May 16, 2017

ကြူးနှစ်​၏ အ​နောက်​​မြောက်​ခရီး

ကြူးနှစ်​၏ အ​နောက်​​မြောက်​ခရီး
ဓီရာလင်း

၁။ ကြူးနှစ်​အဖွင့်
ဘ၀မှာ ​သောင်း​ပြောင်း​ထွေလာ ရယ်​စရာ (ရယ်​စရာရသစုံ၊ ပြုံးစရာ)မဂ္ဂဇင်း​ကို လစဉ်​ စွဲစွဲမြဲမြဲဖတ်​ခဲ့တဲ့ကာလ​တွေ ရှိခဲ့ဖူးပါတယ်​။ အဲဒီတုန်းက လက်​ထဲကို ရယ်​စရာ​ရောက်​တာနဲ့ စဖတ်​ဖြစ်​တဲ့ ပင်​တိုင်​က​လောင်​​တွေထဲမှာ ကြူးနှစ်​ ပါဝင်​ပါတယ်​။ "​ဟေ့ သူငယ်​ချင်း ဗမိုဃ်း"လို့ အစချီတဲ့ သူ့​​`ပျော်​ပါး​မော်​ကြွား တို့စာ​ပေသမား´ ဆောင်းပါး​တွေက​နေ ရန်​ကုန်​စာ​ပေ​လောကရဲ့ ရယ်​စရာ၊ ​ထေ့စရာ၊ ​ပျော်​​မွေ့စရာ၊ ရင်​​မောစရာ ​တွေကို ထိ​တွေ့ခွင့်​ရခဲ့ပါတယ်​။ အဲလိုနည်းနဲ့ ကြူးနှစ်​က​လောင်​ကို စသိခဲ့ရပါတယ်​။

၂၀၁၀ မှာ ဓီရာလင်း ဆိုတဲ့က​လောင်​နဲ့ မတ်​လထုတ်​ စတိုင်​သစ်​မှာ အက်​​ဆေး စပါပါတယ်​။ တိုက်​ဆိုင်​ချင်​​တော့ အဲဒီလ အက်​​ဆေးကဏ္ဍမှာ ကိုယ်​နဲ့ ကြူးနှစ်​ တွဲရက်​ပါဝင်​ခွင့်​ရတာ အမှတ်​တရပါ။ အဲဒီအချိန်​မှာ ကြူးနှစ်​ဟာ ​ရေးအားသိပ်​​ကောင်းတဲ့ ၀တ္ထုတိုဆရာ ဖြစ်​​နေပါပြီ။

ဒီလိုနဲ့ ဒီဘက်​နှစ်​ပိုင်း​တွေမှာ ကြူးနှစ်​ဟာ စာသမား​တွေ တ​လေးတစား ​စောင့်​ဖတ်​စရာ က​လောင်​တစ်​​ချောင်း ဖြစ်​လာပါတယ်​။ တချို့ ခပ်​ရင့်​ရင့်​ ခပ်​​ချေချေ စာသမား​တွေကဆို ၂၁ ရာစု ဗမာပြည်​ ၀တ္ထုတို​လောကမှာ ကြူးနှစ်​နဲ့ မြင့်​သန်းမှအပ ဖတ်​စရာမရှိ လို့​တောင်​ ​ပြောလာကြပြီး တချို့ကလည်း ၀တ္ထုတိုမှာ အထက်​ပိုင်းဆို ကိုငြိမ်း(မန္တ​လေး)၊ ​အောက်​ပိုင်းဆို ကြူးနှစ်​ တဲ့။ အဲဒီ​လောက်​ထိ ကြူးနှစ်​ဟာ ကြူးနှစ်​ ဖြစ်​လာခဲ့ပါတယ်​။

ဟိုတုန်းက ကြူးနှစ်​ဟာ အ​တော့်​ကို ​သေ​သောက်​ကြူးတဲ့ စာ​​ရေးဆရာအဖြစ်​ လူသိများပြီး ​နောက်​ပိုင်းမှာ​တော့ သာသနာ့​ဘောင်​ ကူးခဲ့လို့ ဦးဇင်းကြီး ကြူးနှစ်​ ဖြစ်​လာခဲ့တာ ဆယ်​၀ါ​ကျော်​လာခဲ့ပါပြီ။ သက်​​တော်​က​တော့ ၆၅ နှစ်​ ရှိပါပြီတဲ့။

၂။ ကြူးနှစ်​နဲ့ က​လေးခရီး
တစ်​​နေ့ ဂန့်​​ဂေါက ဟံသာဝတီရွာသား ရန်​ကုန်​မှာ တရားပြ​နေတဲ့ စာ​ရေးပြီး စာ​ပေထုတ်​​ဝေ​ရေးလည်း လုပ်​​နေသူ ဦးဇင်း ဦးရာဇဓမ္မက သူ ရွာပြန်​လာရင်​ ဦးဇင်းကြူးနှစ်​ ပါလာမယ့်​အ​ကြောင်း သတင်း​ပေးတာနဲ့ ကိုယ်​လည်း က​လေး စာ​ပေအသိုင်းအ၀ိုင်းကို ​လော​ဆော်​ထားလိုက်​ပါတယ်​။ ဒီသတင်းက တမူး စာ​ပေနယ်​အထိပါ ကူးစက်​သွားပါတယ်​။ ဒီလိုနဲ့ ​မေလ ၁၄ ရက်​​နေ့ နံနက်​မှာ ဦးဇင်း၂ပါး ဟံသာဝတီက​နေ က​လေးကို ကူးလာပါတယ်​။ က​လေးမြို့က ​ကောလိပ်​သူပုန်​ ကို​ကျော်​သူစိုးက သူ့ မြိန်​စရာထမင်းဆိုင်​မှာ ဆွမ်းကပ်​ပါတယ်​။ ​ထေရုက လိုအပ်​တာ​တွေ ​ဝေယျာဝစ္စ​ဆောင်​ရွက်​​ပေးပါတယ်​။ ဆွမ်းကိစ္စ ပြီးလုပြီးခင်​မှာ ကဗျာဆရာ ကို​ဇော်​(က​လေးမြို့) ​ရောက်​လာပြီး စကားအမျှင်​ စတန်းပါ​တော့တယ်​။ မ​ရှေးမ​နှောင်း ကိုလှိုင်​ထွန်းလည်း ​ရောက်​ချလာပါတယ်​။ ကြာရင်​ စကားမပြတ်​ဖြစ်​​နေမှာစိုးတာနဲ့ ​ဟောင်​​ကောင်​(၃) က​ဖေးကို ​ရွေ့ကြဖို့ နှိုး​ဆော်​ရပါတယ်​။

ဟောင်​​ကောင်​၃ က​ဖေးမှာ​တော့ စာသမားတစ်​ချို့က ​စောင့်​နှင့်​​နေကြပါပြီ။ ထိုင်​ရင်းမှာရင်း​ မေး​ဖြေ​ဆွေး​နွေးရင်း စာသမား​တွေ စုံလင်​လာပါတယ်​။ ကို​ဇော်​(က​လေးမြို့)၊ ​ထေရု၊ အောင်​ဆန်းလင်း(မြန်​မာစာ)၊ ဖိုး​မောင်​(မြန်​မာစာ)၊ သော်​တာစံ(က​လေး)၊ ဇွဲဆုပန်​(ဆားလင်းကြီး)၊ ကို​ဆူး(ချင်း​တောင်​​ခြေ)၊ ကိုပိုင်​စိုး၊ နှင်းနွယ်​(က​လေး)၊ ဟာရှိန်း(မင်းတပ်​)၊ ရာဇာ​အောင်​၊ ​နောက်​ဆုံး ​ရောက်​လာတာ ဆရာ​မောင်​ကို​မောင်​ (က​လေး)။ နံနက်​ ၁၁ နာရီက​နေ ည​နေ ၄ နာရီအထိ ထိုင်​ရာကမထ ​ဆွေး​နွေးနိုင်​တဲ့ သက်​​တော်​ ၆၀ ​ကျော်​ ဦးဇင်းကြီးကို ဩချယူရပါတယ်​။ စာ​ပေ​လောကမှာ ဘ၀စုံလွန်းလှသူမို့လည်း ဘယ်​က​နေ နှိုက်​ထုတ်​ထုတ်​ အစက ထွက်​ထွက်​လာ​တော့ စကားက မကုန်​နိုင်​ပါဘူး။

ည​နေ​စောင်း​တော့ နားသင့်​ပြီမို့ စကားဖြတ်​ပြီး မြို့လှ​ကျောင်းကို ပြန်​လာကြပါတယ်​။ အခန်းထဲ​ရောက်​​တော့လည်း စကားက မပြတ်​ပါဘူး။ သိပ်​မကြာဘူး ​ထေရု ​ရောက်​လာပါတယ်​။ ညချမ်း​ရောက်​​တော့ ကြူးနှစ်​ပရိသတ်​ဖြစ်​တဲ့ ကိုယ့်​အစ်​ကို အိမ်​ကို ပို့​ပေးရပါတယ်​။ အဲဒီမှာ စကား​ပြောရင်း ဟာရှိန်း၊ ဖိုး​မောင်​တို့ ​ရောက်​လာတာနဲ့ ​ကျောင်းပြန်​ကြရ​အောင်​လို့ ​ကျောင်းကို ပြန်​ကြွပြီး စကားဆက်​ကြရပါတယ်​။ ​ကျောင်းမှာ ဦးရာဇဓမ္မ၊ ဦးဇင်း ကြူးနှစ်​၊ ဖိုး​မောင်​၊ ဟာရှိန်း၊ ​ထေရု တို့ ​ဆွေး​နွေး​နေကြချိန်​မှာ ကိုယ်​က​တော့ ထိုင်​ရက်​ငိုက်​​နေပါပြီ။ ဒီလိုနဲ့ ၉နာရီ ​ကျော်​​ကျော်​​လောက်​မှာ စကားစသိမ်းလိုက်​ကြပါတယ်​။ ဦးဇင်းကြီးက​တော့ ဆက်​​ပြောရင်​ ရဦးမယ့်​ပုံ။ ကိုယ်​​တွေငိုက်​​နေတာကြည့်​ပြီး အားနာလာကြလို့ ဖြစ်​မယ်​။ ​ထေရုနဲ့ ဟာရှိန်းတို့ ပြန်​သွားပြီး ဖိုး​မောင်​က​တော့ ​ကျောင်းမှာပဲ အိပ်​လိုက်​ပါတယ်​။

မနက်​ကျ​တော့ ၃ နာရီ​ကျော်​​ကျော်​မှာ ဦးဇင်းကြီး နိုး​နေပါပြီ။ ကိုယ်​လည်း ညက ​စော​စောအိပ်​ထားရ​တော့ သူနဲ့ မ​ရှေးမ​နှောင်းမှာပဲ နိုးလာပါတယ်​။ ​၄နာရီထိုးခါနီးမှာ အခန်းတံခါးဖွင့်​လိုက်​​တော့ လမ်း​လျှောက်​​နေတဲ့ ဦးဇင်းကြီးက နိုးပြီလား ဆိုပြီး အခန်းထဲဝင်​လာ စကားဆက်​ကြပါ​တော့တယ်​။ သိပ်​မကြာခင်​ ဦးရာဇဓမ္မလည်း ​ရောက်​လာပါတယ်​။ နံနက်​ ၅ နာရီမှာ အရုဏ်​ဆွမ်းစားပြီး ၆နာရီမှာ တမူးကို စထွက်​ပါတယ်​။ မြို့ထဲ လက်​ဖက်​ရည်​​သောက်​၊ ကားဆီဖြည့်​ရင်း ၇နာရီမှာ က​လေးမြို့ထဲက​နေ စထွက်​ပါတယ်​။

၃။ ကြူးနှစ်​နဲ့ တမူးခရီး
ဆယ်​နာရီထိုးပြီးစမှာ တမူးကိုဝင်​ပါတယ်​။ တမူးစာ​ပေအုပ်​စုနဲ့ ​ရွှေက​ဘော်​ ​ဂေါက်​ကွင်းနားက က​ဖေးဆိုင်​မှာ ဆုံကြပါတယ်​။ လင်းအိမ်​ငယ်​၊ သွယ်​ဘ၊ ​အောင်​ကိုကိုလတ်​(တမူး)၊ ​ဇော်​ကနဲ့ ပန်းချီဆရာတစ်​ဦး။ ​နောက်​ ​ရောက်​လာတာက ရဲရင့်​လုံ။ ဆယ်​ခွဲ​တော့ ကဗျာဆရာ မိုးသက်​ငြိမ်​ဦးရဲ့ သား​လေး သက်​တန့်​ငြိမ်​ဦးရဲ့ ၂-နှစ်​ပြည့်​​မွေး​နေ့ ဆွမ်း​ကျွေးရာ မြို့မ​ကျောင်းကို ယွန်းကြပါတယ်​။ အဲဒီမှာ အစုံအ​စေ့ ​တွေ့ရပါတယ်​။ ကိုသက်​​နောင်​၊ ရင်​ရိုး၊ မိုးသက်​ငြိမ်​ဦး။ အဲဒီမှာ စား​သောက်​ပြီးတာနဲ့ အိန္ဒိယနယ်​စပ်​ နန်းဖာလုံး​ဈေးကို ဦးတည်​ချီတက်​ကြပါတယ်​။ ဟံသာဝတီကား​ပေါ်မှာ ဦးဇင်းကြူးနှစ်​၊ ဦးရာဇဓမ္မ၊ ရင်​ရိုး၊ လင်းအိမ်​ငယ်​၊ ကိုယ်​ရယ်​။ ကျန်​တဲ့သူ​တွေက ​အောင်​ကိုကိုလတ်​ ကား​ပေါ်မှာ။

တမူးနယ်​ စ၀င်​ကတည်းက အုံ့​နေတဲ့မိုးဟာ မြို့မ​ကျောင်းအ​ရောက်​မှာ တစ်​​ပေါက်​နှစ်​​ပေါက်​ ကျ​လာပြီး မို​ရေးအ​ရောက်​မှာ​တော့ ခပ်​ဖွဲဖွဲ ရွာ​နေပါပြီ။ ဦးဇင်းကြူးနှစ်​က​တော့ "​မြောက်​ယဉ်​စွန်းတန်းကို ​ကျော်​လာတာနဲ့ သမပိုင်းဇုံထဲ ​ရောက်​လာတာ၊ ဒါ​ကြောင့်​ ​အေးလာတာ"လို့ မှတ်​ချက်​ချပါတယ်​။ မဏိပူရ်​နယ်​ မို​ရေးမြို့ထဲကို တရားဝင်​ဂိတ်​က​နေ ၀င်​ပြီး တရားမ၀င်​ဂိတ်​က​နေ ထွက်​ခဲ့ကြပါတယ်​။ ဦးဇင်းကြီးက​တော့ လက်​​ဆောင်​ပစ္စည်း အတိုအထွာ​တွေ ၀ယ်​ပါတယ်​။ ကိုသက်​​နောင်​က ​ဖောင်​တိန်​​တွေ ၀ယ်​လှူပါတယ်​။ (ကိုယ့်​အဖို့​တော့ ဘ၀မှာ ​ဘောပင်​၊ ခဲတံ၊ ​ကျောက်တံ၊ ကံ့ကူဆံ တို့​ကိုသာ ကိုင်​ဖူးပြီး ​ဖောင်​တိန်​နဲ့ စာမ​ရေးဖူးပါ။) မို​ရေးနယ်​ထဲမှာ ဂျင်းလက်​ဖက်​ရည်​ ​သောက်​ခဲ့ရတာ​တော့ အမှတ်​တရပါ။ ပြန်​ထွက်​​တော့ ကိုရင်​ရိုးက နန်းဖာလုံး​ဈေးထဲရှိ သူ့အမျိုးသမီး အထည်​ဆိုင်​ကို ပင့်​သွားပါတယ်​။ သူ့သား သစ္စာတည်​ဦးက​တော့ ဂိမ်း​ဆော့မပျက်​ပါ။ ဦးဇင်း​တွေကို မျက်​နှာသုတ်​ပုဝါတစ်​ထည်​စီ လှူပါတယ်​။

ပြန်​ကြ​တော့ တမူးမြို့ထဲက ကိုသက်​​နောင်​တို့အိမ်​ ၀င်​ကြ၊ အ​အေး​တွေ ​သောက်​ကြ၊ စာအုပ်​လက်​​ဆောင်​ ​ပေးကြ၊ လက်​မှတ်​ထိုးကြ၊ ဓာတ်​ပုံရိုက်​ကြပြီး တမူးစာ​ပေအုပ်​စုကို နှုတ်​ဆက်​ထွက်​ခွာခဲ့ကြပါတယ်​။ တမူးကို အသွား​ရောအပြန်​​ပါ ဦးရာဇဓမ္မနဲ့ ကိုယ်​က ကား​ပေါ်ငိုက်​ရင်း လိုက်​ပါလာကြ​ပေမဲ့ ဦးဇင်းကြူးနှစ်​က​တော့ ​မငိုက်​ပါ။ ရှုခင်း​တွေ လွတ်​သွားမှာစိုးလို့တဲ့။ ဒီလိုနဲ့ မွန်းလွဲ၂နာရီမှာ တမူးက ထွက်​ခဲ့တာ ည​နေ ၅ နာရီမှာ က​လေးမြို့လမ်းဆုံ ​ရောက်​ပါတယ်​။ ကိုယ်​က​တော့ အဲဒီမှာပဲ ဆင်း​နေခဲ့ပြီး ဦးရာဇဓမ္မနဲ့ ဦးဇင်းကြီး ကြူးနှစ်​က​တော့ ဟံသာဝတီကို ဆက်​သွားကြပါ​တော့တယ်​။ ​ချော​ချော​မော​မောဆိုရင်​​တော့ ည ၇ နာရီဝန်းကျင်​မှာ ​ရောက်​မယ်​ထင်​ပါတယ်​။

၎။ ကြူးနှစ်​နဲ့ သ​ရော်​စာ
ကြူးနှစ်​ကို ဘယ်​မှာ စသိသလဲလို့ ​မေးလာရင်​ ရယ်​စရာမဂ္ဂဇင်းထဲက ​ပျော်​ပါး​မော်​ကြွား တို့စာ​ပေသမား ​ဆောင်းပါးစီးရီး​တွေနဲ့လို့ ​ပြောရမှာပါ။ ကြူးနှစ်​ရဲ့ ​ပျော်​ပါး​မော်​ကြွား အ​ရေးအသားဟာ စာ​ပေ​​ရေးရာ သ​ရော်​စာ (Literary Satire)ထဲ အကျုံးဝင်​ပါတယ်​။ သူ့စာထဲမှာ စာ​ပေ​လောကထဲက က​မောက်​ကမ​တွေ၊ က​တောက်​ကဆ​တွေ၊ ပြုံးရွှင်​ရယ်​​မောစရာ၊ မဲ့ရွဲ့ရင်​​မောစရာ​တွေ အထင်းသား မြင်​ရပါတယ်​။

အဲဒီတုန်းက သူ့လိုပဲ စာ​ပေ​လောက​နောက်​ခံ သ​ရော်​စာ​ဆောင်းပါး​တွေ အား​ကောင်း​မောင်းသန်​ ​ရေး​နေသူတစ်​ဦး ရှိပါတယ်​။ မတူတာက ကြူးနှစ်​ရဲ့ သ​ရော်​စာက ကိုယ်​ပိုင်​ဟန်​ရှိပြီး ​နောက်​တစ်​ဦးက​တော့ ​ရှေး​ရေးဟန်​ကိုပဲ ခနိုးခနဲ့သ​ဘော လုပ်​​ရေးတဲ့ပုံ ​ပေါက်​​နေပါတယ်​။ ကိုယ်​တို့ ရယ်​စရာ​ကျောင်းဆင်းချင်း ဆုံမိရင်​ ဘိုကြူးရဲ့ ​ပျော်​ပါး​မော်​ကြွား​တွေ စာအုပ်​ထုတ်​ရင်​ သိပ်​​ကောင်းမှာလို့ ​တောင့်​တ​လေ့ရှိပါတယ်​။ ​စောင့်​ဖတ်​ခဲ့ကြရတာကိုး။

အဲဒီအ​ကြောင်း ​မေးကြည့်​​တော့ ​ထုတ်​​ဝေသူတစ်​​ယောက်​ကို အဲဒီ ​ပျော်​ပါး​မော်​ကြွား အပုဒ်​​ရေ ၄၀ ​ကျော်​ အပ်​လိုက်​တာ စရံ​ငွေ ​ချေပြီး စာမူ​ရောလူပါ ​ပျောက်​သွား​လေသတဲ့။ တခြားထုတ်​​ဝေသူ တစ်​ဦးဦးက စာ​ရေးသူရဲ့ ခွင့်​ပြုချက်​ယူပြီး စာကြည့်​တိုက်​​တွေ၊ ရယ်​စရာမဂ္ဂဇင်း ထွက်​သမျှ ၀ယ်​စုထားသူ​တွေဆီမှာ ရှာ​ဖွေစုစည်းပြီး ထွက်​လာနိုင်​ရင်​​တော့ သိပ်​​ကောင်းမှာပါ။

၅။ ကြူးနှစ်​နဲ့ ၀တ္ထုတို
ကြူးနှစ်​၀တ္ထုတို များများမဖတ်​ဖူးပါ။ သူဆုရတဲ့ မာရ်​နတ်​ရဲ့စည်းစိမ်​၊ အိပ်​​ပျော်​​နေတဲ့ ဂျစ်​ပစီ​ရေးတဲ့ဝတ္ထု ဒီ၂အုပ်​ပဲ ဖတ်​ဖူးပါတယ်​။ ​တော်​​တော်​​လေး ဖတ်​လိုက်​မိတာနဲ့ အာရုံထဲ​ပေါ်လာတာက ​မို​ရေးဗီးယား ၀တ္ထုတို​တွေပါ။ ကြူးနှစ်​၀တ္ထုတို​တွေနဲ့ မို​ရေးဗီးယားဝတ္ထတို​တွေ တူညီတဲ့အချက်​​တွေရှိ​ကြောင်း သူ့ကို​ပြောမိ​တော့ သူက သူအကြိုက်​ဆုံး ၀တ္ထုတိုဆရာမှာ မိုပါဆွန်းဖြစ်​ပြီး ဒုတိယအကြိုက်​ဆုံးမှာ မို​ရေးဗီးယားဖြစ်​​ကြောင်း ဆိုပါတယ်​။

ကိုယ်​​တွေဆီက အများစု​သော ၀တ္ထုတိုဆရာ​တွေဟာ ပုံ​ပြောဆရာအဆင့်​က မလွန်​နိုင်​​သေးပါ။ ဇာတ်​လိုက်​ သူ​တော်​​ကောင်း​လေး​တွေ ပါမယ်​၊ ဇာတ်​နာတဲ့ အကွက်​​လေး​တွေ ပါမယ်​၊ အနစ်​နာခံတာ​လေး​တွေ ပါမယ်​၊ ဓမ္မနဲ့ အဓမ္မ အားပြိုင်​ကြရာ ဓမ္မက အနိုင်​ရ​လေသတည်း ​လေး​တွေ ပါမယ်​။ ကြူးနှစ်​ဟာ အဲဒီ​ခေါက်​ရိုးကျိုး ၀တ္ထုတို​ဖော်​မြူလာ​တွေထဲက​နေ သိသိသာသာကြီး ​ငေါထွက်​လာသူပါ။ သူဟာ အပြင်​မှာ ​တွေ့ရတာကို ​တွေ့ရသလို ဖွဲ့ပါတယ်​။ မိတ်​ကပ်​မလိမ်းပါ။ ဇာတ်​နာကွက်​​တွေပါ​သော်​ငြား ဒါကြီးကို ပိုပိုမိုမိုလုပ်​ပြီး ဇာချဲ့မျက်​ရည်​ချူမ​နေပါ။ ဒါကြောင့်​လည်း စာပေမိတ်​​ဆွေတစ်​ဦးက ကြူးနှစ်​တင်​ပြပုံကို အကြမ်းထည်​ဆန်​တယ်​လို့ ​ပြောတာပါ။ ​နောက်​တစ်​ဦးက​တော့ ကြူးနှစ်​မှာ အဆိုးမြင်​၀ါဒ ရှိတယ်​။ ဒီအခံနဲ့​ရေးလို့ သူ့အဖွဲ့အနွဲ့​တွေ ​ပြောင်​​မြောက်​တာ တဲ့။

ဒါနဲ့ ဦးဇင်းကြီး​ရေးတဲ့ ၀တ္ထုတို​တွေမှာ အဆိုးမြင်​စိတ်​ကဲ​နေသလားလို့ ဆို​ပြီး ​မေးကြည့်​​တော့ ​လောကမှာ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံမှာ အနိဋ္ဌာရုံကိုသာ အ​တွေ့ရများ​ကြောင်း၊ ဒီ​တော့ အ​တွေ့ရများတာကိုသာ ဖွဲ့ရ​တော့ ဒီလိုဝတ္ထုတို​တွေသာ ထွက်​လာ​ကြောင်း၊ ရန်​ကုန်​မြို့ သူ​နေတဲ့ဝန်းကျင်​မှာက အလွှာစုံနဲ့​တွေ့ရပြီး သူကလည်း လူ​ပေါင်းစုံနဲ့ ​ပေါင်းသင်းဆက်​ဆံရ​ကြောင်း၊ ဒီ​တော့ သူက သူ​တွေ့တာကိုသာ ​ရေးတာဖြစ်​ပြီး ဘာမှ ​ထွေ​ထွေထူးထူး မဟုတ်​​ကြောင်း ဆိုပါတယ်​။

တစ်​နည်းအားဖြင့်​ ​ပြောရရင်​ စစ်​ဖိနပ်​​အောက်​မှာ ကြာ​တောင့်​ကြာရှည်​ ငြိမ်​၀ပ်​ပိပြားခဲ့ရတဲ့ မြန်​မာ့လူ့အဖွဲ့အစည်းရဲ့ အလွှာစုံမှာ လူ့တန်​ဖိုး​တွေ၊ စာရိတ္တမဏ္ဍိုင်​​တွေ ဘယ်​​လောက်​ ပြိုဆင်းယိုယွင်း​နေပြီလဲ၊ ​​ လောကပါလ​တွေ၊ ဗြဟ္မစိုရ်​တရား​တွေ ဘယ်​​လောက်​​ခေါင်းပါး​နေပြီလဲ ဆိုတာကို ကြူးနှစ်​၀တ္ထုတို​တွေမှာ ​တွေ့နိုင်​ပါတယ်​။

၆။ ကြူးနှစ်​နဲ့ စာ​ပေဆု
အဲဒီလို လက်​စွမ်းရှိတဲ့ ကြူးနှစ်​ဟာ ၂၀၁၄ ခုနှစ်​မှာ​တော့ မာရ်​နတ်​ရဲ့စည်းစိမ်​ ၀တ္ထုတို စုစည်းမှု နဲ့ အမျိုးသားစာ​ပေဆု ရရှိခဲ့ပါတယ်​။ အစိုးရစာ​ပေဆုကို အ​လေးထားသူ​တွေ​ရော၊ အဖက်​မလုပ်​သူ​တွေပါ ကြူးနှစ် ဆုရတဲ့​အတွက်​ မုဒိတာဖြစ်​ကြရပါတယ်​။ အမှန်​​တော့ သူ​ပြောပုံအရ အဲဒီမတိုင်​ခင်​ နှစ်​​တွေကတည်းက ဆုရဖို့ တစ်​​ပြေး​နေတယ်​လို့ သိရပါတယ်​။ ၀တ္ထုတိုဆု​ ရွေးချယ်​​ရေးအဖွဲ့ငယ်​ရဲ့ ​နောက်​ဆုံးဆန်​ကာတင်​မှာ မီမိုးရဲ့ မဆာတတ်​သူများနဲ့ ယှဉ်​ပြိုင်​ပြီးမှ မဲအသာနဲ့ ရခဲ့တာပါတဲ့။

စာအုပ်​​ဈေးကွက်​အရ ဆုရပြီဆိုတာနဲ့ ဆိုင်​​တွေမှာ အ၀ယ်​လိုက်​​လေ့ရှိပါတယ်​။ ဒါကို ထုတ်​​ဝေသူက ပါးပါးနပ်​နပ်​နဲ့ ဒုတိယအကြိမ်​ ပြန်​ထုတ်​​ပေးရပါတယ်​။ မာရ်​နတ်​ရဲ့စည်းစိမ်​ က​တော့ အဲဒီဆု​ကြေညာကတည်းက ပြတ်​လိုက်​တာ အခုထိ ​ဈေးကွက်​မှာ ​ပေါ်မလာ​တော့ပါဘူး။ စာ​ရေးဆရာအတွက်​ နစ်​နာပါတယ်​။ အခု​တော့ အဲ့ဒီစာအုပ်​အပြင်​ တခြားကြူးနှစ်​၀တ္ထုတို​တွေပါ အုပ်​ထူ အခန့်​ချုပ်​နဲ့ စိတ်​ကူးချိုချိုက အတွဲ ၁၊ ၂ စသည်​ဖြင့်​ ထွက်​လာ​တော့မယ်​လို့ သိရပါတယ်​။ ကြူးနှစ်​ပရိသတ်​​တွေ ​မျှော်​ကြရုံ ရှိတာပ။

၇။ နိဂုံး
တကယ်​​တော့ နယ်​စာသမား​တွေအဖို့ ဦးဇင်း ကြူးနှစ်​နဲ့ ​တွေ့ရဖို့ဆိုတာ မလွယ်​လှပါဘူး။ ရန်​ကုန်​​ရောက်​ရင်​လည်း သူ့အလုပ်​ ကိုယ့်​အရှုပ်​နဲ့ ​အေး​အေးလူလူ မ​တွေ့နိုင်​ပါဘူး။ ​နောက်​ပြီး ကြူးနှစ်​ဆိုတာ နယ်​တကာလှည့်​ စာ​ဟော​နေသူလည်း မဟုတ်​​တော့ ပိုလို့​တောင်​ ​တွေ့ရခဲလှပါတယ်​။ ဦးရာဇဓမ္မရဲ့ အစီအစဉ်​​ကြောင့်​သာ ဒီလိုဆုံဖြစ်​သွားတာပါ။ ဒီခရီးစဉ်​မှာ သူ့ကို ​ကျေးဇူးအတင်​ထိုက်​ဆုံးပါ။ ဒီလို​တွေ့လိုက်​လို့ ရတဲ့အကျိုးက​တော့ ကြူးနှစ်​ဆိုတာ စာကိုသာ တစိုက်​မတ်​မတ်​ ​ရေး​နေတဲ့ စာ​ရေးသမားစစ်​စစ်​ပါ။ သူနဲ့ ဆုံရ​တော့ နယ်​​တွေမှာ တစ်​ပုဒ်​စ နှစ်​ပုဒ်​စ​ရေးပြီး ရပ်​ထားသူ​တွေ၊ ​မေ့​လောက်​မှ တစ်​ခါ ကြိုးကြားကြိုးကြား ​ရေး​နေသူ​တွေ၊ အ​ပြောသာချဲ့ အလုပ်​မဲ့​နေသူ​တွေ အဖို့ အားခွန်​ဖြစ်​​စေမှာ အမှန်​ပါပဲ။ ဒါ​ကြောင့်​ ဒီခရီးစဉ်​ဖြစ်​​မြောက်​​အောင်​ ​ဆောင်​ကြဉ်း​ပေးသူ​တွေအားလုံးနဲ့ စာ​ပေ​ရေးရာ​တွေ မငြီးမငြူ ​ဆွေး​နွေးအကြံပြု ဩ၀ါဒ​ခြွေ​ပေးတဲ့ ဦးဇင်း ကြူးနှစ်​ကို ​ကျေးဇူးတင်​မဆုံးပါ။ ​နောင်​နှစ်​​တွေမှာလည်း ​ပေါက်​ပြီးသားခရီးကို တွင်​​အောင်​ ဆက်ဆက်​​ကြွလာ​စေချင်​​ကြောင်းနဲ့ ​နွေး​ထွေးစွာ ကြိုဆို​နေမှာဖြစ်​​ကြောင်း က​လေးတမူး စာ​ပေသမားများကိုယ်​စား ​မေတ္တာရပ်​ခံ ပန်​ကြားရပါတယ်​။

ယောပြန်၊ မဏိပူရပြန်​ ဦး​တေမိ ​ခေါ် ဦးဇင်းကြူးနှစ်​သည်​ (စာ​ပေ/ဘ၀/​ဒေသန္တရ) ခရီးမိုင်​များစွာကို နှစ်​​ပေါင်းများစွာ ကျန်းမာကြံ့ခိုင်​စွာ ဆက်​လက်​ ချီတက်​နိုင်​ပါ​စေ​ကြောင်း ဆု​တောင်းလိုက်​ပါတယ်​။

ဓီရာလင်း

May 15, 2017

တမူးက အပြန် ခူးချင်တယ် နေကြာပန်းဆိုလို့

တမူးက အပြန် ခူးချင်တယ် နေကြာပန်းဆိုလို့

==================
ကိုငြိမ်း(မန္တလေး)

လွန်ခဲ့တဲ့နှစ်၊ ပြာသိုလပြည့် “အမေ နေ့” က တမူးမြို့မှာ တစ်ကိုယ် တော် ဟောပြောခဲ့ ရသေးတယ်။ ဟော.. ခုဒီနှစ် ၁၃၇၇ ခုနှစ်၊ ပြာသို လပြည့် အမေနေ့ မှာ လည်း နှစ်နှစ်ဆက် တမူးမှာဟောပြောရ တယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ယာကြီး လမ်းက သွားရတော့ နေ့ရှုခင်းတွေ အများကြီး ခံစားခဲ့ရတယ်။ အဲဒီ ယာ ကြီးလမ်းက အလှူခံနေ ရာလေးတွေ ကို သတိရလှပါတယ်။ အဲဒီလမ်း ပေါ်မှာ ကျောင်းဆောက်ဖို့ တံတား ဆောက် ဖို့စတဲ့ လူမှုရေး၊ ဘာသာရေး အလှူခံ ဌာနတွေ ရဲ့ လုပ်ဆောင်ကြ ပုံက အလွန်ကောင်း မွန်လှပါတယ်။ သူတို့က အလှူခံဆိုပြီး ဖလားထိုးရုံ သက်သက် မဟုတ်။ သူတို့နဲ့အတူ မုန့်ဗန်း ကိုင်တဲ့ ကလေးတွေပါသေး တယ်။ သဘောက အလှူငွေ ထည့်ပါ။ ဗန်းထဲက မုန့်လည်း ကြိုက်သ လောက် စားပါ။ ယူပါဆိုတဲ့ ပုံစံ။ လမ်းမှာ အလှူခံ အဖွဲ့ခုနစ်ဖွဲ့၊ ရှစ်ဖွဲ့ လောက်ရှိပြီး အလှူခံ ဌာနတွေရဲ့ အလှူခံ ပုံစံကလည်း အားလုံး အတူ တူ။ ဗန်း ကလေးတွေထဲက အကြော် မျိုးစုံ၊ စားသီးနှံမျိုးစုံ၊ ဌာပနာထုပ်၊ ကောက်ညှင်းပေါင်းထုပ်၊ မုန့်ဆီ ကြော် တို့အပြင် ကွမ်းထုပ် အထိ ပါ တယ်။ “လှူချင်သလောက်လှူ-ယူချင် သလောက်ယူ” ပါပေါ့။
ဒီနှစ် တမူးက စာပေဟောပြော ပွဲ ဖိတ်တော့ ပထမဆုံး ပြန်သတိရမိ တာ အဲဒီ အလှူခံအဖွဲ့ ကလေးတွေကို ပါ။ ဒါနဲ့ နှစ်ရာတန်၊ တစ်ရာ တန် အကြွေ တွေအများကြီး စုထားတယ်။
ဒါပေမဲ့ လှူရတန်းရမယ့် ကု သိုလ်ကံ နည်းလို့လား မသိ။ ဒီနှစ် ကား ထွတ်ချိန် နဲ့ မနှစ်က ကားထွက်  ချိန် ပြောင်းပြန် ဖြစ်သွားတယ်။ မနှစ် က မနက် ၇ နာရီထွက်တယ်။ ဒီနှစ် ညနေ ၅နာရီ ထွက်တယ်။ ပြီးတော့ မနှစ်က ယာကြီးလမ်းက ပတ်တယ်။ ဒီနှစ် ပုံတောင် ပုံ ညာဖြတ်တယ်။ ကျားတွေ ဆင်ရိုင်းတွေ ထွက်ပြီး အလှူမခံကြတာကိုက ကံကောင်း တယ်။
ဟောပြောပွဲကတော့ တမူး ကဗျာဆရာတွေဖြစ်တဲ့ ရင်ရိုး၊ သွယ် ဘ၊ အောင်ကိုကိုလတ် (တမူး)၊ ရဲရင့် လုံ၊ လင်းအိမ်ငယ် စတဲ့ ကဗျာ ဆရာ တွေက ဦးစီးကြတာပါ။ ဟောပြောပွဲ အခြေအနေက တအားတိုးတက် လာတယ်။ မနှစ်က ကိုယ်တစ်ယောက် တည်းပေမယ့် ဒီနှစ်မှာတော့ မော်ဒန် ကဗျာဆရာ နေမျိုး နဲ့ နှစ်ဦး။ ကဗျာ ဆရာ၊ ဆရာမလေးတွေရဲ့ အမေ က ဗျာရွတ်သံ၊ အမေသီချင်းဆိုသံတွေက တအား ကို ကောင်းလှပါတယ်။
ဒီတမူးပွဲကို အဓိက ဦးစီးသူက ကဗျာဆရာ ရင်ရိုးပါ။ ရင်ရိုးဆိုတာ မတ္တရာ ရွှေပရဟိတ ကျောင်းက ဆရာ ခင်မောင်နိုင်ဦးရဲ့ တ ပည့်ပေါ့။ သူက သူ့ဆရာလုပ်တဲ့ အမေနေ့ ပုံစံ တိုင်း၊ နောက်က လိုက်လုပ်တာပါ။ ဒါပေမဲ့ ကိုယ်က သူ့ဆရာခင်မောင် နိုင်ဦးကိုပဲ ချီးကျူးမိတယ်။ ချီးကျူးရ တာက ခင်မောင်နိုင်ဦးဟာ “သူ့ထက် တော်တဲ့တပည့်” ကို မွေးထုတ်နိုင်လို့ပေါ့။
ဟောပြောပွဲပြီး နောက်ရက်မှာ တော့ နန်းဖာလုံဈေးသွားလည်တယ်။ နန်းဖာလုံးဈေးက နယ်စပ် (မြန်မာ ဘက်)ဈေး၊ အိန္ဒိယနိုင်ငံဖြစ် အမှတ် တရ ပစ္စည်းလေး ဝယ်ချင်ပေမယ့် ဈေး ထဲက တရုတ် ပစ္စည်းက ရှောင်လို့မရ ဘူး။ အင်အားကြီးနှစ်ခု ပွတ်တိုက် တဲ့ နေရာ မှာတောင် တရုတ်က စီးထား နိုင်တာတွေ့ရတယ်။ အဲဒီမှာ အိန္ဒိယ နဲ့ ပတ်သက်တာ ဆိုလို့ ဂျင်းလက်ဖက် ရည်ပဲ ရှိတယ်ထင်တာပဲ။
နယ်စပ်ဖြတ်ပြီး တစ်ဖက်နိုင်ငံ မိုးလေးထဲ ဝင်တော့ မြင်ကွင်းတွေ အနံ့အသက်တွေ အကုန်ပြောင်းကုန် တယ်။ ဆရာမြ ဘာသာပြန် တဲ့ သုခ မြို့တော်ကို သတိရမိတယ်။ မိုးလေး ဟာ အဆောက်အအုံ အသေးလေး တွေနဲ့ ညှပ်ပိတ်နေတဲ့ နယ်စပ်မြို့။ ဒါပေမဲ့ လမ်းဘေး မှာတင် ရိုက်နေ တဲ့ ဖဲဝိုင်း မျိုးလည်း တွေ့ရတယ်။
နေမျိုးက သူ့သမီးလေးအတွက် ကုလားမပုတီးဝယ်တယ်။ ကိုယ်က ကိုယ့်မိန်းမအတွက် ကုလားမလက် ကောက်ဝယ်တယ်။ မန္တလေးကဗျာ ဆရာလေးတစ်ယောက်က “ဆရာ အဲဒီ ရောက်ရင် ကွမ်းတစ်ယာလောက် ဝယ်စားပါ” ဆိုလို့ ကွမ်းတစ်ယာ ဝယ် စား ပါတယ်။ ကွမ်းတစ်ယာကို မြန်မာ ငွေနှစ်ရာလောက် ကျတယ်။ တစ်ယာ ပဲ ဝယ်စားပါတယ်။ နှစ်ယာ စားရင် ထမင်းလွတ် သွား မှာ သေချာ တယ်။
ညနေရောက်တော့ ဖိတ်ထားတဲ့ စာရေးဆရာနှစ်ယောက်ကို မြို့ထွက် ကာ နွေမိုးဆောင်း ခြံကျယ်ကြီး ထဲမှာ နှုတ်ဆက်ပွဲ လုပ်ပေးပါ တယ်။ ညနေ ၅ နာရီလောက် ကားရောက်လာမှ “ပြန်တော့မယ်..မောင်တင်ပြန် တော့မယ်” သီချင်း နဲ့ ပွဲသိမ်းလိုက်ရ တယ်။
ကားပေါ်မှာတော့ လွတ်လွတ် လပ်လပ် ချောင်ချောင်ချိချိပါ။ အ လာခရီးတုန်းက ကိုယ်တို့ စာရေးဆရာ နှစ်ယောက် နဲ့ ဒရိုင် ဘာနှစ်ယောက်။ အပြန်ခရီးကျတော့ ကိုယ်တို့နှစ် ယောက်နဲ့ ဒရိုက်ဘာ တစ်ယောက်၊ ပေါင်း သုံးယောက်။ လမ်းဘေးမှာ သုံးကြိမ် အထိ ကားရပ်ပြီး အိပ်ခဲ့ရ။
နောက်ကားက တရိတ်ရိတ်ပြေး နေ။ အိပ်ရေးက မဝ။ ဆိုင်းဘုတ်လေး တစ်ခု ကားပေါ်က လှမ်းမြင်။
“လက်တောင်းကြီးရွာ..”
အို..လက်တောင်းကြီးရွာပါ လား။ ဒီအခါ လောင်နေတဲ့ တစ်ခုခုလို။ ဟုတ်တယ်။ လောင်နေတဲ့ တစ်ခုခုလို။ “နေ” ကို အလုံး ပျက်အောင် ရေလျှံ တွင်းတွေက စုပ်ယူနေကြတဲ့ ချောင်း တဟွတ်ဟွတ် အသံတွေ ကြားလာရ တယ်။ ဖိုးဝင်းတောင် သို့ မြင်ပြန်တော့ လည်း ကျောက်တောင် ကို ဆောက်နဲ့ ဆစ်ပြီး ရောမခေတ်ကို ဟန်ပါပါပခုံး တွန့်နေတဲ့၊ ရွှေဘတောင်ရဲ့ ကျောက် တွင်း ဗိသုကာမှာ ဒီလူ (ကိုယ်)သင်း ကွဲမျောက် တစ်ကောင်လို ကိုယ်ရောင် ဖျောက်နေခဲ့ ရတာတွေ ပြန်မြင်လာရ ရော။ အဲဒီတုန်း ကတော့ ယင်းမာပင် နဲ့ ပုလဲကြား က ဒီလက်တောင်းကြီး မှာ ပိုးစုန်းကြူးတွေတောင် ည အပြင်မထွက်ရဲကြဘူး။
ဒါပေမဲ့ သင်း ကွဲကြီးအနီးမှာ ကဗျာချစ်သူတွေ ဆိုတာကတော့ ပရီးမီယားလိဂ် တစ်ရာသီစာ ဘော လုံးသမားတွေလောက် ရှိတယ်။
“ကြည့်စမ်း..နေကြာပန်းတွေ
ဟေ့ကြည့်ကြစမ်း..နေကြာ ပန်းတွေ”
အိမ်ရှင်မ မမရီရေ.. ကိုယ့်မှာ ဖြင့် ပုလဲက ပြန်လာမှ နေကြာပန်း တွေကို သနားရမှန်း သိလာတယ်။ ဒင်းတို့က နေကြာပန်းကို တုတ်နဲ့ ရိုက် ကြတယ်။
အဲဒီနောက်
“ပုလဲမြို့မှ ကြိုဆိုပါ၏”တဲ့။
တစ်ခါက စာရေးဆရာအုပ်စု နဲ့ ဒီမြို့လေး စာပေ ဟောပြောပွဲ ရောက်ဖူးတယ်။ ဒါပေမဲ့ ကိုယ့်တစ် ယောက်တည်း ကွက်ပြီး ဟောပြော ပွဲ အပိတ်ခံရတဲ့ မြို့။ အဲဒီတုန်းက မြို့ ဝင်ခံတာကိုပဲ သူတို့ကျေးဇူးတင်ရ မလိုလေ။ အဲဒီတုန်းက မြို့ခံသင်းကွဲ မျောက် တစ်ကောင်နဲ့ တစ်ညလုံး ဆေးပေါ့လိပ်ထိုင်သောက်နေခဲ့ တယ်။
အဲဒီတုန်းက ဒီလိုလေး ညည်း လိုက်မိသလား မပြောတတ်ဘူး။
ခက်တော့လည်း ခက်သားလား။ င့ါကိုယ်ငါ့ချစ်တာ အသာထားပြီး “ဒုတိယ-ကမ္ဘာဦး သီချင်း”…
ခပ်ဖိမ့်ဖိမ့် ဆိုဖို့ဆိုတာကလည်း သံလွင်ခက် သယ်မယ့် ငှက်က
အစ်စကီးမိုးတို့ ဒေသကိုမှ ဆောင်းခိုဖို့ ရွေးချယ်လိုက် ပြီ လား……………
………………………………….
“ဆရာငြိမ်း ထ..ထ
အောင်ပင်လယ်ရောက်ပြီ”
ကိုငြိမ်း(မန္တလေး)

Credit