May 26, 2017

ကျုပ်..သိပ်ရှက်တယ်

"ကျုပ်..သိပ်ရှက်တယ်"
====--===========
ဟမ်စိုင်း(ဆေး.မန်း)

ဒီကိစ္စ ဖြစ်ရတာ ကျုပ်ရဲ့ပေါ့ဆမှုကြောင့်ပါ။စာရေး ဆရာအတ္တကျော်ရဲ့ စကားကို နားထောင်ခဲ့တာကြောင့်လည်း ပါပါတယ်။
############
အဲဒီကောင်မလေးကို မြင်ရင် ကျုပ်ရဲ့စိတ်တွေက  ဗရုန်းသုန်းကားဖြစ်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။ဒီအကြောင်း မပြောပြသေးခင် ကျုပ်ကိုကျုပ် အရင် မိတ်ဆက်ပါရစေ။ ကျုပ်နာမည်က ဟမ်စိုင်း။ ကျောက်ဆည်မြို့နယ်ထဲက ရွာမှာ နေတဲ့ရွာသား။ အလုပ်အကိုင်က ဆရာဝန် စာရေးဆရာ ဆိုပါတော့။ ဒီလိုမိတ်ဆက်ရတာ ကိုယ့်ဂုဏ် ကို ဖော်ချင် လို့ မဟုတ်ပါဘူး။ ကျုပ်က ၀ါသနာပါရာ ရသ၀တ္ထုတို၊ ကျန်းမာရေး ဆောင်းပါးနဲ့ အချစ်ကဗျာလေးတွေ ရေးတယ်။ မဂ္ဂဇင်း တစ်ချို့မှာ ကျုပ်စာမူတွေ ၂၀၁၄\၅ လပိုင်းကနေ စပြီး အခုချိန်ထိ ဆက်တိုက် ဖော်ပြခံရတယ်။ အခုတလော Facebook မှာ Friend requestsတွေ အများကြီးလာပါတယ်။ ၂၀၀၈ကတည်းက Facebook သုံးခဲ့ တဲ့ကျုပ်။ ၂၀၁၅\၆လထိ အကောင့်ထဲမှာ friendsက ၇၀၀နီးပါးပဲ ရှိခဲ့တာ။ အခု စာရေးပြီးနောက်ပိုင်း လာaddသမျှ fris အများစုကို လက်ခံပေးပါတယ်။ Mutual friends ဘယ်လောက်ရှိမှ လက်ခံမယ်လို့လဲ မသတ်မှတ်ထားပါဘူး။ အခု လက်ရှိ  ကျုပ်အကောင့်ထဲမှာ friendsက 3000နီးပါး ရှိပါမယ်။ ကျုပ်ကတော့ သူတို့ လာ Addကြတာ ငါ့စာတွေကိုဖတ်မိကြလို့ လို့တွေးပြီး ပျော်တာပေါ့။ ဒါပေမယ့် လက်ခံပြီးနောက်ပိုင်း "အစ်ကိုက စာရေး ဆရာလားဟင်"။"အစ်ကိုက ဆရာဝန် လားဟင်""အစ်ကိုက စာရေးတာ လား။"ဆိုတဲ့ မေးခွန်းများစွာကြုံရလို့ ကျုပ် ပြောချင်တာတွေ မပြောရသေးခင် ကျုပ်ကိုယ်ကျုပ် အရင်ဆုံး မိတ်ဆက်ထား တာပါ။
                 ဒီကိစ္စ စခဲ့တာ အဲ့ဒီစာရေးဆရာ အလုပ်နဲ့ ပတ်သတ်နေတယ်။ကျုပ်က မဂ္ဂဇင်း မှာပါပြီးသား စာမူတွေကို Facebookပေါ် ပြန်တင်တတ်တယ်။ ကျုပ်ရဲ့ တင်သမျှစာတွေကို ဖတ်ပေးတဲ့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ အစ်ကိုတစ်ယောက်နဲ့ ခင်မင်ခဲ့ တယ်။ ကျုပ်စာတွေကို ဖတ်ရင်း သူနဲ့ကျုပ် ညီအစ်ကိုတွေလို ခင်မင်သွားကြတယ်။ အဲ့ဒီအစ်ကိုက ကျုပ်ကို မွေးနေ့လက်ဆောင်ပေးချင်တယ်တဲ့။ ပထမတော့ ကျုပ်က မယူချင်ဘူးလို့ ငြင်းပါသေးတယ်။ ဒါပေမယ့် ညီအစ်ကိုလို ခင်နေတဲ့အပြင် မွေးနေ့ လက်ဆောင်ဆို တော့ ကျုပ်ဘက်က မငြင်း တော့ပါဘူး။ အဲဒီအစ်ကိုက စင်ကာပူကနေ ငွေလွှဲ ပေးခဲ့တယ်။ ၀ယ်ချင်ရာဝယ်ပါတဲ့။ ကျုပ်ရဲ့မွေးနေ့က ၂၉ရက်၆လပိုင်းမှပါ။ ဒီလထဲ  ကြိုပို့ပေးခဲ့တာက ၀ယ်ချင်တာ ကြိုဝယ်လို့ရအောင်လို့ သူက ဆိုပါတယ်။
"ဟယ်လို ကိုဟမ်စိုင်းလာရှင်။ (.....)ဘဏ်ကပါ။ စင်ကာပူကနေ ငွေလွှဲရောက်နေပါတယ်"
           ဘဏ်က ဖုန်းရပြီးပြီးချင်း ကျုပ် ရေချိုးဖို့ ပြင်လိုက်တယ်။နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေရှည်နေပြီ။ ရိတ်ရမယ်။ လူက ညှင်းသိုးသိုးနဲ့။ အခုတလော ဆေးခန်းကို တစ်ခါမှ မလာဘူးတဲ့ လူနာတွေလာရင် ကျုပ်ကိုတွေ့တဲ့အခါ "ကောင်လေး။ ဆရာဝန်ခေါ်ပေးစမ်း။ ဆရာဝန် ဘယ်သွားလဲ"တဲ့။ကျုပ်ရဲ့ကျုပ်က ဆရာဝန် ရုပ် ပေါက် မပေါက် အဲ့ဒါတွေသာ ကြည့်တော့။ သူငယ်ချင်းတွေကတော့ မင်းရုပ်က ကားပွဲစား၊နွားပွဲစားနဲ့ တူတယ်လို့ ကျုပ်ကိုပြောဖူးတယ်။သူတို့ပြောတာလည်း မလွန်ပါဘူး။ ကျုပ်က မြို့ပေါ်တက်တိုင်း စာမူထည့်ထားတဲ့ လွယ်အိတ်ကြီးကို စလွယ်သိုင်း သွားတာကိုး။ လွယ်အိတ်က မလျှော်တာ ကြာတော့ မူလအဖြူရောင် ပျောက်ပြီး အမည်းရောင်တောင် ပေါက်နေပြီ။  တခြားလူတွေ ဘယ်လိုထင်ထင် ကျုပ်ဘက်က ဂရုမစိုက်ပါဘူး။ ကျုပ်ဘက်က ဂရုစိုက်တာဆိုလို့  သူမပဲရှိတယ် ။သူမဆိုတာ ကျုပ်သွားမယ့် ဘဏ်မှာ (ဧည့်ကြို) အလုပ်လုပ်နေ တဲ့ ကောင်မလေး ပေါ့။သူမကို  ကျုပ်ကြိတ်ပြီး ကြွေနေတာ တစ်လ ကြာပါပြီ။လွန်ခဲ့တဲ့ တစ်လက ဘဏ်ကို အလုပ် ကိစ္စနဲ့ သွားတုန်းက သူမနဲ့ စတွေ့ခဲ့တာ။ ဒီကြားထဲလည်း ဘဏ်ကို ခဏခဏ သွားပြီး သူမကို ခိုးကြည့်နေကျ။ သူမနဲ့ မကြာခဏတွေ့ရဖို့အတွက် ရန်ကုန်က သူငယ်ချင်းကို အကူအညီ တောင်းပြီး ငွေ ငါးသောင်းကို အပြန်အလှန် လွှဲနေခဲ့ကြ တာ။ ငွေလွှဲခတော့ ကျုပ်က ပေးရတာပေါ့လေ။ကျုပ်နဲ့သူမရဲ့ အခြေအနေက မျက်လုံးချင်း စကားပြောတဲ့ အဆင့်ကို ရောက်နေပါပြီ။
        အခု ဘဏ်ကို သွားရမယ်ဆိုတော့
သူမရဲ့ အရှေ့မှာ ကျုပ် smartကျနေဖို့ လိုတယ်လေ။  ရေချိုးပြီးတာနဲ့ ကျုပ်မှာရှိတဲ့ ဘောင်းဘီ၊အင်္ကျီတွေထဲက အကောင်းဆုံး ၀တ်စုံတစ်စုံကို ထုတ်ဝတ်လိုက်တယ်။ မျက်နှာကို Loreal ပွတ်။ ချိုင်းကြားကို Niveaလိမ်း။ မှန်ထဲ တစ်ချက်ရှိုး။ခေါင်းကို follow me gelလိမ်း။မှန်ထဲပြန်ကြည့်...။ အာပါး..မဆိုးပါဘူး။မချောဘူးဆိုရင်တောင် စွဲမက်စရာရုပ်ရည် ဖြစ်သွားတယ်။ မှန်တင်ခုံ အရှေ့က မှတ်ပုံတင်ကို မြင်မှ လက်ရှိကိုင်နေ တဲ့ပိုက်ဆံအိတ်ကို မနက်တုန်းက ရေ လျှော်ပြီး လှမ်းထားတာ သတိရသွား တယ်။ ဒါနဲ့ သေတ္တာထဲ သိမ်းထားတဲ့ ပိုက်ဆံအိတ် အဟောင်းကိုထုတ်ပြီး ပိုက်ဆံအိတ်ထဲ မှတ်ပုံတင်နဲ့ပိုက်ဆံ အနည်းငယ် ထည့်ရ တယ်။ ဒီနေ့တော့ သူမဆီက ဖုန်းနံပတ် ကို ရအောင် တောင်းရမယ်။ ဖုန်းကနေတစ်ဆင့် အဆင့် ဆင့် တက်ဖို့ ကြိုးစားရမယ်။ တွေ့တွေ့ချင်း တောင်းရင် မပေးမှာ ကြောက်လို့ တစ်လအထိ ကျုပ်ဘက်က အောင့်အီးပြီး သည်းခံခဲ့ရတာ။မျက်လုံးနဲ့ပဲ ချစ်စကား အကြိမ်ကြိမ် ပြောခဲ့ရတာ။ ဒီအချိန်မှာ ဖုန်းနံပတ် တောင်းခဲ့ရင် သူမက ပေးမယ်လို့ ထင်တာပဲလေ ။သူမရဲ့ မျက်ဝန်းတွေထဲမှာ ကျုပ်ကို ကြည်ဖြူနေတာ ကျုပ်တွေ့ရတယ်။
#################
          ဘဏ်အရှေ့ကို ရောက်ရင်ပဲ သူမနဲ့တွေ့ရမယ်ဆိုတဲ့ အတွေးနဲ့ ကျုပ်ရင်တွေ ခုန်လာတယ်။ ဘဏ်အရှေ့မှာ ဆိုင်ကယ်ထားပြီး ဘဏ်ထဲအ၀င် သူမက
"မင်္ဂလာပါ။ငွေထုတ်မှာလား။လွှဲမှာလား အစ်ကို"
         အို...သိပ်ချစ်စရာကောင်းတဲ့ သူမပါလား။ တူညီဝတ်စုံတွေ ၀တ်ထားတဲ့ ၀န်ထမ်းတွေ အများကြီးထဲ  သူမက ဘာလို့ အဲဒီလောက် ချစ်စရာကောင်းနေရတာလဲ။ အရည်ရွှမ်းလဲ့နေတဲ့ သမင်လိုမျက်လုံး လေးတွေနဲ့ စင်ရော် တောင် မျက်ခုံးလေး တွေက လှလိုက်တာ။ နှင်းဆီရောင် နှုတ်ခမ်းဖူးလေးကလည်း စွဲမက်စရာ။ သွေးကြောလေးတွေ အထင်သားနဲ့ပါးမို့မို့ကို ဘယ်ချိန်များမှ အာဘွား ပေးခွင့်ရမှာလဲ။
"အဟမ်း....အဟမ်း... "မင်္ဂလာပါအစ်ကို။ ဘဏ်ထုတ်မှာလား။လွှဲမှာလား အစ်ကို"
         သူမဘာပြောလိုက်တာလဲ ကြားပေမယ့် သူမရဲ့အလှတွေကြားမှာ မိန်းမော နေမိတယ်။
"သြော်...ငွေထုတ်မှာပါ။စင်ကာပူကလွှဲတာ"
"မှတ်ပုံတင်လေးပေးပါအစ်ကို"
            ကျုပ်ရဲ့ အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို အမြန်ထုတ်လိုက်တယ်။ ယောက်ျားလေးတွေကိုင်တဲ့ ပိုက်ဆံအိတ်ထဲကိုမြင်ဘူးတယ်မို့လား။မှတ်ပုံတင်ကို ပိုက်ဆံအိတ်အလယ်ခေါင်က ဓာတ်ပုံတို့ လိပ်စာကဒ်တို့ ထည့်တဲ့ အထဲမှာထည့်ထားခဲ့တာ။မှတ်ပုံတင်ကို ဆွဲထုတ်လိုက်တယ်။မှတ်ပုံတင်က အလွယ်တကူ ဆွဲထုတ်လို့ မရဘူး။ မတ်တတ်ရပ်နေတဲ့ သူမကို အားနာလိုက်တာ။ မှတ်ပုံတင်ကို အတင်းဆွဲထုတ်လိုက်တယ်။
ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်နဲ့ အတူ ဓာတ်ပုံတွေပါ ပြုတ်ကျသွားတယ်။ကျုပ် ကုန်းပြီး ကောက်မလို့ လုပ်နေတုန်း သူမက `ရတယ်အစ်ကို။ ကျွန်မ ကောက်လိုက်မယ်"
ဒီနေ့မှ ဘောင်းဘီ အကြပ်ဝတ်လာမိတဲ့ ကျုပ်ကိုကျုပ် ဒေါသထွက်မိတယ်။အခုတော့ ကျသွားတဲ့အရာကို ချက်ချင်းထိုင်ပြီး မကောက်နိုင်လို့ သူမက ကောက်ပေးရ တယ်။
"အို"
           သူမဆီက အံ့သြ နေတဲ့ အာမေဍိတ် အသံထွက်ပေါ်လာတယ်။ ကျုပ်ရဲ့မျက်လုံးက  သံပန်တလင်းပေါ် ရောက်သွားတယ်။
"အဲ"
           ဒီတစ်ခါ အာမေဍိတ်အသံထွက်သွား
တာက ကျုပ်ရဲ့ပါးစပ်ကဗျ။ သံပန် တလင်း ပေါ်မှာ ကျုပ်ရဲ့ပက်စပို့ဓာတ်ပုံ သုံးပုံနဲ့အတူ ကွန်ဒုံး တစ်ခုကို တွေ့ရတယ်။ ဗုဒ္ဓေါ ။ကွန်ဒုံးက ကျူပ်ရဲ့ပိုက်ဆံအိတ်ထဲက ထွက်ကျတာမှ မဟုတ်တာ။ ကျုပ်မှ ကွန်ဒုံး မဆောင်ထားတာ။
"မဟုတ်ဘူးညီမ။အဲဒီဟာ အစ်ကို့ ပစ္စည်း မဟုတ်ဘူး"
"အစ်ကို့ ပိုက်ဆံအိတ်ထဲက ပြုတ်ကျလာတာလေ။အစ်ကို့ဟာ မဟုတ်လို့ ဘယ်သူဟာ ဖြစ်ရမှာလဲ"
           ကျုပ်တို့နှစ်ယောက်ရဲ့ အဖြစ်ကို ငွေထုတ်ဖို့ စောင့်နေတဲ့ လူတချို့နဲ့ ဘဏ်ဝန်ထမ်း တချို့မြင်သွားတယ်။ သူမက မှတ်ပုံတင်ကို ယူပြီး ဓာတ်ပုံသုံးပုံနဲ့ ကွန်ဒုံးကို ကျုပ်လက်ထဲ အတင်းထိုးထည့်ပေးတယ်။
"ခဏ ထိုင်စောင့်ပါဦးရှင်"
            အရင် အခေါက်တွေက ကျုပ်ရဲ့ မှတ်ပုံတင်ပေးလိုက်တဲ့ အခါ  ကျုပ်ရဲ့လက်နဲ့ သူမရဲ့လက်နဲ့ ထိတွေ့လိုက်ရင် ကျုပ်ရဲ့ရင်ခုန်သံတွေ်မြန်လာနေကျပါ။ အခုတော့ ရှက်စိတ်နဲ့ ရင်ခုန်ဖို့ သတိမရခဲ့ပါဘူး။ ထိုင်ခုံပေါ်ထိုင်ရင်း ကွန်ဒုံး အကြောင်း စဉ်းစားနေမိတယ်။ ကျုပ်ရဲ့ပိုက်ဆံအိတ်ထဲ ကွန်ဒုံးက ဘယ်လိုရောက်နေ တာလဲ။ သူငယ်ချင်း  တစ်ယောက်ယောက်က စနောက်ပြီး ထည့်ထားတာလား။ဟာ...ကျုပ်သတိရပြီဗျ။ဒီပိုက်ဆံအိတ်က ကျုပ်အရင်တုန်းကကိုင်တဲ့ အဟောင်းကြီးပဲ။ကိုင်နေကျ ပိုက်ဆံအိတ်ကို ရေလျှော်ထားလို့ ဒီကိုလာခါနီးမှ သေတ္တာထဲက ထုတ်လာခဲ့တာပဲ။ ဒီကွန်ဒုံးကို ကျုပ်ကိုယ်တိုင် ထည့်ထားခဲ့ တာပဲ။ မှတ်မှတ်ရရ  ဆေးတက္ကသိုလ် ဒုတိနှစ်ကို ကျုပ် တက်နေတုန်းက ဆရာအတ္တကျော်ရဲ့ "သားငယ်တို့နားလည်ဖို့"ဆိုတဲ့ စာအုပ် ဖတ်ဖြစ်တယ်။ဆရာရေးထားတာက ကြီးကောင်ဝင်စ အရွယ်တွေအတွက် လိင်ပညာ ပေးတွေပါ။ မိမိကိုယ်ကို ယုံကြည်သော်လည်း ကံကြမ္မာကို မယုံကြည်ရကြောင်း။အဖော်ကောင်းရင် ပါသွားတတ်ကြောင်း၊ အရွယ်ရောက်လာတဲ့ ယောက်ျားလေးတိုင်း ကွန်ဒုံးတစ်ခုကို ပိုက်ဆံအိတ်ထဲ ဆောင်ထားသင့်ကြောင်း ဆိုတဲ့ စာသားကို ဖတ်ရပြီး ဒီကွန်ဒုံးကို ၀ယ်ထည့်ထားခဲ့တာ။ကျုပ်တောင်ဘွဲ့ရပြီး ဆရာဝန်ဖြစ်တာ နှစ်နှစ်ပြည့်ပြီိဆိုတော့ ဒီကွန်ဒုံးထည့်ထားတာ ခွန်နှစ်နှစ်ရှိပြီ။
"အစ်ကို လိပ်စာနဲ့လက်မှတ်ထိုးပေးပါဦး
        သူမရဲ့အသံကြားရမှ အတိတ်ကို ရောက်နေတဲ့ စိတ်ကို ပစ္စုန်ပ္ပန်ဘက် ဆွဲခေါ်ရတယ်။သူမက ကျုပ်ကို မကောင်းတာတွေ လုပ်နေတဲ့လူလို့  အထင်လွဲနေမှာ ကျုပ်ကြောက်တယ်။
"ဟိုလေ... ညီမ။ ကွန်ဒုံး က အသစ်ကြီး သိလား....ဟီးဟီး. "
"အဲ့တာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ "
သူမရဲ့ အသံက နည်းနည်းကျယ်သွားပါတယ်။
"ညီမ မယုံရင် Dateကြည့်ပါ့လား"
"ရှင် မိုက်ရိုင်းလှချည်လား။ ကျွန်မက ဘာလို့ ရှင်နဲ့ချိန်းတွေ့ရမှာလဲ။ ဘဏ်ထဲမှာမို့နော်။ အပြင်မှာဆို ရှင်မလွယ်ဘူး။ ရုပ်ကိုက .."
           သူမက ကျုပ်ရဲ့လက်ထဲက ချလံကို အမြန်ယူပြီး ထွက်သွားတယ်။ဒုက္ခပဲ။ ခုတ်ရာတခြား ရှရာတခြား ဖြစ်ပြန်ပြီ။ ကျုပ်ပြောချင်တာက ကွန်ဒုံးမှာပါတဲ့ ရက်စွဲက ၂၀၀၈ကတည်းက။ ဒိတ်ကုန်နေပြီ။ ကျုပ်က အခုထိ ယင်မပျို၊ယင်မရိုင်း တစ်ကောင်မှ မနားဖူးသေးတဲ့ လူပျိုလေးပါလို့ ပြောချင်တာ။အခုတော့ အထင်ထပ်ပြီး လွဲသွားပြန်ပြီ။ ကျုပ်ရှက်လိုက်တာဗျာ။
"ဦးဟမ်စိုင်း။ ငွေထုတ်လိုရပါပြီ"
              ကောင်တာက အော်လို့ ပိုက်ဆံကို အမြန်သွားထုတ်ရတယ်။ဘဏ်က ပြန်ထွက်ခါနီး သူမကို လှမ်းကြည့်တော့ မျက်နှာက စူပုပ်ပုပ်နဲ့။ ကျုပ်လည်း အပြင်ကို အမြန်အထွက် သူမက
"ဟိုမှာ ရှင့်ဥစ္စာ ကျန်ခဲ့ပြန်ပြီ"
"မကျန်တော့ဘူးဗျ။ ဒီတစ်ခုထဲ ဆောင်ထားတာလေ။ ၁၉နှစ်ကတည်းက ဆောင်ထားတာ။ အခုထိ အသစ်ကြီးသိလား"
"ရှင် ဘာတွေ ပြောနေတာလဲ။ ထိုင်ခုံပေါ်မှာ ရှင့်ပိုက်ဆံအိတ် ကျန်နေခဲ့တာ။ အူကြောင်ကြောင်နဲ့"
            ကျုပ်လည်း ပိုက်ဆံ အိတ်အမြန်ပြေးယူပြီး အပြင်ကို အမြန် ထွက်ခဲ့လိုက်တယ်။ ဖြစ်ခဲ့တဲ့ ကိစ္စကို စဉ်းစားမိတော့ ကျုပ် ရှက်လိုက်တာဗျာ။ ဒီကိစ္စ ဖြစ်ရတာ ကျုပ်ရဲ့ပေါ့ဆမှုကြောင့်ပါ။ စာရေး ဆရာအတ္တကျော်ရဲ့ စကားကို နားထောင်ခဲ့တာကြောင့်လည်း ပါပါတယ်။ကျုပ်..သိပ်ရှက်တယ် ။
                         ဟမ်စိုင်း(ဆေး-မန်း)

No comments:

Post a Comment