အက်ဆစ်တစ်ခွက် (ဂျူး)
@@@@@@@@@@@@@@@
လေချွန်သံ ခပ်သဲ့သဲ့သည် ဆောင်းလေနှင့်အတူ တရုတ်ကတ်မှန်များ အကြားမှ တိုးဝင်လာ၏။ ထိုအခါ နံရံရှိ တိုင်ကပ်နာရီကို အမှတ်မထင် မော့ကြည့်ရင်း မောင်ပြန်လာတာဟု လွှတ်ခနဲ တွေးမိသွား၏။ အို ... ငါ့နှလုံးသားထဲက မြတ်မြတ်နိုးနိုး ခေါ်တဲ့ 'မောင်' ဆိုတဲ့ စကားဟာ သူနဲ့ လုံးဝ မတန်ပါဘူး။ ဒါကို ခဏခဏ သတိထားစမ်းပါ။ ကြည့်စမ်းပါဦး၊ ည ၁၂ နာရီခွဲ ဆိုတာ ယောက်ျား တစ်ယောက် ဖောက်ပြန်ဖို့ အကောင်းဆုံးအချိန် ဖြစ်မှာပေါ့။ ထိုအခိုက်အတန့်မှာပင် ခြံဝန်းတံခါးနှင့် ဆက်သွယ်ထားသော နိုင်လွန်ကြိုး၏ လှုပ်ရှားမှုကြောင့် ဧည့်ခန်းမှာ ချိတ်ဆွဲထားသည့် သံစုံခေါင်းလောင်း ကလေးများ အသံထွက်ပေါ် လာသည်။
ငါ ... သူ့ကို မျက်နှာချင်း ဆိုင်ရဦးမှာပါလား။
ဟိုတုန်းက မြတ်မြတ်နိုးနိုး ချစ်ခင်စုံမက်ခဲ့သော မျက်နှာသည် ယခုတော့ ခါးသီး နာကြည်းဖွယ်ရာ ဖြစ်လာခဲ့ပြီ။ သူ့မျက်လုံး သူ့နှုတ်ခမ်းတို့ကို ပူလောင်သော မုန်းတီးမှုနှင့် မြင်နေရဦးမည်။ အမှန်တော့ အခန်းထဲမှာ တံခါးပိတ်ပြီး နေဖို့ ကောင်းတာပဲ၊ ခြံတံခါးကို သူမ ဖွင့်မပေးတော့တာ ကြာပြီ။ သူ့တပည့်ကလေး ဖွင့်ပေးနေကျ ဖြစ်သည်။ သို့စဉ်လျက် သူမသည် ဧည့်ခန်းရှိ ပက်လက် ကုလားထိုင်တွင် ထိုင်ရင်း၊ စာအုပ် တစ်ခုခုကို ဖတ်ရင်း သူအိမ်ပြန်ချိန် စောင့်ကြည့်နေကျ ဖြစ်သည်။
မုန်းတီးမှုများ ပြည့်လျှံလာသောအခါ မြေနှင့် ဖိနပ် ထိမိသော ခြေသံပင်လျှင် နာကြည်းဖွယ်ရာ ပါပဲလား။ သူသည် ဝတ္ထုစာအုပ်ကို ငုံ့ကြည့်နေသော်လည်း မျက်စိထောင့်မှ ရိပ်ခနဲ သူဝင်လာသည်ကို မြင်ရ၏။ အခါတိုင်း ရက်များကဲ့သို့ပင် သူ တိုက်အိမ် သံတံခါးကို အသံမြည်အောင် ကြမ်းတမ်းစွာ ဆွဲပိတ်၏။ မျှော်လင့်ထားသော အသံ ဖြစ်ပါလျက် ရုတ်တရက် ကျယ်လောင်သော တံခါးပိတ်သံကြောင့် သူမ ထိတ်ခနဲ ရင်ခုန်သွားသည်။
သူမအနီးမှ ဖြတ်လျှောက်သောအခါ သမံတလင်းပေါ် ရှူးဖိနပ် ရှပ်တိုက်သံမှာ လိုအပ်သည်ထက် ပိုမိုကျယ်လောင်နေ၏။ လှေကားခြေရင်းမှာ သူဖိနပ်ချွတ်ပြီး ဖိနပ်တို့ကို အုတ်နံရံသို့ ကန်ပေါက် ပစ်လိုက်သည်။ သူမ နှလုံးဆီမှ အောင့်သွား၏။ သူ လှေကားမှ တဒိုင်းဒိုင်း အသံမြည်အောင် ပြေးတက်သွားသည်။ နာရီစက်သံမှ လွဲ၍ တိတ်ဆိတ် ငြိမ်သက်လွန်းသော ပတ်ဝန်းကျင်ကြောင့် သူ့ခြေသံမှာ အဆမတန် ပြင်းထန်နေသလို ရှိသည်။သူဟာ နဂိုတည်းက ခြေသံ ကြမ်းတမ်းတာပါပဲလေ ဟု ဖော့တွေးသော်လည်း မရ။ ဒါ င့ါကို နာကျည်းစိတ်တွေနဲ့ ရိုင်းစိုင်းသွားတာပဲ ... ဟုထင်လာသည်။ ဘောင်းဘီ ဝတ်ထားသောကြောင့် ပုဆိုးခတ်သံကို ကျယ်လောင်စွာ မကြားရတာ တစ်ခုကိုတော့ စိတ်သက်သာစေ ပါသည်။ ဒါတောင်မှ ပျဉ်ခင်း ကြမ်းပြင်ပေါ်မှာ သူလမ်းလျှောက် သွားသံ၊ သူမ ဦးခေါင်း အပေါ် တည့်တည့်ရှိ သူမတို့ နှစ်ဦး၏ အခန်းဆီမှ သေတ္တာ ဖွင့်သံ ပိတ်သံ၊ ကြမ်းပြင်ပေါ်သို့ ခေါင်းဘီး (သို့မဟုတ်) ခါးပတ် တစ်စုံတစ်ခု လွတ်ကျသံ အသံမျိုးစုံကို ကြားနေရသည်။
ဤကဲ့သို့ စိတ်ညစ်ညူးမှုများဖြင့် ဘဝ တစ်သက်လုံး နေသွားရတော့မလား။ တွေးမိသောအခါ နာကျဉ်သော ရင်သည် မွန်းကျပ်၍ လာ၏။ နှစ်ယောက်တည်း ရှိသော အိမ်တွင် တစ်ယောက်နှင့် တစ်ယောက် စကား မပြောကြသော အခါ စိတ်ဆင်းရဲမှုကို ထွက်ပေါက် ရှာပေး၍ မတွေ့ဘဲ ဖြစ်နေသည်။ ပို၍ ဆိုးသည်မှာ သူမထံမှ ဘာ အကြောင်းပြချက်ကိုမှ သူ မရရှိခြင်းပင် ဖြစ်သည်။
သူသည် လေးငါးရက်ခန့်တော့ သူမကို လိုက်လံ ချော့မော့၍ အကြောင်းရင်းကို မေးမြန်းနေခဲ့ သေးသည်။ ရုတ်တရက်ကြီး စကားမပြောတော့ဘဲ ရှောင်ဖယ်သွားသော သူမကို သူ တအံ့တဩကြီး ဖြစ်နေခဲ့သည်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ အဖန်တလဲလဲ မေးရသော အမေးကို သူ စိတ်ကုန်သွားမှာ သေချာသည်။
သူမတို့ နှစ်ဦး၏ နောက်ဆုံးနေ့ရက်မှာ ရုံးပိတ်ရက် တစ်ညနေ ဖြစ်သည်။
"နေစမ်းပါဦး၊ မင်းအနေနဲ့ ကိုယ့်ကို ဘာမှမပြောဘဲ ခုလို စိတ်ကောက် ပစ်လိုက်ရင် တို့နှစ်ယောက် ကြားက ပြဿနာ ပြီးသွားပြီလို့ ယူဆသလား"
'စိတ်ကောက်' ဟူသောစကားကို သူမဘက်က မကျေနပ်သော်လည်း စကားတစ်ခွန်း ပြန်ပြောရမှာ ရင်လေးနေသောကြောင့် အသာအယာ
ငြိမ်သက်နေခဲ့သည်။
"ပြောစမ်း ... ပြောစမ်း"
စိတ်တိုတတ်သော သူ့ထုံးစံအတိုင်း သူမကို ဆွဲဆောင့် လှုပ်ယမ်း၍ မေးသော အခါလည်း အတတ်နိုင်ဆုံး မိမိနှုတ်ခမ်းတို့ကို ထိန်းချုပ်၍ မျက်ရည် မကျအောင် အားတင်းထားခဲ့သည်။ မျက်ရည် လုံးဝ မကျစေရ။ သူကတော့ ဝမ်းနည်း၍ ကျသည့် မျက်ရည်ဟု ထင်လိမ့်မည်။ အသည်းနှလုံးထဲက ဦးနှောက်ထဲက စိမ့်၍ ထွက်သော ခါးသီးမုန်းတီးမှု သည်လည်း မျက်ရည်ကျစေ တတ်ကြောင်း သူ သိမည် မထင်ပါ။
"အနည်းဆုံး မင်းကိုယ့်ကို ဘာလို့ စကား မပြောချင်တော့တာလဲ ဆိုတာတော့ ပြောပြရမှာပေါ့၊ ကဲ ... မင်း စကားမပြောဘူးလို့ ဆုံးဖြတ်ထားတယ် ဆိုရင် စာနဲ့ ရေးပြ၊ ဟုတ်လား"
သူမ ခေါင်းယမ်းခြင်း အမှုကိုပင် ပြုလုပ် မပြခဲ့သောအခါ သူအတော် စိတ်တိုသွား၏။ ထို့နောက် အတတ်နိုင်ဆုံး ချုပ်တည်းထားရသော သည်းခံ စိတ်ရှည်မှုဖြင့် သူမ ရပ်နေသော ပြတင်း တံခါးဝတွင် အတူယှဉ်တွဲ၍ မတ်တတ် ရပ်လိုက်လေသည်။ သူမ၏ ပုခုံးနှစ်ဘက်ကို အနူးညံ့ဆုံး လှုပ်ရှားမှုဖြင့် ဖွဖွလေးကိုင်၍ သူမကို နမ်းရန် ကြိုးစားသည်။
"ချစ်ကလဲကွာ စိတ်လဲ တစ်ခါမှ မကောက်ဘူးပဲနဲ့၊ ဘာဖြစ်လို့ မောင့်ကို စိတ်ဆင်းရဲအောင် လုပ်ချင်ရတာလဲ၊ မောင်ငိုတာကို မြင်ချင်သလား၊ ဟုတ်လား၊ မောင့်အပေါ်မှာ ဘာ မကျေနပ်တာရှိလဲ ... ပြော၊ ဘာလိုချင်လဲ ပြော၊ မပြောဘဲနဲ့ အဲဒီလို လုပ်နေရင် မောင်တို့ နှစ်ယောက်လုံး စိတ်ဆင်းရဲရုံ ရှိမှာပေါ့"
သူ့ရင်ခွင်တွင်းသို့ ရောက်လုနီးပါး ဖြစ်နေသော ကိုယ်ခန္ဓာကို ဇွတ်ရုန်း၍ ထွက်လိုက်သည်။ ခါးသက်သော အရသာဖြင့် လက်ဖျားခြေဖျားများ အေးလာပြီး တရိပ်ရိပ် တက်လာသော ဒေါသငွေ့တို့ကို ထိန်းချုပ်မျိုချ ပစ်နေရသောအခါ ရင်မှာ အဆမတန် ဆို့နင့်နေသည်။ အင်မတန် ဟန်ဆောင်ကောင်းတဲ့ လူ။ မိန်းကလေးတစ်ယောက် ယုံကြည်အောင် အင်မတန် အပြောကောင်းတဲ့ လူ။ သူမတို့နှစ်ဦး အကြားရှိ ပြဿနာကိုဖွင့်ပြော စွပ်စွဲလိုက်လျှင် သူက လှပသော လိမ်လည်မှုများဖြင့် ချိုသာစွာ ငြင်းဆိုတော့မည်။ လက်ဖဝါးကို လက်ဖမိုး ဖြစ်အောင်၊ လက်ဖမိုးကို လက်ဖဝါး ဖြစ်အောင် ပြောတတ်လွန်းသော သူ့ချေပချက်များဖြင့် သူ့အပြစ်တို့ကို လှပအောင် တန်ဆာဆင်လိမ့်ဦးမည်။
"မဟုတ်ဘူးလေ၊ ကိုယ့်ကို စိတ်ကောက်တယ် ဆိုရင်လဲ ကိုယ်ဟာ ဘာအပြစ်နဲ့ တရားစွဲခံသင့်တယ် ဆိုတာတော့ ပြောပြပါဦး၊ အခု ကိုယ့်အဖြစ်က ဘာမှန်းညာမှန်း မသိရ၊ နေစမ်းပါဦး၊ အခုကိစ္စက ကိုယ့်အလုပ်နဲ့ ဆိုင်သလား၊ ကိုယ့် အပေါင်းအသင်းနဲ့ ဆိုင်သလား၊ ဒါမှမဟုတ် ငွေကြေးနဲ့ ဆိုင်သလား"
ချစ်ခြင်းမေတ္တာနဲ့ ဆိုင်တာ ... ဟုသာ စိတ်ထဲကသာ ပြောမိသည်။ သူမရင်ထဲမှာ တလှပ်လှပ် မူးနောက်လာ၏။ ဖယ်စမ်းပါ။ ယခင်က သူမ တိမ်းမူးခဲ့ရသော သူ့ကိုယ်နံ့သည် ယခုအချိန်တွင် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်ရာ အတိ ဖြစ်လာခဲ့၏။ ကျွန်မကို မထိနဲ့ ဟူသော စကားကို ပြောပစ်လိုက်ဖို့ပင်လျှင် မိမိနှုတ်ခမ်းကို နှမြောနေသည်။ တကယ်တော့ ကျွန်မဟာ အလှည့်စားခံလိုက် ရတာပဲ။ ကျွန်မရဲ့ ချစ်တတ်တဲ့ စိတ်ကို ရှင်က လှည့်စားပြီး ယူလိုက်တာပဲ မဟုတ်လား။
ကြည့်စမ်းပါဦး။ သူမ တစ်နှစ်တိတိ လိမ်ညာခံခဲ့ရတာ ပါလား။ သူတို့ နှစ်ယောက်က ငါ့ကို ဟားတိုက် ရယ်နေကြမှာပေါ့။ စီမံကိန်းတွေ အထပ်ထပ် ချထားတဲ့ ဇာတ်ကွက် တစ်ခုထဲမှာ ငါဟာ သူတို့ ကြိုးဆွဲရာ ပျော်ပျော်ရွှင်ရွှင် ကနေခဲ့တဲ့ အရုပ်တစ်ခုပေါ့။ သူမကို သင်္ချာတစ်ပုဒ်ပမာ သူတို့ တွက်ချက် အောင်မြင်ခဲ့သည်။
သူမ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့သောအခါ တစ်ချက်နှစ်ချက် ရှိုက်ငင်၍ မျက်ရည်များ လိမ့်ဆင်း ကျသွားတော့သည်။ သူ့ထံမှ ပင့်သက်ရှိုက်သံကို သဲကွဲစွာ ကြားလိုက်ရလေသည်။
"ပြောပြမှပေါ့ကွာ၊ အခုလို ငိုနေတော့ အချစ်ပဲ ပင်ပန်းမှာပဲ၊ လျှော့လိုက်ပါ၊ နည်းနည်းလေး ဖြစ်ဖြစ် လျှော့လိုက်စမ်းပါ မိုးရယ်"
သူက သူမ ပါးပြင်ပေါ်မှ မျက်ရည်တို့ကို အသာအယာလေး ဖယ်ရှားပေးသည်။ ရှည်လျား နွေးထွေးသော သူ့လက်ချောင်းများ၏ ပွတ်သပ်မှုကို ဟိုတုန်းကတော့ သူမ နှလုံးသားထဲမှ မူးယစ်သွားအောင် တမ်းမက်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူ့လက်များကို ပုတ်ထုတ် ဖယ်ပစ်လိုက်ရင်း အော်ဂလီ ဆန်လာသည်။ သွား ... ငါ့အသားနဲ့ ထိဖို့အထိ မသန့်ရှင်းဘူး။ ခါးသီးသော ခံစားမှုဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
"မငိုနဲ့ မိုးရယ်၊ လာ ... ခဏလေး ခုတင်ပေါ်မှာ လှဲအိပ်လိုက်၊ နည်းနည်း နားလိုက်ပါဦး၊ တော်ကြာ မိုးဗိုက်ထဲက မောင့်သားလေး မျက်လုံး တစ်အား ပြူးနေလိမ့်မယ် ... သိလား၊ မိုး ငိုနေရင်လေ"
မောင့် သားလေး ...။
ထိန်းချုပ်ထားသော ခံစားမှုသည် စုပြုံ၍ ပေါက်ကွဲသွား၏။ သူမ နားထဲမှာ ကျယ်လောင်သော ဆူညံသံဖြင့် တုန်ခါသွားသည်။ ပခုံးပေါ်မှ သူ့လက်ကို ဖယ်ထုတ်၍ အတတ်နိုင်ဆုံး ကြင်နာဟန် ဆောင်ထားသော သူ့မျက်နှာကို တစ်သက်လုံး မှတ်မိအောင် ကြည့်သလို ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်သေးသည်။ ထို့နောက် ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော ဒေါသစိတ်နှင့်အတူ သူ့မျက်နှာကို ရှိသမျှ အင်အားဖြင့် လွှဲရိုက် ပစ်လိုက်တော့သည်။ သူ့ပါးပြင်နှင့် သူ၏ လက်ဖဝါး ထိမိသံသည် ထင်ထားသည်ထက် ပိုမို ကျယ်လောင်နေသည်။
သူမကိုယ်သူမ ဤမျှ လုပ်ရဲလိမ့်မည်ဟု မထင်ခဲ့သောကြောင့် အံ့ဩတကြီး ငြိမ်သက်သွားမိ၏။ သူ့မျက်နှာ အနည်းငယ် ယိုင်သွားပြီး တောက်တစ်ချက် ပြင်းစွာ ခေါက်လိုက်လေသည်။ ထို့နောက် ချက်ချင်း နီရဲလာသော ဒေါသမျက်နှာဖြင့် 'မင်းကွာ' ဟု တစ်ခွန်းသာ ရေရွတ်ပြီး သူမ၏ အဆိပ်လွှမ်းသော မျက်လုံးတို့ကို စိုက်ကြည့်နေသေးသည်။ ပြီးလျှင် သူမ မျက်နှာကို လွှဲရိုက်ရန် လက်ကို ဒေါသတကြီး ရွယ်ပြီးမှ ပြတင်းပေါက်မှ ပိတ်စေ့ထားသော တရုတ်ကပ် မှန်တို့ကိုသာ လက်သီးဖြင့် ထိုးခွဲချလိုက်လေသည်။ စူးရှ ကျယ်လောင်သော မှန်ကွဲသံနှင့်အတူ မှန်စသေးသေး အချွန်ကလေးကြောင့် သူ့လက်ဖမိုးမှာ သွေးစီးကြောင်းတစ်ခု ဖြစ်သွားသည်ကို တုန်လှုပ်ခြင်း ကင်းမဲ့စွာ စိုက်ကြည့်နေလိုက်သည်။
"ဘာဖြစ်လို့ မင်းငါ့ကို စော်ကားတာလဲ၊ တော်ပြီ ... တော်ပြီ၊ ဒါ နောက်ဆုံး သည်းခံခြင်းပဲ မှတ်ထား၊ ငါ စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်ရရင်။ ကွာ ... သွားစမ်း၊ သွားစမ်း၊ မိုက်ရိုင်းတဲ့ မိန်းမ"
ထို့နောက် သူမ၏ သေးကွေးသော ကိုယ်ခန္ဓာလေးကို ဆောင့်တွန်းခြင်း ခံလိုက်ရပြီး လွင့်ခနဲ ကြမ်းခင်းပေါ်သို့ လဲကျသွားခဲ့သည်။
ဤသည်မှာ သူမတို့ နှစ်ယောက်၏ နောက်ဆုံး မျက်နှာချင်း ဆိုင်ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် သူမကို တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိ၊ ချော့မော့ ဖျောင်းဖျခြင်း မရှိ။ မျက်လုံးချင်းပင် ဆုံကြည့်ခြင်း မရှိ။ တကယ့် သူစိမ်းတရံစာများသဖွယ် ရှောင်ဖယ်နေခဲ့ကြသည်။ သူမဘက်မှ တစ်ခုပိုသည်မှာ သူ့အပေါ်တွင် လက်စားချေခွင့် မရသေးသော ရန်သူတစ်ယောက်သဖွယ် တစ်စတစ်စ ပိုမို မုန်းတီးလာခြင်း ဖြစ်သည်။ လက်စားချေရမည့် အခွင့်အရေးကို စောင့်နေရင်း မုန်းတီးမှုများကို ရနိုင်သမျှ စုဆောင်းနေရသူ ဖြစ်သည်။
သူ ဘယ်လိုဖြစ်မှ ငါ စိတ်ချမ်းသာမှာ ပါလိမ့် ... သူ့ကို ပေးရမည့် အပြစ်တို့ကို တစ်ခုချင်းလိုက်၍ စဉ်းစားသည်။ သူမသည် မိန်းမသား တစ်ဦးမျှသာ ဖြစ်သောကြောင့် ဤမျှ လွယ်ကူလိမ့်မည် မဟုတ်ပါ။ အချိန် ဆိုသည်ကတော့ ရောက်လာမှာပါပဲ။ သူ့နှုတ်ခမ်းပေါ်က သကြား အုပ်ထားသော အဆိပ်များအတွက် အချိန် ရောက်လာရမည်။ သူတို့၏ ကြိုတင် စီစဉ်မှုများအတွက် အချိန်၊ သူမ ပေးအပ်ခဲ့ရသော အချစ်အတွက် အချိန်။ ငါ သူ့ကို ယုံခဲ့မိတယ် ...။
ဤအကြောင်းအချက်သည် သူမအတွက် တစ်သက်လုံး ယူကျုံးမရ ဖြစ်သွားစေရန် လုံလောက်၏။ သူမ၏ လင်ယောက်ျား အပေါ်တွင် အထင်လွဲတတ်သော အလေ့အထ လုံးဝမရှိ။
သူမ ယောက်ျားသည် ငယ်ရွယ်စဉ် ကတည်းက ရည်းစားများစွာ ထားခဲ့ဖူးသည်။
သူ့ရည်းစားများ များပြားလွန်းသဖြင့် သူမ မှတ်မိဖို့ မဆိုထားနှင့် သူကိုယ်တိုင်ပင် တစ်ခါတစ်ရံ နာမည် စဉ်းစားမရအောင် မေ့လျော့တတ်သည်။ တစ်ခါတစ်ရံ သူမ သိထားသော သူ့ရည်းစားဟောင်း တစ်ယောက်တလေနှင့် သူမတို့ စုံတွဲ လမ်းမှာ ကြုံဆုံလျှင် သူ အနေခက်လေမလားဟု သူ့ကို အရိပ်တကြည့်ကြည့် နေရာက ...
"မောင် ... ဟိုမှာ မောင့်ကောင်မလေး မဟုတ်လား၊ နှုတ်ဆက်လိုက်ဦးလေ"ဟု သူမက စတင် လမ်းဖွင့်ပေးခဲ့သည်။
"မောင် ... အဲဒါ နံပါတ် ဘယ်လောက်လဲဟင်" ဟု သူမက မေးလျှင် ဟက်ဟက်ပက်ပက် ရယ်မော၍ "ဘယ်မှတ်မိပါ့မလဲဟ" ဟု ပြန်ဖြေတတ်သည်။ "နံပါတ်တစ် မဟုတ်တာတော့ သေချာတယ်ကွာ" ဟု နောက်ပြောင်တတ်ပါသည်။
"ဟေ့ နင့်ယောက်ျား ဟိုကောင်မလေးနဲ့ ရယ်လို့မောလို့ ငါတွေ့ခဲ့တယ်။ ပြန်ဆက်နေပြန်ပြီ ထင်တယ်"
စေတနာလိုလို၊ ကဲ့ရဲ့မှုလိုလို၊ သတိပေးမှုလိုလို သူမဆီ သတင်းပေါက်ကြား လာသောအခါလည်း သူမ အနေခက်ခြင်း သဝန်တိုခြင်း မရှိခဲ့ပါ။ သူ့ကို မေးကြည့်ဖို့ ဖြစ်စေ၊ စိတ်ကောက်ဖို့ ဖြစ်စေ စိတ်ကူးတတ်သူ မဟုတ်ပါ။
သူ့ဟာသူ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ ငါနဲ့သူနဲ့ တရားဝင် လင်မယားပဲ၊ ငါက သူ့ကို တရားဝင် ပိုင်ဆိုင်ပြီးသားပဲ၊ ငါ သူ့ရဲ့ တစ်ဦးတည်းသော မိန်းမ၊ တွေးလိုက်ရုံဖြင့် သူမကိုယ်သူမ ကျေနပ်နေခဲ့သည်။
တစ်ခါတစ်ရံ သူ့စာအုပ်သေတ္တာမှ စာအုပ်ရှာရင်းသော် လည်းကောင်း၊ စားပွဲအံဆွဲများထဲမှ လက်သည်းညှပ်၊ ခေါင်းဘီး ရှာရင်းဖြင့်သော် လည်းကောင်း၊ ဟိုစဉ်က ရည်းစားစာများကို ပြန်တွေ့၍ ဖတ်ကြည့်ခဲ့ဖူးသည်။ အများအားဖြင့် ဟောင်းနွမ်းသော စာအိတ်များ၊ အနည်းငယ် ဝါကျင်စ ပြုနေသော စာရွက်များ၊ ကလေးဆန်သော လက်ရေးများသာ ဖြစ်သည်။ တစ်ခါတစ်ရံ ဓာတ်ပုံများ တွေ့ရတတ်သည်။ လွန်ခဲ့သော ၁၀ နှစ် ၁၁ နှစ်ခန့်က ပုံများ ဖြစ်၍ ရိုးစင်းသော ဆံပင်ပုံစံ၊ အင်္ကျီပုံစံများသာ ဖြစ်သည်။ တစ်ခါတစ်ရံတော့ သူက စိတ်လိုလက်ရ ဒါက ဘယ်သူပေါ့၊ အခုသူက ဘယ်မြို့ကို
ရောက်နေပြီ။ သူကတော့ ဒီမြို့မှာပဲ။ ဒါကတော့ ရှစ်တန်းတုန်းက ရည်းစားလေ ... စသည်ဖြင့် ရှင်းပြနေတတ်၏။
သူ့မျက်နှာမှ အပြုံးသည် အင်မတန် သန့်စင်သော အပြုံးဟု မှားယွင်းစွာ ထင်ခဲ့၏။ အင်းလေ ... အဲဒီ မိန်းကလေးတွေနဲ့တော့ သူဟာ တကယ် သန့်စင်ခဲ့မှာပါပဲ။
သူမကို ချောက်ချားဖွယ်ရာ ပြဿနာ တစ်ခုဆီသို့ တွန်းပို့ပေးသော စာများကိုတော့ ရည်းစားစာ တွေ့နေကျ မဟုတ်သည့် နေရာမှ မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ ဤအကြောင်းကို တွေးမိလျှင် သူမသည် ရှက်စိတ်ဖြင့် မျက်နှာ ပူနွေးလိုက်၊ အံ့ဩနာကျည်းစိတ်ဖြင့် နှုတ်ခမ်းဖျားများ အေးစက်လိုက်၊ အမျိုးမျိုးသော ခံစားချက်တို့ဖြင့် လှုပ်ခါခဲ့ရသည်။
ဘုရား ... ဘုရား ... သူတို့ ငါ့အပေါ်မှာ ဘာဖြစ်လို့ ဒီလောက် ရက်စက်ကြပါလိမ့်။
သူမ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သော အားကစား ပစ္စည်းများ ထည့်သည့် ထင်းရှူးသေတ္တာ ထဲမှာ မမျှော်လင့်သော စက္ကူထုပ်ကို တွေ့ခဲ့ရသည်။ သူ ငယ်စဉ်က ကိုင်တွယ်ခဲ့သော ကြက်တောင်ရိုက် ဘက်တ်မင်တံများ၊ တင်းနစ်ရိုက်တံများ၊ ဆုရခဲ့သော ငွေရုပ်တုကလေးများ၊ ဒိုင်းသေးသေး ကလေးများ၊ ဤသေတ္တာကို အိမ်ထောင်ကျစက လှပ်မကြည့်ခဲ့သည့် ကိုယ့်ကိုယ်ကို ရှက်စိတ်ဖြင့် အပြစ်တင် မဆုံးတော့ချေ။
သူမ မမြင်ဖူးသော လက်ရေးအသစ်နှင့် စာအသစ်များကို အံ့ဩစွာ တွေ့လိုက်ရသည်။
'ကိုကိုရေ..' ဟု ခေါင်းစီး တပ်ထားသော စာများမှာ သူမနှင့် အိမ်ထောင်မကျမီ နေ့စွဲများ ဖြစ်သည်။ ပထမတော့ သူမ တုန်လှုပ်ခြင်း မဖြစ်မိဘဲ သူ၏ များပြားလှစွာသော ရည်းစားများမှ တစ်ယောက် အပါအဝင်အဖြစ် အနည်းငယ် ရယ်မောလုနီးပါး တွေးမိ၏။
ကြည့်စမ်း ... ငါနဲ့ လက်မထပ်ခင်မှာတောင် သူ ရည်းစားရအောင် ထားလိုက်သေးတယ်။ အဲဒီရက်တွေက ငါဘယ်ရောက် နေပါလိမ့်။ အို ... ငါက မန္တလေးမှာ ရောက်နေတာပဲ။ သူ့စာများအရ သူတို့နှစ်ဦး ရည်းစားဖြစ်သော နေ့စွဲမှာ သူမအား လက်ထပ်ခွင့် တောင်းသော နေ့စွဲနှင့် နှစ်နှစ်တိတိသာ ကွာသည်။ သူမ စိတ်မကောင်း မဖြစ်မိပါ။
ဒီနှစ်နှစ်မှာ ထုံးစံအတိုင်း ဒီကောင်မလေးနဲ့ တွဲမှာပေါ့၊ နောက် မကြာခင် ကွဲမှာပေါ့။ နောက်ဆုံးတော့ ငါ့ဆီ ပြန်ရောက်လာတာပဲ။ ဘာပဲဖြစ်ဖြစ် ငါဟာ သူ့ရဲ့ ငယ်ချစ်ပဲလေ။ သူမအနည်းငယ်ပင် ပျော်ရွှင်သွားပါသေးသည်။ သို့သော် သူမ၏ စိတ်နှလုံးကို ဆုတ်ညှစ်ခြေမွသော စာတစ်စောင်ကိုတော့ မမျှော်လင့်စွာ တွေ့လိုက်ရ၏။
'ထားအချစ် ကိုကို ...' ဟု ခေါင်းစီး တပ်ထားသည်။
"ဒီစာကို ထား မရေးချင်ဘူး၊ ထား အပေါ်မှာ ကိုကို အထင်လွဲမှာ စိုးတယ်၊ ဒါပေမယ့် ထား အများကြီး စဉ်းစားပြီးမှ ဝမ်းနည်းခြင်း များစွာနဲ့ ရေးလိုက်ပါတယ် ကိုကို။
အမျှော်လင့်ကြီး မျှော်လင့်ပြီးမှ ဘာမျှ မရနိုင်တော့တဲ့ ကိုကို့ကို ထား သနားလိုက်တာ။ ကိုကို သိပ်လိုချင်တဲ့ သားလေး တစ်ယောက် လောက်ကိုမှ ထား မပေးနိုင်တဲ့ နောက်တော့ ထား ကိုကိုနဲ့ လက်မထပ်ရက်ဘူး။ ကိုကိုချစ်တာ ထား တစ်ယောက်တည်းပဲလို့ ထား ယုံပါတယ်။ အဲဒီလိုပဲ ဟောဒီ ကမ္ဘာပေါ်မှာ ထား အချစ်ကလည်း ကိုကို တစ်ယောက်တည်းပဲ ဆိုတာ ကိုကို သိပါတယ်နော်။ ဒါပေမယ့် ထား ဒီတစ်သက် ကလေးမှ မရနိုင်တော့တာ ကိုကိုရယ် ...။ ထားကို ယူရင် ကိုကိုရော ထားရော စိတ်ဆင်းရဲရမယ်။
ထားကို ကိုကို ထားရစ်ခဲ့ပါတော့၊ ကိုကို့အတွက် အသင့်တော်ဆုံးဟာ မိုးဆိုတဲ့ မိန်းကလေးပဲ ဖြစ်မှာပါ။ လူကြီးတွေ သဘောတူတဲ့ မိုးကိုပဲ ကိုကို လက်ထပ်ပါ။ ဒါပေမယ့် ထားဆီကို ကိုကို မကြာမကြာ လာပါနော်။ မိုးနဲ့ရမယ့် ကိုကို့ သားတွေ သမီးတွေကိုလည်း ချစ်ပေါ့။ ထားကိုလည်း တစ်သက်လုံး ချစ်ရမယ်နော် ...၊ ကိုကို သူ့ကို လက်ထပ်လိုက်ပေမယ့် ကိုကို့ အချစ်ကို ထား ပိုင်ပြီးသားပဲ။ ထား ကျေနပ်ပါတယ်။ အခုလိုပဲ ထားတို့ တွေ့နေကြရအောင်နော် ...။
ဟိုတစ်နေ့က ကိုကို တအား စိတ်ညစ်သွားတာ ထား သိပါတယ်။ ကိုကို ဘယ်လောက်ပဲ ညာညာ ကိုကို့ မျက်နှာကို ထား အလွတ်ရပြီးသားပါ။ ထားကို နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့ကွယ်။ ထားအတွက်က ကိုကိုနဲ့ လက်ထပ်ရဖို့က အဓိက မဟုတ်ပါဘူး။ ကိုကို ထားကို တစ်သက်လုံး ချစ်ဖို့က ..."
သူမ စာကို ပြီးအောင် မဖတ်နိုင်တော့ဘဲ တင်းကျပ်သော ပူလောင်မှုများဖြင့် ယိမ်းယိုင်သွားခဲ့သည်။ နေ့စွဲမှာ သူမတို့ လက်မထပ်မီ
ငါးလခန့်အလို ဖြစ်၏။
"လူကြီးတွေ သဘောတူတဲ့ ..."
မြတ်စွာဘုရား ...။ သူမသည် သူ့ကို လက်တွဲဖို့အတွက် မိသားစု တစ်ခုလုံးကို တော်လှန်ပုန်ကန်ပြီး ရုန်းထွက်ခဲ့ရတာပါ။ ဘယ်သူ ပြောသလဲ။ လူကြီးတွေ သဘောတူတယ်လို့ ... ဘယ်သူ ပြောတာလဲ။ မောင်ဟာ ကျွန်မနဲ့ ပတ်သက်လို့ သူ့ကို ဘာတွေ လိမ်ထားခဲ့ရသလဲ။ ဒါနဲ့ပဲ မောင် ... ကျွန်မကို ချစ်တယ်ဆို။ ဟိုး ... ငယ်ငယ်ကတည်းက ချစ်လွန်းလို့ အရိပ် တကြည့်ကြည့် နေခဲ့ရတဲ့ မိန်းကလေးပါဆို။ ဘုရားရေ ... ခုတော့ ကျွန်မကို မောင့်ချစ်သူရဲ့ သဘောတူညီချက် အရ ...
သူမ၏ အမြင်အာရုံ ဝေဝါးသွားခဲ့သည်။ မျက်ရည်ကြောင့်လား။ ရှက်စိတ်ကြောင့်လား။ နာကြည်း ထိတ်လန့်မှုကြောင့်လား။
သူ လက်ထပ်ခွင့် တောင်းစဉ်က ဟန်မဆောင်ချင်တော့သော သူမသည် အနည်းငယ်မျှ တင်းမထားခဲ့တာ သေချာပါသည်။ သူမသည် ငြင်းပယ်ရမည်ဟု လုံးဝ သတိမရခဲ့ပါ။ 'မောင်' ဟု တိတ်တခိုး မြတ်နိုးစွာ ခေါ်ကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည့်အတိုင်း သူမ အလွယ်တကူ ခေါင်းညိတ်မိခဲ့၏။ ယခု ပြန်တွေးမိလျှင် ယခု ရှက်စိတ်ဖြင့် မျက်စိ ပိတ်ပစ်လိုက်မိ၏။
ငါဘယ်လောက် သူ့ကို အရူးအမူး လိုအပ်ခဲ့သလဲ။ ငါ့အပေါ်မှာ သူ ရက်ရက်စက်စက် ချိုသာခဲ့တယ်။ သူတို့ နှစ်ယောက် ငါ့ကွယ်ရာမှာ ရယ်မောနေခဲ့ကြမယ်။ ငါကတော့ သူ့အတွက် ကလေးမွေးပေးရမယ့် စက်ရုပ်တစ်ခုပဲပေါ့။
သူမ လုံးဝ ကလေး မချစ်တတ်ပါ။ အလောတကြီး ကလေး ယူရန်လည်း စိတ်မပါခဲ့ပါ။
"မိုးရယ် ... မောင်နဲ့ သိပ်တူတဲ့ သားလေး တစ်ယောက်တော့ မောင့်ကို အလျင်ပေးထားပါ၊ ဒီကောင့်ကို သွားလေရာမှာ ခေါ်သွားမယ်၊ စက်ဘီးရှေ့မှာ တင်ခေါ်သွားမယ်၊ လက်ဖက်ရည်ဆိုင်ခေါ် ... သူစားချင်သမျှ လက်ညှိုးထိုးသမျှ မုန့်ကျွေးမယ်၊ သူ မငိုငိုအောင် စမယ်။ ကိုယ်တို့ သားလေးက သိပ်တော်ရမယ်။ ဆိုးချင် ဆိုးပါစေ၊ နောက်ပြီး မောင်နဲ့လည်း သိပ်တူမှာ၊ သားလေးကို တအား နမ်းပစ်ရရင် မောင် သိပ်ပျော်မှာပဲ၊ မိုး စဉ်းစား ကြည့်စမ်း၊ သားက အဖေ ... လို့ အားကိုးတကြီး ခေါ်မယ့် အသံကို မိုး စဉ်းစား ကြည့်စမ်း၊ ဘယ်လောက် ကျေနပ်ဖို့ကောင်းလဲ"
ကလေးနှင့် ပတ်သက်၍ သူ အလွန် စိတ်ဝင်စားခဲ့သည်။ ဘယ်နေ့မှန်း မသိသော ကလေးအတွက် ကြိုတင် ပြင်ဆင်မှုများ အထပ်ထပ် ချထားရာမှာ မိုးမှာ ကိုယ်ဝန် ရှိနေပြီလား မသိဘူး ... ဟု အသိပေးလိုက်သော အခါ သူ့မှာ ကလေး၏ ရုပ်ကို ပုံဖော်၍ မပြီးနိုင်အောင် ရှိတော့သည်။ ကလေးအတွက် နာမည်ကို စဉ်းစား၍ မပြီးနိုင်အောင် ရှိတော့သည်။
ဪ ... သူ့ခမျာ ကလေး သိပ်ချစ်တတ်တာ ပါပဲလားဟု သနားကရုဏာဖြင့် သူမ လိုက်လျော မိခဲ့သည်ကို ပြန်၍ ရှက်မဆုံးတော့ပါ။
သူနှင့် ချစ်သူ၏ လျှို့ဝှက်ချက်ကို သူမ ကိုယ်ဝန် ခြောက်လ ရှိချိန်ကျမှ သိရတော့သည်။ ငါ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ သူမကိုယ်သူမ သတိပြန်ရလာသော အချိန်မှစ၍ သူမ၏ အတွေးများသည် တစ်မျိုးတည်းသည် ဖြစ်၏။ အခု ငါ ဘာလုပ်မလဲ ...။
သူ့ကို စာတွေပြ၍ ရန်တွေ့ဖို့ လုံးဝ စိတ်မကူးခဲ့ပါ။ လှည့်ပတ် လိမ်ညာမှုတွင် တတ်စွမ်းသော သူသည် ဝန်ခံမှုတစ်ဝက်၊ မုသားတစ်ဝက်၊ အချိုတစ်ဝက်၊ အခါးတစ်ဝက် ရော၍ သူမကို နှစ်သိမ့်တော့မည်။ နှစ်ပေါင်းများစွာ တွယ်တာခဲ့သော သံယောဇဉ် မျက်နှာဖြင့် သူမကလည်း သူ့ ဖြေသိမ့်ချက်များ အပေါ် ယုံစားလိုက်မိမှာ စိုးသည်။ ဟင့်အင်း ... သူတို့ကို ငါမကျေဘူး ဘယ်တော့မှ မကျေဘူး။
သို့သော် သူမ ဘာတတ်နိုင်မည်နည်း။ ယခုအခါ သူသည် တစ်လတစ်ခါ နှစ်လတစ်ခါ ခရီးထွက်၍ (ခရီးထွက်ဟန် ဆောင်၍) သူ၏ မယားကြီးလည်း မဟုတ်၊ မယားငယ်လည်း မဟုတ်သော ချစ်သူမိန်းမထံ သွား၍ တွေ့နေခဲ့ပြီ။ ထို့နောက် သူမကွယ်ရာတွင် သူတို့နှစ်ဦး အတူ နေထိုင်ကြမည်။ သူမ၏ ကိုယ်ဝန်အကြောင်း ဆွေးနွေးကြမည်။ သူမ မွေးဖွားလာမည့် ကလေးသည် ယောက်ျားလေးလား၊ မိန်းမကလေးလား အလောင်းအစား လုပ်ကြမည်။ ဖျော်ရည်ဖန်ခွက်များ အကြား၊ စီးကရက်ငွေ့များ အကြား၊ ထမင်းပန်းကန်များ အကြား သူတို့ ဆွေးနွေးသည့် ခေါင်းစဉ်မှာ 'သူမ' ဖြစ်ခဲ့မည်။ သစ်သီးများ၊ အနမ်းများ၊ ရယ်မောသံများနှင့် တွဲလျက် သူမအကြောင်း ...၊ ကလေးအကြောင်း ...။
သူတို့ မကြာခဏ ပြောကြမည်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်းပေါ့ ...
"ကိုယ့်မိန်းမက ကိုယ့်ကို သိပ်ချစ်တာကွ၊ အရမ်း အလိုလိုက်တာ၊ သနားစရာ ကောင်းအောင် အလိုလိုက်တာ"
"အံမာ.. ကိုကိုနော်၊ သနားရုံပဲ သနား၊ ဒါထက် မပိုရဘူး ဒါပဲ"
"အိုး ... ဟောဒီ ကမ္ဘာလောကမှာ ထားကလွဲပြီး ဘယ်မိန်းကလေးကိုမှ ..."
ဘုရား ... ဘုရား၊ ငါ ဘာလုပ်ရပါ့မလဲ။
သူမသည် ရှက်စိတ်၊ နာကြည်းစိတ်တို့ဖြင့် ကိုယ့်ကိုယ်ကို သတ်သေပစ်ရန်ပင် စိတ်ကူးလိုက်မိသေး။ မဖြစ်ပါဘူး။ ကလေးဟာ တော်တော်ကြီးနေပြီ။ သူ အပြင်ရောက်လာမယ် ဆိုရင် အသက်ရှင် နေနိုင်ပြီ။ မဖြစ်ဘူး။ အရေးအကြီးဆုံး အကြောင်းမှာ သူမ သေသွားဖို့ မဟုတ်ပါ။ သို့သော် သူမ၏ သားကလေး။ အို ... မတွေးနဲ့။ လူတစ်ယောက်မှာ သနားကရုဏာစိတ် နည်းနည်းလေး ရှိနေရင် ကိုယ်လုပ်ရမယ့် အလုပ်ကို ဘယ်မှာ ပြီးဆုံးအောင် လုပ်နိုင်မှာလဲ။
သူမသည် နေ့စဉ် နံနက်မိုးလင်းမှ ညအိပ်ရာဝင်အထိ အသိစိတ်ဓာတ် တစ်ခုတည်းဖြင့် အသက်ရှင် နေထိုင်ခဲ့သည်။ ထို အသိစိတ်ဓာတ်မှာ သူတို့ကို မှတ်လောက် သားလောက်အောင် မည်သို့ လက်စားချေမလဲ ဆိုသည့် အသိပင် ဖြစ်သည်။ သူ၏ ဇနီးဖြစ်နေသမျှ ကာလပတ်လုံးတော့ သူတို့ သူမထံမှ အင်မတန် လိုချင်သော ကလေးကို မရစေရ။ သူမ၏ ခိုင်မြဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ သူမ၏ စနက်တံများကို သူ့နှလုံးသားဆီမှာ ဖောက်ခွဲဖို့ ချိန်ကိုက်ချည်နှောင် ထားရမည်။
လှေကားမှ ခြေသံ အပြေး ရောက်လာသောအခါ ပျံ့လွင့်နေခဲ့သော စိတ်အာရုံကို ကမန်းကတန်း စုယူပြီး ယခုအချိန်အထိ မဖတ်ဖြစ်သေးသော စာမျက်နှာကို အသံမြည်အောင် လှန်ပစ်လိုက်ရလေသည်။ သူမ တွေဝေ ငေးမောနေကြောင်း သူ မမြင်စေရပါ။ သူမသည် သူ့ကို မုန်းတီးစွာ ဖယ်ရှောင်ခြင်းမှတစ်ပါး အခြားသော ကိစ္စများတွင် သာမန်သာဖြစ်သည်ဟု မြင်စေချင်သည်။
ခြေညှပ်ဖိနပ် စီးလိုက်သံ၊ သူမနောက်နားဆီမှ ဖြတ်လျှောက်သွားသံ။ စာကြည့်ခန်း တံခါးကို ဆွဲဖွင့်ပြီး အသံမြည်အောင် ပြန်ပိတ်သွား၏။ သူ အိပ်ရာဝင်ဖို့ ပြင်တော့မည်။ စာကြည့်ခန်း သမံတလင်း တံမြက်စည်း လှည်းသံ ကြားရသည်။ ထို့နောက် တံမြက်စည်းကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်သံ၊ နှစ်ယောက်ထိုင် ဆိုဖာကို အဝတ်ဖြင့် ကြမ်းတမ်းစွာ (သို့မဟုတ်) ဒေါသတကြီး ဖုန်ခါ လှည်းကျင်းသံ၊ ခေါင်းအုံး ပစ်ချသံ၊ ထို့နောက် လေးပင် ကြမ်းရှစွာ ပစ်လှဲ အိပ်ပစ်လိုက်သည့် အသံ၊ သူ့ကို သူမ ကိုယ်ထိလက်ရောက် ရိုက်ပစ်လိုက်သည့် နေ့မှ စ၍ သူ့ခေါင်းအုံးနှင့် စောင်ကို အောက်ထပ် စာကြည့်ခန်းထဲ ရွှေ့သွားခဲ့သည်မှာ ယခုဆိုလျှင် ရက်ပေါင်း ၂၀ ကျော်ပြီ။
သည်လိုနှင့်ပင် သူမ ကလေး မွေးဖွားမည့်ရက် ရောက်လာတော့မလား။
အရာရာတွင် ပျော့ညံ့ တွေဝေတတ်သော သူမသည် ကလေးမွေးပြီးလျှင် သူမတွေ့နိုင်မည့် တစ်နေရာရာ ပို့ပစ်လိုက်လျှင်လည်း ဖြစ်တာပဲဟု စဉ်းစားသေးသည်။ ဟင့်အင်း ... မဖြစ်သေးပါဘူး။ သူ့ကလေးကို သူတွေ့အောင် ရှာမှာပဲ။ မရရအောင် လုယူမှာပဲ။ သူမကို မေးမည်။ ရိုက်ပုတ် နှိပ်စက်မည်ကို ကြိုတင်သိနေသည်။ သူ ဒေါသတကြီး တက်ခေါက် ဆူပူလျှင်သော် လည်းကောင်း၊ ပခုံးနှစ်ဘက်ကို ဆုပ်ကိုင် ဆောင့်ယမ်းလျှင်သော် လည်းကောင်း နေစရာ မရှိအာင် တုန်လှုပ် ကြောက်ရွံ့တတ်သော သူမသည် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မည်ကို စိတ်ကူးဖြင့်ပင် မခံစားဝံ့ချေ။
မဖြစ်ဘူး၊ မဖြစ်ဘူး၊ အဲဒီလို မဖြစ်ပါဘူး။ ကဲ ... ဒါဖြင့်ရင် ... တွေးလိုက်ရုံမျှဖြင့် ရင်မှာ စူးနစ်စွာ နာကျင်သွားသည်။ သားရယ် ...။ လွှတ်ခနဲ ဝင်ရောက်လာသော မြတ်နိုးမှု တစ်ခုကို သူမ တုန်လှုပ်စွာ ငြင်းပယ်လိုက်ပါ၏။ ငါ ... ဒီလောက်ထိ မရဲဝံ့ပါဘူး။ သို့မဟုတ် မရက်စက်ဝံ့ပါဘူး။
ကိုယ်ဝန်ဆောင် အင်္ကျီအောက်မှ အနည်းငယ် လှုပ်ရှားလာသော ကိုယ်ဝန်ကို စိတ်မှတ်မထင် ဖြည်းညင်းစွာ အုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။ တကယ်ကို ... သူမျှော်မှန်းထားသည့်အတိုင်း သားကလေး ဖြစ်မှာပဲ။
သူ ... ဘယ်လောက် ပူပင်သောက ရောက်လေမလဲလေ။
သူမ ကိုယ်ဝန် စတည်ချိန်မှ စ၍ သူမတို့ အခန်းနံရံမှာ ကလေးပုံ ပိုစတာ လှလှလေးများကို ချိတ်ဖို့ သူကြိုးစားခဲ့သည်။ ကလေးအနှီးအတွက် ပိတ်စများကို ကြိုတင် မဝယ်ကောင်းပါဘူးဟု သူမ အတန်တန် သတိပေးလျက်နှင့် သူဝယ်သည်။ ကလေးအင်္ကျီ ပေါက်စကလေးများကို သူ ဝယ် ဝယ်လာသည်။
"မိုး ... ကိုယ်တို့ ကောင်ကြီးအတွက် ဒီအင်္ကျီကလေးတွေက သေးများ နေမလားဟင်"
"အိုး ..."
နှစ်နှစ်ခြိုက်ခြိုက် ရယ်မော၍ သဘောကျခဲ့ဖူးပါသည်။
ပြန်စဉ်းစားမိလျှင် မုန်းတီးနာကြည်းမှု မဆိုသလောက် လျော့ပါးသွားသလို ခံစားရသည်။ ဤသည်မှာ သူမအတွက် ကောင်းသော လက္ခဏာ မဟုတ်။ ဒါ သားလေးရဲ့ မျက်နှာကြောင့်ပါလေ ...။ သားလေးကို မွေးဖွားပြီးလျှင် ...။ သူမ ရင်တွင်း၌ အေးစိမ့်သော နူးညံ့စိတ်မျှင်မျှင်ကလေး ရုတ်တရက် ထွင်းဖောက် ဝင်ရောက်လာပုံမှာ အင်အား ပြင်းလှသည်။ ဖြစ်ခဲ့ပြီးသမျှ အစစအရာရာအတွက် သူမအားလုံး ခွင့်လွှတ်ကျေအေး ပစ်လောက်အောင် သူမ၏ သားငယ်ကလေးက ခွန်အားကြီးမား လိမ့်မည်မှာ သံသယ ဝင်ရန်မလို။
ကျေအေးရန် ... ဟင့်အင်း။ သူမ၏ ချစ်စဖွယ်သော သားကလေး၊ နူးညံ့နီရဲသော အသားအရည်ကလေးမှာ ပန်းပွင့် နုနုဖတ်ဖတ်ကလေး ထက်ပင် နူးညံ့နေလိမ့်မည်။ သူမ၏ အသွေး၊ အသက်ဖြင့် ဖြစ်ပေါ်လာသော အပြစ်ကင်းစင်သည့် ကလေး ပေါက်စနကလေး ...။
သူမသည် ယောင်ယမ်း၍ မျက်စိအစုံ မှိတ်ပစ်လိုက်သည်။ မတွေးရဘူး၊ မတွေးနဲ့ ...။
သူမ အတန်တန် ငြင်းပါလျက် သားဖွားမီးယပ် အထူးကု ဆရာဝန်မထံ သူ ဇွတ်ခေါ်၍ ကိုယ်ဝန်ကို အပ်နှံသည်။ ဆရာဝန် ချိန်းသည့်ရက်တိုင်း မပျက်မကွက် သူလိုက်ပို့ပေးနေကျ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်က ရက်ချိန်း စေ့သည်ကိုပင် သူမ မေ့လျော့နေမည် စိုး၍ သူ လာသတိပေးခဲ့၏။
(ကလေးနှင့် ပတ်သက်လျှင် ခြွင်းချက်အဖြစ် သူ သတ်မှတ်လေသလား မပြောတတ်ပါ။)
"ဒီနေ့ညနေ ဆရာဝန်ဆီ သွားရမယ်၊ မေ့မနေနဲ့"
ထိုနေ့နံနက် အိမ်မှ မထွက်မီ အခန်းဝမှာ လာရပ်၍ ခပ်တည်တည် ပြောခဲ့စဉ်က သူမ ထိတ်ခနဲ ရင်ခုန်သွားသေးသည်။ သူမကိုယ်သူမ မကျေနပ်ဘဲ အပြစ်တင် မဆုံးတော့ချေ။ ငါ ဘာလို့ ရင်ခုန်တာလဲ၊ ငါဘာလို့ တုန်လှုပ်တာလဲ၊ အထပ်ထပ် ညည်းညူမိသည်။ ထိုနေ့က အခါတိုင်းကဲ့သို့ ညသန်းခေါင်အထိ မနေဘဲ ညနေဆေးခန်းအမီ သူပြန်လာခဲ့၏။
"သွား ... အဝတ်လဲ၊ ဆေးခန်း သွားမယ်"
သူမ ငြင်းဆိုရန် တွေးလိုက်သော်လည်း ပြဿနာ ရှုပ်ထွေးကုန်မှာ စိုးရိမ်သည်။ မသွားလျှင် သူ အော်ဟစ် ငေါက်ငမ်းမည်။ သို့မဟုတ် ရိုက်နှက်မည်။ သို့မဟုတ် ကြမ်းတမ်းစွာ ဆွဲခေါ်မည်။ သူ့အနေနှင့်တော့ ဆရာဝန်ဆီ သူမ ကိုရအောင် ခေါ်သွားမှာပဲ ဖြစ်သည်။ ဤအချက်ကို တွေးမိ၍ သူမ အလွယ်တကူ လိုက်သွားခဲ့ရသည်။
အို ... မေ့နေလိုက်တာ၊ မနက်ဖြန် ဆရာဝန် ချိန်းတဲ့ ရက်ပါပဲလား သူ ... သူမကို သတိပေးဦးမည်။ ဆေးခန်းသို့ လိုက်ပို့ဦးမည်။ ဟန်ဆောင်ထားသော ကြင်နာမှုမျိုး မဟုတ်သလို လူသူရှေတွင် သူမကို ကြင်နာယုယစွာ တွဲပွေ့ကျီစယ် ပြုံးဦးမည်။ သူ ... ဘုရားရေ ... မိန်းမတစ်ယောက်ဟာ လင်ယောက်ျားကို တစ်သက်လုံး မုန်းတီးနာကျည်းသွားဖို့ သိပ်များ ခက်ခဲ နေလေမလား။ သူမ ဘယ့်နှယ် လုပ်ရပါ့မလဲ။
ရုတ်တရက် စိတ်လိုက်မာန်ပါ မတ်တတ်ရပ်လိုက်ပြီးမှ ယခင်ကလို ပေါ့ပါးသွက်လက်ခြင်း မရှိသော သူမ ကိုယ်ခန္ဓာကို သတိထားမိ သွားသည်။ စာအုပ်ကို ပက်လက် ကုလားထိုင်ပေါ် ပစ်ချရန် စိတ်ကူးပြီးမှ အသာလေး ချထားလိုက်လေသည်။ သူမသည် လှေကားကို တစ်ထပ်တက်ပြီး လှေကားခြေရင်း အုတ်နံရံပေါ်က မီးခလုတ်ကို ပိတ်ပစ်လိုက်သည်။ လှေကားကို အသံမမြည်အောင် ဖြည်းညင်းစွာ တက်ရင်း မူးနောက်နောက် ခံစားရသည်။
လှေကားပေါ်က လိမ့်ကျလျှင် ကိုယ်ဝန်ပျက်ကျလေမလား။
အခန်းထဲ ဝင်လိုက်သောအခါ စားပွဲတင် မီးအုပ်ဆောင်း အောက်ခြေတွင် ဆေးပုလင်း သုံးလေးခုကို အသစ်တွေ့လိုက်ရသည်။ သူမ စားပွဲအနီးသို့ တိုးကပ်သွား၏။ ကိုယ်ဝန်ဆောင် အားတိုးဆေး၊ ဖောလစ်အက်စစ်၊ ဖြူရာမင်ဘီစီ။ သူမ တုန်လှုပ်သွား၏။ ဒါ ... ဒါတွေဟာ သူ့ကလေးအတွက်ပေါ့။
ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ ဆေးပုလင်းများကို လက်နှစ်ဘက်ဖြင့် စုပြုံယူလျက် အခန်းနံရံသို့ အရှိန်ပြင်းစွာ ပစ်ပေါက်ခွဲပစ် လိုက်တော့သည်။
အလွန်အမင်း တိတ်ဆိတ်နေသော ညသည် ပုလင်းကွဲသံ၊ ကြမ်းပြင်ပေါ်သို့ ဖန်ကွဲစများ လွင့်စင်သံဖြင့် စူးရှကျယ်လောင်သွား၏။
လှေကားမှ တဒိုင်းဒိုင်း ပြေးတက်လာသော ခြေသံကို ကြားရသည်ဟု အာရုံက ထင်လိုက်စဉ်မှာပင် အခန်းဝသို့ သူ မြန်ဆန်စွာ ရောက်လာလေသည်။
"မိုး ... မိုး"
မတ်မတ်ရပ်နေသော သူမနှင့် ခပ်ဝေးဝေး နံရံအနီး ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများ၊ ဆေးလုံးများ၊ ဆေးပြားများကို အတန်ကြာအောင် သူ အထိတ်တလန့် ကြည့်နေသည်။ ထိုခဏ၌ အံ့ဩစရာပင် သူမ၌ သူ့ကို ကြောက်စိတ် လုံးဝ မရှိချေ။ သူမ၏ မုန်းတီး စက်ဆုပ်မှုများသည် အငွေ့ထတော့မတတ် တရှိန်ရှိန် ပူလောင်လျက် ရှိသည်။ သူမ ရဲရဲဝံ့ဝံ့ ပြန်ကြည့်နေလိုက်သည်။ သူသည် လွှတ်ခနဲ တစ်ခုခု ညည်းညူ ရေရွတ်လိုက်သလား မသေချာပေ။ သူမအနားသို့ တိုးကပ်လာပြီး သူမမျက်နှာကို အဓိပ္ပါယ် ဖော်နေသည့်ပမာ အရောင်တောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ ရိုက်လိုက်တော့မလားဟု စိုးရိမ်စိတ် အနည်းငယ် ဝင်မိပေမယ့် သူက လက်ဖြင့် ချိန်ရွယ်ခြင်းပင် မပြုလုပ်ခဲ့ပါ။သူ့မျက်လုံးများမှ နားမလည်ခြင်း အရိပ်သည် တဖြည်းဖြည်း ဒေါသအဖြစ် ကူးပြောင်းသွား၏။ ထို့နောက် ခဏခြင်းပင် ဘာခံစားမှုမှ မရှိသော အေးစက်စက် မျက်နှာတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ နောက်တော့ သူစိမ်းတစ်ယောက်၏ မျက်နှာမျိုးဖြင့် ချာခနဲ လှည့်ထွက်သွားလေသည်။
* * *
ရီဝေမူးနောက်နေသော အာရုံဖြင့် မျက်လုံးစတင် ဖွင့်လျှင်ဖွင့်ချင်း သူမ ဘာမှ မမြင်ရပါ။ သူမကိုယ်သူမ ရှာဖွေတွေ့ရှိဖို့ကိုပင် မိနစ်ပေါင်းများစွာ၊ သို့မဟုတ် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ဦးခေါင်းတစ်ခုလုံး လေးပင် မူးယစ်လျက် ရှိ၏။ အိပ်ဆေးမိထားသည့် ခံစားမှုမျိုးများလား။ သူမ အိပ်ဆေး အလွန်အကျွံ သောက်မိလေသလား၊ သူမသည် အိပ်ဆေးပြား တစ်ပြား နှစ်ပြားမှ ပို၍ တစ်ကြိမ်တစ်ခါမျှ မသောက်ဖူးပါ။ (သေချာရဲ့လား ...) သေချာပါသည်။ သူမ အိပ်ဆေး မသောက်ခဲ့ပါ။ ဒါဖြင့် ...
သူမ၏ ကိုယ်တွင်း တစ်နေရာမှာ မူလထက် ထူးထူးခြားခြား လှိုက်ဟာလျက် ရှိသည်။ တစ်စုံတစ်ခု ရုတ်တရက်ကြီး လစ်ဟာ သွားသလို ခံစားရသည်။
သူမ ဘာဖြစ်ခဲ့သနည်း။
ပျံ့လွင့် ယိမ်းယိုင်နေသော အာရုံများကို ခက်ခက်ခဲခဲ စုစည်းနေစဉ် သူမ ရင်တလှပ်လှပ် တုန်လျက်ရှိ၏။ အမြင့် တစ်နေရာမှ သူမ လွင့်ကျခဲ့လေသလား။ တောင်စောင်း တစ်ခုဆီမှ သို့မဟုတ် ဝရန်တာစွန်းမှ မဖြစ်နိုင်ပါ။ သူမတို့ တိုက်အိမ်မှာ ဝရန်တာ မရှိပါ။
သူမ ဘာဖြစ်ခဲ့သနည်း ...။
တစ်နေရာရာမှ တစ်ချက်ချင်း ထွက်ပေါ်နေသော အသံသဲ့သဲ့ကလေး တစ်ခုကို သူမ ကြားနေရသည်။ ဘယ်နားကပါလိမ့်။ တံစက်မြိတ် အစွန်းမှ နှင်းစက် တစ်ပေါက်ချင်း ကျသည့် အသံမျိုး (သို့မဟုတ်) သောက်ရေအိုးစင် ရေခံခွက်ထဲသို့ စိမ့်၍ကျလာသော ရေစက်ရေပေါက်၏ အသံမျိုး (သို့မဟုတ်) ဘုရားရေ ခုတင်ကြမ်းခင်းမှ စိမ့်၍ သမံတလင်းပေါ်သို့ တစ်စက်ချင်း ကျနေသော သွေးစက်ကျသံများလား ...
မူးဝေ မှုန်ဝါးနေသော မျက်လုံးအစုံသည် မျက်နှာကြက် ပန်ကာကို အလျင်ဆုံး မြင်ရ၏။ ပန်ကာသည် ဖြည်းညင်း တိုးတိတ်စွာ လည်ပတ်နေသည်။ ဒါ ငါ့အခန်းများလား၊ သူမတို့ အခန်းတွင် မျက်နှာကြက်ပန်ကာ မရှိပါ။ မျက်လုံး၏ အမြင် ဧရိယာအတွင်း ဖြူဖွေးဆွတ်သော အုတ်နံရံ ဖြူဖြူကိုသာ မြင်ရသည်။ အို ... သူမ ဆေးရုံ ရောက်နေသလား။ လောကတစ်ခုလုံး သူမတစ်ဦးတည်း ရှိသကဲ့သို့ တိတ်ဆိတ်နေသည်။
သူမ၏ ဝမ်းဗိုက် အောက်ပိုင်းဆီမှ အဆမတန် နာကျင်သော ဝေဒနာကို စူးစူးရဲရဲ ချွန်မြစွာ ခံစားလိုက်ရလေသည်။ စုတ်သပ် ညည်းညူတော့မလို ဖြစ်သွားပြီးမှ သူမ အံကို ကြိတ်ထားလိုက်သည်။ ဖြန့်ထားသော လက်ဖဝါးများကို တင်းတင်း ဆုပ်ပစ်လိုက်သောအခါ ဘယ်ဘက်လက် လက်ဖျံ အပေါ်ပိုင်းဆီမှ ဆစ်ခနဲ နာကျင်သွား၏။ ခေါင်းငဲ့ကြည့်လိုက်မှပင် သူမလက်တွင် ပိုက်တန်းလန်းနှင့် အပ်ကြီးကြီးတစ်ခု သွင်းထားကြောင်း သိလိုက်ရသည်။ ထို့နောက် တိုင်မှာ ချိတ်ထားသော သွေးပုလင်း၊ တစက်ချင်း နှေးကွေးစွာ ကျဆင်းနေသော သွေးရည်များ ...။
တစ်နေရာမှ တံခါးတစ်ချပ် ပွင့်သွားသည်။
"ဟော ... ယူ့မိန်းမလေး နိုးနေပြီ"
ဤအသံမှာ သူစိမ်းတစ်ယောက်၏ အသံ မဟုတ်ပါ။ အသံ လာရာသို့ စောင်းငဲ့ ကြည့်လိုက်သောအခါ သူမ၏ ဆရာဝန်နှင့်အတူ ယခုအချိန်တွင် သူမ အမြင်တွေ့ချင်ဆုံးသော လင်ယောက်ျားအား တွေ့လိုက်ရလေသည်။ သွက်လက်သော ဆရာဝန်၏ နောက်ဘက်မှ သူသည် မေ့လျော့စွာ လမ်းလျှောက်နေသကဲ့သို့ တွန့်တွန့်ဆုတ်ဆုတ် လျှောက်လာနေ၏။
သူ့မျက်နှာသည် တစ်စုံတစ်ခုကို နင့်နင့်သီးသီး ဆုံးရှုံးပြီးခါစ လူတစ်ယောက်၏ မျက်နှာဖြစ်သည်။ အမြဲတမ်း သပ်ရပ်သော သူ့ဆံပင်သည် မသေမသပ် ပွယောင်းလျက် ရှိသည်။ ပါးလှစ်၍ စုဝန်းသော သူ့နှုတ်ခမ်းတို့သည် လေစိမ်းတိုက် ခံထားရသလို ခြောက်သွေ့၍ အရေခွံကွာတော့မလို ဖြစ်နေသည်။ သူသည် သူမ၏ ညာဘက်ဘေးတွင် မတ်တတ်ရပ်လျက် ငုံ့ကြည့်သည်။
"မိုးမိုး နေကောင်းလားဟေ့"
"ဟုတ်ကဲ့"
သူမအသံတွင် အားနည်းမှု၊ မချိတင်ကဲ ဝမ်းနည်းမှုများ စိုးစဉ်းမျှ မပါစေရ။
"ကံကောင်းလို့ မိုးမိုးရေ၊ ကိုယ့်ဆေးခန်းကို သယ်လာတော့ မိုးမိုးရဲ့ သွေးပေါင်ချိန်ဟာ သုည ဖြစ်ခါနီးနေပြီ"
သူမသည် သွေးပေါင်ချိန် သုညဖြစ်ဖြစ်၊ တစ်ဖြစ်ဖြစ် ဂရုစိုက်လိမ့်မည် မဟုတ်ပါ။
"ကဲ ကိုယ်ခဏ သွားလိုက်ဦးမယ်၊ လိုတာရှိရင် အပြင်ခန်းက ဆရာမလေးဆီပြော၊ ဟုတ်လား။ ယူ့မိန်းမ မသေနိုင်တော့ပါဘူးကွယ်၊ အေးအေးဆေးဆေး စကားပြောရစ်၊ ဟုတ်လား"
သူသည် ဆရာဝန်မကြီးကို လုံးဝ လှည့်မကြည့်ပါ။ သူ စိတ်ဝင်စားနေသည်မှာ သူမ မျက်နှာ ဖြစ်၏။
သူမသည် ရုတ်ခြည်း ရစ်ဝဲ လျှံတက်လာသော မျက်ရည်များကို ရှက်ရွံ့စိတ်ဖြင့် မျက်တောင်ခတ် သိမ်းဖယ် ပစ်လိုက်၏။ သူ အကဲခတ်နေကြောင်း သေချာသည်။ သူမ တိတ်ဆိတ်စွာ အနေရခက်လျက် သူမကိုယ်ပေါ်မှ သက္ကလပ်စောင်ကို မှတ်မိဖို့ ကြိုးစားနေသလို စူးစိုက်ထားလိုက်သည်။ ကြည့်ပါဦး၊ အစိမ်းရောင် စောင်ကြီး၊ ကျက်သရေ မရှိလိုက်တာ။ သို့သော် သူမ အလွန်အမင်း စိတ်ထိခိုက်နေကြောင်း ကိုယ့်ကိုယ်ကို လိမ်ညာ၍ မရပါ။
သွေးသွင်းထားသော လက်ဖျံတွင် ယင်ကောင်ကလေး လာနားသည်ကို သူမ၏ ညာဘက်လက်ဖြင့် ဖယ်ပစ်ရန် အားယူလိုက်သည်။
ဘုရားရေ ... သူမ၏ ညာဘက်လက်တွင်လည်း ပိုက်တန်းလန်းနှင့်ပါလား။ အရောင်မဲ့သော အရည်များသည် ပိုက်တစ်လျှောက် နှေးကွေးစွာ ကျလျက်ရှိ၏။
"ကိုယ်ဝန် ပျက်ကျသွားတယ်"
ကြားလိုက်ရသည့် အသံသည် တစ်ခါမျှ မရင်းနှီးဖူးသော သူစိမ်းတစ်ယောက်၏ အသံဖြစ်နေ၏။ သူ့အသံထဲတွင် နာကျင်မှုနှင့်အတူ မယုံကြည်နိုင်မှုပါ တွဲဖက်နေကြောင်း ခံစားလိုက်ရသည်။
"ဟုတ်လား"
သူမ သည့်ထက် ဝမ်းနည်းဖို့ ကောင်းသည်ဟု သူထင်ပေလိမ့်မည်။ စူးစိုက်သော သူ့မျက်လုံးများ လက်ခနဲ အရောင် စွတ်စိုသွားပြီး တစ်ဖန် ပြန်မှိန်ဖျော့သွား လေသည်။ သူ့နှုတ်ခမ်းများ တင်းစေ့ထားပုံမှာ ဘယ်တော့မျှ အာဃာတ မပြေနိုင်မည့် အနေအထားမျိုးဟု ထင်ရသည်။ "သားလေးလား" တိုးတိတ် အားပျော့သော သူမ မေးခွန်းကြောင့် သူ့မျက်နှာသည် အမှတ်မထင် နာနာကျင်ကျင် အရိုက်ခံလိုက်ရသလို တုန်ခါသွားသည်။ သူမကို မယုံကြည်နိုင်သလို နားမလည်နိုင်သလို သတိလက်လွတ် စူးစမ်းကြည့်နေပြီးမှ "သား ..." ဟု အံကြိတ်ပစ်လိုက်ရင်း ဖြေလေသည်။
ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ပါပဲလား။ သူ အင်မတန် လိုချင်သည့် သားကလေးပေါ့၊ နောက်ပြီး သူ့ရုပ်ရည်နှင့်လည်း တူနေလိမ့်မည်ဟု သူမ လောင်းရဲသည်။ ဆံပင်ကလည်း သူ့လို လှိုင်းတွန့်ဖွာနေလိမ့်မည်။ သူ့ကိုယ်ပွားကလေး။
"သားလေးကို ကြည့်ချင်သေးလား"
မထင်မှတ်သော မေးခွန်းကြောင့် သူမ တုန်လှုပ်သွား၏။ သူက သူမကို သေသေချာချာ စိုက်ကြည့်ပြီးမှ မျက်စိလွှဲလျက် "ကြည့်ရက်စရာတော့ မရှိဘူး" ဟု သူ့ဘာသာသူ ရေရွတ်နေသလို သတိလက်လွတ် ပြော၏။
ဟင့်အင်း ... မပြောပါနဲ့။
"မင်း သိလားဟင်၊ နာကျင်မှုကို သူ ... သိတယ်"
"အို ..."
နာကျင်မှု၊ ကျဉ်ခနဲ စူးရှတဲ့ အောင့်သွားသော ရင်ညွန့်ဆီက ဝေဒနာသည် တစ်သက်လုံး မပြေပျောက် နိုင်တော့သလိုပင် ဖြစ်၏။ သူမ မေ့ထားချင်သော အကြောင်းအရာကို သူအစဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူမ ငိုချင်ပြင်းပြစွာ မျက်စိအစုံကို မှိတ်ပစ်လိုက်မိ၏။
"သားရယ်"
သူမသည် ထောင့်စုံအောင် ကြည့်တတ် မြင်တတ်သူ မဟုတ်ပါ။
"လုံးဝ အဓိပ္ပါယ်မရှိတာ" သူသည် အမှတ်တမဲ့ ပွင့်အန်ထွက်လာသော ယူကျုံးမရစိတ်ဖြင့် တောက်တစ်ချက် ခေါက်လိုက်လေသည်။
"ဒီအတွက် ကျွန်မတို့ နှစ်ဦးသဘောတူ ပြတ်စဲလိုက်ကြမလား"
စကားသံသည် သိပ်အားစိုက်ဖို့ မလိုဘဲ ပေါ့ပေါ့ပါးပါး ထွက်သွားသည်။ သူနှင့် ကွာရှင်းပြီးလျှင် သူမ နောက်အိမ်ထောင် ပြုရဦးမည်။ အနည်းဆုံး သားကလေး တစ်ယောက်လောက် မွေးဖွားရဦးမည်။
"ပြတ်စဲဖို့ မလိုပါဘူး၊ မင်းကို ငါလိုချင်လို့ ယူထားတာ၊ မင်းဟာ သေတဲ့အထိ ငါ့မိန်းမပဲ ဖြစ်နေရမယ် နားလည်ရဲ့လား"
သူ့အသံမှာ ကြမ်းရှနေ၏။
သူမတို့ နှစ်ယောက်သည် အချစ်ဟူသော အင်အားတစ်ရပ်ကို မေ့လျော့ထားကြသူများ ဖြစ်သည်။ သူက သူမထံမှ သားသမီးများစွာ ရအောင်ယူဖို့ ဆုံးဖြတ်လိုက်ဟန် ရှိသည်။ ရှင် ကျွန်မဆီက ဘာကလေးမှ မရစေရဘူး။ သူမ ဘာစကားမှ ပြန်မပြောပါ။ ဤလျှို့ဝှက်ချက်ကို ဘယ်တော့မှ မပေါက်ကြားစေရ။
"သားရဲ့ ကိုယ်ဝန်ကို ထိန်းသိမ်းကာကွယ် မပေးနိုင်ခဲ့တဲ့အတွက် ဝမ်းနည်းပါတယ် မောင်"
ယုံကြည်မှုတစ်ခုအတွက် မောင် ဟု ခေါ်လိုက်ရသော သူမ၏ နှုတ်ခမ်းဖျားများ ခါးသက်လျက်ရှိ၏။ နှလုံးနာသလို ဖြစ်သွားသည်။ ဤနာမည်သည် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်အတိ ဖြစ်၏။
"ဒါထက် ဝမ်းနည်းစရာတစ်ခု ကျန်သေးတယ်"
သူမ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ သူမကို စူးစူးရှရှ ကြည့်နေသော၊ အေးစက်၍ အငွေ့ပျံနေသော မျက်လုံးတို့ကို ရင်ဆိုင်လိုက်ရသည်။
"မင်းရဲ့ သားအိမ် ထုတ်ပစ်လိုက်ရတယ် တဲ့"
"ဘာ"
ခက်ထန် တုန်လှုပ်သော သူမအသံတွင် ခါးသီးမှု အပြည့်အဝ ပါဝင်သွား၏။
မတ်တပ်ရပ်နေသော သူသည် သူမထံသို့ ကိုင်းညွတ်လျက် ရင်တထိတ်ထိတ် ခုန်နေသော သူမကို တိုးတိတ်စွာ စကားပြောလေသည်။ တဝုန်းဝုန်း ဆူညံနေသော လေတိုးသံနှင့် နားအစုံမှာ အာရုံပြန့်ကျဲလျက် ရှိသည်။
"သားအိမ် ... ချုပ်လို့မရအောင် ... သွေးလွန် ... ထိခိုက်မှု ... သွေးလွန် ... ဝမ်းနည်းစရာကောင်းတာက ... အသက်ကို ရအောင် လုလိုက်ရတဲ့အတွက် ..."
"ဘုရား ... ဘုရား"
"စိတ်မဆင်းရဲပါနဲ့၊ ကလေး မရနိုင်တော့တာက လွဲရင် အားလုံး ပုံမှန်"
"မဟုတ်ဘူး"
အသံကုန်ဟစ်၍ အော်ပစ်လိုက်သော်လည်း သူမ မမှတ်မိသော အက်ကွဲကွဲ သူမအသံသည် အဝေးကြီးမှ လာသလို သဲ့သဲ့လေးသာ ဖြစ်သည်။
သူမ မယုံပါ။ အိပ်မက် မက်နေတာ မဖြစ်နိုင်ဘူးလား။ အိပ်ဆေးကြောင့် ကယောင်ချောက်ချား ဖြစ်မနေနိုင်ဘူးလား။ သို့သော် သူ့မျက်လုံးများ၏ အရိပ်အငွေ့ထဲတွင် ဤအဖြစ်အပျက် အမှန်တကယ် ဖြစ်သွားကြောင်း ရိပ်မိ မြင်တွေ့နေရသည်။ သူမ တစ်ကိုယ်လုံး လေတွင် လွင့်မျောသွားသလို ထင်မိသည်။
အဓိပ္ပါယ် မရှိတာ၊ သူမ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလျက် ထိတ်လန့်ခြင်း ကြီးစွာ ယူကျုံးမရ ခံစားရသည်။ မယုံဘူး၊ သို့သော် အမှန်တရားသည် သူမ ကိုယ်ပေါ်မှာ၊ အုတ်နံရံ ဖြူဖြူပေါ်မှာ၊ စေ့လာသော တံခါးချပ်ပေါ်မှာ၊ တစ်စက်ချင်း ကျနေသော သွေးပုလင်းထဲမှာ၊ မျှော်လင့်ချက် ပြိုကွဲပျက်စီးသွားသော သူ့မျက်လုံးထဲမှာ ...။
နောက်ဆုံးတော့ သူမ တွက်လိုက်သော ပုစ္ဆာသည်လည်း ပြင်၍ မရလောက်အောင် ကြောက်မက်ဖွယ်ရာ မှားယွင်းနေပါ ပကောလား။
ဟင့်အင်း၊ မဖြစ်နိုင်ဘူး။
လက်ဖျံနှစ်ဘက်မှ နာကျင်မှု၊ ခါးအောက်ပိုင်းမှ နာကျင်မှု၊ အမျိုးမျိုးသော နာကျင်မှုတို့ကို ကျော်လွန်လျက် စူးစူးနစ်နစ် နာကျင်လာသည်မှာ နှလုံးဆီမှ ဖြစ်သည်။ သူမ အသက်ရှူ ရပ်သွားမတတ် သတိလက်လွတ် ဖြစ်သွား၏။
ရုတ်တရက် ကိုယ့်ကိုယ်ကို ဘာလုပ်မိမှန်း မသိခင် ရှိုက်ကြီးတငင် ငိုလျက် အိပ်ရာမှ ရုန်းကန်ထလိုက်မိတော့သည်။
"မိုး"
အားမာန်ပါသော သူ့အသံနှင့်အတူ သူမကို ညင်သာစွာ (သို့မဟုတ်) ခိုင်မြဲစွာ ထိန်းချုပ် ဖိတွန်းလျက် အိပ်ရာပေါ်မှာပင် ငြိမ်သက်စွာ လဲလျောင်းနေစေသည်။ သူမ ဝမ်းပန်းတနည်း ငိုသည်ကို စိတ်ရှည်လက်ရှည် ရပ်ကြည့်နေ၏။
"ဒါ ... ဒါ ညာပြောတာ မဟုတ်လားဟင်"
သူ့မျက်လုံးမှ အဖြေမှန် မြင်နေလျက်က မေးမိပြန်သည်။ သူသည် ခေါင်းကို ညင်သာစွာ ခါယမ်း၍ (သူမ ဝမ်းဗိုက်ဆီသို့) ငေးမောနေသည်။ သူ့မျက်လုံးမှာ စောစောက မြင်ခဲ့ရသော အာဃာတများ၊ ခက်ထန်မှုများ လုံးဝ ပျောက်ကွယ်လျက် သိမ်မွေ့သော ကြေကွဲမှု သက်သက်ကိုသာ မြင်ရသည်။
"ကျွန်မ မျက်ရည်ကို မြင်ချင်ရုံ သက်သက်နဲ့ လိမ်ပြောတာလို့ ပြောလိုက်စမ်းပါ မောင်ရယ်"
'မောင်' ဟု သူမနှုတ်ဖျားမှ ချိုမြစွာ အားကိုးစွာ ခေါ်လိုက်မိမှန်း သူမ သတိမထားလိုက်မိပေ။ သူမ ကိုယ်ခန္ဓာထဲမှာ ရှိခဲ့ဖူးသော အင်အားများ ရုတ်တရက် ဆုံးရှုံးဖျော့နွမ်းကာ မောဟိုက် ပူလောင်နေ၏။ သူသည် သူမမျက်နှာဆီသို့ ငုံ့ကိုင်း၍ သူမ နဖူးကို အညင်သာဆုံး နမ်းလေသည်။ နဖူးပေါ်မှ စိုစွတ်သွားသော မျက်ရည်စက်၏ အတွေ့ကို မယုံကြည်နိုင်စွာ သူမ ခံစားသိရှိလိုက်၏။
သူမ ဘယ်လို အသက်ရှင် ရပ်တည်ရပါ့မလဲ။
သူမ ဘယ်လို သေဆုံးသွားပါ့မလဲ။
ဘုရားသခင်သည် သူမ ထင်ထားသည်ထက် စောစီးစွာပင် သူမကို အပြစ်ဒဏ် ခတ်လိုက်ပြီ။
-----------------
ဂျူး
မဟေသီ၊ နိုဝင်ဘာ၊ ၁၉၈၆။
Credit to PLANET
credit to မြန်မာဝတ္ထုတိုများ
share by မွန်းလေးဖေဖေ
No comments:
Post a Comment