"လရောင်မသိလိုက်တဲ့ကြယ်ကြွေသံ"
====================
#မိုးသက်ဆွေ
[1]
ကျွန်တော် ဖန်ခွက်ထဲက အနက်ရောင်ဝိုင်ကို တစ်ငုံသောက်လိုက်တယ်။ ရဲထက်ကိုကြည့်လိုက်တော့ လက်ထဲမှာ ၀ိုင်ခွက်ကိုကိုင်ထားရင်း ခပ်လှမ်းလှမ်းမြစ်အောက်ခြေကို လှမ်းငေးနေတာတွေ့ရတယ်။ သူငေးနေ ရာကို လှမ်းကြည့်လိုက်တော့ “အိုး”…ရေသူမလေးပါလား။ “ငေးလှချည်လားသူငယ်ချင်းရ“ ရဲထက်က သူခိုးလူ မိ မလုံမလဲပုံစံနဲ့ ကျွန်တော့်ဘက်လှည့်ပြုံးလာတယ်။“ဘာရယ်မဟုတ်ပါဘူးကွ၊သူတို့နှစ်ယောက်ရေကူးနေကြ တာ သဘောကျလို့ပါ”။ကောင်မလေးနှစ်ယောက်က ရေထဲမှာ တဗွမ်းဗွမ်းနဲ့ ရေကူးနေကြလေရဲ့။ ကျောက် ဆောင်ကို လာတိုက်လို့ ဖွာထွက်သွားတဲ့ ရေပန်းဖွားတွေရယ်၊ကောင်မလေးနှစ်ယောက်ရေဆော့ရာက လွင့် စင်ဖွာထွက်လာတဲ့ ရေမှုန်ရေစက်တွေရယ်ဟာ သက်ရှိရှုမျှော်ခင်း ပန်းချီကားတစ်ချပ်လို လှချင်တိုင်းလှနေ တော့တယ်။
ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်က တစ်လတစ်ခါ၊နှစ်လတစ်ခါဆိုသလို အားလပ်ရက်တွေမှာ ဆုံ ပြီး စိတ်ပြေလက်ပျောက် နေရာလေးတွေသွားလေ့ရှိပါတယ်။ သူငယ်ချင်းနှစ်ယောက်စလုံးက ခပ်အေးအေးသ မားတွေမို့ လူသူရှင်းလင်းတဲ့ ရိုးရာစားသောက်ဆိုင်လေးတွေ အေးအေးလူလူ အနားယူအပန်းဖြေလို့ရမယ့်နေ ရာလေးတွေ သွားလေ့ရှိတတ်ကြတယ်။ ဒီမြစ်ကမ်းဘေးက နေရာလေးကိုတော့ တစ်ခါမှ မရောက်ဖူးပါဘူး။ မ ရောက်ဖူးပေမဲ့လည်း ဒီနေရာလေးအကြောင်းကို ကြားကြားနေရပါတယ်။ ဘန်ဂလိုလေးတွေက လူသူကင်း ဆိတ်ပြီး လွတ်လပ်ကြောင်း၊နတ်သမီးလေးတွေကလည်း အပြုအစုကောင်းကြောင်း စသဖြင့်ကြားဖူးနေခဲ့ပါ တယ်။
“ငါတို့လည်း အောက်ဆင်းကြမလား”
“ဆင်းတာပေါ့”
ကျွန်တော်တို့နှစ်ယောက် အောက်ဆင်းလာတော့ နေရောင်ခပ်နွေးနွေးက ခေါင်းပေါ်ကနေဖြာကျလို့။ နွေဦးပေါက်နေရောင်ခြည်ဟာ ရှိန်းမြပြီး ခန္ဓာကိုယ်ကို နွေးထွေးသွားစေတယ်။ ကျွန်တော်တို့ နှစ်ယောက်က ကောင်မလေး နှစ်ယောက်ရေကူးနေရာ ခပ်လှမ်းလှမ်းက ကျောက်ဆောင်ပုတွေပေါ် တက်ထိုင်လိုက်တယ်။ နွေနေရောင်အောက်မှာ ဝိုင်ပုလင်းလေးတွေကိုင်ပြီး ထိုင်နေတဲ့ အမျိုးသားနှစ်ယောက်ရယ်၊ ခပ်လှမ်းလှမ်းမှာ ရေကူးနေကြတဲ့ ကောင်မလေးနှစ်ယောက်ရယ်ဟာ ကောင်းကင်နဲ့တောင်တန်းအောက်မှာ သိပ်ကိုရိုမန့်ဆန်နေ မလားလို့ ကျွန်တော်က ခပ်ကြောင်ကြောင်တွေးမိလိုက်သေးတယ်။ ပြီးမှ ကိုယ့်အတွေးကိုယ် ပြန်သဘောကျ ပြီး ပြုံးမိတယ်။ ကောင်မလေးနှစ်ယောက်ကတော့ အခုအချိန်ထိ ရေကူးနေကြတုန်းပဲ။ ကောင်မလေးတွေက ကျွန်တော်တို့ဘက်ကို ကျောပေးထားတာမို့ အခုအချိန်ထိတော့ သူတို့မျက်နှာတွေကို မမြင်ရသေးဘူး။
“နှုတ်ခမ်းတွေလည်းပြာနေပြီနော၊မချမ်းကြဘူးလား”
ရဲထက်ရဲ့ အသံကြားလို့ လှည့်ကြည့်လိုက်တော့ ကောင်မလေးနှစ်ယောက်က ရေထဲကတက်လာပြီး ကျောက်ဆောင်နားမှာ ရေစိုတဘက်တွေနဲ့ သုတ်နေကြတာတွေ့ရတယ်။ ရေစိုစို ဆံပင်ကို တဘက်နဲ့ ခပ်ဖွဖွ သုတ်နေတဲ့ ကောင်မလေးကို ကျွန်တော်အမှတ်တမဲ့ ငေးကြောင်ပြီးကြည့်နေမိတယ်။ ကောင်မလေးကလည်း ကျွန်တော့်ကိုကြည့်ပြီး တစ်ချက်တွေခနဲဖြစ်သွားတယ်။ တူလိုက်တာ။ ကျွန်တော့်စိတ်ထဲ ကောင်မလေးကို ကြည့်ရင်း ရုတ်တရက် စိုးစိုးဌေးကို သတိရမိသွားတယ်။ ဖြောင့်စင်းနေတဲ့ ဆံပင်ရှည်ရှည်တွေကို ဝေ့ခါလိုက်ပြီး မျက်နှာက မမော့ဘဲ အကြည့်နဲ့ဖျပ်ခနဲ မော့ကြည့်ပြီး ငုံ့ဝှက်သွားတဲ့ မျက်ဝန်းအစုံ။“အို” မျက်ဝန်းတွေကတော့ သိပ်ကိုတူနိုင်လွန်းလှတယ်။
သူမပဲဖြစ်နေလေသလား။ ဒါမှမဟုတ် လူတူမရှားဆိုတာမျိုးများလား။ မျက်လုံးတွေ၊ အကြည့်တွေက တော့ တစ်ပုံစံတည်းကို တူနေတာပဲ။ ဒါပေမဲ့ မျက်နှာပုံစံနဲ့ အသားအရေကတော့ နည်းနည်းပြောင်းလဲသွားသ လိုပဲ။ ဆယ်စုနှစ်တစ်ခုအတွင်း အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာဟာ အပြောင်းလဲကြီးပြောင်းလဲသွားနိုင်တာ ပဲလေ။ နောက်ပြီးတော့ ဆံပင်ပုံစံ။အရင်က စိုးစိုးဌေးက တင်ပါးဖုံးခါနီးထိ နက်မှောင်ရှည်လျားတဲ့ ဆံပင်တွေ ကို ပိုင်ဆိုင်ထားတဲ့ တည်ငြိမ်အေးချမ်းပြီး စမတ်ကျတဲ့ မိန်းကလေးတစ်ယောက်ပါ။အခုကောင်မလေးကတော့ ကျောလယ်လောက်ဆံပင်ကို ကောက်ဖွထားတဲ့ ခေတ်မီလှပတဲ့ ပုံစံမျိုး။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ စိုးစိုးဌေးသာ ဆိုရင်တော့ ဘယ်လိုမှရှိနေနိုင်မှာ မဟုတ်ပါဘူးလေ။
ကျွန်တော်တို့ အပေါ်ကို ပြန်တက်လာကြတော့ ညနေစောင်းခါနီးပြီမို့ လေလေးတွေက တသုန်သုန် တိုက်ခတ်လို့။ ကောင်မလေးနှစ်ယောက်လည်း ကျွန်တော်တို့နောက်ကနေ လိုက်တက်လာကြပြီး ဆိုင်နောက် ထဲကို ၀င်သွားကြတယ်။
“ဘယ်လိုလဲ သူငယ်ချင်း၊စိတ်ဝင်စားနေပြီလား။ခေါ်လို့ရတယ်နော်၊ခေါ်လိုက်ရမလား”
“ဒီမှာတော့ မထိုင်ချင်တော့ဘူးကွာ၊ အပြင်ကိုခေါ်လို့ရမလား မေးကြည့်လေ”
ရဲထက်က ကောင်တာမှာထိုင်နေတဲ့ အန်တီကြီးကို သွားမေးနေတာတွေ့ရတယ်။ ခဏကြာတော့ ရဲ ထက်က ပြန်ရောက်လာပြီး မျက်စိတစ်ဖက်မှိတ်ပြတယ်။ ကျွန်တော့်ရင်ထဲ လှပ်ခနဲတစ်ချက်ခုန်သွားပြီး ကျိတ် ပျော်သွားတယ်။
ကောင်မလေးနှစ်ယောက်ကနည်းနည်းကြာတော့အခန်းထဲကထွက်လာတယ်။ပန်းနုရောင်ဘလောက်စ် အင်္ကျီပျော့လေးနဲ့ အောက်က အပြာရောင်ဂျင်းဘောင်းဘီ ဒူးဖုံးအကျပ်လေးဝတ်ထားတဲ့ သူမကတော့ လှချင် တိုင်းလှနေတော့တာပဲ။ ရေချိုးပြီးခါစ ရှင်းသန့်နေတဲ့ မျက်နှာပေါ် မိတ်ကပ်ပါးပါးလေးလိမ်းပြီး နှုတ်ခမ်းနီမရဲတ ရဲ ဆိုးထားတဲ့ ကောင်မလေးမျက်နှာကိုကြည့်ပြီး ကျွန်တော့်ရင်ထဲ လှိုက်ခနဲ တစ်ချက်ခုန်သွားတယ်။
xxxxxxxxxx
[2]
ကားလေးက ကတ္တရာလမ်းမပေါ် တစ်ရိပ်ရိပ်ပြေးလွှားနေတယ်။ ကားအတွင်းခန်းမီးရောင်အောက်ထဲ မှာ ကျွန်တော်သူမကို လှည့်ကြည့်ချင်စိတ်တွေ တရွရွဖြစ်လို့။ ကိုယ်သင်းနံ့ယဉ်ယဉ်လေးဟာ အရင်တစ်ချိန်က ရခဲ့တဲ့ ကိုယ်သင်းနံ့များလားလို့ ကျွန်တော့်စိတ်ထဲ ဝေခွဲရခက်နေပြန်တယ်။ သူမကတော့ ရှေ့တည့်တည့်ကိုပဲ စူးစူးနစ်နစ်ငေးလို့။ ကျွန်တော်သူမဘက် ရုတ်တရက်လှည့်လိုက်တော့ သူမကလည်းကျွန်တော့်ဘက် အလှည့် နဲ့သွားတိုက်နေပြန်ရော။ သူမရဲ့ မျက်နှာမှာ ရှက်ရိပ်နဲ့ပြုံးရိပ်ရောပြီး ပိုနူးညံ့သိမ်မွေ့သွားသလို ခံစားရတယ်။
“နာမည် ဘယ်လိုခေါ်လဲဟင်”
“အဆွတ်ပါ”
စိတ်ထဲ လှိုက်ခနဲဟာသွားတယ်။ စိုးစိုးဌေး မဟုတ်ဘူး။အဆွတ်တဲ့။
သူမက ခန္ဓာကိုယ်လေးကို မသိမသာလေးလှုပ်ရမ်းရင်း အနေအထားကို ပြင်လိုက်တယ်။ သူမဆီက ထွက်လာတဲ့ ခေါင်းလျှော်ရည်နံ့လား၊ကိုယ်သင်းနံ့လား မပြောတတ်တဲ့ အနံ့ယဉ်ယဉ်လေးက နှာခေါင်းထဲ တိုး ဝှေ့ဝင်လာတယ်။ ကျွန်တော့်စိတ်ထဲ မွှေးရီသင်းပျံ့နေတဲ့ အနံ့က အတိတ်တစ်နေရာမှာ ရရှိခဲ့ဖူးတဲ့ ကိုယ်သင်း နံ့လေးကို ပြန်အမှတ်ရလာစေတယ်။
အဲဒီတုန်းကလည်း သူမဟာ ကျွန်တော်နဲ့ အခုလိုအနီးကပ် ရှိနေခဲ့တာပါပဲ။ နောက်ဆုံးနှစ် အဝေးသင် တက္ကသိုလ်စာမေးပွဲတွေ နောက်ဆုံးနေ့မှာ သူငယ်ချင်းတွေစုပြီး “မလိခ ရေတံခွန်”သွားခဲ့ကြတယ်။ မြို့နဲ့အ တော်လေးဝေးတဲ့ ရေတံခွန်မို့ အသွားချည်းကို မနက်တစ်ပိုင်းကျိုးသွားတယ်။ မိုင်တော်တော်များများကို ဆိုင် ကယ်မောင်းနှင်ခဲ့ပြီးတဲ့နောက်မှာတော့ တောလမ်းထဲမ၀င်ခင် ဆိုင်ကယ်အပ်တဲ့နေရာမှာ ဆိုင်ကယ်တွေအပ် ကြ၊တောထဲ လမ်းလျှောက်သွားကြ။ အဲဒီအချိန်ထိ သူမကို ကျွန်တော်သတိမထားမိသေးဘူး။ သူငယ်ချင်းတွေ စုသွားကြတဲ့အထဲ မေဂျာမတူတဲ့ သူငယ်ချင်းအစိမ်းတွေ ပါတာကိုတော့သိတယ်။
သူမနဲ့ ကျွန်တော်တွေ့ဆုံမှုက ရေတံခွန်က အပြန်မှာမှ ဇာတ်လမ်းစတယ်ပြောရမယ်။ သူမနဲ့ အတူလာ တဲ့ ကောင်မလေးက ရေတံခွန်ကအပြန် တောထဲကအထွက်မှာပဲ အဖျားတွေတက်ပြီး ဖျားပါလေရော။ ငှက် ဖျားအခံရှိတယ်ဆိုလားပဲ။ အဲဒီတော့ သူငယ်ချင်းတွေထဲက တစ်ယောက်က အဲဒီကောင်မလေးရဲ့ ဆိုင်ကယ် ကို ယူမောင်းပြီး ကောင်မလေးကိုတင်တယ်။ သူမကိုတော့ ကျွန်တော့် ဆိုင်ကယ်နောက်မှာ ထည့်လိုက်တယ်။ ကျွန်တော့်ဆိုင်ကယ်က လာကတည်းက နောက်မှာလူမပါဘူး။ အဲဒီလိုနဲ့ သူမကို ကျွန်တော့်နောက်မှာတင်ရင်း တောလမ်းထဲက ထွက်လာပြီး ကတ္တရာလမ်းမပေါ် ရောက်လာချိန်မှာတော့ ပတ်ဝန်းကျင်က အမှောင်သန်းစပြု ပြီ။ သူငယ်ချင်း တစ်စုလည်း အိမ်အပြန်စိတ်စောနေကြတော့ မောင်းရင်းမောင်းရင်းနဲ့ လူစုကွဲပြီး ကျွန်တော့် ဆိုင်ကယ်က နောက်မှာ တဖြည်းဖြည်းကျန်ခဲ့တယ်။ လရောင်ဆမ်းထားလို့ အနက်ရောင်လက်ထနေတဲ့ ကတ္တ ရာလမ်းပေါ် ဆိုင်ကယ်လေးကို မနှေးမမြန်လေးမောင်းရင်း တစ်နေရာရောက်တော့ ကျွန်တော့်ဆိုင်ကယ်က ထိုးရပ်သွားတယ်။
“ဘာများဖြစ်သွားပါလိမ့်” ကျွန်တော်စိတ်ပူပြီး ဆိုင်ကယ်ကို စစ်ကြည့်လိုက်တော့ ဆီကုန်သွားတာ။ဆီ ကမနက်မှ ထည့်ခဲ့ပေမယ့် ဆီတအားစားတဲ့ ဆိုင်ကယ်ကို ဆီအပြည့်ဖြည့်ဖို့ ကျွန်တော်မေ့လျော့ပေါ့ဆခဲ့မိတာ။ သူမကိုကြည့်လိုက်တော့ လရောင်အောက်မှာ သူမမျက်နှာလေးက ညိုးငယ်နွမ်းလျလို့။
“ဆိုင်ကယ်က ဆီပြတ်သွားတော့။ရှေ့ကရွာအထိရောက်အောင်တော့ တွန်းသွားရတော့မယ်၊မင်းကို အားနာလိုက်တာကွာ”
“ရပါတယ်ရှင်၊ ဘယ်တတ်နိုင်မလဲ၊ရှင်တော့မောတော့မှာပဲ”
အဲဒီလိုနဲ့ ကျွန်တော်က ဆိုင်ကယ်တွန်း၊သူမက ကျွန်တော့်ဘေးက လမ်းလျှောက်လိုက်ရင်းနဲ့ လာခဲ့ကြ တယ်။ လရောင်အောက်က လူပြတ်တဲ့ ကတ္တရာလမ်းမပေါ် လျှောက်လှမ်းနေကြတဲ့ ကျွန်တော်တို့နှစ်ယောက် အဖြစ်က စိတ်ပျက်စရာလည်းကောင်းသလို၊လေလေးတွေတဖြူးဖြူးတိုက်နေတဲ့ နက်မှောင်မှောင် ကတ္တရာ လမ်းပေါ် သူမနဲ့နှစ်ယောက်ယှဉ်တွဲပြီး လမ်းလျှောက်နေရတာက ကြည်နူးစရာကောင်းသလိုလည်း ခံစားရ တယ်။ သူမနာမည် စိုးစိုးဌေး၊အီးမေဂျာက၊ တနိုင်းမှာနေတယ် စတဲ့သူမရဲ့အကြောင်းတွေကိုလည်း အနည်းအ ကျဉ်း သိခဲ့ရတယ်။ လေသင့်တိုင်း၊လွင့်ပျံ့နေတဲ့ သူမရဲ့ ကိုယ်သင်းနံ့လေးရယ်၊လရောင်အောက်မှာ တဖျပ်ဖျပ် လွင့်ယမ်းနေတဲ့ သူမရဲ့ နက်မှောင်နေတဲ့ ဆံပင်ရှည်ရှည်တွေရယ်ကို ဘယ်လိုမှမေ့မရခဲ့ဘူး။နောက်တစ်ရက် ကျွန်တော်သူမအဆောင်ကို စုံစမ်းပြီးသွားကြည့်တော့ တနိုင်းကိုဒီမနက်ပဲ ပြန်သွားပြီတဲ့။ သူမအဆောင်က ပြန် လာတဲ့လမ်းတစ်လျှောက် ကျွန်တော့်ရင်ထဲ လွင့်ဟာလှိုက်မောနေခဲ့တယ်။
အဲဒီကတည်းက သူမကို ကျွန်တော်နောက်တစ်ခေါက် ပြန်မတွေ့ခဲ့ရတော့ဘူး။ ဆံပင်ရှည်ရှည်နဲ့ ဣနြေ္ဒ ရရ မိန်းကလေးတွေမြင်တိုင်း သူမများလားဆိုပြီး သတိထားကြည့်မိတတ်တဲ့ အကျင့်ကိုတောင် အတော်လေး ဖျောက်ယူခဲ့ရတယ်။ အခုတော့ အချိန်အတော်ကြီးကြာမှ သူမနဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကို ပြန်တွေ့နေ ခဲ့ရပြီ။
ရဲထက်က ကားလေးကို ခြံဝင်းကျယ်ကြီးတစ်ခုထဲ မောင်းဝင်သွားတယ်။ ဒီနေရာကို ကျွန်တော်တစ်ခါ မှ မရောက်ဖူးဘူး။ ခြံဝင်းထဲမှာ ကားတွေကတော့ တန်းစီလို့ ။
xxxxxxxxxx
[3]
အဆောက်အဦက အပြင်ကကြည့်ရင် အားကစားခန်းမကြီးတစ်ခုလို၊ဟောကြီးတစ်ခုလို အပြားကြီးကြီး နဲ့ ရှည်ရှည်မျောမျောကြီး။ အထဲမှာတော့ ၀င်လိုက်တာနဲ့ ဧည့်ကြိုကောင်တာကို တန်းတွေ့ရတယ်။ ရဲထက်နဲ့သူ့ ကောင်မလေးက ကောင်တာရှိရာသွားပြီး မန်နေဂျာနဲ့ စကားပြောနေကြတယ်။ ကျွန်တော့်ဘေးနားက သူမကို ကြည့်လိုက်တော့ ခေါင်းကလေးငုံ့ပြီး ဆလင်းဘက်အိတ်ကြီးကို လက်နှစ်ဖက်နဲ့ ပွတ်ခြေနေတာ တွေ့ရတယ်။ သူမစိတ်လှုပ်ရှားနေတာများလား။ ကြည့်ရတာ သူမလည်း ဒီကို တစ်ခါက်မှရောက်ဖူးပုံမပေါ်ဘူး။ရဲထက်ဘေး က ကောင်မလေးကတော့ ကောင်တာကလူတွေနဲ့ ရယ်ရယ်မောမော စကားပြောနေတာ တွေ့ရတယ်။
ကောင်တာက ကောင်လေးတစ်ယောက်က ကျွန်တော်တို့ကို အခန်းထဲလိုက်ပို့ပြီးတော့ ပြန်ထွက်သွား တယ်။ ခဏအကြာမှာ ဝိတ်တာတစ်ယောက်ရောက်လာပြီး စားစရာသောက်စရာတွေ လာချပေးတယ်။ အနက် ရောင် ဝိုင်ပုလင်းလေးတွေရယ်၊ ဖန်ကလပ်လေးတွေရယ်။ကျွန်တော် ဖန်ခွက်လေးတွေထဲ ဝိုင်ငှဲ့ထည့်ပြီး သူမ ရှေ့မှာ တစ်ခွက်ချပေးလိုက်တယ်။ ရဲထက်နဲ့ ဟိုကောင်မလေးကတော့ အခန်းထောင့်က တာ့ပ်စ်ခရင်စက်လေး နားမှာ သီချင်းတွေရွေးနေကြတယ်။
ကျွန်တော်သူမကို ငေးကြည့်လိုက်တော့ သူမက ဆိုဖာနောက်မှီပေါ် သက်သောင့်သက်သာလေးမှီရင်း ကာရာအိုကေစက်ကို ငေးကြည့်နေတာ တွေ့ရတယ်။
“ဝိုင်သောက်လေ၊မုန့်စားမလား”
ကျွန်တော်က သူမရှေ့ကို အာလူးကြော်ပန်းကန်နဲ့ အချဉ်ရည်ပန်းကန်လေး ရွှေ့ပေးလိုက်တယ်။ သူမ က ဆိုဖာခုံပေါ် ကျောမှီနေရာက ခါးဆန့်ပြီး “ရပါတယ် ၊မဆာပါဘူး” တဲ့။
သူမအသံ တိုးတိုးလျလျလေးမှာ နွမ်းမောနေသံ စွက်နေတယ်။ ပြီးတော့ ခေါင်းလေးကို ငုံ့ထားတယ်။ ခေါင်းငုံ့လိုက်တော့ ဆံပင်တွေက သူမမျက်နှာလေးကို ဖုံးသွားတယ်။
“အဆွတ်”
သူမက ဆံပင်တွေကို လက်ကလေးနဲ့ ဘေးကိုသပ်တင်လိုက်ပြီး ကျွန်တော့်ဘက်လှည့်ကြည့်တယ်။ ရီ ဝေကြွေလဲ့နေတဲ့ မျက်ဝန်းတွေမှာ ရှက်ရိပ်တွေက စွန်းထင်းလို့။ အဲဒီအခိုက်အတန့်လေးမှာ ကျွန်တော် သူမကို ငုံ့နမ်းလိုက်ချင်စိတ်တွေ မနည်းထိန်းထားရတယ်။
“ဘာလဲဟင်”
“သီချင်းဆိုမလားလို့ပါ”
“မဆိုတော့ ပါဘူး”
သူမက ကျွန်တော့်ကို ပြန်ဖြေပြီး ဆိုဖာနောက်မှီလေးပေါ် ပြန်ပြီးမှီနွဲ့သွားပြန်သွားတယ်။
“ဒါဆို ကိုယ်သီချင်းဆိုဦးမယ်နော်”
“အင်း”
ကျွန်တော်က ထူးအိမ်သင်ရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာကို သွားရွေးလိုက်တယ်။ ခဏကြာတော့ တီး လုံးသံလေး လွင့်ပျံ့ထွက်လာတယ်။
“နေဝင်ပြီဆိုရင် ကိုယ်လေငိုချင်တယ်၊ရင်မှာနာကျင်တဲ့ သီချင်းရယ် xxx မီးမထွန်းတဲ့ အခန်းကျဉ်းလေး ထဲ လိပ်ပြာငယ်လေးဝဲxxx ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်xxx”
ကျွန်တော်က သီချင်းဆိုရင်း သူမဘက်လှည့်တော့ သူမက သီချင်းလေးကို လိုက်ညည်းနေတာတွေ့ရ တယ်။
သီချင်းပြီးသွားတော့ ကျွန်တော်က မိုက်ကို စားပွဲပေါ်ပြန်ချထားလိုက်တယ်။
အခန်းလေးဟာ ပြာလဲ့လဲ့ မီးစလိုက်ရောင်စုံလေးတွေနဲ့ သိပ်ကိုအေးချမ်းငြိမ်သက်နေပြန်တယ်။ ဟိုနှစ် ယောက်ကတော့ အခန်းထောင့်လေးမှာ တွတ်ထိုးနေကြတာတွေ့ရတယ်။ ခဏကြာတော့ ရဲထက်နဲ့ ကောင်မ လေးက အခန်းထဲမှာရှိတဲ့ သန့်စင်ခန်းထဲ အတူတူဝင်သွားကြတာတွေ့ရတယ်။ ကျွန်တော်နဲ့သူမက အခန်းထဲ မှာ နှစ်ယောက်တည်း ကျန်နေခဲ့တယ်။ ကာရာအိုကေ စက်ကြီးကတော့ ငြိမ်သက်လို့ အပြာရောင်စခရင်ပဲ ပေါ် နေတော့တယ်။
ကျွန်တော်က စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိလိုက်တော့မလိုလုပ်ပြီးမှ သူမကို အားနာသွားပြီး ပြန်ချထားလိုက်တယ်။
“ရပါတယ် သောက်ပါ”
သူမကခွင့်ပေးလိုက်တော့ ကျွန်တော်ဆေးလိပ်ကို မီးညှိပြီး သောက်ဖွာလိုက်တယ်။ အပြာရောင်မီးခိုး မျှင်လေးတွေ မီးစလိုက်ရောင်စုံကြား လွင့်ရီဝေ့တက်သွားတာကို ကျွန်တော် ငေးကြည့်နေမိပြန်တယ်။
အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲ “စိုးစိုးဌေး” ဆိုတဲ့ ကောင်မလေးနဲ့ မင်းသိပ်တူတာပဲ။ မင်း စိုးစိုးဌေး ဟုတ်တယ် မဟုတ်လား” ဆိုပြီး မေးလိုက်ချင်စိတ်တွေက လှိုက်တက်နေပြန်တယ်။ ဒါပေမဲ့ သူမကို ကျွန်တော် ကဘာရယ်မှန်းမသိဘဲ အားနာနေမိပြန်တယ်။
“အဆွတ်က ဘယ်မှာနေတာလဲ”
“အဲဒီ ဆိုင်မှာပဲ”
အမှန်က ကျွန်တော်သိချင်တာက သူမဘယ်မြို့ကလဲဆိုတာကို သိချင်တာပါ။ ဒါပေမဲ့ ဆက်မေးလို့က လည်း မကောင်းတော့ဘူးမလား။ အမှောင်ရိပ်ကျနေတဲ့ သူမရဲ့မျက်နှာလေးကို ကျွန်တော်ခပ်ကြာကြာလေး ငေးကြည့်မိသွားတယ်။ သူမကလည်း ကျွန်တော့်ကို အမှတ်တမဲ့ ငေးကြည့်နေရာကနေခဏကြာမှသတိရသွား ပြီး ခေါင်းကိုပြန်ငုံ့သွားတယ်။ အဲဒီအခိုက်အတန့်လေးမှာ ကျွန်တော့်စိတ်ထဲ သူမရဲ့ခန္ဓာကိုယ်လေးကို ဆွဲယူ ပွေ့ဖက်ပြီး ရင်ခွင်ထဲ ထည့်ထားချင်စိတ်တွေ ပေါက်လာတယ်။ ကျွန်တော် တဖြည်းဖြည်းနဲ့ သူမအနားကပ် သွားတယ်။ အနားကပ်လာတဲ့ ကျွန်တော့်ကို ကြည့်ပြီး သူမကမှီနွဲ့နေရာကနေ ခန္ဓာကိုယ်လေးကို ဆတ်ခနဲ ပြင် ထိုင်လိုက်တယ်။ သူမအဲဒီလို လှုပ်ရှားသွားတာကို မြင်တော့မှ ကျွန်တော်သတိရပြီး ကိုယ်ရှိန်သပ်မိသွားတယ်။
အဲဒီအချိန်မှာပဲ ရဲထက်နဲ့ကောင်မလေးအခန်းထဲကနေ ပြန်ထွက်လာကြတယ်။
“ရဲထက် ငါတို့သွားရအောင်ကွာ”
“အိုကေလေ သွားကြတာပေါ့”
အားလုံးရှင်းလင်းပြီးလို့ DJခြံဝင်းကြီးထဲက ထွက်လာတော့ အပြင်ဘက်မှာ အမှောင်ထုက စေးပျစ် မှောင်မည်းနေလေပြီ။ ကားအတွင်းခန်း မီးရောင်အောက်မှာ ကျွန်တော်သူမမျက်နှာလေးကို ခိုးကြည့်မိတော့ သူမမျက်နှာလေးက နွမ်းလျရီဝေလို့။
သူမတို့ ဆိုင်လေးရှိရာကိုရောက်တော့ သူမကကားတံခါးဖွင့်ပြီး ဆင်းသွားတယ်။ ကျွန်တော်လည်း သူ မကိုကြည့်ပြီး ဘာပြောလို့ ပြောရမှန်းမသိဘူး။
“သွားတော့မယ်နော်”
သူမကလက်ကလေးပြ နှုတ်ဆက်ပြီး ဆိုင်ထဲဝင်ဝင်သွားတယ်။
အိမ်အပြန်လမ်းမှာတော့ ကားထဲမှာ သူငယ်ချင်းနှစ်ယောက် တိတ်ဆိတ်လို့။
“မင့်ကောင်မလေးကထူးဆန်းတယ်ကွ”
တိတ်ဆိတ်မှုကို ဖောက်ခွဲပြီး ရဲထက်က စကားစလာတယ်။
“ဘာထူးဆန်းတာလဲကွ”
“ဒီလိုကွ ဟိုကောင်မလေးပြောတာက မင်းကောင်မလေးက သူတို့လိုလိုင်း မဟုတ်ဘူးတဲ့ကွ။ အဲဒီဆိုင် ရှင် အဒေါ်ကြီးရဲ့ တူမအရင်းတဲ့။ သူ့ယောကျာ်းက တိုက်ပွဲမှာ ကျသွားတဲ့။ နှစ်နှစ်လောက်ရှိပြီဆိုလား။ အဲဒါသူ့ အဒေါ်ဆီမှာ စိတ်ပြေလက်ပျောက်လာနေနေတာတဲ့။ ပညာတတ်ဘွဲ့ရတဲ့။ ယောကျာ်းတွေနဲ့လည်း ကင်းကင်း ရှင်းရှင်းနေတာ၊မင်းနဲ့မှ ဘယ်လိုဖြစ်ပြီး လိုက်လာလဲ မသိဘူးတဲ့”
“နေဦး၊မင်းနာမည်ကော မေးလိုက်သေးလား”
ကျွန်တော့်ရင်တွေ အတော်လေးလှုပ်ရှားတုန်ယင်ပြီး မောဟိုက်လာတယ်။ ရဲထက်ကို အလောတကြီး မေးလိုက်တဲ့ အသံတွေတောင် အဖျားခတ်တုန်ယင်လို့။
“ပြောတော့ပြောတယ်ကွ၊ဘာဆိုလား၊သြော်…သိပြီ စိုးစိုးဌေးတဲ့”
ကျွန်တော့်နားထဲ မိုးကြိုးပစ်ချခံလိုက်ရသလို ဂျိမ်းခနဲ မြည်သွားတယ် ထင်ပါရဲ့။ရင်ထဲမှာလည်း ရုတ်တ ရက် လွင့်ဟာမြောက်တက်သွားသလိုမျိုး ခံစားလိုက်ရပြီး မှင်တက်မိသလိုဖြစ်သွားတယ်။
ကျွန်တော် သတိပြန်ဝင်လာတော့ စောစောက သူမထိုင်သွားတဲ့ ကားနောက်ခန်းက နေရာလေးကို လှည့်ကြည့်မိသွားတယ်။ သင်းပျံ့မွှေးရီတဲ့ ကိုယ်သင်းနံ့လေးဟာ ကျွန်တော့်နှာခေါင်းဝထဲ လူးလွန့်တိုးဝင်လာ တယ်။ ကျွန်တော့်အမြင်အာရုံထဲမှာတော့ လရောင်အောက်မှာ တဖျပ်ဖျပ်လှုပ်ခါ လွင့်ယမ်းနေတဲ့ ဆံပင်ရှည် ရှည်တွေကို တွေ့လိုက်ရတယ်။
မိုးသက်ဆွေ
ရွှေအမြုတေမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊
၂၀၁၇ ခုနှစ် ။
(၂၀၁၇ ခုနှစ် ပရိတ်သတ်အကြိုက်ဆုံး ရွှေအသစ်ဆုရ ဝတ္ထုတို)
No comments:
Post a Comment