May 28, 2018

အိပ်မက်ထဲမှာပြောပါတယ်

အိပ်မက်ထဲမှာပြောပါတယ်
********************

သုမောင်

"မင်း စာတစ်ပုဒ်ရေးရင် စာမူခ ဘယ်လောက်ရသလဲ" ဟု သူငယ်ချင်းဖြစ်သူက မေးတော့ ကျွန်တော့်မှာ တော်တော် အဖြေရကျပ်သွားပါသည်။ လုံးချင်းဝတ္တု အတွက် မေးတာလား...၊ မဂ္ဂဇင်းဝတ္တုအတွက် မေးတာလား...၊ ဂျာနယ်၊ စာစောင်အတွက် မေးတာလား...ဟူ၍ အဖြေရခက်ခြင်း မဟုတ်ပါ။

အကြောင်းမှာ ထိုမေးခွန်းကို သူမေးလိုက်ချိန်တွင် သူ့အလုပ်စားပွဲပေါ်၌ ကျွန်တော့်စာမူပါဝင်သော မဂ္ဂဇင်းစာအုပ်ရှိနေတာကို တွေ့လိုက်သောကြောင့်ဖြစ်သည်။ ဒါဆိုလည်း  ထိုမဂ္ဂဇင်းမှ ပေးသော စာမူခကို ပြောပြလိုက်ရင် မပြီးပေဘူးလား။

မဟုတ်သေးပါ။ ကျွန်တော့်အခက်အခဲက သူ့ဘဝနှင့်ရော ကျွန်တော့်ဘဝနှင့်ပါ ပတ်သက်နေသောကြောင့်ဖြစ်သည်။ သည်လိုပါ။ ထိုအမေးပြုသူ သူငယ်ချင်းသည် ခုနှယ်ခါ သိန်းပေါင်းဘယ်လောက် ချမ်းသာနေပြီဟု ခန့်မှန်းရခက်လောက်အောင် လုပ်ငန်းအောင်မြင်နေသောသူဖြစ်နေပြီး သူက ကျွန်တော့်ကို ရုပ်ရှင်မင်းသားအဖြစ်ရော၊ အဆိုကျော်အဖြစ်ပါ ကနေ့ထက်တိုင် အထင်ကြီးရင်းစွဲ စေတနာက ရှိနေပြန်သေးသည်။
ဆိုလိုသည်မှာ အဆိုကျော် ရုပ်ရှင်မင်းသား တစ်ယောက်၏ ဝင်ငွေကို သူက တွက်ဆထားသည်။ ကျွန်တော် တော်တော်လေး ချမ်းသာနေသည်ဟု သူက ထင်ထားဆဲလည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်လို လူတစ်ယောက်၏ စာများ စာမျက်နှာပေါ်တင်သောအခါ တော်တော် ရမှာပဲဟု သူ့စိတ်ထဲ၌ စွဲနေဟန်တူသည်။ သူကိုယ်တိုင်လည်း အောင်မြင်နေသော စီးပွားရေးသမားတစ်ယောက် မဟုတ်လား။

ကျွန်တော့် သူငယ်ချင်းသည် အရာရာကို ငွေနှင့် တိုင်းတာနေသောသူဟု ကျွန်တော် မဆိုလိုပါ။ သူသည် ယခင်က အလွန်ဆင်းရဲခဲ့ရပြီး သူတတ်သည့်ပညာဖြင့် ကြိုးစားရင်းက နိုင်ငံအကျိုးပြုလုပ်ငန်းတစ်ခု လုပ်ရာမှ ယခုအခါ ချမ်းသာနေသူဖြစ်သည်။ သူ့ကို အထင်သေးလို့မရပါ။ ထို့ကြောင့် သူ့ကို အဖြေပေးရမှာလည်း ကျပ်တည်းနေရခြင်းဖြစ်ပါသည်။

အလွန်ချမ်းသာသော သူ့ကို အဖြေပေးဖို့အတွက် ကျွန်တော် ရှက်နေခြင်းလည်း မဟုတ်ပါ။ စာရေးဆရာ တစ်ယောက်၏ စာမူခ နှုန်းထားကို သူခန့်မှန်းတတ်ပါသည်။ သူ အထင်သေးသွားချင်စရာ အကြောင်းမရှိပါ။ သူက စာလည်း အလွန် ဖတ်သူဖြစ်သည်။ ခုလို မေးနေခြင်းသည် သူတကယ်မသိ၍ ရိုးသားစွာ အမေးပြုခြင်းသာဖြစ်ကြောင်း ကျွန်တော် သိပါသည်။ သို့သော် ကျွန်တော် စိုးရိမ်သည်မှာ ကျွန်တော်က ဘယ်ရွေ့ ဘယ်မျှ ရကြောင်းဖြေပြီးလျှင် နောက်ထပ် ဆက်လာမည့် မေးခွန်းတွေအတွက်သာ ဖြစ်ပါသည်။ အကယ်၍ 'ဒါလောက်ကလေးပဲလားကွာ' ဟု သူက ဆက်မေးလာခဲ့သည်ရှိသော် သူ့ကို ကျွန်တော် မလွဲမသွေ အထင်သေးပစ်ရတော့မည်။ သူငယ်ချင်းအပေါ် ကျွန်တော် မပြစ်မှားချင်ပေ။

'ဟင် ဟေ့ကောင်' သူက ထပ်၍ အမေးပြုတော့မှ မတတ်သာသည့်အဆုံး ရရှိသော စာမူခကလေးကို ပြောပြလိုက်ရသည်။ ကံကောင်းပါသည်။ ကျွန်တော့် သူငယ်ချင်းသည် ဘာမျှ ဆက်မမေးတော့ပါ။ ခေါင်းကိုသာ အသာ ညိတ်ပါသည်။ သူ့မျက်နှာပေါ်တွင် အထင်သေးခြင်း၊ ငွေကြေးဖြင့် တိုင်းတာခြင်း စသော အရိပ်အယောင်တွေ လုံးဝ မတွေ့ရပါ။ သူသိချင်တာ သိသွားရသဖြင့် ကျေနပ်သွားပုံသာ ပေါ်ပါသည်။ ဗဟုသုတတစ်ခု တိုးသွားသလိုမျှသာ ဖြစ်သွားပါသည်။

ခက်နေတာက ကျွန်တော် ဖြစ်သည်။ လူချမ်းသာ တစ်ယောက်အား စာရေးဆရာ၏ဝင်ငွေက်ု ပြောပြရတာ ရှက်စရာမဟုတ်မှန်း သိသော်လည်း တစ်ချိန်က သူ့ထက် အဆများစွာ ချမ်းသာခဲ့သော ကျွန်တော်သည် ခုနယ်ခါ သူ့ရှေ့မှာ(ငွေကြေးအရ) မသိမသာ သိမ်ငယ်နေခြင်းသာ ဖြစ်ပါသည်။ ထိုစိတ်ကို ဖျောက်ပစ်ဖို့ တော်တော် ကြိုးစားယူနေရပါသည်။

သိမ်ငယ်နေသူတို့၏ သဘာဝမှာ ပို၍ ရုန်းကန် ဆန့်ကျင်တတ်ပါသည်။ ထိုကြောင့် ကျွန်တော်သည်လည်း ထွက်ပေါက်ကို ရှာပါသည်။ ကိုယ့်ဂုဏ်ကိုယ်ဖော်ရန် ကြိုးစားမိပါသည်။

'တစ်ခုတော့ ရှိတယ်ကွ ... ရုပ်ရှင်ရိုက်လို့ ရတဲ့ငွေ သိန်းဂဏန်းကိုလည်း ငါက အိမ်လာအပို့ခိုင်းတယ်။ သီချင်းဆိုလို့ ရတဲ့ငွေ သောင်းဂဏာန်းကိုလည်း ငါက အိမ်ပဲ လာပို့ခိုင်းတယ် ... အဲ ..ဒီ မဖြစ်စလောက် စာမူခလေးကိုတော့ ဓာတ်ဆီဖိုး အကုန်ခံပြီး မဂ္ဂဇင်းတိုက်ကို သွားထုတ်တယ်။ ဒီစာမူခငွေကို ငါက ပိုမြတ်နိုးတယ်လေ' ဟု ကျွန်တော်က မလိုအပ်ပဲ စာရေးဆရာဂုဏ်ကို ဖော်မိပါတယ်။ သူ၏ တုံ့ပြန်လာမည့် စကားကိုလည်း စောင့်ပါသည်။ သူ့မျက်နှာရိပ်ကိုလည်း ဖမ်းပါသည်။ ကျွန်တော့်လေသံနှင့် ဟန်ပန်ကတော့ အထက်စီးဆန်နေမှာ သေချာပါသည်။

သို့သော်... သူကတော့ ရိုးရိုးကြီးပင် ပြန်ပြောပါသည်။

'ကောင်းတာပေါ့ကွာ...အဲဒါ မင်းမှန်တာပေါ့...ငါက စာမရေးတတ်လို့၊ စာရေးဆရာ သိပ်ဖြစ်ချင်တာ၊ စာရေးဆရာတွေကို သိပ်လေးစားတာ၊ ဟော....ဟိုမှာ တွေ့လား၊ ထွက်သမျှဂျာနယ် မဂ္ဂဇင်းတွေ ငါ အကုန်ဝယ်တယ်၊ ဖတ်တယ်၊ မှတ်တယ်'

ဟု ပြောရင်း သူ့ဧည့်ခန်းကျယ်ကြီးထောင့်မှ စာအုပ်ပုံကြီးကို ညွှန်ပြလိုက်ပါသေးတယ်။ သူ့စကားကို ကြားရသောအခါ ကျွန်တော့်မှာ မူလကထက်ပင် ပို၍ သိမ်ငယ်သွားသလို ခံစားလိုက်ရပါသည်။

ရိုးသားခြင်းနှင့် မရိုးသားခြင်း၊ စာပေဂုဏ်နှင့် ငွေကြေးဂုဏ်၊ ကျော်ကြားခြင်းနှင့် ခိုင်ခံ့ခြင်းစသည့် ဆန့်ကျင်ဖက် သဘာဝများသည် ကျွန်တော့် ဦးနှောက်ထဲတွင် လွန်းထိုးပြေးလွှားနေပါသည်။ သူက ထပ်၍ ပြောပါသည်။

'ငါ့မှာကွာ ဘယ်သူနဲ့တွေ့တွေ့ ကြွားလိုက်ရတာ၊ ကျုပ် သူငယ်ချင်းက စာရေးဆရာဗျလို့...'

ထိုစကား ကြားလိုက်ရမှ ကျွန်တော့်မှာ အသက်ရှူချောင်သွားသလိုလို သိမ်ငယ်စိတ်တွေ လွင့်ပြယ်သွားသလိုလို၊ ဂုဏ်ရှိလာသလိုလို ပြန်ဖြစ်သွားရပါတော့သည်။

တကယ်တော့မူ 'အကယ်ဒမီမင်းသား' နိုင်ငံကျော် အဆိုတော်' ဟူသော ထို တစ်ချိန်က အရိပ်ကြီးသည် ခုထိ ကိုယ့်ဘာသာကိုယ် စိုးမိုးခံနေရခြင်းကို သတိမေ့နေခြင်းသာတည်း။ ထိုတစ်ဒင်္ဂအတွင်းမှ ကျွန်တော် ဖျတ်ခနဲ လန့်နိုးသွားပါသည်။ ။

သုမောင်

Medium ဝက်ဘ်ဆိုဒ်ကနေ ကူးယူပါတယ်။ Medium ကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့ (ကျော်ဇင်လတ်)

by မွန်းလေးဖေဖေ

No comments:

Post a Comment