ဦးလေးမိုး၏ မှတ်သားစရာစကားများ (စ/ဆုံး)
ညာဘက်လက်ကလေးကိုအပေါ်မြှောက်လိုက်ပြီး
လက်ဖဝါးနှင့် လက်ငါးချောင်းကို ဘယ်ညာ တစ်ပတ်
နှစ်ပတ်လှဲ့ပြီး ''မလိုဘူး ဒါတွေမေးလို့'' ဆိုပြီး
ဂါထာရွတ်သလို နေ့စဉ် ပြောဆိုနေလေ့ရှိသူ တစ်ဦး
ရှိတယ်။
ကျနော်တို့ငယ်စဉ်ကတည်းက ခေါ်ဝေါ်သုံးစွဲလာကြတာ
ဖြင့် ''ဦးလေးမိုး'' ဆိုတဲ့ အမည်ပါ။ သက်တူ ရွယ်တူ တွေ
က ''ငမိုး'' လို့ သုံးနှုန်းခေါ်ဆိုကြပါတယ်။
ဦးလေးမိုးဟာ တခါတခါ စိတ်မတည်ငြိမ်ခြင်းများ ဖြစ်တတ်ပါတယ်။ သူလုပ်ချင်တာ လုပ်၊ သူပြောချင်တာပြော၊ သူဆိုချင်တာ ဆို...
ဒါကိုပင် စိတ်ဖောက်ပြန်ခြင်း၊ အရူး ဟု သတ်မှတ်ခံထားရခြင်း ဖြစ်ပါတယ်။ တခါတခါမှာ ထင်မှတ်မထား
တဲ့ မှတ်သားစရာစကားတွေ ပြောဆိုတတ်ပါတယ်။
လွယ်အိတ်တစ်လုံးလွယ်ပြီး
စားသောက်လို့ရတဲ့ သစ်သီး သစ်ရွက်များ ခူး၊ ကောက်
ပြီး သူ့ဣစ္ဆာသယ လွယ်အိတ်ထဲ့ထည့် သူ့ကို ကျေးဇူးပြု
သူများကို ပေးလေ့ရှိတယ်။
ကျနော်တို့ငယ်စဉ်က ဘုရားကြီးကျောင်းထဲလာ သရက်ကင်းကြွေတွေ ကောက် သူ့ဣစ္ဆာသယ အိတ်ကြီးထဲထည့်၊ ကျနော်တို့က မေးတယ်...
"ဦးလေးမိုး အဲ့သရက်သီးတွေ ဘာလုပ်ဖို့လဲ?.. မေးတဲ့
အခါ အဖြေပြန်ပေးတဲ့ စကားတစ်ခွန်းရှိပါတယ်။
"အသုံးကျတဲ့ သူ ပေးဖို့'' တဲ့လေ။
ဒီစကားကို ပြန်စဉ်းရင်
အသုံးကျသူတွေ အများကြီး ပေါ်ထွက်လာတယ်။
သူ့အတွက် အကျိုးဆောင်သူ
ရပ်ရွာအတွက် အကျိုးဆောင်သူ
ဘုန်းတော်ကြီးကျောင်းအတွက် အကျိုးဆောင်သူ
စာသင်ကျောင်းအတွက် အကျိုးဆောင်သူ
အများအကျိုးဆောင်ရွက်သူများ စသည်....
အများကြီးပေါ်ထွက်လာပါတယ်။
အဲ့ဒီကာလတုန်းက အဲ့ဒီလောက်ထိ မတွေးခေါ်နိုင်ခဲ့
ဘူး။
ဦးလေးမိုး ဆိုလျှင် အနီးဝန်းကျင် ရွာများက မသိသူ မရှိသလောက်ပဲ။ သာရေး နာရေးပွဲဆိုလျှင် ဘယ်ရွာဖြစ်ဖြစ် သူက ရောက်ရှိနေပြီးသား။ ရေနွေးအိုးတည်ခြင်းက ပွဲတိုင်း
မှာ သူ့အလုပ်လို့ ယူဆဟန်ရှိပါတယ်။ ဒါကြောင့် ဦးလေးမိုး
ကိုထွေထွေထူးထူး ရှာစရာမလို ရေနွေးကြိုတဲ့နေရာသွား
ကြည့် သူကရှိနှင့်နေပြီးသားပါ။
တစ်နေ့ လင်းဖြူ ကျောင်းရောက်နေစဉ်
ဦးလေးမိုးက ရေနွေးတည် ထင်းတွေစု၊
အလုပ်ကလေးလုပ်လိုက်၊ သူ့မျက်စိထဲ အဆင်မပြေတာ
တွေ့ရင် သန့်ရှင်းရေးလုပ်လိုက်နဲ့ မကြာခဏဆိုသလို လုပ်
ပေးလေ့ရှိတယ်။
အလုပ်လုပ်ပြီးချိန်မှာ
လင်းဖြူဆရာတော် ဦးတိလောက မှ ဦးလေးမိုး စားဖို့
မုန့် အစရှိသည် စားဖွယ်ရာများ ကျွေးလေသည်။ ဆရာတော်ကလည်း ခဏတိုင်းကျွေးမွေးတယ်ထင်ပါတယ်။
ဦးလေးမိုးက သူ့ကို အဲ့လိုကျွေးဖို့ ပေးရကောင်းလားဆို
ပြီး စကားတခွန်းပြောတယ်တဲ့...။
"ဟိုဟာ လုပ်နိုးနိုး ဒါလုပ်နိုးနိုး ဘာမှ လာမကျွေးနဲ့'' လို့
ပြောသတဲ့။
ဆရာတော်ဆီ အဲ့ဒီစကားရောက်သွားချိန်မှာ ဆရာတော်က ''ငမိုးနှယ် နောက်သကွာ'' ဆိုသတဲ့။
ဒီနေရာမှာ
ဦးလေးမိုး အလုပ်လုပ်ရခြင်းက ဘာမျှော်လင့်ချက်မှ
မရှိသလို....။
ဆရာတော်ကလည်း ဘယ်သူလာလာ
ဧည့်ခံကျွေးမွေးခြင်းဖြစ်ပါကြောင်း..။
အတုယူစရာပင် မဟုတ်ပါလား...
ဘုရားကြီးကျောင်းအတွင်း တချိန်က ရေတွင်းသုံးတွင်းရှိသည်။ ကျောင်းဆောင်ကြီး၏အရှေ့ဘက်တွင် ရှိသော
ရေတွင်းကို အရှေ့ရေတွင်း ခေါ်ကြသည်။ ဒီလိုပဲ အနောက်ရေတွင်း၊ မြောက်ရေတွင်း ဟုရှိသည်။
မြောက်ရေတွင်းသို့အသွား ရေတွင်း၏ ဘယ်ညာမှာ
တချိန်က သံပုရာပင် တစ်ပင်စီရှိလေသည်။ ညာဘက်က
အပင်သည် အသီးသီးချိန်ဆို အလွန်သီးသည်။ သံပုရားသီး
များ ရင့်၊ မှည့်ချိန်ဆိုလျှင် သံပုရာ သီးများကိုခူး ပြီး
ကိုရင်ကြီး၊ ကျောင်းသားများ အရည်ညှစ်ရလေသည်။
အရည်ညှစ်ပြီးသား သံပုရာခွံများကို ဆားနှင့်နယ် ဖန်ပုလင်းခပ်ကြီးကြီးထဲထည့်ပြီး နေလှန်းရသည်။ တစ်ခါ......
သံပုရာသီးများကို အလုံးလိုက် ဖန်ပုလင်းထဲထည့်၊ ဆားထည့် ပြီး နေလှန်းရသည်ကလည်း ရှိသေးသည်။ သံပုရာချဉ်တည်သည်ဟုခေါ်သည်။
ယခု ထိုသံပုရာပင်များ မရှိတော့လေပြီ။
ဦးလေးမိုးသည် ကျနော်တို့ ငယ်စဉ်က ဘုရားကြီးကျောင်းသို့ နေ့စဉ်လိုလိုလာရောက်လေ့ရှိသည်။ သူရောက်လာတိုင်း စေတီတော်ကြီးကို ဝတ်ပြု ဖူးမျှော်ပြီး ကျောင်းဝန်း
အတွင်း လှည့်လည်သွားသည်။ ထိုသို့သွားရင်းမှာပဲ...
နေပူခံထားသော သံပုရာချဉ်တည်ထားသော ဖန်ပုလင်းများကို တွေ့သောအခါ စကားတစ်ခွန်းပြောသေည်။
"သံပုရာသီး ချဉ်ပါတယ်ဆိုမှ အချဉ်တည်စားတဲ့သူက ရှိသေး'' လို့ဆိုသတဲ့။
ထိုစကားကို ဆရာတော်ကြားတဲ့အခါ ဆရာတော်က
"ငမိုးကတော့ လျှော်သကွာ'' တဲ့။
အချဉ်ကို အချဉ်တည်ထားတာကိုပဲ ပြောခြင်းဖြစ်ပါတယ်။
ရေရှည် အထားခံပြီး စားသောက်နိုင်သည်ကို ဦးလေးမိုး
ပြောဟန်မတူပါကြောင်း....။ ဦးလေးမိုးသည် အရှိကို အရှိ
အတိုင်း မြင်သူပေတည်း။
သို့သော် အဲ့ဒီနောက် သံပုရည်ညှစ်ရတဲ့ အလုပ် မလုပ်ရတော့ဘူးလေ။
အင်းကုန်းရွာ အင်ကုန်းကျောင်းထိုင်ဆရာတော် လူထွက်
သွားပြီးသည့်နောက် ကျောင်းထိုင်ဆရာတော်ကို လိုက်လံ
ပင့်ဆောင်ကြရာ ဘုရားကြီးကျောင်းမှ ဦးဂါရဝ ကို ကျောင်း
ထိုင်ဆရာတော်အဖြစ်ပင့်ဆောင်ကြလေသည်။
ဦးဂါရဝသည် (ယခုလူပျံတော် ငြိမ်းဆောင်)
အင်ကုန်းကျောင်းတွင် အချိန်အတော်ကြာသည်အထိ သီးတင်သုံးနေထိုင်ခဲ့ဘူးလေသည်။ နောက်....
အကြောင်းအမျိုးမျိုးကြောင့် သီတင်းသုံးနေထိုင်းခြင်းမရှိပဲ
ရွာသို့ပြန်လာခဲ့လေသည်။ ထိုအချိန်မှာ...
အင်ကုန်းရွာမှ အလှူပွဲတစ်ခုနှင့်ကြုံကြိုက်လေသည့်အခါ
ဦးလေးမိုးသည် ထိုအလှူပွဲသို့ ရောက်ရှိနေခိုက်.....
အလှူပွဲကို လာရောက်သူများက ဟိုတစ်စု
ဒီတစ်စု စပ်မိစပ်ရာ စကားပြောဆိုကြလေသည်။ ထိုအထဲ
မှာမှ အင်ကုန်းရွာသူ/သားများထဲက ''အုတ်ဖိုက ဦးဇင်းလေးပြန်ကြွသွားတာ သီလမပေးတတ်၊ တရားလည်းမဟောတတ်'' လို့ ပြန်ကြွသွားတာ ဟု လူတစ်ယောက်၏
ပြောဆိုသံကို ဦးလေးမိုး က ကြားမိလေသည်။
ထိုစကားကို ကြားကြားချင်း ဦးလေးမိုးက တုန့်ပြန်စကား
ဆိုခဲ့ပေသည်။
"အုတ်ဖိုရွာ ဦးဇင်း ကိုရင် မပြောနဲ့ ငါတောင် သီလပေးတတ်တယ်ကွ။ ထိုင်စမ်း မင်းတို့ ဘယ်နှစ်ပါးသီလ
ယူချင်လဲ'' ပြောဆိုသတဲ့။
ဦးလေးမိုးသည် ဘုရားကြီးကျောင်းတိုက်ဆရာတော်၏
တပည့်တွေအပေါ် သွန်သင်မှု ဆုံးမမှု ၊ စာကျက် စာအံ
စာပြန် ဘုရားဝတ်ပြု သီလပေး စသည် ငန်းစဉ်များကို
သိရှိထားပြီးသူဖြစ်လေသည်။ဒါကြောင့်လည်း ဦးလေးမိုး
က တုန့်ပြန်စကားဆိုနိုင်ခဲ့သည် မဟုတ်ပါလား။
ဒီစာဖတ်နေသူဆိုလျှင် ဘယ်လိုများပြန်ဖြေပေးပါလိမ့်...
ဦးလေးမိုးသည် ရွာရိုးကိုးပေါက်မကရောက်ရှိသည်။
အထူးသဖြင့် ဦးလေးမိုးသည် ကလေးအလွန်ချစ်တတ်လေ
သည်။ သူသွားလေရာနေရာတိုင်းမှာ ကလေးများနှင့်
စ.လိုက်၊ နောက်.လိုက် အဆင်ပြေပြေနေသည်။
ကလေးများသည် များသောအားဖြင့် စိတ်မနှံ့သောသူ၊ စိတ်မမှန်သောသူ၊ အော်ဟစ်ငေါက်တတ်သောသူ၊ ခြောက်တတ်သောသူ များဆို ကြောက်တတ်သည်။
သို့သော် ဦးလေးမိုးကို ကြောက်သောကလေး အလွန်ရှား
သည်။ ဒါသည်ပင် ယနေ့ အတုယူစရာဖြစ်သည်။
ယနေ့မှာတော့ ကလေးကအစကြောက်နေရလျှင်
တခုခုတော့ လွဲမှားနေလေပြီ၊
"ကလေးကလေး အထင်မသေးနဲ့၊ ကလေးက လူကြီးဖြစ်၊
ကလေးကောင်းမှ လူကြီးကောင်း၊ လူကြီးကောင်းမှ အနာဂတ်ကောင်းမည်'' ဆိုသည်ကို မေ့မနေကြဖို့ ..။
"ယနေ့လူငယ် နောင်ဝယ်လူကြီး သင်လည်းတစ်ဦး
သားထူးသားမြတ် /သမီးထူး သမီးမြတ် ဖြစ်အပ်ရာ၏''
ဆိုသည့် ပညာရှိ ကဝိတို့၏ အဆိုများကို နှလုံးသွင်း
နိုင်ကြပါစေ ... တိုက်တွန်းပါရစေ
မြင့်မောင် ဆိုတဲ့ ဝတ်လစ်စလစ်ဖြင့် နေသောသူတစ်
ဦး ရွာမှာရှိခဲ့ဖူးသည်။ ယနေ့ မမီလို့ မသိလိုက်သူများ
ရှိသလို၊ ဘယ်သူမှ မပြောပြလို့ မသိကြသူများလည်း
ရှိသည်။(သူတို့ကို ဘယ်သူက အရေးလုပ်ပြီး ပြောပြကြမှာ
လဲ။ တိုက်ဆိုင်လျှင်တော့ သတိရချင်ရမှာပါ။)
မြင့်မောင် ထန်းပင်တန်း၊ မြင့်မောင် ထန်းတော
ဟု ခေါ်ဝေါ်သတ်မှတ်ထားသော ထန်းပင်များ ယနေ့
တိုင်ရှိသေးသည်။ ရိုးရိုးပြောရလျှင် အရူးကမှ အပင်စိုက်
ဖော်ရသေးသည်။ မရူးတဲ့သူများက ထင်းအဖြစ်အသုံးပြုကြလေသည်။
မြင့်မောင် သည် ကျနော်မီသမျှကာလတစ်လျှောက်
ဘယ်တုန်းကမှ ဆံပင်မဖြတ်ခဲ့ဘူး၊ ရေမချိုးခဲ့ဘူး။ တကိုယ်ရည် သန့်ရှင့်မှု မလုပ်သည့်အတွက် သူလမ်းသွားလျှင် သူ့နောက်မှာ ပေသုံးဆယ်လောက်ထိ သူ့ခန္ဓာကိုယ့်မှ အနံများ
ကျန်ရစ်လေသည်။ သူ့နှင့်တွေ့လျှင် ကျနော်တို့ငယ်ငယ်က
ပြေးကြလေသည်။ ထိုအနံ့ကို မခံနိုင်လို့ဖြစ်သည်။
တစ်နေ့ .....
ဦးလေးမိုးက မြင့်မောင်ကိုပြောတဲ့ စကားတစ်ခွန်းရှိသည်။
"မြင့်မောင်ရ လူဆိုတာ ဝတ်လစ်စလစ် ရူးရတာ
မဟုတ်ဘူးဟ'' ဟု ပြောဆိုသတဲ့။ ယနေ့အခေါ်ဆိုလျှင်
''အရူးက တမူးသာ'' ပြောရမှာပဲ။
ဦးလေးမိုးသည် ဘာရည်ရွယ်ချက်နဲ့ ပြောတယ်မ
သိပေမယ့် ဝတ်လစ်စလစ် ပုဂ္ဂိုလ်များမြင်ရလျှင်
မြင်ရသူ အနေခက်စေသည်။ ကြည့်ရရုပ်ဆိုးသည်။
ယနေ့ လူကောင်း သူကောင်းများဟု ကိုယ့်ကိုကိုယ်
တန်ဖိုးထားသူများသည် .....
ဝတ်လစ်စလစ် စိတ်
ဝတ်လစ်စလစ် နှလုံးသား များမရှိစေပဲ။
စိတ်ကောင်း နှလုံးကောင်းဖြင့် ညီညွတ်စွာ ငြိမ်းချမ်းစွာ
နေထိုင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြ
ဖို့သာ......
ဦးလေးမိုးသည် ဘာစိတ်ကူးပေါက်ပြီး ပြောတယ်
မသိပါ။ သွားရင်း လာရင်း ပြောဆိုနေသည် စကား
တွေလည်းရှိသည်။
"လူတွေက ငါ့ကို မိုက်တယ် မိုက်တယ် နဲ့ ငါ့ ထက်မိုက်
တဲ့သူတွေလည်း ရှိတယ်'' ဆိုလေသည်။
ဘယ်သူလဲ? လို့ မေးတဲ့သူလည်း ရှိဟန်တူပါသည်။
ဒါ့ကြောင့်လည်း အဖြေထွက်လာတာ နေမှာပါ။
အဖြေက....
သံပုရာသီး ချဉ်ပါတယ်ဆိုမှ အချဉ်တည်တဲ့ ဘုရားကြီး
ကျောင်းဆရာတော်ရယ်..။
ကိုယ့်အိမ်ကို မီးရှို့တဲ့ ငပန် ရယ် ပြောသတဲ့။
ဦးလေးမိုး၏ အဖြေဖြစ်သည်။ ဒီအဖြေက မှတ်တမ်းဝင်
အဖြေဖြစ်သည်။ ဟုတ်ပါသည် ငပန် ကလည်း ကိုယ့်အိမ်ကို မီးတိုက်ခဲ့တယ်လေ။တကယ်တော့ ဦးလေးမိုးလောက်
ငပန် အသိဉာဏ်မရှိခဲ့ဘူး။
ကိုယ်မိသားစု ကိုယ့်အိမ် ကိုယ်နေထိုင်ရာ နေရာကို
ဘယ်သူမှ ဖျက်လို့ဖျက်ဆီး မလုပ်ခဲ့ဘူး။ သမိုင်းမှာလည်း
မရှိခဲ့ဘူး။ ဒီသမိုင်းက ရုပ်ဆိုးအကျည်တန်စေခဲ့တယ်။
ယခု ဒီစာရေးသူရဲ့ ဖခင်ကြီးပါပဲ။
ကိုယ့်သမိုင်းကိုယ်ရေးတယ် ဆိုတာက
ဆိုးတာရော ကောင်းတာရော ကို သတ်မှတ်တယ်။
ကောင်းတာတွေနှင့် အကောင်းဆုံးဖြစ်အောင်
သမိုင်းသစ်ထူကြပါလေ.....။
ဦးလေးမိုးသည် ပရိတ်ကြီး လောကနီတိ တို့ အလွတ်ရသည် ဟု ကြားဖူးသည်။ ဒါကလည်း လူပြောများသည်။
ကျနော်တို့က သူရွတ်သံ ဆိုသံ တစ်ကြိမ်မျှ မကြားဖူးပါ။
သို့သော်....
ကျနော်ကိုရင်ပေါက်စ ဘဝက ပရိတ်ကြီးကျက်ရသည်။
ပရိတ်ကြီး(၁၁) သုတ်မှာ ဓဇဂ္ဂသုတ်သည် အခက်ဆုံးဟု
အများသိကြသလို ''ရှင်ကိုဖျက် ဓဇဂ်'' ဆိုပြီး စာချိုးတွေထိ
ရှိသည်။
ကျနော်တို့ ငယ်ပေါင်းသူငယ်ချင်းများ ပရိတ်ကြီးကျက်နေစဉ် ထစ်ထစ်ငေါ့ငေါ့ဖြင့် ကျက်နေသည်ကို ဦးလေးမိုးက
"ဒီလို ဖတ်ရတယ်''ဆိုပြီး လမ်းသွားရင်း ပြောဆိုသွားသည်
ကို မှတ်မိသည်။ စာကျက်သူ ဘယ်သူလည်း မမှတ်မိပါ။
ရတနသုတ်ထဲက စာပိုဒ်တခုဖြစ်သည်။
ဦးလေးမိုးထောက်ပြပုံကို ထောက်ဆကြည့်လျှင်
ဦးလေးမိုးသည် သူငယ်ငယ်က စာကျက်ခဲ့တာတွေ
အကုန်လုံးမရပေမယ့် တချို့ကိုတော့ ရနေသည်ကို
မြင်နိုင်သည်။ မမေ့ပဲရှိနေသည်။
ဉာဏ်ကောင်းလှပေသည်။
ဦးလေးမိုးသည် ဘယ်အသက်အရွယ်က စိုက်ပျိုးခဲ့သည်
မသိပေမယ့် ယနေ့ရွာ၏အနောက်ပေါက်အဝင် ရေကန်ကြီး
အနီးမှာ ကုက္ကိုပင်များရှိလေသည်။ ထိုကုက္ကိုပင်ကြီးများ ခုတ်လဲမည်ဆိုကာမှ ဦးလေးမိုးက သူစိုက်ထားတဲ့
ကုက္ကိုပင်ကို ခုတ်လှဲခွင့်မပေးချေ။
အဲ့ဒီကြမှ ဦးလေးမိုးစိုက်ခဲ့သည့် ကုက္ကိုပင်ဟု သိရသည်။
အကိုင်းအခက်များကိုသာ ဖြတ်တောက်ခွင့်ပေးသည်။
ဒါတောင် သူပေးသော အကိုင်းကိုသာ ဖြတ်တောက်ရ
လေသည်။
တခါ...
ဖြတ်တောက်ထားပြီးသော အကိုင်းများထဲတွင် အဖျားကိုင်း
ကိုသာ ယူကြ ယူကြ ဆိုပြီးပေးသည်။ ဖြတ်တောက်ပြီးသော အကိုင်းဖြစ်ပေမယ့် အရင်းပိုင်းက ကြီးနေလျှင်
မပေးချေ။ နွားကျွေးနိုင်ရန် နွားစားခေါင်း သို့မဟုတ် နွား
စားခွက် ပြုလုပ်နိုင်သည် ဟု ထင်းအဖြစ်အသုံးမပြုရစေပဲ
ဒီအတိုင်းထားလေသည်။ တနေရာရာအသုံးပြုနိုင်ရန်
ချန်ထားသည့်သဘော ဖြစ်သည်။
အဲ့ဒီအသားတုံးကြီးကို ဘယ်သူမှ အသုံးပြုခြင်းမလုပ်ကြ။
လိုအပ်လျှင် ဦးလေးမိုးဆီ တောင်းယူပြီး အသုံးပြုနိုင်သည်။
သို့သော် ဘယ်သူမှ မတောင်းဆိုကြသည့်အတွက် ထို
ကုက္ကိုသားတုံးကြီးလည်း တဖြေးဖြေး ပျက်စီးသွားသည်။
ဦးလေးမိုးသည် ကျနော်တို့ မျက်မြင်မှာပဲ သူစိုက်ပျိုးထား
တဲ့ အပင်ကြီးများကို ကြည့်၍ သူကိုယ်တိုင် အဲ့ဒီသစ်
ပင်အရိပ်အောက်မှာ နားခိုနေနိုင်သလို အခြားအခြားသော
သူများလည်း နားခိုနေနိုင်သည်။ နားလည်းနားကြလေသည်။
ရွာအဝင်မှာလည်း လှပတင့်တယ်နေသည်။
တချိန်က နွေရာသီဆိုလျှင် ထိုကုက္ကိုပင်ကြီးများအောက်မှာ
နေ့နေ့ညည နေကြသော နွားများပင်ရှိလေသည်။
ကုက္ကိုပင်အောက်မှာနေ ကုက္ကိုသီးများစား ရေကန်ကြီးထဲ
မှာ ရေသောက်။ ကုက္ကိုပင်ပေါ်များမှာလည်း ကျေးငှက်
တို့ရဲ့ တေးသံတလွင်လွင်နဲ့ သာယာငြိမ့်ညောင်းခဲ့ပေ
သည်။
"သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ'' ဟု
သစ်တောဋ္ဌာန၏ ဆောင်ပုဒ်နှင့်အညီ တစ်နှစ်ထက်တစ်နှစ်
သစ်ပင်များ တိုး၍တိုး၍ စိုက်ကြပါလေ တိုက်တွန်းပါရစေ
ဦးလေးမိုးသည် စိတ်မနှံ့သူဖြစ်သည့်အတွက် ဖောက်တဲ့အခါ ဖောက်လိုက်။ ကောင်းသည့်အခါ ကောင်းလိုက်
ရှိသည်။ စိတ်ကောင်းဝင်နေလျှင် မေးချင်တာမေးနိုင်သည်။
သူသိလျှင် ဒက်ကနဲ့ ပြန်ဖြေသည်။ မသိဘူးဆိုလျှင်လည်း
တို့မသိဘူး ပြန်ဖြေလေသည်။
မှတ်မှတ်ရရတခုရှိသည်။'' ဦးလေးမိုးငယ်တုန်းက စာဘယ်ထိရောက်လဲ '' မေးဖူးသည်။ ဦးလေးမိုးပြန်ဖြေလိုက်တာက
"အိမ်ခေါင်မိုးထိ ရောက်တယ်'' ဟုသာ ဖြေသည်။ သူက ဘယ်ဖြေမလဲ...
ကျနော်တို့မေးခွန်းကလည်း မှားနေတာကိုး။
ကျန်တာတွေမေးလို့ရပေမယ့် အတန်းစာ၊ ဘုန်းကြီးကျောင်းစာ မေးရင် ဘယ်တော့မှ သူမဖြေ။ ဖြေတယ်လို့လည်း မကြားဖူးပါ။
ဘုရားကြီးကျောင်း ယခင်ဆွမ်းစားကျောင်းအနောက်ဘက် ကပ်လျှက် ထပ်တိုးဆောက်ထားသော နေရာမှာ လက်သမားများ အလုပ်လုပ်နေစဉ် ဦးလေးမိုးရောက်လာပြီး
ရေဘော်ထိုးသူက ထိုး၊ စရွေးဖောက်တဲ့သူက ဖောက်၊
အလုပ်ကိုယ်ဆီလုပ်နေချိန်မှာ သူကစကားတစ်ခွန်းပြော
ဆိုလိုက်သည်ကို မှတ်မိသေးသည်။
"စရွေးဘယ်ဖောက်မလဲ ရေဘော်ပဲထိုးမှာပေါ့''
ရေဘော်ထိုးတာကမှ လူသက်သာတာ'' ဆိုပြီး ပြောဆိုသွား
လေသည်။ ဦးလေးမိုးငယ်စဉ်က လက်သမားပညာသင်ပေးရတာ အတတ်မြန်သည်ဟုလည်း ကြာဖူးသည်။
ဦးလေးမိုး၏ ပြောသမျှ ဆိုသမျှ စကားတွေကို မှတ်မိသလောက် ရေးလာခဲ့တာ ဒီစာပိုဒ်က နောက်ဆုံးဖြစ်ပါသည်။
ဘုရားကြီးကျောင်းဆရာတော်မှ......
ဦးလေးမိုးကို ရက်ပေါင်းမည်မျှကြာအောင် နေ့လည်စာထမင်းကျွေးလာတာ မမှတ်မိပေမယ့် တစ်နေ့မှာ အနောက်ရေတွင်း ရေပက်လိုက်ပြီဆိုမှ ဦးလေးမိုးကို ထမင်းထည့်ကျွေးသော ဇလုံးကြီးကို တွေ့ရလေသည်။
အဲ့ဒီဇလုံကြီးနှင့် ဦးလေးမိုးကို ထမင်းကျွေးခဲ့တာ အကြာကြီးပေါ့။ အဲ့ဒီဇလုံကြီးနှင့်ပဲ ဆုတောင်းစား
တွေ တောင်းလာတဲ့အခါ ထမင်း ဟင်းတွေပေးလာခဲ့တာလည်း မကြာမကြာပါပဲ။
နောက်မှ သိရသည်က...........
ဦးလေးမိုးသည် အဲ့ဒီဇလုံကြီးကို အုတ်နီခဲဖြင့် ထုထောင်း၍
အနောက်ရေတွင်းထဲ ပြစ်ချထားခဲ့သည်မှာ...
သူ့ကိုထမင်းထည့်ကျွေးသော ဇလုံကြီးနှင့် ဆုတောင်းစား
များကို ထမင်းထည့်ကျွေးသည်ကို မြင်တွေ့ရလို့ ဒီလို
လုပ်ခဲ့သည်ဟု ဆို၏။
သူစားသောဇလုံကြီးဖြင့် ဆုတောင်းသားများကို ထမင်း
ထည့်ပေးတာ မနှစ်သက်ခြင်းဖြစ်သည်။ ထိုဇလုံကြီးပျောက်သွားခဲ့တာကြာတယ်။ ရှာကြတယ် မတွေ့ဘူး။
ဇလုံကြီးပျောက်သွားကတည်းက ဦးလေးမိုးကို ထမင်း
မကျွေးတော့ပေ။
ဆွမ်းစားချိန် ဦးလေးမိုးရောက်လာခဲ့ရင် တံခါးပိတ်ပြီး ဆွမ်းဘုဉ်းပေးရလေသည်။ တခါတခါ ကြောက်စရာကောင်းလှပေသည်။ ဦးလေးမိုးကို ကိုယ်စားသလို စားပါစေဆိုပြီး ကျွေးမွေးခဲ့ပေမယ့် ဦးလေးမိုးက သူစားသော ဇလုံကို အကြောင်းပြု၍ သူ့အတွက် ထမင်းနပ်မမှန်တော့ပေ။
ဆင်ခြင်ဖွယ်ရာပင်......။
ဦးလေးမိုးသည် စိတ်မနှံသူပီပီ တောင်စဉ်ရေမရ၊ စိတ်ထဲ
ရှိရာ၊ ထင်ရာ ပြောဆိုလေ့ရှိသည်။ ဘယ်သွားသွား ဘယ်
လာလာ သူ့ဘေးနားမှာ ဘယ်သူမှနားထောင်မည့်သူ ရှိရှိ၊
မရှိရှိ ပြောဆိုနေသည်။
သွားရင်း လာရင်း ပြောဆိုသွားသည့် စကားများထဲမှ
" ငြုပ်သီး စပ်တာ လူတိုင်းသိတယ်၊ မေးလို့။ ဆိုပြီး
ခဏခဏပြောလေ့ရှိသည်။
မကြာမကြာ ဘုရားကြီးကျောင်းထဲ လာရင်း
ကိုရင်လေးတွေ ကျောင်းသားလေးတွေ ပရိတ်ကြီးကျက်
နေကြတဲ့အခါ...ဦးလေးမိုးသည် စ.သလိုလို၊ နောက်သလိုလိုဖြင့် ကျီးစယ်ဖူးသည်ကို အမှတ်ရမိသည်။
တစ်နေ့
ဦးလေးမိုးသည် ''ပရိတ်ကြီးကျက်နေသော ကိုရင်တစ်ပါးကို
မေးသည်က '' ကိုရင် မင်္ဂလသုတ်ရလား'' မေးတယ် ''ရတယ်ဦးလေးမိုး'' ကိုရင်က ဖြေလိုက်ရင် ၊
"မင်္ဂလသုတ် ၁၃ ပုဒ် တစ်ပုဒ်မပါ ဧဂါထာ'' ဖြေစမ်း မေးသတဲ့၊ မသိဘူးလို့ ကိုရင်က ဖြေတော့မှ...
ဗဟုဒေဝါ မနုဿာစ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ ။
တဲ့ဗျာ ဆိုပြီး ဦးလေးမိုးက ရယ်ရယ်မောမော ရွတ်ပြသတဲ့။
ဆိုလိုတာက ဦးလေးသည် သူရပြီးသား ပရိတ်ကြီးများကို
မမေ့သေးဘူး။ တခါတခါဆိုလျှင် ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ကိုပင် ရွတ်နေသေးသည်ဟု ကြားဖူးသည်။
ဖြစ်နိုင်သည်လေ၊ စာရေးသူတို့ ငယ်စဉ် ပရိတ်ကြီးကျက်ခဲ့
ရစဉ်က သတ်ပုံမှားဖတ်မိလို့ ဦးလေးမိုးကြားရင် ပြင်ပေးဖူးသည်လည်း ရှိခဲ့ဖူးသည်လေ။
ဦးလေးမိုးသည် ယခုဆိုလျှင် အသက်(၇၀)ကျော်ရှိပါပြီ
ကျန်းမာရေးကောင်းစွာဖြင့် နေထိုင်လျှက်ပင်။
ဟိုးအရင်တုန်းကလို ပြောချင်ရာပြော၊ သွားချင်ရာသွား၊
အိပ်ချင်တဲ့နေရာအိပ် မနေတော့ပြီ။
ဦးဖိုးသိန်း တို့အိမ်က ထမင်းကျွေးထားသည်ဟု သိရသည်။
နာရေးဆိုလျှင် လိုက်ပါပို့ဆောင်ပေးခြင်း ပြုလုပ်နိုင်သေးသည်။ နေ့လည်ခင်းဆိုလျှင် ရွာထဲတွင် သွားသွား
လာလာမြင်ရသေးသည်။
ဦးလေးမိုး ပြောခဲ့သမျှ စကားများကို မှတ်မိသမျှ ရေးသား
ဖော်ပြလိုက်ရပါကြောင်း....မှတ်တမ်းတင်ရင်း အဆုံးသတ်
လိုက်ပါပြီ။
ဦးဓမ္မပါလ (မှတ်ဦး)