May 29, 2018

သူခိုး သူဝှက်

သူခိုး သူဝှက် -

*****
#ခန့်ညီဖေ

ညသည် ည၏အဓိပ္ပါယ် ပြည့်ဝစွာ မှောင်မှောင်မည်း နေသည်။ လမိုက်ညမို့ပေလားမသိ၊ ကြည့်လေ မြင်ရာမှာ အမှောင်ကမ္ဘာ အတွင်း ဝပ်ဆင်းနေကြ သလိုလို။ ညဉ့်နက်ခြင်း၏ အမှောင်ကို လျှပ်စစ်မီး ပျက်ခြင်းက ပံ့ပိုးပေးနေ၍ ပိုပြီး မည်းမှောင် နေလေသည်လား မသိတော့ပါ။ညဉ့်ငှက်တစ်ကောင်၏ ဂီးခနဲ အော်သံတစ်ချက်မှလွဲ၍ ကျန်အသံဗလံတို့မှာ တိတ်ဆိတ်လျက် ငြိမ်သက်ခြင်းကို အားပေးနေကြသည်။ ဟိုး ခပ်ဝေးဝေး မီးကင်းတစ်ခုဆီမှ ဒေါင်ခနဲ တစ်ချက်တည်းသော နာရီသံချောင်း ခေါက်သံကလည်း တိတ်ဆိတ်ခြင်းကို လိုလားနေသလိုလိုပါလေ။ နိစ္စဓူဝ ကိစ္စများအတွက် တစ်နေကုန် အချိန်ပေးထားရသူများခမျာ အိပ်စက်ခြင်း၌ ပျော်ဝင်စီးမျောနေကြ ပေပြီ။
                  
မှောင်မိုက်တိတ်ဆိတ်ခြင်း၌ အသားကျနေသူ သူခိုးတစ်ယောက်အဖို့ သည်အမှောင်က သူ၏လုပ်ငန်းဆောင်တာကို အေးအေးဆေးဆေး လုပ်ကိုင်နိုင်ရန် အားပေးနေသည်။ ရပ်ကွက်အစွန်ရှိ အပျိုကြီး၏နေအိမ်မှာ သည်ညအဖို့ သူခိုး၏ ပစ်မှတ်ပင်။ နေ့ခင်းအခါက စုံစမ်းလေ့လာ ထားချက်အရ သည်ညတွင် အပျိုကြီးမခင်ဝင်းနေအိမ်၌ တစ်ခြားတစ်စုံတစ်ယောက်မျှ ရှိမနေသည်မှာ အလွန်သေချာနေခဲ့၏။ အပျိုကြီး၏ အိမ်အကူ ကလေးမလေး ရွာပြန်နေသည်မှာ အခွင့်ကောင်း ချောင်းနေသူ သူလိုသူခိုးတစ်ယောက်အတွက် မဟာအခွင့် အရေးကြီးပင်။ သူခိုး၏ အတွေ့အကြုံအစွမ်းက သူ့ကို အိမ်အတွင်း လွယ်လင့်တကူ ရောက်သွားစေပါသည်။ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသော အပျိုကြီးမခင်ဝင်း၏ တခူးခူး ဟောက်သံက သူ့အတွက် အားဆေးတစ်ခွက်ပေလား မသိတော့ပါ။ မကြာမီပင် သူခိုး၏ကျွမ်းကျင်မှုကြောင့် အပျိုကြီး၏ အိပ်ခန်းဗီရိုအတွင်းမှ လက်ဝတ်လက်စား ပစ္စည်းအထုပ်မှာ သူ့လက်အတွင်း ပိုင်ပိုင်နိုင်နိုင် ရောက်နေချေပြီ။ ဝင်လာရာလမ်းအတိုင်း အသာပြန်ထွက်ပြီး သူခိုး၏အလုပ်ကို အောင်မြင်စွာ လက်စသပ်ရုံသာ ကျန်တော့၏။
                   
ထိုစဉ် မထင်မှတ်ဘဲ မြည်ဟီးလာသော နာရီနှိုးစက်ပေးသံနှင့်အတူ သူခိုးမှာ ထိတ်ခနဲ ဖြစ်သွားပြီး ရုတ်တရက် ကြောင်သွား၏။ ပြီးနောက်မှ သူ၏အတွေ့အကြုံအရ အလိုလို တံခါးကြား နေရာလွတ်၌ ပုန်းခိုပြီးသား ဖြစ်သွားသည်။ အိပ်မှုန်စုံမွှားဖြင့် ထလာသော အပျိုကြီးမခင်ဝင်းက သူ့နံဘေးရှိ အရေးပေါ်သုံး မီးအိမ်လေးကို ဖွင့်လိုက်သဖြင့် အိမ်ခန်းလေးမှာ အနည်းငယ် လင်းလာ၏။ သူခိုးမှာ အသက်ကို အောင့်ထားရင်း တံခါးကြား၌ ပြားနေအောင် ကပ်ထားရပြန်သည်။ အိပ်ခန်းထဲမှ မီးအိမ်ကိုင်၍ထွက်သွားသော အပျိုကြီး မခင်းဝင်းမှာ သူခိုးအနီးမှ ဖြတ်ထွက်သွားပြီး အိမ်မကြီးတံခါးကို ညင်သာစွာ ဖွင့်နေ၏။ အမြဲဖွင့်ထားသော အိပ်ခန်းတံခါးကြား နောက်ကွယ်မှ သူခိုးကလည်း အပျိုကြီးလှုပ်ရှားမှုကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေမိသည်။ အိမ်တံခါးမကြီး အပွင့်တွင် လူရိပ်တစ်ခုက အိမ်အတွင်းသို့ ခပ်သွက်သွက် လှမ်းဝင်လာ၏။ တံခါးကြားမှ ချောင်းကြည့်နေသော သူခိုးလည်း အံ့အားသင့်စွာ ကြောင်ကြည့်နေရင်း အသက်ကိုပင် မရှူရဲတော့ သယောင်ယောင်။ ပူးကပ်လာနေသော လူရိပ်နှစ်ခုက သူခိုးကို အနီးကပ် ဖြတ်ကျော် သွားပြီးနောက် အိပ်ခန်းအတွင်း ကုတင်ပေါ်သို့ နှစ်ယောက်စလုံးအရောက် မှောင်သွားသော မီးရောင်ကြောင့်သာ သူခိုးခမျာ အသက် ခိုးရှူချိန် ရပါတော့သည်။

        
*****

              
ကိုအောင်မင်းတို့ ရပ်ကွက် ဓမ္မာရုံလေး၌ လူစုံနေချေပြီ။ ရပ်ကွက်လူကြီးလည်းဖြစ်၊ ဓမ္မာရုံဂေါပက ဥက္ကဌလည်းဖြစ်သော ဦးရွှေ၏ အရေးပေါ် ဆင့်ခေါ် အစည်းအဝေးမို့ ကိုအောင်မင်းတို့ ရပ်ကွက်သူ၊ ရပ်ကွက်သားများ ဓမ္မာရုံသို့ စုဝေး ရောက်ရှိနေကြခြင်းပင်။
                 
ညနေ ခြောက်နာရီ ခေါ်ထားသော်လည်း ယခု ခြောက်နာရီပင် ခွဲလုလု။ ကိုအောင်မင်းလည်း လက်မှ နာရီကို တကြည့်ကြည့်နှင့် အံကတကြိတ်ကြိတ်။ သည်ကြားထဲ အလိုက်ကန်းဆိုးမသိ ကိုသာမောင်က လှမ်းနောက်နေသေး၏။
                 
“ဟ..ဥက္ကဌကြီးက ပေါ်မလာသေးပါလား။ မလာသေးလည်း ကိုအောင်မင်း စကြစို့ဗျာ၊ ခင်ဗျား အတွင်းရေးမှူးကြီး တစ်ယောက်လုံး ရှိနေတာပဲဗျ။ ဒါမှမဟုတ်လည်း ကျုပ်အတွက်..ဟဲဟဲ  တစ်ခွက်လောက် ဧည့်ခံဗျာ။ အချိန်ကကျလာတော့ လေပြိုလာပြီဗျ”
                     
“အရေးထဲ..ကိုသာမောင်က တစ်မျိုးဗျာ။ လူမှ ဒေါသထွက်နေပါတယ်ဆို၊ ခင်ဗျားက လာနောက်နေသေးတယ်။ ဟိုဥက္ကဌလုပ်သူကလည်း သူ့ကိုယ်သူ ဘုရင်ခံများ မှတ်နေလား မသိဘူး။ အလကား လူတွေအပေါ် မစာနာဘူး။ ကျုပ်နဲ့ အဲ့ဒါတွေ မတည့်တာပဲ။ ကိုယ့်ရပ်ရွာ ဓမ္မာရုံအတွက်မို့သာ လုပ်ကိုင်ပေးနေရတာ။ ဒီလူကြီးနဲ့ သိပ် ကီးမကိုက်ချင်ဘူး။ ကျုပ်စိတ်ပေါက်တဲ့နေ့ အားလုံး ပြဿနာ ရှာပစ်မှာ”
                      
ကိုအောင်မင်း တကယ် ဒေါသထွက်နေမှန်းသိသဖြင့် ကိုသာမောင်က ပြာပြာသလဲဖြင့်
                     
“အံမယ်လေး…ကိုအောင်မင်း လေးရယ်။ စိတ်မဆိုးလိုက်ပါနဲ့၊ ခင်ဗျားတကယ်စိတ်ဆိုးနေမှန်း မသိလို့ နောက်မိတာပါဗျာ။ ကျုပ်လည်း ကိုယ့်ရပ်ရွာ ဓမ္မာရုံအရေး ခင်ဗျားတို့၊ ဥက္ကဌကြီးတို့လိုသာ ငွေအားလူအားနဲ့ လုပ်မပေးနိုင်တာပါဗျာ။ ကိုယ်တတ်နိုင်တဲ့ဖက်ကတော့ ဝိုင်းဝန်း လုပ်ပေးရမှာပ။ ကဲပါ စိတ်လျှော့ စိတ်လျှော့။ ခင်ဗျားတို့ နှစ်ယောက် အဆင်ပြေမှ ကျုပ်တို့ ဓမ္မာရုံလေးလည်း တိုးတက်မှာပေါ့။ ဘယ် ကျုပ်တို့ ဘိုးဘွား ဟိုရှေးမင်းတွေ လက်ထက်ကတည်းက ရှိခဲ့တဲ့ ရှေးဟောင်းဓမ္မာရုံ၊ ကျုပ်တို့ လက်ထက်ကျမှ အပျက်စီး မခံနိုင်ပေါင်ဗျာ။ ခင်ဗျားနဲ့ ဥက္ကဌကြီးတို့ကိုလည်း ရပ်ကွက်သူရပ်ကွက်သား အားလုံးကိုယ်စား ကျုပ်က ကျေးဇူးတင်နေတာပါ။ အစောက စတာကို စိတ်မဆိုးပါနဲ့ဗျာ”
                    
အတည်ပေါက်တောင်းပန်နေသော ကိုသာမောင်ကို ကြည့်၍ ကိုအောင်မင်းက လေပြေနှင့် ပြန်ပြော၏။
                   
“အင်း ရပါတယ် ကိုသာမောင်ရာ၊ ကျွန်တော် စိတ်တိုနေတာ ခင်ဗျားမသိပါဘူး၊ ခင်ဗျားတို့နဲ့လည်း မဆိုင်ပါဘူး။ အင်း အကြောင်းစုံကို မသိတော့ ခင်ဗျားတို့က အထင်ကြီးကြ။ နွားပြာကြီး အကြောင်းသိလို့ကတော့ သားရေတောင် ဖင်ခုထိုင်ချင်မှာ မဟုတ်ဘူး။ ကဲ ဟိုမှာ နွာပြာကြီး အဲလေ ခင်ဗျားတို့ ဥက္ကဌကြီး ကြွချီတော် မူလာပါပြီဗျာ၊ အထဲ ဝင်တော့ ။ အစည်းအဝေးစဖို့ အော်လိုက်တော့ ဗျို့”
                      
ပလေကပ်ပုဆိုး မီးပူကျ၊ တိုက်ပုံအဖြူဆွတ်ဆွတ်နှင့် ဘိုကေကို ပြောင်နေအောင်ဖီးထားသော ဥက္ကဌကြီးဦးရွှေက ကိုအောင်မင်းတို့ဘက် တစ်ချက်ကြည့် ပြုံးပြပြီး ဓမ္မာရုံအတွင်း ခပ်သွက်သွက် ဝင်လာသည်။ အစောက တီးတိုးတီးတိုး ဆူဆူ ဆူဆူစကားသံများမှာ မီးကို ရေနှင့်ငြှိမ်းလိုက်သလို တိတ်ဆိတ်သွားတော့၏။  ကိုအောင်မင်းလည်း လူကြီးများရှေ့မှ ခေါင်းငုံ့ ကိုယ်ယို့၍ အတွင်း ဝင်လာပြီး ဥက္ကဌကြီးဘေး မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်သည်။ ကိုအောင်မင်း ထိုင်အပြီး ဥက္ကဌကြီးဦးရွှေက မတ်တပ်ရပ် ချောင်းတစ်ချက် ဟန့်လိုက်ပြီး စကားစလိုက်၏။
                     
“ ကဲ ကြွရောက်လာတဲ့ ရပ်မိရပ်ဖ လူကြီးတွေသာမက၊ တက်ရောက်လာကြတဲ့ ရပ်ကွက်သူ ရပ်ကွက်သား အားလုံး မင်္ဂလာပါဗျ။ ခင်ဗျားတို့ကို ချိန်းဆိုထားပြီးမှဗျာ တိုင်း လူကြီးတွေက အားခြင်း လှမ်းခေါ်လို့ သွားနေရတာနဲ့ နည်းနည်း နောက်ကျ သွားတာ နားလည် ခွင့်လွှတ်ပေးကြဗျာ။ လိုရင်း ပြောရရင် နဂိုမူလက ခင်ဗျားတို့ကို ခေါ်တာဟာ လာမယ့် လပြည့်မှာလုပ်ကြမယ့် ကျုပ်တို့အရပ် ဆွမ်းကြီးလောင်းပွဲအတွက် လိုအပ်တာတွေ စီစဉ်ရအောင်ရယ်။ နောက်တစ်ခုက အခု ကျုပ်တို့ဓမ္မာရုံကို ရှေးမူမပျက် အကြီးစား ပြင်ဆင်မှုတွေ လုပ်ကြဖို့ပဲ၊ အဲ အဲ့ဒီမှာ အထက်က လူကြီးတွေကလည်း လမ်းညွှန်တယ်ဗျ။ ကျုပ်တို့ ဓမ္မာရုံဟာ ပေါ့သေးသေးတော့ မဟုတ်ဘူး၊ ပြောရရင် မန္တလေးနန်းတည်တာနဲ့ တစ်ချိန်ထဲလို့ ပြောရတယ်။ ဒီတော့ ပြင်ဆင်ကြရာမှာ ရှေးမူ ရှေးဟန်၊ ရှေးလက်ရာတွေမပျက် လုပ်ကြဖို့ အရေးကြီးတယ်။ လူကြီးတွေကလည်း လိုအပ်တာ ပံ့ပိုး ကူညီ၊ အကြံပေးကြမယ်တဲ့။ ဒါကလည်း ကျုပ်မျက်နှာ ကြောင့်ရယ်၊ ဓမ္မာရုံကလည်း ရှေးဟောင်းဖြစ်နေတာ ခင်ဗျားတို့ ကံကောင်းတာဗျ။ ဒီတော့ ဓမ္မာရုံ အကြီးစားပြင်ဆင်ဖို့ ခင်ဗျားတို့ အားလုံး ငွေအားလူအား ဝိုင်းဝန်းကူညီကြဖို့ ပြောချင်တာပဲ။ ဒီတော့ ပထမ အစီအစဉ်အတိုင်း ဆွမ်းကြီး လောင်းပွဲအတွက် အရင် ဆွေးနွေးမယ်၊ ပြီးရင် ဓမ္မာရုံကိစ္စ ဝိုင်းဝန်းဆွေးနွေးပြီး ဦးဆောင် လုပ်ကြမယ့်သူတွေ ကော်မတီဖွဲ့မယ်ဗျာ။ တကယ် စေတနာပါပြီး လုပ်နိုင်သူတွေ ပါစေချင်တယ်။ ပြီး ကိုယ်တတ်နိုင်သလောက် အလှူငွေ ထည့် ဝင်ကြဖို့ တစ်ခါထဲ စဉ်းစားထားကြဗျာ။ ကဲ အတွင်းရေးမှူး ပထမအစီအစဉ် ခင်ဗျား ဦးဆောင်စဗျာ။ ဒုတိယ ဓမ္မာရုံပြင်ဖို့ဆွေးနွေးပြီးမှ နောက်ဆုံးပိတ် အမှာစကား ပြောပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိတယ်..ကဲ စ စကြ ဗျာ”
                   
ဥက္ကဌကြီးဦးရွှေ စကားအဆုံး ကိုအောင်မင်းက မထချင်ထချင် ဖြင့်ထပြီး ဆွမ်းကြီးလောင်းပွဲကိစ္စ စတင်ဆွေးနွေးသည်။ ကြိုတင် စီစဉ်ထားပြီး ကိစ္စဖြစ်သဖြင့် ၎င်းကိစ္စမှာ တခဏဆွေးနွေးရုံဖြင့် အဆင်ပြေပြေ ပြီးစီးသွား၏။ ဒုတိယ ကိစ္စမှာတော့ ရပ်ကွက်သူ ရပ်ကွက်သားများက ငြိမ်နေကြ၍ ဥက္ကဌကြီးက ထပြောတော့၏။
                
“ခင်ဗျားတို့ စိတ်မပါဘူးဆိုလည်း ဒီကိစ္စက မဖြစ်ဖြစ်အောင် လုပ်ရမယ့်ဟာဗျ၊ အထက်လူကြီး တွေကိုလည်း ပြောပြီးပြီ၊ သူတို့ကလည်း ပံ့ပိုးပေးမယ် ကတိပေးထားပြီးသား။ ခင်ဗျားတို့ အလှူငွေ ထည့်ရမယ်ဆိုတာကလည်း နည်းနည်းပါးပါး ပေါ့ဗျာ။ ကျုပ်ကိုယ်တိုင်ကလည်း ဦးဆောင် ထည့်မှာပေါ့။ အင်း ခင်ဗျားတို့နော် ကျုပ်ဦးဆောင် လုပ်ပေးနေတုန်း နောက်က ညီညီညာညာ လိုက်သင့်တာကိုဗျာ တကတည်း…”
                 
ဥက္ကဌကြီး ဦးရွှေစကားမဆုံးသေးခင် ဝုန်းခနဲ ထရပ်လာပြီး ပြောလိုက်သူက အတွင်းရေးမှူး ကိုအောင်မင်း ။
               
“နေပါဦး ဦးရွှေ ရ၊ အားလုံးကိုယ်စား ကျုပ်ကပဲ အမုန်းခံပြောပါရစေ။ ခင်ဗျားက ငါ့စကားနွားရ ပြောသွားလိုက်တာ၊ ကျန်သူတွေ ဘာကြောင့် ငြိမ်နေတယ်၊ ဘာအခက်အခဲ ရှိတယ်ဆိုတာကျ တစ်ခွန်းမမေးဘူး။ ဒီမယ်ဗျ..ဒီခေတ်ကြီးထဲ ရှိသမျှ လူအကုန် ခင်ဗျားလို သူဌေးမင်းကြီး မှတ်မနေပါနဲ့။ အားလုံးဟာ ရုန်းကန်နေကြရတာ၊ အနေကြပ် အစားကြပ်. နေ့ဖို့ညစာတောင် မနည်းအလျဉ်မီအောင် လုပ်နေကြရတဲ့သူတွေက အများစုပါ။ ပြီးတော့ ဓမ္မာရုံကြီးကလည်း ထားမယ်ဆို ထားဖြစ်ပါသေး တယ်။ အကောင်းကြီး ရှိသေးတာ။ အခုတော့ ခင်ဗျား နာမည်ကောင်း လိုချင်တာနဲ့ပဲ ကျန်တဲ့ မရှိဆင်းရဲသား တွေက ဝိုင်းဝန်း လုပ်ပေးကြရ မလို ဖြစ်နေပြီ”
                    
“ဟေ့ မောင်အောင်မင်း..မင်းက စေတနာကို စော်ကားလိုက်တာပဲကွ၊ ဒါအားလုံး ကုသိုလ်ရေးမို့ ငါက အပင်ပန်းခံ၊ လူကြီး တွေကို အဘ အဘ မိုးမွှန်အောင်ခေါ်၊ အောက်ကျခံပြီး တောင်ဆိုခဲ့ရတာ အားလုံး ကုသိုလ်ရေး အတွက်။ ကျန်တဲ့သူတွေ ကိုလည်း မရှိလို့မလှူ မလှူလို့ မရှိ မဖြစ်ရလေအောင် တိုက်တွန်းပေးနေတာလေကွာ၊ အင်း…မင်းလိုတော့ အလုပ် လက်ဆုပ်လက်ကိုင် မရှိ၊ လက်ကျော တင်းအောင်လည်း မလုပ်၊ အမွေပုံကြီးပေါ် ထိုင်စားနေသလိုလို လူနဲ့တော့ မနှိုင်းနဲ့ ပေါ့..”
                        
“ဦးရွှေ..ခင်ဗျား လူပါးဝလှချည့် လား၊ ခင်ဗျားကရော ဘယ်လောက် ရိုးသားဖြူစင်ပါတယ်ဆိုတာ အားလုံးရှေ့ ပြောကြည့် ပါဦး။ ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျဦးမယ်။ကျုပ် ပြောလိုက်ရ ရင်..”
                       
“ကဲ..တော်ကြပါတော့ကွယ်၊ ကိုရွှေကလည်း တော်၊ မောင်အောင်မင်းကလည်း စိတ်လျှော့၊ မင်းတို့ နှစ်ယောက် သင့်သင့်မြတ်မြတ် တိုင်တိုင်ပင်ပင် လုပ်မှ အစစ အရာရာအောင်မြင်မှာပေါ့၊ ကဲ ဒီတော့ ကိုရွှေရေ ဒီဓမ္မာရုံ ပြင်မယ့်ကိစ္စ နောက်ထပ်စဉ်းစားပြီးမှ တစ်ခါပြန် တိုင်ပင် လုပ်ကြတာပေါ့။ နှစ်ယောက်လုံး ပြောတာ စဉ်းစားရမယ့် ကိစ္စပဲ၊ အချင်းချင်း စိတ်ဝမ်း မကွဲကြနဲ့ဟေ့။ တို့ကလည်း အသက်ကကြီးပြီ။ စိတ်ပဲရှိတာ..မင်းတို့ လူငယ်တွေပဲ လုပ်ကြရမှာ။ အချင်းချင်း သင့်မြတ်ကြပါလို့ပဲ အဘထွန်း တောင်းပန် ပါရစေကွယ်”
                
ရပ်ကွက်ထဲမှ အဘထွန်း၏ ကြားဝင်ဖျန်ဖြေ ပေးမှုကြောင့် ဦးရွှေရော ကိုအောင်မင်းပါ အသံ တိတ်သွားကြသည်။ ဦးရွှေက ခေါင်းငုံ့၍ ဖျာကို စိုက်ကြည့်နေသော ကိုအောင်မင်းအား မျက်ထောက်နီကြီးဖြင့် တစ်ချက် လှမ်းကြည့် လိုက်ပြီး မတ်တပ်ထ စကားပြောရန် ပြင်သည်။
                      
“ကဲဗျာ..အားလုံးကို တောင်းပန်တယ်၊ စိတ်မကောင်းဘူး။ ဒါပေမဲ့ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးကြမှာမို့ ကျုပ် ဘာမှ မပြောတော့ဘူး။ နောက်ဆုံးပိတ်အနေနဲ့ တစ်ခုတော့ ပြောရဦးမယ်။ ကျုပ်တို့ ဒီဓမ္မာရုံထဲမှာ ရှေးဟောင်းဘုရားဆင်းတုတွေ ရှိတယ်။ ဓမ္မာရုံ ကဏ္ဍကုဋီတိုက် သံတံခါးက မလုံခြုံဘူး။ ဒီတော့ မနက်ဖြန် အဲ့ဒီတံခါးကို ကျုပ်ပိုက်ဆံ အကုန်ခံပြီး ပြင်မယ်။ ပြီးရင် အာမခံသော့ ကောင်းကောင်း ခတ်မှဖြစ်တော့မယ်။ ခင်ဗျားတို့လည်း သိသားပဲ၊ ခေတ်က ကောင်းတာမဟုတ်။ မနေ့ကတောင် အပျိုကြီးမခင်ဝင်းအိမ် သူခိုး တက်သွားတာ အဖိုးတန် လက်ဝတ်လက်စားတွေ အတော်ပါသွားတယ် ကြားတယ်။ ဒီတော့ ကျုပ်တို့ ရှေးဟောင်းဘုရားတွေကို မသမာသူတွေလက်ထဲ အပါမခံနိုင်ဘူး။ တံခါးပြင်ပြီး သော့ကို ကျုပ်ရယ် အတွင်းရေးမှူးရယ်ပဲ ကိုင်ထားတော့မယ်။ အရင်လို ပေါ့လို့ မရဘူး။ အားလုံး သဘောတူတယ်မို့လား”
               
ဦးရွှေ စကားအဆုံး အားလုံး၏ ထောက်ခံသံများကြားမှ ကိုအောင်မင်း အံကြိတ်ပြောသံကို အားလုံး ကြားလိုက်ရသည်။
                 
“ခင်ဗျားဘာသာ သော့ခတ်သိမ်းချင်သိမ်း မသိမ်းချင်နေ၊ ကျုပ်လာ နွှယ်မနေနဲ့။ ကျုပ် မသိမ်းနိုင်ဘူး။ လူလာအမှုတွဲ မခံနိုင်ဘူး"

******
                  
ခံပြင်းဒေါသစိတ်ကြောင့် လက်သီးကို ကျစ်ကျစ် ဆုပ်ထားရင်း အိမ်ပြန်လာသော ကိုအောင်မင်းမှာ အတွေးများပျံ့လွင့်နေ၍ မည်သို့မည်ပုံ အိမ်သို့ ပြန်ရောက်လာသည်ကိုပင် သတိမထားမိတော့။ မကျေနပ်ချက်၊ မခံချင်စိတ်၊ ဝေခွဲမရသော ချီတုံချတုံစိတ်များကြောင့် ကိုအောင်မင်းမှာ တုန်တုန်ယင်ယင် ဖြစ်နေရသည်။ အမှန်နှင့် အမှား၊ တရားနှင့် မတရား၊ ဓမ္မ နှင့် အဓမ္မ လွန်ဆွဲ အားပြိုင်နေရင်း မခံနိုင်တော့သည့် အဆုံး အရက်ပုလင်းကိုထုတ်၍ ကိုအောင်မင်း အိမ်မှာပင် တစ်ယောက်တည်း ထိုင်သောက်နေလိုက်တော့၏။ ညအတန် မိုးချုပ်မှ ကိုအောင်မင်း အိပ်ပျော်သွားခဲ့သည်။
                     
ဥက္ကဌကြီးဦးရွှေနှင့် ဓမ္မာရုံဇာတ်လမ်းက ကိုအောင်မင်း၏ အိပ်မက်ထဲအထိ ဝင်ရောက် နေရာယူနေဆဲ။
                 
“အိပ်မက်ထဲ၌ ဓမ္မာရုံတွင် လူစုံတက်စုံ။ ခေါင်းငုံ့မျက်လွှာချ ထိုင်နေသူက ဥက္ကဌကြီး ဦးရွှေ။ လူပုံအလည် လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်ပြောဆိုနေသူက ကိုအောင်မင်း။ တစ်ရပ်ကွက်လုံးကလည်း ဦးရွှေကို စက်ဆုပ်ရွံရှာစွာ ဝိုင်းကြည့်နေကြ၏။ စိတ်မထိန်းနိုင်သူ လူငယ်များက ဦးရွှေကို ရိုက်မည်နှက်မည်တကဲကဲ လုပ်နေကြသဖြင့် အဘထွန်းတို့ လူကြီးများက ဆွဲနေကြပြန်သည်။ ကိုအောင်မင်းကလည်း အောင်နိုင်သူအပြုံးဖြင့် ဦးရွှေအား တစိမ့်စိမ့် ကြည့်နေဆဲ၊ ဥက္ကဌကြီးဦးရွှေက တန်ပြန်မေးခွန်း မေးလိုက်ချိန် ကွက်ခနဲပျက်သွားသော ကိုအောင်မင်း၏ မျက်နှာ။ နောက်ဆုံး ကိုအောင်မင်း ချောင်ပိတ်မိ၍ မဖြေမဖြစ် ဖြေလိုက်ရချိန် ရပ်ကွက်သူ ရပ်ကွက်သား တို့၏ ဒေါသက ကိုအောင်မင်းဆီ စုပြုံကျရောက် လာခိုက်….”
                   
ကိုအောင်မင်းလည်း လူတစ်ကိုယ်လုံး ချွေးများ ရွဲနစ်လျက် အိပ်မက်မှ လန့်နိုးလာသည်။ အစောက အိပ်မက်မြင်ကွင်းများက သူ့ကို ခြောက်လှန့်နေဆဲ။ ချီတုံချတုံအတွေးများက စိတ်ထဲတွင် တရေးရေး ပေါ်လာပြန်တော့၏။ ဘာလုပ်ရမည်မှန်း မသိလောက်အောင်ပင်။
                  
******

           
အရေးပေါ်သုံး မီးအိမ်လေး၏ မှိန်ဖျော့ဖျော့ အလင်းရောင်က သူပုန်းခိုနေရာ တံခါးကြားသို့ မရောက်နိုင်။ သူ့လက်ထဲမှ အထုပ်ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားရင်း သူ့လွတ်လမ်းကို ခေါင်းပွင့်ထွက်မတတ် စဉ်းစားနေမိ၏။ အိမ်တံခါးမကြီး ပြန်ပိတ်လိုက်ပြီး တရွေ့ရွေ့ လှမ်းလာနေသော အပျိုကြီးမခင်ဝင်းနှင့် လူစိမ်းက သူ့အနား တဖြည်းဖြည်း နီးလာသည်။ မီးရောင်မှိန်မှိန်အောက် လျောက်လာသော မခင်ဝင်းတို့နှစ်ယောက် သူ့အနားမှကပ်ဖြတ်ချိန် သူ့မြင်ကွင်းထဲ ထင်ထင်ရှားရှား မြင်လိုက်ရသည်။ အံ့သြလွန်းသဖြင့် သူ့ခေါင်းမှ ဆံပင်များပင် ထောင်သွား သလိုလို။ သေချာအောင် သူ လိုက်ကြည့်နေမိသည်မှာ နှစ်ယောက်သား ကုတင်ပေါ် ရောက်၍ မီးပိတ်လိုက်ချိန်ထိ။ ထိုလူစိမ်းမှာ တစ်ခြားလူ မဟုတ်။ ဥက္ကဌကြီး ဦးရွှေပင်။
               
သူလည်း နားကို အသားကုန်စွင့်ရင်း ထွက်လမ်းရှာဖို့ပင် စိတ်မကူးနိုင်တော့။ အသက်ရှူသံပြင်းပြင်းများ၊ ပွတ်တိုက်လှုပ်ရှားသံများ၊ သက်ပြင်းမောရှိုက်သံများ၊ တီးတိုးစကားသံများကို စိတ်ဝင်တစား နားထောင်နေမိတော့သည်။
                   
“ခင်… အိပ်ပျော်သွားတာလား၊ အစ်ကိုကြီးရှေ့မှာ စောင့်နေရတာ နည်းနည်းကြာသွားပြီ”
                     
“ဟုတ်တယ်…ဒါပေမဲ့ နာရီနှိုးစက် ပေးထားတာပဲကို၊ သူကိုက စိတ်လောနေတာနေမှာ…သွား လူဆိုး၊ ဟာ လက်ကြီးက ဖယ်ပါဦး။ စကားကို ကောင်းကောင်း မပြောရသေးဘူး တကတည်း ကြီးမှ ကဲနေလိုက်တာ”
                      
“ ခင်ရယ် ဒီအချိန်စောင့်နေရတာ ဘယ်လောက် ကြာပြီတုံး..မရဘူး ကွာ”
                      
“ဟာ..နေစမ်းပါဦး၊ အရေးကြီးတာ ပြောမလို့၊ အစ်ကိုကြီး ဟိုနေ့ကထားသွားတဲ့ ဘုရားဆင်းတုကို မောင်လှတို့ ဒီနေ့ပဲ လာယူသွားကြပြီနော်။ ငွေဆယ်သိန်း ပေးသွားတယ်။ ဒီတစ်ခါတော့ ခင်ပဲ သုံးပစ်လိုက်တော့မှာ နော်”
                         
“အေးပါကွာ၊ ဒါပေမဲ့ အစ်ကိုကြီးတွက် ငွေနည်းနည်း ချန်ထားဦး။ ဓမ္မာရုံ ကဏ္ဍကုဋီတိုက်တံခါး ပြင်ပြီး သော့ခတ်ဖို့ လုပ်ရမယ်။ ဒါမှ ရပ်ကွက်က သံသယ မဝင်မှာလေ။ နောက်ထပ် ရှေးဟောင်း ရုပ်ပွားကလည်း တစ်ဆူနှစ်ဆူလောက်ပဲ ယူလို့ ရတော့မှာ၊ တော်ကြာ ရိပ်မိကုန်တော့မယ်”
                         
“ဟင် အစ်ကိုကြီးက ရုပ်ပွားတော်တွေ လျှော့လျှော့ ကုန်တာ ဂေါပကတွေ မသိကြဘူးပေါ့”
                           
“ဟား ဟား ငတုန်းမလေး၊ လက်ရာပုံစံတူ အစားပြန်ထည့်ထားတာပေါ့ကွ၊ ရှေးဟောင်းဘုရားတွေ ဆိုတော့ တန်ဖိုးက ကြီးတယ်လေ၊ အခုခေတ် ဆင်တူထုထားတာက ဘာမှ ကျတာမှ မဟုတ်တာပဲ..။ကဲ တော်ပြီကွာ အချိန်က အဖိုးတန်တယ်..လားထား ကိုယ့်ဆီ ဟားး ဟ”
                           
“ဟာ အစ်ကိုကြီးက ဆိုးတယ်၊ နည်းနည်းလွှတ် အသက်ရှူမဝတော့ဘူး လို့”
                             
၎င်း အသံများကြား အမှန်တကယ် အသက်ရှူ ကြပ်လာသူက တံခါးကြားမှ ခိုးနားထောင်နေမိသော ကိုအောင်မင်းပင် ဖြစ်ပါပေလိမ့်မည်။
                               
ပြန်လှန်တွေးနေမိသော ကိုအောင်မင်းမှာ တွေးရင်းပင် မောလာပါတော့၏။သူ့သူခိုးသက်တမ်းတစ်လျောက် ရင်အခုန်ခဲ့ရဆုံး အတွေ့အကြုံတစ်ခုဆိုက မှားမည်မထင်။ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချအပြီး ကိုအောင်မင်း စိတ်မှာပေါ့သွားပြီး အိပ်ရာပြန်ဝင်၍ နှစ်နှစ်ချိုက်ချိုက် အိပ်စက်ရင်း မနက်ဖြန်ကို စောင့်မျှော်နေရုံသာ။
                
*****
 
               
ယခုမှ ဘကြီးထွန်းအပါအဝင် ရပ်ကွက်ထဲမှ လူအများ စိတ်ချမ်းသာကြတော့သည်။ ကြည့်မြင်နေရသည့် မြင်ကွင်းကြောင့် သူတို့ ကျေနပ်ကြပါလိမ့်မည်။  လ္ဘက်ရည်ဆိုင်ထဲမှ ကိုအောင်မင်း ပုခုံးကိုဖက်၍ ထွက်လာသော ဥက္ကဌကြီးဦးရွှေမှာ သူ့ရွှေသွားကြီးများ ပေါ်အောင် ပြုံးနေသည်။ စကားအဆက်မပြတ် ပြောနေသော ကိုအောင်မင်းမျက်နှာမှာလည်း အပြုံးများက အထင်းသား။ ရပ်ကွက်သားများ ကလည်း ပြန်လည်အဆင်ပြေသွားကြသော သူတို့ဥက္ကဌကြီးနှင့် အတွင်းရေးမှုကိုကြည့်ပြီး ပီတိဖြစ်နေမည်မှာ မလွဲ။ အသေချာကြည့်မိပါက သူတို့နှစ်ယောက်ခါးကြား၌ သော့တွဲတစ်ခုစီ ကိုယ်စီထိုးထားသည်ကို မြင်ကြရပေလိမ့်မည်။

******                                
ခန့်ညီဖေ
၂၀၁၆ ဇွန်လ ရွှေအမြုတေမဂ္ဂဇင်း

No comments:

Post a Comment