ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး
********************************************** တာရာမင်းဝေ
ထိုသို့ဖြင့်ပင် ငါတို့ဝေးကြတော့မည် ထင်ပါသည် ချစ်သူ ..
ငါတို့၏ ခွဲခွာချိန်တွင် ကျောက်နှင်းဆီတို့သည် မြရွက်ကိုပန်ရင်း မြောက်ပြန်လေထဲ ကြွေကျသွားကြလိမ့်မည်။ လောကသည် နီမှိုင်းနေအံ့။ အရာရာသည် တုန်ဖျော့အိုမင်းကာ ငါတို့ကို မျက်စိမှိတ်လိုက်ကြပါလိမ့်မည်။
မြူတွေကို ဖွားကနဲဖောက်ခွဲရင်း ပြိုကွဲနေသော ဆောင်းရာသီသည် အဝေးခေါင်းလောင်းကို ကိုက်ချီပျံသန်းလာလိမ့်မည်။ ခေါင်းလောင်းသံကို ငါတို့ကြား၏။ သို့သော် ခေါင်းလောင်းသံသည် ငါတို့ကို မကြား။ ခေါင်းလောင်သံဖြင့် ငါတို့ သွားကြမည်။ သို့သော် အတူကမဟုတ်။ တစ်ယောက်တစ်နေရာဆီ။
ငါတို့နှုတ်ဆက်ကြရလိမ့်ဦးမည်။ ထိုအချိန်သည် ပြတ်အံ့မူးမူး ဂစ်တာကြိုးကလေး၏ နောက်ဆုံးအချိန်နှင့် တူလိမ့်မည်။ တချို့က ငါ့တို့ကို သနားကြဦးမည်။ အချို့ကြောင့် ငါတို့လည်း သနားခံရဦးမည်။ ငါ့ရင်အုံသည် တောင်ကုန်းဂမူမဟုတ်။ သို့သော် ထိုအလံက ငါ့ရင်အုံမှာ စိုက်ပြီး ပျံလိမ့်မည်။သေချာနေခဲ့ပြီ။
တိမ်ခက်တို့သည် မလှပ၊ ဆောက်ချက်လွန်ထားသော ပန်းပုရုပ်ကို အပြာရောင်သွေးတွေ စိုသည်။ ဖရိုဖရဲနှင့် ကောင်းကင်မှာ ကျကွဲသည်။ ငါပြောချင်သော စကားတစ်ခွန်းရှိ၏။ သို့သော် ထိုစကားသည် ရင်ဘတ်ဆောင့်တွန်းခံရပြီး လဲကျသွားသည်။ ငါ .. ဘာမှမပြောဖြစ်တော့။ မတ်တပ်ရပ်ပြီး လမ်းမှာ ရယ်မယ်။ အက်ကွဲစွာ .. ။
ငါထူသော ကံ့ကော်ကျောက်တိုင်တစ်ခု ရှိသည်။ ထိုကျောက်တိုင်သည် အကိုင်းဖြာ၏။ အပွင့်ဝေ၏။ ငါက မခူး။ ထို့ကြောင့် ငါ့ကို ခူးကြပြီ။ ဆောင်းလက်ချောင်းများနှင့်ပင် ငါဆုတောင်းဖူးပြန်၏။ သို့သော် ငါ့အတွက်ပွင့်သော တံခါးတို့ မရှိကြ။ ငါ .. မှောင်သည်။ ငါ .. လွမ်းသည်။ အိုဘယ့်ချစ်သူရယ် .. ဟု ငါမြည်တမ်း၏။ ထို့နောက် ငါ့နှုတ်ခမ်းကိုသာ ငါကိုက်စားရတော့သည်။
ချစ်သူ၏ မျက်တောင်နက်သည် ငါ့အတွေးကို အုပ်စိုးသော မိုးဓားတစ်လက်ဖြစ်၏။ ငါ .. အခါခါရိုကျိုးရင်း ပျော်မွေ့ခဲ့ဖူးသည်။ ခုအခါ ငါ့ဒဏ္ဍာရီတစ်ပုဒ် မီးလောင်၏။ မှော်ပညာမြောက်သော မျက်ရည်အစက်စက်တို့က ကောင်းကင်အထပ်ထပ်ဖြင့် ငါ့ကိုရွာသည်။ မီးငြိမ်းသည်။ သို့သော် ငါကား မငြိမ်းတော့ချေ။
လေဆန်တွေတိုး၏။ ဂြိုဟ်တွေ အုပ်စုလိုက် ကြွေ၏။ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး ငါ့ကို စတေးထားခဲ့ပြီလား။ ငါသည် ငါ့ဒိုင်ယာရီကြားမှာ ပြန်ညပ်နေသော ဝါးရွက်ခြောက်ကလေးသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အသေခံပြီး ငါဆက်ချစ်သွားဦးမည်။ အို .. ချစ်သူ .. ၊ ဒီခင်တန်းမှာ ချမ်းမြေ့ဖြူစင်ပါစေ။
သစ္စာတွေ ငါဆိုမည်။ အလင်းလျော့ပြေချိန်တိုင်းမှာ "နှင်းရေ .. နှင်းရဲ့ .."ဟု အော်ပစ်လိုက်မည်။ "ရင်ကွဲသံ" ဖြစ်၍ မျက်စောင်းတို့ဖြင့် ခြံရံသည့်တိုင် ချိုမည်မထင်။ လူ့သမိုင်းထဲက အကျအဆုံးနည်းနည်းနဲ့ စစ်ရှုံးခဲ့သူဟူသမျှ ငါတို့ထက် ကံကောင်းကြ၏။ ငါတို့အတူရပ်နေကြမည်။ သို့သော် ငါတို့ မတူခြားနားစွာ ရပ်နေကြခြင်းလည်း ဖြစ်မည်။ အို ... ... ချစ်သူ ။
ခွဲကြတော့မည်လား ၊ လက်တွဲမဖြုတ်ခင်အထိတော့ လက်ချင်းမြဲမြဲ ဆုပ်ခဲ့ချင်သည်။ ရင်ခတ်နှုတ်ခမ်း အလွမ်းဆံမျှင်တို့လည်း ပျံ့လွင့် .... ၊ ထိုသို့ဖြင့် .... ငါနှင့်ချစ်သူသည် .......
#တာရာမင်းဝေ
No comments:
Post a Comment