ဘိုအောင်ဒင် ပြန်လာပြီ
💫❇💫❇💫❇💫❇
သုမောင်
၁။
သူ့နာမည်က 'အောင်တင်' ဖြစ်သော်လည်း ရေးတော့အမှန် ဖတ်တော့အသံ ဆိုသည့်အတိုင်း 'အောင်ဒင်' ဟု အသံထွက်ပါသည်။ သည်ဆေးရုံ ရောက်စကတော့ "အောင်ဒင်" ဟုပင် ဆရာ၊ ဆရာမများက ခေါ်ဝေါ်ကြပါသည်။ နောက်ပိုင်း အခြားလူနာများက မင်းသားကြီး ခင်မောင်ရင် နာမည်ကြီးခဲ့သော ဗိုလ်အောင်ဒင် ဇာတ်ကားကို အစွဲပြုပြီး "ဘိုအောင်ဒင်" ဟု သမုတ်လာကြ၏။ သည်လိုနှင့် နောက်ပိုင်းတွင် ဆေးရုံ တစ်ခုလုံး ဆရာဝန်ကြီးမှ အစ အောက်ခြေသိမ်း အလုပ်သမားများ အထိ သူ့ကို "ဘိုအောင်ဒင်" ဟု တညီတညွတ်တည်း ကမ္ပည်းတင်လိုက် ကြပါတော့သည်။ တကယ်တော့ မင်းသားကြီး ခင်မောင်ရင်နှင့် တူတာဆိုလို့ သူ့မှာ တစ်စွန်းတစ်စမျှ မရှိပါ။ သူသည် ရုပ်ခပ်ကြမ်းကြမ်းနှင့် သဘောသကာယ ကောင်းမွန်သော လူနာတစ်ဦးသာ ဖြစ်လေသည်။ သည်နေရာမှာ ဘိုအောင်ဒင် အကြောင်းကို နည်းနည်း ရှင်းပြရပါလိမ့်မည်။
ဘိုအောင်ဒင်သည် မူလက ပင်မဆေးရုံဆောင်မှာ တက်ရောက် ကုသခဲ့ရသူ ဖြစ်၏။ ပင်မဆေးရုံဆောင် ဆိုတာက စိတ်ကျန်းမာရေး ဆိုးရွားနေသော စိတ်ရောဂါ ဝေဒနာရှင်များကို ကုသသော အဆောင်များကို ဆိုပါသည်။ ဘိုအောင်ဒင်မှာလည်း သူရို့ရွာမှာ နေစဉ်က စိတ်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရသဖြင့် ပင်မဆေးရုံမှာ တက်ရောက် ကုသခံခဲ့ရသူ ဖြစ်၏။ သည်လိုနှင့် နှစ်အတော်ကြာ ဆေးဝါးကုသမှု ခံယူပြီးသောအခါ ဘိုအောင်ဒင်သည် လူကောင်းတစ်ပိုင်း ဖြစ်လာလေသည်။ သူ့ရောဂါ လုံးဝပျောက်ကင်းပြီ မဆိုသာသော်လည်း သာမန်လူများနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင် လာခဲ့လေသည်။ စိတ်ဝေဒနာ ဆေးများကိုတော့ မပြတ်နေ့စဉ် မှီဝဲနေရဆဲ ဖြစ်၏။ ဆိုလိုသည်မှာ ဆေးဝါး မမှီဝဲလျှင်၊ ပြတ်သွားလျှင်တော့ ပြန်ပြီး ဖောက်လာနိုင်သည်။ ဆေးဝါးမှန်မှန် သောက်သုံးနေပါက လူကောင်းနှင့် သိပ်မခြားတော့ပေ။ သာမန် လူကောင်းများကဲ့သို့ စဉ်းစားတွေးခေါ်မှုတွင် အားနည်းခြင်းလောက်သာ ရှိသည်။
နဂိုမူလ ဆေးရုံသို့ ရောက်လာပုံကား ကြောက်စရာ ကောင်းသော အောင်ဒင် ဖြစ်ခဲ့၏။ အောင်ဒင့်ကို သူ့ယောက်ဖက ဆေးရုံလာပို့ခြင်း ဖြစ်ပြီး ရွာမှ တောင့်တောင့် တင်းတင်း ကာလသား နှစ်ယောက်၊ သုံးယောက်က ချုပ်ကိုင် လာခဲ့ရ၏။
အကြောင်းမှာ အောင်ဒင် ကြမ်းပြီဆိုလျှင် နွားသိုးပေါက် တစ်ကောင်ကဲ့သို့ ကမူးရှူးထိုး ဖြစ်တတ်သောကြောင့်ပင်။ အိမ်မှာရှိသမျှ မှန်တွေ ရိုက်ခွဲသည်။ သူ့တူ၊ တူမကလေးများကို ရန်လုပ်သည်။ သည်မျှအထိ သူ့မိသားစုက သည်းညည်းခံ ထိန်းသိမ်းခဲ့သော်လည်း ရွာဦးဘုန်းကြီးကျောင်းကို မီးတင်ရှို့ဖို့ အထိ ပြုမူလာသောအခါ ခုလို ဆေးရုံ ပို့လိုက်ကြရသည့် အခြေအနေသို့ ရောက်လာခဲ့တော့သည်။
ဤသို့ဖြင့် စောစောက ပြောသလို ဆေးသောက် ဆေးစား မှန်မှန်နှင့် ဘိုအောင်ဒင် ကျန်းမာလာသောအခါ ...။
စိတ်ရောကိုယ်ပါ ကျန်းမာလာပြန်တော့လည်း ဘိုအောင်ဒင်သည် ပီဘိ ကလေးငယ်လေး တစ်ယောက်ပမာ နူးညံ့သိမ်မွေ့လှ၏။ ဆေးရုံဆောင် အလုပ်တွေ ဝိုင်းကူလုပ်၏။ တစ်ယောက်ယောက် (ဆေးရုံအမှုထမ်းများ) က ခိုင်းလျှင်လည်း ဖင်ပေါ့၏။ လူနာချင်းလည်း ခိုင်းခိုင်း၊ မခိုင်းခိုင်း စောင့်ရှောက်၏။ ဆရာဝန်၊ ဆရာမများကိုလည်း ကူညီ၏။ ဘိုအောင်ဒင် ညည်းညူတာ ဆိုလို့ မရှိခဲ့ပေ။
အထူးသဖြင့် ဆရာဝန်၊ ဆရာမများကို ချစ်ကြောက် ရိုသေခြင်းပင်။ ဆေးရုံအမှုထမ်းများ ကိုတော့ သူက သူငယ်ချင်းလို ပေါင်းသည်။ လူနာချင်းကျတော့ ဘိုအောင်ဒင်က နည်းနည်း ဆရာကြီး လုပ်ချင်တတ် လေသည်။
ဆရာကြီး လုပ်သည် ဆိုရာ၌ အထက်စီး နေခြင်းမျိုးတော့ မဟုတ်ပေ။ အစ်ကိုကြီး တစ်ယောက်က ညီငယ်များ အပေါ် ကြင်ကြင်နာနာနှင့် ဩဇာညောင်းပုံမျိုးသာ ဖြစ်ပါသည်။ နောက်ရောက် လူနာများ စိတ်ဓာတ်ပို၍ ပျက်မသွားအောင် ဖေးမခြင်းမျိုးသာ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ဘိုအောင်ဒင်သည် ဆေးရုံမှာ မရှိမဖြစ် လက်တိုလက်တောင်း ဖြစ်လာခဲ့ လေတော့သည်။ တစ်ခုပဲ ရှိတာက ဘိုအောင်ဒင်သည် ဆေးပေါ့လိပ် အလွန်ကြိုက်သူ ဖြစ်ပြီး သူ့မှာ ဆေးပေါ့လိပ် အပိုရှိလျှင်လည်း အခြားလူနာများကို ဝေငှပေးတတ် လေ၏။ ယင်းဆေးပေါ့လိပ် ကိစ္စကြောင့် ပြဿနာ အဖုအထစ် ကလေးများ ရှိသည်မှအပ ဘိုအောင်ဒင်မှာ ဘာ အရှုပ်အရှင်းမျှ မရှိခဲ့ပေ။
အထူးသဖြင့် သူက အနှိပ်အနင်း နည်းနည်း ပေါက်ရောက်သောကြောင့် လူနာချင်းသော် လည်းကောင်း၊ အောက်ခြေ အမှုထမ်းများကသော် လည်းကောင်း သူ့ကို အကူအညီ တောင်းရ၏ ။ သူက မညည်းမညူ နှိပ်နယ်ပေးတတ်သော်လည်း ဆေးလိပ်ကလေး တစ်ထွာတစ်ညိုတော့ လိုချင်တတ်သည်။ သို့သော် ပေးမှယူသည်။ မတောင်းတတ်ပေ။ သူက မတောင်းသော်လည်း ပေးကြကမ်းကြ။ သည်တော့ စည်းကမ်း တစ်ခုလို ဖြစ်နေပါပြီ။
အဲ- သူ့ကို ဆေးလိပ် မပေးသည့်ပြင် အနှိပ်ခံပြီး သူ့ထံမှ ဆေးလိပ် တောင်းသောက်ကြသူ အချို့တော့ ရှိတတ်လေသည်။ သူက ဘာမျှ မပြောသော်လည်း ကျေနပ်မှုတော့ မရှိကြောင်း အမူအရာဖြင့် ပြတတ်၏။ ဒါလည်း ခဏပါပဲ။ မေ့သလောက်ရှိ၍ ထိုသူများ ခေါ်ခိုင်းလျှင် ပြုမြဲဝတ္တရား မပျက်ကွက်ချေ။ သည်လို အသေးအဖွဲ ကိစ္စများ၌ပင် အသုံးတည့်သော ဘိုအောင်ဒင်သည် တော်ရုံတန်ရုံ ဆေးရုံ ကိစ္စများတွင် ကူဖော်လောင်ဖက် ဖြစ်လာခဲ့သည်မှာ မဆန်းတော့ပေ။
ဆိုကြပါစို့။ သောင်းကျန်းသော လူနာများကို ချုပ်နှောင်ပေးခြင်း၊ ညဘက် လူနာဆောင်များကို စစ်ဆေးခြင်း၊ လူနာသုံး ပစ္စည်းများအတွက် ဈေးဝယ်ပေးခြင်း စသည့် အလုပ်များကိုပင် တာဝန်ရှိသူတို့နှင့် လက်တွဲလုပ်ဆောင် နိုင်သည်အထိ အသုံးတည့် လာတော့သည်။
ဤသို့အားဖြင့် ဘိုအောင်ဒင်သည် ယင်းပင်မ စိတ်ရောဂါ အထူးကုဆောင်ကြီးမှ အဆွယ်ဆောင်သို့ ရာထူးတက်ပြီး ရောက်ရှိ လာခဲ့ပါတော့သည်။ သည်နေရာမှာလည်း အဆွယ်ဆောင် ဆိုတာကို နည်းနည်း ရှင်းရပါဦးမည်။
အဆွယ်ဆောင် ဆိုတာက စိတ်ရောဂါ ကုသဆောင် မဟုတ်ပေ။ စိတ်ရောဂါ အထူးကု ဆေးရုံကြီး ဝင်းထဲမှာပင် ဖွင့်လှစ်ထားသော မဆိုသလောက် စိတ်ရောဂါရှင်များကို ကုသရာဆောင်ကို ဆိုပါသည်။ အဓိပ္ပါယ်မှာ အရက်ဖြတ်လူနာများ၊ ဆေးဖြတ် လူနာများ ထားရှိကုသရာ အဆောင်များ ဖြစ်၏။သီးသန့် အခြားနေရာတွင် မထားဘဲ စိတ်ရောဂါ ဝေဒနာရှင်များနှင့် အနီးအနား ထားရခြင်းမှာ အရက်စွဲ၊ ဆေးစွဲခဲ့သူများသည်လည်း စိတ်ကျန်းမာရေး ချို့တဲ့သူများတွင် အကျုံးဝင်သည်ဟု ယူဆဟန် တူသောကြောင့် ဖြစ်ပါလိမ့်မည်။ ပုံမှန်စိတ် မဟုတ်ကြတာကတော့ သေချာသည် မဟုတ်ပါလား။ မည်သို့ပင်ရှိစေ ထိုသူများသည် စိတ်ရောဂါ ဝေဒနာရှင်များထက် စာလျှင်တော့ လူကောင်းများဟု ဆိုရလိမ့်မည်။ ထို့ကြောင့် ဆေးမှန်မှန် သောက်လျှင် လူသာမန်နှင့် သိပ်ပြီး မခြားတော့သော ဘိုအောင်ဒင်ကို ထိုအဆွယ်ဆောင်သို့ ရာထူးတိုးပြီး ပို့ထားခဲ့သည်ဟု ညွှန်းရပါသည်။
တကယ်လည်း ဘိုအောင်ဒင်သည် စိတ်ရောဂါ ဝေဒနာရှင်ဟု ထင်ရက်စရာ မရှိပေ။ လူကောင်းများနှင့် အထိအတွေ့ များလာသောအခါ ပို၍ လူသာမန် ဆန်လာတာလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့်ပင် မူလစိတ်ရောဂါ ပင်မဆောင်ကြီးမှာထက် စာလျှင် ခုလို အဆွယ်ဆောင်မှာ ဘိုအောင်ဒင်ကို ထားရှိခြင်းသည် သူ့အတွက်ရော ဆရာ၊ ဆရာမများ၊ အမှုထမ်းများနှင့် လူနာများ အတွက်ပါ အံဝင်ခွင်ကျ ရှိနေပါတော့သည်။
၂။
"ဟဲ့ အပေါ်ထပ်က ဦးအောင်ကြီး လေဖြတ်သွားလို့တဲ့ ချေးတွေ သေးတွေနဲ့ လူးနေတယ်။ ဘိုအောင်ဒင်ကို ခေါ်ကြစမ်း"
"ဘိုအောင်ဒင် ဈေးများ သွားသလား မသိဘူး။ ရှာမတွေ့ဘူး"
"ငါလည်း မခိုင်းပါဘူး။ ဘယ်သူများ ခိုင်းသလဲ"
"ဒီအချိန်ကြီး ဈေးဝယ်စရာ အကြောင်းမှ မရှိတာ"
"ဟိုဘက်အဆောင်များ သွားသလား မသိဘူး။ လိုက်ရှာကြပါဦး"
"ရှာပြီးပြီ၊ မတွေ့ဘူး"
"မနက်စောစောကမှ ဘုရားရှိခိုးပြီး သောက်ရေအိုးတွေ ဖြည့်နေတာ တွေ့လိုက်သေးတာပဲ"
"ဒါပေမဲ့ တံမြက်စည်းတော့ လှည်းထားတာ မတွေ့ပါလား"
"ဟုတ်တယ်၊ တကယ်ဆို ဒီအချိန် သူတံမြက်စည်း လှည်းပြီးပြီ၊ သစ်ရွက်တွေ မီးရှို့ပြီးပြီ"
"ထူးတော့ ထူးဆန်းတယ်။ ဘိုအောင်ဒင်ဟာ သူ့တာဝန်တွေ မပြီးမချင်း ဒီအဆောင်ဝင်းထဲက ထွက်တတ်တဲ့သူ မဟုတ်ဘူး"
"ခက်တာပဲ၊ မနက်ဆေးလည်း မသောက်ရသေးဘူး"
"ဟုတ်ပါ့။ ဆေးတစ်ကြိမ်ပျက် တစ်ခါ ပြန်ဖောက်မှာ စိုးရတယ်"
"ကဲ ကဲ ... ဘိုအောင်ဒင်ကိစ္စ ခဏထားဦး။ အပေါ်ထပ်က ဦးအောင်ကြီးကို အောက်ထပ်သယ်ချဖို့ အရေးကြီးတယ်"
"ယောက်ျားသူငါ ဆိုလို့ တောင့်တောင့်တင်းတင်း ထဲက လူနာတွေပဲ ရှိတယ်။ သူတို့ကို အကူအညီ တောင်းရတော့မှာပဲ"
"ဦးအောင်ကြီးက ချေးတွေသေးတွေ လူးနေတာ မရွံတတ်တဲ့သူကို ရှာကြ"
"အင်း ... ဘိုအောင်ဒင်သာ ရှိရင် ဒီကိစ္စ သူတစ်ယောက်တည်းနဲ့ ပြီးတယ်"
"ဟော ... ပြောရင်းဆိုရင်း လူနာစောင့် ကိုမာမက် လာနေပြီ။ သူ့ပဲ အကူအညီ တောင်းရတော့မှာ၊ သူက ဒါမျိုးဆို ကူညီတတ်တယ်"
"ကိုမာမက်ရေ၊ အပေါ်ထပ်က လူနာ ဦးအောင်ကြီး လေဖြတ်သွားလို့ အောက်ထပ် ရွှေ့ချင်တယ်။ ကူညီပါဦး"
"ရပါတယ်။ ဒါနဲ့ ဘိုအောင်ဒင်ကော"
"အဲ ... ဒါ ပြဿနာ ဖြစ်နေတာပေါ့။ ဘိုအောင်ဒင် ပျောက်နေလို့"
"ဟင် ... မနက်စောစောကတင် ဆေးရုံဝင်းထဲက ထွက်လာတာ ကျွန်တော်နဲ့ တွေ့လို့ ဆေးလိပ် တိုက်လိုက်သေးတယ်"
"ဟုတ်လား။ သူ ဘယ်ထွက်သွားတာ တွေ့လဲ"
"ဘယ်သွားမယ်တော့ မသိဘူး။ မော်တော်ကား လမ်းအတိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ လျှောက်သွားတာ တွေ့လိုက်တာပဲ"
"ဟာ ... သေချာပါပြီ"
"ဘာသေချာတာလဲဗျ"
"ကျွန်မနဲ့ သူနဲ့ မနေ့ညနေက စကား ပြောဖြစ်ကြတယ်။ ကျွန်မ အပြောင်အပြက် သဘောနဲ့ ဘိုအောင်ဒင် အိမ်မလွမ်းဘူးလား မေးမိတယ်။ သူ့မျက်နှာ ပျက်သွားတယ်။ ပြီးတော့ မပွင့်တပွင့် ပြောရှာတယ်။ ဘယ်တတ်နိုင်မလဲတဲ့"
"ဒါပေမဲ့၊ သူ ဘယ့်နှယ်လုပ်ပြီး အိမ်ပြန်မှာလဲ"
"ဟာ ... သူ့ယောက်ဖ မနေ့က လာတုန်းက ငွေတစ်ရာ ထုတ်ပေးတာ တွေ့လိုက်တယ်"
"ငွေတစ်ရာနဲ့ သူ့ရွာ ဘယ်လိုလုပ် ပြန်မလဲ။ ရွာက အဝေးကြီးရယ်"
"အင်း ... စဉ်းစားစရာပဲ"
"ကဲပါ ... စဉ်းစားနေလည်း မထူးပါဘူး။ သေချာတာကတော့ သူ့မှာ ရှိတဲ့ ငွေတစ်ရာ လမ်းစရိတ် မလောက်ဘူး။ ပြီးတော့ ဒီဆေးရုံ ရောက်နေတာပဲ ကိုးနှစ် ရှိနေပြီ။ လမ်းတွေ ဘာတွေလည်း ဘယ်သိတော့မှာလဲ"
"အဲဒါ စိတ်ပူတာပေါ့။ သူက ရိုးရိုးလေးနဲ့ ဖောက်နေတာ ဆိုတော့ ရောဂါသည်မှန်း လူတွေက သိကြမှာ မဟုတ်ဘူး။ လျှောက်သွားလို့ ကားတွေ ဘာတွေ တိုက်မိရင် ဒုက္ခ"
"ကားထက် ကြောက်ရတာက တွေ့ကရာ လူတွေဆီက ဆေးလိပ်တောင်း သောက်တာတို့၊ တွေ့တဲ့ထမင်းဆိုင် ဝင်စားတာတို့ ဖြစ်ကုန်ရင် ရိုက်ဟယ်၊ နှက်ဟယ် ဖြစ်ကုန်မှာ ပိုစိုးရိမ်ရတယ်"
"ကိုင်း ကိုင်း ... ထွက်သွားတာလည်း မကြာသေးဘူး ဆိုတော့ ပြန်ရောက်ချင်လည်း ရောက်လာမှာပါ။ လောလောဆယ် ဦးအောင်ကြီး အောက်ထပ် ရွှေ့ကြရအောင်၊ ကျွန်မက ဆရာဝန်ကြီးဆီ သတင်းပို့မယ်။ ဦးအောင်ကြီးရဲ့ ဆွေမျိုးတွေဆီ လူနာထိန်း ကိုဘခက်ကို ခုပဲ အကြောင်းကြားခိုင်းပါ"
"ကိုဘခက်က ညဂျူတီ ဆိုတော့ သူ့တန်းလျား ပြန်သွားပြီ"
"ဒါဆို တန်းလျားဆီ ဘိုအောင်ဒင်ကို လွှတ်၊ အဲ အဲ ... ဘိုအောင်ဒင်မှ မရှိဘဲလေ။ ခက်တော့တာပဲ"
၃။
ဆောင်းဦးကြွေရွက်တို့ လှိမ့်လူးနေသော လူသွားလမ်းကလေးကို အမှတ်မဲ့ ငေးကြည့်နေသည့် ဆရာမလေး "နော်ရွှေရည်" သည် ဤသို့ စဉ်းစားမိ၏။
"ပြီးခဲ့တဲ့ သုံးရက်က ကြွေခဲ့တဲ့ ရွက်ဝါတွေနဲ့ ဒီမနက် ကြွေနေတဲ့ ရွက်ဝါတွေ အတူတူပဲလား" ဟူ၍ ဖြစ်သည်။
ဘာကြောင့် အခုလို တောင်တောင်အီအီ စဉ်းစားနေမှန်း မသိသော်လည်း တစ်ခါမျှ ဤသို့ ကဗျာမဆန်ဖူးသည် ကိုတော့ ဘာသာပင် သတိထားမိပါသည်။ ပြီးတော့ အလိုလို နေရင်းလည်း ဝမ်းနည်းနေမိတာ ဘာကြောင့်များပါလိမ့်။ ဆရာမလေးသည် အသက် နှစ်ဆယ်ကျော် အစိတ်ပိုင်း အပျိုစင်တစ်ယောက် ဖြစ်သည်မှာ မှန်ပါ၏။ သူ့မှာ တစ်နယ်စီ ခြားနေသော ချစ်သူ ရှိနေခဲ့တာလည်း မှန်ပါ၏။ သို့သော် လူချင်း၊ စာချင်း အဆက်အသွယ် မပြတ်ခဲ့သဖြင့် အခုလို ဝမ်းပန်းတနည်းကြီးတော့ မလွမ်းဖူးသေးချေ။ နော့ဖြင့် ဘာကြောင့် ဝမ်းပန်းတနည်းကြီး ဖြစ်နေရသနည်း။
"ဆရာမ နေမကောင်းဘူးလား"
ဟု အနားတွင် ထိုင်နေသော လူနာစောင့် ကိုထင်ပေါ် အလိုက်ကန်းဆိုး မသိ မေး၏။
"ကောင်းပါတယ်။ ဒါပေမဲ့ ဘိုအောင်ဒင်ကို စိတ်မချဘူး ဖြစ်နေတယ်။ ခုလည်း ဟိုးက လူသွားလမ်းကလေးကနေ ဘိုအောင်ဒင်များ ဘွားခနဲ ပြန်ပေါ်လာ မလားလို့ မျှော်နေမိတာ"
သည်တော့မှပင် လူနာစောင့် ကိုထင်ပေါ် အားနာသွားလေသည်။
"ဟုတ်ပါရဲ့ဗျာ။ ထမင်းအိုး၊ ဟင်းအိုး သွားသယ်ချိန်ကျရင် ဒီလမ်းကလေးက လျှောက်သွားတိုင်း သူ့ကို သတိရမိပါတယ်"
သည်တော့မှ ခပ်လှမ်းလှမ်းတွင် ထိုင်နေသော အောက်ခြေဝန်ထမ်း မသန်းသန်းက ကပျာကယာ ဝင်ပြော၏။
"ကျွန်မလည်း အဲဒီ လူသွားလမ်းလေးမှာ တံမြက်စည်းလှည်းတိုင်း သူ့ကို သတိရတယ်။ အရင်ဆို သူလှည်းနေကျ မဟုတ်လား"
ဟူ၍၊ ပြီးမှ ဘိုအောင်ဒင့် တာဝန်တွေ သူယူနေရတာကို မကျေနပ်ပုံများ ပေါ်သွားလေမလားဟု စဉ်းစားမိပြီး အားနာသွား၏။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က-
"ဆေးသောက်ကြမယ်ဟေ့" ဟု တစ်ဆောင်လုံးကြားအောင် အော်လိုက်၏။ သည်အချိန်မှာ ဆေးဝေချိန်ဟု ခုမှ ဆရာမလေး သတိရတော့၏။ လူနာများ ဆေးယူရန် အသီးသီး ရောက်လာကြလေသည်။
"အောင်ဒင်"
ဟု ဆရာမလေးက နံပါတ်တစ် ဆေးယူမည့် သူ့နာမည်ကို ခေါ်လိုက်ပြီးမှ မှားမှန်း သိသွားသဖြင့် သက်ပြင်းချလေသည်။ ငိုချင်သလိုကြီး ဖြစ်သွားရ၏။ လူနာ တစ်ယောက်စ၊ နှစ်ယောက်စမှ လွဲ၍ ဆရာမလေး၏ အမှားကို မပြုံးမိကြချေ။ ကျန်လူနာ အများစုမှာလည်း ဝမ်းနည်း၍၊ သတိရစိတ်၊ စိုးရိမ်ပူပန်မှုများဖြင့် မတိုင်ပင်ရဘဲ လူသွားလမ်းလေးဆီ ပြိုင်တူ လှည့်ကြည့်လိုက်ကြ လေသည်။
"လမ်းမှာတင် ရဲတစ်ယောက်နဲ့ တွေ့သွားရင် ကောင်းမှာပဲ"
ဟု လူနာ တစ်ယောက်က မှတ်ချက်ပြု၏။
"ဟုတ်တယ်။ ရဲဆိုရင်တော့ သူ့ကို တွေ့တာနဲ့ စိတ်ရောဂါသည်မှန်း ချက်ချင်း သိမှာပဲ။ ဒါဆို ဒီဆေးရုံ ပြန်ပို့ကြမှာပဲ" ဟု တစ်ယောက်က ဖြစ်နိုင်ခြေ စကားဆို၏။
"ဟုတ်တယ်။ အခုဆို သုံးရက် ရှိသွားပြီ ဆေးကလည်း ပြတ်နေဆိုတော့ သိသိသာသာကြီး ပြန်ဖောက်မှာပဲ။ ဘုရားသိကြားမလို့ ရဲနဲ့ ပက်ပင်းတွေ့ပါစေ"
ဟု တစ်ယောက်က ဆုတောင်းစကားကို ပြော၏။
"ကျွန်တော်ကတော့ ဘိုအောင်ဒင် တစ်ယောက် သည်လမ်းကလေး အတိုင်း ဘွားခနဲ ပေါ်လာလိမ့်မယ်လို့ ထင်တယ်ဗျာ"
ဟု တစ်ယောက်က မျှော်လင့်ချက် စကားကို အာလုတ်ပြုလေသည်။
မည်သို့ပင် ရှိစေ ဟိုဘက် စိတ်ရောဂါကု လူနာဆောင်နှင့် သည်ဘက် အဆွယ်ဆောင် ပေါင်းကူးထားသည့် ကွေ့ကွေ့ကောက်ကောက် လူသွားလမ်းကလေးကား လွမ်းမောဖွယ် ဖြစ်နေသည်ကတော့ အမှန်ပဲ။ ရွက်ကြွေတွေကလည်း တဖွဲဖွဲ တလိမ့်လိမ့်နှင့်ပင်။
ထိုအချိန်မှာပင် ဟိုဘက် စိတ်ရောဂါကုဆောင်မှ သူနာပြုဆရာမကလေး တစ်ယောက် အူယားဖားယား ပြေးလာသည်ကို တွေ့လိုက်ကြ လေသည်။ တစ်ဆက်တည်းမှာပင် ထိုဆရာမလေး၏ ဝမ်းသာအယ်လဲ အော်ဟစ်သံကိုလည်း ကြားကြရ လေသည်။
"ဘိုအောင်ဒင် ပြန်လာပြီဝေ့"
"ဟာ ... ဘိုအောင်ဒင် ပြန်လာပြီဟေ့"
ဟူသော သည်ဘက်က ဆရာမလေးရော လူနာများပါ ဝိုင်းအော်လိုက်သော ပဲ့တင်သံက ဟည်းထ သွားလေသည်။
ဟိုဘက်က ဆရာမလေးသည် လမ်းကလေးအတိုင်း ပြေးလာရင်းမှာပင်
"ဘိုအောင်ဒင် ပြန်လာပြီဝေ့"
ဟု နှစ်ကြိမ်၊ သုံးကြိမ် အော်ဟစ်ခဲ့လေသည်။
"ဘယ်လို ပြန်ရောက်လာတာလဲ"
ဟု ဝိုင်းမေးကြသောအခါ ...
"သူ့ယောက်ဖပဲပေါ့။ ရွာက လူကြီးတွေရော ကာလသားတွေပါ ဝိုင်းချုပ်ပြီး ခေါ်လာကြတာတဲ့"
ဟု ပြန်ဖြေ၏။
သည်ဘက် အဆောင်က လူများကမူ ဘိုအောင်ဒင် ပြန်လာသည့် အတွက် ကိုယ့်အထာနဲ့ကိုယ် ဝမ်းသာကြသော်လည်း သူဘယ်နည်းနှင့် ရွာသို့ ရောက်အောင် ပြန်သွားသည်ကို ပို၍ သိချင်နေကြပါသည်။ ကြည့်စမ်း။ သည်ဆေးရုံမှာ ကိုးနှစ်ရှိပြီ။ ထိုကိုးနှစ်အတွင်း လမ်းပန်း အခြေအနေများ၊ ယဉ်၊ ရထား၊ သင်္ဘော အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ။ တော်ရုံ လူကောင်းတောင် ထိုမျှ အပြင်လောကနှင့် အဆက်အသွယ် ပြတ်ခဲ့လျှင် မျက်စိလည်သွားစရာ မဟုတ်ပါလား။ သူလို ဝေဒနာရှင် တစ်ယောက်အဖို့ ရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်သွားတာ အံ့ဩစရာ ကောင်းလှသည်။
"သူ ဘယ်လို ရွာပြန်ရောက် သွားတာတဲ့လဲ"
"အံ့ဩစရာပဲကွယ်၊ ဒီကနေ ဘတ်စ်ကားစီးပြီး သူတို့ရွာဘက်သွားတဲ့ အဝေးပြေးကားဂိတ်ကို သွားသတဲ့။ ကံကောင်းချင်တော့ ကားဂိတ်မှာ ရွာက မိတ်ဆွေနဲ့ တွေ့ပါတယ်။ သူ့ကို ဆေးရုံက ဆင်းလာပြီ အထင်နဲ့ ကားပေါ်တင်၊ ကားခပါ ပေးပြီး လွှတ်လိုက်သတဲ့လေ"
"အဲဗျ ... တယ်ကံကောင်းပါလား"
"ဒါတင် မကသေးဘူး။ ဟိုဘက်ကမ်း ရောက်တော့ သူတို့ရွာသွားမယ့် ပဲ့ထောင်ဆရာကလည်း သူ့သူငယ်ချင်း ဖြစ်နေတာ ဆိုပဲ၊ သူ့ကို မုန့်နဲ့ လက်ဖက်ရည်တောင် တိုက်လိုက်သေးသတဲ့"
"နော့ ... ဒီအကြောင်းတွေ ဘယ်သူက ပြန်ပြောတာလဲ"
"သူ့ယောက်ဖက သူ ပြန်ပြောတဲ့အတိုင်း ပြန်ပြောတာ"
အဆွယ်ဆောင်မှ လူအုပ်ကြီးသည် ပင်မဆောင်မှ ဆရာမလေးအား ဝိုင်းပတ်ကာ တစ်ယောက်တစ်ပေါက် မေးခွန်းထုတ်နေကြ၏။
သူတို့၏ အမေးစကားများသည် ဝမ်းသာမှုဖြင့် ပြည့်လျှမ်းနေ၏။ ဝမ်းသာပုံချင်းက တူချင်မှ တူပေမည်။ အချို့က ဘိုအောင်ဒင်ကို သံယောဇဉ်ကြီးသဖြင့် အခုလို ပြန်ရောက်လာတာ ဝမ်းသာတာ ဖြစ်ပေမည်။ အချို့က ဘိုအောင်ဒင်၏ အသုံးတည့်မှုကို ပြန်လည် ရရှိတော့မည်ကြောင့် ဖြစ်နိုင်သည်။ အချို့မူ ဘိုအောင်ဒင်၏ အလုပ်များ မိမိတို့ ဝင်လုပ်နေရသဖြင့် အခုဆို မိမိတို့ပြန်ပြီး သက်သာရာ ရတော့မည်ဟု ကျေနပ်ခြင်း ဖြစ်လိမ့်မည်။
မည်သို့ပင်ရှိစေ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာတော့ သေချာပါသည်။ ဆရာမလေး နော်ရွှေရည် ကတော့မူ မျည်ရည်များ လည်နေလျက်က-
"သူဟာ ကျွန်မထက် အသက်ကြီးပေမယ့် ကျွန်မ အနီးကပ် ပြုစု လာခဲ့ရတာမို့ ကျွန်မသားလို ဖြစ်နေပြီ"
ဟု မည်သူကို ပြောမှန်းမသိ ပြောလိုက်လေသည်။
ဟိုဘက်အဆောင်က ဆရာမလေးသည်-
"ဘိုအောင်ဒင် ပြန်လာတာ ပြောချင်လွန်းလို့ ပြေးလာခဲ့တာ၊ ကိုင်း ... ပြန်ဦးမယ်"
ဟုပြောရင်း လာလမ်းအတိုင်း ပြန်ပြေးလေသည်။
လူသွားလမ်းလေး အဆက်သို့ သူရောက်သွားသောအခါ-
"နေဦး မိခြူး၊ ငါလည်း လိုက်ကြည့်မယ်"
ဟု လှမ်းအော်၏ ။ ဝေလက်စ ဆေးများကို ခဏ ချထားလိုက်ပြီး-
"ကဲ ... လူနာတွေ ဒီမှာပဲ နေကြနော်။ ဆရာမ ဘိုအောင်ဒင်ဆီ သွားကြည့် လိုက်ဦးမယ်။ ပြန်လာမှ ဆေးပြန်ဝေမယ်"
ဟုပြောရင်း လူသွားလမ်းကလေးဆီသို့ အပြေးတစ်ပိုင်း ထွက်သွားလေသည်။
ထိုအခါ လူနာထိန်း ကိုထင်ပေါ်ကရော အလုပ်သမား သန်းသန်းကပါ ထလိုက်သွားကြလေသည်။ လူနာများကား မရိုးမရွဖြစ်ရင်း ကျန်ခဲ့လေသည်။ သူတို့ကား အဆောင်ကူးခွင့် မရှိချေ။ လူသွားလမ်းကလေးကို ငေးနေရုံသာ တတ်နိုင်ကြလေသည်။
၎။
တစ်နေ့လုံး ဘိုအောင်ဒင်၏ အကြောင်းသာ ယိုးမယ်ဖွဲ့ နေကြလေသည်။ ဘိုအောင်ဒင်၏ ဘဝကို စာနာနေကြလေသည်။ ဘိုအောင်ဒင်၏ စွန့်စားခန်းကို ချီးကျူးနေကြ လေသည်။ ဘိုအောင်ဒင် ပြန်လာသည်ကို ဂုဏ်ပြုနေကြ လေသည်။ ဘိုအောင်ဒင်၏ ကံကြမ္မာ အလှည့်အပြောင်းကို အံ့ဩနေကြ လေသည်။ ဘိုအောင်ဒင်၏ စိတ်ဝေဒနာ ပြန်၍ ကောင်းမွန် လာသည်ကို ပီတိ ဖြစ်နေကြ လေသည်။
ဆေးရုံ စည်းကမ်းအရ လောလောဆယ် ဘိုအောင်ဒင်ကို အဆွယ်ဆောင် ပြန်မပို့ဘဲ စိတ်ရောဂါ အထူးကုဆောင်မှာပင် ထားရှိသည်ကိုလည်း ဝေဖန်ပိုင်းခြား နေကြလေသည်။ သို့သော် ကိုးနှစ်လုံးလုံး ဆေးရုံမှာ စိတ်ရောဂါ ဝေဒနာသည် အဖြစ် လည်းကောင်း၊ ဝေဒနာပျောက်ကင်းသော လူနာ အဖြစ် လည်းကောင်း၊ နောက်ပိုင်း သာမန်လူနီးပါး ဆေးရုံကို သူ့အိမ်သဖွယ် သဘောထားနိုင်သူ အဖြစ် လည်းကောင်း နေထိုင်လာခဲ့ရာမှ မိမိ တကယ့်အိမ်ရာကို ပြန်လည်တမ်းတ သတိရကာ သူ့ဘဝအမှန်ဆီသို့ ပြန်လည်ပြေးလွှား လွတ်မြောက်ပြီးခါမှ အခုလို သူ၏ ဘဝအတုသို့ တစ်ကျော့ပြန် ရောက်ခဲ့ရရှာသည်ကိုကား ဘယ်သူမှ မတွေးမိ၊ ကိုယ်ချင်းမစာမိ ကြပါကလား။
🔲
#သုမောင်
ရွှေအမြုတေ၊ မေလ၊ ၂၀၀၂။
No comments:
Post a Comment