"ဇွန် သဇင် ခွာညို ရင်ဖိုညများ"
================
#ခင်ခင်ထူး
မိုးပြေးကလေးတွေ တသည်းသည်းဖျန်းပက်နေသော အခန်းပြတင်းဝက မိုးမြင်ကွင်းကို ငေးမိငေးရာ ကျွန်မ ငေးမောကြည့်နေမိပါသည်။ မြောက်ဘက်တောင်ကုန်းဒေသဘက်ဆီကို ပို့နေသော မိုးသက်လေ ခပ်ရှရှကလေး တိုက်ခိုက်နေသောကြောင့် မိုးမှုန်တွေက စွေစွေစောင်းစောင်း ပြေးလွှားနေသည်နှင့်ပင် တူပါ၏။ မိုးပြေးရနံ့ နှင့်အတူပါလာသော ထောင်းကနဲထလာသည့် မြေသင်းနံ့ကို ကျွန်မ တမက်တမောကြီး ရှူရှိုက်မိပါသည်။ သည်လိုမုတ်သုန်ရာသီ ကျရောက်လေတိုင်း ကျွန်မ ရင်နှင့်အမျှ နှစ်သက်စွဲလန်းမိရသော ရနံ့များ ကျွန်မရှေ့မှောက် ရောက်လာတတ်မြဲဖြစ်ပါသည်။ မိုးပြေးရနံ့၊ မြေသင်းနံ့ ပြီးတော့ ဇွန်ပန်းကလေးများ၏ ရနံ့။
ငယ်ရွယ်သေးကွေးလွန်းလှသော ပန်းပွင့်ကလေး မွှေးမွှေးတွေဆီက သင်းပျံ့ထုံအီလွန်းလှသော ရနံ့သင်းသင်းတွေ ဖောဖောသီသီကြီးရနေတတ်တာကိုပဲ ကျွန်မ အံ့သြနှစ်သက်နေမိခြင်းဖြစ်၏။ ဇွန်ဖူးကလေးတွေကို အပ်ချည်မျှင်ဖြင့် တစ်ဖူးချင်း တန်းဆက်သီကုံးထားခြင်းကပင် ကနွဲ့ကလျနိုင်လှ၏။ ရေစိုဝတ်ပါးကလေးဖြင့် အုပ်ထားလိုက်လျှင် ဖွေးဖွေးလှုပ်လှုပ် ပန်းကုံးကြိုးလုံးကြီး ဖြစ်သွားတတ်ပါသည်။ ထိုပန်းကုံးကြိုးလုံးကြီးကိုမြင်ရလျှင် ကျွန်မ အာရုံတွေကို ပန်းတွေက ပုတ်နိုးနေသလို ခံစားမိရ၏။ ကြည်သင်းသော ဇွန်ပန်းရနံ့နှင့် ဖွေးဖွေးလှုပ်လှုပ် ပန်းကုံးကြိုးလုံးကြီးတွေက ကျွန်မ အာရုံအတွင်းမှ မှိန်တစ်ခါ လင်းတလှည့် မီးရောင်အောက်တွင် ဇွန်ပန်းကုံးတွေက ဖြူလိုက် ပြာလိုက် နီလိုက်၊ ဝါလိုက် ဖျပ်ခနဲ ဖျပ်ခနဲ အရောင်တွေ ပြောင်းပြောင်းသွားလိုက်ပုံများ။ ဇာတ်ရုံတွင်းက အနံ့စုံကို ကျော်လွန်ကာ ဇွန်ပန်းရနံ့တွေကသာ ဇာတ်ရုံနံ့အဖြစ် ကြိုင်လှောက်နေတတ်၏။ သည်ဇာတ်ရုံနံ့ကို ကျွန်မ နှစ်ပေါင်းများစွာ ခံစားခဲ့ရဖူးသည်။ တကယ့်ကို နှစ်ပေါင်းများစွာ။
သည်တုံးက ကျွန်မတို့ နေထိုင်ရာမန္တလေးမြို့စွန် ရပ်ကွက်ကလေးဆီမှ နှစ်မိုင်ကျော် သုံးမိုင်ဝေးသော သုံးဆယ့်ငါးလမ်း (အေလမ်း) ဘေးရှိ ဒေးဝန်ရပ် “မြသီတာ” ဇာတ်ရုံကြီးအရောက် ပွဲသွားကြည့်ရသည်မှာ သိပ်တော့ မလွယ်လှပါ။ ပွဲကြည့်သွားမည့်သူများ တူရာ တူရာ စုကာစပ်ကာ မြည်းလှည်းတစ်စီး ငှားထားကြရသည်။ ထိုစဉ်က မြင်းလှည်းစီးလုံးငှားခ အသွားအပြန် ငွေသုံးဆယ်လောက် ပေးရသည်။ အသွားအပြန်ခရီးကို တစ်ယောက်လေးကျပ်လောက်သာကျသည့် မြင်းလှည်းခကို နှမြောသဖြင့် တစ်ခါတစ်ရံ သည်ပွဲခရီးကို ညနေစောစောကတည်းက လမ်းလျှောက်ရင်းသွားကြရသည့်အခါလည်း ရှိပါ၏။ ရုံဝင်ခ နှစ်ကျပ်နှင့် ဖျာတစ်ချပ် လေးငါးဆယ်ကတော့ ကိစ္စမရှိ။ တစ်နှစ်တစ်ခါပွဲဆိုတော့ ကြည့်ဖြစ်အောင် ကြည့်ကြမြဲဖြစ်သည်။ ကျွန်မတို့ ငယ်ငယ် ရွာက နေစဉ်က တစ်ရွာ့တစ်ရွာ လှည်းတစ်တန် လှေတစ်တန် ပွဲလိုက်ကြည့်ရသည်နှင့်တောင် တူပါသည်။
ဝါဆို ဝါခေါင်ဇာတ်ပွဲတွေ ရုံသွင်းကြပြီဆိုလျှင် အနည်းဆုံး တစ်လကိုးသီတင်း ကြာတတ်သည်ဟု ကျွန်မ ထင်ပါသည်။ ဇာတ်ရုံကြီးများတွင် ရုံသွင်းကပြသော ဇာတ်ပွဲများကို ရုံဇာတ်၊ ရုံပွဲဟု ခေါ်တတ်ကြသည်။ ဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူပွဲများတွင် လူမျိုးတစ်ရာ့တစ်ပါးကြည့်နိုင်အောင် ဇာတ်ခုံထိုး၍ ကပြသော ဇာတ်ပွဲများကို ဗလာဇာတ်ပွဲဟု ခေါ်တတ်ကြပါသည်။ ရုံပွဲတွေက ဗလာပွဲတွေထက် အဆင့်ပိုမြင့်သည်။ အပြင်အဆင်လှသည်။ ခမ်းနားသည်။ တစ်နှစ်တစ်ခါ သည်လို ဇွန်ပန်းနံ့တွေ လှိုင်လှိုင်ထသည့် အခါရာသီမှ ရုံဇာတ်တွေကို ကြည့်ခွင့်ရတာကလည်း အမျတ်ရစရာ ဖြစ်နေတတ်သည်။ ရုံပွဲများတွင် ကျွန်မ အများဆုံးကြည့်ဖြစ်ခဲ့သည့် ဇာတ်မှာ မန္တလေးမြို့ခံဇာတ်ဖြစ်သော မြို့တော်သိန်းအောင် ဇာတ်ဖြစ်သည်။ မြို့တော်သိန်းအောင်၏ စင်တင် ပြဇာတ်များကို ကျွန်မ အလွန်ကြိုက်သည်။ ကျွန်မ မန္တလေးသူဖြစ်နေတာနှင့်တော့ ဆိုင်လိမ့်မည်မထင်ပါ။ တစ်နိုင်ငံလုံးက စွဲလန်းနှစ်သက်သည့် ဇာတ်ကို ကြိုက်ခြင်းမျိုးသာ ဖြစ်ပါသည်။ ကောင်းလည်း ကောင်းပေသကိုး။
မြို့တော်၏ စင်တင်ပြဇာတ်များကို ကျွန်မ အလယ်တန်းကျောင်းသူဘဝလောက်ကတည်းက ကြည့်ခွင့်ရခဲ့သည်။ ပွဲအလွန်ကြိုက်သော ရွာမှ ကျွန်မကြီးတော်ကြောင့် ကျွန်မ ငယ်ငယ်ကတည်းက ပွဲကြိုက်ခင်ဖြစ်ခဲ့ရသည်ဟု ဆိုချင်ပါသည်။ ဇာတ်ပွဲတွေ ရုံသွင်းပြီဆိုသည့် သတင်း ရွာဘက်ကို သီခနဲ ရောက်သည်နှင့် ကြီးတော်က သစ်စေးသုတ် တောင်းမည်းမည်းကလေး တစ်လုံးရွက်ကာ ပြည်ကူးတို့လုံး သင်္ဘောကြီးစီးရင်း ကျွန်မတို့အိမ်ကို ရောက်လာတတ်မြဲဖြစ်သည်။ မြို့ရောက်သည်နှင့် ချက်ချင်းပဲ ပွဲသွားကြည့်တော့မလို အမြဲတမ်း ခြေလှမ်းတပြင်ပြင်ဖြစ်နေတတ်သူဆိုတော့ ကြီးတော်ကို ကြည့်ပြီး ကျွန်မတို့ ရယ်ကြရမြဲဖြစ်၏။ မန္တလေးကို ရောက်လာကတည်းက ရုံပွဲတွေ ညစဉ်ရက်ဆက်လိုလို ကြည့်လိုက်သည်မှာ ဇာတ်ပွဲတွေ ပတ်စာခွာဖျာသိမ်းရုံမက ဇာတ်ရုံကြီးပါ ဖျက်ပါပြီဆိုမှ ကြီးတော်လည်း စိတ်ချလက်ချ ရွာပြန်တတ်၏။ သည်ကြီးတော်လာလေတိုင်း ပွဲကြည့်ဖော်က ကျွန်မ ပြောခဲ့သလို ကျွန်မနှင့် ရပ်ကွက်ထဲက ဇာတ်ပွဲလိုက်ကြည့်သူများဖြစ်၍ ကျွန်မကတော့ မပါမနေရ ပွဲကြည့်ဖော်ဖြစ်ပါသည်။
“မြို့တော်သိန်းအောင်ဇာတ် ကောင်းချက်ကတော့ ကမ်းကုန်သယ်၊ အော်ပရာလဲ အော်ပရာမို့။ ပြဇာတ်လဲ ပြဇာတ်မို့၊ သစ္စာထားနှစ်ပါးသွားလဲ နှစ်ပါးသွားမို့၊ နောက်ပိုင်းဇာတ်ထုတ်လဲ နောက်ပိုင်းဇာတ်ထုတ်မို့ ကြားမဟာရပေါင်အေ၊ ငါဖြင့် အပေါ့အပါးတောင် ထမသွားမိဘူး။ သည်လို ဇာတ်မျိုး ကြည့်ရလို့ကတော့ ပိုက်စပ် ဘယ်လောက်ကုန်ကုန် လှစိန်တို့က ကုန်သယ်ထင်ပါတော်၊ ရွာမြေကြီးက ထွက်တဲ့ အသီးမြို့တော်ဇာတ်ကြည့်ဖို့ပဲဟဲ့၊ အိမ်လဲ ပြောပြီးသား”
ကျွန်မကြီးတော်၏ သဘောထားဖြစ်ပါသည်။ ရွာပြန်ရောက်လျှင်တော့ ကြီးတော်တစ်ယောက် ရွာရိုးကိုးပေါက် လျှောက်ကာမြို့က ကြည့်လာခဲ့သည့် ဇာတ်ကြောင်းတွေ လှန်ကာ လှန်ကာ စကားတွေ ဖောင်လေတော့၏။ ကျွန်မကိုယ်တိုင်ကတော့ ငယ်ရွယ်သေးသည်ဆိုသော်လည်း တစ်ခေတ်တစ်ခါက ထွန်းတောက်ခဲ့သော ပြဇာတ်များကို တစွဲတလန်းရှိခဲ့ရပါသည်။ အထူးသဖြင့် မြို့တော်ဇာတ်သဘင်၏ စင်တင်ပြဇာတ်များသည် ကျွန်မ၏ အသည်းစွဲပြဇာတ်များ ဖြစ်တော့၏။ ကျွန်မ စွဲလန်းသလောက် မှတ်မိနေခဲ့သော ပြဇာတ်များမှာ “မိုးလား တိမ်လား မြူလား”၊ “သဘင်သည်မဝင်ရ” ၊ “ကောက်ပင်တရေးနိုး”၊ “ကိုးဆယ်ဆသာလိမ့်မယ်” စသည့် ပြဇာတ်များပင် ဖြစ်သည်။ သည်ပြဇာတ်များကို ကျွန်မ အခါပေါင်း မရေတွက်နိုင်အောင်ပင် ကြည့်ခဲ့ရသည်။ ပြဇာတ်သရုပ်ဆောင်ကောင်များ၏ သရုပ်ဆောင်များနှင့် စကားလုံးတွေကိုပင် အတိအကျ မဟုတ်သည့်တိုင် ကျွန်မ ထင်မှတ်ကြားယောင်နေဆဲဖြစ်၏။
“ကောင်းကင်တစ်ခုမှာ ပြေးလွှားနေတဲ့ဟာတွေကို ခေးသိလား”
“မိုးလား တိမ်လား မြူလား ခေမခွဲတတ်ပါဘူး အစ်ကို”
“တကယ်တော့ မိုးတိမ်ဆိုရင်လဲ လူသားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာကိုင်းကျွန်းနဲ့ စပါးဆန်ရေအတွက် ဖြစ်စေရမယ်၊ မြူမှုန်ဆိုရင်လဲ စိမ်းလန်းတဲ့ တောင်တန်းနဲ့ ချမ်းမြေ့မယ့် နှလုံးသားကို စိုပြည်အောင် ဖန်ဆင်းပေးမှာပဲ၊ အေး မိုးလဲမဟုတ် တိမ်လဲမမည် မြူလဲမဟုတ်ဘဲ စစ်မြေစစ်တလင်းက ယမ်းခိုးယမ်းငွေ့တွေများ ဖြစ်ခဲ့ရင် ကိုယ်တို့အတွက် ဝမ်းနည်းစရာတွေပေါ့”
ဗိုလ်ကြီး ကိုဝင်းနှင့် ခေးတို့၏ ဇာတ်ခုံပေါ်က စကားသံများက ယနေ့အချိန်အထိ ကျွန်မနားထဲမှာ ပဲ့တင်ရိုက်ခတ်နေဆဲဖြစ်သည်။ ကမ္ဘာမြေပေါ်က မပြီးဆုံးနိုင်သေးသော စစ်မြေစစ်တလင်းက ယမ်းခိုး ယမ်းငွေ့တွေကို မိုးလား တိမ်လား မြူလား ကျွန်မတို့ ခွဲခြားဖို့ ခက်နေရသည်မဟုတ်လား။ ဂြိုဟ်တုစလောင်းကို ကြည့်မိလေတိုင်း သည်စကားသံများကို ကျွန်မ သတိရနေတတ်ပါ၏။
ရုပ်ရှင်ပိတ်ကားပေါ်မှာ ရုပ်ရှင်အဖြစ် ကြည့်ခွင့်ရသည့်တိုင် ဇာတ်ခုံပေါ်က လူကိုယ်တိုင် အရှင်လတ်လတ် ပြဇာတ် ဇာတ်ရုပ်တွေ လောက် ရင်ထဲမရောက်ခဲ့သော ဦးသက်နှင်း၊ ဝတ်မှုံ၊ ကျော့မာတို့၏ သဘင်သည် မဝင်ရ၊ မြို့ကိုတက်၍ အလုပ်လုပ်မည်ဆိုသော ခွေးဖြူမကို မှာတမ်းတွေ ချွေခဲ့သည့် ကိုကြီးမောင်၏ ဟန် မာန် အသံများ။
“ကျုပ်တို့ဟာ နွားနဲ့ ဖက်ရုန်းရပေမယ့် နွားလိုတော့ နဖားကြိုးအတပ်မခံနိုင်ဘူးဗျို့”
တောင်သူလယ်သမားများ၏ ကျုံးဝါးသံကလည်း သူတို့ ဘဝက ပေးသော အသိဖြစ်ပါလိမ့်မည်။
“ကောက်ပင်နိုင်ငံ ဖွံ့ဖြိုးရန် အုံးခြိမ့်ခြိမ့် ရင့်ကျူးညံ …
တောင်သူ့တေးသံကို အားမန် ကောက်ပင်နိုးဖွင့်ရန် …”
စသည့် ကောက်ပင်တရေးနိုးသံများကတော့ မြစိမ်းရောင် တော်လှန်ရေးဖြစ်လိမ့်မည်။
မြို့တော် စင်တင်ပြဇာတ်များထဲတွင် ကျွန်မ အစွဲလန်းဆုံးနှင့် ခံစားမှု အကဲရဆုံးသော ပြဇာတ်မှာ “ကိုးဆယ်ဆလ၏သာလိမ့်မယ်” ဆိုသည့် ပြဇာတ်ပဲ ဖြစ်ပါသည်။ သည်ပြဇာတ်ကို ကျွန်မ အထက်တန်းကျောင်းသူဘဝမှာ ကြည့်ခဲ့ရသော ပြဇာတ်မို့ နားလည်သဘောပေါက်မှုနှင့်အတူ ရင်ထဲ လန်းဆတ်နေဆဲဖြစ်သည်။ ပြဇာတ်ထဲမှ ဇာတ်ရုပ်များဖြစ်ကြသော ဂျင်းစိမ်းနှင့် ပျူစောထီးသိန်းဆုတို့ မောင်နှမ၏ ဘဝ၊ ရွှေစာရံ ဘုရားပွဲခံစားမှု၊ မြို့တော်သိန်းအောင်၊ မောင်မောင်သိန်း၊ သက်ထားဆွေ၊ ပြီးတော့ ပြဇာတ်ထဲက မင်းသမီး ညိုညိုဆန်း၏ ထန်းရွက်ပုတီး။
“နွားကြန်စုံ ခြေကုန်မောင်းတော့ … မြေတုန်စောင်းအောင် … လှည်းဘီးကလေးက ခြာခြာလည် … မောင့်သူငယ်ချင်းတွေ၊ အလွန်ပင်စတဲ့ ရှင်မွန်လှရဲ့ နားတောင်းကျ ချောင်းထဲမယ် … ခရီးသွားတော့ သမီးရည်းစားဘဝ ဘာလိုလိုရယ် … ရင်ထဲဖိုလှိုက်နေမိတယ် … အသက်မကြီးသေးပေါင်မောင်ရယ်၊ ထန်းရွက်ပုတီးကလေး ဆွဲလို့ ရွှေစာရံ အရောက်သွားစို့ကွယ်”
ပြဇာတ်ခွင်ထဲမှာ အငြိမ့်စင် ထိုးမထားပါ။ အငြိမ့်စင်က ဇာတ်ခုံပေါ်မှာပဲ ရှိသည်။ ပြဇာတ်ခွင်ပေါ်မှာက အငြိမ့်ပွဲထိုင်ကြည့်နေကြသည့် ပွဲခင်း ရှုခင်း၊ အော်ကြ ဟစ်ကြ ရယ်ကြ မောကြ၊ လူအုပ်ကြီး နောက်မှာက နွားတပ်လှည်းဘီး တစ်ဖက်၊ နွားချိုထောင်ကြီးက အနားရပ်နေသည့် ပွဲကြည့်သူ၏ ပုဆိုးကို ထိုးထိုးကော်တော့ ရယ်ကြရသည်။ ပျူစောထီးသိန်းဆုက လုပ်သေနတ်ကြီး တကားကားနှင့် ပွဲခင်းထဲ ရောက်လာတတ်သေး၏။
သည်ပွဲခင်းမြင်ကွင်းက ကျေးလက်ဘဝများနှင့် နီးစပ်လို့ နေသည်။ အငြိမ့်မင်းသမီးကို မပြဘဲ အငြိမ့်ပွဲကြည့်ပရိသတ်ကိုပြသည့် ရုပ်ရှင်ဆန်သည့် ပြကွက်ကလေးကို ကျွန်မ အလွန်သဘောကျခဲ့မိပါသည်။ ဇာတ်သဘင်၏ တင်ဆက်ပုံ အနုပညာသည်ပင် ခံစားစရာဖြစ်နေရသည်။
မြို့တော်စင်တင်ပြဇာတ်တွေကို ရေးဖွဲ့ခဲ့သူ မြို့တော် မောင်ယဉ်အောင်ကို သည့်နောက်ပိုင်း ကျွန်မ တွေ့ဆုံမိတ်ဆက်ခဲ့ရစဉ်က ကျွန်မ၏ စိတ်ခံစားမှုသည်လည်း ပြဇာတ်ဆန်ခဲ့သည်။ ရုံပွဲများနှင့် တဖြည်းဖြည်း ဝေးကွာခဲ့ရပြီးသည့်နောက် နှစ်ပေါင်းအတော်ကြီးကြာမှ မြို့တော်ပြဇာတ်ဖန်တီးရှင်နှင့် ကျွန်မ တွေ့ဆုံခဲ့ရခြင်းဖြစ်၏။ ဆရာပေါ်ဦးသက် အထိမ်းအမှတ်ပြပွဲတွင် ဆရာ့ကို ကျွန်မ တကန်တက သွားရောက်မိတ်ဖွဲ့ခဲ့သည်။
“ကောက်ပင်တွေ တစ်ရေးနိုးပါဦးဆရာ”
ကျွန်မကပြောတော့ ဆရာမျက်ဝန်းတွေ ရီဝေသွားသည်။ ဆရာသည်လည်း ပြဇာတ်တစ်ခေတ် တိမ်စတွေကို ဆုပ်ဖမ်းနေပုံ ရပါသည်။ သည်ပြဇာတ်တွေကို ဖန်တီးခဲ့သော ဖန်တီးရှင် ကိုယ်တိုင် ပြဇာတ်နှင့် ဝေးကွဲခဲ့ရခြင်းအပေါ် နှမြောတသ ခံစားနေရမှာ အမှန်ပဲ ဖြစ်သည်။ ပြဇာတ်ထဲက ဇာတ်ရုပ်များဖြစ်ကြသော ပျူစောထီးသိန်းဆု၊ မြို့တော်ဦးပေါစံတို့ကိုလည်း ကျွန်မ တလေးတစ်စားရှိခဲ့မိသည်ပင်။
“ပြဇာတ်” ဆိုသော ဝေါဟာရကို ကျွန်မ စဉ်းစားနေမိပါသည်။ “ပြ” ဆိုသော စကားမှာ မြန်မာစကားဖြစ်၍ “ဇာတ်” ဆိုသော စကားမှာ ပါဠိ၊ “ဇာတက” ဆိုသော စကားမှ ပျက်လာသော စကားဖြစ်သည်ဟု ဆိုကြပါသည်။ ပြသသော ဇာတက။ ဤစကားနှစ်လုံးကို ပေါင်း၍ “ပြဇာတ်” ဟု ခေါ်ကြောင်း ကျွန်မ မှတ်သားဖူးပါ၏။ “ပြ” ဆိုသော စကား အဓိပ္ပာယ်သည် ဖုံးကွယ်နေသောအခါတွင် သော်လည်းကောင်း၊ ဝေးလံနေသော အခါတွင်သော်လည်းကောင်း၊ အခြားတစ်ခုသော အကြောင်းကြောင့်သော်လည်းကောင်း၊ ရုတ်တရက်မမြင်သောအခါတွင်သော်လည်းကောင်း၊ မြင်သာအောင် လုပ်ပေးခြင်းဟု အနက်ရှိသည်ဆို၏။
“ဇာတ်” ဆိုသော စကားသည် မြန်မာအခေါ်ဖြစ်၍ ပါဠိဇာတကမှ ဆင်းသက်လာသည်။ “ဇာတ” နှင့် “က” ကို ပေါင်းစပ်ထးသော စကားဖြစ်၍ ဇာတကအနက်မှာ ဖြစ်လာသည်။ ဇာတ်တော်ဟု အဓိပ္ပာယ်ရသည်။ ရှေးဘဝများက ဘုရားအလောင်းအဖြစ်နှင့် သက်ဆိုင်သည့် ဝတ္ထုများဟု ဆိုလိုသည်။ ထို့ကြောင့် “ပြဇာတ်” ဟူသော စကားသည် “အဖြစ်ကိုပြချက်” ဟု အဓိပ္ပာယ်ကောက်နိုင်သည်ဟု ဆို၏။ လူ့ဘဝထဲကဖြစ်ခြင်း၊ ပျက်ခြင်းတွေကို ပြသချက်များဟု ဆိုရပါမည်။
လူ့ဘဝထဲက အဖြစ်တွေကို ပြနိုင်သော ဇာတ်တွေ စင်ပေါ်မှာ တရေးနိုးခွင့် မရကြတော့တာလည်း ဘာအကြောင်းတွေများ ရှိပါလိမ့်။ စင်ပေါ်အထိ တက်မလာနိုင်လောက်အောင် ပြဇာတ်တွေ ရောဂါရနေကြတာများလားလို့လည်း ကျွန်မ တွေးမိပါသည်။ ဒါကိုတော့ ကျွန်မ မခွဲခြားတတ်ပါ။ သို့သော် တစ်ခေတ်တစ်ခါက စင်တင်ပြဇာတ်များလို ကျွန်မတို့ နှစ်နှစ်ခြိုက်ခြိုက် တစွဲတလန်း ကြည့်စရာမရှိတော့တာကတော့ သေချာနေပါပြီ။ ပြဇာတ်များ ကြိုက်လှချည့်ဆိုသော ကြီးတော်ပင် ရွာက ဆန်တက် မလာတာ နှစ်တွေကြာလှပြီ။ ပြဇာတ်တွေ ပျောက်သွားတော့ ကြီးတော်ပါ ပျောက်နေလေပြီ။
ကျွန်မတို့ ငယ်စဉ်က ဖြတ်သန်းခဲ့ရသော ပြဇာတ်များမှာ မြို့တော်၏ ရုံသွင်းစင်တင်ပြဇာတ်များချည်းမကပါ။ ရုံပွဲတွေ သိမ်းချိန်တွင်မတော့ မန္တလေးမြို့ပေါ်မှာ ဂေါ်သဇင်ပန်းတွေ၊ စိန်သဇင်ပန်းတွေ ဖွေးဖွေးလှုပ်အောင် ပွင့်ကြပြန်သည်။ မန်းမြေမှာ စမ်းရေစတွေနှင့် ဖျန်းလေက တသုန်သုန်ဆိုတော့ သဇင်ပန်းရနံ့တွေ သင်းလာခဲ့ရပြန်ပြီ။ ဟိုအရပ် သည်အရပ် ဘုရားပွဲတကာမှာ ဗလာဇာတ်တွေ အမြီးဆက်ခေါင်းဆက် ကြည့်ကြဖို့ ပြင်ရပြန်သည်။ ဆောင်းဦးလေပြေကြားမှာ သဲ့ကာ ယဲ့ကာ နွဲ့ကာ တွဲ့ကာ ပါလာတတ်သော ဆိုင်းသံဗုံသံတွေက ကျွန်မတို့လို ပွဲချစ်သူတွေကို ပုတ်ခတ်လှုပ်နိုးတတ်ပါသေးသည်။ ဘယ်သူ့ဇာတ်တဲ့လဲ၊ ဘယ်အရပ်မှာ တဲ့လဲ၊ ဘယ်လောက်ဝေးသလဲ မေးမြန်းစုံစမ်းပြီး ပွဲကြည့်လိုက်ကြရသည်။ ယောက်ျားကလေးများအဖို့ စက်ဘီးကို ဒေါက်ထောက်ကာ ပြဇာတ်အပြီးလောက်အထိတော့ သွားငေးဖြစ်အောင် ငေးကြမြဲဖြစ်သည်။ ကျွန်မတို့ မိန်းကလေးတွေကတော့ ဟိုအရပ် သည်အရပ်က သူငယ်ချင်းများနှင့် စုကာပေါင်းကာ မင်းစင်များ ဝယ်ကြရသည်။ တစ်အုပ်တမ တကန်တက သွားရောက်ပွဲကြည့် ကြလေ့ရှိ၏။ သဇင်ပန်းတွေက ဝေလို့။
“ဘယ်သူ့ဇာတ်လဲ”
“အောင်ကြည်သန်းဇာတ်လေ”
“ဒါဆို ပြဇာတ်က အပယ်ခံကျည်းတန်ပေါ့”
ဇာတ်ပွဲသံကြားလျှင် ပြဇာတ်ကဏ္ဍကို အရင်မေးမြန်းစုံစမ်းစိတ်ဝင်တစားရှိခဲ့ကြသည်မှာလဲ ပြဇာတ်များ၏အရှိန်အဝါကောင်းမှုပဲ ဖြစ်သည်။ သည်တုံးက ကျွန်မ ကြည့်ခဲ့ဖူးသော ဇာတ်တွေက ကျွန်မရင်ထဲမှာ ပျက်ကြေမသွားကြသေးပါ။ ပန်တျာကျော်ဝင်း၊ မြို့တော်အောင်ကြည်သန်း၊ စိန်လှမြိုင်၊ ရွှေနန်းတင်၊ ရတနာတင်လင်း၊ မြို့တော်တင်ဝမ်း၊ နန်းအောင်၊ သည်ဇာတ်မင်းသားများနှင့် တွဲကာ ပြဇာတ်တစ်ခေတ်ကို ထူထောင်ခဲ့ကြသော ပြဇာတ်မင်းသား မင်းသမီးတွေကိုလည်း ကျွန်မ အမှတ်တရ ရှိနေဆဲဖြစ်ပါသည်။ ဝတ္ထုကောင်းတစ်ပုဒ်ကို ဖတ်ရသလို ရင်ထဲအထိ ငြိရသော လူ့ဘဝဇာတ်ထုပ်တွေကတော့ ရိုးအီမသွားပါ။
ပန်တျာကော်ဝင်းဇာတ်မှာတော့ ပန်တျာကျော်ဝင်းကိုယ်တိုင် ပြဇာတ်သရုပ်ဆောင်တတ်ရုံမက ညီအစ်ကို မောင်နှမတွေကလည်း ပြဇာတ်သရုပ်ဆောင်များအဖြစ် ပါဝင်ကူညီပံ့ပိုးခဲ့ကြသည်။ ပန်တျာ နီနီဝင်း၊ ထွေးထွေးအောင်၊ ခင်ဝင်းကြည်၊ ကော်လိပ်မြိုင်တို့နှင့် သုံးပန်လှ၊ အမြင့်ဆုံးသစ်ပင်၊ အနီရောင်စက်ဝိုင်း။ မြို့တော်အောင်ကြည်သန်းဇာတ်မှာ သဘာဝပြဇာတ်မင်းသားကြီး အပယ်ခံကျည်းတန်က ပြဇာတ်မင်းသားဖြစ်သည်။ အပယ်ခံကျည်းတန်ကို ကျွန်မ မူလတန်းကျောင်းသူဘဝ မြင်းခြံမှာ နေစဉ်ကတည်းက “အောင်သိန်း၊ အောင်မြိုင်စိန်” ဇာတ်နှင့်အတူ ကျွန်မ ကြည့်ခဲ့ဖူးပါသည်။ ရုပ်ဆိုးအကျည်းတန်သော သဘာဝပြဇာတ်မင်းသားကြီး၏ အနုပညာအားကလည်း ကောင်းလွန်းလှသည်ကော။ ပြဇာတ်ကြီးများပင်မက တစ်ခန်းရပ် ပြဇာတ်များကိုပင် ပရိသတ်ရင်ထဲ အရောက်ပို့နိုင်ခဲ့သူဖြစ်၏။ ရုပ်ရှင်နှင့် ပြဇာတ်မင်းသမီး ဖြူဖြူဝင်း၊ မိုမိုအောင်တို့နှင့်တွဲကာ ပြဇာတ်လောကို လွှမ်းမိုးခဲ့သည်။ “ညိုမီ ထဘီဝတ်တတ်ပြီ” ပြဇာတ်ကို ကျွန်မ သတိရသည်။
စိန်လှမြိုင်ကတော ပြဇာတ်မင်းသား လူငယ်မိုးဆန်းဦးနှင့် ပရိသတ်ရခဲ့သည်ဟု ထင်ပါသည်။ ရွှေနန်းတင်ဇာတ်မှာတော့ သားဖြစ်သူ နန်းဝင်းဆန်းက ပြဇာတ်မင်းသား၊ ရတနာတင်လင်းဇာတ်က ပြဇာတ်မင်းသားချော ဝင်းမင်းသန့် စသဖြင့် ဇာတ်နှင့် ပြဇာတ်တွဲဖက် အောင်မြင်ခဲ့ကြသည်။ လူငယ်ကြည်ခိုင်၏ “ပိတောက်ရယ် ငုရယ် ခေါင်ရမ်းရယ်” ပြဇာတ်ကို ရတနာတင်လင်းက စင်တင်ခဲ့သလို အပယ်ခံ ကျည်းတန်လျှမ်းလျှမ်းတောက်လာချိန်တွင် အပယ်ခံသုည၊ ညမွေးစသည့် သဘာဝပြဇာတ်မင်းသားတွေကလည်း မှိုပွင့်များလို ပေါ်လာခဲ့ပါသေးသည်။ ရွက်ဟောင်းတွေ ကြွေတော့လည်း ရွက်နုတွေဝေရမြဲ မဟုတ်လား၊ မျိုးဆက်တွေက အလိုက်တသင့် ရှိနေသည်။
ကျွန်မတို့ ဧရာဝတီမြစ်ဘေးရပ်ကွက် ဘုရားပွဲက နှစ်စဉ်ပြာသိုလမှာ ကျင်းပမြဲဖြစ်ပါသည်။ ငွေနှင်းမှုန်ရီ ဝေဝေစီ မြောက်လေဆော်သွေးအေးတဲ့ လရာသီဖြစ်သည့်အထဲ မြစ်ဆိပ်ကမ်းနဖူးမှာ ဇာတ်ခုံထိုး၍ ကရသည်မို့ ကမ်းကုန်အောင် ချမ်းတုန်လှချိန်ပဲဖြစ်၏။ မြစ်လေတဖြူးဖြူး တိုက်ခတ်သောကြောင့် ကတ္တီပါကားလိပ်တွေက မြစ်လှိုင်းတွေလို လူးလွန့်နေတတ်သည်။ ခွာညိုပန်းတွေကတော့ ပွဲခင်းထဲမှာ ကြဲပက်ထားသလားထင်ရသည်။ သူ့ခေါင်းမျာလဲ ခွာညို၊ ငါ့ခေါင်းမှာလဲ ခွာညို၊ ခွာညိုပန်း ပွဲတော်ကြီးခင်းပြန်ပြီ။ မြစ်လေတသွေးသွေး၊ ကတ္တီပါကားလိပ် အိလှုပ်လှုပ်၊ ခွာညို၊ ခွာပြာသင်းသော ပွဲခင်းညတွေထဲမှာ ကျွန်မ ပျော်ဝင်နေခဲ့သည်။ ကျွန်မ မျှော်လင့်စောင့်စားခဲ့ရသော ပြဇာတ်ပိုင်းရောက်လျှင် စကားတစ်လုံး၊ သီချင်းတစ်ပါဒ လက်မလွတ်ရလေအောင် ခေါင်းကလေးထောင်ကာ ထောင်ကာ ကြည့်မောခဲ့သည်ပဲဖြစ်၏။
နောင် စာကလေး ပေးကလေး ရေးဖြစ်လာတော့ တစ်ချိန်က ပြဇာတ်များကို ကျွန်မ ဘာကြောင့် တမြတ်တနိုး စွဲလန်းခဲ့မိရပါလိမ့်ဟု မကြာမကြာ တွေးဖြစ်ခဲ့ပါသည်။ ကျွန်မ စဉ်းစားရမိသလောက် ပြဇာတ်များသည် လူထုဘဝနှင့် နီးစပ်ပြီး ဘဝသရုပ်ကို ဇာတ်ကောင် စရိုက်ပီအောင် ပီပြင်စွာ ဖော်ထုတ်နိုင်ခြင်းကြောင့် ထင်မိပါ၏။ ပြလို ပြောလိုသည့်အချက်ကို ရင်ထဲရောက်အောင် ခံစားလို့ရသည်။ အပြင်အဆင်၊ လှုပ်ရှားမှု၊ အသံ၊ အရောင်နှင့် ဘဝသရုပ်များကို ပေါင်းစပ်လိုက်တော့ ပြဇာတ်တွေက ခုံမင်စရာကောင်းလာခဲ့သည်။ စွဲလန်းစရာဖြစ်လာရသည်။ လူ့ဘဝသရုပ်ကို ဖော်ကျူးနိုင်လေတော့ ခံစားစရာ ဖြစ်ရသည်။
အခုအခါမှာတော့ ရုံပွဲတွေ တကန်တက သွင်း၍ ကသံ မကြားရတော့သော်လည်း ဗလာဇာတ်တွေကတော့ ခြိမ့်ခြိမ့်ညံနေအောင် ခင်းကျင်းပြသနေဆဲဖြစ်သည်။ အသက်အရွယ်ကြောင့်ပဲလား၊ ဇာတ်တွေကပဲ ဆွဲဆောင်အားနည်းလာလို့လားတော့ မသိပါ။ ကျွန်မ ဇာတ်ပွဲမကြည့်ဖြစ်ခဲ့သည်မှာ ကြာပြီ။ သို့သော် မြောက်ပြန်လေအေးနှင့်အတူ လွန့်လူးကာ ကျွန်မတို့အိမ်ခန်းကလေးထဲဆီအထိ ရောက်လာတတ်သော ဆိုင်းသံ၊ ဗုံသံ၊ ဇာတ်သံများကိုတော့ လွမ်းလောက်အောင် ကြားနေရဆဲဖြစ်ပါသည်။ ဆိုင်းသံ၊ ဗုံသံထက် အီလက်ထရစ် ဂစ်တာသံ စူးစူးကြီးတွေက နားထဲစူးစူးအောင့်အောင့် ဝင်လာသည်။ လေးလုံးမကွဲသော ကပြားသံ၊ အသံသေးအသံကြောင်များက အီလက်ထရစ်ဂစ်တာသံနှင့် အပြိုင် နင်းကန်အော်နေသည်။
အော်ပရာကဏ္ဍဆိုတာကလည်း ဘုရားစူး လွတ်ရုံကြားရုံသာကြားလိုက်ရသည်။ ဘာမှန်းမသိလိုက်။ တစ်ချိန်က စင်တင် တင်ဆက်ခဲ့ကြသော “လထွက်ကလေးရယ် မြင်းပေါ်တင်” “မြင်းစိုင်းသား” စသည့် သရုပ်ဖော်ကဇာတ်များ၊ “အညာဆန်လှေကြီး” “မာယာဒေဝီ” စသည့် အော်ပရာများတို့ကို လွမ်းမိ၏။ စတိတ်ရှိုးကဏ္ဍကတော့ ဇာတ်တစ်ခွင်လုံးမှာ အရှည်ကြာဆုံးဇာတ်သဘင် အခင်းအကျင်း ဖြစ်ပုံရသည်။ ကျွန်မ တစ်ရေးနိုးချိလောက်အထိ စတိတ်ရှိုးကဏ္ဍ မပြီးသေး။ ဆိုနေကြသည့် သီချင်းတွေက ကိုယ်ပိုင်ဇာတ်သီချင်းတွေ မဟုတ်။ တစ်ချိန်က ဇာတ်မင်းသားကြီးများ၏ ပဏာမတေးသီချင်းများသည်ပင် ရှေးဖြစ်ဟောင်းအောင်းမေ့ဖွယ်ရာ။
“မြို့တော်သိန်းအောင် အနုပညာဂုဏ်ကိုဆောင် မန္တလေးမြို့ရဲ့ ကျက်သရေထွန်းပြောင်၊ မြန်ပြည်ထောင်ကြံစည်ဆောင် မြို့တော် မြို့တော်ကျွန်တော် သိန်းအောင်”
ကျွန်မ အမျှော်လင့်ဆုံး ပြဇာတ်ကဏ္ဍတွေမှာလည်း စတိတ်ရှိုးသီချင်းသံက မဝင်သာ ဝင်သာ လက်ဝင်လျှိုထားသေး၏။ ဟိုတုန်းက ပြဇာတ်တွေက မလိုအပ်ဘဲ သီချင်းမဆိုကြပါ။ လိုအပ်လို့ သီဆိုပြန်တော့လည်း ပြဇာတ်နှင့် လိုက်ဖက်မည့် ကိုယ်ပိုင် ပြဇာတ်သီချင်း သီးသန့်ရေးဖွဲ့ သီဆိုတတ်ကြသည်။ ပွဲခင်းထဲမှာ လိုက်ရောင်းသည့် သီချင်းစာအုပ်ကလေးများကိုပင် တစ်မတ်ငါးမူးပေး၍ ကျွန်မတို့ ဝယ်ယူသီဆိုခဲ့ကြဖူးသည်။
အခုတော့ နှစ်ပါးခွင်မှာလည်း မင်းသား၏ ချွဲသံနွဲ့သံတွေက ကျီးမဟုတ် ကြက်မဟုတ်။ နောက်ပိုင်းဇာတ်ထုပ်ကြီးကတော့ ခင်းသံပင်မကြားရတော့။ တစ်ချိန်က “တရားရှင်” “ဒန်းစီး မောင်နှမ” “ပန်းပဲမောင်တင့်တယ်” “လက်ဝဲသုန္ဒရ” စသည့် ဇာတ်ထုပ်ကြီးတွေ ဘယ်ရောက်ကုန်ပြီလဲ။
ပြတင်းဝမှာ မြင်နေရသည့် စွေစောင်းပြေးလွှားနေကြသော မိုးမှုန်ဖွဲကလေးတွေကို ကျွန်မ ငေးမောကြည့်နေဆဲပဲဖြစ်သည်။ ထို့အတူ ဇွန်ပန်းနံ့၊ သဇင်ပန်းနံ့၊ ခွာညိုပန်းနံ့တွေကိုလည်း ကျွန်မ လွမ်းလွမ်းဆွေးဆွေး သတိရနေဆဲပဲဖြစ်သည်။
တကယ်တော့ ဇာတ်သဘင်ဟူသည် သြဇာ သို့မဟုတ် အာဏာဖြင့် ခိုင်းစေရသည့် အတတ်ပညာမဟုတ်ပါ။ အမျိုးသားယဉ်ကျေးမှုအသိဖြင့် ကိုယ်တိုင်က မြှင့်တင်ရသော အနုပညာတင်ဆက်မှုဖြစ်သည်ဟု ကျွန်မ ထင်ပါသည်။ မည်သည့်ပယောဂမှ မပါဘဲ ကိုယ့်မူကိုယ့်ဟန်ကို ကိုင်စွဲရင်း မြန်မာ့ဇာတ်သဘင် တစ်ခေတ်ကို ထူထောင်ခဲ့ကြသူတို့၏ တန်ဖိုးကို အခုမှ ကျွန်မ လေးစားရမှန်းသိလာခဲ့သည်။ ဂြိုဟ်တုစလောင်းမှ ကြည့်ခွင့်ရသော လူမျိုးတိုင်းမှာ ရိုးရာဇာတ်သဘင်တင်ဆက်မှုအခန်း တစ်ခန်း အမြဲပါတာ မြင်နေရပါသည်။ ဇာတ်သဘင် အခန်းကဏ္ဍကို ကတန်တက မပျောက်ပျက်အောင် တင်ဆက်နေကြကာ ဝမ်းသာစရာ ကောင်းလှပါသည်။ သို့သော် ရိုးရာဇာတ်သဘင်သည် ဆောင်းလေတသွေးသွေး ပန်းရနံ့တွေ တသင်းသင်းကြားက ရင်ခုန်ရသည့် အခင်းအကျင်း မဟုတ်လား။
ခင်ခင်ထူး
No comments:
Post a Comment