“ ရွှေတံခါးကြီးဖွင့်ပါဦး”
*********
#မောင်သုတ(မြန်မာ)
“ရွှေတံခါးကြီးဖွင့်ပါဦး”
“ မဖွင့်နိုင်ဘူး”
“ မိုးပေါ်က ရွှေသေတ္တာကြီးပေးပါ့မယ်”
“ မလိုချင်ဘူး”
အိမ်ရှေ့မျက်စောင်းထိုးရှိ လူဝင်နည်းသော ကျူးကျော်တန်းလျား၏ လမ်းကျဉ်းလေး ပေါ်မှ လွင့်စဉ်ဖိတ်ကျလာသည့် ဆူဆူညံညံအသံလေးများကြောင့် ရေးလက်စဝတ္ထုတိုလေးကို ရပ်ကာ ခြံတံခါးအပေါက်ဝသို့ ထွက်လာမိသည်။
“ မိုးပေါ်က ရွှေလင်ပန်းကြီးပေးပါ့မယ်”
“ မလိုချင်ဘူး’’
နားထဲ ထပ်မံလျှံကျလာသော အသံလေးများကြောင့် ခြေလှမ်းများကို ထိုလမ်းသွယ်လေးဘက် သို့ ခပ်သွက်သွက် ဦးတည်ခဲ့တော့သည်။
ချမ်းစိမ့်စိမ့်ဆောင်းတစ်ည၏ ဖျော့တော့တော့ ဖြာကျနေသော လရောင်ခြည်အောက်၌ ကလေးတစ်သိုက် ပျော်မြူးနေကြသည်။ ငွေခြည်လွှာအောက်၌ သဲသဲကွဲကွဲ မမြင်ရသော အနိမ့်၊ အမြင့်၊ အပိန်၊ အဝ ပုံပန်းသဏ္ဍန်လေးများ၏ အနီးနားထိ တိုးကပ်သွားရင်း ကုက္ကိုလ်ပင် ကြီးတစ်ပင်အောက်က ခုံတန်းရှည်လေး၌ တိုးတိုးတိတ်တိတ် ဝင်ထိုင်လိုက်သည်။
“ ကိုကြီးသူရ မအိပ်သေးဘူးလား”
ဘယ်ကဘယ်လို အနားရောက်လာမှန်းမသိသော ကလေးတစ်ယောက်၏ အေးစက်နေ သောလက်တစ်ဖက်က ကျွန်တော့်လက်မောင်းကို လှုပ်ကိုင်ရင်း အသံပြုသည်။
“ သြော်…အေးအေး မအိပ်သေးဘူးကွ”
ဖြေသာဖြေလိုက်ရပေမဲ့ ဘယ်သူဘယ်ဝါမှန်းမသိသေးသောကြောင့် ထိုကလေး၏ မျက်နှာကို အမှောင်ရိပ်ကြားမှ ပြူးပြဲကြည့်ရသည်။
“ သြော်…ဖိုးခွား၊ ဟိုမှာ သွားမဆော့ဘဲနဲ့ ဒီမှာဘာလုပ်နေတာလဲကွ”
“ မေကြီး အခုထိပြန်မလာသေးလို့ စောင့်နေတာကိုကြီး”
“ ဟေ…အန်တီမိုးက အခုချိန်ထိ ပြန်မလာသေးဘူးလား”
“ ဟုတ်၊ မရောက်သေးဘူး ကိုကြီး”
ဖိုးခွားထံမှ တိုးတိတ်ပါးလျသောအသံက လေးလေးပင်ပင် ထွက်ပေါ်လာသည်။ အခါတိုင်း ဒီအချိန်ဆို အစွန်ဆုံးအခန်းလေး၌ မီးညွန့်လေး လူလူ လူလူဖြင့် ချက်ပြုတ်နေပြီဖြစ်
သော အန်တီမိုးက အခုချိန်ထိ ပြန်မရောက်သေးဆိုသဖြင့် အံ့သြသွားမိသည်။
“ ဖိုးခွား မင်းအမေက ဘယ်ဈေးသွားရောင်းတာလဲ၊ မင်း လိုက်မသွားဘူးလား”
ကျွန်တော်က စိုးရိမ်သလိုမေးတော့ ဖိုးခွားထံမှ သက်ပြင်းခပ်ဖွဖွချသံကို ကြားလိုက်ရ သည်။
“ သားကို မေကြီးရိုက်လိမ့်ရမယ်ဗျ၊ မေကြီးက သူမရှိတဲ့အချိန် ဘယ်မှ လျှောက်မသွား ရဘူးတဲ့။ နောက်ပြီးတော့ သူ့နောက်ကို လိုက်မလာဖို့ သေသေချာချာ မှာထားတယ်။ အခုဆို မေကြီးက ဈေးထဲမှာမရောင်းတော့ဘူး။ လမ်းတွေမှာ လိုက်ပတ်ပြီး လျှောက်အော်ရောင်းနေ တာ ကိုကြီးရ”
ကျွန်တော့်ဘက်လှည့်မကြည့်ဘဲ လမ်းထိပ်ဘက်သို့ ရှေ့တူရှုကြည့်ပြီး ပြန်ဖြေသော သူ့အသံကြောင့် ကျွန်တော်ပင် စိတ်မကောင်းဖြစ်သွားရသည်။ နေ့လယ်ခင်းကတည်းက လယ်ကွင်းထဲ ကန်စွန်းရွက်ဆင်းခူးပြီး လင်ပန်းတစ်ခုနှင့် ထွက်သွားသော အန်တီမိုးတစ်ယောက် တစ်စုံတစ်ခုများဖြစ်နေပြီလားဆိုသည့်အတွေးက ကျွန်တော့်ခေါင်းထဲ ရုတ်တရက် ဝင်ရောက်လာတော့ ရင်ထဲ ထိတ်ခနဲဖြစ်သွားပေမဲ့ တစ်ခါတစ်ခါ ထိုသို့နောက်ကျ တတ်တာကြောင့် နည်းနည်းတော့ စိတ်သက်သာရာ ရပြန်သည်။
“ မေကြီးကလည်း ကြာလိုက်တာ၊ ဘယ်နှနာရီတောင်ရှိပြီလဲ မသိဘူး”
ဖိုးခွါးထံမှ တိုးတိုးတိတ်တိတ်ဖြင့် အခါခါရေရွတ်နေသောအသံက ကျွန်တော့်နားထဲသို့ အကြိမ်ကြိမ်ဝင်ရောက်လာသည်။ အန်တီမိုးပြန်အလာကို သက်ပြင်းအခါခါချရင်း စောင့်မျှော် နေသော သူ့ပုံက တစ်ခုခုဖြစ်နေသလို ထင်ရ၏။
“ ဖိုးခွား မင်း ထမင်းရောစားပြီးရဲ့လား”
သနားစိတ်ဖြင့် စိုးရိမ်စွာမေးလိုက်သော ကျွန်တော့်စကားကို မကြားသည့်အလား ဖိုးခွားက သူ့အင်္ကျီအနားစကို လက်နှစ်ဖက်နှင့် လိမ်ကျစ်နေရင်း ဆူဆူညံညံကစားနေကြသော ကလေး တစ်သိုက်ဆီသို့ တစ်ချက်ကြည့်လိုက်၊ လမ်းထိပ်ဘက်သို့ မျှော်ကြည့်လိုက်ဖြင့် စိုးရိမ်ဗျာပါရ များနေသည်။
“ ဟေး….မိပြီကွ”
အော်ဟစ်ခုန်ပေါက်ကစားနေကြသော ကလေးတစ်သိုက်ဆီမှ ပြိုင်တူအော်ဟစ်လိုက်သည့် အသံကျယ်ကြီးကြောင့် ကျွန်တော်နှင့်ဖိုးခွား၏အကြည့်တို့သည် မပီဝိုးတဝါး ပုံရိပ်လေးများဆီ သို့ ပြိုင်တူရောက်သွားကြသည်။ အခါတိုင်း သူပါ ထိုကလေးအုပ်ထဲ အဘွားရွှေမြေးမလေးနှင့် အပြိုင် လက်လက်ထ ဆော့ကစားနေတတ်သောဖိုးခွားသည် ဒီတစ်ခါတော့ ငြိမ်ချက်သား ကောင်းနေသည်။
“ ဖိုးခွားရာ အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့။ မင်းအမေ ချက်ဖို့ပြုတ်ဖို့ ဈေးဝယ်နေလို့
နောက်ကျနေတာ နေမှာပေါ့ကွ။ တစ်ခါတလေ ဒီလိုပဲ နောက်ကျတတ်တယ်မဟုတ်လား”
ကျွန်တော်က ကိုယ့်စိတ်ကူးဖြင့် လိုရာဆွဲတွေးရင်း သူ့ကို နှစ်သိမ့်ကြည့်မိတော့ ကျွန်တော့်စကားကို မကြားသည့်အလား ဖိုးခွားမျက်နှာက လရောက်အောက်၌ တိတ်ဆိတ် ငြိမ်သက်နေသော လမ်းသွယ်ထိပ်လေးဘက်သို့သာ မမှိတ်မသုန် စိုက်ကြည့်နေနေဆဲ…။
*********
“ ဟေ့ကောင် သူရ၊ မင်းကို ငါခိုင်းထားတာ အခုထက်ထိ မလုပ်ရသေးဘူးလား”
နားထဲသို့ ခပ်ကြမ်းကြမ်းဝင်ရောက်လာသော အဖေ့အသံကြောင့် ဝတ္ထုတစ်ပုဒ်၌ စီးမျောသွက် လက်နေသောလက်က တုံ့ခနဲ ရပ်တန့်သွားသည်။
“ မင်းကိုတော့ ငါကြည့်မရတော့ဘူး။ တစ်နေ့တစ်နေ့ ဒီအရည်မရ၊ အဖတ်မရဟာတွေ ပဲလုပ်နေ။ မင်းကိုယ်မင်း ဘာကောင်များမှတ်နေလဲ ဟင်။ မဂ္ဂဇင်းမှာ ဝတ္ထုတိုလေးတစ်ပုဒ် လောက် ဖော်ပြခံရတာနဲ့ ကိုယ့်ကိုယ်ကို စာရေးဆရာလို ဘာလိုလိုနဲ့ စာရေးခုံရှေ့အချိန်ပြည့် တွယ်ကပ်နေတာ ဘာသောက်လုပ်မှ ခိုင်းမရတော့ဘူး။ အေး…မင်းရဲ့ အဲဒီအချိုးတွေ ပြင်ရင်ပြင်၊ မပြင်ရင်တော့ မင်းစာရေးခုံ တစ်စစီဖြစ်ပြီမှတ်”
“ ဟာ…ကျွန်တော့်ခုံနဲ့ ဘာဆိုင်လို့လဲဗျ”
ကျွန်တော်တန်ဖိုးထားရသော ပစ္စည်းကိုရန်ရှာလာသည်မို့ စိတ်ထဲကနေ ပက်ခနဲ ပြန်ပြောမိသည်။ အပြင်မှာတော့…
“ အဖေရာ ညနေမှ လုပ်ရမှာလေဗျာ။ အဖေပဲ ပြောထားပြီးတော့”
လေသံအေးအေးနှင့် အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်တော့ အဖေ နည်းနည်း တွေဝေသွားသည်။ ပြီးနောက် အဖေက သူ၏ အရေးကြောင်းထင်းနေသော နဖူးတစ်ဝိုက်ကို နဂိုထက်ပိုကျုံ့ကာ ဓါတ်ပြားဟောင်းကြီးကို စတင်ဖွင့်ပြပါတော့သည်။
“ အားနေတဲ့အချိန်မှာ ကိုယ့်အတွက် အကျိုးရှိမယ့် အင်္ဂလိပ်စာလေးဘာလေး လေ့လာ နေတာမဟုတ်ဘူး။ တစ်ဘာသာကို နှစ်နှစ်ပဲအချိန်ပေးဦး၊ ခြောက်နှစ်ဆို သုံးဘာသာလောက် ကောင်းကောင်းတက်နေပြီ။ အခုတော့ ယောင်တောင်ပေါင်တောင်နဲ့ ဟိုအလုပ်ဝင်၊ ဒီအလုပ် ထွက်၊ ဘွဲ့တစ်ခုသာ ရလာတယ်၊ ဘာမှ ဟုတ်တိပတ်တိ ဖြစ်မလာဘူး။ နောက်ဆို တဖြည်းဖြည်းနဲ့ အသက်ကကြီးလာပြီး ဘာအလုပ်မှ လုပ်လို့ရမှာမဟုတ်တော့ဘူးကွ နားလည်လား။ ဒီ ဘာမဟုတ်တာတွေပဲ ဆက်ပြီးလုပ်နေလို့ကတော့ မင်း မိန်းမထဘီနား ခိုစားရမယ်မှတ်”
ကျွန်တော်ပင် အလွတ်ရနေပြီဖြစ်သော အဖေ့ဓါတ်ပြားဟောင်းကြီးကြောင့် မည်သည့် စကားမျှ ပြန်မပြောတော့ဘဲ ထိုင်ခုံမှ ထကာ ခိုင်းထားသောကိစ္စကို ဖင်ပေါ့ပေါ့နှင့် လုပ်ဆောင် ရတော့သည်။ စိတ်ထဲမှာတော့ အဖေပြောသောစကားတိုင်းကို တစ်ခွန်းချင်းစီ ခွန်းတုံ့ပြန်နေခဲ့
မိတာတော့ အမှန်။
အဖေပြောတာ မှားသည်ဟု ကျွန်တော်မဆိုလိုပါ။ တချို့တလေလည်း မှန်ပါသည်။ သို့သော် စာရေးတာနှင့် မိန်းမထဘီနား ခိုစားတာနှင့်ကတော့ လားလာမျှ မသက်ဆိုင်ဟု ကျွန်တော်ထင်သည်။ အဖေ့စကားများအား အချက်ကျကျ ခွန်းတုံ့ပြန်ပက်နိုင်သော စကားလုံး များကို ကျွန်တော်သိသည်။ သို့ပေမဲ့ ကျွန်တော့်စကားလုံးများသည် ပြင်ပလေကို ထိတွေ့ခွင့် မရရှိလိုက်ဘဲ လည်မျိုထဲမှာတင် ပျောက်ကွယ်သွားကြရရှာသည်။ ကျွန်တော့်အဖေဖြစ်နေ သည်က တစ်ကြောင်း၊ ပြီးနောက် ကျွန်တော်ပြန်ပြောလိုက်သည့်အခါ အဖေက သူ့အသက် အရွယ်၊ အတွေ့အကြုံများနှင့် တိုင်းတာ၍ ထောင်သောင်းချီသော စကားလုံးများကို ကျွန်တော့် နားထံသို့ တရစပ်ပစ်ခတ်လာတော့မည့်အတွက်ကြောင့် ဆိတ်ဆိတ်နေလိုက်တော့သည်။
ကျွန်တော့်စိတ်ထဲ အဖေ့အတွက် တေးမှတ်ထားသော စကားလုံးတိုင်းသာ တစ်ချိန်ချိန် မှာများ စာရွက်ထက်အက္ခရာတင်ပြီး ပါလာခဲ့လျှင် အဖေမည်သို့ ခံစားရမည်နည်း။ ကျွန်တော့် စာမူပါလာသော ထိုမဂ္ဂဇင်းကို ကျွန်တော်ကကော အဖေ့မျက်နှာရှေ့ ရဲရဲကြီးပြရဲမည်လား။ ဟင့်အင်း ကျွန်တော့်စာမူကို အဖေ့မျက်နှာရှေ့သာမက တစ်နိုင်ငံလုံးရှေ့မှာပါ ရဲရဲကြီး ချပြဝံ့မည့်သူပါလို့ လက်ခမောင်းခတ် ပြောလိုက်လျှင်ကော ကျွန်တော့်ကို အဖေ မည်သို့ တုံ့ပြန်လိမ့်မည်နည်း…။
*********
ဒီည လဝန်းမသာဘူး။ ကြယ်ရောင်မလင်းဘူး။ လေပြည်မသွေးဘူး။ ဒီညဟာ ကျွန်တော်တို့လမ်းလေးအတွက် အထီးကျန်သည့် ညတစ်ည။ အမှောင်မိုက်ဆုံး ညတစ်ည။ အတိတ်ဆိတ်ဆုံး ညတစ်ည။
စာရေးခုံရှေ့ ထိုင်မိလိုက်သည်နှင့် ကျွန်တော့်စိတ်က အတိတ်မနက်ခင်းတစ်ခုဆီသို့ သာ ပျံ့လွင့်ရောက်ရှိနေတော့သည်။ အတိတ်ကို နှောင်ဖွဲ့နေသောစိတ်ကို ပစ္စုပ္ပန်သို့ ကြိုးစား ဆွဲယူကာ စာရွက်ပေါ်၌ လက်ကိုတင်ရင်း အာရုံများကို စုစည်းနေမိသည်။ သို့သော် ကျွန်တော့် လက်တစ်စုံက တုန်ယင်နေလို့…။
“ မဖယ်ဘူး။ ဒီမှာ ကျွန်မတို့နေတာ ကြာလှပြီ။ ဖယ်မပေးဘူး”
“ သားအမေကို မလုပ်နဲ့နော်”
“ ဟေ့ကောင်တွေ သတ္တိရှိရင် တစ်ယောက်ချင်းစီ လာကြကွ။ အခုလို မတရား အနိုင် မကျင့်ကြနဲ့”
“ သမီးတို့အိမ်လေးကို မဖြိုပါနဲ့ ဟီး…ဟီး…”
“ အမယ်လေး အရပ်ကူတို့ရေ…ဒီမှာ ကျုပ်တို့အိမ်တွေကို ဖျက်ဆီးနေကြပါတယ်တော့်”
မနက်စောစောစီးစီး ရုတ်တရက်ထွက်ပေါ်လာသော အသံများက ကမ္ဘာပျက်သည့်
အလား ဆူညံနေလျက်။ အဖေ၊ အစ်မ၊ ကျွန်တော် အိမ်ရှိလူအကုန် ကမန်းကတန်းထကာ ဆူညံသံများ ထွက်ပေါ်လာရာ ကျူးကျော်တန်းလျားဘက်သို့ အပြေးနှင်ခဲ့ကြသည်။
“ ဖြောင်း….ချုန်း….”
တဲပုတ်၊ အနုပ်စုတ်ကုပ်စုတ်ပါမချန် တရစပ်ဖြိုခွင်းနေသော ဘတ်ဖိုးကားကြီးများက ဆာလောင်မွတ်သိပ်နေသော အသားစားသတ္တဝါကြီးတွေအလား မြင်မြင်သမျှကို သူတို့ပါးစပ် ကြီးများနှင့် တိုက်ခိုက်ဖဲ့ခြွေနေတော့သည်။
“ဟာ…”
ကျွန်တော်တို့ တစ်မိသားစုလုံး အံ့အားသင့်နေကြသည်။ အဖေ့ကိုကြည့်မိတော့ ထိုသတ္တဝါကြီး များကို လိုရာရွှေ့ခိုင်းပြီး အမိန့်ပေးနေသော အကြီးအကဲဟု ထင်ရသည့် လူကြီးတစ်ဦးနှင့် အကြိတ်အနယ်ဆွေးနွေးနေပုံရသည်။ ဟိုမှာဒီမှာ ပြေးလွှားနေသော လူတချို့နှင့် ရုန်းရင်းဆန် ခတ်ဖြစ်နေကြသော လူများက ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု။ ငိုသံ၊ အော်ဟစ်သံ ပေါင်းစုံနေ သော ဒီနေရာလေးဟာ ငရဲပြည်အလား သွေးပျက်စရာအတိ။ ကွက်ကျားဖျက်ဆီးခံနေရသော သီးခြားကမ္ဘာလေးထဲ၌ အသံပေါင်းစုံ ဆူညံနေလျက်။ အလဲလဲအကွဲကွဲ အနိဋ္ဌာရုံများကို မြင်ရသောအခါ ကျွန်တော့်တစ်ကိုယ်လုံး ဓါတ်နှင့်အတို့ခံထားရသလို တဆတ်ဆတ် တုန်ယင်နေတော့သည်။
“ ဟာ…”
ကျွန်တော့်မျက်စိ ပြာဝေသွားသည်။ ကျွန်တော် သတိပြန်ဝင်လာသောအချိန်၌ အဘွားရွှေထံတွင် လူများ ဝိုင်းအုံနေကြပြီ။
“ အဘွား….အဘွား၊ ဘာဖြစ်သွားသေးလဲ၊ ကံကောင်းလို့ပေါ့ အဘွားရယ်”
ကျွန်တော် လူအုပ်ကြားထဲ အတင်းတိုးဝင်ရင်း အဘွားကို ပွေ့ထူဖက်ထားလိုက်မိသည်။ အဘွားရွှေ၏ ကျဉ်းမြောင်းသော မျက်ဝန်းစပ်ကြားမှ မျက်ရည်များ လိမ့်ဆင်းကျနေလျက်။ ကျွန်တော် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ဒီအချိန်မှာ အဘွားရွှေ၏လုပ်ရပ် မိုက်မဲသည်ဟု ကျွန်တော် မတွေးမိ။ တဖြောင်းဖြောင်း ကိုက်ဖဲ့ဖျက်ဆီးနေသော အဝါရောင် သတ္တဝါကြီးရှေ့ အတင်းပြေးဝင်သွားသော အဘွားရွှေ၏ခံစားချက်ကို ကျွန်တော် နားလည်ပေး နိုင်ဖို့ ခွန်အားများ မရှိချင်တော့။
အဘွားရွှေရှေ့ အချိန်မီရပ်တန့်နိုင်လိုက်သော ထိုသတ္တဝါကြီး၏ပါးစပ်ကြီးကို ကျွန်တော် မိုက်ရူးရဲစွာ စိတ်လွတ်ကိုယ်လွတ် ထိုးနေမိတော့သည်။ ကျွန်တော် သတိပြန်ဝင် လာသည့်အချိန်မှာတော့ ကျွန်တော့်လက်တစ်ခုလုံး နီရဲဖြာစင်းနေပြီ။ အဖေတို့၊ အစ်မတို့က ကျွန်တော့်ကိုဝိုင်းဆွဲပြီး အိမ်ကို အတင်းခေါ်လာခဲ့ပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်က ရုန်းကန်နေဆဲ။ အသားတွေ တဆတ်ဆတ်တုန်နေဆဲ…။
*********
“ တောင်တောင်…တောင်တောင်…”
အသံတစ်ဆယ့်တစ်ချက်ကို ကိုယ်စားပြုလိုက်သော လမ်းထိပ်ကင်းတဲကတော့ သူ၏ တာဝန်ကို ညစဉ်ကျေပွန်စွာ ထမ်းဆောင်နေဆဲ။ ကျွန်တော့်အတွေးတို့သည် အတိတ်နှင့် ပစ္စုပ္ပန် လူးလာကူးခတ်နေရင်းဖြင့် စာရွက်ပေါ်သို့ စာလုံးတစ်လုံးမျှ မရေးနိုင်သေး ပါ။ သို့သော် ကျွန်တော့်ဦးနှောက်ထဲမှာတော့ ရေးစရာအပိုင်းအစတို့က ပြည့်လျှံနေပေပြီ။ ထို အပိုင်းအစများကို အစီအရီ နေရာတကျ ပြန်ထားဖို့ အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။
“ ဟေ့ကောင် မအိပ်သေးဘူးလား၊ မနက်ဖြန် ကျောင်းသွားရမယ် မဟုတ်လား”
“ ဟုတ်၊ မနက်ဖြန် နေ့လယ်မှ သွားရမယ်အဖေ”
အိပ်ရာထဲမှ လှမ်းအော်မေးသော အဖေ့အသံက အရင်လို ဒေါသအငွေ့အသက်တို့ မပါတော့။ ဟုတ်ပါသည်။ မနက်ဖြန် အင်္ဂလိပ်စာ နေ့လယ်ပိုင်းသင်တန်းနှင့် တရုတ်စာ ညနေ ပိုင်းသင်တန်းတက်ရမည်။ ကျွန်တော့်ဘဝရပ်တည်မှုအတွက် အသက်မွေးမှု အတတ်ပညာ တစ်ခုခုကို မဖြစ်မနေ တက်ရောက်ဖို့ လေးလေးနက်နက် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် အဖေ့စကားတစ်ခွန်းကြောင့်သာ ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟုပြောလျှင် ပို၍ မှန်နိုင်ပေ လိမ့်မည်။
လွန်ခဲ့သော အပတ်က အဓမ္မဖျက်ဆီးခံခဲ့ရသည့် ဖိုးခွားလေးတို့၏ ကျူးကျော်တန်းလျား ဘက်မှ မျက်ရည်လည်ရွဲပြန်ခေါ်လာခဲ့ရသော ကျွန်တော့်ကို အိမ်ရောက်ရောက်ချင်း မမက ဆေးထည့်၊ ပတ်တီး စည်းပေးသည်။ အဖေကလည်း ကျွန်တော့်ဘေးနားထိုင်ကာ သွေးပေကျံ နေသော ကျွန်တော့်လက်ကို အသာလေး ကိုင်တွယ်ရင် တောက်တခေါက်ခေါက်ဖြင့် ဒေါသ ထွက်နေသည်။ ပြီးနောက် ခံပြင်းနာကျင်သော လေသံဖြင့် ကျွန်တော့်ကို ပြတ်ပြတ်သားသား စကားတစ်ခွန်း ဖွင့်ဟလာခဲ့သည်။
“ ဒီလို မတရားဖိနှိပ်ခံရတဲ့ အလဲလဲအကွဲကွဲ အောက်ခြေမိသားစုတွေအကြောင်းကို ဝတ္ထုရေးပြီး ပို့စမ်းကွာ”
အဖေ့ဆီမှ နာကြည်းမုန်းတီးစိတ်ဖြင့် ထွက်ပေါ်လာသောအသံကြောင့် ကျွန်တော့်နား ပင် မယုံနိုင်သလို မော့ကြည့်မိတော့ အဖေ့မျက်နှာ တစ်ဖက်သို့ လှည့်သွားသည်။ ကျွန်တော် သိသည်။ အဖေ့ရင်ထဲ၌ မုန်တိုင်းတစ်စင်း တိုက်ခတ်ယိမ်းထိုးနေသည့်အလား ဗြောင်းဆန်နေ ပေလိမ့်မည်ဆိုတာကို တစ်ဖက်သို့ လှည့်သွားသော အဖေ့မျက်ဝန်းအိမ်မှ လွင့်စင်ဖိတ်ကျလာ သည့် မျက်ရည်တစ်စက်က ဖော်ပြပေးခဲ့ပြီ မဟုတ်လား။
ကျွန်တော် တစ်ချက်ပြုံးလိုက်မိသည်။ ထိုအပြုံးက ဖိုးခွားလေးတို့အပေါ် မတရားရာ ကျပေမဲ့ ကျွန်တော် ကျေကျေနပ်နပ် ပြုံးလိုက်မိပါပြီ။ ကျွန်တော် စာရေးခွင့်ရပြီ။ ယခုလို မတရားဖိနှိပ်ခံကြရသော ဘဝများအကြောင်းကို ဘွဲ့တစ်ခုရပြီး အလုပ်မည်မည်ရရ မရှိသေးသော ကျွန်တော်က အားလုံးသိအောင်၊ တစ်နိုင်ငံလုံး စာနာ နားလည်ပေးနိုင်အောင် ဖော်ပြခွင့်ရပြီ၊ ကြိုးစားခွင့်ရပြီလေ။ ကျွန်တော့်အပြုံးအတွက် ဖိုးခွားလေးတို့ ကျူးကျော်တန်းလျားမှ အားလုံးသော မိသားစုလေးများ နားလည်ပေးနိုင်ကြလိမ့်မည် ထင်ပါရဲ့။
“ တောင်တောင်…..တောင်တောင်…..”
အချိန်မှန်မှန် တာဝန်ကျေသော လမ်းထိပ်ကျူးကျော်ကင်းတဲဆီမှ တစ်ဆယ့်နှစ်ချက် အသံ ထွက်ပေါ်လာခဲ့ပြီ။ သေချာတာကတော့ ထိုကင်းတဲလေးရှိ သံချောင်းခေါက်လိုက်သူမှာ အခါတိုင်းခေါက်နေကျ ပိစိလေး၏အဖေ မဟုတ်တော့မှန်း ကျွန်တော့်ရင်ထဲ နာကျင်စွာ သိနေခဲ့ပါပြီ။ တူညီသော ဝတ္တရားများကို မတူညီသောလူများက ပြောင်းလဲအစားထိုး လုပ်ကိုင် နေခဲ့ကြပြီမဟုတ်လား။
ကျွန်တော့်ဦးနှောက်ထဲ၌ တန်းစီထားသောစကားလုံးများက ပြည့်နှက်နေပြီဖြစ်သော် လည်း ယခုအချိန်ထိ စာရွက်ပေါ်သို့ စာလုံးတစ်လုံးမျှ မတင်ရသေးပါ။ စာဖြင့် ဖော်ပြ၍မရနိုင် လောက်အောင် ခံစားနေရသော စိတ်ဝေဒနာပေါင်းစုံတို့ကို ယာဘက်လက်ဖျားထိပ်သို့ အားယူ ပို့လွှတ်ပြီး စကားစုလေးတစ်စုကို စာရွက်ဖြူဖွေးဖွေးလေးပေါ်သို့ ခပ်ကြီးကြီး ချရေးလိုက်ပါတော့သည်။
“ ရွှေတံခါးကြီး ဖွင့်ပါဦး” ။
မောင်သုတ (မြန်မာ)
.....ရွှေအမြုတေ၊ ဇန်နဝါရီလ၊ ၂၀၁၇
No comments:
Post a Comment