ခမ်းပတ် ခေါ် ရွှေပုတီးမြို့ဟောင်း
=======အပိုင်း-၂========
ခမ်းပတ်နယ်မြေနှင့်မဏိပူရနယ်မြေအစပ်သည် မိုင်ပေါင်း(၅၀)ခန့်ရှိလေသည်။ ခမ်းပတ်နယ်အကျယ်မှာ မဏိပူရရွာ အူဂနုသည်ဘက် ရိုးမတောင် ကောက်ကောက်စင်းတို့ကိုလျှောက်၍ ကသည်းမြေနှင့် စပ်နေသည်ကို စစ်တမ်းမှသိရ၏။ ကဘော်ချိုင့်ဝှမ်းဒေ သတွင် နန်းတီးချောင်းကိုကား မတွေ့ရသော်လည်း နန်းတီးချောင်းဆိုသည်ကား မင်းသာရွာ အနောက် မြောက်ဘက်တွင် တွေ့ရလေသည်။ ကော့ပလင်ချင်းတောင်ကိုလည်း ကဘော်ချိုင့်ဝှမ်းတွင် မတွေ့ရပေ။ ယခု ပုလဲရွာဟုခေါ်သည့်ရွာသည် မြန်မာတို့ ပလ္လင်ဟုခေါ်သောရွာပင်ဖြစ်သည်။ ကော့ပလ္လင်ဟု လည်းခေါ်ကြသည်။ ကတော့ပလ္လင်ကို ကော့ပလ္လင်ဟု ပုရပိုက်တွင် သုံးစွဲခဲ့ခြင်းဖြစ်နိုင်ပြီး ဖော်ပြပါ ကော့ပလ္လင်တောင်သည် ပုလဲရွာသည်ဘက်မှ တောင်များကို ခေါ်ဝေါ်ဟန်ရှိပေသည်။ တစ်နည်းအားဖြင့် ကသည်းဘက်မှ ခေါင်ဆိုင်ချင်းများကို ရှေးအခ်ါက ဇာတိချင်းဟု မြန်မာဘက်မှခေါ်လေသည်။ ဇာတိချင်းမှာ နန်းတီးချင်းဟု ဖြစ်လာနိုင်သည်ကားရှိ၏။ ဤအတိုင်းဆိုလျှင် မုပလ္လင်ရွာအနီး ခေါင်ဆိုင်ချင်းတို့၏ တစ်ဖက်ရှိတောင်ကို ကော့ပလ္လင်ချင်းတောင်ဟုခေါ် ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ဤစစ်တမ်းအရ နယ်မြေအကျယ်အ၀န်းနှင့်ခမ်းပတ်နယ်မြေအတွင်း ရွာပေါင်း ၃၇ ရွာရှိကြောင်းသိရသည်။ ၁၁၂၆ ခု၊ ခမ်းပတ်မြို့စစ်တမ်းမှာ ဆင်ဖြူရှင်မင်း မဏိပူရသို့ ကိုယ်တော်တိုင် ချီတက်ခဲ့သည့်နှစ်က အမိန့်ပေး၍ ထွက်ဆိုခဲ့သည်ဟု ဆိုနိုင်ပါသည်။ ယင်းစစ်တမ်းတွင် ချင်းလူမျိုးများက ခမ်းပတ် ကို တိုက်ခိုက်သဖြင့် စော်ဘွားကိုယ်တိုင် ချင်းတွင်းမြစ်ကမ်း ပန်းယူရွာသို့ တိမ်းရှောင်နေရကြောင်း၊ ပန်းယူရွာမှနေ၍ အခွန်တော်များ နေပြည်တော်သို့ဆက်သနေရကြောင်း ထွက်ဆိုမှတ်တမ်းတင်ထားလေသည်။ အိန္ဒိယနိုင်ငံ၊မဏိပူရ ပြည်နယ်ဘက်တွင် နေထိုင်ကြ သော ကူကီးခေါ်ချင်းလူမျိုးတို့သည် ရှေးက ကဘော်ချိုင့်ဝှမ်းဒေသရှိ ရှမ်းလူမျိုးများကို မကြာခဏ ၀င်ရောက်တိုက်ခိုက်လေ့ရှိကြသည်ကို လေ့လာတွေ့ ရှိရပါသည်-
ခမ်းပတ်မြို့ကို စော်ဘွားအစဉ်အဆက်ဆက် အုပ်ချုပ်ခဲ့သည်။ ပုရပိုက်တွင် -
``အင်းဝ ပထမမင်းခေါင်လက်ထက်တွင် စော်ဘွားစွယ်မြိုင်လုံမှသည် စော်ဘွားအောင်ဟွန်၊ စော်ဘွား အောင်ခန်၊ သာစွရ်မိုင်လုံ၊ သားမိုင်းသာ၊ စောမူ၊ သာလေခန်၊ သား စောဆသား၊ စောဗွန်သာ၊ ၀စောလွတ်ခန်း၊ သား စောညီသား၊ ကျွန်တော် စောခန်း ဖြစ်ပါသည်။ ခမည်းတော် အလောင်းမင်းတရားကြီး လက်ထက် ကသီစော်ဘွားက လက်ဆောင်လွှတ်မဆက်သ၊ ရိုင်းပျပြောဆိုသောကြောင့် ကသီမြို့ကို အသိမ်းအယူ ရွှေစက်တော်ပြတ် ဖြန့်ခြုံတော်မူသည့်ကာလ၊ ကျွန်တော့်ကို အရိုးသားမြေးဖြစ်သည်နှင့်အညီ ခမ်းပတ်မြို့စား စော်ဘွားခန့်ထားတော်မူပါသည်´´ ဟု ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ခမ်းပတ်မြို့အပါဝင် ကဘော်ချိုင့်ဝှမ်းဒေသကို ရှေးကမောရိယတိုင်းဟုခေါ်တွင်ခဲ့ပါသည်။ဒေသဆိုင်ရာ အစဉ်အလာသမိုင်းအရ အလွန်ရှေးကျသော ကာလကတည်းကပင် သာကီဝင်မင်းမျိုးများသည် မောရိယတိုင်း အတွင်း၌ မြို့ပြများ ထူထောင်နေထိုင် လာခဲ့ကြသည်ဟု မှတ်သားရပါသည်။ ရှေးဟောင်း သုသေတနဌာနမှ ထိုဒေသကို တူးဖော်လေ့လာမှုများ မပြုလုပ်ရသေးသဖြင့် မည်မျှရှေးကျသည်ကို ယခုတိုင် အသေအချာမပြောပြနိုင်သေးပေ။ သို့သော် ခမ်းပတ် ဒေသမှ လယ်ထွန်ရင်းတွေ့ရတတ်သော ကျောက်ခေတ်သစ်လက်နက်များ၊ ကြေးမိုး ကြိုး လက်နက်များအရမူ လွန်ခဲ့သော အနှစ် ၅၀၀၀ ပတ်ဝန်းကျင်ကတည်းက ထိုဒေသတွင် လူသူရှိနေပြီ ဟု ဆိုလိုရာ ရောက်ပါသည်။ မြို့ပြအနေအထားကိုမူ ထိုထက်များစွာ နောက်ကျကာလအတွင်းမှ ရောက်မည်ဟု ယုံကြည်ရပါသည်။ ခမ်းပတ်အပါအ၀င်ဖြစ်သော မောရိယတိုင်းသည် ပုဂံခေတ်နှောင်းကတည်းက ထင်ရှားစပြုနေပြီ ဟုလည်း ကောက်ချက်ချနိုင်ပါသည်။ အစဉ်အလာအရ မည်မျှပင်ရှေးကျသည်ဟုဆိုစေကာမူ မောရိယတိုင်းမှ မြို့ရွာအမည်များကို ပုဂံခေတ်နှောင်းနှင့် အင်းဝခေတ် တို့တွင် စာပေမှတ်တမ်းများဖြင့် အခိုင်အမာတွေ့ရှိရ သည်။ ခမ်းပတ်မြို့အပါအ၀င် တမူးနှင့်သောင်သွပ်မြို့ တို့သည် မောရိယတိုင်း ကဘော်ချိုင့်ဝှမ်းဒေသတွင် ရှေးအကျဆုံးနှင့် အရေးပါဆုံးသော မြို့များဖြစ်ခဲ့ကြ သည်။ ခမ်းပတ်စော်ဘွားပိုင်နယ်မြေသည် ကျယ်ဝန်ပြီး (၃၇)ရွာရှိခဲ့ကြောင်း စစ်တမ်းများအရ သိရှိရပါသည်။
--------------- ဆက်ရန် ------------------
၂၀၀၆-ခုနှစ်၊စာပေဗိမ္မာန်စာမူဆု၊ သုတပဒေသာ(၀ိဇ္ဖာ)ဘာသာရပ်၊ တတိယဆုရ
အလံဦးကင်းဝ(သို့)အနောက်မြောက်တံခါးဝသမိုင်း၊ မောင်နွယ်သန်း(ပြန်/ဆက်)
#TMA