Apr 24, 2017

စာအုပ်စင်လေးကတဆင့် ပြန်ရောက်သွားတဲ့ အတိတ်တွေ

အက်​​ဆေး(၁၁)
____________
စာအုပ်စင်လေးကတဆင့်
ပြန်ရောက်သွားတဲ့ အတိတ်တွေ
_________________________ပန်​ဆယ်​လို
.
အိမ်အခန်းထောင့် နံရံဘေးတွင် ကပ်လျက် ငေါင်းစင်းစင်းဖြစ်နေသော စာအုပ်စင်လေးကို အဓိပ္ပါယ်မဲ့ ငေးနေမိသည်။ ကိုယ်ဒီရက်ပိုင်း လပိုင်းတွေမှာ သိပ်ပင်ပန်းလွန်းနေပြီ။ ဖွင့်ထားသော Laptopမှ ထွက်နေသည့် အလင်းတွေက ကိုယ့်မျက်နှာကို ထင်ဟပ်နေသည်။ မျက်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်သည်။ ကိုယ်ပျော်ရွှင်နေသလား။
ကိုယ်ဘာကို ပျောက်ဆုံးနေခဲ့ပြီလဲ။ ကိုယ်ဘာကို ဆာလောင်ငတ်မွတ်နေသလဲ။

အချိန်တွေ ကုန်သွားခြင်းကိုပဲ ဘဝလို့ခေါ်သလား။
အဓိပ္ပါယ်မဲ့သောအချင်းအရာတွေကို ထိုင်ကြည့်နေခြင်းကပဲ ဘဝရဲ့အဓိပ္ပါယ်လား။
အောင်မြင်ခြင်း ကျရှုံးခြင်းများကို မတုန်မလှုပ်မပျော်မငိုခြင်းဟာ လောကဓံကိုခံနိုင်ရည်ရှိခြင်းလား၊ အသက်ရှင်ခြင်းကို ငြီးငွေ့ခြင်းလား။
ဘယ်အရာကမှ မျှော်လင့်တောင့်တဖွယ်ရာ မကောင်းတော့သောအခါ အရာရာကို လိုချင်လောဘတလက်လက်ဖြင့် တောက်ပခဲ့သော ငယ်စိတ်လေးများကိုသာ တမ်းတမ်းတတ လွမ်းဆွတ်မိလာတော့သည်။

စာအုပ်စင်လေးဟာ သခင်ကင်းမဲ့နေတာ ကြာခဲ့ပြီ။ အထိအကိုင်နည်းလွန်းလှသောကြောင့် ဖုန်းအလိမ်းလိမ်း ကပ်ငြိစ ပြုနေခဲ့ပြီ။
ဒီစင်ထဲမှာ ဘာစာအုပ်တွေ အိပ်ပျော်နေရသလဲ. . . . ကိုယ်မမှတ်မိတော့။
ကိုယ့်အသိတရားများသည်လည်း ရှိရင်းစွဲနေရာမှာ ရပ်တန့်ဘရိတ်မိနေခဲ့သလို ဖြစ်နေပြီလို့ ကိုယ်တွေးမိလာသည်။
ကိုယ် . . သူတို့ကို ဘာလို့များ မေ့လျော့ထားမိခဲ့တာလဲ။

နေ့စဉ်တာဝန်ဝတ္တရားများကြောင့်လား
ဒါမှမဟုတ် စာအုပ်များနှင့်အပန်းဖြေရခြင်းထက် ဆွဲဆောင်မှုရှိသော Entertainment များနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့မိခြင်းလား။
Social Network ပေါ်က အချင်းချင်း ဦးနှောက်ဆေးခြင်းတွေ၊ Blaming တွေကို
စာဖတ်ခြင်းလို့၊ ဒါမှမဟုတ် စာဖတ်ခြင်းထက် ပိုမိုသောအရာလို့ ထင်မြင်နေခဲ့မိတာလား။

စာအုပ်စင်လေးနား တိုးကပ်သွားလိုက်သည်။
အနည်းငယ် စိမ်းနေသယောင် ခံစားလိုက်ရစိတ်က ဖုန်နံ့နဲ့အတူ စိတ်ထဲ လှိမ့်ဝင်လာသည်။ ကိုယ်စွန့်ပစ်မေ့လျော့ထားခဲ့မိသော အချင်းအရာများ. . . .
စာအုပ်စင်အပေါ်အဆင့်မှာ မှောက်လျက်ရှိနေသော ဓါတ်ပုံမှန်ဘောင်လေးကို လက်ဖြင့်တို့ထိလိုက်သည်။
အို. . . . အတော်ကြာခဲ့ပြီပဲ။
ဒီဓါတ်ပုံထဲမှာ ပြုံးနေသော ချစ်သူနှစ်ဦးဟာ ဒီလိုအပြုံးတွေနဲ့ မပြုံးဖြစ်တော့တာ အတော်ကြာခဲ့ပြီပဲ။ ကိုယ်နက်နက်နဲနဲ လွမ်းဆွတ်ရပါလေသော ချစ်ခြင်းမေတ္တာ။
ချစ်ခြင်းမေတ္တာဟာ ဟောင်းနွမ်းခြင်းဖုန်မှုန့်များ တလိမ်းလိမ်းနှင့်။

စာအုပ်များ. . .ကိုယ်အကြိမ်ကြိမ်အခါခါ ဖတ်မိအောင် နှစ်သက်ခဲ့သော စာအုပ်များ၊
တစ်ခါသာဖတ်ပြီး နောင်လိုရင် ဖတ်ရအောင်ဆိုသောစိတ်ဖြင့် သိမ်းထားမိသော စာအုပ်များ၊
ကိုယ်တိုင် စာရေးချင်သောအခါ ချရေးထားခဲ့သော လက်ရေးစာအုပ်အနည်းငယ်

ကိုယ်က နယ်မှာမွေးသူဆိုတော့ စာအုပ်ဆိုတာ ကိုယ်တွေအတွက် သိပ်လွယ်လွယ်မရသော အရာတွေ။
စာအုပ်ဆိုင်သေးသေးလေး တစ်ဆိုင်နှစ်ဆိုင်သာရှိသည်။
စာအုပ်အသစ်ရောက်လျှင် ဦးအောင်ဖတ်ရမှ ကျေနပ်သောကိုယ်က ရန်ကုန်သဘောင်္ဆိုက်လို့ စာအုပ်ပါမယ့်ရက်ဆို စာအုပ်ဆိုင်ဖွင့်တာနဲ့ရောက်အောင် ခပ်စောစော သွားစောင့်ရသည်။
ငှားလာသော စာအုပ်ထဲက ကြိုက်သော အပိုဒ်လေးများကို လက်ရေးဖြင့်ကူးယူရသည်က အမော။
မြို့ကစာအုပ်အကျတွေမို့ မဂ္ဂဇင်းတို့ ဘာတို့မှာ
မင်းသားမင်းသမီး ဓါတ်ပုံလေးတွေကို ကက်ကြေးဖြင့်ကွင်းညှပ်သွားသော အကွက်ကြီးများပါတတ်သည်။ ကိုယ်စိတ်ဆိုးမိသည်။
အဆိုးဆုံးက ကိုယ်ကြိုက်သော ကဗျာများ၏ နောက်ကျောကျောကပ်က မင်းသားမင်းသမီး၏ပုံကို ကပ်ကြေးဖြင့်ညှပ်သွား၍ ကဗျာမှာ အကွင်းလိုက်ကြီး ဖတ်မရဖြစ်လျှင်
သိပ်ကို စိတ်ဆိုးရတော့သည်။
ဗျစ်တောက်ဗျစ်တောက် မကျေမနပ်ဖြင့် ဘယ်သူ့ကို စိတ်ဆိုးရမှန်းကို ကိုယ်မသိ။

စာဖတ်သက်လေးရလာတော့ ရောဂါက ပိုဆိုးလာသည်။ အတ္တကပိုကြီးလာသည်။
စာအုပ်လွယ်လွယ်ဝယ်မရသော ဒေသမို့ စာအုပ်အပိုင်လိုချင်သောရောဂါက စာအုပ်အငှားဆိုင်တွေခေါင်းကို တည့်တည့်ရောက်တော့သည်။
ကြိုက်လွန်းသော စာအုပ်တွေဆို ပြန်မအပ်တော့။  စာအုပ်ပျောက်သွားဆိုသော အကြောင်းပြချက်ဖြင့် စာအုပ်တန်ဖိုးလျော်လိုက်သည်။
အခုအချိန် အခုအသက်အရွယ်မှာ ဒါဟာ မင်းသားမင်းသမီးပုံ ကတ်ကြေးဖြင့်ညှပ်ယူသော လုပ်ရပ်ကဲ့သို့ အတ္တကြီးသော သိမ်ဖျင်းသော လုပ်ရပ်မျိုးဆိုတာ နားလည်နိုင်ပြီဖြစ်သော်လည်း ထိုစဉ်ကတော့ ဖြူဖြူစင်စင်ကိုပဲ လိုချင်တာကို အရယူပစ်လိုက်ခြင်းပင် ဖြစ်သည်။
ထိုသို့သော ဆင်ခြင်တုံတရားမဲ့သော ဖြူဖြူစင်စင်ရဲရင့်မှုများသည်လည်း အသိဥာဏ်နှင့်ယှဉ်သော ပျင်းရိဖွယ်ရာ ဆင်ခြင်တုံတရားများအောက် ပျောက်ဆုံးသွားတော့သည်။

စာအုပ်ထောင့်လေးများတွက် ပိုးဟက်ချေးများဖြင့် စာရွက်များက ပူးကတ်နေသည်။ သိမ်းထားသည်နှင့် အမှိုက်ဖြစ်သွားတတ်သော အရာများအကြောင်း
အချိန်ကာလ၏ တိုက်စားလှည့်ဖြားမှုများအကြောင်း ဆက်လက်တွေးတောမိသည်။
လွင့်ပါးတတ်သော တိမ်တွေရယ်၊ ပျောက်ဆုံးတတ်သော ရင်ခုန်ခြင်းတွေရယ်၊
ပြန်မရနိုင်သော အတိတ်များအကြောင်းရယ်
စာအုပ်စင်လေးကတဆင့် ဟိုးငယ်ဘဝအတိတ်များအထိ။

ဒီထောင့်နားက အညိုရောင်လဲ့လဲ့လေးက ဘာများလဲ။
စာအုပ်စင်အောက်နား စာအုပ်တွေကြားထဲက ဆွဲထုတ်လိုက်တော့ မြင်လိုက်ရတဲ့ အရာကိုကြည့်ရင်း ကိုယ့်နှုတ်ခမ်းတွေ အလိုလိုပြုံးသွားရသည်။
မိန်းမကိုင် Wallet အဟောင်းလေး
ဟောင်းသည်ဆိုတာထက် အတော်ကို စုတ်နေပြီလို့ ဆိုလို့ရသည်။
လွန်ခဲ့သော ရှစ်နှစ်နီးပါးက ကိုယ် မက်မက်မောမောသုံးစွဲခဲ့သော အရာတစ်ခု။
ကိုယ့်ရဲ့ မေ့လျော့ပစ်ခဲ့ခြင်း များစွာထဲက တစ်ခုပေါ့။
Wallet လေးရဲ့ ကြယ်သီးတွေက သံချေးများဖြင့် ဖွင့်ရပိတ်ရ ခက်နေပြီ။
ပိုက်ဆံအိတ်ကို ဖွင့်လိုက်လျှင် ဖွင့်လိုက်ခြင်း
အိတ်ဆောင်ဓါတ်ပုံထဲမှ လက်ချင်းတွဲထားသော စုံတွဲတစ်တွဲက ကိုယ့်ကို ပြုံးကြည့်နေသည်။
ကိုယ့်နှုတ်ခမ်းတွေ လိုက်ပါပြုံးသွားသည်။
ပြီးတော့ ကိုယ်ဝမ်းနည်းလာသည်။ ကိုယ်ပြန်လည်ထိတွေ့နိုင်ခွင့်မရှိတော့သော အတိတ်များ ကိုယ့်ရှေ့တွင် ကိုယ်ထင်လာပြကြသည်။
ပိုက်ဆံအိတ်ထဲမှ စာတစ်စောင်။ စာရွက်အဖြူအကောင်းပေါ်မှာ ရေးထားတော့ ရှစ်နှစ်ကြာသည့်တိုင် ဝါကျင်နေသည်မှလွဲ၍ အကောင်းအတိုင်း။
ကိုယ့်ကို ဘယ်လောက်ချစ်မြတ်နိုးကြောင်း
ကိုယ့်ကို ဘယ်လောက်ရူးသွပ်ကြောင်း
စာဖြင့်သီသော ချစ်ခြင်းတရားရဲ့ ခေတ်ကို ကိုယ်ဟာ အဖျားအနားမှီလိုက်သည်ပဲ။
အင်တာနက်ပေါ်မှာ Chatlist များထက် ပိုနွေးထွေးစေသော သွေးခုန်နှုန်းပါသော လက်ရေးများ။ စာဆုံးအောင်ဖတ်ပြီးတော့
ကိုယ်မသိလိုက်ခင်မှာပင် ကျနေမိသော မျက်ရည်များ။
ဒါ အိပ်မက်တွေပေါ့ အချစ်ရယ်. . .
အဲ့ဒါ အိပ်မက်တွေ. . . .

စက္ကူကြယ်လေးများစွာ၊ ချစ်ခြင်းဖြင့်လင်းခဲ့သော ကောင်းကင်တစ်ခု
ပိုင်ဆိုင်ဖူးခဲ့ကြောင်း
နောက်ထပ်မမေ့လျော့ခင်ထိ ကိုယ်သတိရနေဦးမယ်ဖြစ်သည်။
လောကဓံဆီမီးများအောက် နောက်ထပ်မေ့လျော့ခြင်း လှိုင်းလုံးတစ်လုံး ဆင့်ရိုက်မလာခင် ကြားကာလကို စိတ်ထွက်ပေါက်လို့ ခေါ်နိုင်မလား။

အပျော်ဖတ်ဟု နာမည်တပ်ခံရသော စာများ
ကြက်စွပ်ပြုတ်အရေးအသားဟု သရော်ခံရသော စာများ
အို. . . ကိုယ်တို့အတွက် ဒါတွေဟာ နင်းတက်ရာ လှေကားတစ်ဆင့်မဖြစ်နိုင်ဘူးလား။
တစ်စုံတစ်ရာ ရမှဟူသောစိတ်ဖြင့် စာဖတ်သည်ဟူသော လူများအား အထွန့်တက်ကြည့်ချင်မိသည်။
တစ်စုံတစ်ရာ ရကို ရဖို့လိုသလား။
စာဖတ်ခြင်းဟာ တစ်စုံတစ်ရာ မဖြစ်မနေရကို ရဖို့ လိုအပ်ပါသလား။
ကိုယ် မယုံကြည်ပါ။

ငယ်ငယ်က ကိုယ်ချစ်ခင်လေးစားခဲ့သော နတ်ဘုရားများသည်လည်း သူတို့ကျိန်စာ သူတို့သင့်ကြပြီလား မပြောတတ်။
စာဖတ်ခြင်းအပြင် စာအုပ်၏နောက်ဖက်မှ အတွင်းအဇ္ဈတ္တများကို အမှတ်မထင် ဖတ်ရှုမိသောအခါ ကိုယ်တို့အဆိပ်သင့်ရပြန်သည်။

ကိုယ့်အနုပညာမှ အနုပညာဟု ထင်တတ်သော
ကိုယ့်အနုပညာမှလွဲ၍ အခြားဖန်တီးမှုများအား မလေးစားတတ်သော အနုပညာပြိတ္တာများနှင့် တစ်စားပွဲတည်း ထိုင်ဖို့ ကိုယ်ငြင်းဆန်သည်။
အာပုတ်နံ့ထက် စာပုတ်နံ့ကို ကိုယ်ရွံသည်။
သူတပါးအားနည်းချက်ကို နင်းချေပြီး လှေကားလို တက်တတ်သော နှလုံးသားမှ ဘယ်လိုအဆင့်မြင့်သော အနုပညာတွေ ထွက်ကျလာပါမယ်လို့ ကြိုက်တဲ့ကမ္ဘာနှင့်ချီကျိန်တွယ်စေဦး ကိုယ်မယုံနိုင်တော့။
အနင်းအခြေ အရက်အစက်များကြား ကိုယ့်နှလုံးသားတွေ ကျွဲပုခုံးထထုံပေခဲ့ပြီ။

ငယ်လက်ရေးများဖြင့် ဖန်တီးတတ်စွမ်းသမျှသော စကားလုံးများ ရေးသီထားသော စာအုပ်အဟောင်းများ၊
ဘယ်အချိန်ပြန်တွေးတွေး ဒီစာအုပ်ကို ဘယ်လိုစိတ်အခြေအနေနဲ့ ဖတ်ခဲ့ကြောင်းအထိ ပြန်အမှတ်ရနေခဲ့အောင်
လွှမ်းမိုးနိုင်သည့် စာအုပ်များ . . .
ငယ်ဘဝ ရူးသွပ်ခဲ့မှုများ . . . .

စာအုပ်စင်လေးက တဆင့်
အတိတ်တွေဆီ အရောက်သွားမည်။
ခဏလောက်လေးဖြစ်ဖြစ် ကိုယ်ပျံသန်းခွင့် ရပါစေ။

ပန်ဆယ်လို
9.3.2017
.
#ပန်​ဆယ်​လို ​ဝေါမှ ကူးယူ​ဖော်​ပြသည်

No comments:

Post a Comment