၂၀၁၈ခုနှစ်၊၁၃ကြိမ်မြောက် ရွှေအမြုတေ ဆောင်းပါးဆုရ ဆောင်းပါး။
ဦးညွှတ်ခွင့်လေး ရပါရစေ
ငယ်စဉ်ကတည်းက ရုပ်သံအစီအစဉ်များကို ကြည့်လေ့ မရှိသူ ကျွန်မသည် ယခုနောက်ပိုင်းတွင် ကြည့်ဖြစ်လာပါသည်။အားကစားသင်တန်း ဖွင့်ထားသူ ဖြစ်သဖြင့် သင်တန်းသူများနှင့် ကစားကြရင်း တီဗွီအစီအစဉ်များကို ကြည့်ဖြစ်နေသည်။ဟိုးယခင်နှင့် မတူ ရွေးချယ်ကြည့်စရာ လိုင်းများကလည်း များလာသည်။ဗဟုသုတ ဖြစ်ဖွယ်၊မျက်စိပသာဒ ဖြစ်ဖွယ်၊နား သာယာနာပျော်ဖွယ် အသီးသီး ပေးစွမ်းနိုင်သဖြင့် ရုပ်မြင်သံကြား ကြည့်ခြင်းကိုကျွန်မ နှစ်သက်လာပါသည်။ကိုယ့် အိမ်ထဲမှာနေရင်း တစ်ထိုင်တည်းနှင့် ရသ မျိုးစုံခံစားခွင့်၊မျက်စိဖြင့် မြန်မာပြည် အနှံ့သွားလာခွင့် ကမ္ဘာပတ်ခွင့်တို့ ရရှိနေခြင်းသည် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကြောင့် ဖြစ်သည်။ယနေ့ခေတ်တွင် ရုပ်မြင်သံကြား မကြည့်မိသူ ရှိခဲ့လျှင်တောင်၊လက်ကိုင်ဖုန်း မကိုင်သူ မရှိသလောက် နည်းပါးနေမည် ထင်ပါသည်။ဆိုလိုချင်သည်မှာ ယနေ့ခေတ် လူငယ်တို့ ကံအလွန်ကောင်းကြသည်။ကျွန်မတို့ နိုင်ငံတစ်ခုတည်း မဟုတ်ပါ။
ကမ္ဘာ့ နိုင်ငံအသီးသီး ရှိ လူငယ်များ အားလုံးဖြစ်ပါသည်။ဆင်းရဲသည့် နိုင်ငံများရှိ ပြည်သူများပင် ဗဟုသုတ မဆင်းရဲအောင် နေတတ်လျှင် ရနေပြီဖြစ်သည်။ယခုတစ်လော ကျွန်မ ရွေးချယ်ကြည့်မိသည့် Money drop Myanmar ဆိုသည့် အစီအစဉ်လေးတစ်ခုကို သဘောကျမိနေသည်။ကိုယ်ပိုင်နိုင်မည်ထင်ရာ ခေါင်းစဉ်ကို ရွေးချယ်ခွင့်ပေးထားပြီး ၊မေးခွန်းများကို ဖြေဆိုရသည်။စာဖတ်သူ အားလုံး ကြည့်ဖူးနေမည် ဖြစ်သဖြင့် မေးခွန်း ရွေးချယ်ပုံတို့ကို အသေးစိတ် မရေးလိုတော့ပါ။ဖြေဆိုသူ အများစုအတွက် ပထမဆုံးမေးခွန်းသည် အလွယ်တကူ မေးထားခြင်းဖြစ်သည်။သို့သော်လည်း ထိုမေးခွန်းကိုပင် စဖြေစဉ် ကတည်းက ငွေကြေးကို သုံးပုံ ပုံထားကြသူတွေ ပါနေသည်။မေးခွန်းများကို သူတို့အတူ လိုက်ဖြေဆိုရင်း ၊ကူ စဉ်းစားရင်း၊ကိုယ် မသိသည့် အကြောင်းအရာများကို လိုက်မှတ်သားရင်း တီဗွီကြည့်ရသည်မှာ ကျွန်မအတွက် ပျော်စရာ။သို့သော်လည်း ဖြေဆိုသူ အများစု ၏ ဗဟုသုတ နည်းပါးမှုတို့ ကြောင့် အစီအစဉ် တင်ဆက်သူ ၏ နှုတ်မှ အားမလို အားမရ ဖြစ်သံတို့နှင့် အတူ ကျွန်မလည်း တီဗွီနှင့် ရန်ဖြစ်တတ်လာသည်။
ပြည်ပ ဗဟုသုတများ၊ဂီတ၊ရုပ်ရှင်နှင့် အားကစား အကြောင်းတို့ကို မှားယွင်း ဖြေဆိုသည်ကို လက်ခံပေးနိုင်သော်လည်း၊မှတ်သားရ လွယ်ကူသည့် မြန်မာပြည်တွင်း တည်နေရာများ၊တိုင်းရင်းသား ရိုးရာများ၊အထင်ကရ မြစ်များနှင့် အင်းအိုင်များ၊ရောက်ရှိနေသည့် မြန်မာ သက္ကရာဇ် ခုနှစ်များ၊ဆယ့်နှစ်လ ရာသီ ပွဲတော်များ၊မှတ်မှတ်သားသား သမိုင်းဝင် ရက်စွဲများ အကြောင်းလောက်ကိုတော့ သိသင့်သည် ထင်ပါသည်။အာဇာနည်နေ့နှင့် တော်လှန်ရေးနေ့ကို မှားယွင်းသည့်အခါ၊ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဖြစ်ဖူးသူအား ဦီးနုဟု ဖြေဆိုကြသည့်အခါ၊အင်းတော်ကြီး အား ရှမ်းပြည်နယ်ထဲ ထည့်လိုက်ကြသည်ကို ကြားရသည့် အခါများတွင် ကျွန်မ စိတ်တိုမိ သလို ခံစားရသည်။ထို အမှားမျိုးကို ဖြေဆိုသူ အချို့ထဲတွင် ဆရာဝန်နှင့် သူနာပြု ဆရာမများ၊ကွန်ပျူတာကျောင်းသူများ၊နည်းပညာတက္က
သိုလ်မှ ကျောင်းသူများပင် ပါဝင်နေကြသည်။ဆိုးရွားစွာ မှားယွင်းဖြေဆိုသူ များပြားလာသည့်အခါ ကျွန်မ စိတ်မတိုတော့ဘဲ စိတ်မကောင်းဖြစ်လာမိသည်၊ဝမ်းနည်းလာမိသည် ဟု ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ဝင်ရောက်ဖြေဆိုသူ အများစုသည် လူငယ်လေးများ ဖြစ်နေသောကြောင့်ဖြစ်သည်။မမှားသင့်သည့် အမှားများကို ဖြေဆိုသူ အများစုသည်လည်း လူငယ်လေးများ ဖြစ်နေသည်။ကျွန်မ သတိထားမိသလောက် ပြောရလျှင် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုစာ အတွင်း လူငယ်အချို့ အရည်အချင်းအားနည်းနေလျှင်၊ယဉ်ကျေးသိမ်မွေ့ မှု နည်းနေသည်ကို တွေ့ရလျှင် ပညာရေးစနစ်နှင့် နိုင်ငံရေး အခြေအနေကြောင့်ဟု လွှဲချ ခွင့်လွှတ်ပေးတတ်ကြသည်။အနည်းငယ် သက်ဆိုင်နိုင်သော်လည်း လုံးလုံးလျားလျား အပြစ်ပုံချ ၍ တော့မရနိုင်ပါ။ယခု သြညနပိမသစ ပြညောမေ တွင် ဖြေဆိုသူများထဲမှ ဗဟုသုတ အတော်ကြွယ်ကြသူများ ကိုလည်း တွေ့ရသည်။နောက်ဆုံးမေးခွန်းကို လွဲမှားဖြေဆိုမိခြင်းကြောင့် အချို့မှာ ငွေကြေးမရရှိကြသော်လည်း မေးခွန်း အားလုံးကိုတော့ ဂုဏ်ယူစွာ ဖြတ်ကျော် ဖြေဆိုခွင့် ရခဲ့သည်။ထိုသို့ မြင်တွေ့ရသည့်အခါတွင် အတွေးတစ်ချို့ ကျွန်မ ခေါင်းထဲဝင်လာသည်။သူတို့သည်လည်း ထို ခေတ် ထို စနစ် ကို အတူဖြတ်ခဲ့ကြသူများ ဖြစ်သည်။တူညီသည့် ပညာရေး၊နိုင်ငံရေး တစ်ခုတည်းအောက်တွင် ရှင်သန်ကြီးပြင်းခဲ့ကြသူများ ဖြစ်သည်။ဘယ့်အတွက်ကြောင့် အသိပညာ၊ဗဟုသုတ ကွဲပြားသွားကြရသည်လဲ ဟု တွေးမိခြင်း ဖြစ်သည်။
စာပေဖတ်ရှုခြင်းကို နောက်ဆုံးမှ ထားကာ တွေးကြည့်မည်။စာမှ မဖတ်လျှင် ဘာမှ အသုံးမကျတော့သလို စာရေးဆရာများက တစ်ဖက်ပိတ် ပြောဆိုကြသည် ဆိုသည့် စွတ်စွဲချက်တို့ကို နားဖြင့် ဆတ်ဆတ်ကြားခဲ့ရ ၍ ဖြစ်သည်။ရုပ်မြင်သံကြားများ ကြည့်ရင်း၊လူမှုကွန်ရက် စာမျက်နှာများ ဖတ်ရင်း၊ရေဒီယို င်္ြ လိုင်းများ
နားထောင်မိရင်း၊အိမ်ရှိ အသက်အရွယ်ကြီးသူ လူကြီးသူမ တို့ဆီမှ စကားတစ်စွန်း တစ်စတို့ ကြားမိရင်း၊ခရီးများ သွားလာရင်း မှတ်သားမိနိုင်ပါသည်။အမှုမဲ့ အမှတ်မဲ့ နေကျင့် များလာသည့်အခါ နားဖြင့်ကြားနေသော်လည်း ဦးနှောက်ကို မရောက်၊မျက်စိဖြင့် မြင်နေသော်လည်း ဥာဏ် အလင်းကို မဖြစ်စေတတ်ပါ။ရုပ်သံလိုင်း တစ်ခု၏ အစီအစဉ်ကို ဇာချဲ့ ပြောဆိုလိုခြင်း မဟုတ်ပါ။အသိပညာ ဗဟုသုတကို အားကိုးပြီး ဝင်ရောက်ဖြေဆိုခြင်း မဟုတ်ဘဲ၊လေးကောင်ဂျင် ခြောက်ကောင်ဂျင် လောင်းကစားဝိုင်းများတွင် လာကစား သကဲ့သို့ ငွေများကို စုပုံတင်ထိုး သလို မြင်တွေ့ရနေသည်။နိုင်လျှင် အမြတ်၊ရှုံးလျှင်လည်း အကျိုးမယုတ် ဆိုသည့် စိတ်ဖြင့် ဖြေဆိုကြသည့်အခါ လူငယ့် ဂုဏ်သိက္ခာ ပွန်းပဲ့ လာသည်ဟုပင် ကျွန်မ ခံစားလာရသည်။သိလိုစိတ် ပြင်းပြသည့် လူငယ်များ ဖြစ်စေချင်မိသောကြောင့် ဖြစ်သည်။လူငယ်များ လူမှုကွန်ရက် သုံးစွဲခြင်းကို အားမပေးသည့် အထဲတွင် ကျွန်မ မပါဝင်ပါ။ထို့အတူ ဗဟုသုတ ဖြစ်ဖွယ်ရာများသာ လေ့လာသင့်ကြောင်း၊အသိဥာဏ် ပညာတိုးစေမည့် ဝက်ဘ်ဆိုက်များ ကြည့်သင့်ကြောင်း တစ်ဖက်စောင်းနင်း ပြောဆိုတတ်သည့် သူလည်း မဟုတ်ပါ။ယောက်ျားလေး လူငယ်တစ်ယောက် ဆက်စီပို့များကြည့်ခြင်းနှင့် မလုံ့တလုံ မိန်းမလှလေးပုံ များ သိမ်းဆည်းခြင်းထားကိုလည်း အပြစ်ဟု မမြင်မိသလို၊မိန်းကလေး လူငယ်များ ဖက်ရှင်နှင့်အလှအပရေးရာ လင့်ခ်များ ရှယ်ခြင်း၊ပြည်တွင်း၊ပြည်ပ မင်းသားချောပုံ များကို ရူးသွပ်စွာ ရှာဖွေကြည့်ခြင်းတို့ကိုလည်း လက်ခံပေးနိုင်ပါသည်။သို့သော်လည်း ထိုသို့ ကြည့်ရှုခြင်း များကို နာရီဝက် လုပ်လျှင်၊ဗဟုသုတ ဖြစ်ဖွယ် အကြောင်းအရာတို့ကိုလည်း အချိုးညီညီ နာရီဝက် ရှာဖွေလေ့လာ စေချင်ပါသည်။
မြို့နယ်၊ကျေးရွာ အသီးသီးရှိ စာကြည့်တိုက် တံခါးများ သော့ခတ်ထားခြင်း တစ်ခုတည်းကို အပြစ်မပုံ စေလိုပါ။စာပေဖတ်ရှုခြင်းကို နောက်ဆုံးမှထားမည် ဆိုခဲ့သော်လည်း လက်တွေ့မျက်တွေ့ သိသင့်သည့် ကိစ္စရပ်များကို စာအုပ်များထဲတွင်သာ ရှာဖွေနိုင်ခြင်းဖြစ်သည်။စာဖတ်ခြင်း ဆိုသည်ကို စာအုပ်များအားကြည့်ရှု မှ ဟု မဆိုလိုပါ။ကျွန်မတို့ ငယ်စဉ်ကလို စာအုပ်ထူကြီးများကို ဖတ်ရှုရန် သယ်ဆောင်ဖို့ မလိုတော့သလို၊ဖတ်လိုသည့် စာအုပ်များကို မှုန်ကုပ်ကုပ် စာကြည်တိုက်ထဲတွင် ခါးချိအောင် ရှာနေစရာလည်း မလိုတော့ပါ။စာအုပ်ဝယ်ယူရန် ငွေကြေးအကြောင်းပြဖို့ မလိုသလို၊စာကြည့်တိုက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် စာကြည့်တိုက်မှူးများပင် မလိုဟု ဆိုနိုင်ပါသည်။ကိုယ်ဖတ်လို၊သိလိုသည့် အကြောင်းအရာများကို မြန်မာလိုဖြစ်စေ၊အင်္ဂလိပ်လို ဖြစ်စေ လက်တစ်ဖဝါးစာ ဖုန်းလေးထဲတွင် ရှာဖွေနေနိုင်သည့် ခေတ်ထဲရောက်နေကြခြင်းဖြစ်သည်။လူတိုင်းနီးပါး ဖုန်းငွေဖြည့်ကဒ် ထည့်နိုင်သည့် ခေတ်လည်း ဖြစ်လို့နေပါသည်။ဒါကျက်၊ဒါဖြေ ပညာရေး စနစ်အောက်တွင် ကြီးပြင်း လာကြသောကြောင့် လူငယ်ကလေးများ အသိပညာ ဗဟုသုတ နည်းကြသည်ဟု ဖြည့်တွေး နားလည်ပေးသူ လူကြီးအချို့ ၏ စကားကို နင်းကာ လူငယ်များ အညံ့ပြိုင်နေမည်ကိုတော့ စိုးမိပါသည်။ဆက်လက်လေ့လာ သင်ယူ၊ဆည်းပူးခွင့် ရှိနေသည့် သည်နေ့ခေတ်ထဲတွင် ထို အကြောင်းပြချက်သည် မလုံလောက်ဟု ဆိုချင်ပါသည်။စာ မှ စာ၊ ဗဟုသုတ ဖြစ်ဖွယ်ရာ များသာလုပ်နေကြမည်ဟု မဆိုလိုပါ။လက်ဖက်ရည်ဆိုင် ထိုင်ချိန်၊ ဂစ်တာခေါက်ချိန်၊ရှောပင်းမောလ် ထွက်ချိန်၊အလှပြင် ချိန်များလည်း ရှိနေသင့်ပါသည်။စိတ်နှင့်ရုပ်အလှများအတွက် ဖြည့်တင်းဖို့ လိုအပ်သလို၊ဦးနှောက်ကိုလည်း ပစ် မထားစေချင်ပါ။မသိမှုများ များပြားလာသည့်အခါ မသိခြင်းကို ရှက်စရာဟုလည်း မထင်တတ်တော့ပါ။လူမှုကွန်ရက်များတွင် မြင်တွေ့နေရသည့် စတေးတပ်အချို့နှင့် ကွန့်မန့်များကို ကြည့်လျှင်လည်း မသိမှု များပြားနေသည်ကို မြင်သာပါသည်။အကြောင်းအရာ အချက်အလက်များကို ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်ခြင်း မရှိတော့ဘဲ စိတ်ခံစားချက်တို့ဖြင့် သာ တုန့်ပြန် တတ်လာကြသည်။ဝေဖန် သုံးသပ်နိုင်စွမ်းရည်(ဃမငအငခွေှူ့ငညုငညါ ) အားနည်းလာခြင်းသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်စပ်နေပါသည်။အလုံးစုံကို တတ်သိ နားလည်နေရမည်ဟုလည်း မဆိုလိုပါ။ကိုယ် နေနေသည့် နိုင်ငံ့ အကြောင်း၊ကိုယ်ဖြတ်သန်းနေသည့် ခေတ် အကြောင်းလောက်တော့ သိထားသင့်သည် ထင်ပါသည်။
ဆရာကြီးအောင်သင်းပြောခဲ့သည့် စကားကို ပြန်အမှတ်ရမိသည်။''လက်ဆင့်ကမ်း ပညာကို မယူသော(တစ်နည်းအားဖြင့်)စာဖတ်သူ နည်းသော တိုင်းပြည်ဟာ တိုင်းကြီး ပြည်ကြီး အဆင့်ကို ရောက်ဖို့ ခဲယဉ်းနိုင်သလို၊ လူတစ်ယောက်ချင်းရဲ့ ဘဝတွေမှာလည်း စာမဖတ်ရင် လူတစ်လုံး သူတစ်လုံး ဘဝရောက်ဖို့ ခဲယဉ်းပါသတဲ့။'''ဆရာကြီးက ခဲယဉ်းသည်ဟု ဆိုခဲ့ပါသည်။မဖြစ်နိုင်ပါဟုတော့ အတိအကျ မပြောခဲ့သဖြင့် ကံအကြောင်းပေး ကြောင့် အချို့သော စာမဖတ်သူများ လူတစ်လုံး၊သူတစ်လုံး ဖြစ်နေကြတာမျိုး ရှိနေပါလိမ့်မည်။သို့သော်လည်း တိုင်းကြီး ပြည်ကြီး ဖြစ်နေသည့် နိုင်ငံများ၊လူတစ်လုံး သူတစ်လုံး ဖြစ်နေသူများကတော့ စာဖတ်ကြသည်မှာ သေချာပါသည်။စာဖတ်သည့် သူတိုင်း နိုင်ငံ့ခေါင်းဆောင် မဖြစ်နိုင်သော်လည်း၊နိုင်ငံ့ခေါင်းဆောင်တိုင်းတော့ စာဖတ်ကြသည် ဆိုသည့် စကားနှင့် အလားသဏ္ဍန် တူနေပါသည်။
ပြီးခဲ့သည့် လက နိုင်ငံတကာ သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။နယ်သာလန် တွင် အခြေစိုက်သည့် ဒတ်ခ်ျ ကုမ္ပဏီ တစ်ခုက ၂ဝ၁၈ခုနှစ်တွင် PAL-V (Personal Air and Land Vehicle) ဟု ခေါ်သည့် ကားပျံထုတ်လုပ်မည်ဟု ကြေငြာလိုက်သည်။ကားပျံလေးသည် မြင်းကောင်ရေ ၁ဝဝ၊အင်ဂျင် ၂လုံး၊ဖြစ်ပြီး မိုင် ၂၄၈ မိုင်မှ မိုင် ၃ဝဝ ထိ မောင်းနှင်နိုင်ကာ အမြင့်ပေ ၁၁၅ဝဝ အထက်ထိ ပျံသန်းနိုင်မည်။ကုန်းရော၊လေပါ နှစ်မျိုးသုံးနိုင်သည်။လွန်ခဲ့သည့် နှစ်တစ်ရာ လောက်ကတည်း က စိတ်ကူးကြံစည် ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။နှစ်တစ်ရာ လုံးလုံး အောင်မြင်စွာ မထုတ်လုပ်နိုင်ခဲ့သည့် ကားပျံလေးကို ယနေ့ ဒတ်ခ်ျ လူငယ်လေးများက အကောင်အထည်ဖော်နိုင်ခဲ့ပြီ။ခေတ်၊စနစ်များက ကောင်းမွန်ခဲ့ခြင်းကြောင့် ပါဝင်သလို ၊လူငယ်လေးများ စိတ်ဝင်တစား လေ့လာသင်ယူကြခြင်းကလည်း အဓိက ပါဝင်မည် ထင်သည်။ကျွန်မတို့ ခေတ်က ပညာရေး စနစ်ဖြင့် အောင်မြင်ဖြတ်သန်းခဲ့ကြသူ လူကြီးများထက်တော့ ယနေ့ခေတ် လူငယ်များကို အနည်းငယ် ပိုတော်စေချင်သည်။ကျွန်မ ငယ်စဉ်က အဖေနှင့်ဦးလေးများ ပြောစကားကို နားယဉ်ပါး ခဲ့ဖူးသည်။ထိုခေတ် လူငယ်များကို ဦးနှောက်ယိုစီးမှု (Brain Drain) ဖြစ်မည်ကို စိုးရိမ်ပါသည်တဲ့။သည်နိုင်ငံက သင်ပေးလိုက်သည့် ပညာတို့ဖြင့် အခြားနိုင်ငံတွင် အသက်မွေး ရပ်တည်မည်ဆိုလျှင် ပညာတတ်များ ထွက်သွားခြင်းကြောင့် တိုင်းပြည်နိုင်ငံနစ်နာ သည်ဟု ဆိုကြပါသည်။ကျွန်မ ယခု လူကြီးအရွယ် ရောက်လာသည့် အခါတွင်လည်း အဖေတို့၊ဦးလေးတို့လိုပင် စိုးရိမ်စိတ် ရှိတတ်လာပါသည်။အကြောင်းအရာတို့တော့ ကွဲပြားသွားပါသည်၊ကျွန်မ စိုးရိမ်မိသည်မှာ ယိုစီးစရာ ဦးနှောက် မရှိသည့် အဖြစ်ရောက်သွားမှာကို စိုးရိမ်မိခြင်း
ဖြစ်ပါသည်။ဦးနှောက်ယိုစီးသည့် အဖြစ်ကမှ ''အင်္ဂလန်မှာ ပေါ့ အထူးကု ဆရာဝန်ကြီး ဆိုတာ ငါတို့နိုင်ငံသားလေ ''၊''စင်ကာပူမှာပေါ့ အာခီတက်ခ် ပညာရှင်ကြီးက မြန်မာနိုင်ငံသား ဟ ''ဆိုသည့် ဂုဏ်ယူဖွယ် စကားတို့ ဆိုခွင့် ရှိပါသေးသည်။
ကျွန်မသည် လူငယ်များအား ဘယ်တုန်းကမှ ညံ့ကြသည်ဟု မထင်ခဲ့ဖူးပါ။တော်အောင် မလုပ်ကြ သေးတာပါဟုပဲ တွေးထင်ထားပါသည်။ယခုလည်း Money drop Myanmar အစီအစဉ်လေးကို ကြည့်ရင်း အားမလို အားမရ စိတ်ဖြင့် ရေးမိခြင်းဖြစ်သည်။ကျွန်မတို့က ပြန်မေးရသည့်၊ကျွန်မတို့က အားကျငေးမောရသည့်၊ကျွန်မတို့ လိုက်မမီနိုင်တော့သည့် ၊ကျွန်မတို့ ဦးညွှတ် ရမည့် လူငယ်များစွာ ပေါ်လာစေ ချင်ပါသည်။
'''''ငါ့ကို ပြောရင် မေ့လိုက်မယ်
ငါ့ကို သင်ရင် မှတ်မိမယ်
ငါ့ကို လုပ်ခွင့်ပေးမှ တတ်မြောက်မယ် ။''
Benjamin Franklin
(Founder of United States)
ငါ့ကို ပြောသည့်ခေတ် ကျွန်မ အဖေတို့ ဖြတ်သန်းခဲ့ကြပြီးပြီ။
ငါ့ကို သင်သည့် ခေတ် ကျွန်မတို့ ဖြတ်ကျော် ခဲ့ပြီးပြီ။
ငါ့ကို လုပ်ခွင့်ပေးနေသည့် ခေတ်ကို ရောက်နေသည့် လူငယ်လေးများ သည့်ထက် သည့်ထက် အစွမ်း အစများ ၊အရည်အချင်းများ ပိုမို တောက်ပ လာသည်ကို မြင်တွေ့လိုလှပါသည်။
ခင်သန္တ္တာ
ည-၇နာရီ၊၂၉မိနစ်။
၈ရက်၊၇လ၊၂ဝ၁၇ခုနှစ်။
No comments:
Post a Comment