May 27, 2018

ချွေးမဗေဒ၊ ယောက္ခမဝါဒီ

ချွေးမဗေဒ၊ ယောက္ခမဝါဒီ
🌠🌠🌠🌠🌠🌠🌠🌠🌠

သုမောင်

ကျွန်တော့်အမေကို မီ၍ ကျွန်တော့်အဖေ လက်ထက်မှ စပြီး ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ အထိ စာရေးစရာ အကြောင်းများ ရခဲ့သည်ကို မကြာခဏ ကျွန်တော် ပြောဖူးပါသည်။

အဖေ ကိုယ်တိုင်လည်း ဝန်ခံခဲ့ဖူးပါသည်။

ဟုတ်ပ။ အမေနှင့် ကြာကြာ စကား ပြောရတိုင်း ဝတ္ထု တစ်ပုဒ်သော် လည်းကောင်း၊ အနည်းဆုံး အကြောင်းအရာလေး တစ်ခုသော် လည်းကောင်း ကျွန်တော် ရတတ်ပါသည်။ တစ်နည်းအားဖြင့် ကျွန်တော် ရေးစရာ ကုန်ကြမ်း မရှိလျှင် အမေနှင့် စကား အကြာကြီး သွားပြောပါသည်။

ထိုအခါ ရှေးဟောင်း နှောင်းဖြစ်များထဲက ဖြစ်ဖြစ်၊ လတ်တလော အဖြစ်အပျက်များ ထဲက ဖြစ်ဖြစ် ရေးစရာ ကုန်ကြမ်း ရတတ်ပါသည်။

* * *

သည်နေ့တော့ ဘာအကြောင်းမှ မရှိဘဲ အမေနှင့် စကားလက်ဆုံ ကျနေပါသည်။ ဘာအကြောင်းမှ မရှိဘဲ ဆိုပေမယ့် ကျွန်တော့်ကိုယ်ကျိုး မပါသည်ကိုသာ ဆိုလိုပါသည်။ အမေ့ကိုယ်ကျိုး အတွက် စကား သွားပြော နေခြင်းတော့ ဖြစ်ပါသည်။ အမေသည် အသက် ကြီးလာလေ စကားပြောဖော် ရှာလေလေ ဖြစ်ပါသည်။ စကားပြောခြင်း၊ စကားပြောဖော် ရှိခြင်းသည် အမေ၏ အသက်ရှည်ဆေးပင် ဖြစ်ပါသည်။

ကျွန်တော့်ညီ အငယ်ဆုံးကောင် နိုင်ငံခြား ခေတ္တ သွားစဉ်က ကျွန်တော့်ကို မှာခဲ့ဖူးသော စကား တစ်ခွန်းကို မှတ်မိသေးသည်။

“ကိုကို အချိန်အားရင် အားသလို မေမေနဲ့ စကား ပြောပေးပါဗျာ”

ဟုတ်ပ။ တစ်ခါတစ်ရံ မိမိ စိတ်မပါတဲ့ အလုပ်တစ်ခု လုပ်ရလျှင် သည်းခံရဘိ သကဲ့သို့ ကျွန်တော်သည် အချိန်ရလျှင် နား အပင်ပန်းခံ၍ အမေ့ ပြောစကားများကို အချိန်ယူ နားထောင်ပေး တတ်ပါသည်။ မည်သို့ပင် ရှိစေ အမေ၏ စကားဝိုင်း အဆုံးသတ်လျှင် တစ်စုံတစ်ရာ အကျိုးတော့ ကျွန်တော် ရလိုက်သည်ပင် ဖြစ်ပါသည်။

သည်နေ့ အမေက ဇာတ်လမ်းနှစ်ခု ပြောပြပါသည်။ ဇာတ်လမ်းဟု ပြောရခြင်းမှာ တစ်ခုက ဘာအခြေခံ အထောက်အထားမှ မရှိသော အရပ်ပြော လက်ဆင့်ကမ်း ပုံပြင် ဖြစ်နေပြီး နောက်တစ်ခုက လက်ရှိ အမေ့ ပတ်ဝန်းကျင်တွင် ကြုံတွေ့ နေရသော တကယ့် အဖြစ်အပျက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဇာတ်လမ်း နှစ်ပုဒ်စလုံးမှာ အခြေခံ အကြောင်းအရာ တူညီနေသောကြောင့် ဒီနေ့ စကားဝိုင်းတွင် ကျွန်တော် အမြတ်ထွက်ပါသည်။ ကွမ်းယာ ကောင်းကောင်း တစ်ယာ စားလိုက်ရဘိသည်သို့။

ပထမဇာတ်လမ်း
-------------------

“အင်း … တစ်ခါတုန်းက ဆယ့်လေး ငါး ခြောက်နှစ် အရွယ် လင်မယားနှစ်ဦး ရှိတယ်တဲ့”

“ဟင် … ဆယ့်လေး ငါး ခြောက်နှစ်နဲ့ အိမ်ထောင် ကျသလား အမေရဲ့”

“အေး … ရှေးရှေးတုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မှု ပြုပေးကြတယ် ထင်ပါရဲ့ကွယ်။ ဒီပုံပြင်က အိန္ဒိယက လာတာလားမှ မသိဘဲ။ အဲ … လင်လုပ်သူက လယ်သမား ယာသမား ဆိုပါတော့ကွယ်။ မယား လုပ်သူလေးကတော့ အိမ်မှုကိစ္စ ဗာဟီရနဲ့ ယောက္ခမလုပ်သူ မိန်းမကြီးကို ပြုစုရင်း ထင်းခွေ၊ ရေခပ်ပေါ့ သားရယ် …”

“ဒီ ကလေးမလေးဟာ အရွယ်နဲ့ မလိုက်အောင် အိမ်ထောင်မှုမှာ တတ်သိ လိမ္မာရှာတယ်။ အထူးသဖြင့်ကတော့ ချွေးမတစ်ယောက် အနေနဲ့ ယောက္ခမကြီး အပေါ် ထားရှိတဲ့ မေတ္တာနဲ့ စေတနာဟာ လိုလေသေး မရှိအောင်ပဲ”

“သူ့မှာ မိဘ မရှိဘူးလား အမေ”

“အေး၊ အဲဒါလည်း တစ်ပိုင်း ပါတာပေါ့ကွယ်။ ဘာပဲဖြစ်ဖြစ် ကလေးမဟာ ယောက္ခမအပေါ် လိုလေသေး မရှိအောင် ကောင်းတယ်ဆိုတာ သား သိထားရင် လုံလောက်ပါပြီ။ သားက စာရေးဆရာပဲကွဲ့။ ကိုယ့်ဘာသာကိုယ် ဖြည့်ပြီး စဉ်းစားပေါ့။ လိုလေသေး မရှိ ဆိုတာထက် လိုတာထက်တောင် ပိုတယ်လို့သာ မှတ်ထားလိုက်ပါ သားရယ်”

“သူက သျှောင်နောက် ဆံထုံးပါ ဆိုသလို ယောက္ခမအိမ် ကပ်နေပြီး လင့်လုပ်စာ ထိုင်စားနေတဲ့သူမို့လား”

“သားရယ်၊ ပုံပြင်လေး တစ်ပုဒ်ပါလို့ အမေ နိဒါန်းပျိုးခဲ့ ပြီးပြီပဲ။ ဒါ အရေးကြီးတဲ့ အကြောင်းမှ မဟုတ်တာ။ ကိုင်း … မင်းက အမေ့ဆီက ဇာတ်လမ်းတွေ ရတိုင်း ဖြတ်ညှပ်ကပ် တွဲဆက်ဖာထေးပြီး ဝတ္ထုရေးတဲ့ကောင် ဆိုတော့ နောက်မှ မင်းသဘော မင်း ရေးချင်သပ ဆိုရင် ဇာတ်လမ်း ဆင်ပေတော့။ အမေ အခုပြောမှာက ချွေးမ တစ်ယောက်နဲ့ ယောက္ခမ တစ်ယောက်တို့ရဲ့ စိတ်နေစိတ်ထားနဲ့ သဘာဝတရားပါ”

“ဟုတ်ကဲ့၊ ကျွန်တော် လောမကြီးတော့ပါဘူး အမေ”

“ကဲ … ကဲ … ဒါနဲ့ ဆိုပါတော့ကွယ်။ အဲဒီလို ချွေးမ အလိမ္မာလေးဟာ လင်သားရဲ့ ဝေယျာဝစ္စ၊ အိမ်မှုကိစ္စတွေကို သေချာသိမ်းအုပ် တကုပ်ကုပ် လုပ်နေခဲ့ရှာတယ်”

“တစ်နေ့တော့ ချွေးမကလေးဟာ နံနက်ပိုင်း အိမ်မှုကိစ္စတွေ ပြီးလို့ နေ့လယ် အားလပ်ချိန်မှာ တောထဲသွားပြီး ထင်းခွေသတဲ့။ အိမ်ထောင်သည် ဆိုပေမယ့် အသက်ကလေးက ဆယ့်လေးငါးခြောက်နှစ် ဆိုတော့ ကလေးစိတ်ကလည်း မကုန်သေးဘူးကိုးကွယ့်။ ထင်းလည်းခွေရင်း လမ်းတွေ့တဲ့ စားကောင်းတဲ့ သစ်သီးသစ်ဖုလေးတွေကို လက်ဆော့ ခူးစားသတဲ့။ ဒါလည်း လုံမပျိုလေးတွေရဲ့ သဘာဝဆိုတာ သား သိမှာပေါ့”

“လေတိုက်လို့ သစ်ရွက် လှုပ်တာတောင် လှုပ်တယ်တော်ရေ့ ဆိုပြီး ရယ်တတ်ကြတဲ့ အရွယ်ကိုး အမေရဲ့”

“နေဦး သားရဲ့၊ ဒီကလေးမကို ဒီလောက်ထိတောင် ပေါ့ပေါ့တန်တန် သဘောမထားနဲ့ဦး။ အမေ့ဇာတ်လမ်း ဆုံးအောင် နားထောင်။ ခုကြားဖြတ် ပြောရတာက ဇာတ်သိမ်းပိုင်းအတွက် အထောက်အကူ ပြုမယ့် ကိစ္စမို့။ အေး … အဲသလို လမ်း တွေ့ကရာ သစ်သီးသစ်ဖု ကလေးတွေ ခူးစားရာက တစ်နေရာ ရောက်တော့ ဆီးဖြူသီး လေးငါးဆယ်လုံး ခူးပြီး တစ်လုံး ပါးစပ်ထဲထည့်၊ ကျန်တာကို ခါးပိုက်ထဲ သိမ်းရင်း ခရီးဆက်သတဲ့။ ဒီလိုနဲ့ ထင်းလည်း တော်တော်လေး ခွေအပြီး နေကလည်း မွန်းတိမ်းလာတဲ့ အချိန်မှာ မောမောနဲ့ ထင်းစည်းလေး အသာချပြီး အမော ဖြေသတဲ့။ အခန့်သင့် ဆိုသလိုပဲ သူနဲ့ မလှမ်းမကမ်းမှာ ကျောက်ဆောင် ပတ်ကြားအက် ကလေးထဲက တစိမ့်စိမ့် ထွက်ကျနေတဲ့ ကျောက်စက်ရေအိုင်လေး တစ်ခုကိုလည်း တွေ့ရသတဲ့။ ဒီအခါ ကလေးမလေးဟာ မောမောနဲ့ ကျောက်စက်ရေကို လက်ခုပ်နဲ့ ခံပြီး သောက်ချသတဲ့။ ဒီအခါ ကျောက်စက်ရေဟာ အေးမြတဲ့ အပြင် အလွန်ချိုသတဲ့။ ဒါနဲ့ ကလေးမလေးဟာ ဝမ်းသာအားရ ဖြစ်ပြီး သဒ္ဓါတွေ ပေါက်လာပါရော။

“အဲ … ငါ့ယောက္ခမကြီးခမျာ အသက်လည်း ကြီးပြီ၊ ဒီလို ကျောက်စက်ရေ ချိုချိုလေး တစ်ခါမှ သောက်ဖူးဟန် မတူဘူးလို့ စဉ်းစားမိတာနဲ့ နီးရာ ပိန်းရွက် တစ်ရွက်ကို ခူး၊ ကတော့ကလေး ထိုးပြီး ကျောက်စက်ရေကို ခံသတဲ့။

“နောက်ဆုံး ထင်းခွေအပြီး အိမ်အပြန်မှာ ကျောက်စက်ရေ ချိုချိုကလေးကို သူ့ယောက္ခမကြီး အတွက် တယုတယ သယ်သွားရှာသတဲ့”

“နေပါဦး အမေ သူ့ယောက္ခမကြီးက ယောက်ျားလား၊ မိန်းမလား”

“သူ့? သားရဲ့ မိန်းမ ယောက္ခမပေါ့ သားရဲ့၊ အေး … အေး … ခုခေတ်တော့ ယောက္ခမ၊ ယောက္ခထီးဆိုပြီး သုံးကြလေရဲ့။ ဘယ်သူများ စထွင်လိုက်တဲ့ စကား ဆိုတာတော့ အမေလည်း မသိဘူး။ ထားပါကွယ်။ ဒီလိုနဲ့ ချွေးမ အလိမ္မာလေးဟာ ခရီးရောက် မဆိုက်ဘဲ ယောက္ခမကြီး (မိန်းမ) ကို … ‘အမေရေ တောထဲက ကျောက်စက်ရေကလေး အမေ့ဖို့ သမီး သယ်ခဲ့တယ်။ နတ်တွေ ဖန်ဆင်းထားသလား မပြောတတ်ပါဘူး အမေရယ်။ အေးလည်း အေး၊ ချိုကလည်း ချိုပါဘိသနဲ့၊ ရော့ သောက်ကြည့်ပါဦး အမေ’ လို့ ဖက်နဲ့ ထုပ်ယူခဲ့တဲ့ ရေကလေးကို ကမ်းပေးသတဲ့။
“ဒီအခါ ယောက္ခမ လုပ်သူက … ‘ဟယ် … ကြံကြီးစည်ရာ ကလေးမနှယ်’ လို့ ဖွင့်မပြောရုံတစ်မည် မယုံမကြည်နဲ့ သောက်ကြည့်သတဲ့။ သူ ထင်တဲ့ အတိုင်းပဲ ရေဟာ ပူနွေးပြီး ဘာမှမထူးဘဲ ဖြစ်နေပါ ရောလား။ ရေတစ်ငုံ သောက်ချ။ နောက်တစ်ငုံကို ထွေးပစ်လိုက်ပြီး …
‘ညည်းနယ်အေ ယောက္ခမကို တည့်အောင်ပေါင်းပြီး ပြုစုယုယ ရိုသေရင် ပြီးတာပဲ။ အပိုလောကွတ်တွေ မလိုပါဘူး။ လောကွတ်ချော်မှ လော်ကော်ချွတ် နေပါ့မယ်။ ဘယ့်နှယ် ရေချင်းအတူတူများ ပိုအေးသတဲ့၊ ပိုချိုသတဲ့၊ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်အေ …’ လို့ ပြောသတဲ့။ ချွေးမလေးခမျာလည်း ဘယ်လိုက ဘယ်လို သူသောက်တုန်းက ရေနဲ့ အခုရေ ကွာခြားသွားပါလိမ့်လို့ အတွေးခေါင်ရတော့တာပေါ့။

“ပုံပြင်ကတော့ ဒါပါပဲ သားရယ်။ အေး … ဒီပုံပြင်မယ် သတိထားစရာ နှစ်ချက် ရှိတယ်။ (၁) မိန်းကလေးဟာ ဆီးဖြူသီး စားပြီးမှ ရေသောက်တာ ဒါကြောင့် ရေဟာ အေးပြီး ချိုတာပေါ့။ သူ့ယောက္ခမကြီး ကတော့ နေပူထဲ ဖက်နဲ့ ထုပ်လာတဲ့ ရေကို ဒီအတိုင်း သောက်တာ ဘယ်မှာ အေးပြီး ချိုပါ့မလဲ။ (၂) ကတော့ ယောက္ခမဆိုတာ ချွေးမအပေါ် အစဉ်အလာ တစ်ခုလို မယုံသင်္ကာ ရှိနေတတ်ကြတယ် ဆိုတဲ့ သဘာဝပဲ”

“အင်း … ကောင်းလိုက်တဲ့ ပုံပြင်ပဲ အမေရာ။ ဒါဟာ နိပါတ်တော်လား၊ ဇိနတ္ထပကာသနီထဲ ကလား၊ တိုင်းရင်းသား ရိုးရာပုံပြင်ထဲကလား၊ အင်ဒါဆင်း ပုံပြင် …”

“မဟုတ်ပါဘူး သားရယ် လက်တန်းပုံပြင် ထင်ပါရဲ့။ အမေလည်း တစ်ဆင့်စကားနဲ့ ကြားဖူးတာပါ”

ဒုတိယဇာတ်လမ်း
--------------------

“အင်း … အမေဟာ သားပြောလည်း ပြောစရာ၊ ရှာကြံပြီး ကျေးဇူးတင် နေတော့တာပဲ။ တခြား မဟုတ်ပါဘူး။ အမေဟာ သားသမီး ကံကောင်းသလို ချွေးမကံလည်း ကောင်းတယ်။ အမေက သားတွေချည်း မွေးထားတဲ့သူ ဆိုတော့ ချွေးမတွေကို သမီး အဖြစ်ပဲ မှတ်ရတယ်။ အမေ့ကုသိုလ် အမေ့ကို အကျိုးပေးတာပဲ။ အမေ့ချွေးမတွေ အားလုံး လှတယ်။ သဘော ကောင်းတယ်။ မယားဝတ္တရား ကျေကြတယ်။ လှချင်ပချင်၊ လိုချင်မက်မောတဲ့သူ တစ်ယောက်မှ မပါဘူး။ အင်း … ကျေးဇူးကြီးပါပေတယ်ကွယ်”

“အမေ့ကို ပိုက်ဆံ ပေးထားပြီးတော့ အမေ့ချွေးမတွေ အားလုံး ‘ဝ’ ကြတာရော မပါဘူးလား”

“အို … ဝကြတာ ကျန်းမာကြလို့ပေါ့ကွယ်။ အင်း … ပိုက်ဆံ ပေးထားတာလည်း အမေ စားချင်တာ စားဖို့၊ လှူချင်တာ လှူဖို့ပေါ့ကွယ်။ ကျေးဇူး အတင်ဆုံးကတော့ နေ့တိုင်း မင်းတို့ မိန်းမတွေ စားဦးစားဖျား ဟင်းတစ်ခွက်စီ လာပို့ကြတာပဲ။ အမေကတော့ လက်ငင်းကို နတ်ပြည် ရောက်နေတယ် ထင်တာပဲကွယ်။

“အေး … ကြုံတုန်း ပြောရဦးမယ်။ အမေ့သူငယ်ချင်း မေဘယ်လ် တစ်ယောက်တော့ဖြင့် ချွေးမကံ မကောင်းရှာဘူး။ မေဘယ်လ်ဆိုတာ အမေနဲ့အတူ ဆရာဖြစ်သင် ကောလိပ် တက်ခဲ့တဲ့ သူငယ်ချင်းပေါ့။ ရေကူး အင်မတန် ကောင်းတာ။ ဘိုမတွေနဲ့တောင် ယှဉ်ကူးတဲ့ ကောင်မ။ သူကတော့ အင်မတန် လှတယ်။ ဘိုကလည်း ဆန်သလား မမေးနဲ့။ ဘိုတွေ ဆလံပေးရတယ်”

“အမေ့လို ကျောင်းဆရာပဲလား”

“အေး … သူက အမေ့ထက် သာတယ်။ အခု ပင်စင် ယူပြီးတာတောင် အင်္ဂလိပ်စာတွေ အိမ်လည် သင်နေတုန်း။ အင်္ဂလိပ် စကားပြောလည်း သင်နေတုန်းကွဲ့"

“သူက ဘာကံဆိုးတာလဲ အမေ”

“သားလေး တစ်ယောက် ထွန်းကားပါတယ်။ ဆယ်တန်း အောင်ကတည်းက သင်္ဘောလိုက်သွားတာ ခုဆို သင်္ဘောအရာရှိ တစ်ယောက် ဖြစ်နေပြီ”

“ဟင် … အဲဒါ ကံဆိုးသလား အမေရဲ့”

“ဟဲ့ … သင်္ဘောသားတောင် ခေတ်ကောင်းနေတဲ့ဟာ၊ သင်္ဘောအရာရှိဆို ပိုပြီး ဟန်သေးတာပေါ့။ ဒါပေမဲ့ အမေပြောတာ အမေ့လို ချွေးမကံ မကောင်းတာကို ပြောတာသားရဲ့”

“သူ့ချွေးမက ဘာမို့လဲ”

“မြန်မာမှ မြန်မာအစစ်၊ အဲ … မြန်မာစစ်လွန်း ပေမယ့်လည်း သားရယ် ချွေတာတာကို လွန်ပြီး ကပ်စေးနှဲတဲ့ အဆင့်ထိ ရောက်သွားရှာတယ်။ ယောက်ျား လုပ်သူက သင်္ဘောသား အရာရှိဆိုတော့ အိမ်မှာဆိုတာ နိုင်ငံခြားဖြစ် ပစ္စည်း အသုံးအဆောင်တွေ အစားအသောက်တွေ ဆိုတာ ပေါခြင်းသောခြင်းပေါ့”

“အင်း … ယောက္ခမကြီးက ထိုင်ပြီး ခွတုတ်ရော ဆိုပါတော့ အမေ”

“ဘယ်ကလာ မေဘယ်လ်ဆိုတာ နဂိုက ဘိုကပြား၊ သူ့ခြေထောက်ပေါ်သူ ရပ်ချင်တဲ့သူ။ ခုလည်း သူ့လုပ်စာနဲ့သူ နေနိုင်၊ စားနိုင် နေတာပဲကွယ်။ မော်တော်ကားတောင် ခုထိ ကိုယ်တိုင်မောင်းတုန်း”

“နို့ … သူ့ချွေးမက ဘာဆိုးလို့တုံး”

“အဆိုးကြီးကတော့လည်း မဟုတ်ပါဘူးကွယ်။ အမေနဲ့စာရင် ချွေးမ ကံမကောင်းတာကို ပြောတာပါ။ ဒီလို သားရဲ့၊ တစ်နေ့ … သူ့ချွေးမ မအေးတင့်ဆိုတာ သား သိပါတယ်လေ၊ အသားမည်းမည်း ပိန်ပိန်ဆိုတာ၊ ဟိုဆရာဝန်မ ဟာလေကွယ်”

“ထားပါတော့ အမေရာ”

“အင်း တစ်နေ့ သူက အမေ့အိမ် လာလည်တယ်၊ အာလာပသလ္လာပ ပြောကြဆိုကြရင်း ကောင်မလေးက အမေ့ရှေ့ ညည်းပါလေရော”

“သူ့ယောက်ျား နိုင်ငံခြားမှာ ပွေလို့တဲ့လား”

“ကြံကြီးစည်ရာ သားရယ်၊ မောင်မောင်ဆိုတာ အင်မတန်တော်တဲ့ သူငယ်။ ဘုရားတရားနဲ့ နေတာ။ လူကြီးသူမဆို သိပ်သိတတ်တာ။ မယား ဆိုတာကိုလည်း ချစ်လိုက်တာ တုန်လို့။ သင်္ဘောက ပြန်ကပ်တာနဲ့ အိမ်ထဲက အိမ်ပြင်ကို မထွက်တော့ဘူး”

“သူကရော မအေးတင့်အမေ သူ့ယောက္ခမကို …”

“အမလေး သူ့အမေ မေဘယ်လ်နဲ့ တစ်တန်းတည်း တစ်တန်းတည်း၊ သူ့ယောက္ခမ ဒေါ်ငြိမ်းဆိုရင် ထဘီမလျှော်ပေးရုံ တစ်မည်”

“ဟင် အမေ့ဟာက ချွေးမကံ မကောင်းရာကနေ ဘယ်ရောက် သွားတာလဲ”

“ဒါပေါ့ သားရဲ့။ အဘက်ဘက်မှာ ပြည့်စုံပြန်တော့ တစ်ဖက်ဖက်မှာ ချို့ယွင်းတတ်တယ် ဆိုတာ။ ဒီလို သားရေ သားအလိမ္မာလေး ရထားတဲ့ မေဘယ်လ်ခမျာ ချွေးမကျတော့ သူ့စိတ်တိုင်း မကျနိုင်ရှာဘူး။ သား စဉ်းစားကြည့်လေ။ သူက ဘိုကပြား။ ပြီးတော့ အင်္ဂလိပ်စာ ကျူရှင်ပေးနေတဲ့ ကျောင်းဆရာမဟောင်း။ သားလုပ်သူက သင်္ဘောအရာရှိ ဆိုတော့ကွယ် ဘိုဆန်ဆန်ပဲ နေတယ်၊ ထိုင်တယ်ပေါ့။ အစားအသောက် ဆိုလည်း ဘိုဆန်ဆန်ပဲ။ ခက်တာက မြန်မာသွေးတစ်ဝက် ပါနေတာပဲ”

“ဘာဆိုင်သလဲ အမေရဲ့”

“ဆိုင်ပါသော်ကော သားရယ်၊ တို့မြန်မာ ဆိုတာက မရှိအတူ၊ ရှိအတူ အပေးအကမ်းကလည်း ရက်ရော၊ ဆွေမျိုးသားချင်း ဆိုလည်း အားမနာတမ်း ပေး၊ အားမနာတမ်း ယူ အဲဒီလို မဟုတ်လား။ ဒီမှာတင် မေဘယ်လ်ဟာ တစ်ဝက်ပါတဲ့ ဘိုသွေးနဲ့ ဘိုဆန်ဆန် လွတ်လွတ်လပ်လပ် နေတတ်၊ စားတတ်၊ တစ်ဝက်ပါတဲ့ မြန်မာသွေးနဲ့ ပေးကမ်းချင်သလို၊ သားသမီး ချွေးမအိမ်မှာလည်း စည်းမရှိ ကမ်းမရှိ စားချင်တယ်။ ဟဲ … ဟဲ အမေ့လိုပေါ့ကွယ်။ ဒါ တို့မြန်မာတွေရဲ့ အစဉ်အလာ မဟုတ်လား သားရဲ့။ ဒီမှာတင် သင်္ဘောအရာရှိကတော် မြန်မာစစ်စစ်ကလေးဟာ ယောက္ခမကြီးကို မသဒ္ဓါ ဖြစ်တော့တာပဲ သားရေ့ …”

“အဘွားကြီး ဘယ်မှာနေလဲ”

“အို … သူ့ယောက်ျား ထားခဲ့တဲ့ အိမ်မှာပဲ နေတာပေါ့။ ဒါပေမဲ့ အားလပ်တဲ့ ရက်တွေမှာဆို မအေးတင့်တို့အိမ် ရောက်ချလာပြီး ကော်ဖီ ဆိုလည်း နွားနို့၊ နို့စိမ်း ပျစ်ပျစ်ကြီးနဲ့။ ရေခဲမုန့် ဆိုလည်း ချောကလက် မလိုင်အပြည့်နဲ့ တစ်နေကုန် ကြိတ်တော့တာကိုးကွယ်။ ကြာတော့လည်း ချွေးမခမျာ ဘယ်ခံနိုင်ရှာတော့မလဲ။ နောက်ဆုံး အမေ့ဆီ လာညည်းတော့တာပေါ့”
“အမေက ဘာပြောလွှတ်လိုက်သလဲ”
“ဪ… ချွေးမဆိုတာ ယောက္ခမအပေါ် မတွန့်တိုကောင်းဘူး။ မိဘအရင်းထက်တောင် ဂရုစိုက်သင့်တယ် ဘာညာနဲ့ ယောက္ခမ ကောင်းကြောင်း ချီးမွမ်းခန်း ဖွင့်ရတော့တာပေါ့”
“ဟုတ်လည်း ဟုတ်ပါရဲ့၊ အန်တီ မေဘယ်လ်က တရားလွန်တာကိုး”
“ဟဲ့ အမေက ဘယ်သူ လွန်တယ်လို့မှ မပြောရပါလား သားရဲ့။ အမေ့လို ချွေးမကံ မကောင်းဘူးသာ ပြောရပါသေးတယ် …။ ဘာပဲဖြစ်ဖြစ် ယောက္ခမတွေဘက်က ကြည့်ရင်တော့ အမေ ဘက်လိုက်ရမှာပဲ သားရေ့။ အဲ ဟိုတစ်ခါ အမေပြောတဲ့ ဆီးဖြူသီး ပုံပြင်ထဲက ချွေးမလို ကျတော့လည်း တစ်မျိုးပေါ့။ အင်း … ဘာပဲဖြစ်ဖြစ် အမေက အစား သောင်းကျန်းတဲ့ ယောက္ခမ နေရာ နေပြီး အမေ့ချွေးမတွေဆီက ဆီးဖြူသီး ပုံပြင်ထဲက ချွေးမလို ရထားတာ ဆိုတော့ မေဘယ်လ် ကံဆိုးတယ် မှတ်ချက် ချရမှာပေါ့”

အထက်ပါ ဒုတိယ ဇာတ်လမ်းကို ပြောနေရင်းမှပင် အမေသည် အိမ်အောက်မှ လျှောက်သွားသော လူရိပ်ကို လှမ်းမြင်ဟန်ဖြင့်

“ဟဲ့ အောက်က ဝေဝေလား၊ အမေ ပို့လိုက်တဲ့ဟင်း ကောင်းလားဟေ့။ အေး အေး အဲဒါ အေးဘုံတို့အိမ်က ပို့ထားတာလေ” ဟု လှမ်းပြောပါသည်။ ဝေဝေ ဆိုသည်မှာ ကျွန်တော့်ညီ ကိုရူပ၏ဇနီး ဖြစ်ပြီး အေးဘုံကား ကျွန်တော့်မိန်းမ။

“အမေ ကျွန်တော်တို့အိမ်က ပို့တဲ့ဟင်းက အမေ့ တစ်ယောက်စာတည်းဟာ၊ လောက်ပါ့မလား”

“အို … သားကလည်း ချွေးမလေးယောက်အိမ်က ဟင်းလေးခွက် ဆိုတော့ အမေ ဘယ်ကုန်မလဲ။ ဟိုက နည်းနည်းစား၊ ဒီက နည်းနည်းဖဲ့ပို့။ အဲသလိုပေါ့။ မနက်ကတောင် မင်းကြိုက်တတ်တဲ့ ဘယာကြော် သက်သတ်လွတ်ဟင်း မလျှံ (ညီငယ်၏ဇနီး) ချက်တာ ခွဲပို့ လိုက်သေးတယ်”

ကျွန်တော် နည်းနည်းတော့ ခေါင်းရှုပ် သွားပါသည်။ အမေ၏ ချွေးမသည် တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ နင်ပဲငဆ မရှိကြပါလျက် ဟိုအိမ်ကဟင်း သည်ပို့၊ သည်အိမ်ကဟင်း ဟိုပို့နှင့် ချွေးမချင်း ဘာကြောင့် ရင်ကြားစေ့ နေရပါသနည်း။

“အမေရယ် … အမေ့ချွေးမတွေ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြတာမှ မဟုတ်တာ။ အမေက ဘာကြောင့် ကြားထဲက ဝင်ပြီး ‘ဟင်းတစ်ခွက်နဲ့’ မျက်နှာလုပ် နေရတာလဲ။ မသကာ ချွေးမတွေကို ရန်တိုက်ပေးပြီး သူ့ထက်ငါ ကောင်းအောင် အပြိုင်အဆိုင် ချက်ကျွေးခိုင်း သင့်တာပေါ့” ဟု ကျွန်တော်က ကျီစယ်စကား ဆိုသည်တွင်

“ဟဲ့ စာရေးဆရာ မင်း ဒီလောက်တောင် ညံ့ရသလား။ သူတို့ချင်း သွေးကွဲမှ ငါ ငတ်မှာ။ သူတို့ချင်း အဆင်ပြေမှ တစ်ယောက်ဟင်း တစ်ယောက်မြည်းပြီး အမေ့အတွက် လက်စွမ်း ကောင်းကောင်း ပြကြပေတော့မပေါ့ကွဲ့”

🔲

#သုမောင်

ကလျာ၊ ဧပြီ၊ ၁၉၉၃။

No comments:

Post a Comment