May 27, 2018

အလှတရားကို တွေ့ရှိခြင်း

“အလှတရားကို တွေ့ရှိခြင်း” (မစန္ဒာ)

( ၁ )

ဓာတ်ဆီဆိုင်တွင် တန်းစီနေစဉ် ထိုကောင်မလေး အေးမယ်ကို စ၍ မြင်ဖူးခြင်းဖြစ်သည်။ စမြင်လျှင် မြင်လိုက်ချင်း၌ပင် " ဟ .. အတော့်ကို မလှတာပဲ " ဟု တွေးလိုက်မိကြောင်းကိုလည်း ကျော်ဇေယျ မှတ်မိလေသည်။

ထိုနေ့က မိုးရွာနေသည်။ သည်းသည်းမဲမဲမဟုတ်သော်လည်း မှုန်ဖွဲဖွဲလည်း မကပေ။ ထိုမိုးထဲတွင် ဆင်းပြီး ဓာတ်ဆီဖြတ်ပိုင်း သွားဖြတ်ရမည်ကို ပျင်းနေမိစဉ် " စာအုပ် ထပ်ပေးရမလား အစ်ကို " ဟူသော မေးသံကို ကြားရသည်။ အသံကြားရာ ဘေးဘက်မှန်ပေါက်ကို လှည့်ကြည့်လိုက်တော့ ရေချိုးခန်းထဲတွင် ဆောင်းတတ်သော ပလတ်စတစ်အပါးစား ခေါင်းစွပ်ပြားပြားလေးတစ်ခုကို ဆောင်းထားသည့် မျက်နှာမည်းမည်းလေးတစ်ခုကို တွေ့ရသည်။

သူက ချိုသာသောအသံနှင့် ပြုံးပြုံးလေး မေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူ့ခမျာ ကံမကောင်းရှာလေတော့ အသားလေးမည်းရုံ၊ နဖူးလေးမောက်ရုံသာမက ရှေ့သွားတွေတစ်ပြုံလုံးကလည်း အပြင်ဘက်သို့ ခေါထွက်နေသေးသည်။ ဒီတော့လည်း ပြုံးသည်ကပင် ပြုံးသည်နှင့်မတူပဲ ပြောင်ဖြဲဖြဲလုပ်ပြသလို ဖြစ်နေရှာလေသည်။

" အင်း ... အတော်ပဲ။ ခြောက်ဂါလံနော် "

ကျော်ဇေယျက ကားဓာတ်ဆီစာအုပ်နှင့်အတူ တစ်ထောင်တန်တစ်ရွက်နှင့် ရာတန်တစ်ရွက်ကိုပါ ပေးလိုက်သည်။ ကောင်မလေးက လှမ်းယူကာ သူ့လက်ထဲတွင် အဆင်သင့်ကိုင်ထားသော ကျွတ်ကျွတ်အိတ်ထဲ ထည့်သည်။ အိတ်ထဲတွင်လည်း အခြားစာအုပ် သုံး လေးအုပ်ကို တွေ့ရသည်။

" တော်ပါသေးရဲ့ဗျာ "

မိုးရေထဲ မဆင်းရတော့သည့်အတွက် ကျော်ဇေယျ အတော်စိတ်ချမ်းသာသွားသည်။ ကားထဲတွင် လူပိုပါလာလျှင် မထောင်းတာလှသော်လည်း လူပိုပါမလာသောအခါများတွင် ဓာတ်ဆီထည့်ရသည်မှာ အဆင်မပြေလှပေ။ ကားတန်းရှည်ရှည်တွင် ဝင်၍တန်းစီထားရာမှ ကားရပ်ပြီး စာအုပ်သွားထပ်ရသည်။ ထိုအချိန်တွင် ကားတန်းရွေ့လျှင် စာအုပ်ထားခဲ့ပြီး အပြေးပြန်လာကာ အမြန်ပြန်မောင်း၊ ထို့နောက် ပြန်ရပ်၊ ပြန်ဆင်းပြီး ဖြတ်ပိုင်းပြေးယူ စသောအလုပ်များက တော်တော်လေး ကသီသည်။

မိုးရွာလျှင် ပို၍ပင်ဆိုးတော့သည်။ ထိုအခက်အခဲကို အချက်ကျကျ ဝင်ပြီးဖြေရှင်းပေးသည့်အတွက် ထိုအရုပ်ဆိုးဆိုးကောင်မလေးကို ကျေးဇူးတင်နေမိသည်။ သူ့အတွက်တော့ မသိ။ ကိုယ့်အတွက်တော့ အဆင်ပြေလှသည်က အမှန်ပင်။ ခြောက်ဂါလံဆိုတော့ တစ်ထောင်နဲ့ရှစ်ဆယ်၊ ပေးလိုက်တာက ထောင့်တစ်ရာဆိုတော့ နှစ်ဆယ်ပိုတယ်။ ပိုတဲ့နှစ်ဆယ်ပဲ သူ့ကိုပေးရင်တော့  နည်းမယ်ထင်တယ်။ ငွေနှစ်ဆယ်ဆိုတာ ဘူးသီးကြော်တစ်ခုတောင် ရတော့တာမှ မဟုတ်တာ။ ဘူးသီးကြော်က အတွေးထဲပါလာတော့ သူက သူ၏ချစ်သူ အိမွန်ကို ချက်ချင်းသတိရသွားသည်။

( ၂ )

အိမွန်က ဘူးသီးကြော် ကြိုက်သည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဝင်းထဲတွင် ကျောက်မျက်သင်တန်းတက်နေသော အိမွန်နှင့် ကမာရွတ်သုခလမ်းထဲတွင် ဆောက်နေသော တိုက်အိမ်တစ်လုံးကို ကြီးကြပ်နေရသော သူတို့နှစ်ဦးအတွက် အင်လျားကန်စောင်းက ဘူးသီးကြော်ဆိုင်သည် ဘူမိနက်သန်ဖြစ်လာသည်။ အိမွန်နှင့်အတူ ဘူးသီးကြော်စားနေရသည်မှာ သူ့ဗိုက်ထဲတွင် ဘူးသီးဆယ်လုံးလောက် ရောက်သွားပြီထင်ရသည်။ သို့သော်လည်း အိမွန်ဆီမှ တိကျရေရာသောအဖြေကိုမူ မရသေးပေ။

တစ်ခါတစ်ခါတော့လည်း ငါ ဘာလို့ အိမွန်ကို လိုချင်တာပါလိမ့်ဟု ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ ထိုအခါမျိုးတွင် သိပ်ဝန်မခံချင်လှသော်လည်း လှလို့ဟူသောအဖြေကို ချက်ချင်းရလေသည်။ အိမွန်က လှသည်။ နဂိုက လှသည့်အထဲတွင် သူ့ကိုယ်သူလည်း လှသည်ထက်လှအောင် ပြင်တတ်၊ ဆင်တတ်၊ ဝတ်တတ်၊ စားတတ်လေသည်။ သူ၏ဆံပင်ပုံစံ၊ အဝတ်အစားများသာမက စီးသောဖိနပ်ကလေးများကအစ သူနှင့် အဆင်ပြေလိုက်လျောပြီး ကြည့်၍ကောင်းလှသည်။ ထို့ကြောင့်လည်း တိမ်းကာ ယိမ်းကာနှင့် လှပြနေသော မအိအိခိုင်မွန် ပန်းအလှနားတွင် ရစ်သီပျံဝဲနေသော ပျားပိတုံးတွေ များနေခြင်းဖြစ်မည်ထင်သည်။

သူ ရိုတိုးရိပ်တိတ်သိရသလောက်တော့ သူ့လိုအင်ဂျင်နီယာက နှစ်ယောက်၊ ဆရာဝန် တစ်ယောက်နှင့် ကုမ္ပဏီပိုင်ရှင်သူဌေးသားက တစ်ယောက်၊ ကွန်ပျူတာကျွမ်းကျင်သူက တစ်ယောက်၊ ပေါင်း ငါးယောက်ကို စကာတင် ရွေးချယ်ထားပြီးပြီတဲ့။

( ၃ )

" ရပြီ အစ်ကို "

တွေး၍ ငေး၍ကောင်းဆဲတွင် ကောင်မလေး ပြန်ရောက်လာသည်။ ဓာတ်ဆီစာအုပ်၊ ဖြတ်ပိုင်းနှင့်တကွ ပိုငွေနှစ်ဆယ်ကိုပါ တရိုတသေ လှမ်းပေးသည်။ သူက ငွေနှစ်ဆယ်ကို လှမ်းယူကာ ငါးဆယ်တန်တစ်ရွက် ပြန်ပေးလိုက်တော့ ကောင်မလေးက ပြုံးပြလေသည်။

" နှစ်ဆယ်ဆိုရင် ရပါတယ် အစ်ကိုရယ်၊ ငါးဆယ်ပေးတော့လည်း ကျေးဇူးပါပဲ " ဟု ကျေးဇူးတင်စကား ပြုံး၍ပြောသည်။

မိုးရေစက်တွေတင်နေသော သူ့မျက်နှာကို အနီးကပ် မြင်လိုက်ရသောကျော်ဇေယျကမူ " သြော် .. သူ့ခမျာ .. မျက်ခုံးမွှေးကလည်း တစ်မျှင် နှစ်မျှင်ပဲ ပါရှာတာကိုး " ဟု တွေးလိုက်မိရပြန်သည်။

ဆန်းတော့လည်း အဆန်းသားပင်။ ဓာတ်ဆီသွားထည့်တိုင်း တစ်လခန့် ရက်ခြား မြင်တွေ့နေရတော့ မျက်စိယဉ်လာသည်ဟု ဆိုရလေမလားမသိ။ ကောင်မလေးကို ရုပ်ဆိုးလိုက်တာဟု မထင်တော့ပဲ ကြည့်ပျော်ရှုပျော်ဖြစ်လာသည်။ မပြုံးလည်းပေါ် ပြုံးလည်းပေါ်၊ ရယ်လည်းပေါ်နေသော သူ၏ရှေ့သွားများကိုလည်း ကြည့်ရခက်မနေတော့ပဲ အမှတ်မထင် ဖြစ်လာသည်။

သူ့ကိုမြင်လိုက်တိုင်း ဟိုဆီ ပြေးလိုက်၊ ဒီကားဆီ ပြေးလိုက်၊ ပြာယာခတ်နေသည်ကို တွေ့ရသည်။ သူ့ကို ပြိုင်နေသူတစ်ဦးမျှ မရှိပါပဲနှင့် သူ့ဟာသူ တစ်ယောက်တည်းပြိုင်နေကာ အလုပ်လောဘကြီးနေဟန်ရှိသဖြင့် ပြုံးရယ်ချင်စရာ ဖြစ်နေတတ်သည်။

" ကောင်မလေးတော့ သူ့အလုပ်နဲ့ သူ ပျော်နေတာပဲ။ သူ့အလုပ်က အရင်းအနှီးလည်း မလို၊ သိပ်လည်း မပင်ပန်း။ ဝင်ငွေကလည်း မဆိုးဘူးဆိုတော့ အင်း .... ငါထင်တယ်၊ သူ့လို လိုက်လုပ်တဲ့သူတွေတော့ အပြိုင်ပေါ်လာဦးမှာပဲ "

သူက ထင်ရုံပင်ရှိသေးသည်။ ကောင်မလေး၏အလုပ်ကို အသက်သုံးဆယ်ကျော်မိန်းမနှစ်ယောက်က ခပ်ပြောင်ပြောင်၊ ခပ်တင်းတင်းပင် ဝင်လုနေကြတော့သည်။ တစ်ယောက်က ဖြူဖြူပိန်ပိန်၊ နောက်တစ်ယောက်က မည်းမည်းဝဝဖြစ်သည်။ ဓာတ်ဆီဆိုင်ဝင်းထဲသို့ ကားဝင်လာသည်နှင့် သူတို့နှစ်ဦးက ကားဆီသို့ အလုအယက် ပြေးလာကြကာ " စာအုပ် ထပ်မယ်မဟုတ်လား အစ်ကို " ဟု ပြိုင်၍ အော်ကြလေသည်။

သူတစ်ဦးတည်းတုန်းက ပျာယာခတ်နေတတ်သော ကောင်မလေးသည် အခုတော့လည်း ငြိမ်နေလေသည်။ အလုအယက် အော်နေကြသော မိန်းမနှစ်ဦးနှင့် ပြိုင်ပြီး လုမနေပဲ ခပ်လှမ်းလှမ်းမှသာ အကဲခတ်နေတတ်သည်။ ကောင်မလေးသည် အကဲခတ်ရင်း တဖြည်းဖြည်း ရှေ့တိုးမလာပဲ နောက်ဆုတ်သွားဟန်ရှိသည်။ နောက်တစ်ပတ် သူ ဓာတ်ဆီသွားထည့်တော့ ကောင်မလေးကို မတွေ့ရတော့။

( ၄ )

သူက " စာအုပ်ထပ်မယ် မဟုတ်လား အစ်ကိုလေး " ဟု လာမေးသော ဖြူဖြူပိန်ပိန်မိန်းမကို မသိကျိုးကျွံပြုရင်း ကိုယ်တိုင်ဆင်းပြီး စာအုပ်ထပ်လိုက်သည်။

သူက အတန်ငယ် ဟန်များချင်သူမို့ အမေးခက်၍ မမေးမိသော်လည်း သူ့ရှေ့ အက်စ်အီးလီမိတက်ကားလေးထဲမှ အမျိုးသမီးကတော့ " ကောင်မလေး မလာတော့ဘူးလား " ဟု ဆီထည့်ပေးနေသောဝန်ထမ်းကို မေးနေသံ ကြားရသည်။

" ဒီအလုပ်က သူ စတဲ့ အလုပ်ပဲဟာကို၊ ကျွန်မသာဆိုရင်တော့ ဒီလို လွယ်လွယ်နဲ့ ရှောင်မပေးဘူး "  ဟု ပြောသံကြားရတော့ ကောင်မလေးကို မေတ္တာထားကြသားပဲဟု သူက ကြားကနေပြီး ကျေနပ်လိုက်မိလေသည်။

ဓာတ်ဆီဆိုင်ဝန်ထမ်းက " ရန်မလိုတော့ ရန်ပြိုတာပေါ့ အစ်မရယ် " ဟု မှတ်ချက်ချသည်။ ကောင်မလေးက ရန်မလိုသည့်အတွက် ရန်ပြိုသွားသည်မှာ မှန်သော်လည်း ကိုယ်နှင့်မဆိုင်ပါပဲနှင့် ရန်လိုနေမိသည်က ကျော်ဇေယျဟူသော သူကိုယ်တိုင်ဖြစ်သည်။ ခပ်စွာစွာမိန်းမနှစ်ဦးက အရောဝင်ရန် ကြိုးစားကြသော်လည်း သူ ကောင်မလေးဘက်မှ အခြောက်တိုက် စိတ်တိုကာ မျက်နှာကြောကို တင်းထားမိသည်။ သူတို့ကို ပိုက်ဆံမပေးချင်သည့်အတွက်လည်း ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ ဖြတ်ပိုင်းကို ဆင်းဖြတ်နေမိလေသည်။

( ၅ )

အိမွန်နှင့်အတူ ဘူးသီးကြော်စားရင်း ထိုကောင်မလေးအကြောင်း ပြောပြခဲ့မိသေးသည်။ အိမွန်က ဓာတ်ဆီဆိုင်ဝန်ထမ်းလေးလို ရန်မလိုတော့ ရန်ပြိုတာပေါ့ဟု မပြောချေ။ အက်စ်အီးကားမောင်းသောအမျိုးသမီးလိုပင် " သူ့နေရာမှာသာ အိမွန်ဆိုရင် သူ့လို ဘယ်တော့မှ အလျော့မပေးဘူး၊ သိလား ကိုကျော်ဇေယျ " ဟု ပြော၏။  ထို့နောက် ဆက်၍ပြောသော အိမွန်၏အဘိဓမ္မာကို ကြားရတော့ သူပင်လျှင် အတန်ငယ်ဖြုန်သွားလေသည်။

" လူ့ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းနဲ့ တူတယ် ကိုကျော်ဇေယျရဲ့။ ကိုယ်က ဒီကြိုးဝိုင်းထဲ ရောက်ပြီဆိုမှတော့ ထိုးချင်သည်ဖြစ်စေ၊ မထိုးချင်သည်ဖြစ်စေ၊ ကိုယ်က ဦးအောင် ထိုးကို ထိုးရမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က မထိုးရင် သူက ကိုယ့်ကို အလဲထိုးပြီး အနိုင်ယူသွားမှာ မဟုတ်လား  "

" ဒီလိုလဲ တရားသေ မဟုတ်သေးဘူးလေ အိမွန်ရဲ့။ ဗုဒ္ဓတရားတော်မှာ မေတ္တာတရား၊ ကရုဏာတရား၊ ခန္တီတရားဆိုတာတွေ ရှိနေသေးတာပဲ "

သူက ပြောတော့ အိမွန်က သူ့ကို လှောင်သလို လှမ်းကြည့်သည်။

" အဲဒါက ကြိုးဝိုင်ထဲဝင်ပြီး အထိုးခံမယ့်သူတွေအတွက်ပါ ကိုကျော်ဇေယျရယ်၊ ထိုးမယ့်သူအတွက် မဟုတ်ဘူး "

အိမွန်၏မျက်လုံးလေးများသည် ရွှန်းလဲ့တောက်ပဆဲ၊ ပန်းသွေးရောင်ကြွနေသော မျက်နှာဖူးဖူးလေးက လှပနုပျိုဆဲပင်ဖြစ်သော်လည်း သူ့မျက်စိထဲတွင် အတန်ငယ် အလှလျော့သွားသည်။ ယခင်က သူသတိမထားခဲ့မိသော မာန်မာနတရားကို မြင်လိုက်ရသောကြောင့်ဖြစ်မည် ထင်သည်။

( ၆ )

တစ်လလောက်နေတော့ ကျော်ဇေယျသည် ကောင်မလေးကို ပြန်တွေ့ရပြန်သည်။ ဒီတစ်ခါတော့ ဓာတ်ဆီဆိုင်မှာ မဟုတ်တော့ပဲ သူ၏အလုပ်ခွင်တွင် ဖြစ်သည်။ သူ့မျက်နှာက မှတ်မိလွယ်သောမျက်နှာဖြစ်၍ ကျော်ဇေယျ ချက်ချင်း မှတ်မိသည်။ မဲနယ်ရောင်မွဲမွဲ ရှပ်အင်္ကျီတွင် ချွေးစီးကြောင်းတွေ စီးထင်နေတော့ နဂိုက မလှသောမျက်နှာမှာ ပိုပြီး ကြည့်ရဆိုးနေရှာသည်။

" အင်းလေ .. အုတ်ခဲခြောက်လုံးရွက်ပြီး သုံးထပ်တိုက်ပေါ်တက်ရတာက ဓာတ်ဆီစာအုပ်ထပ်တာလောက်တော့ ဘယ်လွယ်ပါ့မလဲ "

သူက သက်ပြင်းကို မသိမသာရှိုက်ရင်း တွေးမိသည်။ ဒါက အလုပ်ခွင်ထဲက ကောင်မလေးများ လုပ်နေကျအလုပ်မျိုးဖြစ်သည်။ အချို့ကျွမ်းကျင်သူများက ရှစ်လုံးဆယ်လုံးထိ ရွက်တတ်ကြသည်။ ဒီ့ထက် သက်သာအောင်လည်း သူ မကူညီနိုင်။ တစ်ခါတစ်ရံကျလျှင်တော့ သူတို့တွေ လုပ်ကိုင်နေကြရတာကို စာနာစိတ်နှင့် ကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ သူသာဆိုလျှင် မဆလာဗန်းကိုလည်း ခေါက်တုန့်ခေါက်ပြန် ရွက်နိုင်မည်မထင်။ အုတ်ခဲရွက်နိုင်ဖို့လည်း မလွယ်ချေ။ ထိုသို့သာ လုပ်ရမည်ဆိုလျှင်လည်း နောက်တစ်နေ့ အိပ်ယာမှ ထနိုင်မည်မဟုတ်ချေ။

လေးထပ်တွင် ကွန်ကရိတိုင်များ သံချောင်းချည်ထားသည်ကို တက်စစ်ဆေးပြီး ပြန်ဆင်းလာတော့ အုတ်ပုံဘေးတွင် ငုတ်တုတ်ထိုင်နေသော ကောင်မလေးကို တွေ့ရသည်။ အုတ်ပုံအရိပ်တွင် ခေတ္တခိုကာ အမောဖြေနေဟန်ရှိသည်။

" ဓာတ်ဆီဆိုင် မလာတော့ဘူးလား "

ကောင်မလေးက တအံ့တသြနှင့် မော့ကြည့်သည်။ သူ့ကို ချက်ချင်း မှတ်မိဟန်မတူ။

" မလာတော့ပါဘူး အစ်ကိုရယ် "

သူ့ကို အသေအချာ မမှတ်မိသော်လည်း သူ ဓာတ်ဆီဖြတ်ပိုင်းဖြတ်ပေးခဲ့သာ လူပေါင်းများစွာထဲမှ တစ်ဦးဆိုသည်ကိုတော့ သဘောပေါက်သွားပုံရလေသည်။

" ဘာဖြစ်လို့လဲ "

သူက ကောင်မလး၏အဖြေကို သိချင်နေသည်။ ကောင်မလေးက ချက်ချင်း မဖြေ။ အုတ်ပုံဘေးတွင်ရှိနေသော အုတ်ခဲကျိုးများကို ငေးကြည့်နေပြီးမှ " အစကတော့ ပြိုင်ပြီး ရန်ဖြစ်ဦးမလို့ပါပဲ။ ဒါပေမယ့် သူတို့က ကျွန်မထက် ဆင်းရဲတယ်။ နောက်ပြီး ကလေးတွေနဲ့ " ဟု ခပ်တိုးတိုးပြောသည်။

ထို့နောက် သူ့ကို ပြောင် အဲ ..  ပြုံးပြကာ " သွားတော့မယ်နော်၊ အကြာကြီးနားနေရင် အဆူခံရမှာ စိုးလို့ပါ " ဟု ပြောပြီး ခပ်သုတ်သုတ် ထွက်သွားသည်။ ကောင်မလေးကိုကြည့်ရသည်မှာ သူ့ကိုလည်း ဒီလုပ်ငန်းခွင်မှ အကြီးဆုံးသောသူဟူ၍လည်း သိပုံမရချေ။ အရောဝင်ရန်လည်း မကြိုးစားခဲ့။ ညနေကျတော့ အိမွန်ကို ကောင်မလေး၏အကြောင်းကို ပြောပြဖြစ်ပြန်သည်။

" ကောင်မလေးက မနိုင်လို့ သည်းခံတာမဟုတ်ဘူး အိမွန်ရဲ့၊ မေတ္တာရှေ့ထားပြီး စာနာစိတ်နဲ့ သည်းခံသွားတာ၊ သူ့လိုအရွယ် သူ့လိုအခြေအနေမှာ ဒီလိုစိတ်ထားနိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာပဲ "

သူ့စကားကို နားထောင်ရင်း အိမွန်က အသံသာသာလေး ရယ်သည်။ ထိုရယ်သံကို သူအစဉ်စွဲလမ်းကာ နားဝင်ချိုခဲ့သော်လည်း ဒီတစ်ခါတော့ လှောင်သံပါနေသည်ဟု ထင်မိလေသည်။

" အိမွန်ကတော့ မချီးကျူးဘူး ကိုကျော်ဇေယျ၊ ဒါဟာ မိုက်မဲတာပဲ၊ သက်သက်သာသာနဲ့ ငွေပိုရတဲ့အလုပ်ကို လက်လျှော့ထားခဲ့ပြီး အုတ်ခဲရွက်နေတဲ့သူကို မိုက်တယ်လို့ပဲ ပြောမယ်"

သူ အိမွန်ကို ငေးကြည့်နေမိလေသည်။ အိမွန်၏ လက်ရွေးစင် စကာတင်ငါးယောက်ထဲမှ နှစ်ယောက်ကို ပွဲသိမ်းလိုက်ပြီဖြစ်ကြောင်း အခု သူအပါအဝင် သုံးယောက်သာ ကျန်တော့ကြောင်း အတွင်းစကားသိထား၍ ဝမ်းသာသင့်သော်လည်း သိပ်ပြီး ဝမ်းမသာလှပဲ ရင်ထဲတွင် တစ်ခုခုခံနေသလို ခံစားနေရလေ၏။

( ၇ )

ထိုနေ့ကိုတော့ ကျော်ဇေယျ ဘယ်တော့မှ မေ့တော့မည်မထင်ပေ။ မနက်စောစော သူ အလုပ်ခွင်ကိုရောက်လာတော့ လေးထပ်မှကြမ်းခင်းများကို စပြီး ကွန်ကရိလောင်းသည်။ သူက စောင့်ကြပ်ကြည့်ရှု့ရင်း  သူ၏အလုပ်သမားများကို တစေ့တစောင်း အကဲခတ်ကြည့်နေမိသည်။ ဒီတစ်ခါ အလုပ်သမားခေါင်းက သမာသမတ်ရှိကာ စိတ်ရင်းလည်းကောင်းဟန်ရှိသဖြင့် စိတ်ချမ်းသာရသည်။ တချို့အလုပ်သမားခေါင်းများက အပြောအဆို၊ အနေအထိုင် ရမ်းပြီး နှုတ်ထွက်လည်း ကြမ်းတတ်သည်။ သူဆဲသမျှ ဆိုသမျှကို ခံကြရသော အလုပ်သမားတွေတော့ ဘယ်လိုနေမည်မသိ။ တခါတရံကြားရသော သူပင်လျှင် စိတ်ဆင်းရဲလှသည်။

" နာမည်ကလဲ အေးမယ်တဲ့ "

" ဘာဖြစ်လဲ အေးမယ်ဆိုတာ အေးမယ်ပေါ့ "

" တောနာမည်ကြီး "

" ဘာတောနာမည်လဲ၊ နင်မသိပဲ မပြောနဲ့၊ အဲဒါ ငါ့အဘွားပေးတဲ့နာမည်၊ အေးဆိုတာ အေးချမ်းခြင်း အေးမြခြင်းတဲ့၊ မယ်ဆိုတာက ရှေးမြန်မာစကား၊ မိန်းကလေးကို ပြောတာတဲ့၊ ဟွန်း ငါ့နာမည်က ခင်ရတနာချောစုထွဋ်ဆိုတာမျိုးထက် သာတယ်၊ သိရဲ့လား "
ကောင်မလေးကို မာဆလာနယ်သောကောင်လေးက စနေသည်။ ခါတိုင်း အသံသိပ်မထွက်သော ကောင်မလေးသည် သူ့နာမည်ထိတော့  အသံတွေ တော်တော်ကျယ်လာသည်။

"  နင့်တစ်ကိုယ်လုံး အေးတာဆိုလို့ မေးစေ့ပဲ ရှိတာကိုများ "

ဒါကတော့ ပန်းရံကိုလှမောင်ကြီး၏အသံ ဖြစ်သည်။

" နင်က နင့်မေးစေ့ နေပူထိမှာစိုးလို့ အပေါ်က ကဲလား ထုတ်ထားတာလေ၊ မဟုတ်ဘူးလား "

ရယ်သံများက ဝေါကနဲ ဆူညံသွားသည်။ သူက ကောင်မလေး အရမ်းရှက်ပြီး ရှက်ရမ်းများ ရမ်းလေမလားဟု ထင်ပြီး လှည့်ကြည့်လိုက်တော့ ကောင်မလေးကပါ ရယ်နေသည်။ သူရယ်လေ သွားတွေက ပေါလေ၊ သူ့သွားတွေ ပေါ်လာလေ၊ ဘေးက ဝိုင်းရယ်ကြလေနှင့် တအုံးအုံးဖြစ်နေကြသည်။ နောက်တော့ ကောင်မလေးက သူ့မေးစေ့ သူစမ်းကာ

" အို  ..  နေပူခံနေရတဲ့သူတွေနဲ့စာရင် မေးစေ့လေး နေပူသက်သာရင် နည်းသလား အဘရဲ့ " ဟု ပြောသည်။ ကောင်မလေးကို အကုန်လုံးက ဝိုင်းပြီချစ်ခင်ကြပုံရသဖြင့် ကျော်ဇေယျက ဘေးမှနေပြီး ဝမ်းသာနေမိသည်။

တစ်နေ့တုန်းကလည်း အလုပ်သမားတွေ ထမင်းစားနေစဉ် စကားထာဝှက်တမ်း ကစားနေကြသည်။ တစ်ဦးက " တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ငါသာ မင်းလောင်း ထီးဖြူဆောင်း " ဝှက်လိုက်တော့ တစ်ဦးက " မှို " ဟု ဖော်လိုက်သည်။ နောက်တစ်ဦးက တစ်ခါဝှက်ပြန်တာက

" မပျော်လည်း ပေါ်၊ ပျော်လည်း ပေါ်
ရယ်ရင်လည်း ပေါ်၊ ငိုလည်း ပေါ်
ပြောပြစမ်းပါ မင်းမဟော် "

တစ်ဦးမှ မစဉ်းစားတတ်ပဲ ပန်းပေးတော့မှ စကားထာဝှက်သောသူက " စဉ်းစဉ်းစားစား တွေးပါလား၊ မအေးမယ်ရဲ့သွား " ဟု ဖော်ပေးသည်။ အေးမယ်ကိုယ်တိုင် မစဉ်းစားတတ်ပဲ ပန်းပေးရသူထဲတွင် ပါဝင်ခဲ့တော့ ရယ်သံတွေ ဆူညံနေခဲ့သည်။

( ၈ )

" အလုပ်သမားတွေခမျာလည်း အလုပ်က ပင်ပန်းကြတော့ ရယ်စရာ မောစရာလေးတွေနဲ့ ကိုယ့်ကိုကိုယ် ပျော်အောင် လုပ်ကြရရှာတာ၊ ကောင်မလေးက သဘောကောင်းပြီး စိတ်မဆိုးတတ်တော့ သူ့ကိုပဲ အမျိုးမျိုး လှည့်ပတ်ပြီး စနေကြတော့တာပဲ " ဟု ကျော်ဇေယျက တွေးနေမိသည်။

ကောင်မလေးတွင် ခြေနှစ်ဖက်လုံးမသန်သော မိခင်ကြီးနှင့် ညီမလေးတစ်ယောက်ရှိကြောင်း သူ သိထားသည်။ ညီမလေးက ကိုးတန်းရောက်နေပြီဖြစ်ကြောင်း၊ သူ့အမေက ခြေနှစ်ဖက် မသန်သော်လည်း လက်နှစ်ဖက်က အကောင်းမို့ သရက်သီးသနပ်တို့ မျှစ်သနပ်တို့ လုပ်ပေးပြီး ညီမလေးက ဈေးတွင် ရောင်းကြောင်း၊ တစ်ခါတစ်ရံလည်း ကန်စွန်းရိုးနီ၊ မုန်လာပင်၊ မုန်လာဥများ၊ ဟင်းဂလာ၊ ဥာဏ်ပွင့်များကို ချဉ်ဖတ်လုပ်ကြောင်းများကိုလည်း သိထားသည်။

ဘာရယ်လို့တော့မဟုတ်၊ ဒီရုပ်ဆိုးမလေးကို ဘာလို့သံယောဇဉ်ရှိနေမှန်းလည်း သူ့ကိုယ်သူ မသိ။ သူ့အပြောအဆို အပြုအမူလေးများက ရိုးစင်းလွန်းသောကြောင့် ဖြစ်မည်ထင်သည်။ ဘဝကံအကျိုးပေးအရ ရုပ်ရည်မလှပသော်လည်း အတွင်းစိတ်ကလေးဖြူကြောင်းကို သိလာရသောကြောင့်လည်း ဖြစ်မည်ထင်သည်။

ဒီတစ်ခါငွေပေါ်ရင် သူတို့တွေကို မုန့်ဟင်းခါးချက်ခိုင်းပြီး ကျွေးလိုက်ဦးမည်။ သူက သူ့အလုပ်သမားများကို အခါအခွင့်သင့်လျှင် သင့်သလို တပျော်တပါး ကျွေးမွေးလေ့ရှိသည်။ ကောင်မလေးရောက်လာပြီးမှ တစ်ခါမှ မကျွေးဘူးသောကြောင့် ကျွေးချင်စိတ်လည်း ပေါက်လာသည်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုသည်မှာ အလုပ်သမားလည်း အစဉ်မြဲသည် မဟုတ်ချေ။ ပန်းရံလုပ်ငန်းဝင်နေသောအခါများတွင် အုတ်သယ်၊ သဲရွက်၊ မဆလာရွက်သော အလုပ်သမများ လိုအပ်ပြီး လက်သမားလုပ်ငန်းဝင်ချိန်တွင်မူ မိန်းမအလုပ်သမားများ မလိုတော့ချေ။ မလိုသည့်အချိန်တွင် သုတို့ကို နေ့တွက်ပေးပြီး မည်သူကမျှလည်း ခေါ်ထားနိုင်မည်မဟုတ်ချေ။

( ၉ )

" ဒီက အဘက ဒီမှာပြီးရင် မိတ္ထီလာသွားပြီး လုပ်မယ်လို့ ပြောပါတယ် "

ညနေပြန်ကာနီးကျတော့ ကောင်မလေးက မရဲတရဲ မေးသည်။

" ဟုတ်တယ်လေ။ ဟိုမှာ လုပ်ငန်းတစ်ခု လက်ခံထားလို့ "

" အဲဒါ ..  အဲဒါ .. ဒီမှာလည်း ပြီးတော့မယ်ဆိုတော့ ကျွန်မ ..  အဲ ..  ကျွန်မ .. "

" ဘာလဲ၊ မိတ္ထီလာ လိုက်ချင်လို့လား "

" ဟင့်အင်း  .. မဟုတ်ပါဘူး။ ဟိုဟာပါ .... အလုပ်ကလေးလည်း မပြတ်ချင်လို့၊ နယ်လည်း မသွားနိုင်လို့၊  ဒီမှာပဲ အလုပ်ရှိတဲ့တစ်နေရာရာမှာ လုပ် ..   လုပ် . ပါရစေလို့ "

" ရတယ်လေ၊ မင်းဓမ္မလမ်းက တိုက်တွေမှာ ပန်းရံလုပ်ငန်း ဝင်ရတော့မှာပဲ၊ အဲဒီမှာထားပေးရင် ဖြစ်မလား "

ကောင်မလေး ခေါင်းညိတ်သည်။ တော်တော်လေးလည်း ဝမ်းသာသွားပုံရသည်။ မျက်တောင်မွှေးကျဲကျဲအောက်မှ မျက်လုံးကလေးများက အရောင်တောက်လာကြသည်။ နောက်ပြီး ဒီတစ်ခါ သူပြုံးပြသည်ကို ကျော်ဇေယျ၏မျက်စိထဲတွင် ပြောင်ပြသည်ဟု မထင်မိတော့ပေ။

" ညည်းက သက်သက်သာသာနဲ့ ပိုက်ဆံရတဲ့အလုပ်ကို ပြန်မှ လုမထားပဲကိုး၊ ငါ ဓာတ်ဆီဆိုင်ရောက်တိုင်း ဟိုမိန်းမနှစ်ယောက်ကိုတော့ တွေ့နေရတာပဲ၊ တစ်ခါတစ်လေ သူတို့အချင်းချင်းတောင် စောင်နေကြသေးတယ် "

သူက ပြောတော့ ကောင်မလေးက ခေတ္တမျှ ငြိမ်နေသည်။ ထို့နောက်မှ အဝေးကိုငေးကြည့်ရင်း ခပ်တိုးတိုးပြောသည်။

" အမေက ဘဝဆိုတာ ရထားကြီးစီးနေရတာနဲ့ တူတယ်တဲ့။ ဘယ်အချိန် ဘယ်ဘူတာမှာ ဆင်းရမလဲ မသိကြပေမယ့် ဒီရထားကြီးပေါ်ကတော့ အကုန်လုံး ပြန်ဆင်းကြရမှာပဲတဲ့။ ဒါကြောင့် ရထားစီးနေတုန်းအချိန်ကလေးမှာ ကောင်းကောင်းနေကြရမယ် တဲ့။ ကျွန်မငယ်ငယ်ကတည်းက ရထားပေါ်ကဆင်းရမယ့်အချိန်တွေကို ခဏခဏ တွေးမိတယ်။ အဲဒီအချိန်မှာ ရထားကြီးကို ငါကောင်းကောင်းစီးခဲ့တယ်။ ငါ ဒုက္ခပေးခဲ့တဲ့သူ၊ ငါ့ကြောင့် စိတ်ဆင်းရဲရတဲ့သူ တစ်ယောက်ယောက်တောင်မှ မရှိခဲ့ဘူးဆိုတဲ့ အတွေးနဲ့ပဲ ဆင်းချင်တယ် "

အရုပ်ဆိုးဆိုးမျက်နှာလေးကို ငေးကြည့်ရင်း ကျော်ဇေယျ၏စိတ်ထဲတွင် အေးမြသွားသည်။ ဒါကြောင့်မို့လည်း သူ့အဘွားက အေးမယ်ဆိုတဲ့နာမည်ကို ပေးခဲ့တာထင်ပါရဲ့ဟု တွေးရင်း အိမွန်ပြောသော လက်ဝှေ့ကြိုးဝိုင်းကို သတိရသည်။

( ၁၀ )

ညနေကျတော့ အိမွန်၏လှပချောမွေ့သောမျက်နှာလေးကို ငေးကြည့်ရင်း ကျော်ဇေယျ၏ရင်ထဲတွင် ပူလောင်လာပြန်လေသည်။ အိမွန်က သူမှာထားသော မိုးကုတ်မှကျောက်ထုပ်ကို ဈေးပိုပေးပြီးဖြတ်ယူသွားသော သူ၏သူငယ်ချင်း ပိုပိုဇော်မြင့်ကို ဒေါသတွေဖြစ်နေသည်။

" အဲဒီပတ္တမြားလေးတွေက အရမ်း အရည်ကောင်းတယ်။ ခရမ်းဆွဲလေး အနည်းအပါးပါတာလည်း အရည်ရွှမ်းတယ်။ ဒါကိုသိလို့ မှာထားတာ။ ရွှေစိုက်ပြီး အထည်ဆင်လိုက်ရင် ဈေးခေါ်လို့ အရမ်းကောင်းနေပြီ။ အဲဒါကို ဟိုမိန်းမက ကြားကနေ ဖြတ်ပြီး လူလည်လုပ်သွားတာ နည်းနည်းမှ မခံချင်ဘူး။ ငတ်လို့လုပ်တဲ့သူတွေ အငတ်ပြေကြပါစေလို့ စောင်းပြီး တွယ်ပစ်လိုက်တယ်။ အို .. တကယ့်ကို စိတ်တိုတာ သိရဲ့လား။ အိမွန်တို့က အလုပ်ကို ဂုဏ်သိက္ခာအတွက် လုပ်တာ။  စားစရာမရှိလို့ ထမင်းစားဖို့ ပျာယာခတ်နေကြတာတွေနဲ့ နည်းနည်းမှ တန်းမတူဘူး "

ဒေါသခိုးတွေ ကျိုက်ကျိုက်ဆူနေသော အိမွန်ကို စိတ်သက်သာရာရအောင် ဘာမှ မပြောတတ်၍ ဒီအတိုင်း ငြိမ်ထိုင်ကာ သူပြောသမျှ ပေပြီး နားထောင်နေလိုက်ရသည်မှာ နားတွေပင် ပူနေသည်။ " ဒီတစ်ခါ ကြိုးဝိုင်းထဲမှာတော့ မင်း အထိုးခံလိုက်ရတာပေါ့ အိမွန်ရယ်၊ ဒီသင်ခန်းစာကို ဆရာတင်ပြီး မင်းက သူများတွေကို တပြန် ပြန်ပြီး ထိုးဦးမယ်ဆိုရင်တော့ ...  " ။ သူက ဆုံးအောင် ဆက်မတွေးဖြစ်ပဲ သက်ပြင်းရှိုက်မိလေသည်။

( ၁၁ )

ကောင်မလေးအေးမယ် သေဆုံးသွားကြာင်းကို နောက်တစ်နေ့ကျတော့ သိရသည်။

" သူလမ်းကူးတာ မျဉ်းကျားက ကူးတာပါပဲတဲ့။ ဒါပေမယ့် ဝင်တိုက်တဲ့ကားက အရက်ကလဲမူး၊ အရှိန်ကလဲပြင်း၊ ဘရိတ်ကလဲ ချော်နေတော့ ကောင်မလေးခမျာ ပွဲချင်းပြီးပဲတဲ့ "

ပန်းရံကိုလှမောင်ကြီးက ဝမ်းနည်းပက်လက် ပြောသည်။ သူကတော့ ခေါင်းထဲတွင် ဆူဝေနောက်ကျိကာ " ဖြစ်မှ ဖြစ်ရလေ " ဟူသော စကားကိုသာ ထပ်ကာထပ်ကာ ပြောနေမိသည်။ " မင်းမသေခင်လေးမှာ ဒီကမ္ဘာ ဒီလောကကြီးမှာ မင်းရဲ့လုပ်ရပ်ကြောင့် စိတ်ဆင်းရဲခဲ့ရတဲ့သူ မရှိခဲ့ဘူးဆိုတာ တွေးလိုက်နိုင်ရဲ့လား အေးမယ် " ဟု စိတ်ထဲမှ အခါခါ မေးနေမိလေသည်။

အိမွန်ကို ကောင်မလေးအကြောင်း ပြောပြတော့ အိမွန်က " သနားပါတယ်နော် " ဟု ပြောသည်။ ထို့နောက် သူ၏အဘိဓမ္မာကို ဆက်ပြီး ဖွင့်ဆိုသည်။

" ဒီကမ္ဘာ ဒီလောကကြီးထဲ ရောက်လာပြီး ချမ်းလဲ မချမ်းသာ၊ လှလဲ မလှ၊  ပညာကလဲ မတတ်နဲ့ အဲဒီလိုဘဝမျိုးသာဆိုရင် အိမွန်တော့ အစောကြီးကတည်းက သေပစ်လိုက်မှာပဲ။ အသက်ရှင်နေရရင်လည်း လက်ဝှေ့ကြိုးဝိုင်းထဲဝင်ပြီး သူများထိုးသမျှ ခံနေရလို့ စုတ်ပြတ်နေတဲ့ ဘဝမျိုးပဲဖြစ်မှာ "

သူက လှလှပပလေး မဲ့ထားသော အိမွန်၏နှုတ်ခမ်းဖူးဖူးလေးကို ငေးကြည့်ရင်း ထိုနှုတ်ခမ်းအစုံကြားမှ ထွက်လာသော ဒဿနတရားများ၏အတိမ်အနက်ကို တွေးနေမိသည်။

" လူ့ဘဝဆိုတာ ချမ်းသာဖို့၊ လှပဖို့၊ ပညာတတ်ဖို့ သက်သက်ပဲလို့ ထင်နေရင် မင်း အမှားကြီးမှားနေပြီပေါ့ အိမွန်ရယ် " ဟု ပြောချင်သော်လည်း မပြောဖြစ်ခဲ့ပေ။

( ၁၂ )

နောက်နှစ်ရက်နေတော့ ကောင်မလေးကို သင်္ဂြိုဟ်သည်။ သူ့ကို ချစ်သူခင်သူ၊ လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းများ၏ ပေါင်းစုဒါနကြောင့် လှလှပပပင် မြေကျခဲ့သည်။ ကျော်ဇေယျ၏အမြင်တွင် ထူးဆန်းနေသည်က ဓာတ်ဆီဆိုင်မှ မိန်းမနှစ်ယောက်ဖြစ်သည်။ မည်းမည်းဝဝမိန်းမက ငွေပန်းစည်း ယူလာပြီး၊ ဖြူဖြူပိန်ပိန်မိန်းမက တရှုပ်ရှုပ် ငိုနေသည်။ အေးမယ်၏အခေါင်းနောက်မှ ဝမ်းနည်းပက်လက်လိုက်လာကြပြီး " သူတော်ကောင်းမလေးရေ သွားနှင့်တော့ဟဲ့ " ဟု မချိတင်ကဲ ရေရွတ်ကြသည်။ ဒီလိုဆိုတော့လည်း ကောင်မလေး စိတ်ကောင်းရှိမှန်း သူတို့ သိသွားကြသားပဲဟု တွေးရင်း ကျော်ဇေယျက အတန်ငယ်ကျေနပ်သွားသည်။

အသုဘပြီးတော့ ကျော်ဇေယျသည်  ခရီးကြုံရာ ကမ္ဘာအေးစေတီသို့ လှည့်ဝင်ခဲ့သည်။ အရိပ်ကောင်းရာ တစ်နေရာတွင် ထိုင်ရင်း စိတ်အတွေးများကို အဆုံးအစမရှိ လွှတ်ထုတ်ပစ်လိုက်သည်။ ဒီစိတ်တွေ ဒီအတွေးတွေ ဘယ်လောက်ဝေးဝေး ဝေးချင်သလောက်သာ ဝေး၊ ဘယ်လောက်ပြေးပြေး ပြေးချင်သလောက်သာ ပြေးပေတော့။ ဒီလို အစွမ်းကုန်လွှတ်ပေးလိုက်တော့လည်း စိတ်ဆိုသည့်အရာက သိပ်ဝေးဝေး ပြေးနိုင်သည်မဟုတ်။ တဝဲလည်လည်နှင့် ချည်တိုင် ပြန်ရောက်လာသည်။ ချည်တိုင်ပြန်ရောက်လာတော့ ထုံးစံအတိုင်း အိမွန်ကို သတိရသည်။

အိမွန်က " ညနေကျရင် လာခဲ့ဦးနော်" ဟု မှာထားသည်။ သူက သူစကာတင်ရွေးထားသူ သုံးဦးကို တစ်ချိန်စီခွဲပြီး အင်တာဗျူးလုပ်ကာ အမှတ်ပေးစနစ်ဖြင့် အမှတ်ပေးနေပုံရသည်။ ကျော်ဇေယျငယ်ငယ်တုန်းက ခဏခဏဖြစ်တတ်သည်။ နှစ်ဆယ့်လေးရောင်ပါသော ခဲတံရောင်စုံဘူးလေးကို လိုချင်လွန်းလို့ ပူဆာခဲ့ရသည်။ ဖေဖေက အဆင့်တစ်ရလျှင် ပေးမည်ဆို၍ ကြိုးစားလိုက်ရသည်မှာ တဖြည်းဖြည်းနှင့် အဆင့်တွေ တက်လာသည်။ သို့သော် သူတကယ် အဆင့်တစ်ရသောအခါကျတော့ ထိုရောင်စုံခဲတံဘူးလေးကို သူ သိပ်မကြိုက်တော့ပေ။

ပြိုင်ဘီးလေး လိုချင်တုန်းကလည်း ထိုသို့ပင်ဖြစ်သည်။ အနီရောင်ပြိုင်ဘီးလှလှလေးကို လိုချင်လွန်း၍ အိပ်မက်ထဲပင် ထည့်မက်တတ်သည်။ သို့သော် ပြိုင်ဘီးလေး တကယ်ရသောအခါကျတော့ ဦးဆာမိက သွားချင်သမျှနေရာတွေကို ကားနဲ့ လိုက်ပို့နေတာပဲ။ ပြိုင်ဘီးစီးရတာ ခြေလည်း ညောင်းသေး၊ မောလည်း မောသေး၊ နေလည်း ပူသေးဟု တွေးနေမိပြီဖြစ်သည်။

အင်း အခုတော့ တကယ့်အလှဆိုတာ ဘာလဲ ငါ သိသလိုလို ရှိနေပြီ။ အရင်တုန်းက ငါအရမ်းစွဲလမ်းခဲ့တဲ့ အလှဆိုတာ ပြိုင်ဘီးစီးရသလို ခြေလည်း ညောင်းသေး၊ နေလည်း ပူသေးဆိုသလို ဖြစ်နေတော့မယ်ထင်ပါရဲ့။ သူက သံဝေဂနှင့်တွေးရင်း မျက်လုံးအစုံကို ခေတ္တမျှ ပိတ်ထားလိုက်သည်။ အတွေးမျက်စိထဲတွင် ကောင်မလေးနှင့် အိမွန်ကို တလှည့်စီ မြင်ယောင်နေသည်။

ထိုနေ့ညနေ၌ အိမွန်ဆီသို့ သူ မရောက်ဖြစ်တော့ပေ။ နောက်ရက်များတွင်လည်း ဝတ်ကျေတန်းကျေသာ သွားဖြစ်သည်။ စွဲလမ်းမြတ်နိုးမှုတွေ ယုတ်လျော့ပြီး ခပ်ငေးငေး ခပ်ငိုင်ငိုင်ဖြစ်နေသော သူ့ကိုလည်း အိမွန်က မကျေမနပ် ဖြစ်လာလေသည်။ ထို့ကြောင့် ပြိုင်ပွဲမှနေပြီး မိမိ၏ဆန္ဒအလျောက် အေးချမ်းစွာ နှုတ်ထွက်လိုက်သည်။ သူငယ်ချင်းတွေက အသားကုန် ခြေသုတ်လာပြီး ပန်းဝင်ကာနီးမှ ထိုင်ချလိုက်သည့် လူမိုက်ဟု ထောပနာပြုကြလေသည်။ သူကတော့ သူ့အဓိပ္ပါယ်နှင့်သူ " ရမယ့်ဆုက ပြိုင်ဘီးပါကွာ " ဟု ပြန်ပြောတတ်လေသည်။

မစန္ဒာ

copy from သောကြာကြိုက်သောစာစုများ

No comments:

Post a Comment