" ရေစီးထဲ စုန်ဆန်မျောပါ "
===============
#စံပယ်ဖြူနု
လိပ်စာအရတော့ သည်တိုက်ပါပေ။ စာရွက်လေးပေါ် ချရေးလာသောလိပ်စာကို သေချာအောင် ကျွန်မ နောက်တစ်ကြိမ် ဖတ်လိုက်ပါသည်။ တိုက်အမှတ်လည်း မှန်နေပြီ။ ညွှန်းထားသော စတိုးဆိုင်လေးသည်လည်း မြေညီထပ်မှာ။ ဒါဆို ခုနစ်လွှာအထိ တက်သွားရုံပေါ့။ ကျဉ်းမြောင်းသော လှေကားထစ်လေးများပေါ် ခြေချနင်းတက်ရင်း ကျွန်မရင်ထဲ တငြိမ့်ငြိမ့် လှုပ်ခုန်စပြုလာပါသည်။ ကာလအချို့ကြာအောင် ဝေးကွာခဲ့သော၊ တစ်ချိန်က စိတ်နှလုံးချင်း ရင်းနှီးနီးကပ်ခဲ့သော မိတ်ဆွေကို တွေ့ရတော့မည်မဟုတ်လား။
သူရှိသည့်လိပ်စာကို ပြီးခဲ့သည့် တစ်ရက်ကမှ အမှတ်မထင် ရခဲ့ပါသည်။ လိပ်စာကို အမှတ်မထင်ရခဲ့သလို သူနှင့်ပတ်သက်သည့် ဝမ်းနည်းစဖွယ် သတင်းတစ်ခုကိုလည်း မျှော်လင့်မထားသော ပုံစံမျိုးနှင့် ကြားနာခဲ့ရသည်။ ထိုခဏ၌ ကျွန်မစိတ်ထဲ နောင်တရမဆုံးသည်မှာ ဘာကြောင့်များ ကာလရှည်ကြာ သူနှင့် အဆက်အသွယ် မလုပ်မိပါလိမ့်။ သူက စဆက်သွယ်မလို ကိုယ်က စဆက်သွယ်မလိုနှင့် သူ့ဘဝကိုယ့်ဘဝများထဲ ကျင်လည်ရင်းက တဖြည်းဖြည်း ဝေးကွာမြဲဖြစ်သည့် မြို့ပြလူမှု ဝန်းကျင်သည် ကျွန်မတို့နှင့် အသားကျခဲ့သည်လား မသိ။
ခုတော့ ကျွန်မ၏စိတ်နှလုံးသည် မိတ်ဆွေကို သတိတရနိုးထခဲ့ပြီ။ သည်အားလပ်ရက်၌ မတွေ့လျှင်လည်း နောင်တစ်ကြိမ် မတွေ့တွေ့အောင်ရှာရန် စိတ်ပိုင်းဖြတ်ထားခဲ့ပြီ။ လှေကားထစ်လေးများပေါ် ကျွန်မ ဆက်၍ဆက်၍ နင်းတက်လာခဲ့ပါသည်။
*******************
သူနှင့် ကျွန်မသည် လွန်ခဲ့သောငါးနှစ်ကျော်က လှည်းတန်းက အဆောင်တစ်ခု၌ စတင်ဆုံဆည်းခဲ့ကြလေသည်။ အုတ်ခံပျဉ်ထောင်နှစ်ထပ်အိမ်ကို အဆောင်ပြုလုပ်ထားသော ဈေးနှုန်းအလယ်အလတ်ရှိသည့် မိန်းကလေးအဆောင်ပင်။ မိန်းကလေး အယောက်နှစ်ဆယ်မျှ နေထိုင်သော ထိုအဆောင်သို့ အဆောင်သူအသစ်အဖြစ် ထိုစဉ်က ကျွန်မ ရောက်ခဲ့ရသည်။
သူနှင့်ပတ်သက်သမျှ ပြန်တွေးတိုင်း မှတ်မှတ်ရရ ဖြစ်ရသည်မှာတော့ ကျွန်မသည် တွေ့စနေ့ရက်များက သူ့ကိုထက် သူ့အခန်းကိုသာ စိတ်ဝင်စားခဲ့သည်ဆိုတာပင်။ သည်အကြောင်း သူ့ကိုပြောပြရန်လည်း ဘယ်တော့မှ ဝန်မလေးခဲ့။ ကျွန်မ၏အဖြစ်မှာ အခန်းကို လိုချင်တပ်မက်ရင်းက အခန်းရှင်အပေါ် ရင်းနှီးလာရသော အဖြစ်သာတည်း။ ထိုအခန်းလေးသည် ကျွန်မနေရသောအခန်းနှင့် နှစ်ခန်းကျော်မျှ ဝေးပါသည်။ တစ်ယောက်ခန်းဖြစ်သော အဲသည်အခန်းကို ရောက်စကတည်းက စိတ်ဝင်တစားဖြစ်ရ သည်။ ကျွန်မက တစ်ယောက်ခန်း မရသည့်အတွက် နှစ်ယောက်ခန်းသို့ ရောက်လာရသူ မဟုတ်လား။ အဆောင်တွင် တစ်ယောက်ခန်းမှာ ရှားရှားပါးပါး တစ်ခန်းသာ ရှိလေသည်။
ပြီးတော့ အခန်းကလည်း နှစ်ယောက်ခန်းနီးပါးကျယ်ကာ လေဝင်လေထွက်လည်း ကောင်းသေးသည်။ မြင်ရုံနှင့်ပင် နေချင်စဖွယ်။ အေးအေးလူလူ စာရေးလို့ကောင်းမယ့် အခန်းမျိုးပဲ။ သည်ကြားထဲ အဆောင်ရှင်ကလည်း အားပေးလိုက်သေးသည်။ လောလောဆယ်နေတဲ့သူ ပြောင်းရင် သမီးကို ထားပါမယ်တဲ့။ သည်တော့ ကျွန်မမှာ အဲသည်အခန်းရှေ့ကဖြတ်တိုင်း အခန်းကို လှမ်းအကဲခတ်မိတတ်သည်။ အခန်းရှင်ရှိသည့် အရိပ်အယောင်မြင်လျှင်တော့ မျက်နှာခပ်လွှဲလွှဲပဲ။ သို့သော် စိတ်ထဲက သိလို သည်မှာ သူ ဘယ်တော့ပြောင်းမှာပါလိမ့်။
နောင်တစ်ချိန် ပြန်တွေးလျှင်တော့ ကျွန်မသည် မနာလိုစိတ်သက်သက်နှင့် သူ့ကို စိတ်ဝင်တစားရှိခဲ့တာ ဖြစ်ပါသည်။ ငါနေချင်တဲ့အခန်းမှာ နေရတဲ့သူဟု သူ့ကိုတွေ့လျှင် စိတ်ပေါက်ပေါက်နှင့် တွေးမိတတ်သည်။ ရေချိုးကန်မှာ တစ်ကြိမ်၊ နှစ်ကြိမ်တွေ့တော့ သူပြုံးပြသည်ကို အားနာပါးနာသာ ပြုံးပြလိုက်ရ၏။ စိတ်ထဲက ပါသည်မဟုတ်။ မျက်နှာကလည်း တင်းသယောင်ယောင်များ ဖြစ်နေမလားမသိ။
သူကတော့ အဆောင်သူသစ်က တစ်မျိုးပဲဟု ထင်ကောင်းထင်မည်။ သို့သော် ကျွန်မမှာတော့ ကိုယ့်အကြောင်းနှင့်ကိုယ်။ သူသည် အသက်ဘယ်မျှရှိပြီဟု အတိအကျ မမှန်းသာ။ အရပ်ပုပျပ်ပျပ်၊ အသားညိုညို၊ မျက်နှာသွင်ပြင်သည် ကြည့်ကောင်းသော အမျိုးအစားထဲမှာလည်း မပါသလို တစ်ခုခု မှတ်ချက်ချချင်စရာ အသွင်လည်း မဟုတ်ပါ။ ခြုံပြောရလျှင်တော့ သာမန်မိန်းမတစ်ယောက်ဟုသာ ဆိုပါစို့။
***************************
သူ့ကို တစ်ဆောင်လုံးက မမဟု ခေါ်ကြသည်ကိုတော့ နှစ်ပတ်ကျော်မျှကြာလျှင် အကြားနှင့် သိလာရပါသည်။ သူ့နာမည်အရင်းကိုတောင် အားလုံးက ဝေဝေဝါးဝါးပဲဆိုလား။ ဘယ်သူက စခေါ်မှန်းမသိဘဲ မမဟူသော အခေါ်သည်ပင် တွင်နေသည်တဲ့။
" မမက အဆောင်မှာ အသက်အကြီးဆုံးပဲလေ။ ၄ဝ ပတ်ဝန်းကျင် ရှိပြီထင်တာပဲ ” ဟု အခန်းဖော်က ပြောပြတော့ ကျွန်မ အံ့သြရသည်။ မိန်းကလေးဆောင်မှာ သည်အသက်အရွယ်အထိ ဘာကြောင့်များ ရှိနေသည်လဲ။ အဆောင်သည် မဖြစ်၍သာ နေရသော ကျွန်မအတွက်တော့ နေပျော်ရာအရပ် မဟုတ်ပါပေ။
တိတ်တိတ်ဆိတ်ဆိတ်သာနေချင်သူ ကျွန်မသည် အဆောင်၌ သူတကာစကားသံ ဆူညံနေလည်း မပြောသာ။ သီချင်း မနားတမ်းဖွင့်သူကိုလည်း အသံနည်းနည်းတိုးပါလားဟု ည ၁ဝ-နာရီကျော်မှ သွားပြောရဲသည်။ ညဥ့်နက်မှ စာဖတ်စာရေးလုပ်ကာ အိပ်ရာဝင်နောက်ကျသော ကျွန်မမှာ မိုးအလင်းအိပ်တတ်သည်နှင့်အမျှ နံနက်စောစော ထတတ်သော၊ နိုးလာသည်နှင့် စကားသံညံတတ်သော အဆောင်သူအချို့နှင့် သဟဇာတမဖြစ်လှပါပေ။ အပြင်ပန်းကသာ ရန်မများလို၍ ပြုံးနေရမည်။ သည်လို ကိုယ်နှင့် စရိုက်မတူသူများ ကြုံရသည့်အခါ စိတ်ပျက်လှတာ ဝန်ခံရပေမည်။ သူ့လိုတော့ အဆောင်တွင် အသက်-၄ဝ နီးပါးအရွယ်၌ နေနိုင်မည် မဟုတ်။
”သူ ဘယ်တော့ပြောင်းမယ် ကြားသလဲဟင်”
တစ်ရက်တွင် အခန်းဖော်ကို ကျွန်မ စပ်စပ်စုစု မေးမိပါသည်။
”ဘယ်ကလာ၊ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားမယ်။ မမက မပြောင်းဘူးရယ်၊ သူ့အဆောင်သက် ဘယ်လောက်ရှိပြီ မှတ်လို့တုံး၊ ဒီအဆောင်မှာ။ ခုနစ်နှစ်နော်၊ ခုနစ်နှစ်”
ခုနစ်နှစ် …။ အင်း … နည်းနည်းနောနော အဆောင်သက် မဟုတ်ပါလား။ ဒါကြောင့်သာ အဆောင်ရှင်အန်တီက သူ့ကို ရင်းနှီးလှတာဖြစ်ပေမည်။ အဆောင်သက်ကြာသူ၏ အခန်းကိုမှ ကျွန်မကို မျှော်လင့်ချက်ပေးလိုက်သေးသော အဆောင်ရှင်ကိုလည်း အံ့သြမနေချင်တော့ပြီ။ အခန်းကိုလည်း မျှော်မနေချင်တော့ပြီ။ ကျွန်မနေရသော နှစ်ယောက်ခန်းသည်လည်း သူ့အတိုင်းအတာနှင့်သူတော့ အဆင်ပြေသည်မဟုတ်လား။ အခန်းဖော်ကလည်း စာကျက်ရန်သာ အာရုံရှိတတ်သော ခပ်အေးအေး မိန်းကလေးမျိုးပါ။ ဘေးအခန်းက မိန်းကလေးများ၏ ဆူညံတတ်သော အသံတို့ကို မေ့ထားနိုင်လျှင်တော့ ကျွန်မအခန်းလေးကလည်း နေပျော်စဖွယ်။
သည်လိုနှင့် အခန်းကိစ္စကို တဖြည်းဖြည်း မေ့လျော့စပြုလာပါသည်။ သူနှင့် ပြုံးပြနှုတ်ဆက်နိုင်ပြီ။ နှုတ်ဆက်စကားတစ်ခွန်း နှစ်ခွန်းမျှ ပြောကြသည့်အဆင့် ရှိခဲ့ပြီ။ သည့်ထက်တော့ ပို၍ အကျွမ်းတဝင်ဖြစ်လာမည် မထင်ခဲ့တာ ဝန်ခံရမည်ပင်။ သူသည် တွေ့လိုက်တိုင်း ရယ်မော ပျော်ရွှင်နေတတ်သည်မို့ အလိုလိုနေရင်း ရယ်စရာရှာနေသူဟု ကျွန်မစိတ်ထဲ ဆန်းနေ၏။ ခင်မင်လိုစိတ်လည်း မဝင်။ သည်အတိုင်းသာ ခပ်ကင်းကင်းနေခဲ့ပါသည်။ သို့သော် တစ်ရက်တွင်တော့ သူနှင့် ရင်းနှီးကျွမ်းဝင်ရဖို့ ကံက ဖန်လာခဲ့သည်။ ထိုနေ့သည် ရုံးအားလပ်ရက် တနင်္ဂနွေနေ့ဖြစ်သည်ဆိုတာ ကျွန်မ မှတ်မိ၏။
********************************
ထိုနေ့နံနက်ခင်းက ကျွန်မသည် အိမ်နှင့် ဖုန်းပြောရသည်။ အိမ်အပေါ်ထပ်က အန်တီ့အခန်းမှာ ဖုန်းပြောပြီး အခန်းထဲပြန်ရောက်တော့ ကျွန်မ၌ အင်အားမဲ့နေသည်သို့ ခံစားချက်က စီးဝင်လာပါသည်။ အမေ နေမကောင်းဘူးတဲ့။ သည်စကားသံကိုသာ တသသ ကြားယောင်နေသည်။ အမေသည် ကျွန်မထံ ဖုန်းပင်လာမပြောနိုင်။ နှစ်ခြံကျော်မှာရှိသော အိမ်သို့ အဖေက ဖုန်းလာကိုင်ရှာသည်။ စိတ်မပူနဲ့ဆိုသော အဖေ့စကားသံကို ယုံကြည်သော်လည်း ကျွန်မ ဝမ်းနည်းမဆုံး။ အမေ နေမကောင်းချိန်၌ သမီးကို မည်မျှလွမ်းဆွတ်နေမည်လဲ။ ဘယ်သူပဲ ပြုစုသည်ဆိုဆို သမီးလုပ်သူကိုတော့ အမေ လွမ်းနေမှာပဲ။
ကျွန်မသည် ခုတင်ပေါ်တွင် စိတ်ပျက်လက်ပျက် ခွေခေါက်လဲနေမိ၏။ မျက်ရည်များ တလိမ့်လိမ့် စီးကျလာသည်ကို မတားလိုတော့ပြီ။ ရှိုက်သံများ ထွက်လာလျှင် လက်ဝါးနှင့် အုပ်ကာရသည်။ အခန်းဖော်မရှိသည့်အတွက် အောက်ထပ်တွင် လူရှင်းနေသည့်အတွက် တစ်ချက် တစ်ချက် ထွက်ကျလာသေးသော ရှိုက်သံများကိုတော့ တားမနေတော့ပါပေ။
သည်မှာပင် တံခါးခေါက်သံသဲ့သဲ့ ထွက်ပေါ်လာပါသည်။ အခန်းဖော်များ ပြန်လာလေသလား။ မျက်ရည်များကို တို့သုတ်ကာ ကျွန်မ တံခါးဖွင့်ပေးရသည်။ သို့သော် အခန်းဖော် မိန်းကလေးမဟုတ်။ တံခါးဝ၌ ရပ်နေသူမှာ မမပါတကား။
”အားတော့ နာတယ်။ တံခါးလာခေါက်ရတာ။ ကိုယ် ဘာကူညီရမလဲဟင်။ ဟိုလေ မင်းအခန်းရှေ့က ကိုယ်ဖြတ်နေတာ နှစ်ခါရှိပြီ။ တံခါးခေါက်ရမလား၊ မခေါက်ရဘူးလား စဉ်းစားနေတာနဲ့”
ကျွန်မသည် မျက်ရည်များစိုနေမည့် မျက်နှာနှင့်ပင် ယောင်ကန်းကန်း ပြုံးပြလိုက်ပါသည်။
”ရပါတယ် မမရယ်။ ဘာမှ မဟုတ်ပါဘူး။ အမေ နေမကောင်းဘူးဆိုလို့။ စိတ်တော့ မပူရဘူး ပြောတာပဲ။ ဒါပေမဲ့ ကျွန်မက အဝေးမှာမို့လား”
သူကလည်း အခန်းထဲ မဝင်။ ကျွန်မကလည်း ဝင်ဖို့ပြောရန် မေ့နေပါသည်။
‘သြော် … စိတ်မကောင်း မဖြစ်ပါနဲ့ ညီမရယ်။ ဒီမှာလည်း သူလိုကိုယ်လိုပဲ အိမ်နဲ့ဝေးနေတဲ့သူတွေ အများကြီးပဲ။ ငါတစ်ယောက်တည်း မဟုတ်ဘူးလို့သာ တွေးပါကွယ်” ဟုဆိုကာ ကျွန်မပခုံးကို တစ်ချက်မျှ ဖျစ်ညှစ်လိုက်၏။
သူ့နှုတ်ခမ်းတွင်ကား နှစ်သိမ့်သော၊ စာနာသော အပြုံး။ သူ့မျက်နှာတွင်လည်း မေတ္တာနှင့် နူးညံ့သိမ်မွေ့နေသည်ကို ကျွန်မ မြင်ရပါသည်။
”မင်းဝမ်းနည်းတိုင်း ငါ တစ်ယောက်တည်း ဒီလိုကြုံရတာမဟုတ်ဘူးလို့သာတွေး၊ ငါ့ထက် ဝမ်းနည်းစရာဘဝတွေတောင် ရှိနိုင်တယ်လို့တွေး သိလား”
သူကပဲ နှစ်သိမ့်တတ်တာလား၊ ကျွန်မကပဲ အမှန်ကို မြင်သွားသည်လားမသိ။ သူ နှုတ်ဆက်၍ ထွက်သွားသည့်နောက် မျက်ရည်မကျဖြစ်တော့။ အမေ့ကို ရည်မှန်းမေတ္တာပို့ရင်း လူကလည်းပဲ နည်းနည်းတော့ စိတ်လက်ပေါ့ပါးလာပါသည်။ ညနေပိုင်းတော့ အခန်းဖော် ပြန်ရောက်လာလျှင် ကျွန်မသည် နံနက်ပိုင်းက အဖြစ်လေးကို ဘာရယ်မဟုတ် ပြန်ပြောပြမိပါသည်။ မမအပေါ် ကျွန်မ ခင်မင်စိတ်ဝင်လာသည့်အကြောင်းဖြစ်၍ ပြောပြခဲ့မိတာပင်။
”ငါ့ထက် ဝမ်းနည်းစရာဘဝတွေတောင် ရှိတယ်လို့ တွေးလို့ အားပေးမှာပေါ့ကွယ်၊ သူက မိဘလည်း မရှိတော့ဘူးလေ။ အစ်မတစ်ယောက်တည်း ရှိတာ။ အဲဒီ အစ်မနဲ့ကလည်း သိပ်အနေမနီးဘူးဆိုလား။ သူက တကယ်ကို တစ်ယောက်တည်း သမားကိုး”
အခန်းဖော်၏စကားကို ကြားရချိန်မှာတော့ ကျွန်မတွင် ပြောစရာစကားများပင် ပျောက်ဆုံးသလို ဖြစ်လာပါသည်။ သူ့ကို တစ်ပြန်တစ်လှည့် စာနာစိတ်ဝင်လာ၏။ ကျွန်မကို အားပေးစဉ်က ပြောခဲ့သောစကားများသည် စင်စစ်တော့ သူ့နှလုံးအိမ်ထဲက ထွက်ကျလာတယ် ထင်ပါသည်။
ငါ့ထက် ဝမ်းနည်းစရာဘဝတွေတောင် ရှိနိုင်တယ်လို့တွေး..။ ကျွန်မသည် သူ့စကားသံကို ပြန်ကြားယောင်လာ၏။ ကျွန်မကို နှစ်သိမ့်နေသော ခဏ၌ မေတ္တာနှင့် နူးညံ့နေသော မျက်နှာကိုလည်း ပြန်မြင်ယောင်လာပါသည်။ ဟိုယခင်ကတော့ သူ့မျက်နှာကို စေ့စေ့ကြည့်ဖူးသည်မဟုတ်။ အဆောင်သူများက ဝိုင်းဝန်းခင်မင်နေကြသည်ကိုပင် အံ့သြသည်ကလွဲ၍ စိတ်ဝင်တစား စကားဆိုလိုခဲ့သည်မဟုတ်။ ခုတော့ ကျွန်မ၏ စိတ်နှလုံးသည် သူနှင့် ရင်းနှီးလာသလို ခံစားလာရပြီ။
******************************
နောက်ရက်များတွင်တော့ ထိုစိတ်နှလုံး၏ ယုံကြည်ရာက တွန်း ပို့သည်ဖြစ်၍ သူနှင့်လျင်မြန်စွာ နီးကပ်လာခဲ့ပါသည်။ ကျွန်မတို့သည် အလုပ်သွားရန် ကားမှတ်တိုင်သို့ သွားချိန်တွင် အဆောင်မှ အတူထွက်ကြသည်။ လမ်းထဲက လက်ဖက်ရည်ဆိုင်မှာ နံနက်စာ အတူစားတတ်ကြသည်။ လက်ဖက်ရည်ဆိုင်နှင့် မလှမ်းမကမ်းက ထမင်းဆိုင်မှာ ထမင်းဘူးထဲ နေ့လယ်စာအတွက် ထမင်းနှင့်ဟင်း ဝယ်ဖြည့်ကြသည်။ ဒါသည် ကျွန်မတို့၏ နံနက်ပိုင်းလုပ်ရိုးလုပ်စဉ်များ ဖြစ်လာပါသည်။
ညနေပိုင်းများတွင်တော့ ပြန်ရောက်ချိန်က မတူသည်မို့ ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ။ သူနှင့် အနီးကပ်နေမိသည်နှင့်အမျှ သူ့စိတ်ထဲသို့ ကျွန်မ မှန်းမြင်တတ်လာပါ သည်။ လောကတွင် စိတ်နာကျင်ဖွယ်တို့ကို လက်ခံခဲ့ရသမျှ အဖြစ်အပျက်အားလုံးကို ရယ်စရာအသွင်ဖြင့်သာ ကျော်ဖြတ်တတ်တော့သည်ကိုလည်း နားလည်လာခဲ့သည်။ ယခင်က ပျော်ပျော်နေတတ်လွန်းသူဟု အဆိုးမြင် မြင်မိတော့မတတ် ဖြစ်ခဲ့ဖူးသည်ကိုပင် အားနာလာခဲ့ရပါသည်။
ကျွန်မမက်မောခဲ့ဖူးသော အခန်းလေးထဲသို့ ရောက်စနေ့မှာပင် တစ်ချိန်က သူ့အပေါ် မြင်ခဲ့သမျှကို ပွင့်ပွင့်လင်းလင်းပင် ပြောမိသည်။ သူကတော့ ထုံးစံအတိုင်း ရယ်မောလျက်သာ။ အခန်းလေးအပေါ် ကျွန်မ လိုချင်တပ်မက်ပုံကို ကြားရတော့လည်း ရယ်မောမဆုံး။
”ကိုယ်က အဆောင်ဆွေးကြီးမှန်းသိတော့ အခန်းမရတော့ပါဘူးဆိုပြီး စိတ်ပျက်မသွားဘူးလား”
”ဟာ ဘယ်နေမလဲ။ စိတ်ပျက်တာပေါ့” ဟု ဆိုလျှင် သူ့ရယ်သံမှာ အခန်းပြင်ပင် လျှံထွက်နေတော့သည်။
”အခုကော ဆိုစမ်းပါဦး။ ကိုယ့်အခန်း ရချင်သေးလား”
”မလိုတော့ပါဘူးလေ။ အခု ကျွန်မ နှစ်ခန်းစလုံး စိတ်ကြိုက်နေနိုင်တာပဲဟာ။ မမအခန်းလည်း တံခါးမရှိ ဝင်နိုင်တာပဲ။ တော်ပြီ”
ကျွန်မသည် ထိုအခန်းလေးသို့ ညချမ်းတိုင်း ခဏတော့ဖြစ်ဖြစ် ရောက်တတ်သည်။ သူ့အခန်းလေးမှာ ခုတော့ ကျွန်မနှင့် ရင်းနှီးနေပါပြီ။ အခန်းမှာ အမြဲလို ရှင်းလင်းသပ်ရပ်နေသည်။ အိပ်ရာကအစ အဝတ်အစားလေးများချိတ်ထားပုံအဆုံး သပ်သပ်ရပ်ရပ်ပင်။ စာအုပ်ကလေးများကို အစီအရီထားပုံမှာလည်း ကျွန်မနှင့် ကွာလှပါပေသည်။ ပြီးတော့ ဘုရားစင်ကို အခန်းထဲ၌ တရိုတသေထားသူ၊ သစ်သီး၊ ပန်း အစဉ်ဆက်ကပ်သူ။ သူ့အခန်းထဲရောက်လျှင် ကျွန်မစိတ်မှာ အေးချမ်းနေရ တတ်ပါသည်။
ကျွန်မတို့သည် အသက်အရွယ်ချင်း ကွာသော်လည်း စိတ်နှလုံးတူ၊ အမြင်တူသည်မို့ စကားဆိုရာတွင် အဆင်ချောလှ၏။ စာအကြောင်းလည်း ပြောကြသည်။ သူက ရသစာပေကို စွဲလမ်းသူ။ စာအုပ်များကိုလည်း စုဆောင်းတတ်သူ။ သည့်အပြင် ရုပ်ရှင်များကို ထူးထူးခြားခြား နှစ်သက်သူ။ နေပြည်တော်ရုပ်ရှင်ရုံတွင် ဇာတ်ကားသစ်လဲတိုင်း ကျွန်မက အဖော်လိုက်ပေးရသည်။ စာအုပ်ဆိုင်များတွင် အေးအေးလူလူ စာအုပ်ရှာချင်လျှင် အတူပါရသည်။ အတူသွားလာတိုင်း သဘောကျရမည်လား၊ အံ့အားသင့်ရမည်လား မဆိုနိုင်သော သူ့အမူအကျင့်များကို ကြုံရတတ်ပါသည်။ သူသည် လိုင်းကားကြပ်လည်း ကျွန်မလို ညည်းညူတတ်သူမဟုတ်။
ပိုက်ဆံအိတ်ထဲ ငွေနည်းနေလျှင်လည်း အားငယ်နေတတ်သူမဟုတ်။ အဝတ်အစားသစ် မဝတ်နိုင်လျှင်၊ ဖိနပ်အသစ်မလဲနိုင်လျှင် မျက်နှာငယ်တယ် ထင်တတ်သူ မဟုတ်။ သူ့တွင် ပိုက်ဆံတော်တော်နည်းနေပြီဆိုလျှင် ကျွန်မ ကျွေးသည်ကိုလည်း မစားတော့ပါ။ ကိုယ်မှ ပြန်မကျွေးနိုင်သေးဘဲတဲ့။ စားလျှင်လည်း သူ့ကိုယ်တာကို အတင်း ရှင်းတတ်ပါသည်။ သို့ပေမယ့် လကုန်ရက် ငွေပြတ်တုန်း ရုပ်ရှင်ပြမည်ဆိုလျှင်တော့ လိုက်ကြည့်တတ်ပြန်သည်။
”ကိုယ်က မျိုသာမကျတာ။ မျက်လုံးနဲ့တော့ ရတယ်လေ” ဟုဆိုတော့ ကျွန်မမှာ ရယ်မောရပါသည်။ တစ်ခါတစ်ရံတော့ သူ့ဘဝဇာတ်ကြောင်းများကို မမေးဘဲ မနေနိုင် တစ်ခွန်းစ နှစ်ခွန်းစ မေးမိတတ်ပါသည်။ သူသည် စိတ်လိုလက်ရရှိလျှင်တော့ သည်အကြောင်းများကို သိုင်းဝိုင်းပြောပြတတ်ပြန်သည်။
”ကိုယ့်အစ်မက ရန်ကုန်မှာတင် နေတာပဲ။ ကိုယ်က သူ့ကို ချစ်တော့ချစ်ပါတယ်လေ။ ဒါပေမဲ့ သိပ်မသွားပါဘူး။ သိတယ်မို့လား။ သူကလည်း စီးပွားရေးသိပ်အဆင်မပြေ၊ သားသမီးတွေနဲ့ ပတ်ချာလည်နေတုန်း ကိုယ့်ကိုမြင်ရရင် မောမှာစိုးလို့။ ကိုယ့်ကို သူပြန်မကြည့်နိုင်ဘူးလို့ စိတ်မကောင်းမဖြစ်စေချင်တာ”
”မမကလည်း ကိုယ့်မှာ ဒီအစ်မလေးတစ်ယောက်ပဲ ရှိတဲ့ဟာ။ အဆက်အသွယ်တော့ လုပ်ပေါ့”
”လုပ်ပါတယ် ဖြူဖြူရယ်၊ ကိုယ် ဖုန်းဆက်ပါတယ်”
သြော်ဟု ကျေနပ်စွာရေရွတ်ဆဲ နှစ်လလောက်နေရင် တစ်ကြိမ်ပေါ့ဟု ဆိုတော့ ကျွန်မမှာ ရယ်ပဲရယ်ရမလို ပင့်သက်ပဲရှိုက်ရမလို။
”သူက သိပ်စိတ်ပျော့တာ။ ကျန်းမာရေးကလည်း သိပ်ကောင်းတာ မဟုတ်ဘူး။ တစ်ခုခုဆို ကိုယ်က ဟန်ဆောင်နေရတယ်။ သူ့ရှေ့ ဘာမှမညည်းရဲဘူး။ ကိုယ်ကလည်း နေတတ်ပါပြီလေ။ အမေဆုံးပြီဆိုကတည်းက စိတ်ကိုထားတတ်အောင် ထားပြီး နေလာတာပဲ။ ၁၅-နှစ်နီးပါး ရှိပြီ၊ ကိုယ့်မှာ မိဘရယ်လို့ အားကိုးစရာမှ မရှိတော့တာ။ အခုထိ ကိုယ် ဘယ်သူ့မှတော့ အားမကိုးခဲ့ရဘူး။ အားလည်း မကိုးချင်ဘူး။ ကိုယ့်ကြောင့် ဘယ်သူမှ ဝန်မလေးစေချင်ဘူးလေ။ လောကမှာ တစ်ယောက်တည်းလည်း ကိုယ်ပျော်အောင် နေတတ်ပါတယ်”
”အဆောင်မှာ ညီမတွေ အများကြီးပဲဟာ မမကလည်း” ဟုဆိုတော့ သူက ရယ်မောပြန်၏။
”ဟုတ်ပါတယ်ကွယ်၊ ကိုယ့်ကို ခင်ကြတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ခုကတည်းက ကြိုပြောထားရမယ်။ ဘယ်ကိစ္စကိုမဆို ကိုယ်မပြောလို့ မသိရင် စိတ်မဆိုးနဲ့။ ငါ့ကို မခင်ဘူးလို့တော့ မတွေးလေနဲ့။ ကိုယ်က စကားအကုန်ပြောမှာ မဟုတ်ဘူး။ အပူတွေကို ကိုယ်လည်း လက်မခံဘူး။ လက်ခံခဲ့ရင်တောင် မိတ်ဆွေတွေကို ထပ်မပေးချင်ဘူး”
သူ့မျက်နှာက အပြုံးတစ်စကို ငေးကာ ကျွန်မ ခေါင်းညိတ်ခဲ့ရပါသည်။ သည်လိုစကားများကို နာယူကာ ကျွန်မသည် သူ အလုပ်အဆင်ပြေလေသလား၊ လူမှုရေးအဆင်ပြေလေသလား စသည်ဖြင့် မေးခွန်းထုတ်ခြင်း ကင်းခဲ့ပါသည်။ ကျွန်မသည် မိတ် ဆွေစစ်သာ ဖြစ်လိုခဲ့၏။ အခန်းဖော်ကတော့ မှတ်ချက်ပေးသည်မှာ ညီအစ်မလိုပဲတဲ့။ ပြောခဲ့ဖူးသော စကားများအတိုင်းပင်။ သူသည် ဘဝ၏အချိုးအကွေ့အချို့ကို နောက်ကျမှပင် ကျွန်မကို အသိပေးခဲ့ဖူးပါသည်။ ကျွန်မအတွက်တော့ ကြားရသည်မှာပင် စိတ်နာကျင်ဖွယ်။ သို့သော် သူ ဘယ်လိုများ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါလိမ့်။ ဖွင့်ပြောစရာလူမရှိပါဘဲ ရင်ထဲ ဘယ်လို သိုဝှက်ခဲ့ပါလိမ့်။ နောက်ကျမှ သိခွင့်ရရချည်ရယ်လို့ အပြစ်မဆိုသာ။ ဒါသည် သူ့အမူအကျင့်ပေပဲ။ တစ်ကြိမ်ကတော့ သူ့စိတ်နှလုံးတည်မီရာ၊ သို့သော် ချစ်သူဟုဆိုသင့်သည်လား မသေချာသော လူတစ်ယောက်ကို လက်လွတ်ရချိန်ပင်။ ကျွန်မသည် သူနှင့် ခင်မင်ရင်းနှီးသည့် ကာလတိုအတွင်း အဲသည်တစ်ယောက်အကြောင်းကို သိပ်မကြားဖူးဘူး ထင်သည်။ သူပြောခဲ့ဖူးသလား ပြန်စဉ်းစားတော့ မရေရာ။ ညနေခင်းက အောင်နဲ့တွေ့နေလို့လေဟု တစ်ကြိမ်တော့ ပြောဖူးသလိုပဲ။ သို့သော် မရေရာ။
ကျွန်မသိခွင့်ရတော့ သူတို့ဝေးကွာသည်မှာ တစ်လကျော်ပြီ။
”သူက ကိုယ့်ထက် ခုနစ်နှစ်လောက်ငယ်တယ် သိလား။ ဒါပေမဲ့ ကိုယ့်ကို နားလည်တယ်။ မင်းလိုပဲ နားလည်ပေးနိုင်တယ်ဖြူဖြူရဲ့။ သူက ကိုယ့်ကို ချစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ သူ မပြောတော့ ကိုယ်လည်း ပြောစရာမလိုခဲ့ဘူး။ ကိုယ်တို့ တကယ့်မိတ်ဆွေစစ်တွေလိုပဲ၊ တစ်ယောက်လိုအပ်ချိန်မှာ တစ်ယောက် ရှိခဲ့တယ်။ ဒါပါပဲကွယ်၊ ခုတော့ သူက သူ့မြို့ကို ပြန်သွားခဲ့ပြီ။ မိဘတွေက အိမ်ထောင်ချပေးသတဲ့လေ”
ကျွန်မသည် သူ့နှုတ်ခမ်းပေါ်က အပြုံးကို ငေးနေခဲ့ပါသည်။ အပြုံးကတော့ နူးညံ့လို့ပါပဲ။ မျက်နှာကလည်း ကြည်လင်လို့ပါပဲ။ နှလုံးသားကိုတော့ မမြင်သာ။
”မတားဘူးလား မမရယ်”
”တားရအောင် ကိုယ့်မှာ ....... ”
အဲသည်နောက် သူ ဘာမှ ဆက်မပြောတော့ပါ။ ကျွန်မလည်း ဆက်မမေးတော့ပါ။ သူပြောလိုသည့်အချိန် ဘယ်အချိန်မဆို စကားလုံးများစွာကို ကျွန်မနားထောင်ပေးနိုင်ပါသည်။ သို့သော် သူ ထုတ်ဖော်မပြောလျှင်တော့ ဘယ်သောအခါမှ မေးမြန်းခြင်းဖြင့် နာကျင်စေမည် မဟုတ်ပါ။ ကျွန်မသည် နောက်ပိုင်းရက်များ၌ သူ့ကို နှစ်သိမ့်လိုစိတ်နှင့် အရင်ထက် ဂရုတစိုက်ရှိရသည်။ သူ့မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ရသည်။ သို့သော် သူ့မျက်နှာတွင် အပြုံးကိုသာ တွေ့ရမြဲ။
သည်လိုနှင့် စိတ်ချလက်ချရှိလာဆဲ တစ်ရက်မှာတော့ သူ အဆောင်သို့ ပြန်ရောက်မလာသည်ကို ကြုံရပါသည်။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ်။ တစ်ပတ်မျှကြာသည်။ ကျွန်မ သူနှင့် ရင်းနှီးသည့်ကာလတစ်လျှောက် သည်လို တစ်ကြိမ်မျှ မကြုံဖူးပါ။ အဆောင်တွင် သူ့သတင်းကို ဘယ်သူမှ မသိပါပေ။ အဆောင်ရှင်ကိုတော့ ခရီးသွားနေကြောင်း ခွင့်လှမ်းတိုင်သည်ဟု တစ်ဆင့်စကား ကြားပါသည်။ သို့သော် ကျွန်မ အဲသည်စကားကို မယုံ။ တစ်ခုခုတော့ ထူးခြားနေမည်ဟု သိသည်။ တစ်ဖက် က သိလိုစိတ်နှင့် အခြားသောတစ်ဖက်က ပူပန်စိတ်တို့ အားပြိုင်ကာ အဲသည်ရက်များက ကျွန်မမှာ နေမရထိုင်မရဖြစ်ရသည်။
တစ်ပတ်မျှကြာချိန်တွင်တော့ ညနေခင်း၌ သူသည် အဆောင်ကို ပုံမှန်လိုပင် ပြန်ရောက်လာပါသည်။ ကျွန်မသည် သူရောက်သည်ကို သိသည်နှင့် သူ့အခန်းလေးသို့ ချက်ချင်းလို ရောက်သွားခဲ့၏။ သူ့မျက်နှာမှာ သိသိသာသာပင် ချောင်ကျနေသည်ကို တွေ့ရပါသည်။ မျက်လုံးများက ခါတိုင်းလို တောက်တောက်ပပတော့ မရှိဘူးထင်သည်။ ကျွန်မ စိတ်ထင်လို့ပဲလား။ သူ့မျက်နှာတွင် တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးသော အားငယ်ရိပ်ကို တွေ့ရသလိုပါပဲ။ သို့သော် ထိုအရိပ်သည် သူ ဖျတ်ခနဲ အပြုံးမှာ လွင့်ပျောက် သွားပြန်သည်။
”ဘယ်ရောက်နေတာလဲ မမရယ်။ ကျွန်မမှာ စိတ်ပူလို့” ဟုဆိုလျှင် သူသည် ကျွန်မမျက်နှာကို တစ်ကြိမ်မှ မမြင်ဖူးသူလို တစ်ခဏ ငေးနေ၏။
”စိတ်မကောင်းဖြစ်မှာစိုးလို့ ကိုယ်မပြောတာ။ အန်တီ့ကိုတောင် မပြောရသေးဘူး။ ကိုယ့်အစ်မ ဆုံးသွားပြီဖြူဖြူရယ်”
အို…။ ကျွန်မ သူ့လက်များကို ဆုပ်ကိုင်လိုက်ပါသည်။ သူသည် ပင့်သက်တစ်ချက်ရှိုက်ကာ ကျွန်မလက်များကို ပြန်လှန်ဆုပ်ထားသည်။ အဲသည်ခဏ၌ သူငိုတော့မလားဟု ကျွန်မ ထင်နေခဲ့သည်။ သို့သော် သူ မငိုပါ။ အပြုံးများကတော့ လျော့ရဲရဲဟု ထင်ရပါသည်။
”ကလေးနှစ်ယောက်က လက်လွတ်ရတဲ့အရွယ်မို့ တော်သေးတာပေါ့လေ။ သူတို့အဖေဘက်က ဆွေမျိုးများတော့ သူတို့အတွက် ပူစရာတော့လည်း မရှိပါဘူး။ ကိုယ့်ကိုတော့ သူတို့က လာနေစေချင်တယ်။ အဆောင်မှာမနေဘဲ လာနေဖို့တဲ့။ ဒါပေမဲ့ ဘယ်သင့်တော်ပါ့မလဲကွယ်။ အစ်မရှိတုန်းကတောင် ကိုယ်က တစ်ယောက်တည်း နေလာတာပဲဟာ”
ခုတော့ တကယ့်ကိုတစ်ယောက်တည်း..။ အဲသည်ညနေခင်းက ကျွန်မ သူ့ကိုငေးရင်း တွေးခဲ့မိသည်။ သူ့ကို စိတ်ပိုင်းဆိုင်ရာအားပေးဖို့ လိုမည်ဟုလည်း ကျွန်မထင်ခဲ့ပါသည်။ သို့သော် သည်တစ်ကြိမ်တွင်လည်း ကျွန်မအထင် မှားယွင်းခဲ့ပြန်သည်။ သူသည် ရက်အနည်းငယ်မျှကြာလျှင် ပေါ့ပေါ့ပါးပါးရှိနေသည်သို့ မြင်လာရပါသည်။ သူ့မျက်လုံးများလည်း မှုန်မှိုင်းမနေ။ အပြုံးများကလည်း တောက်တောက်ပပပါ။
ညနေခင်း သူမို့ အဆောင်ပြန်ရောက်လျှင် ရယ်သံကို ပုံမှန်လို ကြားရမြဲ။ သူ့စာအုပ်စင်တွင် စာအုပ်များ တဖြည်းဖြည်းများလာကာ သူ့ကိုလည်း အားလပ်သည်နှင့် စာအုပ်တစ်အုပ် လက်ထဲကိုင်ထားသည်ကိုသာ တွေ့ရမြဲ။ သူ့အခန်းသည် သပ်ရပ်သန့်စင်ကာ ဆီမီးရေချမ်းကပ်သော ဘုရားစင်နှင့် အေးချမ်းမြဲ။ သူ့မျက်နှာသည်လည်း ဘယ်သောအခါကမျှ သောကကို မကြုံးဖူးသူလို ကြည်လင်မြဲ။ ကျွန်မတို့သည် အရာရာ ပုံမှန်လည်ပတ်ကြဆဲ။
တစ်ရက်တွင်တော့ အားလုံးခွဲခွာကြရဖို့ ဖန်လာပါသည်။ အန်တီက အဆောင်ကို ကန်ထရိုက်ပေးကာ တိုက်ခန်းပြောင်းဆောက်မည်တဲ့။ လှည်းတန်းသည် ထိုကာလ၌ လုံးချင်းအိမ်ငယ်လေးများစွာ တိုက်ခန်းအဖြစ် ပြောင်းကြလျှင် ကျွန်မတို့ အဆောင်သည်လည်း အပါအဝင်ဖြစ်လာပါသည်။
ပြောင်းကြရမည်ဆိုတော့လည်း တစ်ယောက် တစ်နေရာစီ။ သူက လှည်းတန်းတွင်ပင် အဆောင်ရအောင် ရှာဦးမည်ဆို၏။ ကျွန်မကတော့ မန္တလေးက သူငယ်ချင်းများ ရန်ကုန်ကို ရောက်လာကြသည်ဖြစ်ရာ သူတို့နှင့် အတူနေကြဖို့ တာမွေသို့ ပြောင်းခဲ့ရပါသည်။ ပထမတော့ မကြာမကြာ ဆုံကြပါမည်ဟု ကျွန်မတို့ ကတိထားခဲ့ကြသည်။ တကယ်လည်း နှစ်ကြိမ်၊ သုံးကြိမ်မျှ ဆုံဖြစ်ကြသေးသည်။ သို့သော်လည်း နောက်ပိုင်းတွင်တော့ သိပ်မတွေ့ဖြစ်တော့ပါ။ အကြိမ်ရေ ကျဲပါးရာက တဖြည်းဖြည်း ဝေးခဲ့ကြပါသည်။
****************************
လှေကားထစ်လေးများပေါ် ခြေချနင်းတက်ရင်းက ကျွန်မသည် သူ့မျက်နှာကိုသာ ပြေး၍ မြင်ယောင်နေမိပါသည်။ သူ့ကို ကျွန်မ ဘယ်သို့ မြင်တွေ့ရမည်နည်း။ ပြီးခဲ့သည့်တစ်ရက်ကမှ သူနှင့်ပတ်သက်သော သတင်းစကားကို ကျွန်မ ရပေသည်။ အဲသည် နေ့က ညနေခင်းရုံးအဆင်းတွင် လှည်းတန်းသို့ ရောက်ပါသည်။ လအနည်းငယ်မျှ ဝေးကွာသည်အတွင်း ကျွန်မချစ်သောအရပ်သည် ယခင်လိုပင် စည်ကားမြဲ။ လူငယ်တို့၏ တက်ကြွသော မျက်နှာများ၊ အပြုံးများကို တွေ့ရမြဲ။ ဘယ်ကိုသွားမည်ဟု ရည်ရွယ် ချက်လည်းမရှိသည်မို့ ဟိုငေး သည်ငေးသာ လျှောက်လာခဲ့မိပါသည်။ တစ်နေရာတွင်တော့ ကျွန်မ၏နာမည်ကို လှမ်းခေါ်လိုက်သံကြောင့် ခြေစုံရပ်ကာ လှည့်ကြည့်ရသည်။
မုန့်ဟင်းခါးစားနေပုံရသော မိန်းကလေးသည် ဆိုင်လေးထဲက အပြေးထွက်လာသည်ကို မြင်ရ၏။ မြင်လျှင်မြင်ချင်းပင် တစ်ဆောင်တည်း အတူနေခဲ့ဖူးသူဟု ကျွန်မ မှတ်မိလိုက်ပါသည်။ နေကောင်းလားမှ အစပြုကာ မေးခွန်းများ မေးသည်ကို ဖြေရသည်။ ကျွန်မတို့သည် လမ်းဘေးတွင်ပင် တိုးကပ်ရပ်ကာ စကားစမြည်ပြောကြသည်။ မိန်းကလေးကပင် မေးရင်း ပြောရင်းနှင့် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရဟန်ရှိလာပါသည်။
”ဟယ် မေ့လို့၊ ကြည့်စမ်း။ မမအကြောင်း သိတယ်မို့လားဟင် အစ်မ။ ကြားတယ်မဟုတ် လား”
”ဘာမှတော့မကြားဘူး ညီမ လေးရဲ့။ အစ်မလည်း မတွေ့တာ ဘယ်နှလရှိပြီမှန်းတောင် မသိဘူး”
”အစ်မရယ်။ မမလေ သနားပါ တယ်။ သူ့အဆောင် မီးလောင်လို့တဲ့”
အို…။ မိန်းကလေးကို ပါးစပ်အဟောင်းသားနှင့် ကျွန်မ ငေးနေမိပါသည်။ ဘာမှပင် ဆက်မမေးနိုင်။ ရုတ်ချည်းဆိုသလို ပေါ်လာသော ပူပန်စိတ်ကလည်း ရင်ထဲ လှုပ်ခတ်နေသည်။
”ရုံးချိန်ဖြစ်တာ အစ်မရဲ့။ ဘာမှတောင် ပြန်မရလိုက်ဘူးလေ။ မမအခန်းလေးက အကုန်ပါတယ် ဆိုလား။ ညီမတို့တောင် ချက်ချင်း မသိကြဘူး။ ခရီးကပြန်ရောက်တော့မှ ကြားတာ”
ကျွန်မသည် ရုတ်တရက် ငိုချချင်သလို ဝမ်းပန်းတနည်း ဖြစ်စပြုလာပါသည်။ သူ့ကို ဘာကြောင့်များ သည်လောက် ကာလရှည်ကြာ အဆက်အသွယ် မလုပ်မိပါသနည်း။ သူကတော့ ဆက်သွယ်မည့်သူ မဟုတ်။ အခက်အခဲကြုံချိန်မှာ ဘယ်သောအခါမျှ ဆက်သွယ်မည် မဟုတ်။
”အခု သူ ဘယ်မှာနေသလဲ။ သိလားဟင်”
”ညီမတော့ မသိဘူးအစ်မရဲ့။ သိတဲ့တစ်ယောက်ရဲ့ ဖုန်းနံပါတ်တော့ အစ်မကို ပေးလိုက်မယ်။ ညီမဘေးအခန်းက မြောင်းမြသူ၊ သိတယ်မို့လားအစ်မ။ သူ့ကို မေးကြည့်လိုက်နော် "
ခုတော့ အဆင့်ဆင့်ရခဲ့သော လိပ်စာအတိုင်း သူ့ဆီ အရောက်လာခဲ့ပေပြီ။ မလာခင်တော့ သူ့ကို ဖုန်းကြိုဆက်ရန် မကြိုးစားခဲ့ပါ။ ရုံးဖုန်းကို သိထားသော်လည်း ကြိုပြောမနေချင်။ သူရှိနေမည်ဟု မျှော်လင့်ရသော တနင်္ဂနွေနေ့ကို ရွေးကာ ရောက်လာခဲ့ပြီ။ သူ့ကို ဘယ်သို့ တွေ့ရမည်နည်းဟု စိတ်စောကာ ရောက်လာခဲ့ပြီ။ အခန်းလေး မီးလောင်စဉ်က ဘာပစ္စည်းမျှ ပြန်မရလိုက်သောအခါ သူသည် လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီကိုပင် လက်မခံချင်ဘဲ လက်ခံခဲ့ရသည်တဲ့။ အဲသည်စကားကို တစ်ဆင့်ကြားရတုန်းက ကျွန်မသည် သူ့စိတ်ရင်းကို နားလည်သူမို့ ဝမ်းနည်းခြင်းဖြစ်ရပါသေးသည်။ ခုတော့လည်း နှစ်လကျော်မျှ ရှိခဲ့ပြီပေါ့။ သည်တစ်ခါ အချိုးအကွေ့ကို သူ ဘယ်သို့များ ရင်ဆိုင်ခဲ့ပါသနည်း။ အတွေးစ တလည်လည်ကြား၌ ခြေ လှမ်းများကို ခရီးဆက်ရင်း ခုနစ်လွှာက အဆောင်ဖွဲ့ထားရာ အခန်းဆီ ရောက်လာပါသည်။ အခန်းရှေ့တွင် လူခေါ်ခေါင်းလောင်းလေးကို နှိပ်ပြီး ခေတ္တမျှ စောင့်ရသည်။
မိန်းကလေးငယ်တစ်ဦး ထွက်လာလျှင် ကျွန်မ သူ့နာမည်ကို မေးရသည်။ အခန်းညွှန်ပေးသည်ဖြစ်၍ ကျွန်မ ထိုအခန်းဆီ လျှောက်လာခဲ့၏။ " မမရေ ဧည့်သည် "ဟု သူ့ကို အသံပေးသည်ကို ကြုံလျှင်တော့ ပြုံးမိရပါသည်။ နေရာပြောင်းခဲ့သော်လည်း သည်နာမည်က တွင်ဆဲပါတကား။ အခန်းလေးရှေ့တွင်ရပ်ကာ တံခါးခေါက်ရန် လက်ရွယ်ဆဲ တံခါးက ရုတ်ချည်းဆိုသလို ပွင့်လာပါသည်။ ထိုခဏ၌ သူ့မျက်နှာတွင် အံ့အားသင့်သော အပြုံးသည် လက်ခနဲ ပေါ်လာ၏။ သူရယ်သည်။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောပါသည်။ ရယ်ဟန်မှာ ဟိုယခင်ကအတိုင်း။ မျက်လုံးများကလည်း လိုက်ပါပြုံးရယ်နေသည်။ သူ့မူပိုင်အပြုံးသည် လှိုင်းတို့၏အရိုက်ကိုပင် ကျော်လွန်ခဲ့ပေပြီ။
”အတော်ပဲ ကြည့်စမ်း။ ကိုယ် ရုပ်ရှင်ကြည့်ချင်နေတာနဲ့။ နေပြည်တော်ရုံမှာ ကားသစ်လဲတာ တစ်ပတ်ကျော်လို့မှ မကြည့်ရသေးဘူးဆိုရင် ကိုယ့်ရာဇဝင်ရိုင်းမယ်မို့လား ”
----------------------------------
စံပယ်ဖြူနု
ရတီမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၃။