Jun 1, 2017

သူ့သစ္စာ

ရွှေအမြုတေဆုရ မဂ္ဂဇင်း ဝတ္ထုရှည်

သူ့သစ္စာ (ဆေးဆေ)

#ရွှေအမြုတေ စာပေဆုရ မဂ္ဂဇင်း ဝတ္ထု ရှည်#

***

(၁)

ဆိတ်ဖလူးပန်းရနံ့များ ဝေ့၀ဲကြိုင်လှိုင်နေသော သီတင်းကျွတ်လ၏ အရုဏ်နံနက်ခင်းသည် မိုးရိပ်၊ လေရိပ်ကင်းသဖြင့် သာယာကြည်လင်နေသည်။ အရုဏ်တက်အလင်းရောင် မှုန်ရီရီအောက်တွင် ဖွေးဖွေးဖြူသော ပန်းကလေးများ တဖြုတ်ဖြုတ် ကြွေကျနေသည့် ခြံထောင့်မှ ပန်းပင်ငယ်ကို အိပ်ခန်းပြတင်းဝမှ နေ၍  အတန်ကြာအောင် သူငေးမောနေမိသည်။ စူးစူးရှရှ မွှေးမြလှသည့် ရာသီစာသည်ပန်းရနံ့ကို ရှုရှိုက်ရတိုင်း  တစ်နှစ်တာလုံး တမြေ့မြေ့ရှိသည့် မနှင်းဆီအပေါ် သူ့သတိရစိတ်သည် နင့်သည်းလာရစမြဲ။ရန်ကုန်မြေမှာ တွေ့ရခဲသည့် သည်ပန်းကလေးတွေက ဘာကြောင့်များ သူ့ခြံထဲမှာမှ ဆိုက်ဆိုက်မြိုက်မြိုက် မွှေးမြနေကြရပါသလဲ။  

“ပျော်လိုက်တာ ဖေဖေရေ၊ နှင်းရဲ့ ပန်းကလေးတွေ စပွင့်ပြီရော။ အိုး..ဟိုး အိပ်ရာနိုးတာနဲ့ တစ်အိမ်လုံး မွှေးနေတာပဲကွာ ”

အဖြူရောင်အရိပ်ကလေးသည် ပန်းပင်ရှိရာသို့ ပြေးသွားရင်း ပျော်ရွှင်စွာ ခုန်ပေါက်နေတော့ သူသက်ပြင်းတစ်ချက်ရှိုက်မိသည်။ အလေ့ကျကြွေသည့် ပန်းတွေနှင့် မတင်းတိမ်စွာ ခြွေယူရန်အလို့ငှာ သွယ်တန်းသော ပန်းပင်ငယ်ကို ကိုင်လှုပ်ရင်း သမီးသည် ပီဘိကလေးငယ် တစ်ယောက်လို ရယ်မောနေသည်။ မနှင်းဆီ၏ သမီးသည် ပန်းပင်ပေါက်ကို အရပ်တစ်ပါးမှ ရန်ကုန်မြေသို့တိုင် သယ်ယူစိုက်ပျိုးသည်အထိ ထူးထူးခြားခြားပင် သည်ပန်းကလေးတွေကို နှစ်သက်သူဖြစ်နေသည်။ 

“ဆိတ်ဖလူးပန်းကို ကြိုက်လို့ ဒီလို မနက်စောစော မကြောက်မရွံ့လာကောက်တာတော့ မဟုတ်ပါဘူးဆရာ။ ဒီပန်းကို ကြိုက်လား၊ မကြိုက်လားတောင် ကိုယ့်ကိုကိုယ် မနှင်းဆီ မသိပါဘူး။ မနှင်းဆီ အမြင်မှာတော့ ဒီပန်းတွေက ပိုက်ဆံတွေပဲ။ ဘွားသီလက  အရုဏ်တက်ချိန် ကိုးန၀င်းစေတီတစ်ဆူလုံးကို ဒီပန်းကုံးတွေ ပူဇော်ပေးရင် မနှင်းဆီကို ပိုက်ဆံပေးတယ်လေ”

သူ့မနှင်းဆီကတော့ ဆိတ်ဖလူးပန်းတွေကို နှစ်သက်ဖို့၊ ချစ်ခင်ဖို့ပင် မသိတတ်နိုင်အောင် အခွင့်အရေးမရှိခဲ့သည့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်လား။  လေတစ်ချက်အဝေ့မှာ ပိုစူးရှလာသော မွှေးရနံ့ကြောင့် သူ့ရင်ဘတ်ထဲ  ဆို့နစ်လို့လာသည်။ အိမ်နှင့်တစ်လမ်းကျော် အရှေ့ဒဂုံ သီရိလက္ခဏ ကျောင်းတိုက်ဆီမှ အရုဏ်ဆွမ်းကပ် တုံးမောင်းသံထွက်လာတော့ သူ ဘုရားခန်းဆီသို့ ဖြည်းလေးစွာ လှမ်းခဲ့မိသည်။    
  
***   
အညိုရောင်သန်းသော မျက်ဆံကြောင့် တစ်ခုခုစိုးရွံ့ဟန် လွှမ်းနေတတ်သည့် မနှင်းဆီ၏ မျက်လုံးဝိုင်းကလေးသည် နံရံထက်က အဖြူ၊ အမည်းဓာတ်ပုံထဲမှာတော့ အနည်းငယ် တောက်ပသယောင် ထင်ရသည်။ မခို့တရို့ အပြုံးရွံ့ရွံ့သည် မနှင်းဆီကို မသိခဲ့သူတွေအတွက် မြန်မာဆန်ဆန်သွယ်လျသည့် မျက်နှာကျတွင် လိုက်ဖက်တင့်တယ်သော အပြုံးနုနုသာဖြစ်သည်။ သတိတရရှိရသည့် သူ့မနက်ခင်းများမှာ ဘုရားခန်းအထွက် နံရံပေါ်က သည်မိန်းကလေး ဓာတ်ပုံကို သူငေးမိတိုင်း သူမကလေး၏ ဘ၀တစ်သက်တာတစ်လျှောက်လုံး ၀ံ့ဝံ့စားစား ပြုံးရယ်ခဲ့ဖူးပါရဲ့လားဟု အတွေးရောက်လျှင် သူ နာကျင်ရစမြဲ။

“ဖေဖေ..”

သူ့ဘေးမှာ ယှဉ်ရပ်လိုက်သော သားက သူ့ငေးမိနေရာ နံရံပေါ်က ဓာတ်ပုံကို တစ်ချက်မော့ကြည့်သည်။

“ကျွန်တော်မှတ်မိနေတယ်၊ မေမေက ကျွန်တော့်လိုပဲ အညိုရောင်မျက်ဆံနဲ့ပဲ။ ခွင့်လွှတ်ပါဖေဖေ။ ပြန်ကူးဖို့ သိမ်းထားခဲ့တဲ့ မူရင်းဓာတ်ပုံအဟောင်းကလည်း အဖြူအမည်းပဲဆိုတော့။ ဒါနဲ့ ကျွန်တော်ပဲ အမှတ်မှားခဲ့သလားပဲ၊ ငယ်ငယ်က မေမေ့ပုံတူပန်းချီကို ဖေဖေ ဆွဲခဲ့တယ်မို့လား..အပြင်ကလို အညိုရောင်မျက်ဆံနဲ့ပဲ ” 

တွေးတွေးဆဆဟန်နှင့် စကားတစ်ဝက်တစ်ပျက် ရပ်ကာ သားက သူ့ကိုလှည့်ကြည့်သည်။ မနှင်းဆီ၏ အညိုရောင်မျက်ဆံသည် မျက်ဝန်းအိမ်ရှည်သော သားထံမှာတော့ ရွံ့လျော် ညှိုးနွမ်းမှုအစား ဆင်ခြင်ဥာဏ်ကြီးသော၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော အရိပ်အယောင်နှင့် တောက်ပနေသည်ကို စိတ်ကျေနပ်စဖွယ် သူတွေ့ရသည်။ စကားပြန်မရဘဲ တိတ်ဆိတ်သွားသည့် သူ့အခြေအနေကို ရိပ်မိဟန် သားက စကားလမ်းကြောင်းတစ်ခု ပျိုးလိုက်သည်။   

“ဆောင်းဝင်တာနဲ့ မနှစ်က ပေးခဲ့တဲ့ကတိကို အကောင်အထည်ဖော်မယ်ဗျာ။ ညီမလေး ကျောင်းအပိတ်ဆို ကျွန်တော့်အလုပ်က မအားနဲ့ ကြန့်ကြာနေလိမ့်မယ်။ ကျွန်တော်နဲ့ဖေဖေပဲ ခရီးထွက်ကြတာပေါ့”

မိခင်အကြောင်း စကားစပ်မိသည့် ခဏတိုင်းမှာ သားသည် သူ့ဘာသာပေးထားသော ကတိတစ်ခုကို သတိတရရှိစမြဲ။

“သွားကြတာပေါ့ ဖေဖေလည်း ကျန်းမာနေတုန်း တစ်ခါတစ်ခေါက်တော့ မနှင်းဆီကို ရအောင် သွားကြည့်ချင်သေးတယ်”

သားကို တီးတိုးပြောမိရင်း မနှင်းဆီ၏ ဓာတ်ပုံမှန်သားပေါ်က ဖုန်မှုန့်တွေကို သူ့လက်နှင့်အသာအယာ ပွတ်သတ် ဖယ်ရှားပေးမိသည်။ ၁၉၆၉- ၁၉၉၃။ ဓာတ်ပုံအောက်ခြေမှ သား၏ လက်ရေးခပ်သော့သော့။ ငယ်ရွယ်လှသော သူ့မိန်းကလေးသည် သူ့ဘ၀ထဲက ထွက်သွားခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ် ကျော်ခဲ့ပါပကော။

***

(၂)

နှစ်ပေါင်း နှစ်ဆယ်ကျော် ခွဲခွာခဲ့ရသည့် မြစ်သာမြစ်ကမ်းက တောင်ကြားမြို့ကလေးသည်  အနည်းငယ်ပြောင်းလဲသော အသွေးအရောင်နှင့် သူတို့သားအဖကို ဆီးကြိုနေသည်။ ဟိုစဉ်က စိမ်းမှောင်နေသော တောင်တန်းပေါ်ရှိတောအုပ်တို့မှာ ကျဲပါးဖြူလျော်သော အပင်ပေါက်တို့ တိုးထွက်စဖြင့် အိုမင်းခဲ့ကြပြီ။ ယခုမှဖြတ်ဖူးသော ကြိုးတံတား အောက်တွင် ပို၍သေးသွယ် ကျဉ်းမြောင်းသွားသော မြစ်သာမြစ်သည် ကမ်းပါးစောက်များအောက်သို့ ရောက်သွားသည်။ ရာသီကြမ်းတိုင်း ပဲ့ပဲ့ပါသွားသော လမ်းသားမြေကြောင့် မြစ်ကမ်းနှင့်ယှဉ်လျက် အဝေးပြေးလမ်းသည် သော့ချင်တောင်ခြေမှာ မရအရတိုးကပ်ကာ ပြားပြားဝပ်နေပြီ်။ လူလွတ်ဘ၀၊ အိမ်ထောင်သည်ဘ၀ဖြင့် စုစုပေါင်း ဆယ်စုနှစ်တစ်စုစာ နေထိုင်ကျွမ်းဝင်ခဲ့ရသည့် ဤမြေကို နင်းမိသည်နှင့် အောက်မေ့သတိရစရာ အတိတ်ကာလသည် သူ့ကို တစ်ရေးရေရစ်ငင်သည်။ သားအတွက်မူလည်း လူမှန်းသိတတ်စ ငါးနှစ်သားအရွယ်ထိ  နေထိုင်ရှင်သန်ခဲ့ဖူးသော မြို့ငယ်ကလေးသည် စိတ်လှုပ်ရှားစရာများ ပြည့်နေသယောင်။ အချိန်နှင့်အမျှ ငွေမှငွေအတွက် နေ့ညမနား အလုပ်ရှုပ်နေတတ်သည့် စီးပွားရေးသမား သူ့သားသည် ယခုကဲ့သို့ အချိန်သီးသန့်ယူပြီး ဖခင်နှင့်အတူ ငယ်ငယ်က နေရပ်သို့ ခရီးထွက်ဖို့ စိတ်အားသန်လွန်းခဲ့သည်ကို ဘာကြောင့်လဲဟု တစ်ခွန်းမျှ သူမမေးမိခဲ့။ သားသည် အရွယ်ငယ်ငယ်မှာ ခွဲခွာခဲ့ရသည့်မိခင်ဖြစ်သူကို လွမ်းဆွတ်နေခဲ့သူလား…။

“မေမေလို့ စဉ်းစားကြည့်လိုက်တာနဲ့ ပြုံးရယ်နေတဲ့ မေမေ့မျက်နှာကို အရင်မမြင်ရတာ ၀မ်းနည်းဖို့ကောင်းတယ် ဖေဖေ၊ ကျွန်တော် မှတ်မိတာက ငယ်ငယ်တုန်းက မိုးရာသီတိုင်း ကျွန်တော်အဖျားကြီးခဲ့ရင် မေမေက တုန်တုန်လှုပ်လှုပ်နဲ့ အမြဲငိုတတ်တာကိုပဲ၊ ကျွန်တော့်တစ်ကိုယ်လုံးကို ခေါင်းအစ၊ ခြေအဆုံး တစမ်းစမ်းနဲ့ မေမေငိုတာကြည့်ပြီး ကျွန်တော်ဖျားရမှာ သိပ်စိတ်ညစ်ခဲ့တာပေါ့”

ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်၍ တိတ်ဆိတ်နေသည့် မူလတန်းကျောင်းဝန်းထောင့်က အိမ်ငယ်လေးရှေ့မှာ ခြေစုံရပ်မိကြသည်နှင့် သားက ခပ်ဖွဖွအပြုံးတစ်ချက်နှင့် စကားစသည်။ သူ မူလတန်းကျောင်းအုပ်ဘ၀က နေခဲ့သော ရေဝင်ရပ်ခြေတံရှည်အိမ်ကလေးသည် သားနှင့် သမီးကို မွေးဖွားခဲ့ရာ သူနှင့်မနှင်းဆီ၏ အိမ်ဂေဟာလေး ဖြစ်ခဲ့သည်။

“ မေမေ ဆုံးတာ အသက် နှစ်ဆယ့်လေးနှစ်ဆိုတော့ သိပ်ငယ်လွန်းသေးတာပဲနော်။ လူ့လောကမှာ ကျွန်တော်ရဲ့အခု နှစ်ဆယ့်ခုနှစ်နှစ်အရွယ်ထိတောင် မနေသွားရတဲ့ မေမေ့ကို သတိရတိုင်း ကျွန်တော်က ပိုက်ဆံကို အသည်းအသန်ရှာတတ်သူ ဖြစ်လာခဲ့သလားပဲ ဖေဖေ”

သူ့စကားသူ သဘောကျဟန် ခြောက်ကပ်ကပ်ရယ်လိုက်သော သား၏ပခုံးကို သူ တစ်ချက် ဖွဖွပုတ်လိုက်မိသည်။ အသက် နှစ်ဆယ့်နှစ်နှစ်သားကတည်းက သားသည် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်  တောင်ကိုးရီးယားရှိ လစာကောင်းလှသည့် ဓာတုစက်ရုံတစ်ခုမှာ လေးနှစ်ခန့် ကြိုးစားငွေရှာခဲ့ပြီး အခုတော့ ရန်ကုန်မြို့ရှိ အမြတ်အစွန်းရနိုင်မည့် လုပ်ငန်း သုံးလေးမျိုးထိ လူအား၊ ငွေအားနှင့် သူကပင် တားယူရသည်အထိ အလုပ်ကြိုးစားသူဖြစ်သည်။ ဓာတုစက်ရုံမှာ နှစ်ကာလ ကြာရှည် မျက်နှာဖုံးစွပ်နှင့် အလုပ်လုပ်ခဲ့ရသဖြင့် မြန်မာပြည်ပြန်ရောက်စက  မျက်နှာအသား အရောင်ပင်။အဖြူရောင် အနီရောင် ရောနေသည်အထိ အရပ်တစ်ပါးမှာ ပင်ပန်းခဲ့သည့် သားကိုကြည့်ပြီး သူစိတ်ထိခိုက်ခဲ့ရသည်ကို ပြန်သတိရမိသည်။ 

“စိတ်မကောင်းမဖြစ်ပါနဲ့ ဖေဖေရ၊ ဒါက အပေါ်ယံ အသားအရောင်မှာပဲ ဖြစ်တာ။ မကြာခင်အရောင်ညီသွားမှာပါ။ အချိန်မရွေး အသက်အန္တရာယ် နီးမှန်းသိပေမယ့် အချိန်တိုတိုနဲ့ ငွေများများစုနိုင်မယ့် လုပ်ငန်းခွင်ကို ကျွန်တော်ကိုယ်တိုင်ရွေးခဲ့တာကိုး။ ကြိုမပြောမိတာ ခွင့်လွှတ်ပါဖေဖေ။ ခုတော့ ကျွန်တော်ဖြစ်ချင်တဲ့အတိုင်း ဖေဖေနဲ့ ညီမလေးဆီ မြန်မြန်ပြန်နိုင်ခဲ့တာပဲလေ” 

ညီမငယ်နှင့်ဖခင်အပေါ် ငဲ့ညှာတတ်သော သူ့သားသည် သည်ခရီးမှာ သိလာနိုင်သည့် သူ့ထိန်ဝှက်မှု တစ်ခုအတွက် သူ့အပေါ် မည်သို့ သဘောထား ရှိမည်လဲဟု စဉ်းစားမိတော့ ရုတ်တရက် သူစိတ်လှုပ်ရှားသွားမိသည်။ သား နားလည် ပေးနိုင်လိမ့်မည်ဟုတော့ သူ မျှော်လင့်ချင်ပါသည်။ တည်းအိမ်မှ သူ့မိတ်ဆွေ၏ သားကြီးက မြို့တစ်ပတ်လိုက်ပြဖို့ဟု သားကို လာခေါ်သွားတော့ သူတစ်ယောက်တည်း ပန်းရောင်စုံပွင့်နေသည့် ကျောင်းဝန်းထဲမှာ ကျန်နေခဲ့သည်။ ခြေတံရှည်အိမ်ကလေး၏ ခြေရင်းဘက်မှာ ရှိခဲ့သည့် ဆိတ်ဖလူးပန်းပင်မှာ ငုတ်တိုပင်မကျန်အောင် ပျောက်ဆုံးခဲ့ပြီ။ ခေါင်းရင်းခြံထောင့်က ပုန်းညက်ပင်ပျိုသည် ယခုတော့ အကိုင်းတချို့ ခြောက်သွေ့နေအောင်  အိုမင်းလှပြီ။ နှစ်များစွာ လွန်ခဲ့ပြီပဲ။ လူနေအိမ်တချို့နှင့် ဝါးလုံးတန်းထိုးကာ စည်းဖြစ်ရုံခြားထားသည့် ကျောင်းဝန်း အနောက်ဘက်မှ ထွက်ကာ မြစ်သာမြစ်ကမ်းစပ်ဘက်သို့ ကုန်းကမူအတိုင်း သူ တဖြည်းဖြည်းဆင်းလာခဲ့သည်။ ကုန်းကမူ ဆင်ခြေလျှောတစ်လျှောက် လမ်းတစ်ဖက်စီမှာ ကမ်းစပ်လွင်ပြင်တိုင်အောင် တပြန့်တပြူး နေကြာခင်းများသည် ကျနေရာင်အောက်မှာ လေအသွေးအလိုက် ခပ်ယိမ်းယိမ်း တိမ်းပွေစွာ မပြောင်းမလဲ လှနေကြဆဲ။ မြစ်ပြင်ကိုဖြတ်လာသော လေနှင့်အတူ ပါလာသည့် ကိုင်းပင်များ၊ သစ်ရွက်များ၏ လတ်ဆတ်သည့် စိမ်းစိုရနံ့သည် သူ့ကို တဒင်္ဂလန်းဆန်းသွားစေသည်။ 
ဆောင်းညနေ မြစ်ဆိပ်သည် ရေချိုးသူ တစ်ဦးစ၊ နှစ်ဦးစဖြင့် တိတ်ဆိတ်နေသည်။ သူနှင့်ခပ်လှမ်းလှမ်းရှိ သစ်စက်သို့ သွားရာလမ်းတွင် ရေပုံးကို ရွက်လျက် စကားအလုအယက်ဆိုနေသော မိန်းမငယ်သုံးဦး၏အသံက ညံဝေလျက်။

အ၀ါရောင်နေကြာများ တစ်ဖက်တစ်ချက်ရံထားသည့် သည်ရေခပ်လမ်းမှာများ မနှင်းဆီကို သူစတွေ့ခဲ့လေသလား။ သူ့ဝန်းကျင်နေရာအနှံ့မှာ မနှင်းဆီကို မြင်တွေ့နေခဲ့ရတာ နှစ်များစွာဖြစ်၍ မနှင်းဆီအား သူစမြင်ဖူးခဲ့ချိန်ကို အမှတ်တမဲ့ ပြန်စဉ်းစားမရ ဖြစ်နေသည်။ မြို့စွန် သော့ချင်တောင်ခြေထိ ပြေးလွှား လှုပ်ရှားတတ်သည့် သူ့အားကစားလုပ်ပြီးပြန်လာချိန် မနက်ဝေရီရီမှာ ကျောင်းထဲက ဆိတ်ဖလူးပန်းကြွေတွေကို မနှင်းဆီလာကောက်ခဲ့ချိန်ကလား။ သူတို့ ဘီးစမ်းကျောင်းရှေ့ရှိ မြို့သစ်ဖြတ်လမ်းထဲမှ ထင်းစည်းကိုရွက်ကာ ပေါင်မုန်ဖိုသို့ မနှင်းဆီ သွားခဲ့ချိန်ကလား။  သူတို့ကျောင်းဝန်းထဲက ရေ၀ယ်သုံးတတ်သော ဝန်ထမ်းအိမ်များသို့ မနှင်းဆီ ရေလာပို့တတ်သည့်အချိန်ကလား။

သူ့ကိုမြင်တိုင်း  မျက်လုံးရွဲများနှင့်တစ်ချက်မော့ကြည့်ပြီး ငုံ့လျှိုးသွားတတ်သော နွမ်းပါးပါး မိန်းမပျိုလေးကို နေ့စဉ်နီးပါးမြင်တွေ့နေခဲ့သည့် နှစ်ကာလပေါင်း များစွာပေမယ့် ရုတ်တရက် မြတ်နိုးတပ်မက်ခဲ့ရသည့် သူ့တစ်ညနေကိုတော့ သူ့မှတ်ဥာဏ်မှာ စွဲနေသည်။ မပြေပြစ်သော ကုန်းကမူ သည်ရေခပ်လမ်းမှာ ရွက်လာသည့် ရေပုံးချိုင့်ဝင်သွားသည်ထိ မနှင်းဆီ ချော်လဲခဲ့သည့်တစ်ညနေက သည်နေ့ကဲ့သို့ လေပြေသော့သော့နှင်သည့် ဆောင်းတစ်ညနေမှာ ဖြစ်သည်။

“မိန်းကလေး ရရဲ့လား …”

အပြေးအလွှား သူဆွဲထူတော့ နာကျင်တာနှင့် ရှက်တာရောပြီး ဆယ်ကျော်သက် မိန်းကလေးငယ်သည် မျက်နှာတွတ်တွတ်ရဲလျက်။ လက်ကျန်ရေတွေ သန့်ပြီး ရေပုံးကိုဆွဲကာ နေကြာခင်းတွေကြား သူမကလေး အပြေးတစ်ပိုင်းထွက်သွားခဲ့သည်ကို သူအကြာကြီး ငေးကြည့်နေခဲ့မိသည်။ ရွှေအိုရောင်ကျနေအသွေးနှင့် နေကြာဝါ၀ါများကြားမှာ ရေစိုရွှဲနေသည့် နုပျိုသန်စွမ်းသော လုံမငယ်သည် ထိုညနေက သူ့ပန်းချီကားထဲသို့သာ ရောက်လာခဲ့သည် ထင်ခဲ့ပေမယ့် သူ့ဘ၀ထဲကိုပါ သူမကလေး တိုးလျှိုးပေါက် ၀င်ရောက်လာခဲ့သည်။

***    

“လူတွေက မနှင်းဆီကို သိပ်ကံကောင်းတယ်တဲ့။ အစ်ကို့လိုလူက မနှင်းဆီကို အမေ့ဆီမှာ တောင်းရမ်းလက်ထပ်ယူတော့ မယုံနိုင်ကြဘူးတဲ့။ မနှင်းဆီကိုယ်တိုင်လည်း ဒီလိုပါပဲအစ်ကိုရယ်..။ ဘွားသီလနဲ့ အမေတို့ဆုံးမခဲ့သလို တစ်သက်လုံး အစ်ကို့ကို ကျေးဇူးရှင်တစ်ယောက်လို ပြုစုစောင့်ရှောက်ပါ့မယ်”

သူတို့မင်္ဂလာဦးညက စကားတန်ဆာ မဆင်တတ်သော မိန်းကလေး၏ မျက်ရည်တဝဲဝဲအပြောမှာ သူရယ်မောခဲ့ရသေးသည်။

“ သူတို့ တိုက်တွန်းလို့ဆိုတာထက် ကိုယ့်ထက် ဆယ်နှစ်လောက်ကြီးတဲ့ ချစ်သူလည်း မဟုတ်တဲ့ လူတစ်ယောက်နဲ့ ရုတ်တရက်လက်ထပ်လိုက်ရတဲ့ မနှင်းဆီရဲ့ သဘောထားကို အစ်ကိုက သိချင်တာ”

သူမလက်နှစ်ဖက်ကို ဆုပ်ခြေရင်း မိန်းကလေးသည် ပြောသင့်၊ မပြောသင့် ဆုံးဖြတ်ရဟန် တွန့်ဆုတ် နေခဲ့သေးသည်။

“ဆရာက..အဲ..အစ်ကိုက မနှင်းဆီ မော့မကြည့်ရဲခဲ့တဲ့သူ မဟုတ်လား။ ကိုယ့်ရပ်ရွာ မဟုတ်တဲ့ ဒီအရပ်မှာ မနှင်းဆီတို့သားအမိက တစ်ဝမ်းတစ်ခါးအတွက် ကြုံရာအလုပ်လုပ် ရပ်တည်ရသူတွေပါ။ အိမ်ဘေး သီလရှင်ကျောင်းက ဘွားသီလ စောင့်ရှောက်ပေးလို့သာ  အရွယ်ရောက်လာတဲ့ မနှင်းဆီအတွက် အမေ့ပူပန်မှု နည်းနည်းလျော့နိုင်ခဲ့အောင်ထိ မနှင်းဆီဘ၀က အကာအကွယ် မဲ့ပါတယ်။ ဒီလိုအခြေအနေနဲ့ ဘာဖြစ်ရကောင်းစေရဲ့ မတွေးနိုင်တဲ့ဝမှာ နေဖို့၊ စားဖို့မပူရမှာ တစ်ခုနဲ့ကို အစ်ကို့ကို လက်ထပ်ဖို့ မနှင်းဆီက ၀မ်းသာရသူပါ။ ပြီးတော့ ဆရာစိုးမြင့်အမျိုးသမီးက ပြောခဲ့တယ်၊။ အစ်ကိုက ဇာတိမုံရွာနယ်မှာ ချမ်းသာတဲ့ မိဘတွေလည်း ရှိတယ်ဆို”

ပွင့်လင်းချက်ကျလှသည့် မျှော်ကိုးမှုအပြည့် မိန်းကလေး၏စကားမှာ သူသဘောတကျ ရယ်မောခဲ့မိသေးသည်။ ချမ်းသာတဲ့မိဘ။ သူ့ဘ၀တစ်လျှောက်လုံးမှာ အဆင်မပြေဆုံး စကားလုံးကိုမှ မနှင်းဆီက ဘ၀နှင့်ယှဉ်ပြီး အထင်ကြီးခဲ့သည်တဲ့။ ထိုနေ့က မတွေ့ရတာကြာသည့် ငွေရှာတော်သည်ဟူသော မိခင်ကိုပင် ရုတ်တရက် သူ သတိရခဲ့ရသေးသည်။

“အမေကိုများ အရင်းရှင်ဆန်သလေး၊ ဘာလေးနဲ့ ကြီးကြီးကျယ်ကျယ်တွေ လာမပြောနဲ့။ မအေ ဒီလိုရှာတဲ့ငွေနဲ့ပဲ မင်းတို့မောင်နှမသုံးယောက် ဘွဲ့ရပညာတတ်ဖြစ်ခဲ့တာ။ စီးပွားရေးကို စီးပွားရေးလို မတွေးတတ်၊ မလုပ်တတ်ရင် ဘယ်တော့မှ လူမွေးလူတောင်မပြောင်ဘူးမှတ်။ အခုကိစ္စမှာ ငါက မတရားလုပ်တယ် မခံစားရဘူး။ သူတို့သဘောတူလို့ ထွက်သမျှ ပဲ ငါတို့ပွဲရုံကိုသာ ရောင်းပေးမယ်ဆိုပြီး နှစ်ဖက်သဘောတူတဲ့ဈေးနဲ့ ဖြတ်ခဲ့တာ၊ ငွေကြိုယူသွားကြတာ။ သီးနှံရမှ တက်ဈေးပေးတဲ့ဆီ ခိုးရောင်းလို့ ငွေအကုန်ခံ တရားစွဲပစ်တာ ဘယ်နေရာက ငါမှားလို့ ငါ့သားဖြစ်ရတာ ရှက်တယ်ပြောရသလဲ။ မိမိကြီးတို့က မရှိရင် လာတောင်း နိုင်သမျှစွန့်ကြဲလိုက်မယ်။ ဒီလို လူလည်ကျတာကို သိပ်ခက်ခဲလွန်းလို့ နည်းနည်းလုပ်မိပါတယ်လို့ မျက်ရည်ခံမထိုးနဲ့။ တစ်သက်လုံး ဒီကြိုပေးလုပ်စားလာတာ တစ်ယောက်မှ ခွင့်လွှတ်မပေးခဲ့ဘူး နောင်ကြဉ်အောင်ကို လုပ်ပြမှာ”

သူ သိတတ်သည့်အချိန်ကတည်းက မိခင်နှင့် သူတို့ပွဲရုံ ကျေးဇူးစား တောင်သူဆင်းရဲတို့၏ ပဋိပက္ခကြားမှာ စိတ်နှလုံးမသာယာနိုင်သမျှ အိမ်မပျော်နိုင်သည့် သားတစ်ယောက်အဖြစ်သာ ကြီးပြင်းလာရသည်။ မြင်တွေ့ရသည့် ငွေကြေးပြသာနာများကြားမှာ  အညှာအတာမဲ့စွာ မိခင်ချစ်သည့် ပိုက်ဆံသည် သူ့အတွက် ရွံမုန်းစရာသာဖြစ်ခဲ့သည်။
သူ့ဘ၀တစ်လျှောက်လုံးမှာ မည်သည့်အရာကြောင့်မျှ သူ့လွတ်လပ်ရှင်းသန့် စိတ်နှလုံးသည် ငွေကြေး၏  လက်ဝေခံ မဖြစ်စေရဟု ခံယူရင်း တစ်ဝမ်းတစ်ခါးမပူရရုံ ကျောင်းဆရာလစာ၊ သူ့စိတ်မွေ့ပျော်ရာ ပန်းချီဝါသနာနှင့် အဝေးပျော်ငှက် သူ့အတွက် ငွေကြေးအပေါ် ချစ်ခင်အားကိုးသည့် ဇနီးသည်ကို ပိုင်ဆိုင်ရသည်ကတော့ လောက၏ အထေ့အငေါ့ တစ်ခုသာဟု သူပြုံးမိရတော့သည်။

“အစ်ကို့ခွန် အစ်ကိုအားနဲ့ မနှင်းဆီ ဘ၀တစ်လျှောက်လုံး မကြောင့်မကြရှိအောင် ကြိုးစားပေးမယ်ဆို လုံလောက်တယ်မဟုတ်လား မနှင်းဆီ”

ရွံ့သောအပြုံးကလေးနှင့် သူ့စကားအပေါ် နားမလည်ခြင်းတစ်ဝက်ရှိခဲ့သော မနှင်းဆီကို ဖြေရှင်းပြရခက်နေသော သူ့အတွက် သူ့မိခင်ပို့လိုက်သော စာတစ်စောင်က အရာရာကို ရှင်းလင်းစေခဲ့သည်။   

“မနှင်းဆီလို အခြေအမြစ်မရှိတဲ့ ပေါက်လွတ်ပဲစား မိန်းကလေးကို မိဘတောင် အသိမပေးနိုင်အောင် ပေါင်းသင်းနေပြီးမှတော့ အမေလို့ သတ်မှတ်စရာမလိုတော့ဘူး။ လာမပတ်သက်ကြနဲ့တဲ့။ အစ်ကို့အမေက ရက်စက်လိုက်တာ..”

သူ့နာမည်နှင့်ရောက်လာသည့် စာတစ်စောင်ကို အလျင်စလို ဖောက်ဖတ်ရအောင်ထိ ကျင့်ဝတ်တေ၊ွ စည်းကမ်းတွေနှင့် မနီးစပ်သော ထိုမိန်းကလေးကို စိတ်မဆိုးနိုင်အားဘဲ သူအသနားပိုခဲ့ရသည်။

“အစ်ကို့အမေနဲ့ အစ်ကိုက အစကတည်းက အဆင်မပြေနေတာပါ မနှင်းဆီ။ ဒီစိတ်အခံကြောင့် အမေက ရေးလိုက်တာပါ စိတ်ထဲမထားပါနဲ့။ သားအငယ်ဆုံးဖြစ်တဲ့ အစ်ကို့ကို အမေက သူ့အနီးနား ပွဲရုံလုပ်ငန်းထဲ ၀င်လုပ်စေချင်ခဲ့တာ။ အစ်ကိုက ပန်းချီကျောင်းတက်တယ်။ ဆရာဖြစ်သင်တက်တယ်။ ကိုယ့်ဝါသနာအတိုင်း စိတ်ရှိသလိုနေခဲ့တာ နှစ်မနည်းဘူးလေ။ အမေက သိပ်စိတ်ပျက်နေခဲ့တာပေါ့..”

လွတ်လပ်သော သူ့ဘ၀ စိတ်အတွေးတွေကို ပြောင်းလဲပစ်ရင်း မနှင်းဆီနှင့် တည်ဆောက်ယူခဲ့သည့် မိသားစုဘ၀အတွက် မမောမပန်းနိုင်စွာ ဘ၀ကိုအလျားကူးခဲ့သည့် သူ့ကာလများပင်။ ထောင်ဂဏန်းမျှလစာမှာ သား၊ သမီးငယ်ပေါက်စနှင့် ကသီလင်တ ရှိသမျှ သူ အပတ်တကုတ် ကြိုးစားခဲ့ရသည်။ မိတ်ဆွေ လမ်းအင်ဂျင်နီယာ အကူအညီဖြင့် ကျောင်းပိတ်ရက်တိုင်း အဝေးပြေးလမ်းတစ်လျှောက်ရှိ ဗိုလ်တဲများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ အခစားဆေးသုတ်သည့် အလုပ်အတွက် သူ ချစ်သည့် ပန်းချီစုတ်တံတွေကိုလည်း လွှတ်ချခဲ့ရသည်။ ရက်ရှည်ခရီးအတွက် သူအိမ်မှ ခွာလျှင် မနှင်းဆီမှာ ငြိုးငယ်သော မျက်နှာနှင့် နှုတ်ဆက်ကျန်ရစ် တတ်သည်။  မွေးကင်းစကတည်းက ချူချာသည့် သားကြီးအတွက် မနှင်းဆီ အမြဲရတက်ပွေရသလို ခရီးတစ်ခါထွက်တိုင်း သူ့မှာ စိတ်ထင့်ရစမြဲ။

“ဒီတစ်ခါ အစ်ကိုသွားရင် မနှင်းဆီကို ပိုက်ဆံပိုပေးခဲ့ပါဦး။ အရင်တစ်ပတ် သားက ကောက်ခါငင်ခါ အဖျားကြီးတော့ ငွေပိုကလဲမကျန်နဲ့ ဆေးခန်းသွားဖို့ ပူလိုက်ရတာ။ ဆရာစိုးကတော် ကူညီပေးလို့သာပဲ။ မနှင်းဆီကြောက်တယ်အစ်ကို။ အစ်ကိုမရှိတုန်း သား တစ်ခုခုဖြစ်မှာ ကြောက်တယ်။ အဲဒီနေ့ကလေ  မနှင်းဆီငယ်ငယ်က ပိုက်ဆံတစ်ပြားမှ လက်ထဲမရှိလို့ ဆေးရုံမသွားနိုင်ဘဲ အိမ်မှာပဲ အသက်ပျောက်ရတဲ့ အဖေ့ကို သတိရပြီး သိပ်ကြောက်တာပဲ။ သားသာ ဒီလိုဖြစ်ရင် မနှင်းဆီ ရူးရလိမ့်မယ် အစ်ကိုရဲ့”

မင်္ဂလာဦးကာလများဆီက အိမ်ထောင်ရက်သား ကျသွားသည့် သမီးကိုစိတ်ချစွာ သူ့ထံအပ်ပြီး ဇာတိရပ်ရွာပြန်သွားသည့် မိခင်ကိုလွမ်း၍ တရှိုက်ရှိုက်ငိုတတ်သော မိန်းကလေးကို အငိုတိတ်လုပြီ အထင်မှာ မှားသွားခဲ့သည်။ သူမလက်ထဲ လုံလောက်သည့် ငွေစ မရှိသည်နှင့် ပူပန်တကြီး သောကများတတ်သည့် မိန်းကလေးငယ်မှာ  အားကိုးရာမိခင်လည်း ဝေးခဲ့ပြီဖြစ်၍ သူကသာ နှစ်သိမ့်စောင့်ရှောက်ရင်း စိတ်အေးအောင် ကြံဖန်ပေးရမြဲ။

“အစ်ကိုသိရဲ့လား အစ်ကိုသာ မနှင်းဆီကို လက်မထပ်ခဲ့ရင် အခုလောက်ဆို မနှင်းဆီ သီလရှင်ဖြစ်နေပြီ။ အမေက မနှင်းဆီကို အမြဲပြောတယ်လေ။ ငါတို့အမျိုးက ဘုန်းကြီးမျိုး၊ မယ်သီလမျိုးပဲတဲ့။ လောကီကိုတိုးဝင်ရင် ကံကောင်းတဲ့သူရှားသတဲ့။ အမေလည်း အစ်ကိုဘုန်းကြီးတားတဲ့ကြားက အဖေ့နောက်လိုက် တစ်မြို့တစ်ရွာရောက် မုဆိုးမဘ၀နဲ့ ဆင်းရဲရတာပဲတဲ့။ မနှင်းဆီကတော့ အစ်ကိုနဲ့တွေ့လို့ ကံကောင်းသတဲ့။ အခုတော့ မနှင်းဆီ စိတ်ပူနေပြီ အစ်ကိုရဲ့။ မနှင်းဆီကံမကောင်းဘဲ မနှင်းဆီရဲ့ အဆိုးကသာ အစ်ကိုတို့သားအဖတစ်တွေကို ကူးစက်လေမလားလို့။ ကြည့်ပါဦး အရင်ကဆို ကျောင်းအုပ်ဆရာကြီးပီပီ ခန့်ခန့်ငြားငြား နေရတဲ့အစ်ကိုက မနှင်းဆီနဲ့ရမှ အလုပ်မျိုးစုံနဲ့…”

စကားမဆက်နိုင်အောင် တဟင့်ဟင့် ရှိုက်ငိုနေသည့် မနှင်းဆီ၏ ဘ၀ကလာသည့် ဝေဒနာအရိပ်ဆိုးကို သူက ပေါ့ပေါ့ပါးပါး အရယ်တစ်ချက်နှင့် ဖြေသိမ့်နိုင်မှုသည် ကာလတစ်ခုထိသာ သက်သာရာရခဲ့သည်။

***    

“ပြန်မလိုက်တော့ဘူး အစ်ကို။ အမေ့ရောဂါက ရှေ့လျှောက် ဆေးရုံနဲ့အိမ် ကူးနေရတော့မယ် ထင်တယ်။ အမေ့ကို ဆေးကုဖို့ အသုံးယူထားတဲ့ သူများကြွေးတွေလည်း များနေပြီ။ ပြီးတော့ အချိန်သိပ်နောက်ကျနေပေမယ့် အစ်ကိုနဲ့ မနှင်းဆီက မတန်တာ  ကြာလေ ပိုသိလေပဲ အစ်ကိုရဲ့။ စာတတ်ပေတတ် လူချမ်းသာအစ်ကိုက မနှင်းဆီနဲ့ တွယ်ကပ် ဒုက္ခမခံပါနဲ့တော့။ အစ်ကို့အစ်မ ဆက်သွယ်လာသလို သားနဲ့သမီး ရှေ့ရေးတွေးပြီး အစ်ကို့အိမ်နဲ့ ပြန်ဆက်ဆံပါ။ မနှင်းဆီလည်း မောလှပါပြီ။ တစ်နေ့တစ်နေ့ သားကြီးကျန်းမာရေးနဲ့ မိသားစုအရေးအတွက် အစ်ကို့လစာ၊ လုပ်အားခတွေ စိတ်ထဲက တွက်ချက်အိပ်မပျော်ရတာတွေ အဆုံးသတ်ချင်ပြီ။ အမေ့အတွက် ထပ်ပြီး အစ်ကို့ကို ၀န်မလေးစေချင်တော့ဘူး။ မနှင်းဆီ ကိုယ့်ဘာသာ ကြံဖန်ပြီး အမေနဲ့ နေခဲ့ပါရစေ..” 

မိခင်ကျန်းမာရေးကြောင့် လချီအောင် အိမ်နှင့်ဝေးသွားသည့် မနှင်းဆီကို အမြန်သွားခေါ်ပါဟု မနှင်းဆီတို့ ရပ်ရွာဆက်ဘွားသီလ၏ အမှာပါးသံကြောင့် ချင်းတွင်းအထက်ရှိ ရွာငယ်လေးသို့ သူလိုက်သွားတော့ မနှင်းဆီ၏ ထုံပေပေ အေးစက်စက် စကားဆီးကြိုမှုက သူ့ရင်ကို ဆို့စေခဲ့သည်။စိတ်အစြွဲကီးလှ၊ သိမ်ငယ်စိတ်များလှသည့် သူ့ဇနီးကို စိတ်ရှည်သည်းခံစွာ ချော့မော့ခေါ်ဆောင်သွားမည့် စိတ်ကူးတို့သည် သတင်းစကားအချို့ကြားမှာ ကွဲအက်ကြေမွခဲ့ရသည်။

“အဲဒီကုန်စုံဆိုင်မုဆိုးဖိုကြီးက ဆွေမျိုးနီးစပ်အနေနဲ့ မနှင်းဆီတို့သားအမိကို ကူညီနေတာမဟုတ်ဘူး။ မနှင်းဆီကို လူလွတ်ထင်ပြီး အကျိုးလိုလို့ ညောင်ရေလောင်းနေတာပဲ ..”

သူအရိပ်တကြည့်ကြည့်ကြင်နာခဲ့ရသော မိန်းမငယ်သည် အမှန်တကယ်ပင် အရောင်ပြောင်းလွယ်သည့် လိပ်ပြာရိုင်းတစ်ကောင် မျှသာလား..။

“အခု မနှင်းဆီ ဆုံးဖြတ်လိုက်ပြီဆိုရင် အစ်ကိုတို့သားအဖအတွက် မနှင်းဆီက သေလူပဲနော်။ အစ်ကို့သားနဲ့ သမီးအတွက် အမေဆိုတာ မိသားစုနဲ့ ဒိုးတူဘောင်ဖက် မရှင်သန်နိုင်လို့ ထွက်ပြေးသွားတဲ့ သူထက်စာရင် သေသွားတဲ့ အမေအဖြစ်ပဲ အစ်ကိုက ဖန်တီးပစ်မှာ။ တစ်သက်လုံး အစ်ကိုတို့ကို ပြန်မတွေ့နိုင်တာ သေချာပြီဆိုရင် မနှင်းဆီကို အစ်ကို ထားခဲ့မယ်..”

***                                                  
( ၃ )  
   
ဆယ်စုနှစ်နှစ်စုစာကာလအတွင်းမှာ ချင်းတွင်းမြစ်သည် အပြောင်းလြဲကီးပြောင်းလဲခဲ့ပြီ။  အထက်မြစ်ကြော တစ်လျှောက် ကာလကြာရှည် ရွှေကျင် ရွှေတူးလုပ်ငန်းများကြောင့် ယခင်က တောစိမ်းရောင်ထစွာ ကြည်မြသည့် မြစ်ရေအလျဉ်မှာ ဝါညစ်နေသည်။ ယခင်က မြစ်ကြောင်းတစ်လျှောက် ရံထားသည့် စိမ်းမှောင်နေသော တောအုပ်များ တောင်တန်းများ ပျောက်ကွယ်ခဲ့ပြီးနောက်မှာတော့ တောစိမ်းရောင်မြစ်ကို သူ မျှော်လင့်လို့ မရနိုင်တော့ပြီ။ နှစ်နှစ်ဆယ်အတွင်း သဘာ၀၀န်းကျင်သည် သိသိသာသာ ယုတ်လျော့ပျက်ယွင်းသွားပေမယ့် ဒေသခံလူမှုဘ၀မြင်ကွင်းတွေက ထူးခြား ပြောင်းလဲမသွားသည့် ဒေသန္တရ ရှုခင်းသည် မြို့ပြအရိပ်ခိုနေသည့် သူ့သားအတွက် ရင်သပ်အံ့သြစဖွယ် မြင်ကွင်းစိမ်းများပင်။
ခရီးတစ်ထောက်နားသည့် မစိန်ရွာ ဆိပ်ကမ်းအထွက်မှာ ရေပြင်နှင့် လက်တစ်ဝါးသာသာ ကွာတော့သည့် ကုန်းပတ်ယာဉ်ပေါ် ခရီးသည်အပြည့်၊ ကုန်အပြည့်နှင့် အမြန်ရေယာဉ်တစ်စီးက သူတို့ ငှားရမ်းလာသည့် စက်လှေကို ဖြတ်ကျော်ဆန်တက် သွားတော့ သားက အံ့သြတကြီး  စုတ်တသတ်သတ် ကြည့်နေသည်။

“မိုးအကုန် ဆောင်းအကူး ဒီလို ရေကြောင်းကျဉ်းချိန်မှာ အစိုးရသင်္ဘောတွေ မပြေးဆွဲနိုင်တော့ ဒီလို ယာဉ်လိုင်းတွေကို အားကိုးရတာပဲ။ ထွက်တဲ့ရက်လဲ ပုံမှန်မရှိတော့ လိုရာရောက်ဖို့ကတော့ ဒီလိုလိုက်မှပဲ ဆရာလေးရေ၊ လမ်းပန်းဆက်သွယ်ရေးက ဒီမြစ်ကြောင်းတစ်ခုပဲ အားကိုးရာရှိတာကိုး”

သူတို့စက်လှေဆရာက သား၏ အံ့အားတသင့်ကို သဘောပေါက်ဟန် ရှင်းပြသည်။ ရွာငယ်တန်းများကို ဖြတ်စဉ် မော်တော်ခရီးသည်များကို ဈေးလိုက်ရောင်းသည့် ရေပြင်ကျယ် လှိုင်းလေကြားက ဈေးသည်လှေငယ်တွေကို ကြည့်ပြီး သားက စိတ်မထိန်းနိုင်ဟန် စက်လှေဆရာကို လှည့်ပြောသည်။   

“အန္တရာယ် များလိုက်ကြတာဗျာ၊ မြင်ရတာ စိတ်မသက်သာစရာ၊ မတော် ရေထဲပါသွားကြမှ”

သားစကားဆိုရာသို့ စက်လှေဆရာကလှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ရှိုက်သည်။ 

“ဒီလိုပါပဲ ဆရာလေးရေ ၊ အသက်တစ်ခုမွေးမြူကြဖို့ အသက်တစ်ချောင်းသာ ရင်းနှီးနိုင်ကြတဲ့ ဘ၀တွေကိုး”

အတွေးနက်နေပုံဖြင့် မော်တော်ကို တစ်ချက်ငေးနေပြီး  စက်လှေပေါင်းမိုးထဲရှိ သူ့နံဘေးသို့ သား ရောက်လာသည်။ 

“မေမေနဲ့အတူနေရတဲ့ အချိန်တိုလေးမှာ မေမေ့ကြောင့်စွဲနေတဲ့ အသိစိတ်တစ်ခုကို ကျွန်တော်တော့ တစ်သက်လုံး ဖျောက်နိုင်မယ် မထင်ဘူး၊ ကျွန်တော့်သူငယ်ချင်းတွေ တစ်ခါတလေ ဖေဖေကပါ ကျွန်တော့်ကို နားမလည်နိုင်အောင် ကျွန်တော်က ငွေကို အရူးအမူး ရှာတတ်သူလို့ ထင်ခဲ့တယ်မို့လား။ ဟုတ်တယ် ဖေဖေ။ ကျွန်တော်ပိုက်ဆံတွေ အများကြီး ရှိချင်ခဲ့တယ်။ မေမေ့ကို မှတ်မိသမျှ ပိုက်ဆံလက်ထဲ ရှိလို့ ပြုံးရယ်နေချိန် သိပ်နည်းပြီး ငွေမရှိလို့ အမြဲပူပန်စိတ်ဆင်းရဲနေတတ်တဲ့ မေမေ့ကိုပဲ ကျွန်တော်က မှတ်မိနေခဲ့တာကိုး။ ဒါကြောင့်လည်း ကျွန်တော်နဲ့ ညီမလေးကို ပစ်သွားတဲ့မေမေ့ကို စိတ်မနာနိုင်အောင်ကို မေမေလို့ ခေါ်ကြည့်တာနဲ့ မေမေ့ကို သနားစိတ်က အရင်ပေါ်လာရတယ်။ မေမေလည်း စက်လှေဆရာကြီးပြောတဲ့ အသက်တစ်ခုမွေးမြူဖို့ ဒီအသက်တစ်ချောင်းကိုပဲ ရင်းခဲ့ရသူ ဖြစ်ခဲ့သလားပဲ  ဖေဖေ”

စက်လှေဦးမှ တဖွားဖွားလွင့်စင်လာသည့် ရေမှုန်ရေမွှားတွေကို ငေးနေသော  သားမျက်ဝန်းမှာ ဆေွးမြေ့ရိပ်ကို မြင်ရသည်။ သူကတော့ မမြင်သာတော့အောင် ဟိုးဝေးဝေးမှာ ကျန်ခဲ့သည့် မနှင်းဆီ ထာဝရ လဲလျောင်းရာ မစိန်ရွာ အထက်က ခရေမြိုင်အရပ်ဆီသို့ လည်ပြန်ငေးနေမိသည်။ 
ယမန်နေ့ ညနေ နေရီရီက ခရေမြိုင်ရှိ တောတန်းစပ်တစ်နေရာမှာ မနှင်းဆီကို သူတို့ တွေ့ခဲ့ရသည်။ အရွက်ခြောက်များ မြုပ်လုလု အုတ်ဂူဖြူဖြူသည် ပကတိသွေ့ခြောက်လျက် ရောက်လာသူကို ဆို့နင်စေခဲ့သည်။ 

“သူ့အမေဆုံးတော့ မြို့ကိုတက်ပြီး ဆရာတို့သတင်းကို သူစနည်းနာခဲ့သေးတယ်။ ကျောင်းဆရာအလုပ်ကထွက်ပြီး မိဘရပ်ထံ ပြန်သွားပြီလို့ ကြားခဲ့တော့ သူပျော်ရှာပါတယ်။ ဟုတ်တယ် မနှင်းဆီ ပျော်ခဲ့ပါတယ်။ သူ့သားနဲ့သမီးက ကြေးရတတ်ဆွေမျိုးတြွေကားမှာ အထက်တန်းဘ၀မှာ ရှိနေတော့မှာလို့ ဘွားသီလကို ပြောခဲ့တယ်။ ပန်းနာရောဂါ အခံရှိတဲ့သူ့ကို အမှီသဟဲရအောင်လို့ ဘွားသီလကပဲ နားချပြီး သူ့ကို မေတ္တာရှိနေသူနဲ့ အိမ်ထောင်ချပေးလိုက်တာပါ။ ခမျာကလေး ဘ၀ကို သက်တောင့်သက်သာနေပါစေတော့ရယ်လို့ တို့များ ဆန္ဒရှိခဲ့ပေမယ့် အသက်တိုရှာပါတယ်ကွယ်"

မနှင်းဆီ
အသက် (၃၅) နှစ်။
၁၉၆၉-၂၀၀၄။

ဆေးသားပြယ်လုလု အုတ်ဂူကို သားက ဓာတ်ပုံရိုက်ယူခဲ့သည်ကို သူမတားမိတော့။ ခရေမြိုင်တွင် သားသည် မိခင်၏အငွေ့ကို ဖမ်းမိဖို့ ကြိုးစားခဲ့သေးသည်။ မနှင်းဆီ၏ မိသားစုထံသို့ သားက သွားရောက်တွေ့ဆုံလိုသည်ကို သူလိုက်လျောခဲ့ရသည်။

“အင်မတန်အေးဆေးတဲ့ အမျိုးသမီးပါ။ ကျွန်တော့် သား၊ သမီး သုံးယောက်လုံးကလည်း သူ့ကို မိထွေးဆိုတာထက် ပိုပြီး ချစ်ခင်ခဲ့ကြပါတယ်။ တစ်ခုပါပဲ သူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့သလားဆိုတာတော့ အနီးကပ်ရှိခဲ့တဲ့ ကျွန်တော်လည်း မပြောပြတတ်ဘူး။ ကျွန်တော်နဲ့အတူရှိခဲ့တဲ့ ဆယ်နှစ်တာကာလမှာ ဘယ်အရာကမှ သူ့ကို လှိုက်လှိုက်လှဲလှဲ ပျော်နိုင်အောင် မစွမ်းနိုင်သလို ထူးထူးခြားခြားလည်း ဝမ်းနည်းပူဆွေးတာမျိုး မမြင်ရလို့ ကျွန်တော်တော့ ကျေနပ်ပါတယ်။ အေးလေ အမြဲ တစ်ယောက်တည်း ငေးမိငေးရာ တိတ်ဆိတ်လွန်းနေတတ်တဲ့၊ ခံစားချက်သေနေတဲ့ အမျိုးသမီးကိုမှ ကျွန်တော်ကလည်း လက်ထပ်ယူချင်ခဲ့တာကိုး” 

ကျေးရွာကျန်းမာရေးမှူးတစ်ဦးဖြစ်သည့် စိတ်နှလုံးပြည့်ဝဟန်ရှိသော မနှင်းဆီ၏ အမျိုးသားကို သားကြောင့် မျက်နှာချင်းဆိုင်ရချိန်မှာ သူတွေးထင်ခဲ့သည်ထက် စိတ်သက်သာရာ ရခဲ့ပါသည်။ 

“ကျွန်တော်တို့ မေမေ့မိသားစုကို ဝင်တွေ့နိုင်ခဲ့တာ မှန်တယ်လို့ ထင်တယ်ဖေဖေ။ အနည်းဆုံးတော့ မေမေ အသက်ရှင်နေတဲ့ကာလပတ်လုံး သိပ်ခက်ခဲ ပင်ပန်းလွန်းခဲ့သလားလို့ ထင်ရာအတွေးနဲ့ ၀မ်းနည်းရတာမျိုး မရှိတော့ဘူးပေါ့။ ပြီးတော့ ကျွန်တော်တို့ကို ပစ်ထားခဲ့ရပြီးမှတော့ မေမေစိတ်ထိခိုက်ခံစားရတာနဲ့ တန်အောင် မေမေ့ဘ၀ သက်သာရာရခဲ့သေးတာပဲလို့ ကျေနပ်နိုင်တာပေါ့။ ကျွန်တော် ကြောက်ခဲ့တယ် ဖေဖေ။ မေမေ လူဆင်းရဲ စိတ်ဆင်းရဲနဲ့ ဘ၀ကို အဆုံးသတ်သွားရတာမျိုးလို့ ကြားရမှာကို ” 

ခရေမြိုင်သည် လည်ပြန်ငေးနေကြသည့် သူတို့သားအဖ မြင်ကွင်းမှ အစက်အမှုန်တစ်ခုကဲ့သို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်အထိ ဝေးကျန်ခဲ့ပြီ။ မကြာမီ နာရီအနည်းငယ်မှာ မြို့ကလေး၏ ဆိပ်ကမ်းသို့ သူတို့စီးနင်းလာသည့် စက်လှေ ဆိုက်ကပ်ပေတော့မည်။ 
လွန်ခဲ့သော နှစ်နှစ်ဆယ်က သည်ခရီးစဉ်ကဲ့သို့ ချင်းတွင်းအစုန် ပန်းဝါသင်္ဘောပေါ်မှာ မအောင်မြင်သော အိမ်ထောင်ရေးအတွက် ကွဲအက်သောစိတ်နှလုံးဖြင့် အသိစိတ်ကို ကြိုးစားစုစည်းကာ ငယ်ရွယ်သော သားသမီးတွေဆီ သူ အားတင်းပြန်ခဲ့ရသည်။ “ကြက်မတမ်း ဥမခင်” ဟု နာနာကျင်ကျင်ရေရွတ်ရင်း သူနှင့်အတူပါလာမည့် မိခင်ကို စောင့်မျှော်နေကြသည့် ကံဆိုးသော သူ့ရင်သွေးများအတွက် မျက်ရည်ကျခဲ့ရသည်။ သိတတ်စ သားကြီးအတွက် ခရီးသွားရင်း မိခင်ဆုံးပါးခဲ့သည် ဟူသော သတင်းစကားကို လက်ခံနိုင်အောင် ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲပစ်ဖို့ သူခင်တွယ်သော အလုပ်ကို စွန့်ခဲ့ရသည်။ အမြတ်တနိုး ဆွဲခဲ့သည့် မနှင်းဆီ၏ ပန်းချီကားကို ဖျက်ဆီးပြီး မြစ်သာမြစ်ထဲသို့ သူမတည်ရှိခဲ့ဖူးသည့် သူ့ဘ၀နှင့်အတူတူ မျှောပစ်ခဲ့ရသည့် နာကျင်ရက်စွဲများသည် မနေ့တစ်နေ့ကလို ပြန်အသက်ဝင်လာရသည်။ ယခု အစုန်ခရီးမှာတော့ လောကထဲမှ အမှန်တကယ် ပျောက်ကွယ်သွားသည့် မနှင်းဆီသည် ဝေးလွန်းလှသော ခရေပင်တောတန်းစပ်မှာ ကျန်ရစ်ခဲ့ပြီ။

*** 

မြို့အလာခရီးတုန်းက မြင်မြင်သမျှ စိတ်ဝင်တစား စိတ်လှုပ်ရှားနေခဲ့သော သားသည် မြို့အပြန်ခရီး မြစ်သာတံတားပေါ်မှ အရှေ့တောင်ပေါ် မြို့ဦးဘုရားသို့ လှမ်းကန်တော့နေသော သူ့ကို ကားရပ်စောင့်ပေးရင်း တိတ်တဆိတ် ငေးရီနေသည်။

“ကျွန်တော် ရှစ်တန်းနှစ်မှာ ကြီးကြီးရဲ့ နယ်ဘက်က မိတ်ဆွေတစ်ယောက် ပြောသံကတစ်ဆင့် မေမေ မသေခဲ့ဘူး။ သူ့ဇာတိမှာ နောက်အိမ်ထောင်နဲ့ အသက်ရှင်လျက်ရှိနေတယ်လို့  သိသိချင်း သိပ်ငိုခဲ့ရတယ်။ မေမေ့ကို စိတ်နာသလို ကျွန်တော်တို့ကို ညာခဲ့တဲ့ ဖေဖေ့ကိုလည်း စိတ်ဆိုးမိသေးတယ်။ ဖေဖေ့ကို ဖွင့်မေးပစ်ဖို့ ခဏခဏ ကြိုးစားပေမယ့် မမေးနိုင်ခဲ့ဘူး။ မေမေ့ကြောင့် ဘယ်လောက်တောင်များ ထိခိုက်နာကျင်ခဲ့ရလို့ ဘ၀ကို သေပစ်ခဲ့ရသလဲလို့ ဖေဖေ့ကို ထပ်စိတ်ဆင်းရဲအောင် မလုပ်ချင်ခဲ့ဘူး။ အဲဒီအချိန်က ဖေဖေ မေမေ့ကို သိပ်စိတ်နာခဲ့မှာပဲနော်”

“စိတ်မနာခဲ့ဘူးလို့ မညာချင်ပါဘူး သားရယ်။ အိမ်ထောင်ဦးစီးတစ်ယောက်အတွက် ပြန်တွေးတိုင်း ကိုယ်တာဝန်မကျေနိုင်မှုရဲ့ အကျိုးဆက်အဖြစ် အမြဲလည်း အရှက်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ထိ သားတို့အမေ ဖေဖေ့အပေါ် အမှားလုပ်ခဲ့တယ် ရက်စက်တယ်ရယ်လို့တော့ မမှတ်ယူခဲ့ပါဘူး။ မနှင်းဆီက အပြောနဲ့အလုပ် ညီခဲ့သူပဲ။ သေသေချာချာတွေးကြည့်ရင် သူချစ်နှစ်သက်သူမဟုတ်ဘဲ ဖေဖေ့ကို သူ့ဘ၀နောင်ရေး မပူပန်ရမှာအတွက် လက်ထပ်ပါတယ်လို့ကို သေချာဖွင့်ပြောခဲ့သူပဲ။ အဆုံးသတ်မှာ ဖေဖေကသာ ပေးခဲ့တဲ့ကတိကို မစောင့်ရှောက်နိုင်အောင် အစွမ်းအစမဲ့သူ ဖြစ်ခဲ့တာကိုး။ ဒါကြောင့်လည်း သားတို့အမေကို အတတ်နိုင်ဆုံး ဂုဏ်တင်ချင်ခဲ့တယ်။ သားသမီးတွေကို ပစ်သွားတဲ့မိခင်ထက် ပိုဂုဏ်ရှိတဲ့ သေလူပဲလို့ ဘ၀ထဲမှာ ဆက်မြှုပ်နှံခဲ့မိတယ်”

ဆောင်းလေကြောင့် အေးစက်နေသော သူ့လက်တွေကို သားက ဆုပ်ထွေးရင်း ဝံ့ဝံ့စားစား ပြုံးပြသည်။

“ကျွန်တော်နားလည်ပါတယ် ဖေဖေ။ ဖေဖေ့စိတ်အတွေးကို ငဲ့ညှာမိလို့လည်း ဒီလောက်နှစ်အကြာကြီး ကျွန်တော်ကပဲ ဖေဖေ လက်ခံစေချင်သလို လက်ခံပေးခဲ့ပါတယ်။ ပြီးတော့ ဖေဖေနဲ့ ကျွန်တော်ပဲသိတဲ့ ဒီလျှို့ဝှက်ချက်ကို ကျွန်တော်တို့တစ်သက် ညီမလေးတစ်သက်တော့ ဆက်ထိန်းထားကြမယ်။ အမေ့မေတ္တာကိုရဖို့ လူ့လောကထဲ လာခဲ့ရသူမဟုတ်တဲ့ ညီမလေးကို  မေမေနဲ့ပတ်သက်တဲ့ ဒီဒဏ်ရာကင်းဖို့တော့ အခွင့်အရေးရှိစေချင်တယ် ဖေဖေ” 

ဖြစ်တည်ရာ သည်ဘ၀မှာ သူ့စိတ်ဖြေသာပျော်ရွှင်မှုက သည်လို နှလုံးသားကြီးသည့် သားကို ပိုင်ဆိုင်ခဲ့ရခြင်းပဲဟု သူ အထပ်ထပ် လက်ခံလာမိသည်။

“သားကို ဖေဖေ သိပ်ကျေးဇူးတင်တယ်”

သူ့လက်ကို မလွှတ်တမ်းဆုပ်ရင်း မျက်ရည်စို့စို့သားက ပြုံးရင်း ခေါင်းငြိမ့်ပြသည်။ ငါးရက်တာ သည်ခရီးမှာ သားသည် မိဘနှစ်ပါး၏ အတိတ်ရုပ်ပုံကို ရတတ်သလောက် သိမ်းဆည်းခဲ့သည်။ သားငယ်စဉ်က သူနှင့်အတူ လိုက်ပါခဲ့ဖူးသည့် ဖခင်ဖြစ်သူ အခစားဆေးသုတ်ရာ အိန္ဒိယ-မြန်မာ နယ်စပ်လမ်းတစ်လျှောက်က ဗိုလ်တဲကုန်းတွေကို တကူးတက သွားကြည့်ခဲ့သည်တဲ့။

“မနေ့က ငလျင်ပြိုကုန်းထိပ်က ဗိုလ်တဲ အဆောက်အဦကို သွားကြည့်ခဲ့တယ်။ ဖေဖေဦးစီး ဆေးသုတ်ခဲ့တဲ့ တန်းလျားရှည်တွေက အတော်အိုဟောင်းနေပြီပေါ့။ ကျွန်တော် မှတ်မိနေတယ်။ ကျွန်တော်ပူဆာလို့ ဖေဖေခေါ်ခေါ်လာတဲ့ နောက်ဆုံးလုပ်ငန်းခွင်ပဲ။ ကျွန်တော်အမြဲ ဂုဏ်တယူယူ ကျေနပ်ရတဲ့ ကျောင်းဆရာကြီးအဖေက ကျောင်းမှာ ဆရာ၊ ဆရာမတွေအပေါ် သြဇာညောင်းတဲ့၊ ကျောင်းသားတွေ ချစ်ကြောက်ရတဲ့သူ မဟုတ်လား။ အဲ့ဒီနေ့ကတော့ သတ်မှတ်ရက်အမီ ဆေးသုတ်တာမပြီးလို့ လမ်းဗိုလ်ရောက်လာပြီး ဖေဖေ့ကို ပြစ်တင်ကြိမ်းမောင်းတော့ မျက်နှာမကောင်းဘဲ ငြိမ်နေရတဲ့ ဖေဖေ့ကိုကြည့်ပြီး ကျွန်တော် သိပ်ငိုချင်ခဲ့တာပဲ။ ဖေဖေ့ရှေ့မှာ မငိုချင်လို့ ဗိုလ်တဲနောက် တောတန်းထဲ ပြေးငိုခဲ့ရတာ။ ပြီးတော့ အဲဒီတောစပ်ကနေ လမ်းဗိုလ်ကားကို စိတ်ပြေတဲ့အထိ မြေစိုင်ခဲတွေနဲ့ ပေါက်ပစ်ခဲ့တာ။ နောက်တော့ ဘယ်တော့မှ ဖေဖေ့အလုပ်လုပ်တဲ့ဆီ လိုက်ဖို့မပူဆာတော့ဘူး။ ထူးဆန်းတယ်ဖေဖေ။ အဲဒီထက် အဆအများကြီး အဆင်ပြေနေတဲ့ ဒီအချိန်မှာ ကိုယ့်ကားကိုယ်မောင်းပြီး ဒီဗိုလ်တဲဟောင်းကိုရောက်တော့လည်း အဲဒီအချိန်တုန်းကအတိုင်း နာကျင်နေရတုန်းပဲ ”

“ခုတော့ ဒီနာကျင်ရတာတွေ ထားခဲ့တော့မယ် ဖေဖေ။ တအုံ့နွေးနွေး သိချင်ခဲ့တဲ့ မေမေ့အတိတ်ကိုလည်း အမှန်အတိုင်း ပြန်ရခဲ့ပြီ။ ကျွန်တော်နဲ့ ညီမလေးအတွက် ၀ါသနာကြီးတဲ့အလုပ်တွေ စွန့်ပြီး ငွေကြေးသာ အဓိက လုပ်ငန်းတွေကြား မွန်းကြပ်နေအောင်ထိ ကြိုးစားပေးခဲ့တဲ့ ဖေဖေ့ကို အခု ဖေဖေနေချင်တဲ့ ဘ၀နေထိုင်မှုမျိုးနဲ့ ရှေ့လျှောက်နေနိုင်အောင် ကျွန်တော်က စောင့်ရှောက်နိုင်ပြီပဲလေ။ နာကျင်ခဲ့ရတာတွေကို ထားခဲ့ပါတော့မယ်”

ဘ၀တစ်လျှောက်လုံး အတိတ်မှာ အကျဉ်းကျသူက သူတစ်ယောက်တည်းရယ်သာဟု ထင်မှတ်ခဲ့သော သူ့ကြောင့် ငယ်ငယ်က သားသည် သူ့အရွယ်၊ သူ့အသိစိတ်နှင့်မမျှသည့် နာကျင်ရိပ်မှ မလွတ်မြောက်နိုင်သူ ဖြစ်ခဲ့ရှာသတဲ့လား။
အနောက်ဘက်တောင်စွယ်ပေါ် နေလုံး ကွယ်ပျောက်သွားတော့ မြစ်သာကမ်းနံဘေးက အရောင်ဖျော့ကျသွားသည့် နေကြာဝါ၀ါများသည် သူတို့နောက်မှာ တဖြည်းဖြည်း ဝေး၍ ဝေး၍ ကျန်ခဲ့သည်။

***                                                          

( ၄ )
  
ဆောင်းနှောင်းပြီဖြစ်၍ သူ့ခြံထဲက မိုးရေကြိုက်သော အပင်ငယ်တို့ အရွက်ရော်စပြုပြီ။ လုံးပတ်သေးသွယ် ပန်းပင်ငယ်ကို စည်းရိုးတစ်ခု သေချာခတ်ရင်း ရေပိုက်သွယ်တန်းဖို့ ကြိုးစားနေသော သူ့နောက်ပါးမှာ သမီးက တိတ်တိတ်ကလေး လာရပ်သည်။

“ဒီရက်ပိုင်း ညနေ ညနေဆို နှင်းတို့ဖေဖေက ခြံထဲချည်းပါလားနော်။ ပန်းချီလည်း ဆွဲတာမတွေ့ စာအုပ်တွေလည်း မကိုင်နဲ့။ ခရီးကပြန်လာကတည်းက ဒီပန်းပင်လေးကိုပဲ တစ်နေ့တစ်နေ့ အရိပ်တကြည့်ကြည့်နဲ့ သိပ်ယုယနေတာ ရိုးကိုမရိုးဘူးနော်။ ဆိတ်ဖလူးပန်းကို မြင်ရင် သမီးမေမေကို အောက်မေ့တယ်လို့ အပင်ဝယ်လာခါစက လွှတ်ခနဲ ပြောဖူးတယ်မို့လား။ နှင်း ဖေဖေက သူ့ချစ်သူလေးကို သတိရနေပုံပါလားနော်..”

သူ့ကို ကျီစယ်ရင်း အနောက်မှ သိုင်းဖက်ကာ ကလေးတစ်ယောက်လို တစ်ခစ်ခစ်ရယ်မောနေသော သမီးကို သူ ချစ်ကြင်နာစွာ ငေးကြည့်မိသည်။ နှစ်နှစ်အရွယ်ကတည်းက မိခင်ရင်ငွေ့ကင်းခဲ့သည့် သမီးသည် အရိပ်တကြည့်ကြည့် ချစ်ခင်ယုယတတ်သော အစ်ကိုနှင့် ဖခင်ကြောင့်ပင် ပျော်ရွှင်လွယ်၊ ရယ်မောလွယ်သည့် ကြည်ကြည်စင်စင် မိန်းကလေးငယ်အဖြစ် အရွယ်ရောက်လာခဲ့သည်။ တက္ကသိုလ်ဆရာမပေါက်စ သမီးသည် မကြာတော့သည့်ကာလမှာ ချစ်ကြင်သူနှင့် လက်တွဲဖို့ အစ်ကိုနှင့် ဖခင်၏ ခွင့်ပြုချက်ကို တောင်းယူခဲ့ပြီးပြီ။

“ကိုကို့ထက်အရင် အိမ်ထောင်ပြုလို့ နှင်းကို တကယ်စိတ်ဆိုးမနေပါဘူးနော် ဖေဖေ။ ကိုကိုကတော့ သတိရတိုင်း မေးခွန်းတစ်မျိုးတည်းကို ထပ်ကာ ထပ်ကာ မေးနေတော့တာပဲ။ ကိုယ်ချစ်လို့ ယူမယ့် အိမ်ထောင်ဘက်နဲ့ သေတပန် သက်တစ်ဆုံး သုခ၊ ဒုက္ခ အားလုံးကို စံစား၊ ခံစားနိုင်မှာ ကိုယ့်ကိုကိုယ် သေချာရဲ့လားတဲ့။ ဘယ်လို ကိုကိုမှန်းကို မသိဘူး။ နှင်းဖြေရတာ မောလှပြီ။ သိလား ဖေဖေ။ နှင်း ယုံကြည်နေတာ တစ်ခုရှိတယ်။ ဖေဖေ့သမီး ဖြစ်နေလို့ကို နှင်းက နှင်းချစ်သူရဲ့ ချစ်ခင်ကြင်နာမှု၊ သစ္စာ သိမှုကို အပြည့်အ၀ ရလိမ့်မယ်လို့လေ။ နှင်းတို့ဖေဖေ ဆိုတာ ဘယ်သူမှမယှဉ်နိုင်အောင် မေမေ့ကို ချစ်တတ်၊ သစ္စာကြီးတတ်ခဲ့သူမို့လား။  ဖေဖေ့ရဲ့ ဒီမေတ္တာတရား အကျိုးဆက်ကြောင့်ကို ဖေဖေ့သမီး နှင်းက ဘဝတစ်လျှောက်လုံး ကိုယ်ချစ်ရသူရဲ့ ချစ်ခြင်းသစ္စာနဲ့ ပျော်ရွှင်ရဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်ရှိတာပဲ ဖေဖေရဲ့” 

မနှင်းဆီ၏ အညိုရောင်မျက်ဝန်းများနှင့် တစ်ဘာသာကွဲစွာ နက်မှောင်ရွှန်းလဲ့သော သမီး၏ မျက်လုံးဝိုင်းလေးတွေကို သူငေးရင်း “သမီးရယ်..” ဟု ရေရွတ်မိသည်။ လောကအပေါ် ချစ်ခြင်းအပြည့်နှင့် ရွှန်းစိုသော သည်မျက်ဝန်းကလေးတွေသည် ဘ၀တစ်သက်တာလုံးမှာ  နာကျင်ခြင်းအလျဉ်းမဲ့စွာ ပကတိကြည်စင်သွားစေဖို့ ယုံကြည်ချက်ရှိအောင် သူ အမှန်စွမ်းဆောင်နိုင်ခဲ့သည်ဆိုလျှင် သည်နေ့၊ သည်အချိန်ထိ မနှင်းဆီအပေါ် တရားသည်လား၊ မတရားသည်လား မသိတတ်နိုင်စွာ သူ့အသက်ရှင်နေထိုင်နေရခြင်း၏ ဘ၀အဓိပ္ပါယ်ကို သူကျေနပ်နိုင်ခဲ့ပြီ။ နှစ်သိမ့်စိတ်ကိုမွေးကာ တလှိုက်လှိုက်ဖြစ်လာသော သူ့ရင်မှာ  သူတို့ဘ၀ထဲမှ စောစီးစွာ ထွက်ပေးခဲ့ရသည့် မနှင်းဆီကို ပြင်းပြစွာ လွမ်းဆွတ်လာရင်း သမီး၏ဆံစများပေါ် သူ့မျက်ရည်တစ်စက် ကျသွားသည်။  
ပန်းပင်တွေပေါ် ကူးလူးနေသည့် ပုဇဉ်းသံ တ၀ီဝီကလွဲလျှင် ရုတ်တရက် တိတ်ဆိတ်သွားသော သူတို့ဝန်းကျင်ဝယ် တိမ်ရောင်တောက်သော ချုပ်ညရီသည် လင်းတစ်ခါ၊ မှောင်တစ်လှည့်ဖြင့် ဆိုက်ရောက်လာသည်။ ဆည်းဆာချိန် လွန်ခဲ့လေပြီ။   ။

***
ဆေးဆေ
၂၀၁၇ ရွှေအမြုတေမဂ္ဂဇင်း မတ်လ