားလေးတစ်ခွန်းကို အခြေခံပြီး တမင် ကျပ်မပြည့်ဘူး၊စိတ်မမှန်ဘူးဆိုပြီး ပြောနေကြတာလို့ အမေရိပ်မိနေတာကြာပြီ´´

    ``ဟုတ်  အမေ´´ ဆိုပြီး အမေဆက်ပြောလာမည့် စကားများကို စိတ်ဝင်စားစွာ နားစွင့်နေလိုက်သည်။

    `` ဒီလိုကွဲ့။တိုးအောင် က ကလေးမလေးတစ်ယောက်ကို ချစ်ကြောင်းကြိုက်ကြောင်း  ပြောမိတာထင်တယ်။ ဘူတာလေ သိတယ်မို့လား။ဗူးအပေါက်တစ်ရာထက် လူပါးစပ်တစ်ပေါက်ဆိုတာက ပိတ်ဖို့ ခက်သားကလား´´

      ``ဟုတ်တာပေါ့  အမေ။ ဒါနဲ့ ကိုတိုးအောင် အဖေအမေတွေက …´´ သူ့စကား မဆုံးသေးခင် …

       ``တိုးအောင်မှာ ငယ်စဉ်ကတည်းက ဖအေမအေ မရှိတော့ဘူး။တစ်ကောင်ကြွက်လို့ ပြောရမှာပေါ့ ငါ့သားရယ်။ ကွမ်းယာနဲ့ လက်ဖက်ရည်ကြိုက်တာက လွဲရင် အပို မသုံးဘူး။သူရသမျှ ငွေလေးတွေကို ထမင်းဆိုင်တစ်ဆိုင်မှာ အပ်ထားသတဲ့။ မိန်းမယူဖို့လားကွ လို့ခင်တဲ့သူတွေကစရင် တိုးအောင်မှာ သွားကြီးကို ဖြီးလို့။ နောက်ပြီး ပြောသေးတယ်။ ကျွန်တော့် ယူမဲ့သူ မရှိပါဘူးဗျာတဲ့´´

      စကားပြောနေရင်း ချွေးလေးတွေစို့လာနေသည့်
အမေ့မျက်နှာလေးကြောင့် ယပ်တောင်လေးနှင့် ခပ်သွက်သွက် ခတ်ပေးလိုက်၏။

     ``လူပျိုက အပျိုကိုချစ်တယ်၊ကြိုက်တယ်ပြောတာ ဆန်းသလား။သမီးချင်းမစာနာလို့မဟုတ်ဘူး။ ရှိရင်တောင် ပေးစားလိုက်ချင်သေး။ မဟုတ်တာ လုပ်ချင်တဲ့သူမျိုးဆိုရင် အသံကြားမှာတောင် ကြောက်နေကြတဲ့ခေတ်။နောက်ပြီး  တိုးအောင်က မိန်းကလေးမြင်သမျှကို ချစ်တယ်လို့လိုက်ပြော၊ဆွဲလွဲနေတာ မဟုတ်ဘူးလေ။ ဒီ ကလေးမလေးကို တကယ်ချစ်လို့ ပြောမိတာပဲ။ကလေးမလေးသတင်းတွေကဖြင့် ကြားနေရတာဖြင့် သင်းနေတာ။ ဒီလိုနဲ့ပဲ မတူမတန်ကြိုက်ရပါ့မလားဆိုပြီး ကျပ်မပြည့်ဘူး သမုတ်ခံရရှာတယ်ထင်ပါရဲ့။အင်း ခက်တယ်  ငါ့သားရေ´´

     စကားအရှည်ကြီးပြောပြီး အမေတစ်ယောက် တော်တော် မောသွားပုံရသည်။ရိပ်ခနဲ ရိပ်ခနဲ မြင်နေရသည့် ရထားလမ်းဘေး ရှုခင်းလေးများကို ငေးကြည့်နေပြန်သည်။ သဘာဝမြင်ကွင်းလေးများက စိမ်းစိုနေလေသည်။ သစ်ပင်စိမ်းနံ့၊မြေသင်းနံ့လေးများ တစ်ချက်တစ်ချက် ရထား အတွင်းပိုင်းထဲအထိ ပျံ့လွင့်လာသည်။

    ``တခါကဆို တိုးအောင် ပစ္စည်းတင်ပေးနေကျ ချောင်းဦးဘက်က ဈေးသည်အဖွားကြီးတစ်ယောက် ရထားတက်ခါနီးမှာ မူးတယ် မူးတယ်ဆိုပြီး လဲမလို ဖြစ်သွားဖူးတယ်´´

     ဆွဲခြင်းထဲကရေဘူးဆီ အမေလက်လှမ်းလိုက်စဉ် အရင်ဦးအောင် နှိုက်ယူလိုက်ပြီး ရေခွက်ထဲထည့်ပေးလိုက်သည်။

     ``အဲဒီမှာ ရထားလဲမတက်ဖြစ်တော့ဘူး။ တိုးအောင်မှာလဲ ဆေးခန်းလိုက်ပို့ရ၊ တစ်ခါ သက်သာသွားပြန်တော့ ချောင်းဦးပြန်မယ့် ကားဂိတ်ထိပါ လိုက်တင်ပေးလိုက်ရနဲ့ အဲဒီနေ့က ထမင်းတောင်သုံးနာရီထိုးမှနေ့လယ်စာ  စားရသတဲ့လေ။သူလိုက်ပို့ပေးရတဲ့ အဖွားမှာလဲ ဝေဒနာခံစားနေရတဲ့အချိန်ဆိုတော့ လုပ်အားခထားပါ ထမင်းဖိုးတောင် ပေးလိုက်ဖို့သတိမရဘူး။ခင်နေတဲ့ထမင်းဆိုင်တွေက မစားရသေးဘူးဆိုတာ သိနေကြတော့ ကျွေးလို့ ထမင်းမငတ်တာရယ်။ တိုးအောင်ကတော့ ခရီးသည်အဖွား ခုလို သက်သာသွားတာကိုပဲ သူ့မှာ ဝမ်းတွေသာလို့…´´

     အမေပြောပြ၍ ကိုတိုးအောင်အကြောင်း ပြည့်ပြည့်စုံစုံ သိလိုက်ရသည့်အခါ ကျပ်မပြည့်ဘူး ပြောခံနေရသည့် ကိုတိုးအောင် အစား အတော် စိတ်မကောင်းဖြစ်မိ၏။ ကွမ်းချေးနီကြောင်ကြောင်  သွားတွေပေါ်အောင် ရယ်(ရီ)နေတတ်သည့် ကိုတိုးအောင်၏မျက်နှာလေးအားလည်း မြင်ယောင်လိုက်မိပြန်သည်။ရင်ထဲမှာလည်း တစ်ခုခု ခံစားလိုက်ရသလို ကတုန်ကယင်။

        ~~~~~~~~~~~~~~~~~~~~

     ဘူတာကြီးတစ်ခုမှာ  ရထားခဏရပ်စဉ် အမေ့ကို  ထမင်းပူပူလေးစားစေချင်၍ ဆင်းဝယ်လိုက်သည်။ ထို့နောက် သားအမိနှစ်ယောက် နေ့လယ်စာ စားလိုက်ကြ၏။ စားသောက်ပြီး၍ ခဏအကြာ…

      ``အမေ အညောင်းအညာပြေ လှဲနေလေ။အိပ်ချင်လဲအိပ် သား အပေါက်ဝနား ခဏ သွားထိုင်ဦးမယ်´´  ဆိုပြီး  ထလာခဲ့သည်။

     လူ အတက်အဆင်းပေါက်နားလေး ရောက်တော့
လူရှင်းနေသဖြင့်  ထိုင်ရန်ပြင်လိုက်စဉ်………

      ``ဟော ငါ့ညီ ဘာလဲ လေညှင်းလာခံတာလားကွ။
ဒီနေ့တော့ ရထားကအချောင်ကြီးပါ။ ဟောဒီ ဈေးခြင်းကသက်သေပဲ။ အေးဆေးသာထိုင် ဈေးလေးဘာလေးလဲ အားပေးပါဦးကွ´´

      ဘူတာမှာကတည်းက မျက်မှန်းတမ်းမိနေသည့်  ဈေးသည်တစ်ယောက်ဖြစ်သည်။ သည်ဈေးသည် ဘူတာအနီး နေလျှင်တော့ ကိုတိုးအောင် အကြောင်း
သိလေမလားဟုလည်း တွေးလိုက်မိ၏။

      ``အင်း  အားပေးရမှာပေါ့ဗျာ။ ကွမ်းယာနဲ့ငုံးဥပြုတ် ငါးရာဖိုး ပေး။ ဒါနဲ့ အစ်ကိုက ခုကျွန်တော်တို့ စတက်လာခဲ့တဲ့ ဘူတာနားနေတာလားဗျ။ ရထားမတက်ခဲ့ခင်ကလဲ အစ်ကို့ကို မြင်လိုက်သလားလို့´´

     ``မြင်မှာပေါ့ ညီရေ။ အစ်ကိုက အဲဒီဘူတာနားမှာပဲ နေတာလေ။ငါ့ ညီအမေကိုတော့
လွန်ခဲ့တဲ့ခြောက်လလောက်တည်းက သိတယ်။ သိဆို အရင်က အစ်ကိုလဲ ပစ္စည်းအတင်အချ လုပ်ပေးဖူးတယ်။ ခုနောက်ပိုင်း အဲဒီ တိုးအောင် ဝင်လာမှ အစ်ကိုတို့လဲ ဘေးရောက်တော့တာပေါ့ကွာ´´

    စကားထဲမှာ ကိုတိုးအောင် အကြောင်းပါလာတော့ မဲ့ရွဲ့သွားသည့်ဈေးသည်အစ်ကို၏မျက်နှာကို သတိထားလိုက်မိသည်။ စကားအသွားအလာ လေယူလေသိမ်းအရ ကိုတိုးအောင် ကို သိပ်အစာကြေပုံ မရ။ ကျွန်တော်လည်း မေးမိမှတော့မထူးဘူး သဘောဖြင့် သိချင်နေသည့်အကြောင်းအရာလေးတစ်ခုကို မေးလိုက်မိသည်။

     ``နေပါဦးဗျ  ဘူတာမှာ ရထားအဝင် အထွက်တွေကလဲအများကြီး။ ကိုတိုးအောင်တစ်ယောက်ထဲလည်း ဒီလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားလို့မရပါဘူး။ အစ်ကိုတို့က ဘာလို့မလုပ်တော့တာလဲဗျ။ အစ်ကိုသိရင် ကိုတိုးအောင်အကြောင်းလေး လုပ်စမ်းပါဦး´´

    ``ဒီလိုကွ………………´´

     ကိုတိုးအောင် အရင်လုပ်နေသည့် ဈေးကုန်သည်လေးများက
ရထားနှင့် ဆက်စပ်လာခဲ့၏။သည်လိုနှင့် ကိုတိုးအောင် တစ်ယောက် ဘူတာဘက်မှာ အရောက်အပေါက်များလာသည်။  ယခင်သူလုပ်နေသည့် ဈေးသည်များအပြင်၊ယခု အမေတို့လို ကုန်သည်၊ ဈေးသည်များကပါ တိုးအောင်နှင့်မှ စိတ်ချရတယ် ဖြစ်လာကြသည်။ ဤသို့ဖြင့် အရင်လုပ်နေကြသည့် သူတို့မှာ နောက်ရောက်ရတော့၏။
ပစ္စည်းအတင် အချအလုပ်ကလည်း တဖြည်းဖြည်းနှင့် ပါးလာကြသည်။နောက်ဆုံးတော့ ခုလို ဆိုင်ကယ် ကယ်ရီဆွဲသူဆွဲ၊ ဈေးရောင်းသူရောင်းဖြင့် လုပ်ကြရတော့သည်ဖြစ်ကြောင်း ပြောပြသည်။

     ဈေးသည်အစ်ကို ပြောသွားခဲ့သည့်စကားနားထောင်ရတာ သိပ်တော့ဘဝင်မကျမိပေ။ မကျေနပ်ချက်ဖြင့် လိုရာဆွဲပြောသွားသလိုလည်း ခံစားလိုက်ရသည်။ သိပ်လည်း ဆက်ပြောချင်ပုံမပေါ်သည့် ဈေးသည်အစ်ကို၏မျက်နှာအား ကြည့်ရင်း သိချင်နေသည့်နောက်ဆုံးတစ်ခွန်းအား မေးဖြစ်အောင်မေးလိုက်မိသည်။

     ``ဒါနဲ့  အစ်ကို။ အဲဒီကိုတိုးအောင်က သိပ်ကျပ်မပြည့်ရှာဘူးဆို။ ဘူတာမှာ ပြောနေကြသံကြားမိလို့ပါ။´´

    ကျွန်တော့်ဆီက အမေးစကားလည်းကြားလိုက်ရော မဲ့ပြုံးတစ်ချက်ပြုံးသွားသည့် ဈေးသည်အစ်ကို၏မျက်နှာအား  မြင်လိုက်ရသည်။

    ``ဟုတ်တယ်လေ။ အလကားလူပါ လူကဖြင့် အသက်ကသုံးဆယ်ကျော်ပြီ။ ဈေးသည်တစ်ယောက်ရဲ့သမီးလေးကို ကြိုက်လို့တဲ့လေ။ ကောင်မလေးက အသက်နှစ်ဆယ်ကျော်လောက်ရှိပြီ။ကျပ်မပြည့်လို့  ဒီလိုပြောတာပေါ့ကွာ။ ဝိုင်းဟားခံရတာပေါ့။ ကောင်မလေးက တကယ့်အချောလေး။ဒီကောင် တိုးအောင်ပုံစံနဲ့ကတော့ နံ့သာဆီနဲ့အီး ပါကွာ။ဟား ဟား ဟားးး´´

     သူပြောချင်တာ ပြောလိုက်ရ၍ ဝမ်းသာသွားပုံရသည်။ တဟားဟားနှင့် အော်ရယ်နေပြန်သည်။အမေ ပြောထားသည်များနှင့်လည်း မတူတာက ခပ်များများ။ ထို့နောက် ကျွန်တော်ဝယ်ထားသည့် ငုံးဥထုတ်နှင့်ကွမ်းထုတ်လေးများကို လှမ်းပေးလိုက်ပြီး၊
ဈေးရောင်းထွက်တော့မည့်ဟန်ပြင်လိုက်သဖြင့် ကျွန်တော်လည်းအလိုက်တသိ  ပိုက်ဆံငါးရာတန်လေး အသာကမ်းပေးလိုက်ပါသည်။

    ဈေးသည်အစ်ကို ထွက်သွားပြီးနောက် ဗိုက်ဆာလာတာနှင့် ငုံးဥပြုတ်တစ်ထုတ်ဖောက် စားလိုက်သည်။ လတ်ဆတ်မှုမရှိတော့သည့် ငုံးဥပြုတ်အရသာက ပါးစပ်ထဲမှာဖွယ်တယ်တယ် ဘာအရသာမှ မရှိ။ ``ဖွီခနဲ´´ ထွေးထုတ်လိုက်ပြီး၊ ကွမ်းယာထုတ်ကြည့်လိုက်မိပြန်၏။  နွမ်းပြီး မည်းစပြုနေသည့် ကွမ်းယာများ။ ထို့နောက် ကွမ်းယာထုတ်နှင့် ငုံးဥထုတ်အား အပေါက်ဘက် လွင့်ပစ်လိုက်သည်။
`` နောက် ဆုံတာပေါ့´´ ဟူသော ဈေးသည်အစ်ကို၏ စကားအားကြားယောင်မိပြန်တော့ ရီချင်လာလိုလို။

    ``ဘော်……ဘော်……ဘော်……´´

     ရထားကတော့ ဥသြသံရှည်ဆွဲရင်း အမေနှင့်ကျွန်တော်ဆင်းရမည့် ပြည်နယ်ဘူတာကြီးဆီသို့ ဝင်လာခဲ့ပါပြီ။

       ~~~~~~~~~~~~~~~~~~~~

      `` သားရေ  ဒီတစ်ခေါက်တော့ အမေပြန်မဆင်းတော့ဘူး။ ရထားတက်ရင် တိုးအောင်ကို ပစ္စည်းတင်ခိုင်းသိလား။ ငါးပိ၊ငါးခြောက်အိတ်တွေကို ပါဆယ်တွဲက ထည့်နေကျ
လှည်းခေါင်းတွေဆီ အမေဖုန်းကြိုဆက်ထားမယ်။´´

     ရောက်ပြီး သုံးလနီးပါး ရောင်းချပြီးတော့ ဈေးရောင်းစရာကလည်း ကုန်လုနီးနီးဖြစ်သွားသည်။ အမေက ကျွန်တော့်ကို ဈေးဆင်းဝယ်ရန်လွှတ်တော့ ``ဟုတ် အမေ  သားဆင်းဝယ်လိုက်ပါ့မယ်´´ ဟု ပြောဖြစ်ခဲ့သည်။

      ဘေးမှာစကားပြောဖော်လည်း မပါသဖြင့် အိပ်လိုက်လာခဲ့ရာ  ကိုတိုးအောင်တို့ ဘူတာလေးဆီ ရောက်တော့ မနက်လေးနာရီ ဝေလီဝေလင်း ။  ဈေးပြန်ဝယ်မည့် ပစ္စည်းထည့်ရန် အမေပေးလိုက်သည့် ဆွဲခြင်းအလွတ်များကို ဆွဲပြီး  ဆင်းခဲ့လိုက်စဉ်……´´

    ``ဟော ညီလေး အန်တီမပါဘူးလား။
ပေး ပေး ညီလေး ဆွဲခြင်းတွေ  ကားလမ်းထိ အစ်ကို လိုက်ပို့ပေးမယ်။  အန်တီဆို  အစ်ကိုက အမြဲလိုက်ပို့နေတာကွ´´

    မနက် မလင်းသေးတာတောင် ရထားလာကြိုနေသည့် ကိုတိုးအောင်ကို တွေ့လိုက်ရ၏။ ဝီရိယကောင်းလှသည့် ကိုတိုးအောင် ကိုချီးကျူးမိသည်။လက်ထဲက ဆွဲခြင်းတွေကိုလည်း ကမ်းပေးလိုက်ရင်း………

    ``စောလှချည်လား ကိုတိုးအောင်ရ။ ဝီရိယတော့ကောင်းချက်ဗျာ´´

     ``  ကောင်းဆို  ရထားက ဒီချိန်မှဆိုက်တတ်တယ်။ ဖောက်သည်တွေ ပါလာတတ်လို့ လာကြိုတာပါညီလေး။ မိုးမလင်းခင်ဆိုတော့ ညီလေးရဲ့အမေ အန်တီတို့လို လူကြီးတွေကျ အပြန်မှာ ဆွဲခြင်းတွေက အခွံဆိုပေမယ့် ခုလိုလာကြိုပေးလိုက်တဲ့အခါ အဆင်ပြေတာပေါ့´´

    စကားတပြောပြောနှင့် လျှောက်လာကြရင်း လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တွေ့တော့ ကိုတိုးအောင်ကိုလည်း လက်ဖက်ရည်တိုက်ချင်မိသဖြင့်……

    ``လာဗျာ ကိုတိုးအောင် ကျွန်တော်လည်းဗိုက်ဆာနေပြီ။ကားလဲ မလာလောက်သေးပါဘူး။ လက်ဖက်ရည်သောက်ကြရအောင်´´ ဟုပြောရင်း ဝင်ထိုင်ဖြစ်သည်။ လက်ဖက်ရည်သောက်နေရင်း အရင်တစ်ခေါက် ရထားပေါ်မှာ ပြောဖြစ်တာလေး ပြန်တွေးလိုက်မိသဖြင့် ကိုတိုးအောင်ကို  စ မေးလေး မေးလိုက်မိသည်။

     ``ဒါနဲ့ နေပါဦး ကိုတိုးအောင်။ ဟိုတစ်ခေါက်ရောက်တုန်းက ဘူတာမှာ ပြောနေကြသံကြားခဲ့ဖူးတယ်။အစ်ကို ချစ်နေတယ်ဆိုတဲ့ ကောင်မလေးနဲ့ အဆင်ပြေရဲ့လားဗျ´´

     ကိုတိုးအောင်တစ်ယောက် လက်ဖက်ရည်ခွက်ပဲ ကောက်မော့ရမလိုလို၊ရေနွေးခွက်ပဲ ကောက်ကိုင်ရမလိုလိုနှင့် ပြုံးဖြီးဖြီးကြီး ဖြစ်သွားသည်။

     ``ဟာ…ညီလေး သိတယ်ပေါ့ ။ အစ်ကို သူနဲ့အိမ်ထောင်ပြုလိုက်ပြီကွ။အန်တီနဲ့ညီလေး တို့ကို ပြီးခဲ့တဲ့တစ်ခေါက်က ရထားပေါ်ပစ္စည်းတင်ပေးပြီး တစ်ပတ်လောက်အကြာမှာပေါ့။သူ့အဖေအမေ ကိုယ်တိုင်သဘောတူ ပေးစားခဲ့တာလေ။အစ်ကိုဖြင့် အရမ်းဝမ်းသာတာပဲကွာ´´

   ဝမ်းသာအားရပြောနေသည့် ကိုတိုးအောင်၏ အမူအရာကြောင့် ကျွန်တော်လည်း ထပ်တူဝမ်းသာလိုက်မိသည်။ဒီလိုတော့လည်း ကိုတိုးအောင် ကံ လေးက မဆိုးသေးပါဘူးလေဟုလည်း မုဒိတာပွားလိုက်မိသည်။ တဖြည်းဖြည်းနှင့် အလင်းဓာတ်ကလေးကလည်း သမ်းလာခဲ့ပြီ။ တဝီဝီဖြတ်သန်းလာကြသည့် ကားသံလေးတွေကြားတော့မှ နှစ်ယောက်သား လက်ဖက်ရည်ဖိုးရှင်း၍ ထလာခဲ့ကြသည်။

    ကားလမ်းမပေါ်ရောက်တော့ မိုးစင်စင်လင်းနေပြီ။
ပခုက္ကူဘက် သွားမည့် ကားတစ်စီးလာတာမြင်၍ လက်လှမ်းပြ တားလိုက်ရင်း………

    ``တကယ်ကို ဝမ်းသာပါတယ် ကိုတိုးအောင်။ အစ်ကိုတို့ လင်မယား ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေး ထူထောင်နိုင်ပါစေဗျာ။ သားသမီးရတနာလေးတွေလဲ အမြန်ဆုံး ရပါစေ လို့ ဆုတောင်းပေးပါတယ်နော်´´

    ``ကျေးဇူးပါကွာ ညီလေးဆုတောင်းက တစ်ဝက်တော့ ပြည့်ပါပြီ။ ခုဆို အစ်ကို့မိန်းမမှာ ကိုယ်ဝန်က လေးလ ကျော်နေပြီလေ။´´

      ``ဟင်………´´

    ဟင်ခနဲ ဖြစ်လိုက်မိသည့်  အာမေဋိတ်သံဟာ ကျွန်တော့်ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားသည်လား။စိတ်ထဲက ဖြစ်မိသည်လား။အမူအရာ ပျက်သွားသည့် ကျွန်တော့်ပုံစံကို သတိထားမိလိုက်လို့လားတော့ မသိ။
ကိုတိုးအောင်ကတော့ တစ်ဖက် ကားလမ်းမဘက်ဆီသို့
အကြာကြီးငေးနေရှာသည်။

    ထို့နောက်မှာတော့ ဝန်တွေအများကြီးတင်လာသည့် ထော်လာဂျီတစ်စီးအား နောက်ကနေဟွန်းသံအကျယ်ကြီးပေးပြီး လမ်းတောင်း ကျော်တက်သွားသည့် ကားလှလှလေးတစ်စီး ကို ငေးငေးလေး ကြည့်နေသည့် ကိုတိုးအောင် ဆက်ပြောလိုက်သည့် စကားလေးတစ်ခွန်းသည် ရင်ထဲသို့ အနက်ရှိုင်းဆုံး ဝင်ရောက်လာခဲ့ပါတော့သည်။

``အစ်ကိုက သူ့ကို အရမ်းချစ်လို့ပါ ညီလေး´´ တဲ့လေ"

ဖြိုးပိုင်​(​နေရှင်​နယ်​)
ကမ်းလက်​များ
နိုဝင်​ဘာ  ၂၀၁၇

No comments:

Post a Comment