May 27, 2018

အဖြေမဲ့ပုစ္ဆာ

အဖြေမဲ့ပုစ္ဆာ
@@@@@@@@@@@

“ဆရာ… ဆရာ… လူနာလာတယ်”
အိပ်ပျော်ခါစရှိသေး ဆရာမရဲ့ အသံကိုကြားလိုက်ရတယ်။ နာရီကြည့်လိုက်တော့ ညဆယ့်နှစ်နာရီ အတိ။ အိပ်ရာကနေ အမြန်ထပြီး၊ နားကြပ်ကို ပုခုံးပေါ်တင်၊ လူနာကြည့်တဲ့အခန်းကို သွားလိုက်တော့ လူနာ တင်ကုတင်ပေါ်မှာ အသက်သုံးဆယ့်ငါးနှစ်အရွယ် လူတစ်ဦးက သွေးတွေတဝေါ့ဝေါ့ ထိုးအန်နေတယ်။ လူနာ လိုက်ပို့ပေးတဲ့  လူမှုကူညီရေးအသင်းကလူတွေ ပြန်ကုန်တော့ လူနာအနားမှာ လူနာရဲ့ အမျိုးသမီးဖြစ်ဟန် တူတဲ့ မိန်းမတစ်ယောက်ရယ်၊ သူနာပြုဆရာမရယ်၊ ဆေးရုံလုပ်သားရယ်ပဲ ကျန်နေခဲ့တယ်။ အမျိုးသမီးရဲ့ ရင်ခွင်ထဲမှာ ခြောက်လသားအရွယ်ကလေးလေးကို ထွေးပွေ့ထားတယ်။ အမျိုးသမီးဖြစ်သူက ခံစားချက် ကင်းမဲ့တဲ့မျက်နှာနဲ့ လူနာကို ငေးကြည့်နေတယ်။
လက်အိတ်ဝတ်ပြီး လူနာကို သွေးပေါင်အမြန် တိုင်းရတယ်။ သွေးပေါင်တိုင်းနေရင်း အမျိုးသမီးကို
မေးရတယ်။
“လူနာနဲ့ ဘာတော်တာလဲ။ ဘာဖြစ်လာတာလဲ”
“သူ့အမျိုးသမီးပါဆရာ၊ မနက်ကတည်းက သွေးတွေ အန်နေတာ”
မနက်ကတည်းက သွေးအန်နေတာ အခုမှ လာရလားဆိုတဲ့ စကားတွေက လူနာတွေကို ပြောရတာ ခဏခဏမို့ လည်ချောင်းဝမှာပဲ အလိုလို ပျောက်ကွယ်သွားပြီး အခုချိန်မှာ ထွက်မလာခဲ့တော့။ ပြောလိုက်ပြန် ရင်လည်း ဘဝဘဝတွေအပေါ်မှာ ကံတရားရဲ့ ကျီစယ်မှုတွေကိုပဲ ကြားသိရဦးမယ် မဟုတ်ပါလား။
“ဆရာမရေ လူနာကို အောက်စီဂျင် ပေးပါ။ သွေးစစ်ဖို့ သွေးဖောက်ပေးပါ။ Line နှစ်လုံး အမြန်ချပါ”
        လူနာရဲ့ သွေးပေါင်ကတိုင်းမရတော့။ ဖိအားပေးပြီး  စမ်းမှ ၆၀ မီလီမီတာမာကျူရီနားမှာသာ လက်နဲ့ စမ်းလို့ရတော့တယ်။ အရေးပေါ်ထိုးသင့်တဲ့ ဆေးအားလုံး ထိုးပေးဖို့ ဆရာမကို ညွှန်ပေးပြီး သွေးတောင်းဖို့ လုပ်ရတယ်။ ဆရာမရဲ့ လက်တွေလည်း ပျားပန်းခပ်မျှ ရှုပ်ထွေးသွားတယ်။ ရုတ်တရက် လူနာအန်လိုက်တဲ့ သွေးစတချို့က ဆရာမရဲ့ အင်္ကျီအဖြူရောင်ပေါ်မှာ အကွက်လိုက် စွန်းထင်းကုန်တယ်။ သတိထားဦးမှပေါ့လို့ ပြောလိုက်တဲ့ ဆရာမရဲ့ မျက်နှာမှာ ဘာထူးခြားမှုမှ ဖြတ်သန်းမသွားဘူး။ ဒီလိုအဖြစ်အပျက်တွေကလည်း သူနာပြုဆရာတွေ အတွက်ရိုးအီနေပါပြီလေ။
သွေးထွက်တာကို ဆလိုင်းရည်တွေ သွင်းလို့မရဘူး။ ဒီဆေးရည်တွေက ခဏတာ အသက်ဆက်ဖို့ပဲ ရမယ်။ ထွက်နေတဲ့ သွေးတွေအစား သွေးပြန်သွင်းရမယ်။ ထွက်နေတဲ့ သွေးတွေကိုရပ် အောင်လုပ်ရမယ်။ လူနာက အရက်သမား၊ အသည်းခြောက်ရောဂါရဲ့ လက္ခဏာတွေ တွေ့ရတယ်။ သွေးသွင်းဖို့က သွေးအမျိုးအ စား သိမှ ရမှာ။ ဒီလူနာက အရက်အသောက်လွန်၊ အသည်းပျက်စီး၊ အစာအိမ်သွေးကြောပေါက်ပြီး ဒီဆေး ရုံကို သုံးလေးခါတက်ဖူးတယ်လို့ မေးမြန်းရင်း သိရတယ်။ သွေးအလုံးစုစုပေါင်း ဆယ်လုံးသွင်းဖူးတယ်လို့ ပြောတယ်။
ဒါပေမဲ့ သူတို့ဆေးရုံရောက် လာတဲ့အချိန်မှာ ဆေးရုံကပေးလိုက်တဲ့ ဆေးမှတ်တမ်းတွေ ပါမလာခဲ့ ဘူး။ လူနာရဲ့သွေးအမျိုးအစားကို သူ့အမျိုးသမီးက မသိပြန်ဘူး။ ဆေးမှတ်တမ်းတွေ ယူလာရင် လူနာအ တွက်ရော ဆရာဝန်တွေအတွက်ပါ ပိုကောင်းမယ်ဆိုတာကို သိပုံလည်း မရကြဘူး။ မနက်ကျရင်တော့ ကျန်း မာရေး အသိပြန်ပေးရဦးမယ်လို့ ကျွန်တော့်စိတ်ထဲ တွေးလိုက်တယ်။ လူနာက သွေးတွေထပ်အန်ပြန်တယ်။ ဒီလူနာက မနက်ထိမှ အသက်ရှင်လျက် ရှိပါ့မလား။
“အူဝဲ…… ဝဲ…”
အမျိုးသမီး ထွေးပွေ့ထားတဲ့ ကလေးက ထငိုတယ်။ အမျိုးသမီးက သူမရဲ့ နို့ပိန်ပိန်ကို လှန်တိုက် တယ်။
လူနာစောင့်အမျိုးသမီးကို အခန်းအပြင်ဘက် လိုက်ခဲ့ဖို့ မျက်ရိပ်ပြရင်း ကျွန်တော် ထွက်လာခဲ့တယ်။
“အစ်မရေ… လူနာရဲ့ အခြေအနေလေး ပြောပြမလို့ပါ။ လူနာရဲ့အခြေအနေက စိုးရိမ်ရတယ်။ အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်တယ်။ အခု ကျွန်တော်တို့ဘက် ကတတ်နိုင်သမျှ လုပ်ပေးပြီးပါပြီ။ သွေးကသွင်းကို သွင်းရမယ်။ လူနာက ဖြူဖျော့နေပြီ။ တစ်ခု ပြဿနာရှိတာက ကျွန်တော်တို့နယ် ဆေးရုံတွေမှာ သွေးလှူ ဘဏ် မရှိတာမို့ သွေးကအဆင်သင့် မရဘူး။ လူနာရဲ့သွေးအမျိုးအစားကို သိတာနဲ့ သွေးလှူအသင်း တွေဆီ ဖုန်းဆက် ကြည့်ရမယ်။ သွေးမရရင်တော့ မန္တလေးဆေးရုံကြီးကို လွှဲရလိမ့်မယ်”
ကလေးငယ်ကို လှုပ်ချီချော့မြူရင်း  အမျိုးသမီးက ခေါင်းခါတယ်။
“ဟင့်အင်း ဆရာ။ ဒါသူ့မိုက်ပြစ်နဲ့ သူပဲ။ ဒါဆေးရုံကို လေးကြိမ်မြောက် တက်ရတာဆရာ။ အရက်မသောက်ဖို့ ဆရာဝန်တွေ မှာလိုက်ရဲ့သားနဲ့ သူ ထပ်သောက်တာ။ မန္တလေးတော့ မသွားတော့ဘူးဆရာ။ ကျွန်မမှာ ဒီက လေးအပြင် ကလေးငယ်သုံးယောက် ရှိသေးတယ်။ သူ့အတွက်နဲ့ ဒုက္ခရောက်တာတွေလည်း များပါပြီ။ ဆရာ တို့တတ်နိုင်သလောက် ကုပေးပါ။ မရရင်လည်း သူ့ထိုက်နဲ့သူ့ကံပဲပေါ့ ဆရာ”
အနာဂတ်က အရက်ထဲ ရောက်နေတဲ့ အရက်သမားရဲ့ မိန်းမဖြစ်ရတာကို နောင်တရနေဟန်တူ ပါရဲ့။
ကျွန်တော် သူမကို အပြစ်မတင်ရက်ပါဘူး။ တကယ်တမ်း ဒုက္ခရောက်ရတာက သူမပါပဲ။ ကလေး လေးယောက်ရဲ့တာဝန်က နည်းတာမှတ်လို့။ လူနာရဲ့အမျိုးသမီးက ဒီလိုစကားကို အဆုံးစွန်ထိ ပြောလာပြီဆို တော့ ကျွန်တော် လုပ်သင့်တာကို ဆက်လုပ်ရုံပဲပေါ့။
“ဒီသွေးနဲ့စာရွက်ကို ဓာတ်ခွဲခန်း သွားပို့ပါ။ သွေးအမျိုးအစားနဲ့ သွေးအားပမာဏပဲ အမြန်လုပ်ပေးလို့ ပြောပါ။ ဒီထဲမှာ ကျွန်တော်ထည့် ရေးထားတယ်။ စောင့်ပြီး ယူလာခဲ့”
လူနာစောင့်အမျိုးသမီးက ကျွန်တော့်လက်ထဲက သွေးပုလင်းနဲ့ စာရွက်ယူပြီး ခပ်သွက်သွက် ထွက် သွားတယ်။ ဆေးရုံတက်နေကြမို့ထင်ရဲ့။လူနာသစ်တွေမေးနေကျ ဓာတ်ခွဲခန်းက ဘယ်နားမှာလဲဆရာလို့ မေးမသွားရှာဘူး။
ဆေးပုလင်းနှစ်ပုလင်း ကုန်တဲ့အထိ လူနာရဲ့ အခြေအနေက သိသိသာသာ မသက်သာလာခဲ့။ သွေး မရသေးတာမို့ လိုအပ်တာတွေ ဆက်လုပ်ရတယ်။
“ဆရာမရေ Gelofusine ချိတ်ပေးပါ။ octreotide တင်ပါ”
စောင့်ကြည့်နေရင်း ညတစ်နာရီမှာ လူနာက သွေးထပ်အန်တယ်။ ဒါပေမဲ့ စကားတော့ စပြီး ပြော နိုင်လာတယ်။
“ဆရာ ကျွန်တော့်ကို ကယ်ပါဆရာ။ ဗိုက်ထဲမှာ ပူလောင်နေတယ်။ ကျွန်တော် မသေချင်သေးဘူးဆရာ"
လူနာရဲ့ စိုးရိမ်ပူပန်နေတဲ့ဝမ်းတွင်း အသံကျယ်ကျယ်ကြောင့် ဘေးကုတင်က လူနာတချို့နဲ့ လူနာ စောင့်တချို့ပါ နိုးလာကြတယ်။
“အင်း အင်း။ ကျွန်တော် တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ ခင်ဗျားက မိုက်လုံးကြီးတယ်ဗျာ။ မ သောက်ရဘူးလို့ မှာလိုက်ရဲ့သားနဲ့ "
“ဆရာ ကျွန်တော် မောတယ်။ကျွန်တော့်ကိုကယ်ပါဦးဆရာ၊ ဒီတစ်ခါ ကျွန်တော်လိမ္မာပါ့မယ်။ နောက်အရက် မသောက်တော့ပါဘူး ဆရာ”
ခေါင်းတညိတ်ညိတ် လုပ်ရင်း ကျွန်တော့် အထက်က တာဝန်ကျ အကြီးထံ လူနာရဲ့အခြေအနေကို ဖုန်းဆက် လိုက်တယ်။
လူနာရှင်က မန္တလေး ဆေးရုံကြီးကို မသွားချင်တာမို့ သွားဖို့တတ်နိုင်သလောက် ပြောကြည့်၊ပြောမရ ရင်လည်း တတ်နိုင်သမျှလုပ်ပေးဖို့၊ သွေးအမြန်တောင်းဖို့၊တခြားလိုအပ်သေးတဲ့ ကုသမှုတချို့ကိုထပ်လုပ်ဖို့
အကြံပေးပြီး ဖုန်းချသွားတယ် ။
ဓာတ်ခွဲခန်းက သွေးအဖြေက ရမလာသေး။
လူနာကို သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းတွေ ပြန်တိုင်းရတယ်။ လူနာက ဗိုက်ထဲ ပူ တယ်။ နာတယ်။ သူ မသေချင်သေးတာမို့ သူ့အသက်ကိုကယ်ပါ အော်နေဆဲပဲ။ အရက် မသောက်တော့ပါ ဘူးလို့ ကတိစကားတွေ တတွတ်တွတ် ရွတ်နေမြဲ။
“ဆရာ သွေးအဖြေ ရလာပါပြီ”
လူနာစောင့်အမျိုးသမီးရဲ့လက်ထဲက သွေးအဖြေစာရွက်ကို ယူကြည့်တော့ လူနာရဲ့သွေး အမျိုးအ စားက ဘီ(အပေါင်းသွေး)။ ဟေမိုဂလိုဘင်ပမာဏက လေးရာခိုင်နှုန်း။ လူတစ်ယောက်မှာ ပုံမှန်ရှိသင်တဲ့ ဟေမိုဂလိုဘင် ပမာဏက (၁၁) နေ (၁၄)။ လူနာက အရေးပေါ် သွေးသွင်းရမဲ့ အခြေအနေပဲ။
ပရဟိတ သွေးလှူအသင်းကို ကျွန်တော် ဖုန်းဆက်လိုက်တယ်။ ဖုန်းမြည်သံသာ ကြားရပြီး တစ် ဖက်က ဖုန်းမကိုင်ခဲ့ဘူး။ ကျွန်တော် ထပ်ခေါ်လိုက်တယ်။ ဖုန်း မြန်မြန်ကိုင်ပါဗျာလို့ စိတ်ထဲက ပြောနေမိ တယ်။ အချိန်တွေက ရှည်ကြာလွန်းလိုက်တာ။
“ဟယ်လို”
ဖုန်း သုံးခါမြောက် ခေါ်ဆိုနေတုန်း ကျွန်တော်စောင့်စားနေတဲ့ အသံကို ကြားလိုက်ရတယ်။
“ဟုတ်ကဲ့။ ကျွန်တော် ခွဲစိတ်ကုသဆောင်က တာဝန်ကျဆရာဝန်ပါ။ ဘီအပေါင်းသွေး သုံးလုံးလောက် အမြန် လိုချင်လို့ပါ အစ်ကို”
ဟိုဘက်ကအသံက ခဏတာ တိတ်ဆိတ်သွားတယ်။
“ဆရာရေ၊ ဒီအချိန်ကြီးဆိုတော့လေ။ နောက်ပြီး ဘီသွေးက ရှားတယ်”
“ကူညီပါဦးဗျာ။ လူနာက မန္တလေး လွှဲတာ လုံးဝမသွားလို့ပါ”
“ဟုတ်ကဲ့ ဆရာ။ ဆရာတို့ဆေးရုံကို ဒီတစ်နေ့တည်းဘီသွေး ဆယ့်ရှစ်လုံး ပို့ထားရတယ်ဆရာ။ ကျွန်တော် ပြန်ရှာပြီး ရမရ ဆရာ့ဆီ ဖုန်းဆက်ပေးပါ့မယ်။ ဆရာလည်း တခြားသွေးလှူအသင်းတွေဆီ ဆက်သွယ်ကြည့် ပါဦး”
“ဟုတ်ကဲ့ အစ်ကို။ မြန်မြန်လေး ပြန်ဆက်ပေးပါ”
နံရံပေါ်ကပ်ထားတဲ့ သွေးလှူရှင် အသင်းတစ်သင်းဆီ ဖုန်းဆက်လိုက်တယ်။ ဆက်သွယ်မှု ဧရိယာ ပြင်ပနဲ့ တန်းတိုးတယ်။ နောက်တစ်သင်းဆီ ဆက်တဲ့အခါ ဖုန်းတော့ ကိုင်ပါရဲ့။ ဒါပေမဲ့ မိုးချုပ်နေပြီမို့ လူရှာရ မလွယ်ကူလို့ မလာနိုင်ကြောင်းပြောတယ်။ သွေးလှူအသင်းတွေတစ်သင်းပြီး တစ်သင်း ဖုန်းဆက်လိုက်တာ တစ်မြို့လုံး ရှိသမျှ သွေးလှူအသင်းဆယ်သင်းသာ စုံသွားတယ်။ လိုချင်တဲ့သွေးက သုံးလုံးသာ ရတယ်။ မိုး လင်းရင် လာလှူမယ်ဆိုတဲ့ အသင်းတွေကို မနက်ခင်းလင်းတဲ့အထိ လူနာအသက်ရှင်နေသေးရင် ဆက်သွယ် ဖို့  မှတ်ထားလိုက်တယ်။
“ဆရာလိုင်းတစ်လိုင်းကုန်ပြီ။ ဘာဆက်လိုက်မလဲ”
“Ringer ထပ်လိုက် ဆရာမ”
လူနာဆီသွားပြီး သွေးပေါင်ချိန်ရပြန်တယ်။ အခြေအနေက ပိုကောင်း မလာသလို ပိုမဆိုးသွားသေး။
သွေးလှူရှင်တွေ မြန်မြန် လာဖို့်သာ ဆုတောင်းနေမိတယ်။ လူနာ သေသွားရင်ရော အမျိုးသမီးကကလေး လေးယောက်နဲ့ အဆင်မှ ပြေပါ့မလား။ အရက်ကို တရားလွန်သောက်တာက တော်တော်လေး ဆိုးရွားပါလား လို့ ကျွန်တော် တွေးနေမိတယ်။ အရက်ကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အဘက် ဘက်က ချွတ်ချုံကျသွားနိုင်ပါလားလို့ တွေးမိတယ်။ တကျွီကျွီအသံကြားလို့ ကြည့်မိတော့ ဆေးရုံလုပ်သားက လူနာတစ်ယောက်ကိုဝှီးချဲပေါ်တင်ပြီး တွန်းလာတာကို တွေ့ရတယ်။
“ဆရာ  လူနာလာတယ်”
စိတ်နည်းနည်းညစ်သွားတယ်။ စိုးရိမ်စရာ လူနာကို စောင့်ကြည့်နေရတုန်း နောက်ထပ်လူနာတစ် ယောက် ထပ်ရောက်လာတယ်။ အရက်မူးပြီး ဆူဆဲနေလို့ ယောက်ဖလုပ်သူက တုတ်နဲ့ ရိုက်လိုက်တာ ခေါင်း ကွဲပြီး ဆေးရုံရောက်လာခဲ့ရတဲ့ လူနာပါ။ ခေါင်းကွဲဒဏ်ရာကို ဆေးကြောသန့်စင်ပြီး ချုပ်ပေးရပြန်တယ်။ ဦး ခေါင်းဓာတ်မှန်မှာ အရိုးကျိုးတဲ့လက္ခဏာ မတွေ့ရတာမို့ သင့်တော်တဲ့ ဆေးပေးပြီး နေရာပေးခိုင်းလိုက်တယ်။
သွေးအန်လူနာဆီ သွားပြီး သွေးပေါင်တိုင်းရပြန်တယ်။ လူနာရဲ့အမျိုးသမီးက သွေးပုံးကိုင်ပြီး တက် လာတာမြင်တော့ ပြောမပြတတ် အောင်ဝမ်းသာသွားတယ်။ သွေးအမျိုးအစားနဲ့ လူနာကိုက်ညီမှု ရှိ မရှိ စစ်ပြီး ဆရာမကိုပေးကာ သွေးချိတ်ခိုင်းရတယ်။ နားနေခန်းထဲ ခဏဝင် ကုတင်ပေါ်လှဲချပြီး အနားယူလိုက်တယ်။ အိပ်ချင်နေတဲ့ မျက်လုံးတွေက ဝေဝါးဝါးဖြစ်နေတယ်။ ဖုန်းဖွင့် နာရီဝက်အကြာ နှိုးဖို့ အချိန်ထည့်ကာ မှေးခနဲ အိပ်ပျော်သွားတယ်။
ဒေါက် ဒေါက် ဒေါက် ဒေါက်
“ဆရာ ဆရာ”
အိပ်ပျော်နေရာက ဆတ်ခနဲ ထပြီး တံခါးပေါက်ဖွင့်လိုက်တော့ လူနာရဲ့ အမျိုးသမီးကို တွေ့ရတယ်။
“ဆရာ အားနာပါတယ်။ သွေးလှူရှင်တွေကို အအေးဘူးတိုက်ရမယ်တဲ့။ အခုချိန်ကြီး ဘယ်မှာမှ ဝယ်မရလို့ပါ။ ကျွန်မ ဘယ်လိုလုပ်ရမလဲဆရာ"
“သြော်ရပါတယ်။ ခဏနော်”
လူနာစောင့် တစ်ယောက် လာပေးထားတဲ့ ကျွဲရိုင်းဘူးတစ်ကဒ်ကို ပေးလိုက်တော့ သူမက ကျေးဇူး တင်စကား အထပ်ထပ်ဆိုတယ်။
“ကျေးဇူးပါပဲ ဆရာ။ မနက်ပြန်ဝယ် ပေးပါ့မယ်”
*****
တီ..တီ..  တီ..တီ..
ဖုန်းက ရုတ်တရက် ထမြည်တယ်။ လူနာဆီသွားပြီး သွေးပေါင်ချိန်တော့ အပေါ်သွေးက (၇၀) မီလီ မီတာမာကျူရီ၊ အောက်သွေးက (၅၀) မီလီမီတာမာကျူရီ။ သွေးတစ်လုံး ဝင်တာနဲ့ အခြေအနေက အနည်း ငယ် ကောင်းတဲ့ဘက်ကို ရောက်လာခဲ့တယ်။ ဆီးပိုက်နဲ့ ဆက်ထားတဲ့ ဆီးအိတ်ထဲမှာ ဆီးအနည်းငယ် တွေ့ရ တော့ နည်းနည်းပါးပါး စိတ်အေးသွားတယ်။ လူနာက ရှော့ခ်ဖြစ်နေတဲ့ အနေအထားကနေ သက်သာလာ လာခဲ့ပြီ။ ကျွန်တော် ကြည့်နေတုန်း သွေးထပ် အန်ပြန်တယ်။ ရေသန့်ပုလင်းတစ်ဝက်လောက် ရှိမယ်။ သွေး ပေါင်ပြန်တိုင်းတော့ တိုင်းမရတော့ဘဲ ရောက်ခါစကလို ပြန်ဖြစ်သွားပြန်တယ်။ ဘုရား၊ ဘုရား ဒီလူနာ ဒီ တောင်ကိုမှ ကျော်နိုင်ပါတော့မလား။
“ဆရာ ကျွန်တော် မောတယ်။ ဗိုက်ထဲလည်း ပူလောင်နေတယ်။ ကျွန်တော့်ကို ကယ်ပါဦးဆရာ”
“ဟူး... ကျွန်တော် တတ်နိုင်သမျှ လုပ်ပေးနေပါတယ်”
ချိတ်ထားတဲ့ သွေးကကုန်ပြီမို့ ဆရာမကို သွေးထပ်ချိတ်ခိုင်းရတယ်။
အခန်းထဲဝင်ပြီး ခဏနားမလို့ လုပ်နေတုန်း လူနာတစ်ယောက် ထပ်ရောက်လာတယ်။ အသက်ရှစ် ဆယ်ကျော် အဘိုးတစ်ဦး။ ဆီးမသွားနိုင်လို့ ရောက်လာတာ။ လိုအပ်တဲ့ ကုသမှုပေးပြီး သွေးအန်လူနာဆီ သွားကာ သွေးပေါင်တိုင်းရပြန်တယ်။ သွေးထပ်မအန်တော့တာမို့ လူနာရဲ့အခြေအနေက သိပ်မဆိုးဘူးပြောရ မယ်။ ကိုယ်တတ်နိုင်သမျှ ကုသပေးပြီးပြီပဲ။ အသက်ဆုံးသွားရင်တောင် ကိုယ်တတ်နိုင်သမျှ လုပ်ပေးခဲ့တာပဲ လို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း နားနေခန်းထဲ ဝင်လာလိုက်တယ်။
သွေးနှစ်လုံး ကုန်သွားတဲ့အခါ လူနာရဲ့သွေးပေါင်က ကောင်းတဲ့ဘက်ကို ဦးတည်လာခဲ့တယ်။ အပေါ်သွေးက (၇၀) မီလီမီတာမာကျူရီ။ အောက်သွေးက (၄၀) မီလီမီတာမာကျူရီ။ ဆီးလည်း သွားတယ်။ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ကိုးဆယ်ကျာ်။ အခြေအနေက သိပ်မစိုရိမ်ရတော့ဘူး။ နောက်ထပ် ထပ်ပြီး သွေးမအန်တော့ဖို့ ဆုတောင်းမိတယ်။
သွေးသုံးလုံးမြောက် သွင်းပြီးချိန်မှာ လူနာရဲ့ အခြေအနေက သိသိသာသာ ကောင်းလာခဲ့တယ်။ ငါ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက် နိုင်ပြန်ပြီဆိုတဲ့အတွေးက ကျွန်တော့်ရင်ကို အေးမြစေပါ တယ်။ နာရီကြည့်မိတော့ မနက်ငါးနာရီ။ ကျွန်တော့်ရဲ့မျက်လုံးတွေက အနားယူဖို့ အချက်ပေးနေပြီ။ နားနေ ခန်းထဲဝင်ပြီး တစ်နာရီလောက်တော့ အိပ်မှရမယ်။
မနေ့မနက် ရှစ်နာရီဂျူတီဝင် လာကတည်းက အခုမနက်ငါးနာရီအထိ အလုပ်တွေ မနားတမ်းလုပ် နေခဲ့ရတာ။ ခြောက်နာရီကျော်တာနဲ့ ကုသဆောင်ထဲက လူနာတွေကို သွေးချိန်ရမယ်။ လိုအပ်ရင် ဆေးတွေ အတိုးအလျော့ လုပ်ရမယ်။ တခြားလိုအပ်တာတွေ လုပ်ပေးရဦးမယ်။ ကိုးနာရီကျရင် ခွဲစိတ်ခန်း ဝင်ရဦးမယ် ။ ဒီနေ့ ခွဲခန်းဝင်ရမဲ့ လူနာက ခြောက်ယောက် ရှိတယ်ဆိုတော့ နေ့လည်နှစ်နာရီလောက်မှ ဂျူတီထွက်ရမယ်။ ကျွန်တော် တစ်နာရီလောက်တော့ နားဖို့လိုအပ်တယ်။ ဒီအချိန်မှာ လူနာသစ်ထပ် မလာပါစေနဲ့ ဘုရားလို့ ဆု တောင်းမိလိုက်သေးသလား၊ ဒါမှမဟုတ် အိပ်ရာပေါ်တန်းတက်ပြီး အိပ်လိုက်သလား ကျွန်တော် စဉ်းစားမရ ပေမဲ့ ကျွန်တော် အိပ်ပျော်သွားခဲ့ပါတယ်။
*****
တီ..တီ..  တီ..တီ..  တီ..တီ..  တီ..တီ..
နှိုးစက်သံမြည်လာတော့ မထချင်ထချင်နဲ့ ကျွန်တော် ထခဲ့ရတယ်။ သွားတိုက်၊ မျက်နှာသစ်၊ ဘုရားသောက်တော် ရေကပ်ပြီး အပြင်ကို ထွက်လာခဲ့လိုက်တယ်။ ခေါင်းထဲ ပထမဆုံး ဝင်လာခဲ့တာက သွေး အန်တဲ့ လူနာရဲ့အခြေအနေကို စူးစမ်းဖို့ပါ။ လူနာက ကောင်းလာပြီဖြစ်ပေမဲ့  ဒီမနက်မှာ သွေးထပ်တောင်းပြီး သွေးသွင်းရဦးမယ်။
လူနာဆီကို သွားတဲ့ ကျွန်တော့် ခြေလှမ်းတွေက သွက်လက်တက်ကြွနေတယ်။ လူနာကုတင်နား ရောက်တော့ လူနာက ရှိမနေခဲ့ဘူး။ ဆရာမများ နေရာပြောင်း ပေးထားသလားလို့ တွေးနေတုန်း ဘေးဘက် ကုတင်က လူနာစောင့်က ပြောတယ်။
“ဆရာ သူတို့လင်မယား ခုနကမှ ဆေးရုံကနေ ဆင်းပြေးသွားပြီ”
ကျွန်တော် သူ့ကို ဘာပြန်ပြောရမလဲ မသိလို့ မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေမိတယ်။
“လူနာရဲ့ အမျိုးသမီးက ဆရာ့ကို အအေးဖိုး ပေးပေးဖို့ ကျွန်တော်ကို ပိုက်ဆံသုံးထောင် ပေးသေးတယ် ဆရာ။ ဒါပေမဲ့…”
အအေးဖိုး။ ကျွန်တော် ညက အဖြစ်အပျက်ကို ပြန်တွေးကြည်မိတယ်။ သွေးလှူရှင်တွေကို တိုက်ဖို့ လာယူသွားတဲ့ အအေးဘူးတွေ အတွက် သူမက ပြန်ဝယ်ပေးမယ်လို့ ပြောချိန် ကျွန်တော့်ပါးစပ်က ပြန်မဝယ် ပေးနဲ့လို့ ပြောလိုက်မိတယ်ထင်တယ်။
“ဒါပေမဲ့ ဆရာ၊ သူ့ယောက်ျား အရက်သမားက သူအရက်သောက်ဖို့တဲ့၊ ကျွန်တော့်လက်ထဲက ပိုက်ဆံကို ပြန် လုသွားတယ်”
“သြော်…”
ကံတရားနဲ့ စစ်ခင်းပြီး အရက်ကိုအနိုင်ယူဖို့ ကြိုးစားခဲ့ရတဲ့ အဖြစ်အပျက်တွေက မတွေးတောဘဲ ကျွန်တော့်အာရုံထဲ တရေးရေး ဝင်ရောက်လာတယ်။ အရက်သမားလည်း တကယ်နောင်တရနေတဲ့ ပုံစံမို့ ဒီတိုက်ပွဲမှာ ကျွန်တော် အနိုင်ရမှာပဲလို့ ထင်ခဲ့မိတယ်။ ကျွန်တော် လာလမ်းအတိုင်း နားနေခန်းထိ လှည့်ပြန် လာခဲ့တယ်။ ကျွန်တော့်စိတ်ကို ခေတ္တခဏ အနားပေးဖို့ ငါးမိနစ်လောက် ဝင်လေ၊ ထွက်လေ မှတ်ဖို့ လိုအပ် နေတယ်။
ကျွန်တော့်ပါးစပ်က ထွက်လာတဲ့ သြော်ဆိုတဲ့ အသံထဲမှာ ကျွန်တော့်ခံစားချက်တွေ စီးမျောသွား တာကို ဘယ်သူတွေကများ လာပြီး ခံစားနားလည်ပေးကြမလဲလေ။

ဟမ်စိုင်း (ဆေး-မန်း)
မဟေသီမဂ္ဂဇင်း၊မေ၊၂၀၁၈

ဆရာ့ page မှကူးယူဖော်ပြပါသည်
မွန်းလေးဖေဖေ

No comments:

Post a Comment