သက်ငြိမ်သစ်ကဗျာများစုစည်းမှု( ၁၇ )ပုဒ်
_________________________________
ညနေဟာ စောင်းသွားပြီ
။ ။ ။ ။ ။ ။ ၊
ကြောင်လေးတွေ
ဘယ်လိုအော်နေတာလဲ
ငါငယ်ငယ်တုန်းက
ဝမ်းယားထိုးလေးနဲ့
ဓာတ်ဗူးကိုဆွဲမိလို့
ရေနွေးပူလောင်သတဲ့
ဓာတ်ကြိုးတွေ စီးမျောနေသော
ငါ့အခန်း
သြော်
အပူဟာ ခလုတ်ပိတ်လည်း
မတိတ်သေးဘူး။
သက်ငြိမ်သစ်
.....................................................
ပျော်ရွှင်ဖွယ်အကြောင်း
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
သွေးမတော်သားမစပ်
ငါ့ညီလေးရောက်လာတယ်
သူ့ရင်ထဲမှာ ရေခဲပန်းတွေရှိတဲ့အကြောင်း
ပြောမပြဘူး
သူ့လက်ချောင်းတွေ
စာရွက်ပေါ်ဖြေးဖြေးပဲ
လာခဲ့တဲ့နေရာဟာ
ကွင်းပြင်ကြီးထဲကတဲ့
တဲကြီးတစ်လုံးထိုးနေသတဲ့
ဖုန်တထောင်းထောင်းထဲ
ပန်းချီကိုသတိရတဲ့အကြောင်း
တောင်တွေဝိုင်းထားလို့
ကဗျာဟာ သိပ်အေးနေကြောင်း
အခု
စိတ်ရှုပ်မိတာကတော့
တစ်လနှစ်လနဲ့ သန်းတစ်ရာနှစ်ရာ
ကျော်လို့ရတဲ့
လမ်းခင်းကျောက်တွေအကြောင်း
အရူးအမဲသားကျွေးမိသလို
လူတွေရဲ့အကြောင်း
စိတ်မဝင်စားတော့လို့
လမ်းစရိတ်နဲ့တင် တက်လစ်လာခဲ့ကြောင်း
ရောက်ကတည်းက
ဂစ်တာကိုလက်ကမချတော့ဘူး။ ။
သက်ငြိမ်သစ်
...................................................................
မိုက်ကယ်မိုရစ် ငါ့အချစ်ကို
ရေစစ်နဲ့မစစ်နဲ့
။ ။ ။ ။ ။ ။ ။ ။ ။
သာမာန်ထက်ပိုရင်စစ်ဖြစ်တတ်တယ်
သမ္မာကျမ်းစာဟာ
ငါ့မျက်စောင်းထိုးက
ကက္ကထူပုံးထဲမှာ
ဘုရားသခင်မှမချစ်ရင် မင်းငါ့အနားမကပ်နဲ့တဲ့
မင်းလက်ထဲမှာစတီးလ်ဓားကြီးနဲ့
အေးပါကွာ
မင်းက ဘုရားမွေးမြူရေးပိုစက်ရှင်ကအရာရှိ
မင်းတင်ပို့တဲ့ပုစွန်တွေရဲ့ဦးနှောက်ထဲ
ရေခဲရိုက်ခံထားရတဲ့ချေးတွေ
မင်းမွေးခဲ့တဲ့အင်းထဲကငါးတွေဟာ
မင်းတပည့်တွေပေါ့
နှစ်သစ်ကူးရင် ဝတ်ကောင်းစားလှတွေဝတ်
မင်းဝတ်ပြုနေတဲ့ဘုရားကျောင်းနောက်မှာ
မင်းလွှတ်ချင်ယောင်ဆောင်ခဲ့သော
ကြက်တူရွေး
အေး မင်းနံရံကဖော့တုံးမှာ
ပင်အပ်နဲ့ထိုစိုက်ထားတဲ့
ကျောက်ဖြစ်ရုပ်ကြွင်းလို ပိုးဟပ်ကပြောတယ်
ဖြစ်လေရာဘဝမှာ အသက်ရှိသူခြင်းအတူတူ
ချစ်ခင်ရပါစေတဲ့။
သက်ငြိမ်သစ်
.............................................
မင်းကအောင်နက်လား
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ဖြစ်ချင်တာ တည်းခိုခန်းငှားစရာမလိုတဲ့
အောင်နက်လိုလား
ဖြစ်ချင်တာ ခြောက်လသားသမီးလေးက
မင်းအင်္ဂါကိုကိုင်တော့ ဖီးလားနေတာလား
ဖြစ်ချင်တာ
အပျိုဖော်ဝင်စ ကိုယ့်သမီးရဲ့ထမီရေလျှားကို
ဖြေကြည့်ချင်နေတာလား
မင်းစဉ်းစား
အောင်နက်ကသူ့ရာသီနဲ့သူ
သူ့အချိန်နဲ့သူ
မအေ
ညီမ
သမီးမရှောင်ဘူး
မင်းကအောင်နက်လား
မင်းကိလေသာက ဆင်ခြင်ဥာဏ်ကို
ဖောက်ထွက်သွားပြီလား
လူ့အဖွဲ့အစည်းဟာ
ရေခြားမြေခြားမပြောနဲ့
တစ်နိုင်ငံထဲမှာတောင်မတူနိုင်ဘူး
မင်းက အောင်နက်လား
ခေတ်မီချင်တာတွေ ခေတ်ပြိုင်ချင်တာတွေခဏထား
မင်းသမီးက
မင်းမယားဖြစ်ခဲ့ရင်
မင်းသမီးမှာ
မင်းနဲ့ရထားတဲ့ကိုယ်ဝန်ရှိခဲ့ရင်
အောင်နက်လို မင်းနေရဲလား
အောင်နက်က ဟောင်ပဲဟောင်တတ်တာ
ဝေဖန်တာတွေ အပြစ်တင်တာတွေမသိဘူး
မင်းကအောင်နက်လား
မင်း သမီးကမွေးလာတဲ့
ကလေးရဲ့အဖေက
မင်းပြန်ဖြစ်နေတယ်ဆိုရင်
မင်းဘယ်လိုခံစားမလဲ
ငါခံစားကြည့်ချင်တယ်
မင်းကအဖိုးလည်းဖြစ်
အဖေလည်းဖြစ်ဆိုတော့
မင်းကဆရာကြီးပေါ့
ဟုတ်ပါပြီ
မင်းကအောင်နက်လား။
သက်ငြိမ်သစ်
...........................................
သံဝေဂ ဆိုကြလေသောအခါ
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ငွေစက္ကူပေါ်က အိမ်မြောင်ချီးကို
ခါချလိုက်တယ်
ငါလိုချင်တာ ငါ့ရှေ့တည့်တည့်က
နှုတ်ခမ်းမွှေးပါသောစာအုပ်ပါ
ပြီးတော့ အရည်ပျော်သွားတဲ့
ဖယောင်းတိုင်အတွက် နောက်ထပ်တစ်ခွက်
ပထမကမ္ဘ္ဘာစစ်ကပြန်စ
ပြီးနောက်
ကာလများစွာ
နန်းကျဘုရင်ရောက်လာပါပြီ
ပြီးနောက်
ဒုတိယကြေမွသွားသောကမ္ဘာ
ဒဏ်ရာနဲ့ ဝေဒနာနဲ့ပွင့်ထွက်နေတဲ့
စစ်ချီတေး
ချောင်းဆိုးသွေးပါရောဂါလို
ငရဲပန်းပွင့်တွေဝေလို့
ငါလိုချင်တာ သံလွင်ခက်တံဆိပ်ပါသော
စာအုပ်ပါ
မြင့်မြတ်သော မဟာဆီမဟာသွေးခေါ်သတဲ့
ရယ်ရတယ်
စုလမွတ်ချွန်းပြသဒ်ကြီးအောက်က
ရတနာသေတ္တာတွေ ပိုးဖဲကတ္တီပါတွေ
ရယ်ရတယ်
တစ်နေ့တစ်နေ့ လိင်ဆက်ဆံမယ်
မယောင်ရာဆီလူးမယ်
ပြသနာပဲ
ဒီဆိုက်ကိုတွေဘယ်အထိ ကူးစက်မလဲ
ရယ်ရတယ်
လူ့များစွာရဲ့အသက်ဟာ
အာဏာတစ်ခုရဲ့ ခံတပ်ဖြစ်ပါသတဲ့
ရယ်ရတယ်
ရွှေလင်းပန်းနဲ့ အချင်းဆေးသတဲ့
ရယ်ရတယ်
သွေးညှီနံ့နဲ့ဖောက်ထားတဲ့လမ်းမှပိုဖြူးသတဲ့
ပိုပြီးရယ်နေရတော့ ငါမခံနိုင်
ငွေစက္ကူပေါ်က အိမ်မြောင်ချေးကို
ငါ ထပ်ပြီးခါချလိုက်တယ်
လိုအပ်နေတာ အဲ့အရာပဲ
ငါ့အတွက် ရောင်ထုံးပါတဲ့ အဖိုးအိုဆိုသော
အဲ့စာအုပ်လေးပေးပါ။
သက်ငြိမ်သစ်
..............................................
ထိုထက်ပို
၊။၊ ။ ။ ။ ။ ။ ။ ။
ငါက
နေကိုမော့ကြည့်နေမိတဲ့နေကြာ
မင်းကိုမပူစေချင်လို့ပါ
ထိုထက်ပို
ငါကမြွေပွေးကိုခါးပိုက်ထားတဲ့
လူမိုက်
ထိုထက်ပို
ငါကရင်ခုန်သံကို
လက်ထိပ်ခတ်မိသူ
ရဲသား
ထိုထက်ပို
အိုမာခရမ်ထက်
ရှယ်လီကိုပိုစိတ်ဝင်စား
ငါဟာနောက်ကြောင်းပြန်သူ
ထိုထက်ပို
ငါက
ရေခဲတိုက်ထဲ ရေချိုးမိသော
အရူး။ ။
သက်ငြိမ်သစ်
........................................................
အဆင်မပြေသော
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ကပ္ပတိန်ဂျက်စပဲရိုးကိုကြည်းရင်းရယ်မိတယ်
ဒိထက်ပိုမထူးသောဘဝမယ်
ရယ်မောခြင်းဟာအရေးပါတယ်
ချာလီချက်ပလင်ထပ်ကြည့်မယ်
အဲ့လို အဲ့လို
ဂျွန်နီဒပ်နဲ့ ချာလီ
အနုပညာမှာ ဟာသရှိရတယ်လို့
ငါအော်မိ
လူ့ဘဝဟာ ဘာမှမဟုတ်ကြောင်း
စကားမပြောတတ်တဲ့ စကားပင်လေးက
ပြောပြတယ်
ဒေါသတကြီး ငါဟာ
စကားပွင့်တွေကို စုတ်ဖြဲမိ
ဒင်းတို့ကလည်း ငါ့ကိုပြန်ရယ်မော
အလှတရားဆိုတာ
သွေးမထွက်တတ်ဘူးတဲ့
ငါ လက်မှိုင်ချရင်း တွေးတယ်
ငါ့ခေါင်းဟာကျောက်တောင်တစ်ခုလို
ထို့နောက်
ငါဘာမှပြောတတ်
ထို့နောက်
ဂျွန်နီဒပ်ဆီပြန်ရောက်
ချာလီချက်ပလင်ဆီပြန်ရောက်
ထို့နောက်
နေ့စဉ် ပျင်းရိဖွယ်ထဲ
ငါပြန်မှောက်ကျခဲ့ပါတယ်။
သက်ငြိမ်သစ်
..........................................................................
မဒမ်ဇီရာဂို
ကိုယ်လွမ်းနေသောနေ့တွေ
။။။။။။။။။။။။။
ငါဂျုံအိပ်ပေါက်တွေဖာနေတယ်
အရှေ့အလည်ပိုင်းမှာ
အပစ်အခတ်တွေခဏရပ်ဆဲသွားသတဲ့
ငါဂျုံအိပ်ပေါက်တွေဖာနေတယ်
မင်းလုပ်နေကျအလုပ်တွေပေါ့
ဂျုံးခင်းထဲမှာ
မင့်သားလေး တောက်တောက်ပြေးနေပြီ
ငါမင်းကို မြင်စေချင်လိုက်တာ
သူလိပ်ပြာတွေလှကြောင်းသိစပြုပြီ
သူဂျုံခင်းထဲကအဝါကို နားလည်စပြုပြီ
သူဟာသိပ်သာယာတာပဲ
သုံးနှစ်သားလေးပေါ့
ခုသူ့မှာသူငယ်ချင်းတွေနဲ့
ဝက်သစ်ချပင်ကအစေးကို
ဖျော်ရည်ရောင် ဟန်ဆောင်ထားတဲ့
နေ့လည်ခင်းကိုလည်း သိစပြုပြီ
သူ့ကို ဘယ်နှစ်ခုနှစ်အထိ
ဘယ်အချိန်ကာလအထိ
မင်းရောငါရောနှစ်ယောက်စာ
ငါချစ်ခွင့်ရမလဲ
ငါမင်းကိုလွမ်းတယ်
ငါနဲ့မင်းရဲ့သားလေးဟာ
ကလေးလေးတစ်ယာက်ပဲ
ထာဝရဖြစ်နေသင့်တာမဟုတ်လား
ငါ့လိုလောင်မြိုက်မယ်
မင်းလို သေဆုံးသွားမယ်ဆို
ငါတို့ဘယ်လိုလုပ်ကြမလဲ
အခုသူရီနေတာ
အရမ်းကြည်လင်တာပဲ
သူ့ဘေးမှာအမှုန်အမွှားလေးတွေ
သို့ပင်သည့်
သူမင်းလို ဖက်ရှင်ဒီဇိုင်နာမဖြစ်ချင်သေးဘူး
ငါ့လိုလည်းကဗျာဆရာမဖြစ်ချင်သေးဘူး
သူအရမ်းကြည်လင်နေတယ်
အဲ့အကြည်ဓာတ်ထဲမှာ ငါ့စိုးရိမ်စိတ်တွေ
မိန်းမရေ မင်းလိုကင်ဆာ ငါဖြစ်ချင်ရဲ့
ငါ့မှာရင်သားမရှိတာခက်တယ်
ငါ့မှာယောနိမရှိတာခက်တယ်
ဒီလိုလွမ်းရကြေးဆို
ငါလေ မင်းခန္ဓာကိုယ်ပေါ်
ငါ့ရမ္မက်တွေပုံမချခဲ့ပါဘူး
ငါမင်းနောက်လိုက်ခဲ့ချင်တယ်
မင်းနှုတ်ခမ်းနဲ့ပြုံးနေတဲ့
ငါ့တို့နှစ်ယောက်ပုံတူလေးကိုလည်း
မထားခဲ့နိုင်ဘူး
သူ အခု ဂျုံခင်းထဲမှာ လိပ်ပြာလိုက်ဖမ်းနေလေရဲ့
တခစ်ခစ်ရယ်လို့
မင်းနဲ့တူလိုက်တာ။ ။
သက်ငြိမ်သစ်
..........................................................................................
သွေးမတော်သားမစပ် ငါ့အစ်ကို
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
လူ့ဘဝဇာတ်ညွှန်းတွေထဲမှာ
မွန်းနေပြီလား အစ်ကို
လေဟုန်ကိုဆန် အဝေးဆုံးကိုလဲပျံလို့မရ
အပြန်ကဗျာထဲက ခင်ဗျားဇာတ်ကောင်လို
အမေကြိုက်တဲ့ဆံပင်ပုံလည်းမညှပ်နိုင်
ခင်ဗျားပြောသလို
ငယ်ငယ်က အမေပုခတ်နဲ့ချော့သိပ်တဲ့အတိုင်း
မူးမူးပြီးမှအိပ်တတ်နေပြီထက် ပိုလာ
အခုဆို ညတွေဟာ စာမလာသတင်းမကြား
ရှုမျှော်ခင်းထဲ ကိုယ့်ကိုယ်ကို
ဝင်စိမ်းလန်းကြည့်တော့
ကျနော့်စိတ်နဲ့ သစ်ရွက်တွေခြောက်သယောင်းလို့
ဘယ်တော့အစစ်နဲ့ တွေ့ရမလဲ
ကျနော် ခင်ဗျားကိုသတိရတယ်
ခင်ဗျားစာအုပ်စင်ဟာ
ကျနော့်ရတနာမြေပုံပဲ
ခက်ဗျားစကားသံဟာ
ကျနော့် ကဗျာရဲ့ စကားလုံးအစပဲ
နယ်မြို့လေးမှာ ငါးတန်းကျောင်းသားလေးကို
စက်ဝိုင်းပုံ လက်တန်း ရေးပြခဲ့တာ
ပုံပြင်စာအုပ်လေးတွေ လတ်မှတ်ထိုးပေးခဲ့တာ
ခင်ဗျားဟာ ကျနော့်အဦးအဖျားပါပဲ
အခု ကျနော်
အရွယ်ရောက်ခြင်းရဲ့ထောင်ချောက်ကို
ဖောက်ထွက်နေရပြီ
ခင်ဗျားကိုသတိရတယ်
ဘယ်ဒုက္ခတရားကိုမှအသံမထွက်တတ်တဲ့
ငါ့အစ်ကို
ခင်ဗျားကိုသတိရတယ်
ကဗျာဆရာပိုင်ရေးသလို
ခင်ဗျားဟာ
အမြဲတမ်းအထီးကျန်
လျှို့ဝှက်နာကျင်တတ်ခဲ့
ခင်ဗျားကိုသတိရတယ်
ခင်ဗျားစတွေ့ဖူးတဲ့
ငါးတန်းကျောင်းသားလေးကျနော်
အရာရာကို သိမ်ငယ်စိုးရွံ့နေခဲ့ဖူးတဲ့
ကလေးလေးကျနော်
အခု မလွမ်းတတ်တဲ့ စိတ်တွေရဲ့ကြားမှာ
အိမ်ပေါ်က ခဏခဏဆင်းလို့
အဆင်မပြေမှုတွေပဲ ဝယ်ယူ သိမ်းစည်းလို့
ကိုယ်နဲ့အံချော်နေတဲ့ခွေးသွားစိတ်တွေ
လက်ခံရရှိလို့
ပုလင်းအဖုံးတွေဖောက်လို့
အပေါစားအရက်တွေသောက်ရင်း
အမေ့ကို တော်လှန်လို့
အပြန်ဟာဘယ်မှာလဲ
ခင်ဗျားကို ကျနော်သတိရတယ်အစ်ကို
ကျနော်ဘယ်နားကလျှောချရမလဲ
မြက်ခင်းပေါ်
လိမ့်နေတဲ့အတုံးအခဲဟာ ကျနော်လား
ကျနော် ချစ်တဲ့အရာတွေဟာ
ကျနော့်ကိုသတ်နေတဲ့ ပင်လယ်ပြင်ရဲ့
မီးစုန်းတွေလား
ခင်ဗျားကိုသတိရတယ်
လူ့ဘဝ ဇာတ်ညွှန်းတွေထဲမှာ
မွန်းပြီလား အစ်ကို
ခင်ဗျားကို ကျနော်သတိရနေပါတယ် ။ ။
သက်ငြိမ်သစ်
..............................................................................................
ငါခဏထိုင်ကြည့်နေတယ်
။။။။။။။။
ပုံရိပ်တစ်ခုရဲ့အသွားအလာဟာ
နေရောင်ကျရောက်ပုံနဲ့သက်ဆိုင်တယ်
သံလမ်းပေါ်မှာ
စနေနေ့ဆိုသောအရာဟာအသံမထွက်တော့ဘူး
ကဗျာဆရာ တစ်ယောက်က
မဟုတ်တဲ့နေရာမှာ လူရေချွန်ဖြစ်ချင်နေတယ်
စိတ်ကူးထဲလေတဟူးဟူးညနေခင်းကို
သတိရ
ငယ်ငယ်ကအဆင့်တစ်ရသလို
အနုပညာကို အော်ကျက်လို့
ငါတွေးမိတယ်
သူဟာအံ့သြဖွယ်ပါ။
သက်ငြိမ်သစ်
........................................................
မျက်နှာကျက်မှာအကွက်တွေ
။။။။။။။။။။။။။
အဆန်းတကြယ်ဟာ အဲ့လိုပဲ မိုးမီးဖွားတွေ
ငါ့အနားကိုမကပ်နဲ့ ပူစီ
မင်းဟာ အမြဲတစေအရည်ထွက်တတ်တဲ့အမျိုး
ငါက ခံစားမှုရေပန်းပွားပါ
ငါ့အထွဋ်အထိတ်ဟာ
အလွန်ရှေးကျသောဆီကလာတယ်
သိလား
ပြောပြောဆိုဆို လက်ထဲကအထုပ်ကိုဖြည်တယ်
အခု
ကဗျာရေးနေတာလား အပြေးပြိုင်နေတာလား
အရောင်ယူထားပုံတော့ ကြိုက်တယ်
မင်းအမိအရ ဖမ်းထားတဲ့သဘောရှိတယ်
ခင်ဗျားငှါးလိုက်တဲ့စာအုပ်တွေဟာ
ကျနော့်အတွက်အများကြီး အထောက်အကူဖြစ်ခဲ့
ဒါနဲ့
ဒီပန်းချီကားကို ဘယ်လိုသဘောရလဲတဲ့
ဆိုတော့ကာ
ကျမတော့ အရသာခံမရဘူး
ရှင်ရော
ဘယ်လိုလဲ
အဲ့ဒီအထဲမှာရောက်နေတဲ့ခွေးက
အရင်နှစ်နွေရာသီမှာ
ကျမကိုကိုက်ခဲ့တဲ့ခွေးနဲ့လည်းမတူဘူး
အဆန်းတကြယ်ဟာရေခဲဖြစ်သွား
မျက်နှာကျက်မှာ
အကွက်တွေ။
သက်ငြိမ်သစ်
..........................................................................
တောင်ကုန်းပေါ်မှာ
။ ။ ။ ။ ၊။၊
ငါဟာ ကိုယ်ရေးကိုယ်တာ များလွန်းသတဲ့
တိမ်နဲ့ငြိနေတဲ့ နေဝန်းက နိမ့်ဆင်းသွားတယ်
အမှောင်ဟာ ပြောင်လက်လို့
တောင်ကုန်းပေါ်မှာ
ငါ့ကိုယ်ချင်းစာနာမှုကို မမြင်ရသူတစ်ယောက်
ငါ့ကိုဖန်ခွက်နဲ့ပေါက်ဖို့ကြိုးစားတုန်းက
ငါမတုန်မလှုပ်ပါ
နောက်တော့ လေပြေသွေးသလို ငါဘေးပြန်ရောက်
ငါ့တောင်းပန်သတဲ့လေ
ငါမတုန်လှုပ်ပါ
ချစ်ရသူများရေ
တောင်ထိပ်မှာ တိတ်တစိတ်
ကိုယ့်အရိပ်ကိုယ် ပြဒါးနဲ့ပြန်ဖမ်းယူကြည့်ကြပါလား
ရိုးသားသော မိုက်မဲမှုသာ
သူ့လိပ်ပြာ သူ့ကိုယ်ထဲသူပြန်ဖမ်းထည့်နိုင်လိမ့်မယ်
ငါ တောင်ကုန်းပေါ်က တွေးမိပါတယ်။
သက်ငြိမ်သစ်
.................................................................................
ဒီအကြောင်းပြောရင်
။ ။ ။ ။ ။ ။ ။ ။
အမေမပေးခဲ့တဲ့နာမည်နဲ့
လူတစ်ယောက်လျှောက်လာ
သူဟာ ကောင်းကင်နဲ့မြေကြီး
ဘယ်လောက်နီးသလဲ
တွေးခေါ်နေသူတစ်ယောက်ပါ
သူ့အတွေးမှာ
လူမှုရေးဟာလွင့်လို့
သူကူးသွားတဲ့စိတ်ဟာ
သောင်ပြင်ပေါ်ကသဲလိုရေစစ်လို့
အိပ်မက်မှာဘာအရာင်ရှိလဲမေးမယ်
သူရင်ထဲကဗျာတစ်ပုဒ် အမြဲအညှောင့်ပေါက်မယ်
သူနှလုံးသားထဲ အကော့စတစ်ဂီတတွေ
ရေတံခွန်လိုတဝေါဝေါ
ကက်ကိုဘိန်းကဘယ်သန်
never mild ဆိုတဲ့သီးချင်းခွေက
မိုးရွာသလိုရွာနေမယ်
အော်ဇီအစ်စ်ဘဲလ်က
စတိတ်စင်ပေါ် ခိုကိုကိုက်ပြမယ်
အချစ်ရယ် ပါရမီဖြည့်ပါ
ကြယ်တွေကို ငါဟင်းချိုချက်ကြွေးမယ်
အချစ်ရယ်
စိတ်ရှည်ပါ
သာမာန်လူမဟုတ်တော့တဲ့ညနေခင်းတွေမှာ
ဂြိုဟ်သားတစ်ယောက်ရဲ့သွေးဟာ
အပြာရောင်ဖြစ်တယ်လို့
ကဗျာဆရာတစ်ယောက်က
ကဗျာဆရာတစ်ယောက်ကို
လှိုက်လှိုက်လှဲလှဲပြောဖူးကြောင်းကိုလည်း
ငါပြောပြမယ်။ ။
သက်ငြိမ်သစ်
...........................................................................................................
အဲဒီစိတ်နဲ့ရွာနေတဲ့မိုးတွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရယ်ရင်းမောရင်းရောဂါရတယ်။
အသက်တစ်ခု၊ တငွေ့ငွေ့လောင်စီးကရက်တစ်လိပ်
ပြိုကွဲသွားဖို့စတင်တယ်၊ ပြာလိုလွင့်ဖို့
သွေးကြောပိတ်သလို
အချစ်နဲ့ခလုတ်တိုက်မိပါတယ်။
ပြန်တွေးတော့
ဖျက်ပြီးပြန်ပြင်မိတဲ့ အမိုးအကာလေး
ဒီမိုးဦးမှာ လုံမှလုံခြုံပါ့မလား။
တံစက်မြိတ်မှာ သစ္စာပန်းတွေမျက်ရည်နဲ့လန်းဆန်းနေသလို
ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့ တနင်္ဂနွေကို
ဘယ်အကွယ်လေးဆီ ရွှေ့ထားရမလဲ။
ရာသီဥတုက မိုးနည်းမယ်လို့ပြောပြီး ရေတွေကြီးနေတာ ပြသနာ
ရေဒီယိုကိုဖွင့်မိတော့ ကျားဟိန်းသံတွေထွက်နေတာလည်းပြသနာ
အိပ်မက်ထဲမှာလည်း သူ့ကိုယ်ယောင်ကိုယ်ဝါကြည့်
ခန်းလုံးပြည့်ကိုယ်ထင်ပြနေတာ ပြသနာ
အခု သစ်ရွက်တွေ ဘယ်လို ကြွေသွားတာလဲ
နာရီကိုကြည့်တော့ (၂၄) နစ်
နေလောင်ဖယောင်းတိုင်တစ်ချောင်းလို ကောက်လို့ ကွေးလို့
အချစ်ပြီးရင်းအချစ်ဆိုတဲ့ မေလကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့
ဒီနေ့မမိုက်ဘူးဆိုတော့လည်း မနေ့က ရှူသွင်းခဲ့တဲ့ အသက်ဓါတ်ဟာ
ခုထိ ထစ်ငေါ့လို့ကောင်းတုန်းပဲမဟုတ်လား။
တစ်ညနေပြီးတစ်ညနေ
ကိုယ်မငိုတော့ဘူးဆိုတဲ့ သီချင်းကိုဆိုရင်း မျက်ရည်ကျလို့
အဲဒီစိတ်နဲ့ ရွာနေတဲ့မိုးစက်တွေကို ပွတ်သပ်လို့....။
သက်ငြိစ်သစ်
............................................................................................
Kiss me quick
။ ။ ။ ။ ။ ။ ။
ငါ့ကိုမြန်မြန်နမ်းပါဆိုတဲ့
ပန်းကလေးတွေပွင့်နေတယ်
ရှက်သွေးနဲ့နီရဲနေတဲ့
ပွင့်ချပ်လေးတွေကိုကြည့်ရင်း
ချစ်သူ့ပါးဖောင်းဖောင်းလေးကို
သတိရ
အလွမ်းဆိုတာ
နောင်တတစ်မျိုးပဲလို့
မြေပန်းအိုးလေးထဲ
ရေသုံးခွက်လောင်းလိုက်တယ်။
သက်ငြိမ်သစ်
......................................................................................
သူတို့သေသွားကြပြီးနောက်
သစ်ရွက်တွေအသက်ထရှူကြတယ်
။ ။ ။ ။ ။ ။ ။ ။ ။ ။
ဘယ်တော့မဆို
စကြာပန်းလေးတွေ မစိုက်ပျိုးပဲပွင့်ကြတယ်
ဝတ်ရည်ဝါဝါ ရိုးတံစိမ်းစိမ်း
ဆောင်းကသိမ်းထုပ်မသွားခင်
နှင်းတွေရဲ့မာနမှာ ပွင့်ချပ်ဖြူဖြူတွေ
ခြုံစရာ ဆောင်တစ်ထည်မှမရှိရှာလေဘူး
အသက်ငင်နေတဲ့ ဝတ်ဆံ
အားတင်းထားရတဲ့အပွင့်အခက်
နောက်တစ်ခါလည်း
ပါးပြင်ကိုထပ်ဖြတ်ရိုက်ဦးမယ့် နှင်းစက်အေးမြ
ချစ်လျက်ဝေးကွာခဲ့သော
စံပယ်ရုံများကိုလည်းအပြစ်မဆိုလို
မြတ်နိုးသော နေရာင်ခြည်သာ
ရွာချပေးပါ
ဆုတောင်းသံမှာ ကြေးစည်ဟာ
အသံအက်လို့
ရိုးသားမှုတွေ
သဘာဝတရားဆီကပြန်ရမယ်
ခြံထောင့်ဆီက
တစ်နေကုန်ငိုက်မြည်းနေတဲ့
ဇီဇဝါတွေခင်မြာ
ထပြီးယောင်ယမ်းရှာတယ်
အဲ့ဒီမနက်ခင်း
သနပ်ခါးပန်းပွင့်လေးတွေရဲ့
အိပ်ရေးမဝတဲ့စိတ်မှာ
သနပ်ခါးလိမ်းဖို့ မေ့လျာ့နေတဲ့ရနံ့များ
ဖျော့တော့မှုန်ရီ မွှေးပျံ့လို့။ ။
သက်ငြိမ်သစ်
.....................................................................................................
ပွဲတော်ရက်များ
။ ။ ။ ။ ။ ။ ။ ။ ။ ။
.
ရောက်မလာနိုင်သောဟာ
မီးရှူးမီးပန်းလို လှနေတဲ့
တိတ်ဆိတ်သူ သစ်သီး
လေထဲ မီးတရဲရဲ
မုန့်လေပွေလို.. ငါ
အပူလောင် ကြွပ်ရွ
ပွဲတော်တိုင်းမှာ ကော့ပျံလို့
ငါ..
တိတ်ဆိတ်သူ သစ်သီးဖြစ်ချင်တယ်
ပြန်မရတော့ဘူး ။
သက်ငြိမ်သစ်